မိစ္ဆာမကျင်ရှန်း
Vol. 33 Ch. 454
မန်ဟိုတစ်ယောက်သာ ထိုကဲ့သို့ အရာမျိုး ကြုံတွေ့ရခြင်းမဟုတ်။ အခြားမျိုးနွယ်စုမှ လူများလည်း ထိုနည်းတူပင်။ သူတို့အရှေ့ရှိ အမျိုးသမီးမှာ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ရုပ်သေးရုပ်ဖြစ်ပုံရသည်။ တံတားမှာမူ လွန်းပျံယာဉ်ကြီးသဖွယ် သူတို့အားလုံးကို အခြားတစ်နေရာသို့ သယ်ဆောင်သွား၏။
အမျိုးသမီးဆီမှ မည်သည့်အသက်စွမ်းအားကိုမှ မခံစားရပေ။ တကယ်တမ်း သူမ လှုပ်ရှားပုံကို စောင့်ကြည့်လျှင် ခပ်တောင့်တောင့်ကြီး ဖြစ်နေသယောင်ရှိသည်။ မန်ဟိုတွက်ချက်ရသလောက် သူမသည် လူစင်စစ်မဟုတ်ဘဲ အင်မိုတယ်လျှောက်လှမ်းခြင်းတံတား၏ လျှို့ဝှက်ဆန်းကြယ်သဏ္ဌာန် ၊ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လိမ့်မည်။
လေကို ခွင်း၍သွားနေစဉ် မန်ဟိုသည် သူ့ပတ်ဝန်းကျင်၌ ပုံရိပ်နှစ်ဆယ်ကျော်ကို မြင်လိုက်ရ၏။
ဤပုံရိပ်များသည် ဝင်ခွင့်ရမျိုးနွယ်စုများမှ ကိုယ်စားပြုများ ဖြစ်ကြသော်လည်း အလွန်လျင်မြန်သော အမြန်နှုန်းကြောင့် သူတို့၏ပုံပန်းသွင်ပြင်များကို သဲသဲကွဲကွဲမမြင်ရပေ။
သူတို့သည် လေထုနှင့် တိမ်တိုက်များ ဖြတ်သွားနေသဖြင့် ကမ္ဘာကြီးမှာ တရိပ်ရိပ်ပြေးနေတော့သည်။ သူတို့ရွေ့လျားနေသည့်အမြန်နှုန်းမှာ အလင်းအမြန်နှုန်းအလားပင်။ မကြာမီ မန်ဟို့မှာ အသက်ပင် ရှူမရတော့ပေ။ သူသည် အောက်ရှိ မြေပြင်များကို ကြည့်ရင်း ချာချာလည် မူးဝေနေ၏။ ကျီးနတ်မင်းမျိုးနွယ်စုမှာ အစက်သေးသေးလေးသာ ကျန်တော့လေသည်။
မကြာခင် သူသည် အနောက်ပိုင်းသဲကန္တာရ၏တစ်ဝက်နီးပါးကို မြင်နေရလေပြီ။
ထိုကဲ့သို့ မယုံနိုင်ဖွယ် အမြန်နှုန်းမှာ မန်ဟို့ကို အန္တရာယ်အာရုံရလိုက်စေသည်။ အကယ်၍ အင်မိုတယ်တံတားကျောက်ခဲကိုသာ ကျစ်ကျစ်ပါအောင် ဆုပ်မထားပါက သူ့ခန္ဓာကိုယ်သည် မုန့်မုန့်ညက်ညက်ကြေသွားလိမ့်မည်ဟု ခံစားနေရ၏။
ဤအတွေး သူ့ခေါင်းထဲ ရောက်လာသည့်အချိန်မှာပင် အနီးနားရှိပုံရိပ်တစ်ခုမှာ ရုတ်တရက် အင်မိုတယ်တံတားကျောက်ခဲကို လက်မှလွတ်သွား၏။ ချက်ချင်းပင် သွေးများ ဖွားခနဲ ပန်းထွက်သွားသည်။ အော်သံပင် မကြားလိုက်ရ။ သေခြင်းကား ခဏလေးနှင့် ရောက်လာ၏။
ဤအခြင်းအရာက မန်ဟို့စိတ်ကို တုန်လှုပ်သွားစေသည်။ သူသည် မျက်လုံးများ တလက်လက်တောက်ပနေလျက် အင်မိုတယ်တံတားကျောက်ခဲကို ခပ်တင်းတင်း ဆုပ်ကိုင်လိုက်၏။
အပူချိန်မှာ လျင်မြန်စွာ ကျဆင်းလာနေပြီး အေးစိမ့်မှုက အရိုးထဲထိ တိုးဝင်လာသည်။ ဤလူများသာ ကျင့်ကြံသူမဟုတ်လျှင် လှုပ်ပင်လှုပ်နိုင်တော့မည်မဟုတ်ပေ။
ယခုအချိန်တွင် မန်ဟိုတစ်ယောက်သာ အောက်ရှိ မြင်ကွင်းကို ကြည့်နေခြင်းမဟုတ်။ လူတိုင်းသည် သူတို့အောက်ရှိ နယ်မြေများကို ငုံ့ကြည့်နေကြလေပြီ။ အနောက်ပိုင်းသဲကန္တာရအပြင်၊ အနက်ရောင်နယ်မြေနှင့် တောင်ပိုင်းဒေသကိုပင် မြင်နေရသည်။ နဂါးငွေ့တန်းပင်လယ်ကိုပင် မြင်ရလေသည်။
နဂါးငွေ့တန်းပင်လယ်တွင် ကျွန်းပေါင်းအသင်္ချေရှိသော်လည်း မန်ဟို့အကြည့်က တိုက်တိုက်ဆိုင်ဆိုင် ကျွန်းတစ်ကျွန်းအပေါ် ကျရောက်သွား၏။ ၎င်းမှာ အစက်သေးသေးတစ်စက်သာ ဖြစ်သော်လည်း ဤကျွန်းက အားကိုးမရသော မှီခိုရာဂိုဏ်းချုပ်မှတစ်ပါး အခြားမဟုတ်ကြောင်း အသေအချာသိလိုက်သည့်အတွက် မန်ဟို့ အံ့အားသင့်သွားတော့သည်။။
သူ့အကြည့်သည် တောင်ပိုင်းဒေသနှင့် ဇီယွင်ဂိုဏ်းရှိရာသို့ လျှပ်တပြက် ရောက်သွား၏။ ဇီယွင်ဂိုဏ်းကို မမြင်ရသော်လည်း သူ့အကြည့်က ထိုနေရာမှ မခွာပေ။
တောင်ပိုင်းဒေသကား သေးသထက် သေးလာသည်။ ယခုတွင် တောင်ပိုင်းဒေသနှင့် အနောက်ပိုင်းသဲကန္တာရအပြင် နောက်ထပ်ကုန်းမြေထုကြီးကိုပါ မြင်လိုက်ရလေပြီ။
သူ ၎င်းကို ကြည့်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်နှလုံးတုန်ရီသွား၏။ ဖော်ပြမတတ်နိုင်သော အတွေးများ သူ့ခေါင်းထဲတွင် ဖြတ်ပြေးသွားပြီး အင်မိုတယ်တံတားကျောက်ခဲကို မြဲမြဲကိုင်ထားရန် မေ့လျော့သွားသည်အထိပင်။ သူ့မှာ တွေတွေကြီးသာ စိုက်ကြည့်နေနိုင်၏။
သူကြည့်နေသည်ကား... အရှေ့ဘက်နယ်မြေ။
"နောက်ဆုံးတော့... အရှေ့ဘက်နယ်မြေကို မြင်လိုက်ရပြီပဲ" သူက စိတ်ထဲတွင် ရေရွတ်လိုက်သည်။ ထိုနေရာက ကလေးဘဝတုန်းက အိပ်မက်နှင့် တော်ဝင်စာမေးပွဲဖြေတုန်းက အိပ်မက်ဖြစ်ခဲ့သည်။ အမှန်တွင် ယခုအထိလည်း သူ့အိပ်မက်ဖြစ်နေပါသေးသည်။
အရှေ့ဘက်နယ်မြေ၊ ကြီးမြတ်သော တန်နိုင်ငံ။
သူသည် သူ့အဖေနှင့်အမေ ပျောက်သွားသည့်နေ့နှင့် ခရမ်းရောင်လေအကြောင်း တွေးမိသည်။ အရှေ့ဘက်နယ်မြေအကြောင်း သူ့အမေပြောပြခဲ့သော ပုံပြင်များ၊ ကြီးမြတ်သောတန်နိုင်ငံ၏ ဒဏ္ဍာရီများကိုလည်း အမှတ်ရမိ၏။
"အဖေနဲ့ အမေ.... အဲ့ဒီနေရာမှာ ရှိနေကြတာလားဟင်..." သူသည် အရှေ့ဘက်နယ်မြေ တစတစသေးငယ်လာပြီး တိုက်ကြီးတစ်တိုက်လုံး စက်ဝိုင်းခြမ်းသဏ္ဌာန်နှင့် တူလာသည့်အထိ ကြည့်နေမိ၏။ ဤအခိုက်အတန့်တွင် ရုတ်တရက် သူ့ခန္ဓာကိုယ်မှ ဝုန်းခနဲ မြည်ဟည်းကာ မမြင်ရသောနံရံတစ်ဖက်နှင့် ယခုလေးတင် ဝင်တိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရသည်။ ပြင်းအားက သူ့ပါးစပ်တွင် သွေးများ ပြည့်သွားစေ၏။ သို့သော် သူက ထွေးထုတ်မည့်အစား ပြန်မျိုချလိုက်သည်။
သူ့ပတ်ဝန်းကျင်ရှိ အရာအားလုံး မပီမသဖြစ်လာသဖြင့် သူ၏အမြင်အာရုံ ဝေဝါးလာသည်။ စိတ်ဝိညာဉ်အာရုံပင် ထုတ်လွှတ်၍မရပေ။ အရာအားလုံးမှာ ပြင်းပြင်းထန်ထန် ဖိနှိပ်ခံထားရ၏။ သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ အင်မိုတယ်တံတားကျောက်ခဲကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး နည်းနည်းလေးမှ အားမလျှော့လိုက်ရုံလေးသာ။
အရာအားလုံး ဝေဝါးလာသည့်ဖြစ်စဉ်မှာ အချိန်တစ်ခုအထိ ကြာသည်။ နောက်ဆုံးတွင် ထစ်ချုန်းသံတစ်သံ ပဲ့တင်ထပ်လာပြီး မန်ဟို သွေးတချို့ အန်လိုက်ရ၏။ တဖြေးဖြေးနှင့် ဝေဝါးနေမှု ပျောက်ကွယ်လာသည်။ မန်ဟို့အမြင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသောအခါ သူ့မှာ ပင့်သက်သာ ရှိုက်နိုင်တော့သည်။
စောစောက သူ ထွေးလိုက်သော သွေးမှာ သူ့အရှေ့တွင် မျောနေပြီး သူ့နှင့်အတူ တဟုန်ထိုးသွားနေသည်။
သူ့ပတ်ပတ်လည်ရှိ အရာအားလုံးမှာ အနန္တကြယ်အစက်အပြောက်လေးများရှိသည့် ပိတ်ပိန်းနေသော အမှောင်ထုကြီးပင်။ ကြယ်ရောင်များမှာ အမှောင်ထုအတွင်းမှ ဖြာထွက်လျက် ထွန်းလင်းတောက်ပနေရာ မန်ဟို့ကို အဝေးရှိ တစ်စုံတစ်ခုအား မြင်သွားစေ၏။
တံတားတစ်စင်း......
ပျက်စီးနေသော တံတားတစ်စင်း။
၎င်းမှာ တိုင်းတာ၍မရလောက်အောင် ကြီးမားပြီး ရှေးကျသော စိတ်ဆန္ဒတစ်ခု သက်ဝင်လှုပ်ရှားနေသည်။ ကြည့်ရသရွေ့ ၎င်းတွင် နှစ်ပေါင်းအသင်္ချေ ပါရှိနေသယောင်ပင်။ တံတားကို ကျောက်သားဖြင့် ဆောက်လုပ်ထားပြီး အမှောင်ထုနှင့် ကြယ်စင်များ၏ အနက်ရှိုင်းဆုံးအထဲထိ သွယ်တန်းနေရာ မည်သည့်နေရာတွင် အဆုံးသတ်သည်လဲ မမြင်ရပေ။
တံတားမှာ အကောင်းပကတိမဟုတ်ဘဲ ကျောက်တုံးကျောက်ခဲများအဖြစ် ပြိုကျခဲ့သည်မှာ ကြာပြီဖြစ်သည်။ သို့သော် ကျောက်မှုန်ကျောက်မွှားများသည် ပြန့်ကြဲမနေဘဲ နဂိုပုံစံအတိုင်း တည်ရှိနေရာ အဝေးမှကြည့်လျှင် တံတားကို အကောင်းပကတိရှိနေသကဲ့သို့ ဖြစ်စေသည်။
သို့ရာတွင် အနီးကပ်ကြည့်လေလေ ၊ ကျောက်ခဲအပိုင်းအစများကြားရှိ အဟများကို မြင်ရလေလေပင်။ အဟများက သေးငယ်ပုံရသော်လည်း အနီးရောက်လာသည်နှင့် တကယ်တမ်း မယုံနိုင်လောက်အောင် ကြီးမားကျယ်ပြောကြောင်း ထင်ရှားလာသည်။
အမှုန်အမွှားများကား ကျောက်ခဲများကြားတွင် လွင့်မျောနေ၏။ ၎င်းတို့သည် တဖျပ်ဖျက်လက်နေရာ တံတားတစ်ခုလုံးကို တောက်ပနေစေတော့သည်။
"အင်မိုတယ်လျှောက်လှမ်းခြင်းတံတား..." မန်ဟိုက ရေရွတ်လိုက်၏။ သူတံတားအနားနီးကပ်လာသည့်အချိန်မှာပင် အံ့ဖွယ်ကောင်းလွန်းသောအရာတစ်ခု သူ့မြင်ကွင်းထဲ ရောက်လာသည်။
အရှေ့ရှိ အမျိုးသမီးပုံစံ ရုပ်သေးရုပ်၏ပတ်ပတ်လည်တွင် မှောင်ဝါးဝါးပုံရိပ်ရှစ်ခု လျှပ်တပြက် ပေါ်လာ၏။ သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူတို့၏ကျင့်ကြံခြင်းအခြေခံများက လှိုင်းများ စတင်ထုတ်လွှတ်သည်။ လှိုင်းများမှာ မန်ဟို စိတ်ကူးနိုင်သမျှထက် အဆများစွာ ကျော်လွန်ပြီး ဟိုနှစ်က ကောင်းကင်မှပြုတ်ကျလာခဲ့သည့် အင်မိုတယ်မှရခဲ့သော ခံစားချက်အား ရလိုက်စေသည်။
ဤပုံရိပ်ရှစ်ခုကား အင်မိုတယ်များပင်။
ဤအင်မိုတယ်ရှစ်ဦးက အမျိုးသမီး၏ပတ်ပတ်လည်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်တည်း တိုက်ခိုက်ကြသည်။ ထိုစဉ် သုတ်သင်လိုစိတ်ဖြင့် ပြည့်နှက်သော စူးရှတောက်ပနေသည့် အလင်းတန်းတစ်တန်း ပေါ်လာသဖြင့် သူတို့ပတ်ပတ်လည်ရှိ အရာအားလုံးတုန်ခါသွား၏။
မန်ဟိုသည် အစက ဤအမျိုးသမီးမှာ ကျင့်ကြံသူတစ်ယောက်ဖြစ်ပုံမရ၍ လှုပ်ပင်လှုပ်လိမ့်မည်မဟုတ်ဟု ထင်ခဲ့လေသည်။ သို့သော် ဤအခိုက်အတန့်တွင် သူမခန္ဓာကိုယ်မှာ လှိုင်းများက ကျန်ရှစ်ယောက်၏ နတ်ဘုရားစွမ်းရည်များကို ဝင်တိုက်ရင်း ဖြာထွက်လာ၏။ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားစဉ် မန်ဟိုနှင့် ကျောက်တုံးကိုင်ထားသည့် ကျင့်ကြံသူများအားလုံး သွေးအန်လိုက်ရသည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ပြတ်ပြတ်သားသားမမြင်ရသော်လည်း အခြားသူများ ကြုံတွေ့ခံစားလိုက်ရသည့် အံ့ဩမှုနှင့် ဒဏ်ရာများကိုတော့ အာရုံခံနိုင်လေသည်။
"သူက ရုပ်သေးရုပ်မဟုတ်ဘူးလား" မန်ဟို ထိတ်လန့်စွာဖြင့် တွေးလိုက်မိသည်။ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည့် တစ်ချိန်တည်းမှာပင် လေပြင်းတစ်ချက်က အရာအားလုံးကို သိမ်းကျုံးတိုက်ခတ်လိုက်သည်။ မန်ဟို့ခန္ဓာကိုယ်မှာ အင်မိုတယ်တံတားကျောက်ခဲကို ဆုပ်ကိုင်နိုင်စွမ်းမရှိတော့သည့်အလား တည်ငြိမ်မှုမရှိတော့ပေ။ ပတ်ဝန်းကျင်ရှိ အလင်းရောင်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ပြင်းအားတစ်ဝက်ခန့် ကျဆင်းသွား၏။
"သေစမ်း.. သေစမ်း...." မန်ဟိုက ဒေါကန်လာရင်း တွေးသည်။ ဤသည်မှာ သူတတ်နိုင်သမျှ အကုန်ဖြစ်သော်လည်း စိတ်ထဲ၌ ဒေါသကို စိတ်ထဲတွင် ထားပြီး အင်မိုတယ်တံတားကျောက်ခဲကို ခပ်တင်းတင်း ဆုပ်ထားလေသည်။
ပေါက်ကွဲမှုက ရှစ်ယောက်ကို အနောက်လွင့်သွားစေသည်။ မျက်စိတစ်မှိတ်အတွင်း အမျိုးသမီးသည် မန်ဟိုနှင့်အခြားသူများနှင့်အတူ အဝေးသို့ တဟုန်ထိုးထွက်သွား၏။ သို့သော် ရှစ်ယောက်အဖွဲ့ ပြန်ရောက်လာရန် တခဏသာ ကြာလိုက်သည်။ ဤတစ်ခေါက်တွင် သူတို့၏ခန္ဓာကိုယ်များကို လင်းထိန်နေသော အလင်းရောင်များက ဝန်းရံထား၏။ သူတို့သည် နေရှစ်စင်းပမာ အမျိုးသမီးဆီ ချီတက်လာကြသည်။
အမျိုးသမီး၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူမ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်သွားပြီး အဝေးတွင် ပြန်ပေါ်လာကာ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုး ထွက်သွားသော ရောင်စုံအလင်းတန်းတစ်တန်း ဖြစ်သွား၏။
ရှစ်ယောက်အဖွဲ့မှ အဘိုးကြီးတစ်ယောက်က အေးတိအေးစက်ပြောသည်။ "နတ်မိစ္ဆာဂိုဏ်းရဲ့ မိစ္ဆာမကျင်ရှန်း မင်းက သခင်လေးကို သူ့ရဲ့အဖိုးထိုက်ရတနာနဲ့ လှည့်စားနိုင်ခဲ့တယ်။ ငါတို့ မင်းကို နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုလုံး လိုက်ဖမ်းနေခဲ့ရတာ။ အခုမင်းက အင်မိုတယ်လျှောက်လှမ်းခြင်းတံတားရဲ့ ရုပ်သေးရုပ်တစ်ရုပ် အယောင်ဆောင်ပြီး ဒီမှာ ပုန်းနေခဲ့တာကိုး။ မင်းရဲ့ ပရိယာယ်က ငါတို့ကို အရင်က အရူးလုပ်နိုင်ခဲ့ပေမယ့် ဒီတစ်ခေါက်တော့ ငါတို့လက်ထဲက ဘယ်လိုလွတ်အောင်ပြေးဖို့ ကြံထားလဲ ကြည့်ကြသေးတာပေါ့"
ထို့နောက် ရှစ်ယောက်အဖွဲ့သည် မန်ဟိုနှင့်အခြားသူများကို နည်းနည်းလေးမှ အဖက်မလုပ်ဘဲ အမျိုးသမီး၏အနောက်မှ ထပ်ကြပ်မကွာ လိုက်လာနေကြ၏။
"သူက နောက်ကအလိုက်မခံရအောင် ရုပ်သေးရုပ်အယောင်ဆောင်ထားတဲ့ ကျင့်ကြံသူတစ်ယောက်လား။ နတ်မိစ္ဆာဂိုဏ်း.... အဲ့ဒါ ဘယ်လိုဂိုဏ်းမျိုးလဲ...." မန်ဟိုသည် စိတ်နှလုံးချာချာလည်လျက် သူတို့အဝေးတွင် ပျောက်ကွယ်ကျန်ခဲ့သည်ကို ကြည့်နေ၏။ သူ့လက်ထဲရှိ အင်မိုတယ်တံတားကျောက်ခဲမှာ လှုပ်ရှားနေခြင်း မရပ်တန့်ပေ။ ၎င်းသည် ကျင့်ကြံသူများကို အင်မိုတယ်လျှောက်လှမ်းခြင်းတံတားထံသို့ ခေါ်သွားနေသည်။ သူတို့မှာ မန်ဟို့အတွက် စိတ်စုစည်း၍မရအောင် မြန်လွန်းသော အမြန်နှုန်းဖြင့် တစတစ နီးကပ်လာနေ၏။
ဤအခိုက်အတန့်တွင် ရုတ်တရက် အဝေးမှ ဒေါသတကြီး ဟိန်းဟောက်သံတစ်သံ ကြားလိုက်ရသည်။ သူတို့အနောက်တွင် တဟုန်ထိုး လိုက်လာနေသော အလင်းတန်းရှစ်တန်းကို မြင်ရ၏။ သူတို့၏အမြန်နှုန်းအရ သေချာပေါက် တခဏလေးအတွင်း သူတို့ကို မှီပေတော့မည်။
မန်ဟိုက နောက်ပြန်ကြည့်ပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။ "အဲ့ဒါ ဘာနတ်ဘုရားစွမ်းရည်လဲ။ ကြယ်တွေအကြားမှ ပျံနေတဲ့ အမြန်နှုန်းက... " သူသည် တစ်ခါလှုပ်ရှားတိုင်း ပုံရိပ်ရှစ်ခု မယုံကြည်နိုင်ဖွယ် အကွာအဝေးရောက်လာသည်ကို စောင့်ကြည့်နေ၏။
သူတို့ခြေထောက်အောက်ရှိ အကွာအဝေးမှာ ကျုံ့သွားသလိုပင်။
"ကျုံ့သွားတယ်... ကျုံ့သွားတယ်...." မန်ဟိုက ခပ်တိုးတိုးရေရွတ်သည်။ သူသည် ရုတ်တရက် တောင်ကောင်းကင်ဂြိုဟ်မှ ထွက်ခွာလာခဲ့တုန်းက မြေပြင်မှာ ကျုံ့သွားပုံပေါ်ခဲ့သည်ကို တွေးမိလိုက်၏။ သူ၏ခန္ဓာကိုယ်အရွယ်အစားအစစ်အမှန်ကို လျစ်လျူရှုလိုက်ပါက သူ ခြေလှမ်းတစ်လှမ်းရုံနှင့် ဝေးဝေးရောက်နိုင်သည့်အလားပင်။
လူရှစ်ယောက် နောက်က ထက်ကြပ်မကွာလိုက်နေသည့်အချိန်မှာပင် မန်ဟို့ တစ်ကိုယ်လုံး ဖျဉ်းခနဲ ခံစားလိုက်ရ၏။ ထစ်ချုန်းသံကြီးနှင့်အတူ မမြင်နိုင်သောအားတစ်ရပ်က သူ့လက်ထဲရှိ အင်မိုတယ်တံတားကျောက်ခဲမှ ထွက်လာပြီး မန်ဟို့ကို စုပ်ယူလိုက်ပုံရသည်။
အခြားသူများလည်း ထိုနည်းတူပင်။ တောင်ကောင်းကင်ဂြိုဟ်မှ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအားလုံး အင်မိုတယ်လျှောက်လှမ်းခြင်းတံတားအစစ်အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားကြလေပြီ။
အင်မိုတယ်ရှစ်ယောက်ရောက်လာသောအခါတွင်မူ ဟင်းလင်းပြင်မှတစ်ပါး ဘာမှမတွေ့ရတော့ပေ။ သူတို့သည် တံတားပျက်ကို ကြည့်ပြီး မဝင်ရဲကြပေ။
"ဒီတော့ ထပ်လွတ်သွားပြန်ပြီ။ ဒီမိစ္ဆာမ ဉာဏ်နီဉာဏ်နက်များပုံကတော့ ဩချရလောက်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ သူရဲ့ ရုပ်ခန္ဓာကိုယ် စွန့်လွှတ်ပြီး တောင်ကောင်းကင်ဂြိုဟ်ပေါ်က ပုရွက်စိတ်တစ်ကောင်နဲ့ ဝိညာဉ်ပေါင်းစည်းရဖို့ တော်တော်ပေးဆပ်သွားတာပဲ"
"အင်မိုတယ်လျှောက်လှမ်းခြင်းတံတားက ဟိုးအရင်တုန်းက ဘိုးဘေးကြီးကျီရဲ့ ဖျက်စီးခြင်းခံခဲ့ရတာ။ ဒါပေမဲ့ အားတစ်ရပ်က အဲ့ဒါကို ကာကွယ်ပြီး နှစ်တစ်ထောင်ကြာတိုင်း အသစ်ပြန်လည်တည်ဆောက်ခဲ့တယ်။ ကြယ်တာရာကောင်းကင်အနေနဲ့ အဲ့ဒါကို တွန်းမလှန်နိုင်သလို ကျီအင်မိုတယ်တွေလည်း ဝင်လို့မရဘူး။ ငါတို့ ဝင်လို့မရပေမယ့် နောက်ဆုံး အဲ့ဒီမိစ္ဆာမ ထွက်လာရမှာပဲလေ။ အဲ့ဒီအချိန်ကို စောင့်ကြမယ်" အင်မိုတယ်ရှစ်ဦးက အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို နောက်ဆုံးတစ်ချက်ကြည့်ပြီးနောက် ချာခနဲလှည့်ကာ ပျောက်ကွယ်သွားကြသည်။
***