အင်မိုတယ်တံတား
Vol. 33 Ch. 453
"မျှော်လင့်ချက်က အဲ့ဒါပဲ" မန်ဟိုသည် မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် တွေးသည်။ အနက်ရောင်နယ်မြေရှိ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့က ဘာကြောင့် သည်မိစ္ဆာစိတ်ဝိညာဉ်များကို လိုအပ်သည်လဲ သူဂရုမစိုက်ပေ။ အနက်ရောင်နယ်မြေသို့ ဝင်ရောက်ရန် လိုအပ်သည်ကိုသာ သူသိသည်။
တစ်ကောင်ရရှိသည့် မည်သူမဆို ပျက်စီးခြင်းကို ရှောင်လွှဲ၍ ဤပျက်သုဉ်းခြင်းမှ အသက်ရှင်နိုင်ခွင့်ရမည်။
အချိန်တိုလေးအတွင်း မိစ္ဆာစိတ်ဝိညာဉ်လုယက်ကြမည့် စစ်ပွဲကြီးများ အနောက်ပိုင်းသဲကန္တာရအား မည်သို့ဝါးမြိုတော့မည်ကို စိတ်ကူးသာကြည့်နိုင်သည်။
မန်ဟိုက ထရပ်ပြီးနောက် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်ကို လှည့်ကြည့်သည်။ သူ မန်ဟို့ကို ကြည့်နေစဥ် သူ၏မျက်လုံးထဲ၌ တစ်ခါမှမမြင်ဖူးသော အလင်းရောင်တစ်ခု ပေါ်လာသည်။
သူတို့ တစ်ယောက်ကိုတစ်ယောက် တခဏကြည့်ပြီးနောက် ခေါင်းကိုင်ဖခင်က ထရပ်ပြီး တောင်ထိပ်တွင် ရပ်နေသည့် မန်ဟိုအနား ချဉ်းကပ်လာသည်။
"မိစ္ဆာစိတ်ဝိညာဉ်တွေ အနောက်ပိုင်းသဲကန္တာရရဲ့ ဘယ်နေရာမှာ ပေါ်လာမလဲ မပြောတတ်သလို" ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က အသက်ပြင်းပြင်းရှူရင်း ပြောသည်။ "မိစ္ဆာစိတ်ဝိညာဉ်ဆိုတဲ့ နာမည်ကို ကြားလည်းမကြားဖူးခဲ့ဘူး။ ဒါပေမဲ့ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ရဲ့စကား မှန်ရင် သူတို့ကို ရနိုင်ခြေ ရှစ်ဆယ်ရာခိုင်နှုန်းရှိတဲ့ နေရာတစ်နေရာကိုတော့ သေချာသိတယ်
"တံတားပျက်နယ်ပယ်"
မန်ဟိုက ခေါင်းညိတ်ပြီး အတွေးနက်သွားသည်။
"ဒါပေမဲ့...." ခေါင်းကိုင်ဖခင်က စကားစပြီး ရပ်လိုက်သည်။ မန်ဟို ဘာတွေးနေလဲ သူပြောနိုင်၏။ သို့သော် သူကိုယ်တိုင် ဤသို့သုံးသပ်မိလျှင် အနောက်ပိုင်းသဲကန္တာရရှိ တခြားသော မျိုးနွယ်စုအတော်များများလည်း သုံးသပ်မိကြမည်ကို သူသိသည်။
သို့ဖြစ်၍ တံတားပျက်နယ်ပယ်အတွင်းသို့ ချင်းနင်းဝင်ရောက်ခြင်းမှာ ပုံမှန်ထက်ပင်ပို၍ အန္တရာယ်များကာ ဝရုန်းသုန်းကားဖြစ်ပေလိမ့်မည်။ အန္တရာယ်က ထိုကမ္ဘာကြောင့်မဟုတ်ဘဲ ဝင်ရောက်လာမည့် တခြားကျင့်ကြံသူများပင်။
"ကျုပ် စိတ်ပိုင်းဖြတ်ပြီးသွားပြီ" မန်ဟိုက အဘိုးကြီးကို ဖြည်းညင်းစွာ ကြည့်ရင်း ပြောသည်။ "မိစ္ဆာစိတ်ဝိညာဉ်ကို ရရှိအောင် မလုပ်ပေးနိုင်ရင် ကျုပ် ခင်ဗျားတို့ကို လမ်းဆုံးအထိ အဖော်ပြုပေးမယ်။ ခင်ဗျားတို့ရဲ့ သင်္ချိုင်းကမ္ဗည်းကျောက်စာတိုင်မှာ နာမည်ရေးထိုးပေးပါ့မယ်
"ဒါပေမဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို ရယူပေးနိုင်ခဲ့ရင် ကျုပ် မန်ဟို .... ခင်ဗျားတို့ကို ဦးဆောင်ပြောင်းရွှေ့ပေးမယ်။ ပြောင်းရွှေ့တာ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ကျုပ် ခင်ဗျားတို့ကို ထားရစ်ခဲ့ပြီး စိတ်မပျက်စေရဘူး"
ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်က နားထောင်နေသည်။ သူက မျက်လုံးများ တောက်ပနေလျက် မန်ဟို့ကို လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် အင်္ကျီလက်စကို ခါကာ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ဖြစ်ပြီး အသက်အရွယ်ကွာခြားလင့်ကစား ဒူးထောက်ပြီး လက်နှစ်ဖက်ယှက်၍ မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးသည်။
"မျိုးရိုးစဉ်ဆက် ကျီးနတ်မင်းမျိုးနွယ်စုငါးစုအနေနဲ့ ဘိုးဘေးကြီးရဲ့ ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး။ မျိုးရိုးစဉ်ဆက် ဘိုးဘေးကြီးရဲ့ရုပ်တုကို ကိုးကွယ်ပါမယ်။ ကျုပ်တို့စကား မုသားပါရင် ကျီးနတ်မင်းမျိုးနွယ်စုငါးစု မီးလောင်ကျွမ်း၍ ပျက်သုဉ်းပါစေသား"
မျိုးနွယ်စုရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်နှင့်အတူ အမြုတေဖြစ်တည်မှု မဟာစက်ဝန်းသို့ ကျဆင်းသွားခဲ့သော နှစ်ယောက်လည်း ဒူးထောက်နေကြသည်။ သူတို့လည်း ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်၏စကားကို ကြားလေသည်။
သူတို့သာမဟုတ်၊ မျိုးနွယ်ဝင်အားလုံး ကြားကြသည်။ သူတို့အားလုံးမှာ သူတို့နှစ်ယောက် စကားပြောနေသည်ကို နားထောင်ရင်း စောင့်ကြည့်နေကြခြင်းဖြစ်၏။
ဘယ်သူမှ စကားတစ်ခွန်းမဆိုကြပေ။ မည်သူအရင်စသည်လဲ ပြောရခက်သော်လည်း တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ဝပ်တွား အရိုအသေပေးလိုက်ကြသည်။ မကြာမီ မျိုးနွယ်စုများအားလုံး ဒူးထောက်နေကြလေပြီ။
အမြုတေဖြစ်တည်မှုနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအပါအဝင် မျိုးနွယ်စု၏ ကျင့်ကြံသူအလုံးစုံသည် ဒူးထောက်ရှိခိုးနေကြလေ၏။
ဘယ်သူမှစကားမပြော၊ ဒူးထောက်အရိုအသေပေးနေကြခြင်းသာ။ အမှန်တွင် သူတို့၏နှလုံးသားထဲ၌ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော ကျေးဇူးတင်စိတ်များ ရှိကြလေသည်။ သူတို့သည် ဒူးထောက်ရင်း မျက်ဝန်းအိမ်မှ စီးဖြာကျလာသော မျက်ရည်များဖြင့်သာ....မည်မျှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သည်လဲ ဖော်ပြနိုင်တော့သည်။
မန်ဟို သူတို့ကို ကြည့်နေစဉ် ကောင်းကင်ထက်၌ မိုးခြိမ်းသံ ခပ်အုပ်အုပ်ထွက်လာပြီး ခရမ်းမိုးက သည်းထန်စွာ ရွာကျလာသည်။
"ကျင့်ကြံသူတွေ အမှန်တကယ် ကျင့်ကြံရတာက ကိုယ့်ကိုယ်ကို ယုံကြည်မှုပဲ။ သည့်ထက်ပို အရေးပါတာကတော့ သတိတရား။ ကျုပ်ပြောမယ်... ကျုပ်ဆိုတဲ့ မန်ဟိုဟာ ကိုယ့်ကိုယ်ကို ဖြောင့်မတ်တည်ကြည်တဲ့လူတစ်ယောက်လို့ မခေါ်ဝံ့ဘူး။ လူကြီးလူကောင်းလည်းမဟုတ်သလို၊ သန့်ရှင်းစင်ကြယ်တဲ့ပုဂ္ဂိုလ်လည်း မဟုတ်ပေဘူး။ ဒါပေမဲ့ ကျုပ်က ကျေးဇူးရှိတဲ့သူကို အမြဲ ကျေးဇူးပြန်ဆပ်တယ်" ထို့နောက် မန်ဟိုသည် လက်ယှက်၍ ကျီးနတ်မင်းမျိုးနွယ်စုငါးစုကို လေးလေးနက်နက် အရိုအသေပေးလိုက်သည်။
အချိန်များ တချက်ချက် ကုန်ဆုံးသွား၏။ သုံးလကြာခဲ့ပြီဖြစ်သည်။ အောက်ရှိ စမ်းချောင်းများမှာ အတူတကွ စုဆုံပေါင်းစည်း၍ မြစ်အသွင်ဆောင်နေလေပြီ။ တောင်၏ထိပ်မှ ငုံ့ကြည့်လျှင် မြစ်ကြီး ခုနစ်စင်း၊ ရှစ်စင်းခန့် မြင်နေရပြီဖြစ်သည်။
မြစ်ရေများသည် အသက်မဲ့စွာ တဝေါဝေါ စီးဆင်းနေ၏။ တချို့နေရာများတွင်ဆိုလျှင် သေခြင်းချီများ တထောင်းထောင်း ထနေလေသည်။
ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်စွမ်းအင်များလည်း လွန်စွာနည်းပါးနေပြီ ဖြစ်သည်။ သုတ်သင်ခြင်းစိတ်ဆန္ဒမှာ ပို၍သိသာလာသည်။ ကမ္ဘာကြီးသည် ယိုယွင်းပျက်စီးလာနေ၏....
နောက် သုံးလ ကုန်ဆုံးသွားသည်။ မျိုးနွယ်ဝင်နှစ်ထောင်ခန့်အနက် တစ်ရာနီးပါးမှာ အိပ်ရာထဲလဲနေရုံမှတစ်ပါး မတတ်နိုင်တော့သည်အထိ အားနည်းနေကြပြီဖြစ်သည်။ သူတို့မှာ အသက်ရှူနိုင်စွမ်းပင် ပျောက်ကွယ်တော့မည်သယောင်ပင်။
မန်ဟိုနှင့် ရင်းနှီးသော ဆက်ဆံရေးကြောင့် ဝူချိန်နှင့်ဝူလင်းသည် ယခုတွင် မျိုးနွယ်စုအတွင်း၌ အသိအမှတ်ပြုခံရသော နေရာတစ်နေရာရသွားလေပြီ။ သူတို့သည် ယခုတွင် ကျီးကင်းထောက်မျိုးနွယ်စု၏ ကိစ္စအဝဝကို တာဝန်ယူလုပ်ဆောင်ရသည့် ထွန်းသစ်စနေဝန်းများ ဖြစ်လာကြသည်။ အနုသုခုမရုပ်ခန္ဓာကျင့်ကြံသူနှစ်ယောက်၏ တပည့်အဖြစ် လက်ခံခြင်းလည်း ခံခဲ့ရသည်။
မန်ဟို ဝူလင်း၏လည်ဆွဲနှင့်ပတ်သက်ပြီး ကျီးကင်းထောက်မျိုးနွယ်စုကို မေးကြည့်ပြီးနောက်တွင် ၎င်း၏ဇာတိကို နောက်ဆုံးနားလည်သွား၏။ ၎င်းသည် ကျီးနတ်မင်းအထွတ်အမြတ်နယ်မြေက လာခြင်းမဟုတ်။ လွန်ခဲ့လေပြီးသော နှစ်ထောင်ပေါင်းများစွာက ကျီးနတ်မင်းမျိုးနွယ်စု အာဏာအထွတ်အထိပ်သို့ ရောက်ရှိခဲ့တုန်းက တံတားပျက်နယ်ပယ်မှ ရရှိခဲ့သော ရတနာတစ်ပါးဖြစ်လေသည်။
ဤအကြောင်းကို သိရှိပြီးနောက် တံတားပျက်နယ်ပယ်မှာ မန်ဟို့စိတ်ထဲတွင် ပို၍ဆန်းကြယ်လာ၏။ ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်ထံမှ အလွန်ထူးဆန်းသောအရာတစ်ခုကိုလည်း မန်ဟိုသိခဲ့ရသည်။ လူများ တံတားပျက်နယ်ပယ်မှ ပြန်လာသောအခါ အထဲတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မှတ်မိကြ၏။ သို့သော် အဝင်အထွက်နှင့်ပတ်သက်၍မူ မည်သူမှ ရေရေရာရာမမှတ်မိပေ။ တစ်ခုခုက နှောင့်ယှက်နေသည့်အလား ၊ မှတ်ဉာဏ်များပင် အဖျက်ခံခဲ့ရသည့်အလားပင်။
"ရှင်သန်းခြင်းနှင်းပန်းအစေ့၊ မိစ္ဆာစိတ်ဝိညာဉ်လို့ ခေါ်တဲ့အရာတွေနဲ့ ရှေးခေတ်က ဒဏ္ဍာရီလာ အင်မိုတယ်လျှောက်လှမ်းတံတား.... တစ်နေရာလုံးက အပျက်အစီးတွေ။ အင်မိုတယ်တံတားဆောက်ထားတဲ့ ကျောက်တုံးတွေထဲမှာ ဘယ်လိုလုပ်ဆောင်ချက်တွေ ပါနေပါနေ ၊ ဓာတ်ငါးပါးထဲက မြေဓာတ်ရှိနေမယ်ဆိုရင်တော့ ငါလိုအပ်နေတဲ့ မြေအမျိုးအစားကို ရယူနိုင်လိမ့်မယ်" မန်ဟို့မျက်လုံးများ တောက်ပလာသည်။ တံတားပျက်နယ်ပယ်နှင့်စပ်လျဉ်းသော သူ၏မျှော်လင့်ချက်မှာ ပို၍ပင်အားကောင်းလာ၏။
နောက်ဆုံး ဤအချိန်အတောအတွင်း ကြက်တူရွေးပြန်ရောက်လာသည်။ သို့သော် ရက်အနည်းငယ်သာနေပြီး တက်ကြွစွာဖြင့် ပြန်ထွက်သွားပြန်၏။ ၎င်း မည်မျှရယ်စရာကောင်းသလဲဆိုလျှင် ခရမ်းမိုးပင် ၎င်းကို မရပ်တန့်နိုင်ပုံရသည်။
နောက်ထပ်လဝက်ကြာပြီး တစ်နေ့လည်ခင်းတွင် ငွေရောင်မိုးကြိုးတစ်တန်းက ကောင်းကင်ကို ထက်ပိုင်းခွဲပစ်နိုင်သော ပြင်းအားကြီးဖြင့် ထစ်ချုန်းသွားသည်။ ရုတ်တရက် လပေါင်းများစွာ မရပ်မနား ရွာသွန်းနေခဲ့သော ခရမ်းမိုးတိတ်သွားလေရာ.... မျိုးနွယ်ဝင်များအားလုံး ကောင်းကင်ကို တအံ့တဩ မော့ကြည့်မိလိုက်ကြ၏။
မိုးတိတ်သွားသောအခါ လူတိုင်း အံ့ဩမှင်သက်ကုန်ကြသည်။ မန်ဟို့မျက်လုံးများ အပေါ်သို့ ရောက်သွားစဉ်တွင် လင်းလက်သွား၏။ သူမြင်လိုက်ရသည့်အရာက သူ့တစ်ကိုယ်လုံးကို တုန်ရီသွားစေပြီး အသက်ရှူသံများ မြန်လာစေတော့သည်။
ထိုနေရာ၊ ကောင်းကင်ထက်တွင်ကား တစ်တားတစ်စင်း။
တံတားသည် အစနှင့်အဆုံးကို မမြင်ရသည့်တိုင်အောင် ကောင်းကင်တစ်ပြင်လုံး စိုးမိုးနေသည်။ တံတားမှ မကုန်ခမ်းနိုင်ပုံရသောအလင်းများ ဖြာထွက်တောက်ပနေ၏။ ဤအလင်းက မိုးတိတ်သွားသည့်အကြောင်းရင်းပင်။ ယနေ့တွင် မည်သည့်မိုးမှ အနောက်ပိုင်းသဲကန္တာရတွင် ရွာကျခြင်းမရှိတော့။
ထစ်ချုန်းသွားသောမိုးကြိုးကို အနီးကပ်ကြည့်လျှင် ၎င်းမှာ တံတား၏အတွင်းတွင်သာ ရှိနေကြောင်း မြင်နိုင်မည်ဖြစ်သည်။ မည်သည့်အရာကမှ အပြင်တွင် မရှိပေ။ အမှန်အားဖြင့် မိုးကြိုးသည် ဤဧရာမတံတားကြီးပေါ်တွင် တည်ရှိနေသည့် မရေမတွက်နိုင်သော အက်ကြောင်းများနှင့်တူသည်။
"အင်မိုတယ်လျှောက်လှမ်းခြင်းတံတား" မန်ဟိုက အဆုံးအစမဲ့သော အရာကြီး မော့ကြည့်ကာ တွေးလိုက်၏။ ၎င်းမှာ ပုံရိပ်တစ်ခုသာဖြစ်သော်လည်း အစစ်နီးပါး အသက်ဝင်လှသည်။
တံတား၏မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော မှော်သင်္ကေတများ တဖျပ်ဖျပ်လက်နေသည်။ တစ်ခုစီသည် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ တစ်ယောက်ကိုပင် သုတ်သင်ပစ်နိုင်စွမ်းရှိသော လှိုင်းများပါဝင်နေသယောင်ပင်။ မယုံနိုင်လောက်အောင် ရှေးဆန်သောချီ၊ အချိန်ပါရှိနေသလို ခံစားရသောချီတစ်ခု တံတားထံမှ ထွက်လာသည်။ ဤချီသည် စိတ်ဝိညာဉ်စွမ်းအင်နှင့်မတူကွဲပြား၏။ အပြင်လောကတွင် တည်ရှိသော ချီအမြောက်အမြားက ၎င်း၏အမျှင်လေးတစ်မျှင်နှင့် ညီမျှနေသကဲ့သို့ ၎င်းမှာ ပို၍သိပ်သည်းပြည့်ဝနေသည်။
မန်ဟိုသည် ဤချီမှာ ကောင်းကင်နှင့်မြေကြီးချီထက် အဆများစွာ သာလွန်ပြီး စုပ်ယူလိုက်သော မည်သည့်ကျင့်ကြံသူကိုမဆို တုန်လှုပ်စေနိုင်ကြောင်း ပြောနိုင်သည်။ ပို၍ပင် အံ့ဩစရာကောင်းသည်ကား .....သူကိုယ်တိုင်လည်း စုပ်ယူနေနိုင်ခြင်းပင်။
ဤအခြင်းအရာက မန်ဟို့စိတ်နှလုံးကို ဖော်ပြမတတ်နိုင်အောင် ချာချာလည်သွားစေ၏။ တံတားမှ ဆောင်ကြည်းပေးနေသော လင်းရောင်ခြည်သည် အဘက်ဘက်၌ မီတာထောင်သောင်းနှင့်ချီ ဖြာထွက်လာသည်။ ၎င်းသည် ကောင်းကင်တစ်လျှောက် ပြန့်ကားလာကာ ကန်လန့်ကာတစ်ခုက ... ကြယ်တာရာကောင်းကင်ကို ဖွင့်လှစ်ပြလိုက်သယောင်ပင်။
မန်ဟို ကြယ်များကို မော့ကြည့်လိုက်စဉ် အသက်ရှူရန် သတိမရတော့ပေ။ ဤကြယ်တာရာကောင်းကင်သည် တောင်ကောင်းကင်ဂြိုဟ်အပြင်တွင် တည်ရှိသော ကမ္ဘာအစစ်ဖြစ်ကြောင်း သူသေချာသည်။
ဤအခိုက်အတန့်တွင် တံတား၏ထိပ်၌ ခပ်ဝါးဝါးပုံရိပ်တစ်ခုပေါ်လာသည်။ ၎င်းသည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမပုံပန်းသွင်ပြင်က ပီသခြင်းမရှိသည့်အပြင် သူမခန္ဓာကိုယ်သည် အရောင်အဝါများဖြင့် တောက်ပနေလေသည်။
သူမသည် အောက်ရှိ နယ်မြေများကို ငုံ့ကြည့်ပြီးနောက် ခပ်သွယ်သွယ် လက်လေးကို မြှောက်လိုက်သည်။ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ကျောက်ခဲတစ်ခဲ ပေါ်လာ၏။ အမျိုးသမီးက ကျောက်ခဲကို သူမရှေ့သို့ ပစ်လိုက်ရာ ၎င်းသည် လေတွင် မျောလွင့်နေတော့သည်။
ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က မန်ဟို့ဘေးတွင် လာရပ်သည်။ " တံတားပေါ်ကို တက်လှမ်းဖို့ အင်မိုတယ်တံတားကျောက်ခဲကို သိမ်းပိုက်ပါ" သူက အလောတကြီးပြောသည်။ "ဒါဆို တံတားပျက်နယ်ပယ်ကို ဝင်နိုင်ပြီ။ ပြန်လာဖို့ဆိုရင်လည်း အဲ့ဒီကျောက်ခဲကိုပဲ သုံးရမယ်"
တံတားကို မည်သို့ဝင်ရောက်၍ မည်သို့ထွက်ခွာရမည်လဲ ဆိုသည်နှင့်ပတ်သက်ပြီး မန်ဟိုသည် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်ဆီမှ အသေးစိတ်သိရှိခဲ့ပြီးဖြစ်သည်။ သူသည် တလက်လက်တောက်ပနေသော မျက်ဝန်းများဖြင့် ကောင်းကင်ကို မော့ကြည့်လိုက်၏။ ထို့နောက် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရုတ်တရက် ဆူးမြို့ရိုးနွယ်ပေါ်လာသည်။ ၎င်းသည် ကျီးနတ်မင်းမျိုးနွယ်စုများကို ဝန်းရံလွှမ်းခြုံ၍ ကျောက်သားတောင်နံရံထဲ ထိုးဖောက်ဝင်ရောက်သွားသည်။ ၎င်း ရှိနေသရွေ့ မန်ဟိုမရှိသည့်အတောအတွင်း ကျီးနတ်မင်းမျိုးနွယ်စုများ လုံခြုံလိမ့်မည်။ ပြောင်းရွှေ့နေသော မည်သည့်မျိုးနွယ်စုမှ သူတို့ကို မဖမ်းဆီးနိုင်သလို မတိုက်ခိုက်နိုင်မည် မဟုတ်ပေ။
သာမန်မိစ္ဆာသားရဲသခင်များ တံတားပျက်နယ်ပယ်သို့ မဝင်ရောက်နိုင်ကြောင်း မန်ဟိုသိသည်။ အကြောင်းရင်းမှာ ထိုနေရာတွင် ကမ္ဘာသစ်မိစ္ဆာများ မတည်ရှိနိုင်၍ပင်။
ထိုအကြောင်းကို နောက်ပိုင်းမှ ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ တောင်းတောင်းပန်ပန် အားနာစွာနှင့် ပြောပြခဲ့ခြင်းဖြစ်သည်။
အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို မြင်လိုက်သည့်အခိုက်အတန့်တွင် မန်ဟိုသည် ကမ္ဘာသစ်မိစ္ဆာများအား ငြင်းပယ်နေသည့်အရှိန်အဝါကို ခံစားလိုက်ရသည်။ တံတားမှာ နတ်မိစ္ဆာများအတွက်မဟုတ်ဘဲ ကျင့်ကြံသူများအတွက် အင်မိုတယ်အဆင့်တက်ခြင်းအတွက်သာ တည်ဆောက်ထားပုံရသည်။ ၎င်းမှာ ဖျက်စီးခံခဲ့ရသော်လည်း ၎င်း၏မူလဥပဒေများကား ကျန်ရှိနေသေး၏။
သို့ဖြစ်၍ မန်ဟိုသည် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ်ကို ကျီးနတ်မင်းမျိုးနွယ်စုငါးစုတွင် ထားခဲ့သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ကောင်းကင်သို့ ပျံတက်လိုက်သည်။ သူကား အင်မိုတယ်လျှောက်လှမ်းခြင်းတံတားသို့ တဟုန်ထိုးပျံတက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွားလေပြီ။ အောက်တွင် ကျီးနတ်မင်းမျိုးနွယ်ဝင်နှစ်ထောင်ကျော်သည် သူထွက်သွားသည်ကို မော့ကြည့်နေကြ၏။
ထိုစဉ် ကျန်အနောက်ပိုင်းသဲကန္တာရနယ်မြေများတွင် တံတားပျက်နယ်မြေသို့ ဝင်ရောက်ခွင့်ရှိသော မျိုးနွယ်စုနှစ်ဆယ်ကျော်မှ လူများ လေပေါ်ပျံတက်လာကြသည်။ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကိုယ်စားပြုလည်း ပါဝင်သည်။ ထိုသူကား.... ကျောက်ယူလန်မှတစ်ပါး အခြားမဟုတ်ပေ။
သူမညာလက်မှာ အကောင်းပကတိအတိုင်း ပြန်ဖြစ်နေပြီး အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ သူမ အင်မိုတယ်လျှောက်လှမ်းခြင်းတံတားသို့ ပျံတက်နေစဉ် သူမပုံစံလေးမှာ ရှုမငြီးအောင် လှရက်လွန်းလေသည်။
တံတားမှာ တစ်စင်းတည်းရှိသည် ထင်ရသော်လည်း ဝင်ခွင့်ရှိသူများ၏အပေါ်တွင် တံတားတစ်စင်းစီ ပေါ်လာခဲ့ခြင်းဖြစ်သည်။ ကိုယ်စားပြုတစ်ယောက်မှ အခြားသူကို မမြင်နိုင်ပေ။ သူတို့မြင်ရသည့် တစ်ခုတည်းသောအရာမှာ တံတားထိပ်ရှိ အမျိုးသမီးနှင့် သူမအရှေ့က အင်မိုတယ်တံတားကျောက်ခဲသာဖြစ်လေ၏။
နေရာအသီးသီးတွင် လူအမျိုးမျိုး ကောင်းကင်သို့ ထိုးတက်သွားကြသည်။ မန်ဟိုသည် ရုတ်တရက် အမျိုးသမီး၏အရှေ့၌ ပေါ်လာ၏။ သူက လက်ကို ဆန့်ထုတ်၍ အင်မိုတယ်တံတားကျောက်ခဲကို ဆုပ်ကိုင်လိုက်သည်။
သူထိုသို့လုပ်လိုက်သည်နှင့်တစ်ပြိုင်နက် ဝီခနဲ သူ့စိတ်ထဲတွင် မြည်သွား၏။ တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်ကို ဆွဲယူလိုက်သကဲ့သို့ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ရှေ့သို့ ထွက်သွားတော့သည်။
***