← Chapters

ရီချန်ဇီ

Vol. 33 Ch. 457

ရီချန်ဇီ

Vol. 33 Ch. 457

မန်ဟို ဤအဖွဲ့ကို မြင်လိုက်သည့်အခိုက်အတန့်မှာပင် သူတို့သည်လည်း ‌လေကို ခွင်းလာနေသော ‌မီတာနှစ်ထောင်အကျယ်ကျောက်တုံးကြီးကို ‌မော့ကြည့်လိုက်ကြသည်။ ဆံပင်များ တလွင့်လွင့် လှုပ်ရှားလျက် ခံစားချက်မဲ့‌သော မျက်နှာထားဖြင့်‌ ကျောက်တုံးကြီးအပေါ်တွင် ရပ်နေသော မန်ဟို့ကို သူတို့မြင်လိုက်ရသည်။

သူသည် ကျောက်တုံးအပေါ်မှ ဖျတ်ခနဲ နေရာရွှေ့ပြောင်းပြီး အဖွဲ့ထံမှ မီတာသုံးဆယ်ခန့်အကွာတွင် ပြန်ပေါ်လာစဉ် သူ၏မျက်လုံးများကား စူးရှတောက်ပနေချေသည်။

မန်ဟိုထံမှ အာမေဍိတ်သံတစ်သံ ထွက်လာသည်။ သူသည် အစက တောက်ပနေသော ကောင်းကင်မြေကြီးပုံ၏ ဘေးတည့်တည့်သို့ နေရာရွှေ့ပြောင်းရန် ရည်ရွယ်ခဲ့၏။ ဤနေရာတွင် ပြန်ပေါ်လာခြင်းက သူ၏‌အသေးစားနေရာရွှေ့ပြောင်းခြင်းကို တစ်စုံတယောက်က နှောင့်ယှက်လိုက်ကြောင်း ညွှန်ပြနေသယောင်ပင်။

မန်ဟို ပြန်ပေါ်လာသည်နှင့်တစ်ချိန်တည်းဆိုသလို ခုနစ်ယောက်အနက်မှ မျက်နှာနီနီအဘိုးကြီးက အေးစက်စက်နှာမှုတ်လိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်ပင်လယ်တစ်စင်းပေါ်လာ၏။ ၎င်းသည် လေ‌ပေါ်ထိုးတက်သွားပြီးနောက် အနီရောင်မိုးစက်များအသွင်ဖြင့် မန်ဟို့ထံသို့ တဝေါဝေါ ထိုးဆင်းလာသည်။

"နေရာမရွှေ့ပြောင်းနိုင်ဘူးဆိုတော့လည်း ...." သွေးရောင်အလင်းတစ်ခု မန်ဟို့ပတ်ပတ်လည်တွင် ရုတ်တရက် ဖြစ်တည်လာသည်။ ၎င်းက ဖျတ်ခနဲ လက်ပြီးနောက် မန်ဟို ပျောက်ကွယ်သွားသည်။ အံ့ဖွယ်ကောင်းစွာနှင့် သူပြန်ပေါ်လာသောအခါ သူသည် မျက်နှာနီနီအဘိုးကြီး၏ အရှေ့တည့်တည့်သို့ ရောက်နေလေပြီ။ သူရွေ့လျားသွားသော အမြန်နှုန်းက မှင်သက်စရာကောင်းလွန်း၍ အဘိုးကြီး၏သူငယ်အိမ်များကို ကျုံ့သွားစေသည်။ သူက နောက်ဆုတ်ကာ ညာလက်ကို မြှောက်ရင်း နောက်ထပ် အနီရောင်ပင်လယ်တစ်စင်းကို ဆင့်ခေါ်လိုက်၏။ ‌၎င်းက သွေးပင်လယ်ကြီးသဖွယ် သူ၏ပတ်ပတ်လည်တွင် တဝုန်းဝုန်း လှုပ်ရှား ထကြွနေတော့သည်။ မန်ဟိုက ဝုန်းခနဲ ရှေ့ထွက်သွား၏။ မျက်လုံးမဲ့ပိုးကောင်၏ ပိုးချည်က ငွေအလင်းရောင်ကို ထုတ်လွှတ်ရင်း သူ့ကို လျင်မြန်စွာ ရစ်ပတ်လိုက်သည်။ ၎င်းက လာနေသော အနီရောင်ပင်လယ်ကြီးကို ဟန့်တားရင်း ခွဲဖြတ်ထွက်သွားသည်။

မျက်နှာနီနီအဘိုးကြီး၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက နောက်ဆက်,ဆုတ်သွား၏။ ကံဆိုးစွာနှင့် နှေးလွန်းသည်။ မန်ဟို့လက်က လေထုကို ထိုးသွင်းလိုက်သော လက်သီးကြီး ဖြစ်သွားခဲ့လေပြီ။ ထိုးချက်က အလွန်အားကောင်းသော လေပြင်းမုန်တိုင်းကြီးတစ်လုံး ဖြစ်တည်လာစေကာ အရပ်မျက်နှာအနှံ့သို့ သိမ်းကျုံးတိုက်ခတ်လိုက်စေသည်။ အဘိုးကြီး၏လက်နှစ်ဖက်က မုဒြာလက်ကွက်အား ဖော်ကာ သူ့ကိုယ်သူ ခုခံရန် ကြိုးစားလိုက်သဖြင့် သူ၏အရုပ်ဆေးမင်ကြောင်များ တောက်ပလာ၏။

ပေါက်ကွဲမှုတစ်ခု၏ အသံလှိုင်းများ ဖြာထွက်လာပြီး အဘိုးကြီး၏ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။ သူ့မှာ မန်ဟိုကို တားဆီးနိုင်စွမ်းကင်းမဲ့လျက် နောက်ဆက်ဆုတ်သွားစဉ် သူ၏မျက်နှာတွင် အံ့အားနေသောအမူအရာ ထင်ဟပ်နေ၏။

မန်ဟိုက ထိုလူ့ကို လျစ်လျူရှုပြီး ‌ကောင်းကင်မြေကြီးပုံကို ယူရန် ရည်ရွယ်ချက်ဖြင့် တိုက်ခိုက်နေသောလူစုထံ ဦးတည်သွားသည်။

ယခုလောလောဆယ်တွင် ဤလူတစ်ယောက်မှ မန်ဟို့ကို လျစ်လျူရှုမထားနိုင်တော့ပေ။ စောစောက အရာအားလုံးမှာ လျှပ်စီးလက်သလို ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ယခုလေးတင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ကို မန်ဟိုက နောက်ဆုတ်‌အောင် ဖိအားပေးနိုင်ခဲ့ခြင်းမှာ သူတို့ကို အံ့ဩမှင်သက်သွားစေလေသည်။

အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက်ပင်လျှင် မျက်မှောင်ကြုတ်နေလေပြီ။ ကံဆိုးသည်က သူတို့မှာ တိုက်ပွဲတွင် ရှေ့တိုးနောက်ဆုတ်မရသော အခြေအနေတွင် ဖြစ်နေသည်။ ကောင်းကင်‌မြေကြီးပုံမှာ သူတို့နှစ်ယောက်၏ ဘေးနား‌လေးတွင် ရှိနေသည့်တိုင် တစ်ယောက်မှ မယူနိုင်သေးပေ။

"အဲ့ဒီကောင်ကို သတ်ပစ်"

"သူ့ကို ရှင်းလိုက်ကြစမ်း"

ထိုလူနှစ်‌ယောက်က တစ်ယောက်ထံသို့တစ်ယောက် နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်ရင်း တစ်ပြိုင်တည်း အော်လိုက်ကြသည်။ တစ်ယောက်က ခရမ်းရောင်မိကျောင်းတစ်ကောင်ကို ဆင့်‌ခေါ်လိုက်၏။ ကျန်တစ်ယောက်ဘေးတွင် အဖြူရောင်ကြိုးကြာတစ်ကောင် အကောင်အထည်ဖြစ်တည်လာသည်။ သူတို့နှစ်ယောက်သား ဆက်လက်တိုက်ခိုက်ကြ၏။

သူတို့အနားတစ်ဝိုက်တွင် တိုက်ခိုက်နေသော ကျန်လေးယောက်မှာမူ တစ်ချက်လေးပင် တုံ့ဆိုင်းမနေပေ။ အကုန်လုံး ရုတ်ခြည်း ဦးတည်ရာပြောင်းပြီး မန်ဟို့ဆီ ပြေးဝင်လာကြ၏။

လေးယောက် အ‌နားရောက်လာစဉ် မန်ဟို့၏နဖူးပေါ်ရှိ သစ်သားစာလုံး ဖျတ်ခနဲ လက်သွားသည်။ ဧရာမသစ်ပင်ကြီးတစ်ပင် ဘွားခနဲ ပေါ်လာကာ တစ်ဖန် ကောင်းကင်ယံသို့ ထိုးတက်လောင်မြိုက်‌နေသော မီးတောက်မီးညွန့်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။

"ဖြန့်လိုက်" မန်ဟို့၏ လက်နှစ်ဖက်က မုဒြာတစ်ကွက်အား လျှပ်တပြက် ဖော်ဆောင်ပြီး ‌ ဘေးသို့ ဖြန့်ကားလိုက်သည်။ မီးပင်လယ်တစ်စင်းက မန်ဟို့ကို အလယ်ဗဟိုတွင်ထား၍ ဟုန်းဟုန်းတောက်လာ၏။ ၎င်းသည် အရာအားလုံးကို အသျှံတညီးညီး လောင်ကျွမ်းနေစေရင်း အရပ်မျက်နှာအနှံ့ တလိပ်လိပ် ရိုက်နေတော့သည်။ မန်ဟို့ သစ်သားနှင့် မီးအရုပ်များ၏အတွင်းတွင် ရုတ်တရက် ရွှေရည်စက်လေးများ မြင်သာလာသည်။ မီးပင်လယ်ကား သတ္တု၊ သစ်သားနှင့် မီးအရုပ်များ၏ အံ့ဩဖွယ်ရာစွမ်းအားများဖြင့် ပြည့်နှက်နေလျက် ဆက်လက်ပြန့်ကားလာနေ၏။

ရန်သူ လေးယောက်၏မျက်နှာများ ရိပ်ခနဲ ဖြစ်သွားပြီး နည်းလမ်းမျိုးစုံဖြင့် တုံ့ပြန်ကြသည်။ တစ်ယောက်၏ဘေးတွင် ရွှမ်းဝူလိပ်ကြီးတစ်ကောင် ပေါ်လာ၏။ တစ်‌ယောက်က လက်ကို ဝှေ့ယမ်းလိုက်ကာ အနီရောင်ကင်းခြေများကြီးတစ်ကောင်အား သူ့ဘေးတွင် ဖြစ်တည်လာစေသည်။

အခြားနှစ်ယောက်ကမူ ဟိန်းဟောက်နေသော မျက်လုံးတစ်လုံးဘီလူးကြီးတစ်ကောင်စီအား မှော်ဆန်ဆန် ဆင့်ခေါ်၍ မီးပင်လယ်ကြီးကို တိုက်ခိုက်ရန် စေလွှတ်လိုက်သည်။

မီးပင်လယ်ကြီးမှာ လေးကောင်လုံးကို ဝါးမြိုရန် စောင့်နေသော ဧရာမပါးစပ်ကြီးအလားပင်။ မီးပင်လယ်ကြီးက ရွှမ်းဝူလိပ်ကြီးကို လွှမ်းခြုံပြီး ၎င်း၏ခန္ဓာကိုယ်အား အပိုင်းပိုင်း စုတ်ဖြဲပစ်လိုက်သဖြင့် မချိတင်ကဲ အော်သံကြီးထွက်လာသည်။ ၎င်းကို ထိန်းချုပ်နေသည့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ ‌ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်သို့ ဒလိမ့်ခေါက်ခွေး လွင့်ထွက်သွား၏။

ဧရာမကင်းခြေများကြီးမှာမူ မီးဒဏ်ခံနိုင်ရည်ရှိ၏။ သို့သော် ရွှေ‌ရည်စက်များ ထိမှန်သွားသောအခါ ၎င်းသည် မီးတောက်များကြောင့် အရည်ပျော်ကျသွားသော ရွှေရုပ်တုကြီး ဖြစ်သွား၏။ ၎င်းကို ထိန်းချုပ်နေသော ကျင့်ကြံသူမှာ သူ့လက်တစ်ဖက်လုံး ‌ရွှေ‌ရောင်ပြောင်းသွားခဲ့ကြောင်း ‌‌တွေ့လိုက်ရ၍ အံ့ဩမှင်သက်နေတော့သည်။ သူ၏ခန္ဓာကိုယ်ကို တခဏအတွင်း ရွှေအတိပြီးသွားစေနိုင်ပုံရသည့် ပြင်းထန်သော ဖိအားကြီးက သူ့အပေါ် သက်ရောက်နေ၏။

မျက်လုံးတစ်လုံးဘီလူးကြီးနှစ်ကောင်မှာမူ ခန္ဓာကိုယ်များ တစစီစုတ်ဖြဲခံလိုက်သဖြင့် သူတို့၏ အော်သံများမှာ အားလုံးအထဲတွင် စိတ်မချမ်းမြေ့ဖွယ်အကောင်းဆုံး ဖြစ်သည်။ တစစီဖြစ်သွားခဲ့သော အပိုင်းအစများက ရွှေဖြစ်ကာ အငွေ့ပျံသွားသည်။

ဤသည်မှာ အရုပ်သုံးရုပ်၏ စွမ်းအားအပြည့်အဝကို မန်ဟို ပထမဆုံးအကြိမ် ထုတ်‌ဖော်ခဲ့ခြင်းဖြစ်သည်။ မှော်အစွမ်းများ ဖြာထွက်လာသည်နှင့်တစ်ပြိုင်နက် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ တစ်ချိန်လုံး သွေးတစ်လုပ်ပြီး တစ်လုပ်အန်ရင်း နောက်ဆုတ်လိုက်ရသည်။

မန်ဟို့ခန္ဓာကိုယ်က မီးပင်လယ်ကို ထိုးခွင်းသွားသော အလင်းတန်းရှည်ကြီးတစ်တန်း ဖြစ်သွားသည်။ မီးတောက်မီးညွန့်များက ခြုံထည်သဖွယ် သူ့အနောက်၌ ယိမ်းနွဲ့လှုပ်ရှားလျက် ကျန်ခဲ့သည်။ ရွှေရည်စက်များနှင့် မီးသစ်ပင်ကြီးမှာ ခြုံထည်ပေါ်က အဆင်တန်ဆာများအတိုင်းပင်။

ထိုမြင်ကွင်းကို ပန်းချီခြယ်နိုင်လျှင်တော့ မန်ဟို့၏ ခမ်းနားထည်ဝါသော အသွင်မှာ အဆုံးစွန်အထိ ရင်သပ်ရှု‌မောဖွယ် ကောင်းပေလိမ့်မည်။

မြင်ကွင်းက အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်‌ယောက်ကို တုန်လှုပ်သွားစေသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း တိုက်ခိုက်နေသည်ကို ရပ်လိုက်ကြ၏။ ထိုအစား မန်ဟိုရှိရာသို့ နတ်ဘုရားစွမ်းရည်များ ထုတ်လွှတ်လိုက်ကြသည်။

ဤအနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကျင့်ကြံသူနှစ်ယောက်မှာ စောစောက အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍မရပေ။ ကြောက်မက်ဖွယ် ခရမ်းရောင်အရုပ်နဂါးကြီးနှင့် အဖြူရောင်ကြိုးကြာကြီးနှစ်ကောင်လုံးသည် အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်၏ ဖိအားကြီးအား မန်ဟို့အပေါ် သက်ရောက်စေရင်း ရက်စက်ကြမ်းကြုတ်သောအခိုးအငွေ့များကို ထုတ်လွှတ်လျက် သူ့ဆီ ချက်ချင်း ပြေးဝင်လာကြသည်။

မန်ဟို့၏မျက်လုံးများ တောက်ပသွား၏။ မီတာနှစ်‌ထောင်အကျယ်ကျောက်တုံးကြီးနှင့်အတူ လိုက်ပါပျံသန်းလာခဲ့တုန်းက ကောင်းကင်မြေကြီးပုံကို လုနေကြသော ဤလူနှစ်ယောက် တိုက်ခိုက်နေသည်ကို သူ စောင့်ကြည့်ခဲ့သည်။ ထိုအချိန်အတောအတွင်း သူသည် ဤလူများကို မသတ်ဘဲ ကောင်းကင်‌မြေကြီးပုံကို မည်သို့ရယူနိုင်မည်လဲ အစီအစဉ်ချခဲ့ပြီးဖြစ်သည်။

အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် ကျင့်ကြံသူနှစ်ယောက် နီးကပ်လာသည့်အချိန်မှာပင် မန်ဟိုက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လှိုင်းဂယက်များ ရုတ်တရက် ဖြာထွက်သွားစေသည်။ ၎င်းတို့က ချက်ချင်း အနက်ရောင်ပြောင်းပြီးနောက် တံခွန်သုံးခုအလံ၏ ပထမတံခွန်အဖြစ် စုစည်းလာသည်။ တံခွန် တဟုန်ထိုး ထွက်သွားသဖြင့် ကျီဆယ့်ကိုးမှာ ယာယီအချုပ်အနှောင် ကင်းမဲ့သွား၏။

တံခွန်သုံးခုအလံသည် မန်ဟို ပိုင်ဆိုင်ထားသမျှထဲ အစွမ်းထက်ဆုံးမှော်ပစ္စည်းဖြစ်သည်။ ၎င်းပေါ်လာသောအခါ ကောင်းကင်မှာ မှေးမှိန်မှုန်ဝါးလာ၏။ ခရမ်းရောင်ဝတ်ရုံနှင့်လူ မျက်နှာပျက်သွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ ကံဆိုးစွာနှင့် မုဒြာလက်ကွက်များ‌ ဖော်၊ နတ်ဘုရားစွမ်းရည်အမျိုးမျိုး အသုံးပြုပြီး မှော်ပစ္စည်းများ ထုတ်နေသည့်တိုင် သူ့မှာ လာနေသော အနက်ရောင်အလွှာကြီးကို တန်ပြန်တိုက်ခိုက်နိုင်စွမ်းမရှိပေ။

ဝုန်းခနဲ ပဲ့တင်ထပ်သွားပြီး ထိုလူ့၏ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူ နောက်သို့ ကိုက်ပေါင်းများစွာ လွင့်ထွက်ပြီးနောက်ဆုံး ရပ်လိုက်နိုင်စဉ် အသတ်အဖြတ်စိတ်ဆန္ဒနှင့် အံ့ဩတုန်လှုပ်မှုသည် သူ့၏မျက်လုံးများတွင် ပြည့်နှက်နေ၏။

တစ်ချိန်တည်းမှာပင် မန်ဟိုက အမြန်ဆုံးနှုန်းဖြင့် ရှေ့ဆက်သွားသည်။ ထို့နောက် ရုတ်တရက် အဖြူရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို လက်ညှိုးထိုးလိုက်သည်။

"မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန်"

မိစ္ဆာချုပ်နှောင်မန္တန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အဖြူရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွား၏။ မန်ဟိုတစ်ယောက်သာ မြင်ရသော အမျှင်များ မျောလွင့်တက်လာသည်။ ၎င်းတို့က ထိုလူ့ကို လှုပ်မရအောင် ချက်ချင်း ချုပ်နှောင်လိုက်၏။

မှန်ပါသည်၊ ချုပ်နှောင်ခြင်းမှာ သိပ်မကြာနိုင်၊ အသက်တစ်ရှိုက်သာ ခံမည်။ သို့သော် ... ယင်းက မန်ဟို လိုအပ်သမျှ အချိန်ပင်။

သူ ကောင်းကင်မြေကြီးပုံ‌ဆီ တဟုန်ထိုး ထွက်သွားစဉ် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးမှာ အသတ်အဖြတ်လိုစိတ်ထက် စိုးရိမ်စိတ်က ပိုများနေသော မျက်ဝန်းများဖြင့် ကြည့်‌နေကြသည်။

သို့သော် ဤအခိုက်အတန့်မှာပင် သိပ်မလှမ်းမကမ်းရှိ လေထု၌ လှိုင်းများထလာသည်။ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ထားသော လူငယ်တစ်ယောက် ပေါ်လာ၏။ သူ့ခေါင်းသည် ကျန်ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့် မလိုက်ဖက်အောင် သေးလွန်း၏။ သူ့ပုံစံမှာ ကြွက်တစ်ကောင်အလားပင်။ သူ၏မျက်နှာထားက သုန်မှုန်နေပြီး မျက်ဝန်းများက သွေးဆာနေသည်။ သူက လူယုတ်မာရယ်သံကြီးဖြင့် တဟီးဟီးရယ်ရင်း မန်ဟို့ထက် သာသော အမြန်နှုန်းဖြင့် ရှေ့သို့ တဟုန်ထိုးထွက်လာကာ ကောင်းကင်‌‌မြေကြီးပုံ၏ ရှေ့တည့်တည့်သို့ ရောက်သွားသည်။

သူသည် တစ်ချိန်လုံး ဘယ်သူမှ အာရုံမခံနိုင်အောင် အထူးပညာရပ်တစ်ခုသုံး၍ ပုန်းနေခဲ့လေသည်။ သူက တိုက်ခိုက်နေသောလူနှစ်ယောက် ခြေကုန်လက်ပန်းကျသည့်အထိ စောင့်ပြီးနောက်မှ အကုန်လုံးကို တစ်ခါတည်းရှင်းပစ်ရန် ကြံစည်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် မန်ဟို ပေါ်လာသည်။ သူ၏ အပြင်ရှိ လူများကို ထိုးဖောက်ရှင်းလင်းလိုက်သည့် နည်းလမ်းက အံ့ဖွယ်ကောင်းသော်လည်း ဤလူငယ်အတွက်‌တော့ အခွင့်အလမ်း‌ ဖွင့်ပေးလိုက်သလိုပင်။ သူက တွေဝေတုံ့ဆိုင်းမနေဘဲ အပိုင်လှုပ်ရှားလိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ် ‌တာအိုရောင်ရင်း" ခေါင်းသေးသေးနှင့် ကျင့်ကြံသူက လှမ်းအော်သည်။ "ဒီကောင်းကင်မြေကြီးလို လက်ဆောင်မျိုးကို ငြင်းပယ်ရမှာ ရီချန်ဇီအတွက် ရိုင်းပျရာကျပါတယ်" သူက ပြောရင်းဆိုရင်း ၎င်းထံသို့ လက်လှမ်းလိုက်သဖြင့် မန်ဟို့မျက်လုံးများ၌ အသက်အဖြတ်စိတ်ဆန္ဒ ပေါ်ပေါက်လာသည်။ မျက်လုံးမဲ့ပိုးကောင်က ရုတ်တရက် ပျံထွက်သွား၏။ ၎င်း၏ ပိုးချည်က ကျင့်ကြံသူရီချန်ဇီ ကောင်းကင်မြေကြီးပုံကို ဆုပ်ကိုင်လိုက်သည့်အချိန်မှာပင် ၎င်းကို ရစ်ပတ်လိုက်သည်။

လက်ချောင်းတစ်‌ချောင်းပမာဏ ကောင်းကင်မြေကြီးပုံမှာ ဘန်းခနဲ နှစ်ပုံကွဲသွားတော့သည်။ တစ်ပုံကို မျက်လုံးမဲ့ပိုးကောင်က မန်ဟို့ဆီ ဆွဲယူလာပေးပြီး ကျန်တစ်ပုံမှာ ရီချန်ဇီလက်ထဲ ရောက်သွားသည်။ သူက ချက်ချင်း အခြားအရပ်မျက်နှာသို့ လှည့်ထွက်သွား၏။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခုနစ်ယောက် ခေါင်းသေးသေးရီချန်ဇီကို မြင်သောအခါ မျက်နှာများက အံ့အားသင့်သွားပုံပေါက်သွားကြသည်။

"ရီချန်ဇီ"

"အဲ့ဒါ ရွှီကျုံးမျိုးနွယ်စုတစ်စုလုံးကို သစ္စာဖောက်ပြီး သတ်သွားတဲ့ ရီချန်ဇီဆိုတဲ့ကောင်ပဲ"

"ငါချီးတဲ့မှ။ အဲ့ဒီကောင်က အမြုတေအထိ ယုတ်မာကောက်ကျစ်လွန်းတယ်။ သူ့ကျင့်ကြံအဆင့်တက်ဖို့ သူ့မျိုးနွယ်စုရဲ့ အသက်တွေကို ယဇ်ပူဇော်တယ်တောင် ကြားတယ်"

မန်ဟိုက ကောင်းကင်မြေကြီးကို လှမ်းယူပြီး သိုလှောင်အိတ်ကို ပုတ်ကာ သွေးမျက်နှာဖုံးထုတ်လိုက်သည်။ သူသည် ၎င်းကို ချက်ချင်း တပ်လိုက်သဖြင့် သူ၏ကျင့်ကြံခြင်းအ‌‌ခြေခံစွမ်းအား ပေါက်ကွဲထွက်သွားပြီး သွေးချီအား လှုပ်ရှားသက်ဝင်လာစေ၏။ သူ၏အရှိန်အဝါက အဘက်ဘက်သို့ ဖြာထွက် ပျံ့နှံ့လာသဖြင့် ကျင့်ကြံသူများကို မှင်သက်သွားစေသည်။ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကျင့်ကြံသူများ မျက်လုံးကျဉ်းမြောင်းသွားကြသည်။ ဤအခိုက်အတန့်တွင် သူတို့သည် မန်ဟိုနှင့် ရီချန်ဇီအကြား တိုက်ပွဲကို ဝင်ရောက်စွက်ဖက်လိုစိတ် မရှိတော့ပေ။

"ဘယ်သူမှ အဲ့ဒီ‌မြေကြီးကို မပိုင်ဘူး" မန်ဟိုက ပြောသည်။ "ဒီတော့ ရယူနိုင်တဲ့သူ အပိုင်ပဲ။ အေး မင်းမှာ အဲ့ဒါနဲ့ လွတ်အောင်ပြေးနိုင်တဲ့ အရည်အချင်းရှိတယ်ဆိုရင် မင်းအပိုင်လို့ ငါသတ်မှတ်မယ်" ထို့နောက် သူသည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်သွား၏။ သူတို့နှစ်ယောက်ကြားရှိ အကွာအဝေး ချက်ချင်း လျော့ကျသွားသည်။ မန်ဟိုက ညာလက်ကို ဝှေ့ယမ်းကာ သွေးမျက်နှာကြီး ပေါ်လာစေသည်။ ၎င်းက ရီချန်ဇီထံ‌ ပြေးဝင်သွားသဖြင့် လေထဲတွင် ထစ်ချုန်းသံများ မြည်ဟည်းသွားသည်။ ရီချန်ဇီက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်လိုက်ရာ တလက်လက်တောက်ပနေသော ငါးကြေးခွံတစ်ခု သူ့လက်ဝါးပေါ်တွင် ပေါ်လာသည်။ သူက ၎င်းအား သူ့အနောက်သို့ ပစ်လိုက်ရာတွင် အကြေးခွံသည် ဆယ်မီတာအမြင့်ရှိသည့်တိုင်အောင် ပြန့်ကားလာ၏။

မန်ဟို့၏ သွေးမျက်နှာကြီးစွမ်းအားက အကြေးခွံကို ဝင်တိုက်လိုက်ရာ ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာသည်။ ရီချန်ဇီက သွေးတချို့ အန်ပြီးနောက် ဖတ်ခနဲ ပျောက်သွား၏။ သူပြန်ပေါ်လာသောအခါ မီတာသုံး‌ထောင် ဝေးကွာသွားလေပြီ။ သူက ကောက်ကျစ်သောအပြုံးဖြင့် နောက်လှည့်ကြည့်သည်။

"အကြင်နာမဲ့လင်းတအသွင်ပြောင်းခြင်း" သူက အော်သည်။ ချက်ချင်းပင် ငါးကြေးခွံ၏အရွယ်အစားက ကြီးမားလာသည်။ အနက်ရောင်ချီများ ကောင်းကင်ယံသို့ တငွေ့ငွေ့ လွင့်လူတက်သွားပြီး ဧရာမလင်းတကြီးတစ်ကောင် ဖြစ်လာသည်။ လင်းတကြီး မန်ဟို့ဆီ ထိုးဆင်းလာစဉ် ၎င်း၏မျက်လုံးများမှာ နီရဲလျက်ရှိ၏။

မန်ဟိုက ခံစားချက်မဲ့စွာဖြင့် ပြောသည်။ "စကားတစ်ခွန်း"

ချက်ချင်းပင် မျက်နှာကြီး နောက်တစ်ဖန် ပေါ်လာ၏။ ၎င်း၏နှုတ်ခမ်းလှုပ်လာကာ ပုံသဏ္ဌာန်မဲ့လှိုင်းများ ဖြာထွက်လာသည်။ ဤကြောက်စရာလင်းတကြီးမှာ ရုတ်တရက် တုန်ရီလာပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွား၏။ မန်ဟိုက လင်းတကြီး၏အပိုင်းအစများကြားမှ လျှပ်စီးသဖွယ် ရွေ့လျားလာသည်။

ဤအခြင်းအရာက ရီချန်ဇီအား မျက်စိမျက်နှာပျက်သွားစေသည်။ သူက ချာခနဲ လှည့်၍‌ ထွက်ပြေးပြန်သည်။

"သေစမ်း။ အဲဒီခွေးမသားမှာ ဘယ်လိုလုပ် ဒီလောက်နတ်ဘုရားစွမ်းရည်တွေ အများကြီး ရှိနေတာလဲ။ အရုပ်ကလည်း သုံးရုပ်။ သတ္တု၊ မီးနဲ့ သစ်သား။ ပြီးတော့ ခုနက မျက်နှာဖုံးကရော ဘာမှော်ပစ္စည်းလဲ"

မန်ဟိုသည် ပြောင်းလဲခြင်းမရှိသော မျက်နှာထားဖြင့် အသေးစားနေရာ‌ရွှေ့ပြောင်းခြင်းသုံးကာ ရီချန်ဇီနောက်မှ ထပ်ကြပ်မကွာ လိုက်သွား၏။

***

All Chapters