← Chapters

သွေးမျက်နှာလူထူးဆန်း

Vol. 33 Ch. 459

သွေးမျက်နှာလူထူးဆန်း

Vol. 33 Ch. 459

ဤအရိပ်အားလုံးမှာ အတော်လေး ‌‌မထင်ရှားဝေဝါးနေသလို၊ ကျင့်ကြံခြင်းအ‌‌ခြေခံလည်း ရှိပုံမရပေ။ သက်ကြီးရွယ်အို၊ ကလေးလူငယ်၊ ယောက်ျား၊ မိန်းမအစုံပင်။ အကုန်လုံးမှာ အင်မိုတယ်တံတားကျောက်ခဲကြီးများကို ထမ်းရင်း မချင့်မရဲ ဖြစ်နေသယောင်ရှိ၏။ သူတို့သည် တလိပ်လိပ်ထနေသော မြူငွေ့များကြားတွင် တစ္ဆေများသဖွယ် လျှောက်လာနေကြသည်။

မန်ဟို ဤမြင်ကွင်းကို ကြည့်နေစဉ် ပြင်းထန်သောအန္တရာယ်အာရုံကြီးတစ်ခု သူ့စိတ်ထဲတွင် ဖြစ်ပေါ်လာ၏။ ၎င်းက အန္တရာယ်များသော သားရဲကြီးတစ်ကောင်နှင့် ပက်ပင်းတွေ့ခဲ့သည့်အလား ခံစားရစေသည်။ ဤထူးဆန်းသောအရိပ်များသာ သူ့ဆီ ပြေးဝင်လာပါက သူ မုချ သေရလိမ့်မည်ဟု ခံစားနေရလေပြီ။

"သူတို့က ဘာတွေလဲ..." သူသည် သရဲလိုအရိပ်များကို ကြည့်ရင်း တွေးနေမိ၏။ မြူကြားထဲတွင် လမ်းလျှောက်နေကြသော အရိပ်တစ်ရာကျော်ရှိလေသည်။ သူတို့ အနားရောက်လာပြီး သူ့ဘေးမှ ကျော်ဖြတ်သွားစဉ် ဟင်းလင်းပြင်တွင် ခံစားခဲ့ရသည့်နှင့်တူညီသော အအေးဓာတ်ကို မန်ဟို ခံစားလိုက်ရ၏။

ထို့နောက် ထိုအဖွဲ့ထဲက ထူးဆန်းသောအရိပ်တစ်ခုသည် လေလယ်တွင် ပျံဝဲလျက်ရှိသော ဧရာမကျောက်တုံးကြီးဖြတ်၍ လျှောက်သွားသည်ကို သူမြင်လိုက်ရ၏။ ၎င်းအခြားတစ်ဖက်တွင် ပြန်ပေါ်လာသောအခါ အဆိုပါကျောက်တုံးကြီးနှင့် တစ်ထပ်တည်းတူသော ‌‌ပုံရိပ်ယောင်ကျောက်တုံးကြီးကို ပခုံးတွင် ထမ်းလျက်ရှိလေသည်။

အရိပ်မှာ ထိုကျောက်တုံး၏ဝိညာဉ်အား သယ်ဆောင်ရင်း အဝေးသို့ ဆက်လျှောက်သွား၏။

မီတာတစ်ထောင်အကျယ် အင်မိုတယ်တံတားကျောက်ခဲကြီးမှာ လေလယ်တွင် တန့်နေဆဲ ဖြစ်သော်လည်း ၎င်းသည် ဟင်းလင်းပြင်ကို ဖြတ်၍ ခရီးနှင်နိုင်စွမ်း ဆုံးရှုံးသွားခဲ့သကဲ့သို့ အသက်မဲ့သွားသည်ကို မန်ဟို အာရုံရလိုက်၏။

အရိပ်များ အဝေးသို့ တရွေ့ရွေ့ ထွက်ခွာသွားစဉ် အသံများကား ပဲ့တင်ထပ်လျက် ကျန်နေခဲ့သည်။

"အင်မိုတယ်တံတား ဘယ်အချိန်မှ အသစ်ပြန်ဖြစ်လာမှာလဲ... ဆရာကြီးရေ ဘယ်နေ့‌မှာ ဆရာကြီးကို ပြန်မြင်ရမှာလဲ...."

အသံများက တဖြေးဖြေး တိုးညှင်းပျောက်ကွယ်သွားသည်။ တလိပ်လိပ်ထနေသောမြူများသည် ရုတ်တရက် လေပြင်းမုန်တိုင်းဖြစ်လာ၏။ လေမုန်တိုင်းက ကောင်းကင်ရှိ မီးခိုးရောင်အက်ကြောင်းများအား မန်ဟို၊ ရီချန်ဇီနှင့် မီတာတစ်ထောင်အကျယ်ကျောက်တုံးကြီးကိုပင် စုပ်ယူရင်း လည်သွားစေသည်။

အမှန်တကယ်ဆိုရလျှင် ပတ်ဝန်းကျင်ရှိ အပျက်အစီးများ၊ အရာဝတ္ထုများလည်း လေမုန်တိုင်းကြီးအတွင်း ဆွဲယူသွင်းခံလိုက်ရသည်။

၎င်းအား ခုခံတွန်းလှန်မရ၊ အရာအားလုံး အပေါ်သို့ စုပ်ယူခံလိုက်ရသည်သာ။ ထို့နောက် ‌လေမုန်တိုင်းကြီးသည် အတွင်းရှိ အရာအားလုံးကို အရပ်မျက်နှာတစ်ခွင်သို့ လွင့်ထွက်သွားစေကာ ပြိုကွဲသွားသည်။

မန်ဟိုသည် ထိုနှစ်က ဒဏ္ဍာရီလာသိမ်းငှက်ကြီး၏ တောင်ပံများကြောင့် လေတိုက်ခတ်ခံခဲ့ရသော အချိန်တုန်းက ခံစားချက်မျိုး ရလိုက်သည်။ လေက သူ၏ခန္ဓာကိုယ်ကို တစစီပြတ်ထွက်တော့မတတ် စုတ်ဖြဲကာ အဝေးသို့ လွင့်ထွက်သွားစေသည်။

သူသာ သာမန်အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် အသက်ထွက်သွားမည်မှာ မလွဲဧကန်ပင်။ သို့သော် မန်ဟို့တွင် အမြုတေဖြစ်တည်မှုနှင့် အနုသုခုမရုပ်ခန္ဓာအကြား ကွာဟမှုကို သေးငယ်စေခဲ့သော ဓာတ်ငါးပါးအရုပ်သုံးရုပ် ရှိသည်။ သူက အံတင်းတင်းကြိတ်ပြီး သွေးရူးသွေးတန်း တိုက်ခတ်နေသော လေဖိအားကို ဖယ်ရှားရန် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်၏။

နှစ်နာရီခန့် ကြာပြီးနောက်တွင် လေဖိအားကို မန်ဟို ဖိနှိပ်နိုင်သွားသည်။ သူသည် ၎င်း၏ မွှေနှောက်ဖျက်စီးနေသော စွမ်းအားအတွင်းမှ လွတ်‌မြောက်အောင် ‌အသေးစားနေရာရွှေ့ပြောင်းခြင်းအား ဖော်ဆောင်လိုက်သည်။

နောက်ဆုံးတွင် လေဖိအားရပ်ဝန်းမှ သူ့ကိုယ်သူအား ရွှေ့ပြောင်းပြီးသောအခါ သူ့ပါးစပ်မှ သွေးများပန်းထွက်လာပြီး မျက်နှာဖြူဆုပ်သွားသည်။ သူသည် ‌တောင်တန်းတစ်တန်းသို့ ‌နေရာရွှေ့ပြောင်းခဲ့ကာ ထိုနေရာတွင် ကျင့်ကြံခြင်းဂူတစ်လုံး အလျင်အမြန် တူးပြီး တရားထိုင်ရန် တင်ပျဉ်ခွေထိုင်ချလိုက်၏။

ရက်အနည်းငယ်ကြာသော် လေကား တဖြေးဖြေး ငြိမ်သွားသည်။ မန်ဟိုက ကျင့်ကြံခြင်းဂူမှ ထွက်ခွာပြီး ပျံတက်လိုက်သည်။ သူသည် လေမုန်တိုင်းကြောင့် ကျန်ရစ်ခဲ့သော ဖရိုဖရဲပျက်စီးစုတ်ပြတ်သပ်နေသည့် ရှုခင်းကြီးကို ကြည့်ရင်း ‌ပျံဝဲနေ၏။ လေက နယ်‌မြေတစ်ခုလုံးကို လှည်းကျင်းတိုက်ခတ်သွားရာ တောင်ထိပ်အတော်များများကိုပင် ကြေမွပျက်စီးစေခဲ့သည်။

"အဲ့ဒီတစ္ဆေတွေက ဘာတွေလဲ...." မန်ဟို မျက်မှောင်ကြုတ်နေ၏။ ဤပဟေဠိဆန်သော တံတားပျက်နယ်ပယ်နှင့်ပတ်သက်ပြီး ထူးဆန်းသောခံစားချက်ကြီးရလေသည်။

ရီချန်ဇီကား အရိပ်အယောင်ပင် မ‌‌တွေ့ရတော့။ ထိုလူ့၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို စဉ်းစားကြည့်လျှင် လေပြင်းဒဏ်မှ လွတ်နိုင်‌ခြေများသည်။ ထိုမျှသာမက သူသည် မန်ဟို့ကို အလွန်ကြောက်သဖြင့် ဤကမ္ဘာမှ မြန်နိုင်သမျှ မြန်မြန် ထွက်သွားခဲ့လောက်ပြီ။

မန်ဟိုက တစ်ယောက်တည်း တီးတိုးရေရွတ်ရင်း အဝေးသို့ လှမ်းကြည့်လိုက်သည်။ ရုတ်တရက် တလက်လက်တောက်ပနေသော အပုံတစ်ပုံကို မြင်လိုက်ရသဖြင့် သူ အံ့ဩသွား၏။ အလင်းရောင်ထဲတွင် အမှုန့်တချို့ရှိနေသည်။ ၎င်းကား ကောင်းကင်မြေကြီးမှုန်ပင်။

သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ၎င်းအနားရောက်သွား၏။ သူသည် ဘင်ခရာတီးနေသကဲ့သို့ ရင်တဒိန်းဒိန်းခုန်နေလျက် ၎င်းအား အလျင်အမြန် သိမ်းလိုက်သည်။ ထို့နောက် အရပ်မျက်နှာတစ်ခွင်သို့ စိတ်ဝိညာဉ်အာရုံဖြန့်ကျက်လိုက်၏။ အံဖွယ်ကောင်းစွာနှင့် ကောင်းကင်‌မြေကြီးမှုန်များ လေလယ်တွင် မျောလျက်ရှိသော နောက်ထပ်သုံးနေရာကို သူတွေ့လိုက်ရသည်။

၎င်းတို့မှာ အမှုန်‌လေးများသာ ဖြစ်သော်လည်း ‌မည်သို့ဆိုစေ ကောင်းကင်မြေကြီးမှုန်ဖြစ်နေသေးလေသည်။

"သိပြီ" သူက တွေးသည်။ "အဲ့ဒီလေက ပတ်ဝန်းကျင်မှ စုနေတဲ့ ကောင်းကင်မြေကြီးမှုန်တွေကို ပျံ့လွင့်သွားစေတာပဲ... အဲ့ဒီလိုဆိုရင် အခု လေထဲမှာ ကောင်းကင်မြေကြီးမှုန်တွေ ရှိနေရမယ်" သူ့မျက်လုံးများမှာ ပျော်ရွှင်မှုများဖြင့် တောက်ပသွား၏။ သူသည် တစ်ချက်လေးမှ တုံ့ဆိုင်းမနေဘဲ နေရာရွှေ့ပြောင်းလိုက်သည်။ သူ့အတွက် ကောင်းကင်မြေကြီးမှုန်များကို စုဆောင်းရန် တခဏသာကြာလိုက်ပြီး ထို့နောက်တွင် အဝေးသို့ တဟုန်ထိုးထွက်သွား၏။

အချိန်တချို့ကြာသော် မန်ဟို့အသက်ရှူသံများ မြန်လာသည်။ သူ့အတွက် လက်သီးတစ်လုံးစာ ကောင်းကင်‌မြေကြီးမှုန်များ လုံလုံလောက်လောက် စုဆောင်းမိရန် သိပ်မကြာလိုက်ပေ။

ဤအချိန်အတွင်း လေကြောင့်ထလာသော ကောင်းကင်မြေကြီးမှုန်များကို သဲကြီးမဲကြီး လိုက်ရှာနေသော အခြားကျင့်ကြံသူများကိုလည်း မြင်လိုက်ရသည်။ တချို့က တိုက်ပင် တိုက်ခိုက်နေကြသော်လည်း တိုက်ကွက် တစ်ကွက်နှစ်ကွက်ထက် မပိုပေ။ လိုက်ရှာသည်ထက် တိုက်ခိုက်သည်က အချိန်ပိုကုန်သည်မဟုတ်ပါလော။

"ကောင်းကင်မြေကြီးက ငါ့ရဲ့ ‌မြေအမျိုးအစားအရုပ်ကို ဖန်တီးဖို့အတွက် အရေးပါတယ်" မန်ဟိုက မျက်လုံးနီကြီးများဖြင့် ‌မြင်ရသမျှ ကောင်းကင်မြေကြီးမှုန်များကို တစမကျန် လိုက်စုရင်း တွေးနေသည်။ တစ်ယောက်ယောက် သူနှင့်ပြိုင်လုလျှင် အားကုန်တိုက်ခိုက်ရန် ဝန်မလေးပေ။

နှစ်နာရီကြာသော်

မန်ဟို့လက်သီးက အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့် ကျင့်ကြံသူတစ်‌ယောက်အပေါ် ကျရောက်ကာ ထိုသူ့အား ‌လွင့်ထွက်သွားစေသည်။ မန်ဟိုသည် သူ့အရှေ့ရှိ ကောင်းကင်မြေကြီးမှုန်အား ဆတ်ခနဲ လှမ်းယူပြီး သူ့လမ်းသူ ဆက်သွား၏။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူမှာ မန်ဟို ထွက်သွားသည်ကို ကြောက်လန့်မှုတို့ပြည့်နေသော မျက်ဝန်းများဖြင့် ကြည့်နေသည်။ စောစောက လက်သီးချက်က သူ၏ အနုသုခုမရုပ်ခန္ဓာကို တဂျုန်းဂျုန်း မြည်သွားစေ၍ သူ့အား အံ့ဩမှင်သက်နေစေတော့သည်။

"အဲ့ဒါ ဘယ်သူလဲ...."

ခြောက်နာရီကြာသော်

ပုံရိပ်သုံးခု လေလယ်တွင် အကြိတ်အနယ် တိုက်ခိုက်နေကြသည်။ မန်ဟိုက သူတို့ထဲက တစ်ယောက်ဖြစ်၏။ သူသည် လက်နှစ်ဖက်လုံးဖြင့် မုဒြာလက်ကွက်ဖော်ကာ မီးပင်လယ်ကြီးတစ်စင်းအား ဟုန်းဟုန်းတောက်သွားစေသည်။ ၎င်းက အဘက်ဘက်သို့ မီးလောင်တိုက်သွင်းလိုက်ရာ ရန်သူနှစ်ယောက်ကို မတတ်သာဘဲ နောက်ဆုတ်လိုက်ရစေသည်။ မန်ဟိုက အင်္ကျီလက်စခါရင်း ကောင်းကင်မြေကြီးကို စုဆောင်းပြီးနောက် အဝေးသို့ ရွှီးခနဲ ထွက်သွားသည်။

အခြားကျင့်ကြံသူနှစ်ယောက်မှာ အံကြိတ်လျက် ကျန်ခဲ့သည်။ သူတို့၏ရင်ထဲတွင် အကြောက်တရားများ စိုးမိုးနေပြီး နောက်ကပင် မလိုက်ရဲကြပေ။ သူတို့မှာ ခြေဆောင့်ပြီး ကောင်းကင်မြေကြီးအား ရှာရန် မတူညီသော အရပ်မျက်နှာသို့ ထွက်သွားခြင်းသာ တတ်နိုင်၏။

အချိန်များ ကုန်ဆုံးသွားသည်။ တစ်ရက်ကြာသော် မန်ဟို့မျက်လုံးများ ရဲရဲနီနေလေပြီ။ သူသည် မွေးကင်းစကလေးခေါင်းအရွယ်ခန့်ရှိသော ကောင်းကင်‌မြေကြီးမှုန်များကို စုဆောင်းနိုင်ခဲ့ပြီးဖြစ်၏။ အကုန်လုံးက သူ၏သိုလှောင်အိတ်ထဲတွင်ပင်။ သူသည် ရှာပုံတော်ဖွင့်ရင်း ဆက်လက်ပျံသန်းနေသည်။ သို့သော် သူ တစ်မှုန်မှ မတွေ့ရသည်မှာ လေးနာရီနီးပါးရှိခဲ့လေပြီ။ ကြည့်ရသရွေ့ တခြားသူများလက်ထဲရောက်ကုန်ကြပြီ ထင်ရသည်။

"သူများတွေ ယူသွားတာလား။ ကိစ္စမရှိဘူး" သူက မျက်ဝန်းထဲတွင် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်နှင့် တွေးသည်။ ကျင့်ကြံခြင်းလောကတွင် အားကြီးသူက အားနည်းသူကို အနိုင်ကျင့်စတမ်းပင်။ ကျင့်ကြံခြင်းအရင်းအမြစ်များ လုယက်ခြင်းက ပုံမှန်ဖြစ်ပြီး မန်ဟို့အတွက် မစိမ်းပေ။ သူသည် မျက်လုံးများ အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တောက်ပနေလျက် အခြားကျင့်ကြံသူများကို အရှာထွက်သွားသည်။

တစ်ရက်ကြာသော် ဝုန်းဝုန်းဒိုင်းဒိုင်း ပေါက်ကွဲသံများ လေတွင် ပြည့်နှက်နေသည်။ ထိုစဉ် သက်လတ်ပိုင်းလူတစ်ယောက်မှာ မျက်နှာဖြူဖပ်ဖြူရော်နှင့် မျက်လုံးများ၌ အံ့ဩခြင်းတို့ ပြည့်နှက်နေလျက် ‌သွေးအန်လိုက်သည်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သိုလှောင်အိတ်ထဲရှိ ကောင်းကင်မြေကြီးလက်တစ်ဆုပ်စာကို ထုတ်၍ အရှေ့သို့ ပစ်ပြီးနောက် ချာခနဲ လှည့်ပြေးတော့သည်။

မန်ဟိုက တ‌ထောင်းထောင်း‌ ထနေသော မြူများကြားမှ ထွက်လာကာ ၎င်းအား ဖမ်းယူလိုက်သည်။ သူသည် ကျင့်ကြံသူများထပ်ရှာရန် တခြားဘက်သို့ လှစ်ခနဲ ထွက်သွား၏။

နှစ်ရက်ကြာသော် မျက်နှာနီနီ အဘိုးကြီးတစ်ဦးသည် အပေါင်းအပါ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်နှင့် အခြားကျင့်ကြံသူတစ်‌ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီး ကောင်းကင်မြေကြီးအား လုယူလိုက်ကြသည်။ သူ ‌တဟားဟားရယ်ရင်း ‌ ၎င်းအား သိုလှောင်အိတ်ထဲ ထည့်လိုက်သည့်အခိုက်အတန့်မှာပင် အဝေးတွင် အနီရောင်မြူထုကြီး ရုတ်တရက် ပေါ်လာသည်။ မြူအတွင်းမှ ဧရာမမျက်နှာကြီးတစ်ဖက် ဘွားခနဲ ထွက်လာ၏။

မျက်နှာနီနီအဘိုးကြီး ထိုမျက်နှာကြီးကို မြင်လိုက်သည်နှင့် ရင်တုန်ပန်းတုန်ဖြစ်သွားပြီး ‌ခေါင်းကြိမ်းဖင်ကြိမ်းသွားသည်။ ဤမျက်နှာကြီးကို သူသိသည်။ ၎င်းက ခုနစ်ယောက်တိုက်ပွဲတွင် ပါဝင်ခဲ့သော နေ့ရက်များတုန်းက ပေါ်လာခဲ့ဖူးပြီး သူတို့အားလုံးကို အသက်ထွက်လုနီးနီး တိုက်ခိုက်ခဲ့သော ကြောက်စရာကျင့်ကြံသူနှင့် တွေ့ဆုံခဲ့ရသည်။

မျက်နှာနီနီအဘိုးကြီး၏ဘေးရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက်လည်း ‌တလိပ်လိပ်ထနေသောမြူများကို မြင်လိုက်သည်။ သူတို့က တုန်ရီအက်ကွဲသံကြီးများဖြင့် ကောက်ချက်ချလိုက်ကြ၏။ "‌သွေးမျက်နှာလူထူးဆန်း"

သူ့တို့မျက်နှာများ ချက်ချင်း ပျက်သွားကြပြီး လှည့်ပြေးကြတော့သည်။

ပြီးခဲ့သည့်ရက်များအတောအတွင်း 'သွေးမျက်နှာလူထူးဆန်း' ဆိုသော နာမည်သည် အတော်လေး ထင်ရှားကျော်ကြားလာခဲ့၏။ ကောလဟလများအရ သူသည် သွေးမျက်နှာဖုံးတပ်ထားသော ကြောက်စရာကျင့်ကြံသူတစ်ယောက်ဟု ဆိုကြသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ရင်သပ်ရှုမောဖွယ်ကောင်းပြီး သူက ‌ကောင်းကင်မြေကြီးမှုန်များအား လိုက်လုတတ်သည်။ အလုခံရသူများလွန်း၍ ဤနေရာတွင် နေချင်သည့်သူ မရှိတော့သည်အထိပင်။

နေခဲ့သည်သူများမှာလည်း အမြဲသတိကပ်နေရသည်။ သွေးမျက်နှာဖုံးမြင်တိုင်း ဖနောင့်နှင့်တင် တစ်သားတည်းကျအောင် ထွက်ပြေးကြသည်သာ။

စောစောက လူသုံးယောက်မှာ မတူညီသောအရပ်မျက်နှာသုံးခုသို့ ချက်ချင်း ထွက်ပြေးသွားကြလေပြီ။ တဝုန်းဝုန်း ပေါက်ကွဲသံများ လေတွင် ပြည့်နှက်သွားပြီး လူနှစ်ယောက် သွေးအန်လိုက်ရ၏။ သူတို့မှာ သိုလှောင်အိတ်ထဲမှ ကောင်းကင်မြေကြီးများ ကပျာကယာထုတ်ကာ လှမ်းပစ်လိုက်ကြသည်။ သွေးမျက်နှာလူထူးဆန်း ဘာလိုချင်သည်လဲ သူတို့သိသည်။ ကောင်းကင်‌မြေကြီးမှုန်။ ၎င်းအား သူ့ကို ပေးလိုက်လျှင် အသတ်ခံရမည်မဟုတ်။ သို့သော် ပြန်တိုက်ခိုက်လျှင်တော့ သေဖို့က ရာနှုန်းပြည့်ပေ။

"သေစမ်း.... ဒီလိုဖြစ်မယ်သာ ကြိုသိခဲ့ရင် ရပြီးကတည်းက ထွက်သွားပါတယ်။ ‌‌ငလူးမသား ‌သွေးမျက်နှာလူထူးဆန်း" ထွက်ပြေးနေကြသော ကျင့်ကြံသူနှစ်ယောက်မှာ ဟောဟဲဟောလဲ လှိုက်နေပြီး မချင့်မရဲဖြစ်နေကြသည်။ သို့သော် ဤနေရာမှ ထွက်သွားရုံမှတစ်ပါး သူတို့ တတ်နိုင်သည့်အရာမရှိပေ။

ရက်အနည်းငယ်ကြာသော် မန်ဟိုကလွဲပြီး မည်သည့်ကျင့်ကြံသူမှ မတွေ့ရတော့။ သူသည် ကျင့်ကြံသူအများစုကို ဓားပြတိုက်ခဲ့၍ ယခုတွင် လူ့ခေါင်းအရွယ် ကောင်းကင်မြေကြီးပုံနှင့်အတူ နာမည်ဆိုးနှင့် ကျော်ကြားနေလေပြီ။

မြေကြီးအား ဉာဏ်အလင်းရအောင် အားထုတ်ပြီးနောက် မလုံလောက်သေးကြောင်း မန်ဟို သိလိုက်သည်။

ကံဆိုးစွာနှင့် ကျင့်ကြံသူအားလုံး ထွက်ပြေးသွားကြပြီဖြစ်ရာ ထပ်ရှာနေလည်း အချည်းနှီးပင်။ ဤအခိုက်တွင် မီတာသုံးရာအကျယ် ကျောက်တုံးကြီးတစ်တုံး သူ့ကို လာနေ၏။ သူသည် ကျောက်တုံးအပေါ်သို့ ချက်ချင်း နေရာရွှေ့ပြောင်းပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ကျောက်တုံးက ဟင်းလင်းပြင်ကို ထိုးဖောက်၍ နောက်ထပ်‌ကုန်းမြေတစ်ခုဆီ ပျံသန်းသွားလေသည်။

မန်ဟိုမှာ ထွက်ပြေးသွားသော ကျင့်ကြံသူများ 'သွေးမျက်နှာလူထူးဆန်း' ဆိုသော နာမည်ကို အခြားကုန်းမြေများတွင် ဆက်ဖြန့်နေကြသည်ကို မသိပေ။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတစ်ယောက်မကျန် သူ့အကြောင်းကြားဖူးရန် အချိန်အနည်းငယ်သာ ကြာလိုက်၏။

ကျောက်တုံးကြီး ဟင်းလင်းပြင်တွင် ခရီးနှင်နေသဖြင့် အရာအားလုံး မှောင်မိုက်လာသည်။ မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်လျက် တင်ပျဉ်ခွေထိုင်နေ၏။

"ငါ လူတွေ အများကြီးနဲ့ ပက်ပင်းတိုးခဲ့ပေမယ့် မိစ္ဆာမကျင်ရှန်းကို မတွေ့ခဲ့ရဘူး.... ဒါပေမဲ့ ကျောက်ယူလန်ကိုလည်း မမြင်ရဘူးဆိုတော့ သူဘယ်များ ရောက်နေမလဲ" မန်ဟိုက တွေးတွေးဆဆနှင့် ကျောက်စိမ်းပေလွှာကို ထုတ်ကာ သူ၏တည်နေရာကို အတည်ပြုလိုက်သည်။ သူသည် လောလောဆယ်တွင် ပတ်ဝန်းကျင်တစ်ခုလုံး၌ အကြီးဆုံးသော အင်မိုတယ်တံတားကျောက်ခဲကြီးရှိရာသို့ ဦးတည်နေလေသည်။

"တံတားပျက်နယ်ပယ်က အကြီးကြီးပဲ။ အင်မိုတယ်ကျောက်ခဲတိုင်းက ကမ္ဘာတစ်ခုဖြစ်နေတော့ အဲ့ဒီလိုကမ္ဘာပေါင်း ထောင်သောင်းနဲ့ချီနိုင်တယ်။ ဒါပေမဲ့ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူ‌တွေအနေနဲ့ ဒါဇင်အနည်းငယ်လောက်ပဲ သွားလာစူးစမ်းနိုင်မှာ"

ရက်အနည်းငယ်ကြာသော် ဟင်းလင်းပြင်သည် ပို၍ပင် အေးစိမ့်လာ၏။ အ‌အေးဒဏ်ခံရတနာနှင့်ပင်လျှင် မန်ဟိုသည် သူ၏ထာဝရမီးတောက်ကို အဆက်မပြတ် လောင်မြိုက်နေစေရသည်။ ထိုစဉ် ဟင်းလင်းပြင်၏အမှောင်ထုထဲသို့ လှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွား၏။

အမှောင်ထုအတွင်းတွင် လူတစ်ယောက် ဟင်းလင်းပြင်ကို ဖြတ်သွားနေသည်။ သူသည် မိုးပြာရောင်ဝတ်ရုံရှည်ကို ဝတ်ထားပြီး ကျော၌ ဓားတစ်လက်လွယ်ထား၏။ လက်တွင်လည်း အရက်အိုးတစ်လုံးကိုင်လျက် ‌ဟင်းလင်းပြင်တွင် လမ်းလျှောက်နေ‌လေသည်။ သူက လွမ်းဆွေးတမ်းတနေသော မျက်နှာထားဖြင့် ‌ရံဖန်ရံခါ အရက်မော့‌တတ်သည်။

ဟင်းလင်းပြင်၏အအေးဓာတ်က သူ့အနားတစ်ဝိုက်တွင် အေးစက်သောလေပြေညင်းလေးထက် မပိုပုံရသည်။ ၎င်းက သူ့ဆံပင်များကို တွန်းထိုးတိုက်ခတ်သွားသော်လည်း သူ့ခြေလှမ်းများကို ယိုင်နဲ့စေခြင်းငှာ မစွမ်းနိုင်ပေ။ သူ့အတွက် အရာအားလုံးက ပုံမှန်သာဖြစ်နေသည့်အလား အေးအေးလူလူ လမ်းလျှောက်နေ၏။ သူ့ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်မှာ လှိုင်းများထ၍ ပုံပျက်ရှုံ့‌တွနေပြီး အအေးလှိုင်းတို့မှာ သူ့အနားပင်မကပ်လိုသည့်အလား ၎င်းဆန္ဒအလျောက် ရှောင်သွားကြသည်။

မန်ဟို့စိတ်မှာ ချာချာလည်နေပြီး အလွန်အမင်း မှင်သက်နေမိ၏။

သူက ထိုလူ့ကို ကြည့်နေပြီး ထိုလူက သူ့ကို ပြန်ကြည့်သည်။

***

All Chapters