← Chapters

ကျောက်တုံးအပေါ်‌ ခြေချပြီး ဟင်းလင်းပြင်သို့ ဝင်ရောက်ခြင်း

Vol. 33 Ch. 455

ကျောက်တုံးအပေါ်‌ ခြေချပြီး ဟင်းလင်းပြင်သို့ ဝင်ရောက်ခြင်း

Vol. 33 Ch. 455

မန်ဟို၏ အမြင်အာရုံ ဝေဝါးသွားသည်။ ပြန်လည်ကြည်လင်လာသည်နှင့် သူသည် စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင်အား နိုးနိုးကြားကြား ကြည့်လိုက်၏။

"ဒါက တံတားပျက်နယ်ပယ်လား" လက်ထဲတွင် ဆုပ်ကိုင်ထားသော အင်မိုတယ်တံတားကျောက်ခဲကို ငုံ့ကြည့်ရင်း သူ ဇဝေ‌ဇဝါ ဖြစ်သွားသည်။ ဤပစ္စည်းက သူ့ကို လက်ရှိနေရာသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။

အုတ်ကျိုးအုတ်အပဲ့၊ အပျက်အစီးများက သူ့ကို ဝန်းရံလျက်ရှိသည်။ ‌ကောင်းကင်ယံတွင် အရောင်များမှာ ရံဖန်ရံခါ အနီရောင်တစ်လှည့်၊ အနက်ရောင်တစ်လှည့် လက်နေသည်။ ‌လျှပ်စီးမိုးကြိုးများသည်လည်း အက်ကြောင်းများနှင့်တူသော အရာများကို ချန်ရစ်ခဲ့ရင်း လူးလွန့်ကခုန်နေသည်။

မြေပြင်မှာ ပျက်စီးခြင်းအတိပြီးနေသည်။ နှစ်ပေါင်းမည်မျှကြာအောင် လဲလျောင်းတည်ရှိနေခဲ့သည်လဲ ဘယ်သူမှမသိနိုင်သော အလောင်းများ ပြန့်ကြဲနေ၏။ အချိန်တိုက်စားမှု၏ ခြေရာလက်ရာများအား နေရာတိုင်းတွင် မြင်နေရသည်။ သူ ယခု ရပ်နေသည့်နေရာမှာ တစ်ချိန်က မြို့တစ်မြို့ ဖြစ်ခဲ့ပုံပင်။

သေခြင်းချီလည်း လေထုကို ကြီးစိုးနေ၏။ ဤကမ္ဘာမှာ အချိန်ကြာမြင့်စွာ ပိတ်မိနေခဲ့လျှင်‌ သေခြင်းအရှိန်အဝါနည်းတူ မြှုပ်နှံခံရခြင်းဖြင့် အဆုံးသတ်သွား‌မည့် လှောင်အိမ်ကြီးနှင့်တူသည်။

မန်ဟိုက မျက်မှောင်ကြုတ်ရင်း အင်မိုတယ်တံတားကျောက်ခဲကို သိမ်းလိုက်သည်။ သူသည် ဘေးဘီဝဲယာကို အကဲခတ်နေစဉ် သူ့ကို ဤနေရာသို့ ရောက်စေခဲ့သော အဖြစ်အပျက်များအား သေသေချာချာ ပြန်လည်ဆန်းစစ်နေ၏။ အတန်ကြာ‌သော် အပြင်မှာတုန်းက အင်မိုတယ်များ နောက်တွင် ကျန်ရစ်ခဲ့ပြီးနောက် လျှပ်တပြက် ပြန်ရောက်လာကြသည့် မြင်ကွင်းကို အမှတ်ရလိုက်သဖြင့် သူ၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။

မန်ဟိုသည် တစ်ယောက်တည်း‌ တီးတိုးရေရွတ်နေရင်း အရှေ့သို့ ဂရုတစိုက် ဆက်လျှောက်သွား၏။ ဤနေရာက သူ၏စိတ်ဝိညာဉ်အာရုံကို များစွာ အားနည်းသွားစေသယောင်ပင်။ မည်သည့်အရပ်မျက်နှာတွင်မဆို သိပ်ဝေးဝေးလံလံ ကြည့်မရပေ။ အမှန်အားဖြင့် မြင်နိုင်သောအကွာအဝေးမှာ တစ်ထောင့်ငါးရာမီတာခန့်အထိ ကန့်သတ်ခံလိုက်ရပုံရသည်။

ကောင်းကင်ယံတွင် ကခုန်နေသော လျှပ်စီးမိုးကြိုးများကို မော့ကြည့်ရင်း ပျံသန်းရန် အကြံအစည်ဟူသမျှ မန်ဟို စွန့်လွှတ်လိုက်သည်။

အချိန်များ ကုန်လွန်သွား၏။ မကြာမီ တစ်လကြာခဲ့လေပြီ။ ထိုအချိန်အတောအတွင်း မန်ဟိုသည် ဤတစ်နေရာလုံး၏ တစ်ဝက်နီးပါးကို သွားလာစူးစမ်းခဲ့ပြီးဖြစ်သည်။ အနောက်ပိုင်းသဲကန္တာရမှ ကျင့်ကြံသူများအပါအဝင် အသက်ရှိသော မည်သည့်သတ္တဝါကိုမှ သူ မ‌‌‌ဆုံတွေ့ခဲ့ရပေ။

ဤကမ္ဘာသည် အလွန်သေးငယ်ပြီး ပြေပြစ်ညီညာသော ပုံသဏ္ဌာန်ဖြစ်ဟန်မတူ။ ၎င်း၏ အနားသတ်များမှာ အချွန်အတက်များဖြင့် စောင်းလောင်းထော်လော်နေကာ ထို့အလွန်တွင် အာကာသဟင်းလင်းပြင်သာ ရှိသည်။ လောလောဆယ်တွင် မန်ဟိုသည် ထိုကဲ့သို့ ချွန်ထွက်နေသော အနားသတ်တစ်ခုပေါ်၌ ရပ်နေ၏။

သူ့အရှေ့တွင် ပိတ်ပိတ်ပိန်းအောင် မှောင်မည်းနေပြီး အေးစိမ့်နေသော အမှောင်ထုကြီးရှိသည်။ ၎င်းသည် ဤနေရာကို ဝန်းရံလျက်ရှိစဉ် မည်သည့်အရာကိုမဆို ခြွင်းချက်မရှိ စုပ်ယူဝါးမြိုပစ်နိုင်ပုံပေါ်၏။ မန်ဟိုက ပွစိပွစိရေရွတ်‌နေရင်း လက်ကို မြှောက်ကာ ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။ အနားရှိ ကျောက်ခဲတစ်ခဲသည် ဖတ်ခနဲ လေပေါ်ပျံတက်ပြီး သူ့လက်ထဲ ရောက်လာ၏။ သူက ၎င်းကို ‌အမှောင်ထုအတွင်းသို့ တောက်လိုက်သည်။ အမှောင်ထုကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ပြန်ကန်ပြီး မန်ဟို့လက်တွင်း ပြန်ရောက်သည်။ သူက ကျောက်ခဲကို ငုံ့ကြည့်ပြီးနောက် အမှောင်ထုနှင့် ထိသွားသောအပိုင်းမှာ ဓားဖြင့် လှီးခံခဲ့ရသည့်အလား ဖြစ်နေသည်ကို သတိပြုမိလိုက်၏။ ၎င်းမှာ လုံးလုံးလျားလျား ပြန့်ပြူးပြီး ချော‌မွတ်နေချေသည်။

မန်ဟို မျက်‌မှောင်ပိုကြုတ်သွားရင်း ဖြေးဖြေးချင်း နောက်ဆုတ်သွားသည်။ ဤမှောင်မိုက်နေသော ဟင်းလင်းပြင်က သူ့ကို ပြင်းထန်သော အန္တရာယ်အား ခံစားရစေသည်။ အကယ်၍ သူ့ခန္ဓာကိုယ်သာ အမှတ်တမဲ့ အမှောင်ထုအတွင်း ပြေးဝင်မိသွားလျှင် ဘာဖြစ်မည်လဲ စဉ်းစားသာကြည့်နိုင်လေသည်။

"တစ်ခုခုတော့ လွဲနေပြီ။ ဒါက တံတားပျက်နယ်ပယ်ဆိုရင် ဘာလို့ ငါတစ်ယောက်ပဲ ဒီမှာ ရှိနေတာလဲ။ ပြီးတော့.... ဒီနေရာက သေးလွန်းသလိုပဲ။ ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင် ပြောတဲ့ ကောင်းကင်မြေကြီးမှုန်တွေလည်း မတွေ့ရပါလား

"မြို့ပျက်ကလွဲလို့ အင်မိုတယ်လျှောက်ခြင်းတံတားရဲ့ အစအနတစ်ခုမှလည်း မမြင်ရသေးဘူး" မန်ဟိုက ဤကမ္ဘာကို ဂရုတစိုက် စူးစမ်းလေ့လာရန် လှည့်ထွက်သွားပြန်သည်။

နောက်တစ်လ ‌ကြာသည့်အချိန်တွင်တော့ မန်ဟိုမျက်နှာမှာ တင်းမာခက်ထန်နေလေပြီ။ သူသည် ကျောက်တိုင်တစ်တိုင်ကို ကြည့်ရင်း ကမ္ဘာ၏ အလယ်တည့်တည့်တွင် ရပ်နေ၏။

ကျောက်တိုင်မှာ အက်နေသော်လည်း မပြိုကျသေး။ ၎င်းသည် အတော်လေး ကောင်းမွန်သော အခြေအနေတွင် ရှိပြီး ၎င်း၏မျက်နှာပြင်ပေါ်တွင် ခပ်ကြီးကြီး စာလုံးတစ်လုံးတချို့အား မထင်မရှား မြင်ရလေသည်။

"သဟဇာတမြို့တော်...." မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ လေးလံသွားသော အရိပ်အယောင်တစ်ခု သူ၏မျက်လုံးများတွင် ပေါ်လာ၏။ သူသည် ရုတ်တရက် ‌လာရာလမ်းမှာတုန်းက မြင်တွေ့ခဲ့ရသည့် မိစ္ဆာမကျင်ရှန်းဆိုသော အမျိုးသမီးနှင့် အင်မိုတယ်ရှစ်ဦးအကြောင်း ပြန်တွေးမိလိုက်သည်။

"နတ်မိစ္ဆာဂိုဏ်း။ ရုပ်သေးရုပ်အယောင်ဆောင်ပြီး.... အ‌နောက်က အလိုက်မခံရအောင် ထွက်ပြေးနေတဲ့ မိစ္ဆာမကျင်ရှန်း..." မန်ဟိုက အတွေးထဲ နစ်မြောနေလျက် တင်ပျဉ်ခွေထိုင်ချလိုက်သည်။

"အဲ့ဒီမိစ္ဆာမကျင်ရှန်းဆိုတဲ့သူက နတ်မိစ္ဆာဂိုဏ်းလို့ခေါ်တဲ့ ဂိုဏ်းတစ်ဂိုဏ်းက လာတယ်။ သူက အဲ့ဒီအင်မိုတယ်ရှစ်ဦးရဲ့ သခင်လေးကို လှည့်စားခဲ့တယ်။ ပြီးတော့ သူတို့ကို ရှောင်တိမ်းဖို့ ရုပ်သေးရုပ်ပုံစံပြောင်းခဲ့တယ်တဲ့

"သူ ထွက်ပြေးသွားတာကို ဘာလို့အဲ့ဒီရှစ်ယောက်က ဒေါနဲ့မောနဲ့ ငါတို့နောက် ထပ်လိုက်လာခဲ့တာလဲ....." ရုတ်တရက် အာရုံစူးစိုက်‌မှုတို့ သူ၏မျက်လုံးများတွင် နေရာယူသွားသည်။

"တကယ်တော့ သူက ထွက်ပြေးတာမဟုတ်ဘူး။ နောက်ကလိုက်နေတဲ့ ရှစ်ယောက်ကို ပရိယာယ်သုံးပြီး မျှားခေါ်သွားတာ။ သူတို့က မမူမှန်ဘူးဆိုတာ သဘောပေါက်လိုက်လို့ လှည့်ပြန်သွားကြတာ ဖြစ်မယ်။ ဒါပေမဲ့ အဲ့ဒီရှုထောင့်ကနေ ကြည့်ရင်တော့.... အင်း ငါလိုက်မမှီတဲ့ တခြားဟာတစ်ခုခုကို လုပ်ခဲ့တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ် စူးစမ်းလေ့လာဖို့ တံတားပျက်နယ်ပယ်ကို သူ့ဘာသာသူ လာခဲ့တာများလား။ နောက်ဆုံးဖြစ်နိုင်ခြေကတော့.... အနောက်ပိုင်းသဲကန္တာရကလာတဲ့ ကျင့်ကြံသူ ငါတို့တွေကြားမှာ သူ ရှိနေတာပဲ" မန်ဟိုသည် ထိုနေရာတွင် တိတ်ဆိတ်စွာ မလှုပ်မယှက် ထိုင်နေ၏။ ဤမိစ္ဆာမသည် အင်မိုတယ်ရှစ်ယောက် လိုက်ဖမ်းခံနေရသူဖြစ်ရာ အထူးခြားဆုံးသောကျင့်ကြံခြင်းအခြေခံကို ပိုင်ဆိုင်ထားသည်မှာ သေချာသည်။

ဤကဲ့သို့ ပုဂ္ဂိုလ်မျိုးကို မန်ဟို ရန်စလိုစိတ်မရှိသလို၊ သူမအား အကဲစမ်းရန်လည်း မလိုအပ်ပေ။ မန်ဟိုသည် မျက်စိရှင်ရှင် နားရှင်ရှင်နှင့် သတိထားရန် ဆုံးဖြတ်လိုက်သည်။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ဟိုတစ်ယောက်၊ သည်တစ်ယောက် လူစုကွဲနေသော်လည်း တတိယခန့်မှန်းချက်မှာ မှန်နိုင်ခြေအများဆုံးဖြစ်ကြောင်း ခံစားနေရသည်။

"သူ ဘယ်သူ့ထဲမှာ ဝင်ပုန်းနေလောက်မလဲ..." မန်ဟိုက တွေးသည်။ ရုတ်တရက် သူသည် ကောင်းကင်ကို မော့ကြည့်လိုက်ရာ အနက်ရောင်အရိပ်တစ်ခု မြင့်မားသော အရှိန်ဖြင့် ချဉ်းကပ်လာနေသည်ကို မြင်လိုက်ရ၏။ ဤအနက်ရောင်အရိပ်မှာ ကျင့်ကြံသူတစ်ယောက်မဟုတ်ဘဲ ဧရာမကျောက်တုံးကြီးတစ်တုံး ဖြစ်နေ

ချေသည်။

ကျောက်တုံးသည် မီတာနှစ်ထောင်အကျယ်ထက် မနည်းပေ။ ၎င်းက အပေါ်မှ ကျဆင်းလာနေရာ ၎င်းဖြတ်သွားသည့်နေရာတိုင်း၌ လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လက်သွားစေပြီး လေထုကို ကွဲကြေသွားစေ၏။ မယုံကြည်နိုင်ဖွယ် ချေမှုန်းခြင်းအားကြီးတစ်ရပ် ကျရောက်လာနေသည့်အလားပင်။

၎င်းသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းကြီးဖြင့် ထိုးဆင်းလာနေသည်။ သက်ရောက်လာသော ဖိအားကြီးက ‌‌မြေပြင်ကို တသိမ့်သိမ့်တုန်သွားစေ၏။ မန်ဟို့သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး သူနောက်ဆုတ်တော့မည့်ဆဲဆဲမှာပင် ရုတ်တရက် ဤမီတာနှစ်ထောင်အကျယ် ကျောက်တုံးကြီးမှာ သူရှိနေသော ကမ္ဘာကို အမှန်တကယ် ဆောင့်တိုက်မှာမဟုတ်ကြောင်း အာရုံရလိုက်သည်။ ၎င်းသည် ဦးတည်ချက်ပြောင်း၍ ‌‌ကွေ့ဝိုက်ပြီး ကောင်းကင်၏ ‌တခြားနေရာထံ ထွက်သွားသည်။

သူ အသက်မရှူနိုင်ဘဲ ကြည့်နေစဉ်မှာပင် ဧရာမကျောက်တုံးကြီးသည် ဤကမ္ဘာ၏ အနားသတ်တွင် တည်ရှိသော အမှောင်ထုကို ဝင်တိုက်သွား၏။

အဆိုပါ မှောင်မိုက်နေသော ဟင်းလင်းပြင်မှာ အက်ကွဲသွားသကဲ့သို့ အပေါက်ကြီးတစ်ပေါက် မြင်သာလာသည်။ ကျောက်တုံးက ၎င်းကို ဖြတ်သွားပြီးနောက် ပျောက်ကွယ်သွားသည်။

ဤအရာအားလုံးမှာ အမွှေးတိုင်တစ်တိုင်ထွန်းစာ အချိန်လေးအတွင်း ဖြစ်ပျက်သွားခဲ့ခြင်းပင်။ မန်ဟို့တွင် တွေးရန်ပင် အချိန်မရလိုက်။ ကျောက်တုံးကြီး ဟင်းလင်းပြင်အမှောင်ထုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသောအခါ သူ၏သူငယ်အိမ်များ ကျဉ်းမြောင်းပြီး သူ့စိတ်ထဲတွင် မိုးကြိုးများ တဂျိန်းဂျိန်း ထစ်ချုန်းအော်မြည်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရုတ်တရက် အင်မိုတယ်လျှောက်လှမ်းခြင်းတံတားဆီ လာခဲ့တုန်းက မြင်ခဲ့ရသော တံတားကျောက်ခဲများအကြားက အဟများနှင့် ၎င်းတို့အတွင်းရှိ အမှုန်များကို ပြန်‌တွေးမိလိုက်၏။

"အဲ့ဒီမီတာနှစ်ထောင်အကျယ် ကျောက်တုံးကြီးက စောစောက ငါမြင်ခဲ့တဲ့ အမှုန်တစ်မှုန်ကိုး။ သူတို့က အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို ဖော်ဆောင်ပေးထားတဲ့ ကျောက်ခဲတုံးကြီးတွေကြားမှာ အဆက်မပြတ် ဟိုဟိုသည်သည် ပျံသန်းနေတာဖြစ်မယ်

"အဲ့ဒီလိုဆိုရင် ငါက အင်မိုတယ်လျှောက်လှမ်းခြင်းတံတားပေါ်မှာ သေချာတယ်။ တံတားက ပြိုကျသွားတဲ့နှစ်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်ခဲ့တာလေ။ ဆိုတော့ ငါ ဒီနေရာက ထွက်သွားချင်တယ်ဆိုရင် တစ်ခုတည်းသော နည်းလမ်းက .... အဲ့ဒီအမှုန်တွေရဲ့ အကူအညီနဲ့ပဲ" သူသည် ဤအခြင်းအရာကို နားလည်သိရှိသွားသဖြင့် ချာချာလည်သွားသည်။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး တင်ပျဉ်ခွေထိုင်ချကာ တိတ်ဆိတ်စွာ စောင့်နေ၏။

အချိန်များ ကုန်လွန်သွားသည်။ မန်ဟို နားလည်ရသလောက် ဤနေရာနှင့် အပြင်ဘက်ကမ္ဘာမှာ အချိန်ကုန်ဆုံးပုံမတူပေ။ အပြင်ကမ္ဘာတွင် အနှစ်နှစ်၊ အလလချီသွားလျှင် ဤနေရာသို့ ဝင်ရောက်လာခဲ့သည့် ကျင့်ကြံသူများအနေဖြင့် ထိုအခြင်းအရာကို မဖုံးကွယ်နိုင်ပေ။ ထိုမျှသာမက ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်လည်း ထိုအချက်ကို ချန်လှပ်ခဲ့မည်မဟုတ်။

သုံးလ ကြာမြင့်သွားပြီး ထိုအတောအတွင်း ‌ကျောက်တုံးကြီးခြောက်တုံး သွားလိုက် လာလိုက် ဖြစ်ခဲ့သည်ကို မြင်ရသည်။ သူသည် အလျင်စလို မပြုမူဘဲ ကျောက်တုံးကြီးများ‌ ဟင်းလင်းပြင်အမှောင်ထုကို ဝင်တိုက်ပြီး ဘာဖြစ်သွားသည်လဲ ဂရုတစိုက် စောင့်ကြည့်နေသည်။ နောက်ဆုံးတော့ တစ်နေ့တွင် မီတာနှစ်သောင်းအကျယ် ကျောက်တုံးကြီးတစ်တုံး ဘွားခနဲ ပေါ်လာ၏။

ဤ‌ကျောက်တုံးကြီးပေါ်လာသောအခါ မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ့ခန္ဓာကိုယ်က ဖျတ်ခနဲ ပျောက်ကွယ်သွားသည်။ ပြန်ပေါ်လာသောအခါ သူသည် ‌လေကိုခွင်းသွားနေသော ကျောက်တုံးကြီးအပေါ်တွင် ရပ်လျက်ရှိပြီ ဖြစ်၏။

ကျောက်တုံးပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်ကို စုတ်ဖြဲရန် အသင့်ပြင်နေသော ကြောက်မက်ဖွယ်အားကြီးတစ်ရပ်ရှိနေသည့်အလား ခံစားလိုက်ရသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လည်ပတ်‌‌စေလိုက်၍ အရုပ်သုံးရုပ်၏ အလင်းရောင်များ ဖြာထွက်လာသည်။ ဤသို့ဖြင့် သူ့ကိုယ်သူ တည်ငြိမ်သော အခြေအနေတစ်ခုရောက်အောင် ထိန်းနိုင်လိုက်၏။ သူသည် ချက်ချင်း တင်ပျဉ်ခွေထိုင်ချပြီး ရှေ့တည့်‌တည့်သို့ စိုက်ကြည့်လိုက်သည်။

ကျောက်တုံးကြီးမှာ အံ့မခန်းအမြန်နှုန်းကြီးဖြင့် ရွေ့လျားသွားနေသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက ‌မြေပြင်ပေါ်မှ ‌ဖြတ်သွားလေပြီ။ အသက်နှစ်ရှိုက်ကြာသော် ၎င်းသည် ‌အနက်ရောင်ဟင်းလင်းပြင်သို့ ရောက်သွားပြီဖြစ်၏။ မန်ဟို့နှလုံးသားမှာ တဒိန်းဒိန်းခုန်လာသည်။ ဤအားထုတ်မှုမှာ အသက်နှင့်လောင်းထားရခြင်း ဖြစ်သည်။ သို့သော် အခြားကျောက်တုံးကြီးများ၏ အခြေအနေကို စူးစမ်းခဲ့ပြီးဖြစ်၍ သူ ယုံကြည်ချက် ရှိလေသည်။

မျက်စိတစ်မှိတ်အတွင်း ကျောက်တုံးကြီးသည် အနက်ရောင်ဟင်းလင်းပြင်ကို ‌ရောက်သွားလေပြီ။ ၎င်းက ဟင်းလင်းပြင်ကို ဝင်တိုက်၍ အမှောင်ထုကို စုတ်ဖြဲရင်း ဖြစ်ပေါ်လာသော အပေါက်ကြားမှ ကျော်ဖြတ်သွား၏။ ၎င်း ထိုးဖောက်လိုက်စဉ် မန်ဟိုသည် ချီကို တည်ငြိမ်စေ၍ စိတ်စုစည်းလိုက်သည်။ ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေရခြင်းက ချောက်ချားစရာကောင်းပုံရသော်လည်း တကယ်တမ်း အန္တရာယ်မများပေ။ သူသည် ယခုတွင် မှောင်မိုက်နေသော ဟင်းလင်းပြင်ထဲသို့ ရောက်ရှိလာခဲ့လေပြီ။

ဟင်းလင်းပြင်ထဲ ဝင်ရောက်လိုက်သည့်အခိုက်အတန့်၌ မန်ဟို စိမ့်ခနဲ အေးသွားသည်။ ဤအအေးဓာတ်၏ပြင်းအားကား ဝိညာဉ်ကို ‌ရေခဲသွားစေနိုင်သည်အထိပင်။ မန်ဟို့မှာ အ‌အေးဓာတ်ကို တန်ပြန်တိုက်ခိုက်ရန် ကျင့်ကြံခြင်းအခြေခံကို ကမန်းကတန်း လှည့်လိုက်ရ၏။

သူ ပတ်ဝန်းကျင်ကို မျက်လုံးဝေ့ကြည့်လိုက်သည့်အခါတွင်တော့ မျက်လုံးများ ပြူးကျယ်သွားသည်။ အမှောင်ထုကား အဆုံးမရှိသယောင်ပင်။ သို့သော် ဟိုဟိုသည်သည် ပျံသန်းနေသော အလင်းတန်းများကိုတော့ သူမြင်လိုက်ရသည်။

ဤအလင်းတန်းတစ်တန်းစီမှာ ဧရာမကျောက်တုံးကြီးများဖြစ်၏။

"ဒီနည်းလမ်းက အလုပ်ဖြစ်သားပဲ။ ဒီတံတားပျက်နယ်ပယ်မှာ အင်မိုတယ်လျှောက်လှမ်းခြင်းတံတားရဲ့ အကြွင်းအကျန်‌တွေပါရှိနေတာ။ ဒီကို လာတဲ့လူတွေ‌အနေနဲ့ ဒီကျောက်တုံးကြီးတွေကိုစီးပြီး အင်မိုတယ်လျှောက်လှမ်းခြင်းတံတားရဲ့ အကြွင်းအကျန်‌တွေကြားမှာ ရွေ့လျားရမယ်" အအေးဓာတ်ကြောင့် သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်သွားသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သော်လည်း ထိုမျှလောက်နှင့် မလုံလောက်ပေ။ သူ့ခန္ဓာကိုယ်မှာ စတင်တောင့်တင်းလာလေပြီ။ သူသည် မျက်လုံးများ တဖျပ်ဖျပ် တောက်ပနေလျက် မီးအရုပ်စွမ်းအားကို လှည့်ပတ်ရင်း အအေးဓာတ်ကြောင့် ခန္ဓာကိုယ်တောင့်ခဲမသွားအောင် လုပ်နေရ၏။ သူ့မှာ ရေခဲရုပ်တုဘဝရောက်လုဆဲဆဲပင်။

"ဒီအတိုင်း နည်းနည်းလောက်ထပ်ပြီး တောင့်ခံနိုင်လိမ့်မယ်။ ထာဝရမီးတောက်လည်း ရှိနေလို့ တော်သေးတာပေါ့။ မဟုတ်လို့ကတော့ အအေးဒဏ်ခံပစ္စည်းတွေ ကြိုတင်မပြင်ဆင်ထားရင် ဒီနေရာမှာ အသက်ရှင်ဖို့ ခက်လိမ့်မယ်" အေးစိမ့်မှုက ပြင်းထန်သထက် ပြင်းထန်လာသည်။ မန်ဟိုသည် မည်သည့်အပူဓာတ်မှ မဆုံးရှုံးရအောင် ငြိမ်ငြိမ်ထိုင်ပြီး သူ၏အသက်စွမ်းအားကိုလည်း ပကတိအတိုင်း ရှိစေသည်။

အချိန်များ ကုန်လွန်သွားသည်။ ကျောက်တုံးကြီး အမှောင်ကမ္ဘာကို ဖြတ်၍ သူ့အား သယ်ဆောင်သွားသည်မှာ မည်မျှကြာခဲ့ပြီလဲ မသိတော့ပေ။ ရုတ်တရက် အရွယ်အစား မီတာတစ်သောင်းမျှရှိ‌သော ကျောက်တုံးကြီးတစ်တုံး အဝေးတွင် ပေါ်လာ၏။ ၎င်း ‌လာနေသောပုံစံအရ မန်ဟိုနှင့် သူ၏ကျောက်တုံးကြီးကို ဖြတ်တိုက်သွားမည့်ပုံပင်။

ကျောက်တုံးကြီးနှစ်တုံး တစ်တုံးနှင့်တစ်တုံး နီးကပ်လာစဉ် 'ဟင်'ဆိုသော ခပ်ဖွဖွ ရေရွတ်လိုက်သံအား ကြားလိုက်ရ၏။

"ဒီတော့ အအေးဒဏ်ခံရတနာမပါဘဲ လာတဲ့ လူတစ်ယောက်နဲ့မှ တည့်တည့်တိုးတာပဲ။ ဘယ်လောက်ကံကောင်းလိုက်သလဲ ဟားဟားဟားဟား" အသံက ယောက်ျားသံဖြစ်ပြီး ထိုကျောက်တုံးကြီး နီးကပ်လာစဉ် ၄င်းအပေါ်၌ တင်ပျဉ်ခွေလျက်ထိုင်နေသော သက်လတ်ပိုင်းလူတစ်ယောက်ကို မန်ဟို အာရုံရလိုက်သည်။

ထိုသူ၏ ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ဖြစ်ပြီး သူ့ခန္ဓာကိုယ်မှာ ဆေးမင်ကြောင်အရုပ်များဖြင့် တောက်ပနေသည်။ သူ့နဖူးပေါ်တွင် ခြင်္သေ့တစ်ကောင်အသွင် ရွှေရောင်အရုပ်ဆေးမင်ကြောင်တစ်ခု ရှိ၏။ အဖြူရောင်ကျောက်ခဲငါးခဲက သူ့ကို ဝန်းရံလွှမ်းခြုံထားသော အကာအကွယ်ကို ထုတ်လွှတ်ကာ အအေးဓာတ်အား တွန်းလှန်တိုက်ခိုက်‌နေ၏။

ထိုသက်လတ်ပိုင်းလူက သူ၏စကားလုံးများ ဟိန်းထွက်နေစဉ် နှုတ်ခမ်းသပ်လိုက်သည်။ သူ၏မျက်လုံးများသည် စူးရှသောအလင်းဖြင့် ပြည့်နှက်နေပြီး သူက သူ၏ကျောက်တုံးနှင့် မန်ဟို့‌ကျောက်တုံး နီးကပ်သွားသည့်အချိန်တွင် ရုတ်တရက် ထရပ်လိုက်သည်။ ထို့နောက် ဖျတ်ခနဲ ပျောက်သွားပြီး ပြန်ပေါ်လာသောအခါ မန်ဟို့ကျောက်တုံးအပေါ်တွင် ရပ်နေလေပြီ။ သူ့လက် မြောက်တက်သည်နှင့် ရွှေခြင်္သေ့ကြီးတစ်ကောင် မှော်ဆန်ဆန် ပေါ်လာသည်။ ၎င်းကား ဟိန်းဟောက်ရင်း မန်ဟို့အပေါ် ခုန်အုပ်လိုက်၏။

"ငါ မင်းကို ဝဋ်ကျွတ်အောင် သတ်ပေးမယ်။ ပြီးရင် ငါ ရွှယ့်အတွက် ပြိုင်ဘက်တစ်ယောက် လျော့သွားပြီး နိုင်နိုင်ခြေ ပိုများသွားပြီ"

***

All Chapters