မိုးပြာဝတ်ရုံဟန်ရှန်း
Vol. 33 Ch. 460
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည့်အခိုက်အတန့်တွင် ရုတ်တရက် မိုးပြာရောင်ဝတ်ရုံနှင့်လူကို မန်ဟို ထပ်မမြင်ရတော့ပေ။ သူပြန်ပေါ်လာသောအခါ မန်ဟို့ဘေးတွင် ရပ်နေလေပြီ။
မန်ဟို ဦးရေပြားထုံကျင်သွားသည်။ ထိုလူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်ကို မမြင်ရပေ။ ထိုသို့လုပ်ခြင်းက မန်ဟို့ကို ပင်လယ်နက်ကြီးထဲသို့ ကြည့်နေရသကဲ့သို့ ခံစားချက်မျိုး ရစေသည်။
သူသည် ချက်ချင်း ထရပ်ပြီး မိုးပြာရောင်ဝတ်ရုံနှင့်လူကို အရိုအသေပေးလိုက်သည်။ "ဂျူနီယာမျိုးဆက် မန်ဟို၊ စီနီယာကြီးကို အရိုအသေ ပေးပါတယ်"
ထိုလူက မန်ဟို့ကို လှည့်ကြည့်ပြီးနောက် ဘေးတွင် ထိုင်ချလိုက်သည်။ သူသည် အရက်တစ်ကျိုက်မော့ပြီး ပူဆွေးသောကရောက်နေသော မျက်နှာထားဖြင့် ပြောသည်။ "မင်း တံဆိပ်ချိုးဖျက်ခြင်းတိုက်ကို သွားနေတာလား"
"တံဆိပ်ချိုးဖျက်ခြင်းတိုက်" မန်ဟိုက ကြောင်တောင်တောင်လေး ပြန်ဖြေသည်။ သူသည် ကျောက်စိမ်းမြေပုံနှင့် သူဦးတည်နေသော နေရာကို ပြန်တွေးကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။
"ဒီတော့ သွားမယ့်နေရာ တိုက်တိုက်ဆိုင်ဆိုင် တူနေတာပဲ" ထိုလူက မဆိုစလောက် ခေါင်းညိတ်တစ်ချက်ညိတ်ရင်း ပြောသည်။ ထို့နောက် ဘာမှဆက်မပြောတော့ပေ။ သူသည် ထိုးထွက်သော ကျောက်သားကို မှီ၍ အရက်သောက်ရင်း ဟင်းလင်းပြင်ကို မှိုင်တွေတွေနှင့် ကြည့်နေသည်။
မန်ဟိုက ထိုလူ့ကို မဝံ့မရဲကြည့်ပြီးနောက် ခပ်လှမ်းလှမ်းတွင် တင်ပျဉ်ခွေထိုင်ချလိုက်၏။ ကံဆိုးစွာနှင့် သူ့မှာ ဆိတ်ငြိမ်သက်သောအခြေအနေအတွင်းသို့ ရောက်အောင် စိတ်မစုစည်းနိုင်ပေ။ သူလုပ်နိုင်သမျှမှာ အချိန်များကုန်ဆုံးနေစဉ် ထိုင်နေရုံလေးသာဖြစ်သည်။
တစ်ရက်၊ နှစ်ရက်၊ သုံးရက်.... မျက်စိတစ်မှိတ်အတွင်း လဝက်ကြာခဲ့လေပြီ။
ထိုအတောအတွင်း မိုးပြာရောင်ဝတ်ရုံနှင့်လူမှာ နောက်ကို မှီရင်း အရက်သောက်မြဲ သောက်နေဆဲသာ။ သူ့အိုးထဲက အရက်မှာ သောက်မကုန်နိုင်ပုံပင်။ သူသည် ကြေကွဲနေသော မျက်နှာထားဖြင့် အမှောင်ထုကို စိုက်ကြည့်ရင်း သောက်ပြီးရင်း သောက်နေ၏။ သူ၏ သနားစရာကောင်းသောအခြေအနေမှာ ပိုပို၍ သိသာထင်ရှားလာသည်။
မုတ်ဆိတ်မွှေးငုတ်စများအား သူ၏မျက်နှာပေါ်တွင် မြင်နိုင်သည်။ သူ့ကြည့်ရသည်မှာ ရိတ်လိုစိတ်လည်း မရှိသယောင်ပင်။ အဝတ်အစားများ တွန့်ကြေနေပြီး ဝမ်းနည်းပူဆွေးနေသော ပုံစံရှိနေသော်လည်း သူ၏အရှိန်အဝါမှာ ဖော်ပြမတတ်နိုင်အောင် နှစ်လိုဖွယ်ကောင်းမှုဖြင့် ပြည့်နှက်နေ၏။ သို့ဖြစ်၍ အထီးကျန်နေပုံရသော်လည်း..... ညစ်ပတ်ပေတေနေခြင်းမရှိပေ။သူ့လက်ထဲတွင် ကိုင်ထားသော အရက်အိုးမှာ သစ်သားအိုးဖြစ်ပြီး ၎င်း၏မျက်နှာပြင်ပေါ်၌ သစ်ကြောများကိုပင် မြင်နိုင်သည်။ လဝက်အတောအတွင်း သူမည်မျှသောက်ခဲ့ပြီးသည်လဲ ဆုံးဖြတ်ရန် မဖြစ်နိုင်ပေ။
သူက စကားမပြောသလို ၊ မန်ဟိုလည်း မပြော။ ဤမိုးပြာရောင်ဝတ်ရုံနှင့်လူမှာ သူနှင့်ဦးတည်ရာတစ်ခုတည်းသို့ အမှန်တကယ် သွားနေပုံပေါ်ပြီး လမ်းလျှောက်လိုပုံမရပေ။ ထို့ကြောင့် သူသည် မန်ဟို့နှင့် ကျောက်တုံးတစ်တုံးတည်း စီးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်။
သူတို့သည် နောက်ထပ်တစ်လကြာသည်အထိ တိတ်ဆိတ်စွာဖြင့် ရှေ့ဆက်သွားကြလေသည်။
မန်ဟိုသည် နောက်ဆုံးတွင် တရားထိုင်နိုင်သွား၏။ သို့သော် အပြင်တွင် စိတ်ဆန္ဒမျှင်တစ်မျှင် ချန်ထားခဲ့သည်။ ထိုသို့လုပ်ခြင်းက အဓိပ္ပါယ်မရှိသော်လည်း အကျင့်ဖြစ်နေပြီဖြစ်၍ မလုပ်ဘဲ မနေနိုင်သည့်အရာဖြစ်သည်။
တစ်ရက်တွင် မီတာသုံးထောင်အကျယ်ကျောက်တုံးကြီး ရှေ့သို့သွားနေစဉ် ခွေခေါက်ပြီး လွမ်းဆွတ်ကြေကွဲနေသော မိုးပြာရောင်ဝတ်ရုံနှင့်လူက ငေါက်ခနဲ ထရပ်ပြီး အဝေးသို့ မျှော်ကြည့်သည်။
ဤလှုပ်ရှားမှုက မန်ဟို့မျက်လုံးကို ဖျတ်ခနဲ ပွင့်လာစေသည်။ သူက အမှောင်ထုအတွင်း လှမ်းကြည့်လိုက်သော်လည်း ဘာမှမမြင်ရပေ။ သို့သော် မိုးပြာရောင်ဝတ်ရုံနှင့်လူမှာ အဝေးကို စူးစူးစိုက်စိုက် ကြည့်နေပုံပင်။
မန်ဟိုမှာ ဇဝေဇဝါဖြစ်နေသော်လည်း မျက်နှာပေါ်တွင် မပြသဘဲ ဟင်းလင်းပြင်ကို လှမ်းကြည့်နေ၏။ မိုးပြာရောင်ဝတ်ရုံလူနှင့် မန်ဟိုတို့ နှစ်ယောက်လုံး အမှောင်ထုကို စိုက်ကြည့်နေရင်း သုံးရက်ကြာသွားသည်။
သုံးရက်မြောက်နေ့တွင် သူတို့ပတ်ပတ်လည်ရှိ အမှောင်ကမ္ဘာကြီးမှာ ရုတ်တရုက် မီးခိုးရောင်ဖြစ်သွား၏။ တစ်ချိန်တည်းမှာပင် သူတို့စီးနေသော မီတာသုံးရာအကျယ် ကျောက်တုံးကြီး တုံ့ခနဲ ရပ်သွားသည်။ သိပ်သည်ထူပိန်းသောမြူများ အရပ်မျက်နှာတစ်ခွင် နေရာယူလာသဖြင့် မန်ဟို့စိတ်နှလုံး တုန်ရီသွားလေသည်။ မကြာမီ အရာအားလုံးမှာ မြူပင်လယ်ကြီးအလားပင်။
မန်ဟို့မှာ ချက်ချင်း သဘောပေါက်လိုက်သဖြင့် ဦးရေပြား ဖျဉ်းခနဲ ထုံကျင်သွားသည်။ ဖြစ်ပျက်နေသောအရာကို သူမည်သို့ နားမလည်ဘဲ ရှိမည်နည်း။ မြူများထဲတွင် ကျောက်ခဲကြီးများအား ထမ်းလျက် ရှေ့သို့လျှောက်လာနေသော အရိပ်တစ်အုပ်အား မြင်ရလေပြီ။
၎င်းတို့မှာ ချဉ်းကပ်လာနေကြစဉ် မချင့်မရဲ ဒွိဟဖြစ်နေသယောင်ပင်။ မြူများအတွင်း ပဲ့တင်ရိုက်နေသော ခပ်သဲ့သဲ့အသံများကို ကြားနိုင်၏။
"အင်မိုတယ်တံတားက ဘယ်အချိန်မှ အသစ်ဖြစ်လာမှာလဲ.... ဆရာကြီးရေ၊ ဘယ်နေ့မှ ဆရာကြီးကို ပြန်မြင်ရမှာလဲ..."
ပဲ့တင်ထပ်နေသော အသံကြားတွင် အရိပ်များသည် မြူထုကို ဖြတ်လာနေကြသည်။ ယောက်ျား၊ မိန်းမ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်အကုန်လုံး စိတ်ရှုပ်ထွေးနေသယောင်ပင်။ သူတို့ မန်ဟို့အနားရောက်လာစဉ် ဝိညာဉ်ကို ခဲစေနိုင်ပုံရသော အအေးဓာတ်အား ခံစားလိုက်ရ၏။
မန်ဟို့မှာ အသက်စွမ်းအားပင် ကုန်ခမ်းတော့မည်အထိ တဖြေးဖြေးအေးလာသည်။ ဤအခိုက်အတန့်တွင် သည်အဖွဲ့မှာ ရီချန်ဇီကို လိုက်ဖမ်းနေတုန်းက မြင်တွေ့ခဲ့သော အဖွဲ့မဟုတ်ကြောင်း သတိပြုမိလိုက်သည်။
သူ့ဘေးတွင် မိုးပြာရောင်ဝတ်ရုံနှင့်လူသည် အရက်တစ်ကျိုက်မော့ရင်း ထိုင်နေ၏။ သူ ထိုအဖွဲ့ကို ကြည့်နေစဉ် သူ၏မျက်ဝန်းများထဲရှိ လွမ်းဆွေးတမ်းတမှုမှာ ပိုမိုနက်နဲလာပြီး သူ့နှုတ်ခမ်းထောင့်စွန်းက ကွေးညွတ်သွားကာ ခါးသီးမှုကို ဖော်ဆောင်လိုက်သည်။
သူသည် တစ်စုံတခုကို ရှာနေသည့်အလား သူတို့ကို သေသေချာချာ စိုက်ကြည့်နေ၏။ သူက အရိပ်တစ်ခုချင်းစီကို စူးစမ်းလေ့လာနေပြီး နောက်ဆုံးအရိပ်သို့ ရောက်သောအခါ သူ၏အထီးကျန်မှုမှာ ပို၍နက်ရှိုင်းသွားသည်။ သူသည် မျက်မှောင်ကြုတ်ပြီး နောက်တစ်ကျိုက် သောက်လိုက်၏။
အရိပ်များက မန်ဟို စီးနေသည့် ကျောက်တုံးကြီးထံ ရွေ့လျားလာပြီး အနားရောက်သောအခါ တုံ့ခနဲ ရပ်သွားကြသည်။ သူတို့မျက်နှာပေါ်ရှိ တွေဝေငေးကြောင်နေမှုမှာ ရုတ်တရက် ရက်စက်ကြမ်းကြုတ်မှုအသွင် ပြောင်းသွား၏။ သူတို့သည် ကျောက်တုံးကြီးနှင့် မိုးပြာရောင်ဝတ်လူကို လှမ်းကြည့်သည်။
ထိုလူက သူတို့ကို ပြန်ကြည့်ပြီး လက်ဝှေ့ယမ်းလိုက်၏။ သူ ထိုသို့လုပ်လိုက်သည်တွင် အရိပ်များက ဆက်လက်လွင့်မျောသွား၏။ သူတို့သည် တွေတွေဝေဝေနှင့် အဝေးသို့ ဆက်ရွေ့လျားသွားကြလေပြီ။ ခပ်သဲ့သဲ့အသံများ ထပ်မံကြားလိုက်ရ၏။
"အင်မိုတယ်တံတား ဘယ်အချိန်မှ အသစ်ပြန်ဖြစ်လာမှာလဲ.... ဆရာကြီးရေ၊ ဘယ်နေ့မှ ဆရာကြီးကို ပြန်မြင်ရမှာလဲ..."
အသံသည် အဝေးတွင် တိမ်ကောပျောက်ကွယ်သွားပြီး ဟင်းလင်းပြင်၏ မီးခိုးရောင်သမ်းနေမှု ပျောက်ကွယ်သွားသည်။ စောစောကကဲ့သို့ မိုးသက်မုန်တိုင်းမရှိတော့ပေ။ တိတ်ဆိတ်မှုသည် ပြန်လည်ကြီးစိုးသွား၏။
အရာအားလုံး ပုံမှန်ပြန်ဖြစ်သွားသဖြင့် မန်ဟိုစီးနေသည့် မီတာသုံးရာအကျယ်ကျောက်တုံးကြီးလည်း အမြင့်ဆုံးအရှိန်ဖြင့် ပြန်လည်ရွေ့လျားသွားသည်။
မန်ဟိုလည်း တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ့မှာ ဤထူးဆန်းသောအရိပ်များနှင့် ဒုတိယအကြိမ် ကြုံတွေ့ခဲ့ရခြင်းကြောင့် ရင်တဒိန်းဒိန်းခုန်နေလေသည်။ သူက မစဉ်းစားမိဘဲ မိုးပြာရောင်ဝတ်ရုံနှင့်လူကို လှည့်မေးမိသည်။ "သူတို့က ဘာတွေလဲ...."
မေးခွန်းမေးပြီးနောက် ထိုလူ၏ကျင့်ကြံခြင်းအခြေခံနှင့် တိတ်ဆိတ်နေခဲ့သောနေ့ရက်များကို ပြန်တွေးရင်း အဖြေမပေးလောက်ကြောင်း သဘောပေါက်လိုက်သည်။
"တံတားကျွန်" မိုးပြာရောင်ဝတ်ရုံနှင့်လူက တိုးညှင်းသောအသံဖြင့် ပြန်ဖြေသည်။
"အင်မိုတယ်လျှောက်လှမ်းခြင်းတံတား ဘိုးဘေးကျီရဲ့ ဖျက်စီးခံခဲ့ရပြီးတဲ့နောက်မှာ တံတားရဲ့ လွတ်မြောက်သွားတဲ့ စိတ်ဆန္ဒက ဒီနေရာမှာ အခြေချခဲ့တယ်။ ထာဝရဘဝကို တောင့်တပြီး သက်တမ်းကို ဆွဲဆန့်ချင်တဲ့သူတွေက သူတို့ရဲ့စိတ်ဆန္ဒကို ဖျက်စီးပြီး တံတားကျွန်ဖြစ်လာကြဝာာပဲ
"တောင့်တတဲ့ ထာဝရဘဝကို ရလိုက်ပေမယ့် ပေးဆပ်ရတဲ့အဖိုးခက... တံတားရဲ့ ကျွန်ဘဝပဲ။ ထာဝရဘဝတစ်လျှောက်လုံး နေ့မနားညမနား ဘယ်တော့မှ ပြန်ဖြစ်လာမဟုတ်တဲ့ အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို ပြန်တည်ဆောက်ဖို့ ကျွန်ပြုခံထားရတယ်လေ"
ဤရှင်းပြချက်က မန်ဟို့စိတ်အစဉ်ကို ချာချာလည်သွားစေသည်။ သူသည် ပုံရိပ်များ ထွက်ခွာသွားသောဘက်ကို လှည့်ကြည့်လိုက်သော်လည်း အနက်ရောင်ပြင်ကြီးက အရာအားလုံးကို ဖုံးလွှမ်းကာဆီးထားသကဲ့သို့ မြင်မြင်ရသမျှမှာ အမှောင်ထုကြီးသာဖြစ်၏။
ထိုလူက ခါးသီးစွာ ရေရွတ်လိုက်သည်။ " တစ်ကမ္ဘာလုံးက ... သူကိုယ်စားပြုတာကိုပဲ ကိုယ်စားပြုတယ်...." သူသည် သေရည်အိုးကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း သူ့အရှေ့တွင် မြှောက်လိုက်သည်။
အချိန်များ ကုန်လွန်သွားသည်။ မန်ဟိုက မေးခွန်းထပ်မမေးတော့သလို၊ ထိုလူကလည်း ဘာမှဆက်မပြောတော့ပေ။ သူသည် သူ့အရက်သူ စိတ်ပျက်လက်ပျက်သောက်ရင်း ဟင်းလင်းပြင်ကို ငေးကြည့်ကာ တိတ်ဆိတ်စွာ မှီနေတော့သည်။
မန်ဟိုက အတွေးထဲနစ်မြောလျက် ထိုင်နေသည်။ တံတားကျွန်ဆိုသော စာလုံးက အမှန်တကယ် သင့်တော်သယောင်ပင်။ သူတို့သည် ထာဝရဘဝရခဲ့သော်လည်း ပေးဆပ်ခဲ့ရသည်ကား ကြီးမားလွန်းသည်။ သူပြန်တွေးကြည့်သောအခါ တံတားကျွန်များ၏ ခပ်သဲ့သဲ့အသံများကို မန်ဟို ပြန်သတိရလိုက်၏။
နောက်ထပ်နှစ်လ ထပ်ကြာသွားသည်။ အရှေ့ရှိ ဟင်းလင်းပြင်တွင် ဧရာမကျောက်တုံးကြီးတစ်တုံး ပေါ်လာသည်။ ဤသည်မှာ ဖော်ပြမတတ်နိုင်လောက်အောင် ကြီးမားသော အင်မိုတယ်တံတားကျောက်ခဲကြီးတစ်ခဲပင်။ ၎င်းကား သူ လာခဲ့သော ကုန်းမြေကြီးထက် ဆယ်ဆပိုကြီးပုံရသည်။
၎င်းမျောလွင့်လာနေစဉ် မယုံကြည်နိုင်ဖွယ် ဖိအားတစ်ခုက ဟင်းလင်းပြင်တစ်လျှောက်ရှိသော အရာအားလုံးကို လွှမ်းမိုးရင်း ဖြာထွက်နေသည်။ ၎င်း၏အနားမှာ မညီမညာဖြစ်နေရာ မန်ဟို့ကို ကြယ်တာရာကောင်းကင်တွင် မြင်ခဲ့ရသည့် အဆုံးမရှိ သွယ်တန်းနေသော တံတားပျက်ကြီး၏ပုံရိပ်ကို တွေးမိလိုက်စေသည်။
ဤအခိုက်အတန့်တွင် မိုးပြာရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် ထရပ်သည်။
"သောက်ဦးမလား...." သူက မန်ဟို့ကို လှည့်ကြည့်ရင်း ပြောသည်။ သူ၏မျက်လုံးများသည် ရှင်းလင်းပြတ်သားနေပြီး ကြယ်စင်များကဲ့သို့ နက်နဲသိမ်မွေ့နေသည်။ ဤသည်မှာ ထိုလူ ဒုတိယအကြိမ် စကားအရင်စပြောခြင်း ဖြစ်သည်။ ပထမတစ်ကြိမ်က ရောက်လာခဲ့တုန်းကပင်။ ဒုတိယအကြိမ်ဖြစ်ကြောင်း စဉ်းစားကြည့်လျှင် .....သူထွက်သွားတော့မည်ဖြစ်ကြောင်း မန်ဟို နားလည်လိုက်၏။
မန်ဟိုက ထရပ်ပြီး လက်နှစ်ဖက်ယှက်လျက် လေးလေးနက်နက် အရိုအသေပေးသည်။ သူသည် တဖျပ်ဖျပ်လက်နေသော မျက်ဝန်းများဖြင့် မိုးပြာရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို ကြည့်သည်။ ခဏ ချီတုံချတုံဖြစ်နေပြီးနောက် ခေါင်းညိတ်လိုက်၏။
ထိုလူက ပြုံးပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ အရက်အိုးအား မန်ဟို့ဆီ ပျံသန်းလာစေသည်။ မန်ဟိုက ၎င်းကို ဖမ်းယူပြီးနောက် တွေဝေမနေဘဲ တစ်ကျိုက်မော့လိုက်သည်။
အရက်က လည်ချောင်းတစ်လျှောက် ပူဆင်းသွား၏။ ၎င်းက မီးတောက်နေသကဲ့သို့ဖြစ်ပြီး မန်ဟို့၏ကျင့်ကြံခြင်းအခြေခံကို တဟူးဟူး လည်ပတ်သွားစေသည်။
"ငါတို့က နည်းနည်း လောဘကြီးကြတယ်မလား ကောင်လေး။ ကိစ္စမရှိဘူး ခရီးစရိတ်လို့ပဲ သဘောထားလိုက်" ထိုလူက မန်ဟို့ကို လက်ညှိုးထိုးလိုက်ရာ သူ့ခန္ဓာကိုယ် တုန်ရီသွားသည်။ သူ့ကိုယ်အတွင်းရှိ အရက်တစ်ကျိုက်သည် ရွှေအမြုတေနှင့်ဆင်တူသော အရာတစ်ခု ချက်ချင်း ဖြစ်လာသည်။ အရက်ချီမျှင်များက ၎င်းထံမှ ထွက်လာကာ သူ၏ပြီးပြည်စုံသော ရွှေအမြုတေနှင့် ပေါင်းစည်းသွား၏။ ကျင့်ကြံခြင်းအဆင့် တိုးတက်မသွားသော်လည်း ယခု သူ့ကိုယ်ထဲတွင် တစ်ခုခုခြားနားသွားကြောင်း ပြောနိုင်လေသည်။
"မင်းကိုယ်ထဲမှာရှိတဲ့ အရက်အမြုတေက မင်းကို ငါရဲ့ ယိမ်းနွဲ့ဓားချီကို နှစ်ကြိမ် အသုံးပြုခွင့်ပေးလိမ့်မယ်။ အဲ့ဒါက အင်မိုတယ်အဆင့်အောက် ဘယ်အရာကိုမဆို သတ်ဖြတ်နိုင်တယ်"
ထို့နောက် အရက်အိုးက ထို့လူလက်ထဲ ပြန်ပျံသန်းသွားသည်။ သူက ချာခနဲ လှည့်ပြီး မီတာသုံးထောင်အကျယ်ကျောက်ခဲကြီးထံမှ အင်မိုတယ်တံတားကျောက်ခဲမှ ဖြစ်ပေါ်နေသော ဧရာမကုန်းမြေကြီးထံ လှမ်းလိုက်သည်။
ဟင်းလင်းပြင်ထဲ ခြေချလိုက်စဉ် သူက သက်ပြင်းချပြီး ပြော၏။ "မင်း ကိုယ့်ကို ဘယ်နေ့ ပြန်မြင်ရမလဲမေးတယ်.... ကိုယ်က မင်းကို နှစ်သုံးထောင်တိုင်တိုင် လိုက်ရှာနေခဲ့တာ...."
စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော လွမ်းဆွတ်တမ်းတမှုနှင့် အထီးကျန်မှုတို့ ပြည့်နှက်နေသော အသံသည် ပဲ့တင်ထပ်ကျန်ခဲ့သည်။
မန်ဟို့စိတ်မှာ ချာချာလည်နေ၏။ ရုတ်တရက် သူသည် စိတ်ထဲ၌ ဓားအသိကို အာရုံရလိုက်သည်။ ၎င်းက မှော်သင်္ကေတပုံစံဖြင့် သူ့အပေါ် ခတ်နှိပ်ခံထားရသည်။ သူနားမလည်သော်လည်း ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ကာ ရွှေအမြုတေအတွင်းရှိ အရက်ချီကို ထုတ်လွှတ်နိုင်ကြောင်း သူပြောနိုင်၏။ ထိုနည်းဖြင့် တံဆိပ်ကို အသက်ဝင်အောင် နှစ်ကြိမ် ပြုလုပ်နိုင်သည်။
ထိုလူ အဝေးသို့ ထွက်ခွာသွားစဉ် မန်ဟိုက ရုတ်တရက် လှမ်းအော်သည်။ "စီနီယာကြီး နာမည်လေးများ သိခွင့်ရှိမလားခင်ဗျာ"
"ဟန်ရှန်း"
သူ၏အသံသည် နက်နဲတည်ကြည်မှုအပြည့်ဖြင့် ပဲ့တင်ထပ်လာ၏။ ထိုလူက သက်ပြင်းချပြီးနောက် ဟင်းလင်းပြင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။ မန်ဟိုက သူရှိရာသို့ လေးလေးနက်နက် အရိုအသေပေးရင်း ရပ်နေသည်။
အချိန်အတော်လေးကြာသော် မန်ဟိုက ကိုယ်ပြန်မတ်လိုက်သည်။ သူစီးနေသော မီတာသုံးထောင်အကျယ်ကျောက်တုံးကြီးသည် အတားအဆီးကို ချိုးဖျက်ကာ အင်မိုတယ်တံတားကျောက်ခဲမှ ဖြစ်ပေါ်လာသော ဧရာမကုန်းမြေကြီးသို့ ဝင်ရောက်သွား၏။ မန်ဟို့အရှေ့တွင် အလွန်ကြီးမားကျယ်ပြောသော ကမ္ဘာကြီးတစ်ခု ရှိနေသည်။
***