← Chapters

ပဒုမ္မာပြောင်းလဲခြင်းအသွယ်သွယ်

Vol. 33 Ch. 456

ပဒုမ္မာပြောင်းလဲခြင်းအသွယ်သွယ်

Vol. 33 Ch. 456

ရွှေခြင်္သေ့ကြီးက ဟိန်းရင်း ‌အနားကပ်လာသည်။ မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ ဖွင့်လာ၏။ ၎င်းတို့သည် စွမ်းအင်နည်းနည်းလေးမှ အလဟဿမဖြစ်အောင် တစ်ချိန်လုံး ပိတ်ထားခံခဲ့ရခြင်းဖြစ်သည်။ ဤနည်းဖြင့် သူသည် ထာဝရမီးတောက်စွမ်းအားကို အသုံးပြု၍ အာကာသဟင်းလင်းပြင်၏ အရိုးထဲထိ စိမ့်ဝင်ထိုးဖောက်နေသော အအေးဓာတ်ကို တွန်းလှန်နိုင်၏။ သူ့မှာ အအေးဒဏ်ခံမှော်ပစ္စည်းတစ်ခုမှ မပြင်ဆင်လာမိသည် မဟုတ်ပါလော။

သက်လတ်ပိုင်းလူကို မြင်ပြီး သူ၏အသတ်အဖြတ်စိတ်ဆန္ဒကို ခံစားလိုက်ရသောအခါ မန်ဟိုက မလှုပ်မယှက်သာ နေခဲ့သည်။

သူ စောင့်နေသည်။ ထိုလူ သူ့အနားရောက်မည်ကို စောင့်နေခဲ့သည်။ သို့မှ ထိုလူ့ကို သတ်ဖြတ်ရာတွင် ကုန်ခမ်းမည့် စွမ်းအားအများစုကို ထိန်းသိမ်းနိုင်မည်။ ထိုလူက သူ့အသက်ကို နုတ်ယူချင်နေရာ .... မန်ဟို့အနေဖြင့် သူ၏အအေးဒဏ်ခံရတနာကို အပိုင်သိမ်းရန် မည်သို့မကြံမိဘဲ နေမည်နည်း။

မန်ဟိုက မျက်လုံးဖွင့်လိုက်သည်နှင့် တစ်ပြိုင်တည်းဆိုသလို လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်က ချက်ချင်း ပျောက်ကွယ်ပြီးနောက် ထိုလူ၏ဘေးတွင် ပြန်ပေါ်လာ၏။ ထိုလူမှာ သုံးသပ်ချက်မှားသွားကြောင်း သဘောပေါက်လိုက်သဖြင့် အံ့ဩတုန်လှုပ်မှုတို့ သူ၏မျက်နှာကို စိုးမိုးသွားသည်။ မန်ဟို ရုတ်တရက် လှုပ်ရှားလိုက်မှုက ဤအခြင်းအရာကို သက်သေထူနေသည်။

"သူ့ဝိညာဉ်က အ‌အေးဓာတ်ကြောင့် မခဲသွား‌သေးဘူးဟ" ထိုလူက‌ ခေါင်းနပန်းကြီးစွာဖြင့် တွေးလိုက်သည်။ "သူ့ကိုယ်ပေါ်က ရေခဲတွေက အတုမဟုတ်သလို၊ သူ့ဆီက ထွက်နေတဲ့ အအေးဓာတ်ကလည်း .... အတုလုပ်ဖို့ မဖြစ်နိုင်ဘူး။ အဲ့ဒီလိုဆိုရင် သူ့မှာ အအေးဒဏ်ခံမှော်ပစ္စည်း တကယ်မရှိတာပဲ။ ဒါပေမဲ့ မရှိဘဲနဲ့ ဘယ်လိုလုပ်ပြီး အသက်ရှင်နေသေးတာလဲ" ထိုလူမှာ မန်ဟိုနှင့်သူ့အကြား ကွာဝေးသွားစေရန် ချက်ချင်း နောက်ဆုတ်လိုက်သည်။

မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်၏။ သူသည် ရုတ်တရက် သူ့ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ရာ ရေခဲများအား တစ်လွှာပြီးတစ်လွှာ ကွာကျသွား‌စေသည်။ ထာဝရမီးတောက်သည် သူ့ခန္ဓာကိုယ်မှ အအေးဓာတ်ကို တိုက်ထုတ်ရင်း ဟုန်းဟုန်းတောက်လာသည်။ ၎င်းက သူ၏ပတ်ပတ်လည်ရှိ ရေခဲတုံးများနှင့် ပေါင်းစည်းရင်း သူ၏ပြိုင်ဘက်ထံသို့ တရှိန်ထိုး ထွက်သွားသော ‌ရေခဲမုန်တိုင်းကြီးတစ်လုံးဖြစ်သွားသည်။

ရေခဲမုန်တိုင်းကြီး ရွှေ‌ခြ‌င်္သေ့ကြီးကို ဝင်တိုက်သွားစဉ် ထိုလူ၏မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွား၏။ ဝုန်းခနဲ မြည်သံကြီး ကြားလိုက်ရပြီး ထိုလူ့ပါးစပ်မှ သွေးများ စီးကျလာသည်။ အအေးဓာတ်က သူ၏ခန္ဓာကိုယ်ထဲ စိမ့်ဝင်ရောက်လာသဖြင့် သူ၏မျက်နှာ ဖြူဖျော့သွား၏။

သူသည် ကမန်းကတန်း နောက်ဆက်ဆုတ်သွားရင်း သူ့ကျောက်တုံးဆီ ပြန်ရန် အသေးစားနေရာ‌ရွှေ့ပြောင်းခြင်း သုံးလိုက်သည်။ သို့သော် သူ ပြန်ပေါ်လာသည့်အချိန်မှာပင် မန်ဟိုလည်း ထိုကျောက်တုံးပေါ်တွင် ဖောက်ခနဲ ပြန်ပေါ်လာ၏။ သူက ညာလက်ကို မြှောက်၍ ပဒုမ္မာဓားဝင်္ကပါအား ပေါ်လာစေသည်။

အချိန်စွမ်းအားက တဟူးဟူး လည်ပတ်သွား၏။ ၎င်း နီးကပ်လာသည်နှင့် ထိုလူမှာ မျက်နှာပျက်သွားပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ မျက်လုံးပိတ်လျက်ရှိသော မျောက်ရုပ်တုတစ်ခု ပေါ်လာ၏။ ၎င်းက အနက်ရောင်အလင်းကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ထိုလူသည် မန္တန်တစ်ခု ရွတ်လိုက်၏။ ရုတ်တရက် ရုပ်တုက မျက်လုံးဖွင့်လိုက်ကာ ‌သွေးဆာနေသော အလင်းရောင်ကို ထွက်ပေါ်လာစေသည်။

ထိုလူ၏ အမူအရာမှာ အရုပ်ဆိုးလာပြီး သူက ပြောသည်။ "ရုပ်တု ၊ ဒီလူ့ကို... ဟမ်"

သူ၏အမူအရာ ပြောင်းသွားပြီး တစ်ကိုယ်လုံး တုန်ရီလာသည်။ သူ့ဆံပင်မှာ ချက်ချင်း အဖြူရောင်ဖြစ်သွားပြီး အရေပြားမှာ ခြောက်ကပ်ရှုံ့တွလာလေသည်။ တမုဟုတ်ချင်း နှစ်ပေါင်းများစွာ ဖြတ်ကျော်လိုက်ရသည့်အလားပင်။

"ဒါ...." ထိုလူမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း နောက်ထပ်ဆုတ်လိုက်ပြန်သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နှလုံးသွေးတချို့‌ထွေးပြီး ပဒုမ္မာဓားဝင်္ကပါရပ်ဝန်းအတွင်းမှ လွတ်မြောက်အောင် ကြိုးစားလိုက်၏။ ကံဆိုးစွာနှင့် မအောင်မြင်ပေ။ သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်လာနေပြီး ယခုအချိန်တွင် သူ့မျက်လုံးများမှာ မျှော်လင့်ချက်မဲ့နေလေပြီ။ သူသည် လက်ကို ဆတ်ခနဲ မြှောက်ပြီး သူ့ခေါင်းသူ ထိုးချလိုက်သည်။ ‌ပေါက်ကွဲမှုသံကြီး ကြားလိုက်ရစဉ် သူ၏အနုသုခုမရုပ်ခန္ဓာက ရုတ်တရက် ထွက်လာ၏။ ၎င်းသည် ပဒုမ္မာဓားဝင်္ကပါရပ်ဝန်းထဲမှ လွတ်‌မြောက်ရန် အသေးစားနေရာရွှေ့ပြောင်းခြင်း သုံးလိုက်သည်။

"ဒါ ဘာမှော်ပစ္စည်းလဲ" သူ့မှာ သေမင်းကို ရင်ဆိုင်နေရသကဲ့သို့ ကြောက်လန့်တုန်ရီနေသော အသံဖြင့် ပြောသည်။ သူ၏အနုသုခုမရုပ်ခန္ဓာမှာ ပြင်းထန်စွာ တုန်ရီလာ၏။ ၎င်းအနေဖြင့် အရိုးခိုက်မတတ် အေးစိမ့်နေသော ဟင်းလင်းပြင်အတွင်းတွင် ကြာကြာအသက်ရှင်နိုင်မည်မဟုတ်ပေ။

သူ၏ အပြင်ခန္ဓာမှာမူ အချိန်၏တိုက်စားဖျက်စီးမှုကြောင့် မျက်စိတစ်မှိတ်အတွင်း ပြာကျကာ သေဆုံးသွားလေပြီ။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်တချို့ကြာသော်လည်း တကယ်တမ်း မီးတစ်ခတ်စာထက်ပင် မြန်သေးသည်။ ပဒုမ္မာဓားဝင်္ကပါ၏စွမ်းအားမှာ ဤနေရာတွင် အဆမတန် မြင့်တက်သွားခဲ့၏။ မန်ဟိုပင်လျှင် ဤသို့ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ့မှာ ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေမိလေသည်။

သို့သော် သူ့အတွက် စိတ်နှင့်ကိုယ်ပြန်ကပ်ရန် ခဏသာ ကြာလိုက်သည်။ သူသည် အေးစက်စက် နှာတစ်ချက်မှုတ်ကာ ရှေ့တက်ပြီး ထိုလူ၏ အသက်သွင်းရင်း တန်းလန်းဖြစ်နေသော မျောက်ရုပ်အပါအဝင် သိုလှောင်အိတ်ကိုပါ လှမ်းဆွဲလိုက်၏။ သူသည် သေးငယ်သော အဖြူရောင်ကျောက်တုံးငါးတုံးကိုလည်း သိမ်းလိုက်သည်။ ထို့နောက် ဘယ်လက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ‌ဖော်၍ ပဒုမ္မာဓားဝင်္ကပါကို ပြန်လာစေလိုက်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်သည် ရိပ်ခနဲ မီတာနှစ်ထောင်အကျယ် ကျောက်တုံးကြီးအပေါ်သို့ ပြန်ရောက်သွား၏။ သူက သက်လတ်ပိုင်းလူ၏ အနုသုခုမရုပ်ခန္ဓာကို ပြန်ကြည့်ပြီး သူ့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒပျောက်ကွယ်သွားသည်။

"တာအိုရောင်ရင်း၊ ကယ်ပါဦး...." သူ့အသံမှာ တုန်လှုပ်ချောက်ချားမှုများဖြင့် ပြည့်နှက်နေချေသည်။ "ကျုပ်က အနောက်ပိုင်းသဲကန္တာရရဲ့ ရွှေဟိန်းသံမျိုးနွယ်စုကြီးရဲ့ အရန်မျိုးနွယ်စုတစ်စုကပါ။ စောစောက အဖြစ်ကလေ နားလည်မှုလေးလွဲ....." ထိုလူ၏ အနုသုခုမရုပ်ခန္ဓာ တုန်ရီလာသည်။ ရေခဲများ ၎င်း၏မျက်နှာပြင်ပေါ်တွင် စတင်ဖြစ်တည်လာသဖြင့် အက်သံများ ကြားနိုင်လေသည်။

ကျောက်တုံးကြီးနှစ်တုံးမှာ ခဏတဖြုတ်သာ တစ်တုံးနှင့်တစ်တုံး နီးခဲ့လေသည်။ လောလောဆယ်တွင် မတူညီသောအရပ်မျက်နှာနှစ်ခုသို့ ဦးတည်၍ ‌ဝေးကွာနေပြီဖြစ်သည်။ ထိုလူ့ကို သတ်ရန် ကြိုးစားပါက အချိန်အလကားကုန်မည်ဖြစ်ကြောင်း သဘောပေါက်သဖြင့် မန်ဟိုက သူ့ကျောက်တုံးကြီးဆီ ပြန်ရောက်နေခဲ့လေပြီ။

ထိုလူမှာ ယခုတွင် မည်သည့်အအေးဒဏ်ခံရတနာမှမရှိဘဲ အနုသုခုမရုပ်ခန္ဓာသာ ရှိတော့သည်။ သူ မုချ သေလိမ့်မည်။

ထို့ကြောင့် မန်ဟိုက ဘာမှမလုပ်ပေ။ သူသည် သူ၏ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ ‌ထို့နောက် ‌‌ကျောက်ခဲငါးခဲကို ထုတ်ပြီး လေ့လာသည်။ ၎င်းတို့အပေါ်ရှိ ချိတ်တံဆိပ်ကို ဖယ်ရှားရန်ပြင်လိုက်စဉ် ၎င်းကား အလိုအလျောက် မှေးမှိန်ပျောက်ကွယ်လာသည်။ မန်ဟိုက ဟင်းလင်းပြင်းအတွင်း သေးငယ်ပျောက်ကွယ်သွားနေသော ‌‌ကျောက်တုံးကြီး လှည့်ကြည့်လိုက်၏။ သက်လတ်ပိုင်းလူ၏ အနုသုခုမရုပ်ခန္ဓာမှာ ရေခဲတုံးကြီးဖြစ်သွားလေပြီ။

"ဒီဟင်းလင်းပြင်ထဲက အအေးဓာတ်က ကြောက်စရာပဲ" မန်ဟိုက ကျောက်ခဲများကို သူ့အပိုင်အဖြစ် လျင်မြန်စွာ တံဆိပ်ခတ်နှိပ်ရင်း တွေးနေသည်။ ချက်ချင်းပင် အလင်းရောင်တစ်ခုက မန်ဟို့ကို ဝန်းရံလွှမ်းခြုံကာ အအေးဓာတ်ကို တစ်ဝက်ကျော် လျှော့ချလိုက်၏။ ယခု သူသည် ဤကျောက်တုံးကြီးဖြင့် ဟင်းလင်းပြင်တစ်လျှောက် ခရီးနှင်နိုင်မည့်အပေါ် ယုံကြည်ချက် ပိုမိုခိုင်မာသွားပြီဖြစ်၏။

သူသည် တင်ပျဉ်ခွေထိုင်လျက် ထိုလူ၏သိုလှောင်အိတ်ကို ထုတ်ဖွင့်ပြီး ပစ္စည်းများကို စပ်စုလိုက်သည်။ ဝိညာဉ်ကျောက်တုံး အတန်အသင့်ရှိပြီး တိုလီမုတ်စများလည်း စုဝေးနေ၏။ မှော်ပစ္စည်းများလည်း ရှိသော်လည်း မန်ဟိုက ၎င်းတို့ကို လျစ်လျူရှုပြီး ကျောက်စိမ်းပေလွှာများကို ရှာနေသည်။

စုစုပေါင်း ရှစ်ခုရှာတွေ့၏။ ၎င်းတို့ကို သာမန်လျှံကာကြည့်ပြီးနောက်တွင် သူသည် တစ်ခုရွေးပြီး ဖတ်ကြည့်လိုက်သည်။ တခဏကြာသော် သူက ခေါင်းပြန်ထောင်လိုက်ပြီး မျက်ဝန်းများ တလက်လက် တောက်ပနေချေသည်။

"ဒီတော့ မျိုးနွယ်စုကြီးတွေက ဒီနေရာကို ကောင်းကောင်းပြင်ဆင်ပြီး လာကြတာပဲ။ မြေပုံတွေတောင် ရှိတယ်" သူ လက်ထဲတွင် ကိုင်ထားသည့် ‌ကျောက်စိမ်းပေလွှာတွင် မြေပုံတစ်ခု ပါလေသည်။ ‌မြေပုံတွင် ‌တံတား၏အပိုင်းအစများမှ ‌ကုန်းမြေကြီးများ ဖြစ်ပေါ်နေသော နေရာလေး‌နေရာရှိသည်။ ၎င်းတို့ထဲက တစ်နေရာမှာ မန်ဟို ယခုလေးတင် လာခဲ့သောနေရာ ဖြစ်သည်။

"ဒီလူကြည့်ရတာ သဟဇာတမြို့တော်ကို ဦးတည်သွားနေပုံပဲ။ ဒါပေမဲ့ ငါ အဲ့ဒီနေရာကို ချောင်ကျိုချောင်ကြားမကျန် ရှာပြီးပြီ။ မူမမှန်တာ တစ်ခုမှ မတွေ့ခဲ့ပါဘူး" မန်ဟို မျက်မှောင်ကြုတ်သွား၏။ သူသည် သို‌လှောင်အိတ်ကို ဆက်လက်စူးစမ်းနေပြီး နောက်ဆုံးတွင် ကျောက်စိမ်းသေတ္တာတစ်လုံးထုတ်လိုက်သည်။

ကျောက်စိမ်းသေတ္တာသည် မှိန်ပျပျ တောက်ပနေ၏။ မန်ဟိုက ၎င်းကို ခြေမြန်လက်မြန်မဖွင့်ဘဲ အန္တရာယ်မရှိကြောင်း သေချာအောင် ‌စစ်ဆေးလိုက်သည်။ ထို့နောက်တွင်မှ ဖွင့်လိုက်ရာ သိပ်သည်းသော ချီဓာတ်တစ်ခု လွင့်မျောထွက်လာသည်။ ချီတွင် သူ၏စိတ်ဝိညာဉ်ကို လှုပ်ရှားသွားစေနိုင်စွမ်းသော ဆေးရနံ့ပါရှိနေသယောင်ပင်။ ထို့အပြင် ၎င်းသည် သာလွန်အဆင့်ဝိညာဉ်ကျောက်တုံးနှင့်တူညီသော ခံစားချက်ကို ပေးနေ၏။ ပိုပြီး အားကောင်းသည်ကလွဲ၍။

အသက်တစ်ရှိုက်လေး ရှိုက်လိုက်ရုံလေးနှင့် မန်ဟို့၏စိတ်ဝိညာဉ် တုန်ခါသွားပြီး အရေပြားတင်းသွား၏။

သေတ္တာထဲတွင် စွမ်းအားကြီးမားသော ချီထွက်လာနေသည့် လက်ချောင်းတစ်ချောင်းပမာဏ အနက်ရောင်‌‌မြေကြီးတစ်ပုံ ရှိနေသည်။ ၎င်းအား အနီးကပ်စူးစမ်းပြီးနောက် မန်ဟို့စိတ်ထဲတွင် စာလုံးနှစ်လုံး ပေါ်ထွက်လာသည်။

"ကောင်းကင်‌မြေကြီး" ၄င်းကို စူးစမ်းနေစဉ် သူ၏မျက်လုံးများမှာ လင်းလက်တောက်ပနေတော့သည်။ ထိုသို့ပြုလုပ်ပြီးနောက် ဤမြေကြီးတွင် ဓာတ်ငါးပါးစွမ်းအား အမှတ်တကယ်ပါရှိနေကြောင်း သူသေချာသွားလေပြီ။

"နည်းနည်းလေးပဲရှိတာ ဆိုးလွန်းတယ်။ ဒီထက်များလို့ကတော့ မီးအရုပ်စွမ်းအားနဲ့ သုံးခဲ့တဲ့နည်းလမ်းအတိုင်း မြေအမျိုးအစားအရုပ်ကို ဖန်တီးနိုင်မှာ" မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်နေလျက် သေတ္တာကို ပိတ်ပြီး သိမ်းလိုက်သည်။

"ငါ ကောင်းကင်‌မြေကြီးတွေ ထပ်လိုချင်ရင် အခြားသူတွေဆီက လုရမယ်ထင်တယ်။ အေး ... လုရမယ်ဆိုတော့လည်း လုရတော့မှာပေါ့" သူ၏မျက်လုံးများ၌ ခိုင်မာပြတ်သားသော စိတ်ဆန္ဒ ပြည့်နှက်သွားသည်။ မန်ဟို့အတွက် မြေအရုပ်ဖန်တီးရန် ကိစ္စမှာ တံတားပျက်နယ်ပယ်သို့ လာရောက်၍ မိစ္ဆာစိတ်ဝိညာဉ်ဖမ်းရမည်ဟူသော အကြောင်းရင်းနည်းတူ အရေးပါ၏။ သူသည် ဟင်းလင်းပြင်ကို မျှော်ကြည့်ပြီး စောစောက ပဒုမ္မာဓားဝင်္ကပါ၏ အံ့မခန့်လိလိစွမ်းအားကို သတိရလိုက်သည်။

"စောစောက စွမ်းအားက သာမန်အချိန်စွမ်းအားထက် အများကြီးပိုများတယ်။ အဲ့ဒါက မျက်စိတစ်မှိတ်လေးအတွင်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကိုတောင် သူ့ရဲ့အပြင်ခန္ဓာကို စွန့်ပစ်အောင် လုပ်ခဲ့တာ။ နေရာရွှေ့ပြောင်းခြင်းတောင် အလုပ်မဖြစ်တဲ့အထိ အချိန်ဖြတ်သွားတာ မြန်လွန်းတယ်။ သူ့အတွက် ထွက်ပြေးနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက အနုသုခုမရုပ်ခန္ဓာထွက်လာစေဖို့ပဲ။ စောစောက ပဒုမ္မာဓားဝင်္ကပါထုတ်လွှတ်လိုက်တဲ့ အချိန်စွမ်းအားက နှစ်တစ်ထောင်နဲ့ညီမျှခဲ့တယ်"

မန်ဟိုမှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူလျက် သူ၏သစ်သားအချိန်ဓားကို ထုတ်ကြည့်လိုက်သည်။

သို့သော် သူ မည်မျှကြည့်ကြည့် ၎င်းတို့မှာ ပုံမှန်အတိုင်းသာ။ ‌ပြောင်းလဲသွားသော လက္ခဏာ ဘာဆိုဘာမှ ရှာမတွေ့။

"ဒီအာကာသဟင်းလင်းပြင်နဲ့ တစ်ခုခုပတ်သက်နေတာ များလား" သူက တွေးသည်။ "ဒါမှမဟုတ် ငါထင်ထားတဲ့အတိုင်း တံတားပျက်‌နယ်ပယ်ရဲ့ အချိန်စီးဆင်းမှုက အပြင်ဘက်အနောက်ပိုင်းသဲကန္တာရနဲ့ မတူလို့များလား" အချိန်အတန်ကြာ စဉ်းစားကြည့်သည့်တိုင် မန်ဟို့ခေါင်းထဲ ဘာမှပေါ်မလာပေ။ မည်သို့ဆိုစေ သူ၏မျက်လုံးများသည် စူးရှတောက်ပသောအလင်းရောင်ဖြင့် ဖျတ်ဖျတ်လက်သွား၏။ စွမ်းအားမြ‌င့်သွားရသည့် အကြောင်းရင်းအစစ်အမှန်ကို ဖော်ထုတ်နိုင်လျှင်တော့ ပဒုမ္မာဓားဝင်္ကပါ၏ ထိုစွမ်းအားကို မူသေဖြစ်အောင် သူ လုပ်နိုင်ကောင်းလုပ်နိုင်လိမ့်မည်။

"ဘယ်လိုနေနေ တံတားပျက်နယ်‌ပယ်မှာ ဒီလိုသက်ရောက်မှုရှိတယ်ဆိုရင်တောင်မှ ငါ့အတွက်တော့ အသာစီးရနေသေးတာပဲ"

မန်ဟိုသည် သစ်သားအချိန်ဓားများကို ပြန်သိမ်းပြီး မှောင်မိုက်နေသော ဟင်းလင်းပြင်အတွင်းသို့ လှမ်းကြည့်လိုက်သည်။ အရှေ့တွင် အလွန်ကြီးမားသော‌ ကုန်းမြေကြီးတစ်ခုနှင့် နီးကပ်လာလေပြီ။ သူ ထိုင်နေသော ကျောက်တုံးကြီးမှာ ဤမလှုက်မယှက်ရှိနေသော ကုန်းမြေကြီးနှင့်ယှဉ်လျှင် ‌သေးသေးလေးသာရှိသည်။

"ရောက်ပြီ" မန်ဟိုက ထရပ်ရင်း ပြော၏။ ထိုလူ့ဆီမှ သူရရှိခဲ့သော ‌ကျောက်စိမ်းပေလွှာတွင် အရှေ့ရှိ နေရာအကြောင်း ဖော်ပြချက်ပါသည်။ မန်ဟို လာခဲ့သောနေရာနည်းတူ.... ဤသည်မှာ အင်မိုတယ်လျှောက်လှမ်းခြင်းတံတား၏ ပြိုကွဲနေသော အစိတ်အပိုင်းများထဲက တစ်ခုပင်။

မှန်ပါသည်၊ အင်မိုတယ်လျှောက်လှမ်းခြင်းတံတားမှာ တိုင်းတာမရလောက်အောင် ကြီးမားလေရာ ဤထောင်သောင်းပေါင်းများစွာသော အစိတ်အပိုင်း၊အမှုန်အမွှားများမှာ ‌တိုက်ကြီးတစ်တိုက်နီးပါး ကြီးမားလှပေသည်။

မန်ဟို၏ မီတာနှစ်ထောင်အကျယ် ကျောက်တုံးကြီးသည် ဧရာမ‌ကုန်းမြေကြီးဆီသို့ ဟင်းလင်းပြင်ကို ဖြတ်၍ တရွှီးရွှီးအော်မြည်ရင်း လျင်မြန်စွာ သွားနေ၏။ မန်ဟို ပြန်ထိုင်လိုက်သည်။ သူသည် အအေးဒဏ်ခံမှော်ပစ္စည်းကို သိမ်းပြီး အအေးဓာတ်ကို တိုက်ခိုက်ရန် ထာဝရမီးတောက်ကို လောင်‌မြိုက်စေလိုက်သည်။

နီးသထက်.... နီးလာလေပြီ....

ရုတ်တရက် အုန်းခနဲ မြည်ဟည်းသွား၏။ သူ့အောက်ရှိ ကျောက်တုံးကြီး တုန်ခါနေသည်ကို မန်ဟို ခံစား‌လိုက်ရပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ကျောက်တုံးကြီးကို ဟင်းလင်းပြင်ကို ထိုးခွဲဝင်ရောက်လိုက်ရာ တောက်ပနေသောအလင်းရောင်တစ်ခုအား မြင်လိုက်ရလေသည်။

မန်ဟိုက သူ၏စိတ်ဝိညာဉ်အာရုံကို ချက်ချင်း ဖြန့်ကျက်လိုက်သည်။ ဤကမ္ဘာရှိ ‌ကောင်းကင်ထက်တွင် မိုးခြိမ်းသံများ ခပ်အုပ်အုပ် မြည်ဟည်းလျက် လျှပ်ပန်းလျှပ်နွယ်များ ယိမ်းနွဲ့ကခုန်‌နေသည်။ သို့သော် သူ ဘေးဘီဝဲယာကို ကြည့်ရှုလိုက်စဉ်တွင် ဤကမ္ဘာမှာ စောစောက ကမ္ဘာထက် ဆိတ်ငြိမ်‌အေးချမ်းပုံပေါ်ကြောင်း သတိထားမိလိုက်သည်။

‌အဝေးတွင် တောင်တန်းများကား နိမ့်ချည်မြင့်ချည် သွယ်တန်းနေ၏။ ကန်များ၊ ပင်လယ်များပင်ရှိလေသည်။ တစ်နေရာလုံးမှာ လွန်စွာကြီးမား‌သည်။ သူ လေလယ်တွင် ရပ်နေသော နေရာမှကြည့်လျှင် ဤ‌ကုန်းမြေကြီးမှာ အရင်တစ်ခုထက် ဆယ်ဆပိုကြီးသယောင်ပင်။

ကျောက်တုံးကြီး လေကို ခွင်းလျက် သွားနေစဉ် မန်ဟိုက ထရပ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ ရုတ်တရက် သူ့မျက်လုံးများတွင် အာရုံစူးစိုက်လိုက်သောအရိပ်အယောင်တစ်ခု ပြည့်နှက်သွားပြီး မျက်မှောင်ကြုတ်သွား၏။

အဝေးရှိ လေထဲတွင် အလင်းတန်းခုနစ်တန်း ကွေ့ကောက်လည်ပတ်၍ တိုက်ခိုက်နေကြသည်ကို မြင်လိုက်ရသည်။

အလင်းတန်းများအတွင်းရှိ လူခုနစ်ယောက်အနက် အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံနှစ်ခုမှာ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် ဖြစ်သည်။ ထိုနှစ်ယောက်မှာ သူတစ်ပြန်ကိုယ်တစ်ပြန် ရှေ့တိုးနောက်ဆုတ် တိုက်ခိုက်နေသဖြင့် ပေါက်ကွဲသံများ မြည်ဟည်းလေသည်။ ကျန်ငါးယောက်မှာမူ တိုက်ခိုက်နေသောနှစ်ယောက်၏ အပေါင်းအပါဖြစ်ကြောင်း သိသာ၏။

အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်ယောက်လုံးမှာ အမျိုးသားဖြစ်ကြသည်။ တစ်ယောက်က ခရမ်းရောင်ဝတ်ရုံကို ဝတ်ထားပြီး တစ်ယောက်က အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ နှစ်ယောက်လုံးသည် ချောမောခံ့ညားပြီး သူမတူသောအသွင်ဆောင်သည်။ သူတို့က နတ်ဘုရားစွမ်းရည်အမျိုးမျိုး အသုံးပြုရင်း .... သူတို့ထံမှ မလှမ်းမကမ်းတွင် ပျံဝဲနေသော အဖြူရောင်အလင်းစက်လုံးကို အခြားတစ်ဖက်၏လက်ထဲ မရောက်အောင် ကြိုးစားကာကွယ်နေကြ၏။

ထိုအလင်းစက်လုံးအတွင်းတွင် လက်ချောင်းတစ်ချောင်းပမာဏ ကောင်းကင်‌မြေကြီးပုံကို မန်ဟို မြင်လိုက်ရသည်။

***

All Chapters