← Chapters

အနောက်ပိုင်းသဲကန္တာရ ပျက်သုဉ်းခြင်

Vol. 33 Ch. 451

အနောက်ပိုင်းသဲကန္တာရ ပျက်သုဉ်းခြင်

Vol. 33 Ch. 451

အနောက်ပိုင်းသဲကန္တာရတွင် မည်သည့်အရာမှ အရင်းခံသည်လဲ မသိရသော ဒဏ္ဍာရီတစ်ပုဒ်ရှိသည်။ မည်သို့ဆိုစေ နှစ်ပေါင်းများတစ်လျှောက်လုံး ဤဒဏ္ဍာရီသည် အနောက်ပိုင်းသဲကန္တာရ မျိုးနွယ်စုအားလုံး၏ စိတ်အတွင်းဝယ် ကိန်းအောင်းတည်ရှိလာခဲ့၏။ ၎င်းသည် မျိုးနွယ်စုများ၏ ရှေးမှတ်တမ်းထဲတွင်ပင် ရေးသားဖော်ပြပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခံခဲ့ရသည်။

သို့သော် နှစ်ပေါင်းအလီလီ ကုန်ဆုံးလာသည်နှင့်အမျှ ထိုဒဏ္ဍာရီကို လူများ မေ့ပျောက်လာကြသည်။ လုံးလုံးလျားလျား မသိကြခြင်းတော့မဟုတ်၊ အများစု မမှတ်မိကြတော့ခြင်းသာ...

အဆိုပါဒဏ္ဍာရီအရ လွန်ခဲ့လေပြီးသော တစ်ချိန်က အနောက်ပိုင်းသဲကန္တာရသည် ‌ကုန်း‌‌‌မြေထုကြီးမဟုတ်ဘဲ ပင်လယ်တစ်စင်းဖြစ်ခဲ့သည်။ ပင်လယ်သည် အောက်ရှိ မြေထုကြီး ပေါ်သည်အထိ တိမ်ကောမလာခင် ‌နှစ်ပေါင်းသုံးသောင်းတိုင် တည်ရှိခဲ့၏။ ထိုအချိန်တုန်းက အနောက်ပိုင်းသဲကန္တာရသည် .... အနောက်ပိုင်းသဲကန္တာရမဟုတ်ဘဲ တခြားနာမည်ဖြစ်ခဲ့သည်။ ထိုနာမည်ကား .... အနောက်ပင်လယ်။

ပင်လယ်သည် နဂါးငွေ့တန်းပင်လယ်နှင့် အရောင်မတူပေ။ ၎င်းမှာ ခရမ်းရောင်ဖြစ်ပြီး ‌‌၎င်း၏ရေများက သက်ရှိသတ္တဝါအားလုံးကို မျိုးသုဉ်းစေနိုင်စွမ်းရှိသည်။ ၎င်း စိတ်ဝိညာဉ်စွမ်းအင်ပင် ဖြတ်တောက်ခြင်းခံရထားရာ သက်ရှိအရာများအတွက် တားမြစ်ဇုန်တစ်ဇုန်ပမာ ဖြစ်လာသည်။

နဂါးငွေ့တန်းပင်လယ်နှင့် ဤပင်လယ်နှစ်စင်းမှာ ပေါင်းစည်းရောနှောလိုစိတ်မရှိသကဲ့သို့ ၎င်းတို့အကြား၌ နယ်နိမိတ်ကန့်သတ်ထားသော ဧရိယာတစ်ခုရှိသည်။

ဒဏ္ဍာရီအရဆိုလျှင် အနောက်ပင်လယ်သည် ကုန်းမြေထု အသျှင်းကင်းမဲ့နေခြင်း မဟုတ်ပေ။ တောင်ပိုင်းဒေသနှင့် ဆက်စပ်နေသော နယ်‌‌မြေတစ်ခုရှိခဲ့သည်။ ထိုနယ်‌‌မြေကား ... အနက်ရောင်နယ်‌မြေမှတစ်ပါး အခြားမဟုတ်ပေ။

ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေအားဖြင့် အနက်ရောင်နယ်‌မြေမှာ အတော်‌လေး မြင့်မားလေ၏။ ထိုကဲ့သို့ အမြင့်မှာ ကျင့်ကြံသူများအတွက် အာရုံစိုက်နေစရာမဟုတ်‌သော်လည်း အနက်ရောင်နယ်မြေမှာ ‌အနောက်ပိုင်းသဲကန္တာရနှင့် တောင်ပိုင်းဒေသအပါအဝင် နန်ရှန်းတိုက်ကြီးတစ်တိုက်လုံး၌ အမြင့်ဆုံးနေရာဖြစ်ပေသည်။ ၎င်းသည် အနောက်ပိုင်းသဲကန္တာရ ပင်လယ်တစ်စင်း ဖြစ်လာပြီးနောက်တွင်ပင် ... တည်ရှိနေသေးသည့်တိုင်အောင် မြင့်မားလွန်းလေသည်။

အနောက်ပိုင်းသဲကန္တာရနှင့် အနောက်ပင်လယ်ပင်မတိုင်ခင်က ‌နယ်‌မြေတစ်ခုလုံးသည် ‌‌‌‌မြောက်မြားစွာသော ရင်းမြစ်များ၊ သိပ်သည်းထူထပ်သော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုခဲ့ကြသည်။ သို့သော် နောက်ဆုံးတွင် နှစ်ပေါင်းများစွာတိုင်အောင် ခရမ်းမိုးရွာသွန်းခဲ့သည်။ မိုးရေတို့က မြေကြီးထဲသို့ စိမ့်မဝင်ဘဲ မျက်နှာပြင်ပေါ်တွင် တင်ကျန်ခဲ့၏။

တစနှင့်တစ ရေများသည် အင်းအိုင်မှသည် မြစ်ချောင်း ၊ မြစ်ချောင်းမှသည် ကန်၊ ကန်မှသည် ပင်လယ်ဖြစ်လာတော့၏။

ခရမ်းမိုးသည် ထိလိုက်သော သက်ရှိသတ္တဝါတိုင်းကို ဖျက်စီးနိုင်စွမ်းရှိသည့်အပြင် စိတ်ဝိညာဉ်စွမ်းအင်ကိုပင် ဖြတ်တောက်နိုင်၏။ မန္တန်ဝင်္ကပါအားလုံး လုပ်ဆောင်မှုများ ရပ်တန့်သွား၍ ကျင့်ကြံသူများအတွက် ထိုနေရာတွင် အသက်ရှင်သန်ရ ခက်ခဲစေခဲ့သည်။ အရာအားလုံးသည် တစတစ ပျက်စီးခြင်းချောက်နက်အတွင်းသို့ ကျဆင်းသွားခဲ့ရ၏။

မရေမတွက်နိုင်သော သဘာဝပေါက်ပင်များ သေဆုံးကာ သားရဲတိရစ္ဆာန်များမှာ အရိုးစုထက် မပိုတော့ပေ။ အ‌သင်္ချေသော သက်ရှိသတ္တဝါများ.... ဘဝလမ်း၏အဆုံးသတ်သို့ ရောက်သွားခဲ့သည်။ ဤသည်မှာ အနောက်ပိုင်းသဲကန္တာရရှိ မျိုးနွယ်စုအားလုံးအတွက် ပျက်သုဉ်းခြင်းကပ်ဘေးကြီးတစ်ခုဖြစ်လေသည်။

ယင်းကား မျိုးနွယ်စုတစ်စုမကျန် သိသော ဒဏ္ဍာရီပင်။

ယခုအချိန်တွင် အဆိပ်ငါးသွယ်မျိုးနွယ်စု နတ်ဆရာချုပ်ကြီး၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး မျက်နှာလည်း ဖြူဖျော့နေ၏။ သူက လက်ကို ‌ဖြေးညင်းစွာ ဆန့်ထုတ်၍ ခရမ်းရောင်မိုးစက်များကို ဖမ်းလိုက်သည်။ သူ တွေတွေကြီး ကြည့်နေမိ၏။ မိုးရေက သူ၏ကျင့်ကြံခြင်းအခြေခံကို တစတစပျောက်ကွယ်နေစေသည့်အလား ခံစားရသည်။

သူသည် ယခုတွင် တုန်ရီနေပြီး သူ၏မျက်လုံးများမှာ ကြောက်စိတ်များ ပြည့်နှက်နေ၏။ မြေ‌ကြီးပေါ်ရှိ သွေးတို့ရောနေသော ‌မိုးရေများကို သူငုံ့ကြည့်လိုက်သည်။‌ တချို့နေရာများတွင် ရေများ စိမ့်ဝင့်နေသည့် အက်ကြောင်းများရှိသည်။ သို့သော် ....ရေအများစုမှာ သွေးတို့ဖြင့်ရောလျက် တင်ကျန်နေပုံပင်။

နတ်ဆရာချုပ်ကြီးသည် လူ‌သေကောင်ပမာ မျက်နှာဖြူဆုပ်နေပြီး အသက်မနည်းရှူနေရ၏။

"ဒါ ....ဒါ ... မဖြစ်နိုင်ဘူး...." သူက ရေရွတ်သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတချို့လည်း နတ်ဆရာချုပ်ကြီးနည်းတူ ‌သုံးသပ်မိလိုက်ဟန်တူသည်။ သူတို့သည် ခရမ်းမိုးကို ကြည့်ရင်း မျက်နှာအမူအရာများ ပြောင်းလာကြ၏။

ကျောက်ယူလန်မှာ မိုးကို ‌ငူငူငိုင်ငိုင်ကလေးကြည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သိသာစွာပင် သူမလည်း ယ‌ခုလေးတင် သဘောပေါက်သွားပုံရ၏။

"ပျက်သုဉ်းခြင်း..."

"အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်း...."

"ဒဏ္ဍာရီတွေအရ ပျက်သုဉ်းခြင်းက ‌သက်ရှိအရာမှန်သမျှ သုတ်သင်ဖယ်ရှားပြီး အနောက်ပိုင်းသဲကန္တာရကို အနောက်ချိတ်တံဆိပ်အဖြစ် ပြောင်းလဲပစ်လိုက်မှာ"

အဆိပ်ငါးသွယ်မျိုးနွယ်စု နတ်ဆရာချုပ်ကြီးက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ အခုလောလောဆယ်တွင် တံတားပျက်နယ်ပယ်ရှိ နေရာမှာ... အရေးမကြီးတော့ပေ။

သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ခရမ်းမိုးနှင့်ပတ်သက်သော ဇာတ်လမ်းများ မှန်မမှန် စမ်းသပ်ရန် နေရာရွှေ့ပြောင်းခြင်းမန္တန်ကို အသက်သွင်းလိုက်သည်။ စောစောက နေရာရွှေ့ပြောင်းခြင်းမန္တန်မှာ အလုပ်လုပ်ခဲ့သော်လည်း ယခုတွင်.... သူ မည်မျှကြိုးစားကြိုးစား အသက်သွင်းမရတော့ပေ။ တစ်စုံတစ်ခုက ၎င်းအား ဟန့်တားနေသည့်အလား အချည်းနှီးဖြစ်နေ၏။

ဤအဖြစ်က အဆိပ်ငါးသွယ်မျိုးနွယ်စု နတ်ဆရာချုပ်ကြီး၏ စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားစေသည်။

"ပြောင်းရွှေ့ရမယ်... မျိုးနွယ်စုကို ပြောင်းရွှေ့ရမယ်" သူက တစ်ယောက်တည်း ရေရွတ်နေသည်။ "အနောက်ပိုင်းသဲကန္တာရရဲ့ မြောက်‌ဘက်က အနောက်ပိုင်းသဲကန္တာရတစ်ခုလုံးမှာ အနိမ့်ဆုံးပဲ။ ဒါက ပထမဆုံးပင်လယ် ဖြစ်လာမယ့်နေရာ။ ပြောင်းရွှေ့ရမယ်... တောင်ပိုင်းကို ပြောင်းရမယ်။ ငါတို့ .... တောင်ပိုင်းဒေသအနားက အနက်ရောင်နယ်မြေကို သွားရမယ်" မိုးက ပိုသည်းလာသည်။ ‌ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးရှိ စိတ်ဝိညာဉ်စွမ်းအင်များက ပါးလျပ်လာသည်ကို အာရုံရနေပြီဖြစ်သည်။ ဤအခြင်းအရာက အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များကို ချက်ချင်း မျက်နှာပျက်သွားစေသည်။

"အနက်ရောင်နယ်မြေ.... အနက်ရောင်နယ်‌မြေ။ ငါ အခု နားလည်ပြီ" နတ်ဆရာချုပ်ကြီး၏တစ်ကိုယ်လုံး တုန်တက်သွား၏။ သူ့မျက်လုံးများ ပြူးကျယ်လာပြီး ပို၍အလျင်လိုလာသယောင်ပင်။ "ယုတ္တိရှိတယ်။ ပြီးခဲ့တဲ့နှစ်တွေက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးတွေရှိတဲ့ မျိုးနွယ်စုကြီးသုံးစု မဟာမိတ်ဖွဲ့ပြီး အနက်ရောင်နယ်မြေကို ကျူးကျော်ခဲ့တယ်။ အနက်ရောင်နယ်‌‌မြေက အင်အားစုတွေနဲ့တောင် ပူးပေါင်းခဲ့ကြတာ

"သူတို့စစ်ပွဲက တောင်ပိုင်းဒေသကို ရန်မစမိအောင်လည်း ဂရုစိုက်ခဲ့တယ်။ စစ်ပွဲပြီးတော့ သူတို့နဲ့ ဆက်နွှယ်နေတဲ့ မျိုးနွယ်စုတွေအများကြီး အနက်ရောင်နယ်‌မြေကို ပြောင်းရွှေ့သွားကြတယ်

"သူတို့သိနေခဲ့တာပဲ။ ဒါကြောင့် အနက်ရောင်နယ်‌မြေမှာ သူတို့အတွက် နေရာတစ်နေရာ ယူပြီး တောင်ပိုင်းဒေသနဲ့လည်း အဆင်ပြေအောင်လုပ်ခဲ့ကြတာကိုး ။ ဒါမှမဟုတ် တခြားရည်ရွယ်ချက်တွေလည်း ရှိလောက်တယ်

"ဘယ်လိုနေနေ အခု အကုန်လုံးက အကျိုးအကြောင်းသင့်သွားပြီ"

နတ်ဘုရားချုပ်ကြီး တစ်ယောက်တည်း ရေရွတ်နေစဉ် သူ၏ အသက်ရှူသံများမှာ ပို၍ပြင်းထန်လာသည်။

"အဲ့ဒီမျိုးနွယ်စုကြီးသုံးစုလုံး ပျက်သုဉ်းခြင်းဆိုက်ရောက်တော့မယ်ဆိုတာ တစ်ချိန်လုံး သိနေခဲ့တာပဲ။ သူတို့က အနက်ရောင်နယ်‌‌‌မြေကို သိမ်းပိုက်ခဲ့တာဆိုတော့ အခု အနက်ရောင်နယ်‌မြေကို သွားချင်တဲ့ ဘယ်သူမဆို သူတို့အသိအမှတ်ပြုမှ သွားနိုင်တော့မှာ

"သွေးတစ်စက်တောင် ‌မြေမကျဘဲ သူတို့က အနောက်ပိုင်းသဲကန္တာရရဲ့ အာဏာအကုန်လုံးကို ထိန်းချုပ်လိုက်ပြီ။ ပျက်သုဉ်းခြင်းအတောအတွင်းမှာ ထောင်ပေါင်းစွာသော မျိုးနွယ်စုတွေရဲ့ ကံကြမ္မာက သူတို့လက်ခုပ်ထဲက ရေဖြစ်သွားပြီ"

နတ်ဆရာချုပ်ကြီး၏ မျက်လုံးမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည်။

"အနက်ရောင်နယ်မြေက ကျဉ်းကျဉ်းလေး။ ဘယ်နည်းနဲ့မှ အနောက်ပိုင်းသဲကန္တာရရဲ့ မျိုးနွယ်စုအားလုံး မဆန့်ဘူး။ ဒါပေမဲ့ အဲ့ဒီကိုမသွားတဲ့ဘယ်သူမဆို ... မုချသေမှာ။ အဆိပ်ငါးသွယ်မျိုးနွယ်စုက မြောက်ပိုင်းမှာဆိုတော့ ဝေးလွန်းတယ်.....

သူက ရုတ်တရက် သူ့အသံကို မြှင့်လိုက်သည်။ "အဆိပ်ငါးသွယ်မျိုးနွယ်ဝင်အားလုံး အမိန့်နာခံ။ ငါတို့ ဒီနေရာကနေ ချက်ချင်း ထွက်သွားရမယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်စေ၊ မျိုးနွယ်စုကို အမြန်ဆုံးရောက်အောင်ပြန်ကြ" ဤသည်မှာ တစ်စက္ကန့်တိုင်းက အရေးပါသော အခြေအနေဖြစ်သည်။ ကျီးနတ်မင်းမျိုးနွယ်စုနှင့် စစ်ပွဲမှာ ယခုတွင် အရေးမကြီးတော့ပေ။ အမှန်အားဖြင့် သူ့မှာ စစ်တိုက်ခဲ့မိသည်ကို နောင်တရနေလေပြီ။

အ‌ဆိပ်ငါးသွယ်မျိုးနွယ်ဝင်များမှာ သူ့စကားကို ကြားပြီး ပင့်သက်ရှိုက်မိသွားကြသည်။ သို့သော် အကြီးအကဲများ၏ မျက်နှာထားအရ တစ်ခုခုဖြစ်နေသည်ကို သူတို့ခန့်မှန်းခဲ့ပြီး ဖြစ်၏။ သူတို့အားလုံး တုံ့ဆိုင်းမနေဘဲ အမိန့်အတိုင်း လေပေါ် ပျံတက်လိုက်ကြသည်။

မကြာမီ အဆိပ်ငါးသွယ်မျိုးနွယ်ဝင်တစ်‌ယောက်မှ တိုက်ခိုက်မနေတော့ပေ။ ကျင့်ကြံသူနှစ်သောင်းနီးပါးနှင့် ကမ္ဘာသစ်မိစ္ဆာသောင်းချီသည် အဝေးသို့ ဝင်ရောက်ပျောက်သွားကြသည်။ ကျောက်ယူလန်လည်း သူတို့ထဲတွင် ပါဝင်၏။ သို့သော် သူမသည် ပျံသန်းနေစဉ် ကျီးနတ်မင်းမျိုးနွယ်စုနှင့် ဆူးမြို့ရိုးခံတပ်ကို လှည့်ကြည့်လိုက်ပြီး သူမမျက်ဝန်းများ၌ ‌‌စူးရှသောအလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားသည်။

"နင် ငါ့လက်အတွက် ဆယ်ဆ ပြန်ပေးဆပ်ရမယ်" သူမက ‌တွေးသည်။ ထို့နောက် သူမသည် လှည့်၍ အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များနှင့်အတူ အဝေးသို့ ပျံထွက်သွားတော့သည်။

အဆိပ်ငါးသွယ်မျိုးနွယ်စု ထွက်သွားပြီးနောက် ဆူးမြို့ရိုးသည် တဖြေးဖြေး နောက်ဆုတ်ကာ ပျောက်ကွယ်သွား၏။ မန်ဟိုက တင်ပျဉ်ခွေထိုင်နေရာမှ ထပြီး မိုးကုပ်စက်ဝန်းကို လှမ်းကြည့်သည်။ သူ့အနောက်တွင် အသက်ရှင်ကျန်ခဲ့သော မျိုးနွယ်ဝင်များမှာ ရုတ်တရက် အသက်ဘေးမှ လွတ်မြောက်သွားသဖြင့် စိတ်‌သက်သာရာရကာ ‌အော်ဟစ်လိုက်ကြသည်။

သို့သော် သူတို့ပျော်ရွှင်မှုက မန်ဟို့ရင်ထဲတွင် ရစ်ဝဲနေသော အရိပ်ကြီးကို မဖယ်ခွာနိုင်ပေ။ သူ့ဘေးရှိ ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာတစ်ခုရှိသည်။

"အ မှန် လား" မန်ဟိုက တစ်လုံးချင်း ပြောသည်။

"အဆိပ်ငါးသွယ်မျိုးနွယ်စု ဒီလိုကတိုက်ကရိုက်ပြန်သွားတာက ဒဏ္ဍာရီလာပျက်သုဉ်းခြင်း လာနေပြီဆိုတာ ညွှန်ပြနေတာပဲ။ မန္တန်ဝင်္ကပါတွေ သုံးမရဖြစ်လာပြီး ကောင်းကင်‌နဲ့မြေကြီးမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်ကုန်မယ်။ သက်ရှိသတ္တဝါတွေအကုန်လုံး သုတ်သင်ခံရမယ်... တစ်ခုတည်းသော မျှော်လင့်ချက်က.....

"တစ်ခုတည်းသော မျှော်လင့်ချက်က တောင်ပိုင်းကို ပြောင်းရွှေ့ဖို့ပဲ" ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က အသံတိုးတိုးဖြင့် ပြောသည်။ "တောင်ဘက်ကို ဦးတည်ပြီး အနက်ရောင်နယ်‌မြေရောက်တဲ့အထိ တောက်လျှောက်"

"အနက်ရောင်နယ်‌မြေ..." မန်ဟို တုန်ရီသွားသည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုနတ်ဆရာချုပ်ကြီးနည်းတူ မန်ဟိုလည်း အနောက်ပိုင်းသဲကန္တာရ အ‌နက်ရောင်နယ်‌မြေတွင် ပါဝင်ဆင်နွှဲခဲ့သည့်စစ်ပွဲအကြောင်း တွေးလိုက်မိသည်။ သူ အနက်ရောင်နယ်မြေမှ ထွက်လာတုန်းက အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုများ ဝင်ရောက်လာသည်ကို မြင်ခဲ့ရလေသည်။

"ဒီတော့ ဒါက အဲ့ဒါတွေအားလုံးရဲ့ အကြောင်းရင်းကိုး" သူက တွေးလိုက်သည်။ နောက်ဆုံးတွင် သူ အချိန်အတော်ကြာ ခေါင်းရှုပ်နေခဲ့သည့်အရာကို နားလည်လိုက်လေပြီ။

ဤအရာကြောင့် အနက်ရောင်နယ်မြေတွင် စစ်ဖြစ်ခဲ့ခြင်း။ ဤအရာကြောင့် အနောက်ပိုင်းသဲကန္တာရ စစ်ပွဲတွင် ပါဝင်ခဲ့ခြင်း။ ထို့ပြင် ဤအရာကြောင့် တောင်ပိုင်းဒေသမှ ဝင်ရောက်မဟန့်တားခဲ့ခြင်းပင်။ သူတို့သည် အနောက်ပိုင်းသဲကန္တာရကို အနက်ရောင်နယ်မြေအား သိမ်းပိုက်စေခဲ့သည်။ ကောင်းကင်နှင့်မြေကြီးပျက်ကိန်းကား လာနေလေပြီ။ တောင်ပိုင်းဒေသသာ အနောက်ပိုင်းသဲကန္တာရကို နှောင့်ယှက်ရန် ကြိုးစားခဲ့လျှင် စစ်ပွဲကြီး အကြီးအကျယ် ဖြစ်ပွားပေလိမ့်မည်။ ထိုအရာက တောင်ပိုင်းဒေသ မလိုလားသောအရာတစ်ခုဖြစ်၏။

မန်ဟိုသည် သည်းထန်စွာ ရွာကျနေသော မိုးကို မော့ကြည့်လိုက်သည်။ အလင်းရောင်တစ်ခု သူ၏မျက်လုံးများတွင် ရုတ်တရက် ပေါ်လာ၏။

"ကောင်းကင်နဲ့‌မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ဖယ်ရှားခံနေရတယ်။ သက်ရှိသတ္တဝါအားလုံး သုတ်သင်ခံရမယ်။ ကုန်း‌မြေက ပင်လယ်ဖြစ်မယ်... ငါ့အတွက်တော့ သိပ်မဆိုးဘူးပဲ။ အရှေ့ဆေးဝါးထာဝရမီးတောက်ကိုသုံးပြီး မီးအရုပ်ဆေးမင်ကြောင်ကို ဖော်ဆောင်ပြီးတဲ့နောက်မှာ ငါသိသွားပြီ... ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ သက်ရှိသတ္တဝါအားလုံးက ဓာတ်ငါးပါးလမ်းကြောင်းပေါ်မှာ တည်ရှိပြီး ဉာဏ်အလင်းပေးနိုင်စွမ်းရှိတယ်

"ပင်လယ်ထက်ပိုကောင်းတဲ့ ရေအမျိုးအစား ဘယ်ရှိမလဲ။ ပြီးတော့ အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်းလို့ ခေါ်နိုင်တဲ့ ပင်လယ်ထက် ဘယ်အရာက ပိုကောင်းဦးမလဲ

"ဖျက်စီးခြင်းခံနေရတဲ့ ကောင်းကင်နဲ့‌မြေကြီးရဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေကတော့.... အဆင့်မြင့်ဝိညာဉ်ကျောက်တုံးတွေတောင်မပါဘဲ... ငါဟာ မစုပ်ယူဘဲ နှစ်ပေါင်းများစွာ ခရီးနှင်ခဲ့ပြီးပြီ။ အဲ့ဒါကြောင့် ဆေးလုံးတွေစားပြီး ငါ့ကိုယ်ငါ အထောက်အပံ့ပြုခဲ့ရတယ်။ ငါ တိုက်ခိုက်တိုင်း အသုံးပြုတဲ့ စိတ်ဝိညာဉ်စွမ်းအင်ကို သတိထားထိန်းချုပ်ရတယ်။ ဒါ့အပြင် ငါဟာ ငါ့ရဲ့ဆေးဖော်စပ်အသိကို အဆက်မပြတ် မြှင့်တင်နေခဲ့တယ်

"အဲ့ဒီအကြောင်းကြောင့်ပဲ မိစ္ဆာသားရဲသခင်တစ်ယောက်လို့ အမြဲအထင်ခံရတာ။ မိစ္ဆာသားရဲသခင်တွေပဲ စိတ်ဝိညာဉ်စွမ်းအင် သိပ်များများစားစားမသုံးဘဲ အစွမ်းထက်လာနိုင်တာလေ

"ငါ သတိထားရမယ့် အဓိကအရာက မိုးက အသက်စွမ်းအားကို ဖယ်ရှားပစ်နိုင်တာကိုပဲ... ဘယ်လိုနေနေ ငါက အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းနေတဲ့အတောအတွင်း ရှိနေ‌နိုင်တဲ့ အသင့်တော်ဆုံးလူပဲ" မန်ဟို့ မျက်လုံးများ တခဏတောက်ပသွားသည်။ သို့သော် သူသည် ပျော်ရွှင်နေသော မျိုးနွယ်စုငါးစုကို ကြည့်လိုက်သည်။ သူတို့မှာ ပျက်သုဥ်းခြင်းအကြောင်း မသိသေးပေ။ က‌လေးများ၏ ပျော်ရွှင်နေသော ပုံစံက သူ့ကို အတန်ကြာ တွေဝေမိသွားစေသည်။

"ရွှေကျီးကန်း" သူက မျက်လုံးမှိတ်လျက် ပြောသည်။ "ကျုပ် ခင်ဗျားရဲ့ အမွေကို လက်ခံခဲ့ပြီးပြီ။ ခင်ဗျား မျိုးနွယ်စုက ကျုပ်ကို ဘိုးဘေးကြီးလို့ခေါ်ပြီး ကျုပ်က သူတို့နဲ့ အရုပ်ဆေးမင်ကြောင်တွေကနေတစ်ဆင့် ဆက်စပ်နေပြီ။ ဒါက...ဒါက ခင်ဗျား ကျုပ်ကို သူတို့ဆီပေး‌စေချင်တဲ့ ကာကွယ်စောင့်ရှောက်မှုလား...."

ဤအခိုက်အတန့်တွင် အနောက်ပိုင်းသဲကန္တာရမြောက်အရပ်၏ ကောင်းကင်နှင့် မြေပြင်မှာ ခရမ်းရောင်မိုးရေများဖြင့် ပြည့်နေလေပြီ။ ‌နေအား မမြင်ရတော့ဘဲ အရာအားလုံး မှောင်မိုက်လာ၏။ ဤသည်မှာ .... အလွန်အလွန့်ကြာမြင့်မည့် မှောင်ရီပျိုးချိန် ဖြစ်ပေမည်..

‌မြေပြင်ပေါ်တွင် ရေများ တ‌ဖြေးဖြေး အိုင်ထွန်းလာနေ၏။ ရေအိုင်များက ဟိုတစ်ကွက်၊သည်တစ်ကွက် နေရာယူလာလေသည်။

အနောက်ပိုင်းသဲကန္တာရ မြောက်အရပ်တွင်သာမဟုတ်။ အရှေ့၊ အနောက်နှင့်ဝောာင်တို့တွင်လည်း ထိုနည်းတူပင်။ ခရမ်းမိုး သည်းထန်စွာ ရွာသွန်းလာသည်နှင့်အမျှ အထိတ်တလန့် အော်သံများ တစတစဆူညံလာသည်။ စိတ်နှလုံးများ တုန်လှုပ်နေကြပြီဖြစ်၏။

အနောက်ပိုင်းသဲကန္တာရ၏ ပျက်သုဉ်းခြင်း နီးကပ်လာချေပြီ။

***

All Chapters