မျှော်လင့်ချက်
Vol. 33 Ch. 452
ပြောင်းရွှေ့ခြင်း။
အနောက်ပိုင်းသဲကန္တာရတစ်ဝှမ်းလုံးရှိ မျိုးနွယ်စုများအတွက် ခါးသီးသောဆုံးဖြတ်ချက်တစ်ခုအား တစ်ညီတည်းချရန် တခဏလေးသာ ကြာလိုက်၏။
ထိုကဲ့သို့ ဆုံးဖြတ်ချက်မျိုးမှာ အလုပ်ထက် အပြောက လွယ်သကဲ့သို့ပင်။ ကျီးနတ်မင်းမျိုးနွယ်စုများအတွက်တော့ ပြောင်းရွှေ့ခြင်းကား.... သေခြင်းနှင့်မထူးခြားနားပေ။
အနောက်ပိုင်းသဲကန္တာရတစ်ဝှမ်းလုံးတွင် နေရာရွှေ့ပြောင်းခြင်းမန္တန်များ လျင်မြန်စွာ ရပ်တန့်သွားကြ၏။ အထူးသဖြင့် မြေမျက်နှာသွင်ပြင်နိမ့်၍ ခရမ်းရောင်ရေအမြောက်အမြား စုဝေးနေပြီဖြစ်သော အနောက်ပိုင်းသဲကန္တာရ၏မြောက်အရပ်ပင်။ အနောက်၊ တောင်နှင့် အရှေ့အရပ်များတွင် ရွာကျသည့် မိုးရေများ မြောက်သို့ စီးကျပြီး စုဝေးနေသည်ဖြစ်ရာ စဉ်းစားသာကြည့်နိုင်တော့သည်။
အနောက်ပိုင်းသဲကန္တာရမြောက်အရပ်မှာ ပင်လယ် စတင်ဖြစ်ထွန်းမည့် ပထမဆုံးနေရာပင်။
ကျီးနတ်မင်းမျိုးနွယ်စုငါးစုအနေဖြင့် အဆိပ်ငါးသွယ်မျိုးနွယ်စုနှင့် စစ်မဖြစ်ပွားခဲ့လျှင် သေချာပေါက် ပြောင်းရွှေ့ရန် အင်အားရှိလိမ့်မည်။ ကံဆိုးစွာနှင့် ... ယခုတွင် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် စုစုပေါင်းလူဦးရေမှာ နှစ်ထောင်နီးပါးသာ ရှိ၏။
မျိုးနွယ်ဝင်တစ်သောင်းကျော်ရှိခဲ့ဖူးသည်ကို စဉ်းစားကြည့်လျှင် သူတို့၏စုစုပေါင်းအင်အားမှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီဖြစ်သည်။ ဤအခိုက်အတန့်တွင် သူတို့သည် အနောက်ပိုင်းသဲကန္တာရ၏ ကျန်အဖွဲ့များနှင့်နှိုင်းယှဉ်လျှင် သေးငယ်သောမျိုးနွယ်စုအဖြစ်သာ သတ်မှတ်နိုင်တော့၏။
ထိုမျှသာမက ... နေရာရွှေ့ပြောင်းရေးမုခ်ဝများ အလုပ်မလုပ်တော့သည့်အပြင် မျိုးနွယ်ဝင်တစ်ဝက်ကျော်မှာ ကျင့်ကြံခြင်းအခြေခံမရှိသော သာမန်လူများဖြစ်သည့်အတွက် ဘယ်နည်းနှင့်မှ ပျံသန်းမသွားနိုင်ပေ။ မဖြစ်မနေ ခြေလျင်သာ လျှောက်ရပေလိမ့်မည်။
မန်ဟို့ဘေးတွင်ရပ်နေသည့် မီးခိုးရောင်ဆံပင်နှင့် ခေါင်းကိုင်ဖခင်မှာ ပင်ပန်းနွမ်းနယ်နေသောပုံစံရှိသည်။ သူက ခါးသီးစွာပြုံးရင်း ပြော၏။ "ငါတို့ အနက်ရောင်နယ်မြေကို ခြေလျင်မသွားနိုင်ဘူး... ဝေးလွန်းတယ်လေ။ မအိပ်မနားဘဲ ဆက်တိုက်ပျံသန်းနိုင်တဲ့ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ယောက်အတွက်တောင် အဲ့ဒီကိုရောက်ဖို့ ဆယ်နှစ်အနည်းဆုံးကြာမှာ။ ခြေလျင်လျှောက်ကြမယ်ဆိုရင်တော့.... နှစ်တစ်ထောင်ထက် ပိုကြာသွားလိမ့်မယ်။ ပြောင်းရွှေ့ဖို့ နှစ်တစ်ထောင်ကျော်တဲ့။ အဲ့ဒီအချိန်ဆို ကျီးနတ်မင်းမျိုးနွယ်စုတွေ ရှိတောင်ရှိပါဦးမလား"
သူ့မှာ ယခင်ထက်ပင်ပို၍ အိုစာသွား၏။ သူသည် သစ်သားအိမ်များ ဆောက်နေသော မျိုးနွယ်ဝင်များကို လှည့်ကြည့်ပြီး ဆက်ပြောသည်။ "ခရမ်းမိုးက စိတ်ဝိညာဉ်စွမ်းအင်ပျောက်ကွယ်သွားတဲ့အထိ ဆက်တိုက်ရွာမှာ။ နောက်ဆုံးကျရင် ငါတို့အားလုံး သေမျိုးလူသားတွေ ဖြစ်ကုန်လိမ့်မယ်။ မိုးရဲ့ သုတ်သင်ခြင်းစိတ်ဆန္ဒက ငါတို့ခန္ဓာကိုယ်တွေကို တိုက်စားပြီး သေတဲ့အထိ အားနည်းစေလိမ့်မယ်
"ကလေးတွေနဲ့ သာမန်မျိုးနွယ်ဝင်တွေဆို စဉ်းစားသာကြည့်တော့။ အရင်ဆုံးသေမှာက ...သူတို့တွေပဲ။ အဲ့ဒီနောက်မှာ သေဆုံးမှုတွေ တိုးပွားလာမယ်။ နောက်ဆုံး ပြောင်းရွှေ့နေတဲ့ အတောအတွင်းမှာပဲ မျိုးနွယ်စုတစ်စုလုံး တစ်ယောက်မှ ကျန်မှာမဟုတ်တော့ဘူး
"ဒါ့အပြင် တစ်ချိန်တည်းမှာပဲ အနောက်ပိုင်းသဲကန္တာရက မျိုးနွယ်စုအားလုံးနီးပါး ရွှေ့ပြောင်းကြမှာ။ အစာရေစာ၊ ရင်းမြစ်နဲ့ ကျန်တဲ့ အကြောင်းပြချက်တွေကြောင့် ခရီးလမ်းတစ်လျှောက် တိုက်ပွဲတွေနဲ့ ပွက်လောရိုက်နေမယ်။ ကိုယ့်အသက်ရှင်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ကြမှာပဲ။ အခုအချိန်မှာ ကျီးနတ်မင်းမျိုးနွယ်စုတွေအနေနဲ့ ဒီလိုဒုက္ခတောကြီးကနေ... အသက်ရှင်နိုင်မှာ မဟုတ်ဘူး
"ပြီးတော့ ငါတို့ နှစ်တစ်ထောင်ကျော် ခရီးနှင်နိုင်ခဲ့ရင်တောင်မှ၊ တခြားမျိုးနွယ်စုတွေရဲ့ ဝါးမြိုတာ မခံရရင်တောင်မှ .... အနက်ရောင်နယ်မြေကို ရောက်တာနဲ့ ... ဘယ်လိုအရည်အချင်းနဲ့ ဝင်ခွင့်ရှိမလဲ။ အဲ့ဒီမှာ နေရာတွေက အကန့်အသတ်ရှိနေမှာ။ ငါတို့ ဘယ်လိုဝင်ကြမလဲ
"ဒီလောက်များတဲ့ အကြီးစားမျိုးနွယ်စုတွေနဲ့ အလယ်အလတ်မျိုးနွယ်စုတွေကြားမှာ... ငါတို့ကိုယ်ငါတို့ ဘာဆိုပြီး ဘယ်လိုပြောရမလဲ။ အနက်ရောင်နယ်မြေကို အုပ်ချုပ်နေတဲ့ မျိုးနွယ်စုကြီးတွေကို ငါတို့ကို လက်ခံအောင် ဘယ်လိုလုပ်ရမလဲ"
မန်ဟိုက တိတ်ဆိတ်စွာ ရပ်နေသည်။ မိုးရေနှင့် အထိခံရပြီးနောက် ရုပ်ပိုင်းဆိုင်ရာ အားနည်းသထက် အားနည်းလာသည့် ကလေးများတချို့ကို သူမြင်ခဲ့ပြီးလေပြီ။ ဤခရမ်းမိုးက အရာအားလုံးကို သုတ်သင်ရှင်းလင်းပစ်ပေတော့မည်။
"ဒါ့တွေအားလုံးကြောင့် ကြီးမြတ်လှပါသော ဘိုးဘေးကြီး.... ထွက်သွားပါတော့" ခေါင်းကိုင်ဖခင်၏ အသံမှာ အလွန်ပြတ်သားလွန်းလှသဖြင့် သံမဏိကိုပင် ဖြတ်တောက်နိုင်ပုံရသည်။ "ဒီနေရာကနေ ထွက်သွားပြီး ကျီးနတ်မင်းမျိုးနွယ်စုကို စွန့်ပစ်ခဲ့ပါတော့။ ဘိုးဘေးကြီးရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ မဟာမိစ္ဆာသားရဲသခင် အဆင့်အတန်းနဲ့ဆိုရင် ဘယ်မျိုးနွယ်စုမဆို ဒီလိုအခြေအနေမှာ အားရဝမ်းသာလက်ခံပြီး အနက်ရောင်နယ်မြေကို ခေါ်သွားပေးပါလိမ့်မယ်
"ကြီးမြတ်လှသော ဘိုးဘေးကြီး ဒါက ခင်ဗျားရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်ပါ။ ကျုပ်တို့ကတော့.... " ခေါင်းကိုင်ဖခင်သည် မိုးရေကြားထဲတွင် နားနေရန် အိမ်များ ဆောက်နေကြသော မျိုးနွယ်စုငါးစုဝင်များကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြန်သည်။ သူတို့၏မျက်ဝန်းများ၌ ပူဆွေးဝမ်းနည်းမှုများ ပြည့်နှက်နေ၏။
"ကျုပ်တို့ ဇာတိမြေကနေ ထွက်မသွားဘူး။ သေမယ်ဆို အတူသေမယ်။ ဒီနေရာမှာ ဘိုးဘေးဘီဘင်တွေ၊ ရောင်ရင်းမျိုးနွယ်ဝင်တွေနဲ့အတူ မြှပ်နှံခံမယ်။ အနည်းဆုံးတော့ ဒီနည်းနဲ့ဆိုရင် အဲ့ဒီကလေးတချို့တော့ အရွယ်ရောက်ခွင့်ရလောက်မှာပါ" အသက်စွမ်းအားများ တဖြေးဖြေး လျော့နည်းလာနေသဖြင့် ခေါင်းကိုင်ဖခင်မှာ ပို၍ပင် အိုစာသွားလေသည်။
မန်ဟိုသည် ဘာပြောရမှန်းမသိဖြစ်နေရင်း တိတ်ဆိတ်စွာ ရပ်နေမြဲပင်။ သူက နှုတ်ဆိတ်နေကြသော မျိုးနွယ်ဝင်များကို ခေါင်းလှည့်ကြည့်သည်။ ဝူချိန်၊ ဝူလင်းတို့လည်း ရှိနေသည်။ ရံဖန်ရံခါ အမေဖြစ်သူကို ယောင်နေတတ်သော အိပ်နေသည့် ကလေးများရှိသည်။ မျက်ရည်များ ယိုစီးကျနေကြ၏။ သက်ကြီးရွယ်အိုများကား ချစ်ရသူများကို တမ်းတနေကြသည်။ မန်ဟို သူတို့အားလုံးကို ကြည့်နေစဉ် ရင်းနှီးသောမျက်နှာများ အတော်လေးများကြောင်း သဘောပေါက်လိုက်၏။
ယခုတွင် သူ့၌ ရွေးချယ်စရာနှစ်ခုရှိသည်။ သွားမလား... နေမလား။
သူထွက်သွားလျှင် သူ၏ထူးခြားစွမ်းရည်အားလုံးကြောင့် ခရမ်းမိုးရေထဲတွင် အသက်ရှင်နိုင်သည်။
သို့သော် နေလျှင်တော့....
မန်ဟို သက်ပြင်းဖွဖွချလိုက်၏။ သူက ဘာမှမပြောဘဲ ချာခနဲ လှည့်၍ မျိုးနွယ်ဝင်များ စုဝေးနေသည့်နေရာသို့ လျှောက်သွားသည်။ သူအနားရောက်လာစဉ် အကုန်လုံးက သူ့ကို မျှော်လင့်ချက်များ ပြည့်နှက်နေသောမျက်ဝန်းများဖြင့် အားကိုးတကြီး ကြည့်ကြ၏။ မန်ဟိုသည် သူတို့ကို ခပ်ရေးရေးပြုံးပြရင်း တောင်၏အနောက်ဘက်ရှိ သူ့ခြံသို့ ဆက်လျှောက်သွားသည်။
ဤနေရာတွင် မိုးတော်တော်သည်း၏။ သူက ကမ္ဘာသစ်မိစ္ဆာများနှင့်အတူ ဂူထဲတွင် ထိုင်လိုက်သည်။ မောင်မွှေးထူသည် တအီအီအော်ရင်း သူ့ဘေးတွင် လှဲချလိုက်၏။ သူ့မှာ ဒဏ်ရာရထားသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရပေ။
မန်ဟို့တွင် ယခု ကမ္ဘာသစ်မိစ္ဆာခြောက်ထောင်သာ ရှိတော့သည်။ အားလုံးမှာ ဒဏ်ရာရထားပြီး လောလောဆယ်တွင် ကိုယ့်ကိုယ်ကို ကုသနေကြသည်။
ဂုလာမှာ သူတို့ကို အစာကျွေးလိုက်၊ ဒဏ်ရာကုပေးလိုက်နှင့် မိုးရေထဲတွင် ယောက်ယက်ခတ်နေ၏။ အထက်ကောင်းကင်သည် မှေးမှိန်နေပြီး မိုးကား.... ပိုပို၍သည်းလာ၏။
ကျယ်ပြောသော ကောင်းကင်နှင့်မြေပြင်ကြီးမှာ မန်ဟို့ကိုရော၊ ကျီးနတ်မင်းမျိုးနွယ်ဝင်များကိုပါ ဖိစီးနှိပ်စက်နေသော စိတ်ဓာတ်ကျဖွယ်ရာအရာကြီး ဖြစ်လာသည်။
"ကြက်တူရွေး ပြန်လာတာစောင့်ပြီး ... ထွက်သွားတာကောင်းမယ်ထင်တယ်။ အဲ့ဒါက အကောင်းဆုံးဖြတ်ချက်ပဲ.... ဒါပေမယ့်...." သူကား အတန်ကြာ တိတ်ဆိတ်သွားပြန်သည်။ သူသည် အနောက်ပိုင်းသဲကန္တာရတွင်ရှိနေခဲ့သည့် တစ်ချိန်လုံး ကျီးနတ်မင်းမျိုးနွယ်စုများအကြား နေထိုင်ခဲ့ရလေသည်။ သူ့ရည်ရွယ်ချက်များ အထမြောက်သွားပြီဖြစ်သော်လည်း ပေးဆပ်လိုက်ရသူက သူတို့ဖြစ်ခဲ့သည်။
ချက်ကျလက်ကျပြောရလျှင်တော့ ဖြစ်ပျက်နေသည့်အရာအားလုံးမှာ မန်ဟို့အမှားမဟုတ်ပေ။ သို့သော် နှလုံးသားထဲက လေးလံသော စိတ်ခံစားချက်များကို ဖယ်ရှားရခက်နေ၏။
ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏ စကားက အကျိုးအကြောင်းညီညွတ်သည်။ ကျီးနတ်မင်းမျိုးနွယ်စုငါးစုတွင် ရွှေ့ပြောင်းနိုင်စွမ်းမရှိသည့်အပြင် ထိုသို့လုပ်နိုင်ခဲ့လျှင်တောင်မှ အနက်ရောင်နယ်မြေသို့ ဝင်ရောက်နိုင်မည်မဟုတ်ပေ။
သူသည် အနက်ရောင်နယ်မြေအကြောင်းတွေးရင်း ထိုနေရာတွင် မြင်တွေ့ခဲ့ရသည့် စစ်ပွဲနှင့် ဝင်ရောက်တိုက်ခိုက်ခဲ့သော အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများကို အမှတ်ရလိုက်သည်။
"ဘယ်လောက်ပြောင်မြောက်တဲ့ အကြံအစည်လဲ" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် တွေးသည်။ "ဒီပျက်သုဉ်းခြင်းကြောင့် အနောက်ပိုင်းသဲကန္တာရတစ်ခုလုံးရဲ့မျက်လုံးတွေက အနက်ရောင်နယ်မြေအပေါ် ကျရောက်သွားလိမ့်မယ်။ ကြည့်ရတာ အနက်ရောင်နယ်မြေကို ထိန်းချုပ်နေတဲ့ မျိုးနွယ်စုကြီးတွေ အစွယ်ထုတ်ပြဖို့ အချိန်ရောက်တော့မယ်ထင်တယ်"
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ နှစ်လကြာခဲ့ပြီဖြစ်ပြီး ခရမ်းမိုးကား ဘယ်တော့မှ စဲမသွားပေ။ ပိုပိုသာ သည်းလာသည်။ မန်ဟိုက တောင်နောက်တွင် မနေတော့။ အဘယ်ကြောင့်ဆိုသော် ... ၎င်းမှာ ဒူးလောက်နက်သည့် ချောင်းတစ်စင်းဖြစ်လာခဲ့၍ပင်။
ကျီးနတ်မင်းမျိုးနွယ်စုငါးစုလည်း တောင်ထိပ်သို့ ရွှေ့လာခဲ့၏။ ထိုနေရာတွင် သူတို့သည် မိုးရေမထိအောင် တဲများဆောက်၍နေကြသည်။ ဤတဲများထဲတွင် လူနှစ်ထောင်ကျော်တွင် သူတို့၏ဘဝများကို တိတ်ဆိတ်စွာ ဖြတ်သန်းနေကြ၏။
သိသိသာသာ အားနည်းလာသော မျိုးနွယ်ဝင်များလည်း ရှိနေလေပြီ.....
မန်ဟိုသည် အဝေးရှိ တောင်စဉ်တန်းများကို ကြည့်ရင်း တောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ ၎င်းတို့သည် တစ်ချိန်က စိမ်းလန်းစိုပြေခဲ့သော်လည်း ယခုတွင် မီးခိုးရောင်သမ်းကာ မှိုင်းတိုင်းတိုင်းဖြစ်နေချေသည်။ သစ်ပင်ပန်းမန်များအားလုံးလည်း ခြောက်ကပ်သေဆုံးသွားခဲ့လေပြီ။
နေ့တိုင်း တောတောင်အတွင်းမှ ကမ္ဘာသစ်မိစ္ဆာများ ပျံသန်းထွက်သွားကြသည်ကို မြင်နိုင်သည်။ ဤပျက်သုဉ်းခြင်းအတောအတွင်း၌ ကျင့်ကြံသူများသာမက ကမ္ဘာမိစ္ဆာများလည်း အသိုက်အမြုံ ပြောင်းရွှေ့နေကြ၏။
နေရာတော်တော်များများက မြေပြင်များမှာ ခရမ်းရောင်ဖြစ်နေပြီဖြစ်သည်။ စမ်းချောင်းများလည်း မြစ်များအဖြစ် စုဆုံးစီးဆင်းနေကြသည်။ အချိန်တချို့ကြာလျှင် မြစ်များ စုပေါင်းကာ ကန်ဖြစ်လာလိမ့်မည်။ နောက်ဆုံးတွင် ကန်များသည် ပင်လယ်ဖြစ်လာလိမ့်မည်။
"ငါ မင်းတို့ကို ခေါ်မသွားနိုင်ရင်" မန်ဟိုက ပြောသည်။ "ငါ ဒီမှာ မင်းတို့နဲ့ အတူနေမယ်။ အတူတူ သေဖို့ စောင့်ကြတာပေါ့။ ဒါပေမဲ့ ငါ မင်းတို့ကို မိုးရေထဲမှာ နစ်မြုပ်ပြီး သေခွင့်မပြုနိုင်ဘူး။ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်မှာ မင်းတို့အားလုံးရဲ့ နာမည်ကို ရေးထိုးပေးမယ်" မန်ဟိုမှာ ဝမ်းနည်းကြေကွဲနေသော်လည်း တခြားရွေးချယ်စရာမရှိပေ။ ကျီးနတ်မင်းမျိုးနွယ်စုမှာ အမှန်တကယ့်ကို ဆုပ်ကိုင်စရာ မျှော်လင့်ချက်ဟူ၍ ကင်းမဲ့နေ၏။
အနက်ရောင်နယ်မြေကို မျှော်လင့်ချက်ဟုဆိုနိုင်သည်။ သို့သော် ၎င်းမှာ မရေရာသော မျှော်လင့်ချက်၊ ဝိုးတိုးဝါးတား မျှော်လင့်ချက်လေးသာ။ ထို့အပြင် အနက်ရောင်နယ်မြေသို့ သွားရာလမ်းတွင် မရေမတွက်နိုင်သော မျိုးနွယ်စုများနှင့် ယှဉ်ပြိုင်ရပေဦးမည်။ ကျီးနတ်မင်းမျိုးနွယ်စုငါးစုအတွက် ဤမျိုးနွယ်စုများအကြား နေရာတစ်နေရာရရန် ခက်ခက်ခဲခဲ ရုန်းကန်တိုက်ခိုက်ရမှာဖြစ်သည်။
"တခြားမျှော်လင့်ချက်တစ်ခုခု ရှိလောက်ဦးမှာပါ" မန်ဟိုက ခရမ်းရောင်မိုးပေါက်များကို မော့ကြည့်ရင်း ရေရွတ်လိုက်သည်။
အချိန်များ ထပ်မံကုန်ဆုံးပြီး တစ်လအကြာ.... တစ်နေ့တွင် ရုတ်တရက် မျှော်လင့်ချက်တစ်ခု ပေါ်ပေါက်လာသည်။ ၎င်းသည် မန်ဟို့အတွက်သာမဟုတ်။ ကျီးနတ်မင်းမျိုးနွယ်ဝင်အားလုံးအတွက် ဖြစ်သည်။
ထိုမျှော်လင့်ချက်ကား အသံနှင့်လာ၏။
အသံသည် အနောက်ပိုင်းသဲကန္တာရ၏ မြောက်မှတောင်၊ အရှေ့မှ အနောက်သို့ တုံ့ပြန်လူးလာပဲ့တင်ထပ်သွားသည်။ မှော်ပစ္စည်းလား၊ နတ်ဘုရားစွမ်းရည်လား ပြောရခက်သလို၊ ပြောသူ၏ကျင့်ကြံခြင်းအခြေခံမှာလည်း ခန့်မှန်းရခက်လောက်အောင် နက်နဲ၏။ အသံသည် ရှေးဆန်စွာဖြင့် ပဲ့တင်ထပ်လာသည်။
"အနောက်ပိုင်းသဲကန္တာရမှာရှိတဲ့ ဒေသခံအပေါင်းတို့၊ နှုတ်ခွန်းဆက်ပါတယ်....
"ကျုပ်တို့က သုခရှာဖွေမျိုးနွယ်စု၊ အရိုင်းမီးတောက်မျိုးနွယ်စုနဲ့ မိစ္ဆာလိပ်ပြာမျိုးနွယ်စုတို့ အတူတကွပေါင်းစည်းထားတဲ့ အနက်ရောင်နယ်မြေရဲ့ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ပဲ။ ဒါက အနောက်ပိုင်းသဲကန္တာရမှာရှိတဲ့ ကျင့်ကြံသူတွေအားလုံးအတွက် ပထမဆုံးလူသိထင်ရှား ကြေညာချက်တစ်ခု ဖြစ်ပေတယ်..."
မန်ဟိုက မော့ကြည့်လိုက်သည်။ တရားထိုင်နေသော ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာ၏။ မျိုးနွယ်ဝင်အားလုံး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။
ဤအခိုက်အတန့်တွင် အနောက်ပိုင်းသဲကန္တာရရှိ မျိုးနွယ်စုများအားလုံး လုပ်နေသည့်အရာများကို ရပ်တန့်လိုက်ကြသည်။ လောလောဆယ်တွင် တချို့မှာ မီးရေခဲမျိုးနွယ်စုကဲ့သို့ ပြောင်းရွှေ့နေသည့်လမ်းပေါ်တွင် ဖြစ်၏။ အခြားသူများက စခန်းချ အနားယူနေကြသည်။ အချို့မှာ ကျီးနတ်မင်းမျိုးနွယ်စုငါးစုနည်းတူ ဇာတိမြေတွင် ခေါင်းချရန် ဆုံးဖြတ်ထားကြ၏။ အနောက်ပိုင်းသဲကန္တာရှိ ကျင့်ကြံသူများအားလုံး တုန်ရီလျက် ကောင်းကင်ကို မော့ကြည့်နေကြသည်။
လူတိုင်းလူတိုင်း။ အဆိပ်ငါးသွယ်မျိုးနွယ်စုပင်ပါသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက် နေရာအစုံ။ မျိုးနွယ်ဝင်များအားလုံး ... မော့ကြည့်လိုက်ကြသည်။
"ခရမ်းမိုး ရွာကျပြီး အနောက်ပိုင်းသဲကန္တာရပျက်သုဥ်းခြင်း ဆိုက်ရောက်ခဲ့ပြီဖြစ်တယ်။ ဒီခရမ်းမိုးက သက်ရှိသတ္တဝါအားလုံး၊ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို ဖယ်ရှားပစ်မှာ။ အခုလောလောဆယ်မှာ အနောက်ပိုင်းသဲကန္တာရမှာရှိတဲ့ နေရာရွှေ့ပြောင်းရေးမန္တန် ကိုးဆယ်ရာခိုင်နှုန်းနီးပါး အလုပ်မလုပ်တော့ဘူး
"ဒီပျက်သုဉ်းခြင်းအလယ်မှာ သက်ရှိသတ္တဝါတွေအတွက် မျှော်လင့်ချက်တစ်ခုပဲရှိတယ်။ အဲ့ဒါက အနက်ရောင်နယ်မြေပဲ။ ကံကောင်းစွာနဲ့ ပြီးခဲ့တဲ့နှစ်တွေတုန်းက ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့အနေနဲ့ အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုတွေ အနက်ရောင်နယ်မြေမှာ နေထိုင်နိုင်ဖို့ သင့်တော်တဲ့နေရာတစ်နေရာကို တောင်းခံဖို့ အစီအစဉ်ဆွဲခဲ့တယ်
"နေရာက အကန့်အသတ်နဲ့မလို့ မျိုးနွယ်ဝင်အားလုံးကိုတော့ ဝင်ခွင့်မပြုနိုင်ဘူး။ ဒါ့အပြင် ဘယ်သူက ဝင်ခွင့်ရဖို့ အရည်အချင်းအရှိဆုံးလဲဆိုတာ ကျုပ်တို့မှာ ဆုံးဖြတ်ပိုင်ခွင့်မရှိပေဘူး။ ဒါ့ကြောင့် ... ခင်ဗျားတို့အားလုံးကို အခွင့်အရေးတစ်ခုပေးမယ်.... မိစ္ဆာစိတ်ဝိညာဉ်ကို ရှာပါ
"ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ နိမိတ်ကောက်ထားတဲ့ အချက်အလက်တွေအပြင် ရှေးမှတ်တမ်းထဲက အသေးစိတ်အကြောင်းအရာတွေအရ ကျုပ်တို့သိကြတဲ့အတိုင်း အနောက်ပိုင်းသဲကန္တာရ ပင်လယ်ဘဝရောက်တိုင်း ကောင်းကင်နဲ့မြေကြီးမှာ ပြောင်းလဲမှုတွေ ကြုံတွေရလိမ့်မယ်။ မိစ္ဆာစိတ်ဝိညာဉ်တွေဟာ အနောက်ပိုင်းသဲကန္တာရဲ့ နယ်မြေတွေကနေထွက်လာတတ်ကြတယ်။ ဆယ်ကောင်ထက်တော့ မပိုဘူး
"မိစ္ဆာစိတ်ဝိညာဉ် တစ်ကောင်နဲ့အတူ အနက်ရောင်နယ်မြေအပြင်မှာ ပေါ်လာတဲ့ ဘယ်မျိုးနွယ်စုမဆို အနက်ရောင်နယ်မြေကို ဝင်ခွင့်ရမယ်။ ကျုပ်တို့... မိစ္ဆာစိတ်ဝိညာဉ်တွေကို လက်ခံမှာပါ"
အသံသည် ဆက်မပြောတော့သော်လည်း အနောက်ပိုင်းသဲကန္တာရတစ်လျှောက် ကူးလူးပဲ့တင်ထပ်နေဆဲပင်။ ကြားလိုက်သည့်သူတိုင်း အသက်ရှူသံများ ပြင်းထန်လာပြီး မျက်လုံးများ နီရဲတွတ်သွား၏။
မန်ဟို့မျက်လုံးများ တလက်လက်တောက်ပလာသည်။
***