မိစ္ဆာမကျင်ရှန်း
Vol. 33 Ch. 462
မန်ဟို့ပါးစပ်မှ စကားလုံးများ ထွက်သွားသည့်အခိုက်အတန့်တွင် မီးငှက်က သူ့ကို လွှမ်းခြုံလိုက်ပြီ ဖြစ်သည်။ ရုတ်တရက် မီးအရုပ်ဆေးမင်ကြောင်က မန်ဟို့အား ကြောက်မက်ဖွယ် မီးတောက်မီးလျှံများဖြင့် ဟုန်းခနဲ တောက်လောင်သွားစေသည်။
မီးနှင့် မီးကို အနိုင်ယူခြင်း။
မီးတောက်များက မီးငှက်ကို ချက်ချင်း ဝန်းရံလိုက်သည်။ မန်ဟိုက မီးပင်လယ်၏အလယ်တည့်တည့်တွင် ရပ်နေရာ နတ်ဆိုးတစ်ကောင်နှင့်တူနေတော့သည်။ သူက လက်ကို ဝှေ့ယမ်း၍ ဧရာမသစ်ပင်တစ်ပင်ကြီး၏ပုံရိပ်အား မှော်ဆန်ဆန် ပေါ်လာစေသည်။ ၎င်းက မီးပင်လယ်နှင့်တစ်သားတည်းဖြစ်ကာ မီးတောက်များ၏ပြင်းအားကို လျင်မြန်စွာ ဆတိုးသွားစေသည်။ မန်ဟိုက အင်္ကျီလက်စကို ဆတ်ခနဲ ခါ၍ မီးတောက်များအား ကျောက်ယူလန်ဆီ တဟုန်ထိုး ထွက်သွားစေသည်။
၎င်းက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားသွားပြီး မျက်စိတစ်မှိတ်အတွင်း ကျောက်ယူလန် အနားရောက်သွားသည်။ သူမ၏မျက်ခုံးလေးနှစ်ဖက် တွန့်ချိုးသွားပြီး လက်ကို ဝှေ့ယမ်းကာ အဖြူရောင်ဒိုင်းအသေးစားတစ်ခုအား ဖော်ဆောင်လိုက်သည်။
ဒိုင်းကား တခဏအတွင်း သူမတစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည့်တိုင်အောင် ချက်ချင်း ပြန့်ကားလာသည်။ မီးပင်လယ်က ၎င်းကို ဝင်တိုက်လိုက်သော်လည်း အပြည့်အဝ ဟန့်တားခံလိုက်ရ၏။
မန်ဟို့မျက်လုံးများ အေးစက်သွားသည်။ သူက နှာတစ်ချက်မှုတ်ရင်း သတ္တုအရုပ်အား ထုတ်ဖော်ကာ မီးပင်လယ်နှင့် ပေါင်းစည်းလိုက်သည်။ ထွက်ပေါ်လာသော ရွှေရည်စက်များက ကျောက်ယူလန်ဆီ တဟုန်ထိုးထွက်သွားသည်။ သူမက သူမကိုယ်သူမ ခုခံရန် အဖြူရောင်ဒိုင်းကို သုံးလိုက်ပြန်၏။ သို့သော် ရွှေရည်စက်များက ပြန့်ကားလာပြီး အဖြူရောင်ဒိုင်း၏အပြင်တွင် တစ်စက်နှင့်တစ်စက် စုစည်းသွားသည်။
မျက်စိတစ်မှိတ်အတွင်း သူမခန္ဓာကိုယ်ကို ဝန်းရံထားသော အဖြူရောင်ဒိုင်းမှာ ရွှေရည်စက်များဖြင့် တစ်ဖန် ခြုံငုံခံလိုက်ရရာ စက်လုံးကြီးတစ်လုံးကဲ့သို့ ဖြစ်သွား၏။ ဤအရာအားလုံးက ကျောက်ယူလန် ဘာမှမလုပ်နိုင်ခင် ဖြစ်ပျက်သွားခြင်းပင်။
"နင်...." သူမက မျက်နှာရိပ်ခနဲ ဖြစ်သွားရင်း ပြောသည်။
မန်ဟိုသည် မီးပင်လယ်အတွင်းမှ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်လာကာ အဖြူရောင်စက်လုံး၏အောက်တည့်တည့်တွင် ပေါ်လာ၏။ သူက ဟိန်းဟောက်ရင်း ရွှေစက်လုံးကို မြူထုအတွင်းသို့ အားကုန်တွန်းထုတ်လိုက်သည်။
"မင်း အဲ့ဒီဒိုင်းထဲမှာ ပုန်းရတာ ကြိုက်မှတော့ မင်းအတွက် နောက်ထပ်အကာအကွယ်တစ်ခု ထည့်ပေါင်းပေးရတာပေါ့" သူက ကျောက်ယူလန်ကို အတွင်းတွင် ထား၍ လေကိုခွင်းလျက် မြူထုထံသွားနေသော ရွှေစက်လုံးကြီးကို ပြောလိုက်သည်။
ဤအရာအားလုံးကို ဖော်ပြရန် အချိန်အတော်လေး ကြာလိုက်သော်လည်း တကယ်တမ်း ခဏလေးအတွင်း ဖြစ်ပျက်သွားခြင်းသာ။ နှစ်ယောက်ကြားက တိုက်ပွဲတွင် တစ်ယောက်မှ အသားစီမရခဲ့ပေ။ သို့သော် မန်ဟိုက ဖြတ်ထိုးဉာဏ်ကောင်းခဲ့သည်။ ရွှေစက်လုံးကြီး မြူထုကို ထိသွားသည်နှင့်တစ်ပြိုင်နက် မြူငွေ့များ တထောင်းထောင်း ထသွားသည်။ ရုတ်တရက် ရွှေစက်လုံးအတွင်းမှ လာနေသော ခပ်ရှရှ အသံတစ်သံအား ကြားလိုက်ရသည်။
အသံသည် မြူအများစုအား လွင့်စင်သွားစေသည်အထိ အံ့ဩစရာကောင်းလွန်းသည်။ ယခုတွင် အောက်ရှိ အဆောက်အဦးများကိုပင် သိသိသာသာမြင်နိုင်သွားလေပြီ။
အက်ကြောင်းများ ရွှေစက်လုံး၏မျက်နှာပြင်ပေါ်၌ ထလာပြီး အသက်တစ်ရှိုက်အတွင်း ကြေမွသွားသည်။ အော်သံက မန်ဟို့နားထဲ ရောက်လာကာ သူ့စိတ်ကို တုန်ရီသွားစေ၏။ ဓားသွားတစ်လက်က သူ့ဦးနှောက်ကို လှီးနေသကဲ့သို သူ့မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများစီးကျလာသည်။ သူ့စိတ်ကား ဗလာကျင်းသွားလေပြီ။
ဗလာကျင်းသွားမှုက ခဏ ကြာလိုက်သည်။ အသံ ပျောက်ကွယ်သွားသည်နှင့် မန်ဟို့ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ ကျောက်ယူလန်သည် ရက်စက်ကြမ်းကြုတ်သော အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် သူ့အရှေ့တွင် ပေါ်လာသည်။ သူမ၏ သေးသွယ်သော လက်ကလေးက မြောက်တက်သွားပြီး သူ့ကို ဝန်းရံထားသော မျက်လုံးမဲ့ပိုးချည်အပေါ်သို့ ဖိချလိုက်၏။
ဘန်းခနဲ မြည်ဟည်းသွားပြီး မန်ဟိုမှာ ပါးစပ်မှ သွေးများ ပန်းထွက်ရင်း နောက်လွင့်ထွက်သွား၏။ သူသိပ်ဝေးဝေး လွင့်မသွားခင် ကျောက်ယူလန်က သူ့ဆီ နေရာရွှေ့ပြောင်းလာသည်။ သူမက လက်ညှိုးထိုးလိုက်သဖြင့် အဖြူရောင်အလင်းသည် သူမလက်မှ ပေါ်ထွက်လာ၏။ အကြောင်းတစ်ခုခုကြောင့် မျက်လုံးမဲ့ပိုးကောင်မှာ ရုတ်တရက် ရွေ့လျားနေခြင်း တခဏရပ်သွားသည်။
လက်ချောင်း မန်ဟို့အပေါ် နိမ့်ဆင်းလာစဉ် မန်ဟို၏ရင်ဘတ်ပေါ်တွင် သွေးတို့ရွှဲနေသော အပေါက်တစ်ပေါက်ပေါ်လာပြီး အနက်ရောင်ချီမျှင်များက အသားကို ထိုးဖောက်ဝင်ရောက်၍ ပျံ့နှံလာသည်။
မန်ဟို့စိတ်မှာ ချာချာလည်နေ၏။ သူမလက်ချောင်း သူ့ကို အမှန်တကယ် မထိရသေးကြောင်း သူသိသည်။ သို့သော် ၎င်းက သူ့ကို ထူးဆန်းသောနည်းလမ်းဖြင့် ဒဏ်ရာရစေခဲ့သည်။ အနက်ရောင်အမျှင်များကား သူ၏အသက်စွမ်းအားကို လျင်မြန်စွာ စုပ်ယူရင်း သူ့အသားထဲသို့ ထိုးဖောက်ဝင်ရောက်လာလေပြီ။
မန်ဟို မျက်နှာပျက်သွား၏။ သူသည် တောင်ပိုင်းဒေသမှ ထွက်ခွာခဲ့ပြီးနောက် အနက်ရောင်နယ်မြေတွင်သော်လည်းကောင်း၊ အနောက်ပိုင်းသဲကန္တာရတွင်သော်လည်းကောင်း နေထိုင်နေခဲ့သည့်အတောအတွင် ယခုကဲ့သို့ ထိခိုက်ဒဏ်ရာမရခဲ့ဖူးပေ။ မျက်လုံးမဲ့ပိုးကောင်က ပိုးချည်ကို လျင်မြန်စွာ ဆက်လက်လှည့်ပတ်လိုက်သဖြင့် သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ မျက်လုံးမဲ့ပိုးကောင်ကြောင့်သာမဟုတ်လျှင် မန်ဟို ဤအခိုက်အတန့်တွင် မုချ သေနေပြီ ဖြစ်သည်။
သို့စေကာမူ စောစောက သူမ၏နတ်ဘုရားစွမ်းရည်မှာ သူ တန်ပြန်တိုက်ခိုက်နိုင်သောအရာမဟုတ်။ သိုလှောင်အိတ်အတွင်းမှ မှော်ပစ္စည်းတစ်ခုခု ထုတ်ရန် သို့မဟုတ် မုဒြာလက်ကွက်ဖော်ရန် အချိန်လိုသည်။
သို့သော် ကျောက်ယူလန်က သူ့ကို အချိန်ပေးလိမ့်မည်လော။ သူမသည် လက်ချောင်းတစ်ချောင်းကို နောက်တစ်ဖန် မြှောက်ရင်း သူ့ကို ဆက်လက်ဖိချလိုက်သဖြင့် မန်ဟို့ပါးစပ်မှ သွေးများပန်းထွက်သွား၏။
ဤတစ်ကြိမ်တွင် ၎င်းကား သူ့ကို မထိသော်လည်း မည်သို့ဆိုစေ သွေးအန်လိုက်ရသေးသည်။ သူ၏ဘယ်လက်ရှိ အရိုးများ ကျိုးကြေသွားပြီး အနက်ရောင်အမျှင်များက သူ့ခန္ဓာကိုယ်အနှံ့အပြားသို့ ပျံ့နှံ့လာခဲ့လေပြီ။ အသက်စွမ်းအားအမြောက်အမြား ခမ်းခြောက်သွားပြီး သူ့ဆံပင်လည်း ဖြူနေပြီဖြစ်သည်။ သေခြင်းချီသည် သူ့ကိုယ်ထဲတွင် ပြည့်နှက်လာ၏။
ကျောက်ယူလန်က ပို၍ပင်နီးကပ်လာကာ သူမအသတ်အဖြတ်စိတ်ဆန္ဒလည်း အတိုင်းထက်အလွန် ပြင်းထန်လာသည်။ တတိယအကြိမ် သူမ၏လက်သွယ်သွယ်လေး မြောက်တက်သွား၏။ သေစေနိုင်သောအန္တရာယ်အာရုံကြီးက ရေလှိုင်းလုံးများသဖွယ် မန်ဟို့ကို ရိုက်ခတ်နေသည်။ ရုတ်တရက် သူ၏မျက်လုံးများ တောက်ပသွား၏။
သူက ရှိရှိသမျှသော အားအကုန်ဖြင့် ဟိန်းဟောက်လိုက်သည်။ "မင်းက ကျောက်ယူလန်လား၊ မိစ္ဆာမကျင်ရှန်းလား"
ဤအခိုက်အတန့်တွင် ကျောက်ယူလန်၏လက် တုံ့ခနဲ ရပ်သွားသည်။
ဤရပ်သွားခြင်းကို အခွင့်ကောင်းယူကာ မန်ဟိုက သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာများကို လျစ်လျူရှုလိုက်၏။ သေရေးရှင်ရေး အခိုက်အတန့်ဖြစ်ကြောင်း သူသိ၍ အကောင်းဆုံးက နေရာရွှေ့ပြောင်းရန်သာ။ သူ့ဒဏ်ရာများကို ကုသဖို့လိုသည်၊ မဟုတ်လျှင် အသက်အန္တရာယ်ရှိလိမ့်မည်။ သို့သော် သူကား ....ထိုသို့မလုပ်။
အသက်ကယ်ရတနာများနှင့်ပတ်သက်လျှင် သူ့တွင် အရက်အမြုတေနှင့် ယိမ်းနွဲ့ဓားချီအပြင် ချီနန်လည်းရှိသည်။ သို့သော် မန်ဟိုသည် ကျင့်ကြံလာခဲ့သည့်နှစ်များတစ်လျှောက်လုံး အဖြစ်အပျက်များစွာ တွေ့ကြုံခဲ့ရ၏။ ဤသေရေးရှင်ရေးအခြေအနေမှာ ထိုအသက်ကယ်ရတနာများအား အသုံးပြုရသည်အထိ မရောက်သေးပေ။
ထိုအစား သူသည် သိုလှောင်အိတ်ကို ပုတ်ရန် ဤတန်ဖိုးရှိသောအချိန်ကို သုံးလိုက်သည်။ ပဒုမ္မာဓားဝင်္ကပါက အချိန်စွမ်းအားများဖြင့် တဟူးဟူး လည်လျက် ထွက်လာ၏။
သူမရပ်သွားသည့် တိုတောင်းလှသောအချိန်လေးအတွင်း မန်ဟိုက ထွက်ပြေးဘဲ နေလိမ့်မည်ဟု ကျောက်ယူလန်ပင်လျှင် မထင်ထားခဲ့ပေ။ သူက သေမင်းကို မျက်နှာမူ၍ တိုက်ခိုက်ရန် ရွေးချယ်ခဲ့၏။
ဤအခြင်းအရာက သူမကို တုံ့ဆိုင်းသွားစေသည်။ သူမနှင့်မန်ဟိုသည် လက်ရည်တူ၏။ စောစောက သူမ မန်ဟို့ကို အလွယ်တကူ လွှမ်းမိုးနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အလစ်တိုက်ခိုက်နိုင်ခဲ့ခြင်းကြောင့်ပင်။
သတ်ဖြတ်လိုစိတ်များ သူမ၏ဖီးနစ်မျက်ဝန်းလေးများတွင် ထင်ဟပ်လာသည်။ သူမ တိုက်ကွက်တစ်ကွက် ထုတ်ဖော်တော့မည့်အချိန် မျက်နှာ ကွက်ခနဲ ပျက်သွား၏။ ဤအခိုက်အတန့်တွင် သူမ၏သက်တမ်း ယုတ်လျော့လာနေသည်ကို ခံစားလိုက်ရသည်။ သူမသည် တိုက်ခိုက်ရန် အတွေးများကို စွန့်လွှတ်ပြီး ချက်ချင်း နောက်ဆုတ်လိုက်၏။
သို့ထိတိုင် စောစောက တခဏတုံ့ဆိုင်းနေခဲ့ခြင်းက သက်တမ်းသုံးရာ လျော့သွားစေခဲ့သေးသည်။ သူမနောက်ဆုတ်သွားစဉ် မန်ဟို့၏မျက်နှာပေါ်၌ ရက်စက်ကြမ်းကြုတ်သော အသွင်တစ်ခု ပေါ်လာသည်။ သူသည် ဆေးလုံးတစ်လုံး အလျင်အမြန် ထုတ်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
"အခုက ငါ့အလှည့်" သူက ပြောသည်။ သူသည် ပဒုမ္မာဓားဝင်္ကပါနှင့်အတူ ကျောက်ယူလန်၏အရှေ့တွင် ပေါ်လာ၏။ သူက လက်သီးကို နောက်သို့လွှဲပြီး သူမဗိုက်ကို ထိုးချလိုက်သည်။
အုန်းခနဲ မြည်ဟည်းသွား၏။ ကျောက်ယူလန်သည် အဓိကနေရာကို မထိအောင် ရှောင်လိုက်နိုင်သည်။ သို့သော် သူမမှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်လွင့်ထွက်သွား၏။ မန်ဟိုက ပဒုမ္မာဓားဝင်္ကပါဖြင့် ထပ်မံတိုက်ခိုက်ရင်း ရှေ့တက်လာသည်။ နောက်ထပ်သက်တမ်းသုံးရာ လျော့ကျသွား၏။ ကျောက်ယူလန် နောက်ဆက်ဆုတ်သွားစဉ် သူမမျက်နှာမှာ လူသေကောင်သဖွယ် ဖြူဆုပ်နေလေပြီ။
"မင်း နောက်ဆုတ်နိုင်အောင် ကူညီခွင့်ပေး" မန်ဟိုက ပြောသည်။ သူ၏လက်သီးသည် သူမဗိုက်ကို ထိုးချလိုက်ရာ သူမပါးစပ်မှ သွေးများက ရေပန်းသဖွယ် ပန်းထွက်သွားသည်။ သူမမှာ နောက်သို့လွင့်ထွက်သွားပြီး ယခုတွင် စောစောက မန်ဟိုအခြေအနေနှင့် တူနေချေသည်။ သူမသည် အသားစီးရနေသည့်နေရာကို ဆုံးရှုံးသွားခဲ့ပြီး ပြန်တိုက်ခိုက်ခြင်းပင် မပြုနိုင်တော့။ ယခုတွင် သူမမှာ ပြုသမျှနုနေလေပြီ။
မန်ဟို့ခန္ဓာကိုယ်က ရိပ်ခနဲ ဖြစ်သွားပြီး သူမအရှေ့တွင် ပေါ်လာပြန်သည်။ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ တလိပ်လိပ်ရိုက်ခတ်နေလျက် မျက်လုံးမဲ့ပိုးချည်က ကျောက်ယူလန်ထံ ထိုးဝင်သွားသည်။ ဤအချိန်တွင် သူမက စိတ်ပျက်လက်ပျက် အော်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဝိုးတိုးဝါးတားပုံရိပ်တစ်ခု သူမပခုံးပေါ်တွင် ပေါ်လာ၏။ ၎င်းသည် လွန်စွာသေးငယ်ပြီး လက်တစ်ဖက်အရွယ်ခန့်သာ ရှိသည်။ ၎င်းကား အမျိုးသမီးသေးသေးလေးတစ်ယောက်နှင့်တူသည်။ သို့သော် ကျောက်ယူလန်မဟုတ်။
သူမသည် စိုးရိမ်သောကရောက်နေသောအမူအရာရှိပြီး ပေါ်လာလျှင်ချင်း စူးစူးဝါးဝါးအော်သည်။ အော်သံက မန်ဟို့စိတ်ကို နောက်တစ်ကြိမ် လည်ထွက်သွားစေသည်။ သူ့မှာ သွေးအန်လျက် နောက်ဆုတ်လိုက်ရ၏။ သူသည် ကျင့်ကြံခြင်းအခြေခံစွမ်အားအလုံးစုံသုံး၍ ကျောက်ယူလန်ကို တုပ်နှောင်ရန် မျက်လုံးမဲ့ပိုးချည်အား ပို့လွှတ်လိုက်သည်။
မျက်လုံးမဲ့ပိုးချည် နီးကပ်လာသည်ကို မြင်သောအခါ ကျောက်ယူလန်ပခုံးပေါ်ရှိ လူသေးသေးလေး၏ မျက်လုံးများ ခက်ထန်သွားသည်။
"မင်းလို အင်းဆက်လေးတစ်ကောင်က အင်မိုတယ်တစ်ဦးကို ရန်စရဲတယ်ပေါ့" လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်တစ်ခု လူသေးသေးလေး၏ မျက်လုံးများတွင် ပေါ်ပေါက်လာသည်။ ရုတ်တရက် ကျောက်ယူလန်၏အရှေ့တွင် ထူးဆန်းသောအနီရောင်ပန်းတစ်ပွင့် ပေါ်လာ၏။ ပန်းပွင့်ချပ်များပေါ်၌ မျက်နှာများအား မြင်နိုင်သည်.... မန်ဟို့၏မျက်နှာများပင်။
ပန်းသည်... ရုတ်တရက် ကြေမွသွား၏။ ထိုစဉ် မန်ဟို့၏စိတ်တစ်ခုလုံး ချာချာလည် သွားသည်။ သူ့ဝိညာဉ်မှာ ကွဲကြေတော့မည့်အလား ခံစားလိုက်ရ၏။
"အင်မိုတယ်တဲ့လား အဲ့ဒီတော့ ဘာလုပ်ရမှာလဲ" သူက ပြန်တုံ့ပြန်သည်။ ဤအခိုက်အတန့်တွင် မန်ဟိုသည် သူ့ကိုယ်ထဲရှိ အရက်အမြုတေအား ရုတ်ခြည်း လည်သွားစေသည်။ သူ၏စိတ်နှင့်တစ်သားတည်းဖြစ်နေသော နည်းလမ်းကို သုံးရင်း အရက်ချီတစ်လုပ် ထွေးလိုက်၏။ ချက်ချင်းပင် ၎င်းသည် အံ့ဖွယ်ဓားစိတ်ဆန္ဒ ဖြစ်လာသည်။ တဂျိန်းဂျိန်းမြည်သံများ မန်ဟို့ဆီမှ ထွက်လာ၏။ဓားစိတ်ဆန္ဒက သူရောက်ရှိနေသည့် တိုက်တစ်တိုက်လုံးတွင် ချက်ချင်း နေရာယူသွားသည်။ ဤနေရာရှိ ကျင့်ကြံသူအားလုံးမှာ ရင်တဒိန်းဒိန်းခုန်လာသည်ကို ခံစားလိုက်ရလေသည်။
ကျောက်ယူလန်၏ ပခုံးပေါ်ရှိ လူသေးသေးလေးမျက်နှာမှာ ချက်ချင်းပင် ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွား၏။
"အဲ့ဒါ ဓားအင်မိုတယ်ဟန်ရှန်းရဲ့ ယိမ်းနွဲ့ဓားချီပဲ"
အရက်ချီသည် မန်ဟို့အပြင်သို့ လွင့်မျောလာ၏။ သူ့ကိုယ်ထဲတွင်တော့ ဓားချီက စုစည်းလာသည်။ ဓားချီ ပေါက်ကွဲထွက်လာတော့မည့်အခိုက်အတန့်တွင် .... ကောင်းကင်သည် ရုတ်တရက် မီးခိုးရောင်ပြောင်းသွားပြီး မြူများ ထလာသည်။
"သေစမ်း တံတားကျွန်တွေ ထပ်လာပြန်ပြီ" မန်ဟို့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရုတ်တရက် တုံ့ခနဲ ရပ်သွား၏။ သို့သော် ဤတစ်ကြိမ်တွင် သူသည် လုံးလုံးလှုပ်မရခြင်းမဟုတ်ပေ။ အရက်ချီက ဖြာထွက်နေပြီး ဓားချီက သူ့ကိုယ်တွင်းတွင် စုစည်းနေသည်။ သူသည် လှုပ်၍ရသေးသော်လည်း ရွှံ့တောထဲ လမ်းလျှောက်နေရသကဲ့သို့ ခံစားရလေသည်။
ကျောက်ယူလန် မျက်နှာပျက်သွားသည်။ သူပခုံးပေါ်ရှိ လူသေးသေးလေး ပျောက်ကွယ်သွား၏။ ရုတ်တရက် မန်ဟို့နည်းတူ ကျောက်ယူလန်လည်း ခပ်နှေးနှေးတော့ လှုပ်ရဟန်တူသည်။
နိုးကြားသွားသောအရိပ်အယောင်များ သူမမျက်ဝန်းထဲတွင် ပြည့်နှက်သွား၏။
ဤသို့ဖြစ်ပျက်နေသည့်အချိန်မှာပင် ချိုင့်ဝှမ်းအတွင်းရှိ မြူများကြားမှ အရိပ်များ ပေါ်လာခဲ့လေပြီ။ ခပ်သဲ့သဲ့အသံများ ကြားလိုက်ရပြီး တံတားကျွန်များက မန်ဟိုနှင့် ကျောက်ယူလန်အနားမှ ဖြတ်လျှောက်သွားကြသည်။
"ဒီနေရာက တံတားကျွန်တွေနေတဲ့နေရာလား" မန်ဟိုမှာ ချိုင့်ဝှမ်းအတွင်းမှ လမ်းလျှောက်ထွက်လာသော တံတားကျွန်များကို ကြည့်ရင်း တွေးလိုက်မိသည်။ သူ့စိတ်နှလုံးမှာ ချာချာလည်နေလေပြီ။ ဤအခိုက်တွင် နောက်ဆုံးနေရာရှိ တံတားကျွန်ကို သတိထားမိလိုက်သည်။ ၎င်းသည် အသက် ၁၅၊ ၁၆ အရွယ်ရှိ မိန်းမငယ်လေးတစ်ဦး ဖြစ်၏။ သူမက လမ်းလျှောက်နေစဉ် ရုတ်တရက် မန်ဟိုနှင့် ကျောက်ယူလန်ကို လှည့်ကြည့်သည်။ သူမမျက်နှာအမူအရာက ခံပြင်းပြီး တွေဝေနေသော ပုံစံမှသည် ရန်လိုသောပုံစံပြောင်းသွား၏။ သူမက လှစ်ခနဲ သူတို့ဆီ ဦးတည်လာသည်။
ပြင်းထန်သော အအေးဓာတ်က မန်ဟို့ကို ဖိနှိပ်လိုက်ရာ သူ့အား အံ့ဩမှင်သက်သွားစေသည်။
ကျောက်ယူလန်က မကြောက်စဖူးကြောက်နေသော အသံဖြင့် ပြောသည်။ "မန်ဟို ငါတို့ အတူပေါင်းတိုက်မှဖြစ်မယ်။ မဟုတ်ရင် ဒီနေ့ နင်ရော ငါရော သေလိမ့်မယ်"
***