တိုးညှင်းသောအသံတစ်သံ
Vol. 33 Ch. 458
လူနှစ်ယောက်။ တစ်ယောက်က အခြားတစ်ယောက်ကို အမြင့်ဆုံးအရှိန်ဖြင့် လိုက်ဖမ်းနေသည်။
မန်ဟိုသည် သွေးမျက်နှာဖုံးကို ဝတ်ထားပြီး သူ၏မျက်လုံးများက အေးစက်မှုဖြင့် တောက်ပနေသည်။ မျက်လုံးမဲ့ပိုးကောင်၏ ပိုးချည်က ရွှီးရွှီးရွှမ်းရွှမ်း မြည်ရင်း သူ့ခန္ဓာကိုယ်ကို လှည့်ပတ်နေသည်။ ရံဖန်ရံခါ သူသည် ရီချန်ဇီနှင့် နီးကပ်သွားအောင် အသေးစားနေရာရွှေ့ပြောင်းခြင်းအား အသုံးပြုတတ်၏။
ရီချန်ဇီမှာမူ တတ်နိုင်သမျှ အရှိန်ကုန်သုတ်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ဖြစ်ပြီး အံ့ဖွယ်နတ်ဘုရားစွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။ သူ့တွင် ယုတ်မာကောက်ကျစ်သော ပင်ကိုယ်စရိုက်ရှိပြီး အနောက်ပိုင်းသဲကန္တာရတစ်ခွင်လုံး ဟိုးလေးတကျော်ကျော် နာမည်ကြီး၏။
သူသည် တစ်ခါက ရွှီကျုံးမျိုးနွယ်ဝင်တစ်ဦး ဖြစ်ခဲ့သည်။ ကံတိုက်ဆိုင်သွားသော အခွင့်အရေးတစ်ခုမှတစ်ဆင့် အမှောင်မှော်ပညာရပ်တစ်ခု သူရရှိခဲ့သည်။ ဤအမှောင်မှော်ပညာကို ကျင့်ကြံအားထုတ်ရန် အလို့ငှာ သူသည် တစ်မျိုးနွယ်တည်းသားများကို သူ့ခန္ဓာကိုယ်ပေါ်ရှိ အရုပ်များဆီသို့ တိတ်တဆိတ် စတင်ယဇ်ပူဇော်ခဲ့၏။ အဆိုပါလျှို့ဝှက်ပညာရပ်၏ ဆွဲဆောင်မြူဆွယ်မှုကျော့ကွင်းထဲ မသက်ဆင်းမိရန်မှာ မဖြစ်နိုင်ပေ။ ဤကိစ္စပေါ်သွားသောအခါ သူက အပြစ်ကိုဝန်ခံခဲ့၍ မျိုးနွယ်ဝင်များ၏ ခွင့်လွှတ်မှုအား ရရှိခဲ့သည်။ သို့သော် သူ၏ အဖေအရင်းခေါက်ခေါက်ဖြစ်သော ရွှီကျုံးမျိုးနွယ်စုခေါင်းကိုင်ဖခင်ကို အကြင်နာမဲ့စွာ သတ်ဖြတ်ခဲ့သည်။
ထို့နောက်တွင် ကျန်မျိုးနွယ်ဝင်များကို သွေးအေးအေးနှင့် တစ်ယောက်မကျန် သုတ်သင်ပစ်ခဲ့သည်။ ကလေးလူကြီးမရွေး အကုန်လုံးမှာ ခေါင်းဖြတ်ခံရကာ သူ၏အရုပ်များ သန္ဓေပြောင်းဖို့အတွက် ယဇ်ပူဇော်ခံခဲ့ရလေသည်။ ဤနည်းဖြင့် အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်သို့ သူတက်လှမ်းနိုင်ခဲ့၏။
လွန်ခဲ့သော နှစ်ခြောက်ဆယ်က ဤအခြင်းအရာအားလုံး ဖြစ်ပျက်သွားသောအခါ အနောက်ပိုင်းသဲကန္တာရတစ်လျှောက်လုံး အကြီးအကျယ် တုန်လှုပ်ချောက်ချားသွားခဲ့ကြသည်။ ရွှီကျုံးမျိုးနွယ်စုသည် သေးငယ်သောမျိုးနွယ်စုတစ်စု ဖြစ်ပါသော်လည်း ထိုကဲ့သို့ သစ္စာဖောက်သည့်ကိစ္စမျိုးမှာ အဆုံးအစွန်ထိ ဆိုးဝါးယုတ်မာလွန်းလေသည်။ ထိုအကြောင်းကြောင့် ရီချန်ဇီသည် အနောက်ပိုင်းသဲကန္တာရ၌ နာမည်ဆိုးနှင့် ချက်ချင်း ကျော်ကြားလာခဲ့၏။
နောက်နှစ်ခြောက်ဆယ်စက်ဝန်းအတောအတွင်း အနောက်ပိုင်းသဲကန္တာရ၌ သူ သုံးကြိမ်ပေါ်လာခဲ့သည်။ တစ်ကြိမ်ပေါ်လာတိုင်း မျိုးနွယ်စုတစ်စုကို အမြစ်ဖြုတ် သုတ်သင်ခဲ့သည်။ ပထမဆုံးနှစ်ကြိမ်က အသေးစားမျိုးနွယ်စုများဖြစ်ခဲ့သော်လည်း တတိယအကြိမ်မှာတော့ အလယ်အလတ်မျိုးနွယ်စုတစ်စု ဖြစ်ခဲ့သည်။ ထိုအခြေအနေက သူ့အား အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်သို့ ရောက်ရှိစေခဲ့သည်။ ထို့နောက်တွင်တော့ သူကား ပျောက်ချင်းမလှပျောက်သွားခဲ့၏။
လျှပ်စီးသဖွယ် လေကိုခွင်းသွားနေစဉ် ရီချန်ဇီက တွေးနေသည်။ "ငါ ကောင်းကင်မြေကြီးမှုန် လုံလုံလောက်လောက်ရရင် ငါ့ရဲ့ လျှို့ဝှက်ပညာရပ်နဲ့အတူ တွဲသုံးပြီး ငါ့အရုပ်တွေရဲ့ စွမ်းအားကို လှုံ့ဆော်နိုင်ပြီ။ ပြီးရင် ယဇ်သွေးတစ်သိန်း လိုမယ်။ ဒါဆို အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ကို တက်ခွင့်ရပြီ" မန်ဟို နေရာရွှေ့ပြောင်းတိုင်း သူလည်း ထိုနည်းတူပင်။
သူသည် သူနှင့်မန်ဟို့အကြားတွင် အကွာအဝေးတစ်ခု ခြားထားနိုင်၍ မန်ဟို့အတွက် လိုက်မမှီဖြစ်နေသည်။
မန်ဟို့ကို ဝန်းရံလျက်ရှိသော ဧရာမသွေးမျက်နှာကြီးမှာ ရုတ်တရက် ပို၍ပင်ကြီးမားလာပြီး ချေမှုန်းခြင်းစွမ်းအင်များကို ထုတ်လွှတ်ရင်း ရှေ့တက်သွား၏။ ရီချန်ဇီ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားသော်လည်း သူကား နည်းနည်းလေးမှ အရှိန်မလျှော့ပေ။ ထိုအစား ပို၍ပင် မြန်မြန် သွားနေသည်။
"သေစမ်း။ ဘယ်လိုလုပ်ပြီး ဒီကောင် ဒီလောက်မြန်နိုင်တာလဲ" သူက တွေးသည်။ ရီချန်ဇီသည် စိတ်ထဲတွင် ဟိန်းဟောက်ရင်း ဆက်ပြေးနေ၏။ သူ ဤသို့ အားကုန်မထုတ်ရသည်မှာ တော်တော်ကြာခဲ့လေပြီ။
"ငါ့ကို ဖမ်းချင်တယ်လား။ မင်းမှာ အရည်အချင်းမရှိဘူး" ရီချန်ဇီက အေးစက်စက် နှာမှုတ်ပြီးနောက် သူ၏အမြန်နှုန်းကို နောက်တစ်ဖန် မြှင့်တင်ရန် နတ်ဘုရားစွမ်းရည်များကို အသုံးပြုလိုက်သည်။
သို့သော် တစ်ချိန်တည်းမှာပင် မန်ဟိုက ရုတ်တရက် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို အသုံးပြုလိုက်သည်။ ၎င်း ပေါ်လာသည့်အခိုက်အတန့်တွင် ရီချန်ဇီ လေလယ်တွင် တုံ့ခနဲ ရပ်သွားရ၏။ ဗြုန်းစားကြီး ရပ်သွားရခြင်းက သူ့အား လိပ်ပြာလွင့်မတတ် လန့်သွားစေသည်။ မြန်မြန် ပြန်လှုပ်ရသွားသော်လည်း ထိုအချိန်တွင် မန်ဟို့၏ 'မျက်နှာမဲ့' နတ်ဘုရားစွမ်းအားလှိုင်းများက ရောက်ရှိလာခဲ့ပြီဖြစ်သည်။
ဝုန်းခနဲ မြည်ဟည်းပြီး ရီချန်ဇီ၏ပါးစပ်မှ သွေးများပန်းထွက်သွားသည်။ သို့သော် ငါးကြေးခွံငါးခု ရုတ်တရက် ပေါ်လာပြီး ပေါက်ကွဲသွားရာ သူ့ကို အဟုန်မြှင့်ပေး၍ နောက်တစ်ကြိမ် လွှတ်သွားစေပြန်သည်။
"သေစမ်း အဲ့ဒါ ဘာနတ်ဘုရားစွမ်းရည်လဲ" ရီချန်ဇီက မျက်နှာဖြူဖပ်ဖြူလျော်နှင့် တွေးသည်။ သူသည် စိတ်ပိုင်းဖြတ်ပြီး ခေါင်းကိုငုံ့ရင်း ထုတ်နိုင်သမျှသော အမြန်နှုန်းဖြင့် ဆက်ပြေးလေသည်။
အချိန်များကုန်လွန်ပြီး မကြာမီ တစ်ရက်ကြာခဲ့လေပြီ။
မန်ဟို မျက်မှောင်ကြုတ်နေသည်။ သူသည် ပိုပို၍ ဆတိုးလာသော အမြန်နှုန်းဖြင့် ရွေ့လျားနေသော ရီချန်ဇီကို လှမ်းကြည့်၏။ မန်ဟို့မျက်လုံးထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍ပင် အားကောင်းလာသည်။ ဤရီချန်ဇီသည် သူကြုံတွေ့ခဲ့ဖူးသည့် အမြန်ဆုံးကျင့်ကြံသူများထဲက တစ်ယောက်ဖြစ်သည်။ သူက လေထုနှင့်တစ်သားတည်းဖြစ်စေသော အပြေးသိုင်းတစ်ခုကိုလည်း တတ်မြောက်ထားသယောင်ပင်။ အသေးစားနေရာရွှေ့ပြောင်းခြင်းနှင့် ပေါင်းစည်းသွားသောအခါ ၎င်း၏စွမ်းအားသည် ပို၍ပင် မြင့်တက်သွား၏။
သူတို့နှစ်ယောက်ကြားက အကွာအဝေး နောက်တစ်ဖန် ဟသွားပြန်သည်ကို ကြည့်ရင်း မန်ဟိုက သွေးရောင်အလင်းကို သူ့အား ဝန်းရံလိုက်စေသည်။ မြန်နှုန်းမြင့်သွေးအလင်းက သူ၏အမြန်နှုန်းကို ကြောက်မက်ဖွယ်ကောင်းစွာ မြှင့်တင်ပေးလိုက်၏။ သူ၏ခန္ဓာကိုယ်သည် သရဲတစ်ကောင်အလား ဝေဝါးသွားပြီးနောက် အသေးစားနေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ အကွာအဝေးအား နောက်တစ်ဖန် ချုံ့လိုက်ပြန်သည်။
ကံဆိုးစွာနှင့် သူ နီးကပ်သွားသည်နှင့်တစ်ပြိုင်နက် ရီချန်ဇီက ယခင်ထက် အဆတစ်ရာ ပိုမြန်သော အစိမ်းရောင်အငွေ့အသွင်ပြောင်းကာ ပျောက်သွားပြန်သည်။
ဤမျှ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားသည့်ခုလတ်တွင် သူက အသေးစားနေရာရွှေ့ပြောင်းခြင်းသုံးလိုက်ပြန်ရာ သက်ရောက်မှုကို ပို၍ကြီးမားသွားစေ၏။
"အဲ့ဒီသိုင်းပဲလား" မန်ဟိုက တွေးသည်။ ယခုတွင် သူတို့နှစ်ယောက်ကြားမှာ ကွာဝေးသွားပြန်လေပြီ။ မန်ဟိုမှာ အံ့အားသင့်နေပြီး သူ၏အသတ်အဖြတ်စိတ်ဆန္ဒမှာ ပို၍ပင်ပြင်းထန်လာ၏။ သူသည် မြန်နှုန်းမြှင့်သွေးအလင်းနှင့် အသေးစားနေရာရွှေ့ပြောင်းခြင်းကို တစ်လှည့်စီ ဆက်သုံးနေသည်။ ယခုတွင် သူ့မှာ အပြေးသိုင်းကို သုံးတော့မည့် ရီချန်ဇီထံမှ မီတာသုံးထောင်အကွာသို့ ရောက်နေလေပြီ။
မန်ဟိုက သိုလှောင်အိတ်ကို ပုတ်ပြီး မှော်ပစ္စည်းတစ်ပုံတခေါင်း ထုတ်လိုက်သည်။ ဤပစ္စည်း တော်တော်များများမှာ အနောက်ပိုင်းသဲကန္တာရသို့ လာပြီးနောက်မှ ရရှိခဲ့ခြင်းဖြစ်သည်။ တချို့က အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကျူးကျော်စစ်ပွဲမှ ဖြစ်ပြီး တချို့က ရွှေဟိန်းသံမျိူးနွယ်စုကျင့်ကြံသူဆီမှ ဖြစ်၏။
သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပစ္စည်းများအား အရှေ့သို့ ထွက်သွားသော အလင်းတန်းများ အသွင်ပြောင်းသွားစေသည်။
"ပေါက်ကွဲစမ်း" မန်ဟိုက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် ဟိန်းဟောက်သည်။ ချက်ချင်းပင် မှော်ပစ္စည်းဒါဇင်များစွာ တုန်ခါလာပြီးနောက် ပေါက်ကွဲသွား၏။ မန်ဟိုမှာ ထိုကဲ့သို့ အဖိုးထိုက်ရတနာများအား ဖြုန်းတီးပစ်ရသည်ကို မုန်းလေသည်။ သို့သော် ယခုတွင် ထိုအကြောင်းများအား စဉ်းစားနေရန် အချိန်မရှိ။ မှော်ပစ္စည်းများ ပေါက်ကွဲသွားသဖြင့် ထစ်ချုန်းသံကြီးက အထက်ဘဝဂ်သို့တိုင် ရိုက်ခတ်ပြီး လှိုင်းများ ဖြာထွက်လာစေသည်။
ပေါက်ကွဲအားကြီး ပျံ့နှံ့လာစဉ် မန်ဟိုက ပဒုမ္မာဓားဝင်္ကပါကို ပေါ်စေလိုက်သည်။ လည်နေသော သစ်သားအချိန်ဓားများသည် အရှေ့သို့ ထွက်သွားသော အလင်းတန်းတစ်တန်း ဖြစ်သွား၏။
မန်ဟို့အနေဖြင့် အမြန်နှုန်းမြှင့်ရန် ပေါက်ကွဲနေသော မှော်ပစ္စည်းများ၏အဟုန်ကို ငှားယူနိုင်သည်။ ထိုသို့ဆိုလျှင် ရီချန်ဇီနှင့် ပိုနီးကပ်သွားအောင် သူ့ကိုယ်သူ တွန်းကန်နိုင်လိမ့်မည်။
သို့သော် ထိုနည်းလမ်း သုံးလျှင်တောင်မှ မှီဦးမည်မဟုတ်။ ထို့ကြောင့် မန်ဟိုသည် သူ့အမြန်နှုန်းသူ မြှင့်မည့်အစား .... ပဒုမ္မာဓားဝင်္ကပါ၏အမြန်နှုန်းကို အားဖြည့်လိုက်သည်။
ဝင်္ကပါအတွင်းရှိ သစ်သားအချိန်ဓားများမှာ မြန်နှင့်ပြီးဖြစ်သည်။ သို့သော် ပေါက်ကွဲနေသော ပစ္စည်းများမှ ထပ်ပေါင်းပေးလိုက်သော အဟုန်က မီတာသုံးထောင်အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း နီးကပ်သွားစေ၏။ ရီချန်ဇီ သူ၏အပြေးသိုင်းကို အသုံးပြုတော့မည့်အချိန်မှာပင် ဓားဝင်္ကပါကား အချိန်စွမ်းအားများဖြင့် တဟူးဟူးလည်ပတ်လျက် သူ့အနောက်တွင် ပေါ်လာခဲ့လေပြီ။
အချိန်စွမ်းအားက လှိုင်းများ တရိပ်ရိပ်ဖြာထွက်နေစေသည်။ ထို့နောက် မန်ဟို မျက်မှောင်ကြုတ်သွား၏။ ရီချန်ဇီ၏ အပြေးသိုင်းမှာ အမှန်တကယ် ဆန်းကြယ်လှသည်။ အချိန်ဓားဝင်္ကပါ၏စွမ်းအားပင်လျှင် ရီချန်ဇီကို အဝေးသို့ တဟုန်ထိုးထွက်သွားသော အစိမ်းရောင်အငွေ့ဖြစ်မသွားအောင် ဟန့်မတားနိုင်ပေ။ ထိုအချိန်က အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန် ရုတ်တရက် အသက်ဝင်လာသော အချိန်ပင်။
၎င်း သူ့အား တုံ့ခနဲ ရပ်တန့်သွားစေသည့် အခိုက်အတန့်တွင် စူးစူးဝါးဝါးအော်သံကြီး ကြားလိုက်ရသည်။ သို့သော် အစိမ်းရောင်အငွေ့က ရှေ့ဆက်သွားနေပြီး ရီချန်ဇီပုံစံ ပြန်ပြောင်းသွား၏။
ပြန်ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူသည် သွေးလုပ်ကြီးတစ်လုပ် အန်လိုက်ရသည်။ သူ့မျက်နှာမှာ ဖြူဖပ်နေပြီး သူ့ဆံပင်အရောင်က အဖြူရောင်ပြောင်းသွားခဲ့လေပြီ။ သူ၏ခန္ဓာကိုယ်သည် သိသိသာသာ အိုမင်းသွားရာ အံ့ဩတုန်လှုပ်မှုက သူ့မျက်နှာကို ဖုံးလွှမ်းနေတော့သည်။ သူ့မှာ မျက်ဝန်းထဲတွင် အကြောက်တရားအပြည့်ဖြင့် တဆတ်ဆတ်တုန်ရီလာသည်။
"အဲ့ဒီ ကြောက်စရာနတ်ဘုရားစွမ်းရည်ပဲလား" သူက ဦးရေပြားထုံကျင်နေလျက် ပြောသည်။ "ပြီးတော့ .... နောက်ထပ်မှော်ပစ္စည်းတစ်ခု" သူ့မှာ ယခုလေးတင် သက်တမ်းသုံးရာ ဆုံးရှုံးခဲ့ရလေပြီ။ ဤအခြင်းအရာက သူ့ကို ရူးမတတ် ကြောက်သွားစေသည်။ သူသည် နောက်ထပ် သွေးတစ်လုပ်အန်ပြီးနောက် ထပ်ပြေးပြန်သည်။
"ငါ့ချီး ။ ကောင်းကင်မြေကြီးတစ်ပုံရဲ့ တစ်ဝက်လေးပဲကို။ တန်ရဲ့လား။ တန်လို့လားလို့" ရီချန်ဇီကား အံကြိတ်ရင်း လေကို ခွင်းသွားနေ၏။
မန်ဟိုက မျက်မှောင်ကြုတ်နေသည့်အပြင် မျက်လုံးများက အေးစက်ခက်ထန်နေသည်။
"ပဒုမ္မာဓားဝင်္ကပါရဲ့ စွမ်းအားက အပြင်ဘက်ကမ္ဘာထက်စာရင် ဒီမှာ ပိုပြင်းထန်တာမှန်ပေမယ့် ဟင်းလင်းပြင်မှာတုန်းကလောက်တော့ မဟုတ်ဘူး။ ခုနစ်ဆယ်ရာခိုင်နှုန်းနီးပါး အားလျော့နေတယ်"
"ဒါဆို ဓားဝင်္ကပါမှာ ရှိတဲ့ အချိန်စွမ်းအားက ဟင်းလင်းပြင်ထဲမှာပဲ နှစ်တစ်ထောင်အချိန်ပမာဏကို ရောက်ရှိနိုင်တာလား" မန်ဟိုသည် ရီချန်ဇီနောက် လိုက်နေစဉ် အတွေးထဲ နစ်မြောနေ၏။
နောက်တစ်ရက် ကုန်သွားပြန်လေပြီ။
"ဘယ်လိုလုပ် ဒီနေရာ မရောက်သေးတာလဲ" ရီချန်ဇီက တွေးသည်။ "ငါတွက်ချက်ထားရသလောက် ဒီအချိန်ဆို ဒီနေရာမှာ ရှိသင့်နေပြီ" ရီချန်ဇီမှာ မျက်တွင်းများ ချောင်ကျနေ၏။ အထူးသဖြင့် မန်ဟို ဆေးလုံးများ အဆက်မပြတ်စားနေသည်ကို ထည့်စဉ်းစားလျှင် ရီချန်ဇီမှာ ဒွိဟဖြစ်နေသည်။ သို့သော် တစ်ခုခုခိုးယူပြီးလျှင် ပြန်ပေးမည့်အစား အသေခံမည်။ ယင်းက သူ၏စည်းမျဉ်းပင်။ သူသည် အံတင်းတင်းကြိတ်ရင်း နောက်တစ်ဖန် အပြေးသိုင်းကို သုံးလိုက်ပြန်၏။
ဤအခိုက်အတန့်တွင် အဝေးရှိ ကောင်းကင်၌ အလင်းတန်းတစ်တန်းပေါ်လာသည်။ ဤတဟုန်ထိုးလာနေသော အလင်းတန်းမှာ ကျင့်ကြံသူမဟုတ်။ မီတာတစ်ထောင်အကျယ်ကျောက်တုံးတစ်တုံးပင်။ ဤကျောက်တုံးသည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ၎င်း၏ဝင်ရိုးအတိုင်း ရွေ့လျားနေသည်။ ၎င်းကား ဤကုန်းမြေကြီး၏အနားသတ်နှင့် နီး၏။
"ဒီမှာပဲ" ရီချန်ဇီ၏ မျက်ဝန်းများတွင် ဝမ်းသာသွားသော အရိပ်အယောင်များ ပြည့်နှက်သွားသည်။ မန်ဟို မျက်မှောင်ကြုတ်နေသည့်အချိန်မှာပင် ရီချန်ဇီသည် ရုတ်တရက် လေပေါ် ခုန်လိုက်၏။ မန်ဟို စောင့်ကြည့်နေစဉ် သူသည် မှော်ပညာတစ်ခုကို သုံးရန် ပြင်ရင်း မုဒြာလက်ကွက်ဖော်သည်။ ရုတ်တရက် အဝေးတွင် ပျံသန်းနေသော ကျောက်တုံးကြီးက ဦးတည်ချက်ပြောင်းပြီး သူ့ဆီပြေးဝင်လာ၏။
"သူက ဒီနေရာက ကျောက်တုံးတွေကို ထိန်းချုပ်နိုင်တာကိုး" မန်ဟိုက သူငယ်အိမ်များ ကျဉ်းမြောင်းသွားပြီး တွေးသည်။ ရီချန်ဇီ ကျောက်တုံးထံ သွားနေသည်ကို မြင်သောအခါ မန်ဟို့၏မျက်လုံးတွင် ရုတ်တရက် တောက်ပသောအလင်းရောင်တစ်ခု ပြည့်နှက်သွားသည်။ ဤအရေးကြီးသော အခိုက်အတန့်တွင် သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်ညှိုးထိုးပြီး ရီချန်ဇီ ကျောက်တုံးကြီးအပေါ် ဆင်းသက်တော့မည့်အချိန် အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို သုံးလိုက်သည်။
၎င်းက ရီချန်ဇီ အစိမ်းရောင်အငွေ့အသွင်ပြောင်းတော့မည့်အချိန်မှာပင် ဖြစ်ပျက်သွားခဲ့ခြင်းပင်။ ရီချန်ဇီသည် သူ၏ပြိုင်ဘက် ဤနတ်ဘုရားစွမ်းရည်ကို အသုံးပြုနိုင်ခြေများကြောင်း အချိန်အတော်ကြာကတည်းက ခန့်မှန်းခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် သူက အစိမ်းရောင်အငွေ့အသွင်ပြောင်းပြီးနောက် ကျောက်တုံး၏မျက်နှာပြင်ပေါ်တွင် ပြန်ပေါ်လာ၏။
"တစ်နေ့နေ့ ပြန်တွေ့ရဖို့ မျှော်လင့်ပါတယ် တာအိုရောင်ရင်း" သူက အားပါးတရရယ်ရင်း အော်သည်။ သို့သော် ဤအခိုက်အတန့်တွင် သူ၏ခြေထောက်အောက်ရှိ ကျောက်တုံးကြီး... ရုတ်တရက် ရွေ့လျားမှုမရှိတော့သည်ကို သဘောပေါက်လိုက်သဖြင့် သူ့မျက်နှာမှာ အံ့ဩမှင်သက်သွားတော့သည်။
မန်ဟို့၏ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်က ရီချန်ဇီကို ရည်ရွယ်ခြင်းမဟုတ်၊ ကျောက်တုံးကြီးကိုပင်။
ကျောက်တုံးကြီးရပ်သွားသည့် အခိုက်အတန့်တွင် မျက်လုံးမဲ့ပိုးချည်က ရုတ်တရက် ကျောက်တုံးကြီးကို ရစ်ပတ်တုပ်နှောင်လိုက်၏။ တခဏကြာသော် ကျောက်တုံးကြီးက အဟုန်ပြန်ရပြီး ရှေ့ထွက်သွားသည်။ ၎င်းက မန်ဟို့ကိုလည်း ဆွဲခေါ်သွားလေသည်။
တူညီသောအလျင်ဖြင့် ဆွဲခေါ်ခံလိုက်ရသဖြင့် မန်ဟိုက ၎င်း၏မျက်နှာပြင်ပေါ်သို့ ဖတ်ခနဲ ရောက်လာသည်။ သူသည် ညာဘက်ကို မြှောက်ပြီး လက်သီးထိုးချလိုက်၏။ ရီချန်ဇီ၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး အံတင်းတင်းကြိတ်ကာ ပြန်တိုက်ခိုက်ရန် ပြင်သည်။
အုန်းခနဲ ဟိန်းထွက်သွားသည်။ ရီချန်ဇီမှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် ကျောက်တုံးကြီးပေါ်မှ လွင့်ထွက်သွား၏။ မျက်လုံးမဲ့ပိုးချည် ပြေလျော့သွားပြီး မန်ဟိုက ကျောက်တုံးကြီးအပေါ်မှ နေရာရွှေ့ပြောင်းလိုက်သည်။ သူ ပြန်ပေါ်လာသောအခါ ရီချန်ဇီ၏ ဘေးတည့်တည့်သို့ ရောက်နေလေပြီ။ သူ၏ညာလက်က ထိုလူ့ကို သုတ်သင်ရန် မြွေလိမ်မြွေကောက် ထွက်သွား၏။
သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်တစ်ပြင်လုံး ရုတ်တရက် မီးခိုးရောင်ပြောင်းသွားပြီး မီးခိုးရောင်မြူငွေ့များ တလိပ်လိပ်ထကာ မြေပြင်ကို ဖုံးလွှမ်းသွား၏။ အရာအားလုံး မီးခိုးရောင်ပင်လယ်ကြီးဖြစ်သွားလေပြီ။
တစ်ချိန်တည်းမှာပင် မန်ဟို .... တစ်ကိုယ်လုံးလှုပ်မရတော့ကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားသည်။ ရီချန်ဇီလည်း တူညီသောအခြေအနေတွင် ဖြစ်၏။
တစ်ကမ္ဘာလုံးရှိ အရာရာတိုင်းမှာ ရုတ်တရက်ကြီး လှုပ်ရှားမှုကင်းမဲ့သွားသည့်အလားပင်။
တစ်ချိန်တည်းမှာပင် မြူကို ဖြတ်လျက် ရွေ့လျားလာနေသော အရိပ်တစ်အုပ်အား မြင်နိုင်၏။ သူတို့၏ မျက်နှာများပေါ်တွင် ငိုင်တိုင်တိုင် အမူအရာများရှိပြီး အင်မိုတယ်တံတားကျောက်ခဲကြီးများကို ထမ်းကာ မြူများကြားမှ မလှမ်းချင် လှမ်းချင်လှမ်းလာနေကြသည်။
ထူးဆန်းသော ခပ်သဲ့သဲ့အသံများ ကမ္ဘာတစ်လျှောက် ပဲ့တင်ထပ်နေသည်ကို ကြားလိုက်ရသည်။ "အင်မိုတယ်တံတား ဘယ်အချိန်မှ အသစ်ပြန်ဖြစ်လာမှာလဲ....."
"ဆရာကြီးရေ ဘယ်နေ့မှ ဆရာကြီးကို ထပ်မြင်ရမှာလဲ"
***