ကျောက်ယူလန်နှင့် တစ်ဖန် ပြန်တွေ့ခြင်
Vol. 33 Ch. 461
ဤပတ်ဝန်းကျင်ရှိ အင်မိုတယ်တံတားကျောက်ခဲကြီးများမှ ဖြစ်ပေါ်နေသော ကမ္ဘာအားလုံးအနက် သည်ကမ္ဘာမှာ မန်ဟို့၏ ကျောက်စိမ်းမြေပုံလွှာအတွင်း၌ အကြီးဆုံးအဖြစ် ဖော်ပြခံထားရ၏။ မန်ဟိုက မီတာသုံးထောင်အကျယ်ကျောက်ခဲကြီးပေါ်တွင် ရပ်ပြီး ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
အထက်ကောင်းကင်မှာ အတိုင်းထက်အလွန် ငြိမ်သက်နေသည်။ အက်ကြောင်းများလည်း အနည်းအကျဉ်းသာ ရှိ၏။ တောင်တန်းများက နိမ့်ချည်မြင့်ချည်သွယ်တန်းနေပြီး ရှေးကျသောအပျက်အစီးများအား အနှံ့အပြား မြင်နိုင်သည်။
ကျောက်တုံးကြီး လေကို ခွင်းသွားနေစဉ် မန်ဟိုက မြေကြီးကို ငုံ့ကြည့်လိုက်သည်။ ရုတ်တရက် အောက်ရှိတောင်များမှာ သဘာဝအလျောက် ဖြစ်ပေါ်နေပုံမရကြောင်း သတိထားမိလိုက်သဖြင့် သူ့၏မျက်ဝန်းများ လက်ခနဲ ဖြစ်သွားလေသည်။ ၎င်းတို့မှာ အင်းကွက်တစ်ကွက်အဖြစ် အတူတကွ ချိတ်ဆက်နေသယောင်ပင်။
ယခုကဲ့သို့အရာမျိုးကို မန်ဟို ပထမဆုံးသတိထားမိခြင်းမဟုတ်ပေ။ သူ စူးစမ်းလေ့လာခဲ့သော ကမ္ဘာများတွင်လည်း တူညီသောမြင်ကွင်းများ ရှိခဲ့သည်။ သို့သော် ထိုကမ္ဘာများမှာ အလွန်သေးငယ်လွန်း၍ မသိသာခဲ့ပေ။
သို့သော် ဤကမ္ဘာသည် အများကြီးပိုကြီးသည်။ သူ လေလယ်မှနေ၍ တောင်တန်းများကို ငုံ့ကြည့်နေစဉ် ၎င်းတို့နှင့်ပတ်သက်ပြီး တစ်ခုခုထူးဆန်းနေသော ခံစားချက် ရလာတော့သည်။
"မှော်သင်္ကေတတွေနဲ့ တူတယ်" ယင်းက ယုတ္တိအရှိဆုံးပင်။ သူသည် တံတားပျက်နယ်ပယ်သို့ စစရောက်ချင်း ကြယ်စင်များအကြား၌ ရှေးဟောင်းတံတားကြီးတစ်စင်းသဏ္ဌာန် စုစည်းသွယ်တန်းနေသည့် ကျောက်ခဲများအား မြင်ခဲ့သည်ကို တွေးလိုက်မိသည်။ ထိုစဉ်တုန်းက မှော်သင်္ကေတများကိုလည်း မြင်ခဲ့ရလေသည်။
သိသာစွာပင် ဤတောင်စဉ်တန်းအား ဖွဲ့စည်းထားသော တောင်များကား မှော်သင်္ကေတများက လွဲ၍ တခြားမဟုတ်ပေ။ ဤကမ္ဘာကြီး၏ ကြီးမားသောအရွယ်အစားကြောင့် ၎င်းတို့ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီဖြစ်၏။
"အင်မိုတယ်လျှောက်လှမ်းခြင်းတံတားက အဆောင်စက္ကူတစ်ခုပုံစံ မှော်သင်္ကေတတွေနဲ့ ဖုံးနေတာပဲ" မန်ဟို့ခန္ဓာကိုယ်အတွင်းရှိ အင်မိုတယ်လမ်းညွှန်၏ချီ လည်ပတ်သွားပြီး ကြက်တူရွေးပေးထားသော ကောင်းကင်စက္ခုပညာရပ်ကို သုံးကာ ညာလက်မျက်လုံးကို ခုနစ်ကြိမ် လျင်မြန်စွာ ခတ်လိုက်၏။
ပညာရပ်ကို သုံးလိုက်သည်နှင့်တစ်ပြိုင်နက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ ဘယ်မျက်လုံးဖြင့် အောက်သို့ ငုံ့ကြည့်လိုက်ရာဝယ် သူမြင်လိုက်သောအရာကား တောင်အစုအဝေးမဟုတ်ဘဲ ကောင်းကင်သို့ မျက်နှာမူလျက် ခေါင်းထောင်ပြီး ဟိန်းဟောက်နေကြသော အနက်ရောင်နဂါးအုပ်ကြီးပင်။
နဂါးအတော်များများမှာ ပျက်စီးနေသော်လည်း တချို့ကတော့ အကောင်းပကတိနီးပါး ရှိသေးသည်။ ၎င်းတို့၏ ဟိန်းဟောက်သံကြီးက အဆုံးစွန်ထိ ရင်သပ်ရှုမောဖွယ်ကောင်းပေသည်။
မန်ဟို့တစ်ကိုယ်လုံး တုန်ရီနေပြီး သူ့မှာ အသက်ရှူမြန်လာသည်။ မမြင်ရသော တောင်ကြီးတစ်လုံး သူ၏ခန္ဓာကိုယ်အပေါ် ဖိနှိပ်နေသည့်အလား ခံစားနေရ၏။ ရုတ်တရက် ကောင်းကင်စက္ခုပညာရပ် အဆုံးသတ်သွားသည်။
သို့သော် ထိုသို့မပျောက်ကွယ်ခင်လေးမှာပင် အဝေးတွင် တစ်စုံတခုကို မန်ဟို ဖျတ်ခနဲ မြင်လိုက်သည်။ ၎င်းက အံ့ဖွယ်ကောင်းစွာနှင့် အနက်ရောင်နဂါးတစ်ကောင်မဟုတ်ဘဲ အနက်ရောင်လိပ်ပြာတစ်ကောင်ဖြစ်နေ၏။ လိပ်ပြာကို အခြားမည်သည့်သူမှ မမြင်နိုင်ပေ။ ၎င်းတောင်ပံတစ်ချက်ခတ်လိုက်တိုင်း အနီးနားရှိ အနက်ရောင်နဂါးတစ်ကောင်မှာ ၎င်းဆီသို့ စုပ်ယူ၍ ဝါးမြိုခံလိုက်ရသည်။
လိပ်ပြာနက်၏ကိုယ်ထဲတွင် ... ကောင်းကင်မြေကြီးမှုန့်များဖြင့် ဖွဲ့စည်းထားသော နေရာကြီးတစ်နေရာရှိနေ၏။
ပုံရိပ်ပျောက်ကွယ်သွားစဉ် ချွေးသီးချွေးပေါက်များ မန်ဟို့နဖူးတွင် တွဲခိုနေသည်။ ကောင်းကင်စက္ခုပညာရပ်ကို အသုံးပြုခြင်းက တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခုကို ကြည့်ရှုနိုင်စေမည်ဟု သူဘယ်တော့မှ မထင်ထားခဲ့ပေ။
ယခင်မြင်ကွင်း ပြန်ဖြစ်သွားသောအခါ သူသည် မြေပြင်ကို လှည့်ပတ်ကြည့်လိုက်ရာ ပုံမှန်အတိုင်းသာ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ တောင်ကတောင်၊ အနက်ရောင်နဂါးမဟုတ်။ လိပ်ပြာနက်ကြီးကို မြင်ခဲ့သော အဝေးရှိနေရာမှာလည်း ရိုးရိုးတန်းတန်း တောင်များကလွဲပြီး ဘာမှရှိမနေ။
ထိုနေရာနှင့်ပတ်သက်ပြီး မူမမှန်သည့် တစ်ခုတည်းသောအရာမှာ တောင်တန်းများစုဆုံရာ အမှတ်ဖြစ်နေခြင်းပင်။
"တံတားကျွန် ၊ နဂါးနက် ၊ လိပ်ပြာနက်... ဒီတံတားပျက်နယ်ပယ်က ပဟေဠိတွေ ပြည့်နေတာပဲ" မန်ဟိုက ကျောက်တုံးကြီး လေကိုခွင်းလျက် သွားနေစဉ် ၎င်း၏ထိပ်တွင် ရပ်ရင်း အတွေးနက်နေသည်။ ၎င်း မတူညီသောလားရာသို့ ကွေ့ဝိုက် သွေဖယ်တော့မည့်အချိန် သူက လိပ်ပြာကို မြင်ခဲ့ရသည့်နေရာဆီ ပြန်လှည့်ကြည့်လိုက်သည်။
"စောစောက ငါမြင်ခဲ့တာက ကောင်းကင်မြေကြီးဖြစ်နိုင်တယ်။ မမှားနိုင်ဘူး... အဲ့ဒီလောက်ကြီးတဲ့ ကောင်းကင်မြေကြီးပုံကိုသာ ငါအရယူနိုင်ရင် မြေအမျိုးအစားအရုပ်ကို ဖန်တီးနိုင်ပြီ" ကောင်းကင်မြေကြီးအား မြင်ခဲ့ရသော နေရာက သူ့ကို စိတ်လှုပ်ရှားသွားစေ၏။
"အနာမခံရင် အသာမစံရဘူး။ သူများထက် ခေါင်းတစ်လုံးပိုသာချင်ရင် တန်ရာတန်ကြေးတော့ ပေးဆပ်ရမှာပဲ" သူက မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ ပြည့်နှက်နေလျက် လိပ်ပြာအား မြင်ခဲ့ရသော နေရာဆီ တဟုန်ထိုးထွက်သွားသော ရောင်စုံအလင်းတန်းအသွင်ပြောင်းသွား၏။
မန်ဟို့၏တွက်ချက်မှုအရ အနောက်ပိုင်းသဲကန္တာရမှ ဤနေရာသို့ လာရောက်ခဲ့သော လူအယောက်နှစ်ဆယ်ကျော်အနက် အင်မိုတယ်လမ်းညွှန်နှင့် ကောင်းကင်စက္ခုပညာရပ်ကို အသုံးပြုနိုင်သူ မရှိလောက်ပေ။ ထို့ကြောင့် သူတစ်ယောက်တည်းသာ လိပ်ပြာကို မြင်နိုင်ခြေများသည်။
သို့ဖြစ်၍ ကောင်းကင်မြေကြီးအတွက် တိုက်ခိုက်ရနိုင်ခြေနည်းသည်။
ထိုသို့ဆိုလျှင် ဤအခွင့်အရေးကို မန်ဟို လက်လွှတ်မည်မဟုတ်။ သူသည် တုံဆိုင်းမနေဘဲ ရှေ့ဆက်သွား၏။ အချိန်များ ကုန်လွန်လာပြီး မကြာခင် ခုနစ်ရက် ကြာခဲ့လေပြီ။
ထိုအတောအတွင်း မန်ဟိုကား တစ်ချက်ပင် မရပ်ခဲ့။ အခြေအနေနှစ်ရပ်တွင် သူက နဂါးနက်ကြီးများကို ဝါးမြိုနေသော လိပ်ပြာနက်ကို နောက်တစ်ဖန် လေ့လာရန် ကောင်းကင်စက္ခုပညာရပ်ကို အသုံးပြုသည်။ လိပ်ပြာအရှိန်အဝါ၏ အကန့်အသတ်မဲ့မှုကိုလည်း သူ အာရုံရသည်။ နောက်ဆုံး ရှစ်ရက်မြောက်နေ့တွင်တော့ သူ ရောက်သွားခဲ့လေပြီ။
၎င်းသည် ခွဲဖြာနေသော တောင်တန်းဆယ်တန်း စုဆုံနေသည့် နေရာတစ်နေရာပင်။ အလယ်၌ တအိအိလှုပ်ရှားနေသော အဖြူရောင်မြူများနှင့် ပြည့်နှက်နေသည့် ဧရာမချိုင့်ဝှမ်းကြီးတစ်ခုရှိသည်။ ၎င်းက စိတ်ဝိညာဉ်စွမ်းအင်ကို ဝေးဝေးလံလံ မလွင့်ပျံ့နိုင်အောင် ဟန့်တားထားပြီး တောင်နှင့်ပင်လယ်များကို သိမ်းပိုက်စိုးမိုးနိုင်သော စိတ်ဝိညာဉ်ရှိနေသယောင်ပင်။
မန်ဟိုသည် ၎င်းကို တစ်ကြိမ် ပတ်၍ ပျံသန်းပြီး မျက်မှောင်ကြုတ်သွား၏။ သူက မျောလွင့်နေသည့်မြူများကို တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေသည်။ နောက်ဆုံးတွင် ဓားပျံတစ်လက်ကို အားကုန်လွှဲပစ်ကာ မြူများထံသို့ ရွှီးခနဲ ပျံထွက်သွားစေ၏။
၎င်း မြူအတွင်း ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် မန်ဟိုက ချိုင့်ဝှမ်း၏အစပ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် မျက်လုံးများပိတ်ပြီး မြူကိုခွင်းလျက် သွားနေသော ဓားပျံနှင့် ဆက်သွယ်ရန် စိတ်ဝိညာဉ်အာရုံတစ်မျှင်ကို ထုတ်လွှတ်လိုက်သည်။
မြူထုသည် သိပ်သည်းပြီး ဓားပျံက အမွှေးတိုင်တစ်တိုင်ထွန်းစာအထိ ဆက်လက်ပျံသန်းသွားနေသည်။ နောက်ဆုံးတွင် ၎င်းသည် အောက်ရှိ ချိုင့်ဝှမ်းအတွင်းသို့ ဝင်ရောက်သွား၏။ ထိန်းလင်းနေသော အလင်းရောင်ကို မန်ဟို မြင်လိုက်ရသည်။ သူ့၏အောက်တွင် ဆန့်တန်းလျက်ရှိသည်ကား အံ့ဩတုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုပင်။ အဆောက်အအုံများကား ကောင်ကင်မြေကြီးမှုန်များဖြင့်သာ တည်ဆောက်ထားခြင်းဖြစ်၏။ ရုတ်တရက် သူ၏စိတ်ဝိညာဉ်အာရုံထဲတွင် ပုံရိပ်တစ်ခု ဘွားခနဲ ပေါ်လာသည်။ ဓားပျံ ဝုန်းခနဲ ပေါက်ကွဲသွား၏။ ဖျက်စီးအားတစ်ရပ်က စိတ်ဝိညာဉ်အာရုံမှတစ်ဆင့် မန်ဟို့အပေါ် တန်ပြန်သက်ရောက်သည်။
သူ့မျက်နှာ ရိပ်ခနဲ ဖြစ်သွားသော်လည်း စိတ်ကို ပြင်ဆင်ထားပြီးဖြစ်သည်။ ဓားပျံဖျက်စီးခံလိုက်ရသည့် အခိုက်အတန့်မှာပင် သူသည် ဆက်သွယ်မှုကို ဖြတ်တောက်ကာ သူ့ဆီ အား,မသက်ရောက်အောင် ဟန့်တားလိုက်သည်။
စိတ်ဝိညာဉ်အာရုံကို ဖြတ်တောက်ပြီးနောက်တွင် မန်ဟို မျက်နှာဖြူဖျော့သွားသည်။
"အဆောက်အအုံတွေက ကောင်းကင်မြေကြီးမှုန်တွေကနေ တည်ဆောက်ထားတာပဲ... အဲ့ဒီနေရာက ဘာနေရာကြီးလဲ" မန်ဟိုမှာ အသက်မနည်းရှူနေရပြီး သူ၏မျက်လုံးများမှာ တောက်ပနေချေသည်။ သူသည် မြူထု၏အလွန်က နယ်ပယ်ကို လျှပ်တပြက်သာ မြင်ခဲ့ရသော်လည်း ယင်းက မန်ဟို့ကို လုံးလုံးလျားလျား တုန်လှုပ်သွားစေရန် လုံလောက်သည်။
"အင်မိုတယ်လျှောက်လှမ်းခြင်းတံတား ဖျက်စီးခံရတဲ့နောက်မှာ တံတားပျက်နယ်ပယ် ဖြစ်လာတယ်။ ဒီလောက် နှစ်တွေကြာပြီးတဲ့နောက်မှာ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ ဒီကို ဘယ်နှကြိမ်လာခဲ့ပြီးပြီးလဲ ဘယ်သူသိမတုန်း....
"ဘယ်သူမှ ဒီနေရာကို ရှာမတွေ့တာ ယုံတောင်မယုံနိုင်ဘူး။ ဒါပေမယ့် ဒီမှာကြည့် ဒီနေရာက ရှိနေတယ်။ ဒီနေရာ ဘယ်လောက်အန္တရာယ်များလဲဆိုတာ ကောင်းကင်မြေကြီးပုံအများကြီးက သက်သေထူနေတာပဲ။ အဲ့ဒီတော့ အတိတ်တုန်းက ဝင်ဖို့ကြိုးစားခဲ့တဲ့လူတိုင်း သေသွားတာဖြစ်မယ်"
မန်ဟို့ အတွေးရထားကြီး ဤဘူတာဆိုက်သော် ရင် ဒိန်းခနဲ ခုန်သွားသည်။ သူက လက်ကို ဝှေ့ယမ်းပြီး ရုတ်ခြည်း ပျောက်ကွယ်သွား၏။
သူပျောက်ကွယ်သွားပြီးမကြာခင် အဝေးမှ အလင်းတန်းတစ်တန်း ပေါ်လာသည်။ ၎င်းသည် ဝတ်ရုံရှည် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးဖြစ်၏။ သူမ၏ရုပ်ရည်သွင်ပြင်မှာ ချောမောလှပပြီး သူမအရေပြားလေးမှာ ကျောက်စိမ်းလေးအတိုင်းပင်။ သူမဆိုသူကား... ကျောက်ယူလန်။
သူမသည် သတိထားပြီး လာနေ၏။ ဤနေရာသို့ ရောက်သော် မန်ဟိုလုပ်ခဲ့သည့်အတိုင်း လုပ်သည်။ သူမသည် ပတ်၍ ပျံသန်းပြီးနောက် အစွန်းနားတွင် ထိုင်စရာနေရာ တွေ့သွားသည်။ မြူကို စူးစမ်းကြည့်ရှုရန် ပညာရပ်တစ်ခု သုံးတော့မည့်အချိန်မှာပင် ရုတ်တရက် သူမ၏ဖီးနစ်မျက်ဝန်းလေးများ အရောင်လဲ့သွား၏။ သူမသည် လက်လှလှလေးကို ဝှေ့ယမ်းလိုက်ရာ အဖြူရောင်ပင့်ကူတစ်ကောင်ကို မြူထုအတွင်းသို့ အဖြူရောင်တန်းတစ်တန်းအသွင်ဖြင့် ထွက်သွားစေသည်။
၎င်းက မြူအတွင်း ဝင်ခါနီးဆဲဆဲတွင် ရုတ်တရက် ကွေ့ပြီး.... မန်ဟို ပျောက်ကွယ်သွားသော နေရာသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။
"မျက်နှာမပြရဲဘူးလား" သူမက အေးတိအေးစက်ပြောသည်။ "ဒီက ထွက်လာခဲ့စမ်း" အဖြူရောင်အတန်းကား ဗလာနယ်ကို ဦးတည်နေရသည်ထင်ရသည်။ ၎င်း ရောက်တော့မည့်အချိန်တွင် လှိုင်းများထလာပြီး လှိုင်းထဲမှ လက်ချောင်းတစ်ချောင်း ထွက်လာသည်။
လက်ချောင်းက အဖြူရောင်အလင်းတန်းကို အသာအယာ ထိလိုက်ပြီး မချိတင်ကဲ အသံကြီး ကြားလိုက်ရ၏။ အလင်း မှေးမှိန်ပျောက်ကွယ်သွားသည်။ မန်ဟိုက မျက်ဝန်းများ တင်းမာခက်ထန်နေလျက် ထွက်လာလေသည်။
"နင်ကိုး" ကျောက်ယူလန်က ပြောသည်။ သူမ၏သူငယ်အိမ်လေးများ ကျဉ်းမြောင်းသွားပြီး မျက်ဝန်းလေး၌ အသတ်အဖြတ်စိတ်ဆန္ဒ ပြည့်နှက်သွားသည်။ သူမလက်သည် နဂိုအတိုင်း ရှိနေပြီဖြစ်သော်လည်း သူမအမူအရာလေးက နာကြည်းမုန်းတီးမှုကို ထုတ်လွှတ်နေသေးသည်။
မန်ဟို မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ကျောက်ယူလန် ဤနေရာတွင် ပေါ်လာခြင်းက သူ့ခေါင်းထဲတွင် မေးခွန်းများစွာ ပလုံစီသွားစေသည်။ သူမ လွန်စွာသတိထားနေခဲ့သည့်အချက်က ဤနေရာ၏ဆန်းကြယ်မှုကို သိနေသည့်အလားပင်။
ပို၍ပင်အရေးကြီးသည်မှာ သူ သူမကို ယခင်တွေ့ခဲ့တုန်းက သူမ၏ကျင့်ကြံခြင်းအခြေခံသည် အမြုတေဖြစ်တည်မှုမဟာစက်ဝန်းအဆင့်တွင်သာ ဖြစ်ခဲ့သည်။ သို့ရာတွင် ယခု... အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် ဖြစ်နေချေပြီ။ သူမ၏ကျင့်ကြံခြင်းအခြေခံလှိုင်းများအရ သူမသည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ရောက်ခါနီး အထွတ်အထိပ်အဆင့်တွင်ဖြစ်ကြောင်း သူပြောနိုင်သည်။
တစ်နှစ်ပင်မပြည့်သေးသော အချိန်အတွင်း သူမကား မယုံနိုင်လောက်အောင် တိုးတက်သွားခဲ့၏။ ထိုကဲ့သို့အဖြစ်မျိုးမှာ ကမ္ဘာပေါ်တွင် ရှားမှရှားကြောင်း မန်ဟို ကောင်းကောင်းသိသည်။
"ဖြစ်နိုင်ခြေတစ်ခုတည်းပဲ ရှိတယ်" မန်ဟိုက မျက်လုံး လင်းလက်သွားရင်း တွေးလိုက်သည်။
ကျောက်ယူလန်မှာမူ မျက်ဝန်းများ၌ အသတ်အဖြတ်စိတ်ဆန္ဒ တရိပ်ရိပ် လှုပ်ရှားနေသည်။ သူမသည် မန်ဟို့ကို အမှန်တကယ် လေးစားသော်လည်း ထိုသည်က သူမ၏သတ်ဖြတ်လိုစိတ်ကို ပို၍သာ အားကောင်းသွားစေသည်။ သူ့ကို မြင်လိုက်သည်နှင့် သူမက လေထုထဲ ခုန်တက်ခဲ့၏။ မီတာသုံးထောင်အကျယ် အလင်းစက်လုံးကြီး သူမကို ဝန်းရံသွားပြီး ဧရာမပင့်ကူဖြူကြီးတစ်ကောင် မှော်ဆန်ဆန် ပေါ်လာသည်။ သူမက မန်ဟို့ဆီ ချက်ချင်း ပြေးဝင်လာ၏။
သိသာစွာပင် ပင့်ကူအဖွဲ့ အရုပ်ဘိုးဘေးကြီး ချိတ်ပိတ်ခံထားရခြင်း၏ သက်ရောက်မှုမှာ ယခုအချိန်တွင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ကျောက်ယူလန် သူ့ဆီ ပြေးဝင်လာစဉ် မန်ဟိုက သွေးမျက်နှာဖုံးကို တပ်လိုက်သည်။ ဧရာမမျက်နှာကြီးတစ်ဖက်က လှိုင်းများအား အရပ်မျက်နှာတစ်ခွင်သို့ ဖြာဆင်းသွားစေသည်။
ထစ်ချုန်းသံကြီးတစ်သံ လေတွင် ပြည့်နှက်နေသော်လည်း မန်ဟို ပျောက်ကွယ်သွားသည်။ သူပြန်ပေါ်လာသောအခါ ကျောက်ယူလန်၏ ဘေးတွင် ဖြစ်၏။ သူ၏လက်သီး ကျရောက်သွားသည့်အချိန်မှာပင် ကျောက်ယူလန်က ဝါးခနဲ ပျောက်ကွယ်သွားသည်။ သူမက သူ့အနောက်တွင် ပြန်ပေါ်လာပြီး လက်ကို မြှောက်လိုက်သည်။ သူမလက်မနှင့် လက်ညှိုးက ထိနေပြီး ကျန်လက်ချောင်းများက ထောင်နေသည်။ သူမ မန်ဟို့ကျောကို ရိုက်ချလိုက်စဉ် သူမမျက်ဝန်းများမှ အသတ်အဖြတ်စိတ်ဆန္ဒတို့ ထုတ်လွှတ်နေသည်။
သူက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ သူ၏ခန္ဓာကိုယ်က ဖျပ်ခနဲ ဖြစ်သွားကာ သူ့ခြေထောက်အောက်တွင် သွေးရောင်လှိုင်းများ အဘက်ဘက်သို့ ဖြာထွက်ပျံ့နှံ့သွားသည်။ မန်ဟို့၏သွေးကိုယ်ပွားငါးကိုယ် ပေါ်လာသဖြင့် သွေးရောင်အလင်းသည် မိုးထိတိုင် ထွန်းတောက်လာ၏။
ထစ်ချုန်းသံများ လေတွင် ပြည့်နှက်နေပြီး ကျောက်ယူလန် မျက်နှာရိပ်ခနဲ ဖြစ်သွားသည်။ သူမက နောက်တစ်ဖန် ပျောက်ကွယ်သွား၏။
သူတို့နှစ်ယောက်မှာ သူတစ်လှည့်၊ ကိုယ်တစ်လှည့် နေရာရွှေ့ပြောင်းရင်း လေလယ်တွင် တိုက်ခိုက်နေကြသည်။ နတ်ဘုရားစွမ်းရည်များ ယိမ်းနွဲ့ကခုန်နေရာ တဝုန်းဝုန်း ပေါက်ကွဲသံများ ထပ်ဆင့်ကဲမြည်ဟည်းနေတော့သည်။
အချိန်အနည်းငယ်ကြာသော် ကျောက်ယူလန်သည် ပေါက်ကွဲမှုတစ်ခုအတွင်းမှ ပျောက်ကွယ်ပြီး မီတာသုံးရာအကွာတွင် ပြန်ပေါ်လာသည်။ သူမက လက်သွယ်သွယ်လေးကို မြှောက်လိုက်ရာ ၎င်း၏အပေါ်တွင် ... သွေးတစ်စက်ကို မြင်နိုင်၏။
သူမက သွေးစက်ကို ခါလိုက်ရာ ငှက်တစ်ကောင်၏ ခပ်စူးစူးတွန်ကျူးသံကဲ့သို့ အသံတစ်သံ လေတွင် ပြည့်နှက်သွားသည်။ သွေးစက်က အနီရောင်ဖီးနစ်ငှက်တစ်ကောင်အသွင်ပြောင်းရင်း ပြန့်ကားလာသည်။ ၎င်းက တောင်ပံနှစ်ဖက်ကို ဖြန့်လိုက်ရာ မီးတောက်များ နေရာအနှံ့ လောင်မြိုက်သွားသည်။ မီးညွန့်မီးလျှံများ၏အလယ်တွင် ဖီးနစ်ငှက်က ခံညားစွာ ဟစ်အော်ပြီး မန်ဟို့ဆီ ပြေးဝင်လာ၏။
၎င်း လေကို ခွင်းလာနေစဉ် အပူလှိုင်းတို့က အရပ်မျက်နှာအနှံ့ တလိပ်လိပ် ရိုက်ခတ်နေသည်။ မန်ဟိုက မျက်နှာထား တင်းမာခက်ထန်စွာဖြင့် နောက်ဆုတ်လိုက်သည်။ မီးငှက်ကြီး သူ့ကို လွှမ်းခြုံသွားသည့်အချိန်မှာပင် မျက်လုံးမဲ့ပိုးကောင်က သူ့ကို ရစ်ပတ်လိုက်သည်။
မီးတောက်များ သူ့ကို ဝါးမြိုသွားသည်နှင့်တစ်ပြိုင်နက် သူ၏မျက်ဝန်းများ၌ အသတ်အဖြတ်စိတ်ဆန္ဒ ပေါ်ပေါ်လာသည်။ သူ၏ အေးစက်သောအသံက ပဲ့တင်ထပ်သွား၏။
"မီးလား ငါ့မှာလည်းရှိတယ်"
***