အချစ်လေး
Vol. 33 Ch. 463
မန်ဟို့သူငယ်အိမ်များ ကျုံ့သွားသည်။ သူသည် ကျောက်ယူလန်၏အရှေ့တွင် ဖြစ်ပြီး တံတားကျွန်မိန်းကလေး ပစ်မှတ်ထားလာနေသောလူမှာ သူကလွဲ၍ တခြားမဟုတ်ပေ။
ကျောက်ယူလန်ပါးစပ်မှ စကားလုံးများ ထွက်လာစဉ် လူသေးသေးလေးသည် သူမပခုံးပေါ်တွင် နောက်တစ်ကြိမ် မှော်ဆန်ဆန် ပေါ်လာပြန်သည်။ ပုံရိပ်သေးသေးလေးက စိတ်ပူနေသောပုံစံဖြင့် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ အရှေ့သို့ ညွှန်လိုက်၏။
ချက်ချင်းပင် အနီရောင်ပန်းတစ်ပွင့် မန်ဟို့အရှေ့တွင် အကောင်အထည် ဖြစ်တည်လာသည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ပန်းပွင့်၏ ပွင့်ချပ်တစ်ချပ်စီပေါ်တွင် မိန်းကလေး၏မျက်နှာအား မြင်နိုင်လေသည်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ပန်းမှာ စတင်ပြိုကွဲလာ၏။
ဤအခိုက်တွင် ကျောက်ယူလန်မှာ သွေးတစ်ပွက် အန်လိုက်ရသည်။ သူမပခုံးပေါ်ရှိ လူသေးသေး၏ခန္ဓာကိုယ်မှာ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီး ပို၍ပင် ဝေဝါးသွားသယောင်ပင်။ ၎င်းမှာ ခြေကုန်လက်ပန်းကျသွားပုံရသည်။
တစ်ချိန်တည်းမှာပင် လာနေသော မိန်းကလေး၏ ခန္ဓာကိုယ် ရုတ်တရက် ရပ်သွား၏။ နာကျင်သွားသောအမူအရာတစ်ခုက သူမမျက်နှာကို ဖုံးလွှမ်းသွားပြီး သူမသည် အသံမဲ့သော အော်သံတစ်သံပြုလိုက်သည်။ ထို့နောက် သူမ၏မျက်နှာမှာ ပို၍ပင် ရက်စက်ကြမ်းကြုတ်သွားပြီး ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး ရုတ်တရက် မှိတ်တုတ်မှိတ်တုတ်ဖြစ်လာပြီး မြူများ ပွက်ပွက်ဆူလာသည်။
"မြန်မြန်.... နင့်ရဲ့ ယိမ်းနွဲ့ဓားချီကို သုံးပြီး သူ့ကို ခုတ်ချလိုက်။ ငါတို့အနားမကပ်စေနဲ့...."
ဤသေရေးရှင်ရေးအခိုက်အတန့်တွင် မန်ဟို့၏မျက်လုံးများမှာ ပြတ်သားမှုတို့ ပြည့်နှက်သွားသည်။ သူသည် အရက်ချီကို စီးမျောထွက်သွားစေပြီးနောက် စုစည်းနေသော ဓားချီကိုလည်း ထုတ်ဖော်လိုက်သည်။ ထိုနှစ်ခုသည် တစ်သားတည်းဖြစ်သွားကာ တုန်လှုပ်ဖွယ်ရာ အရက်ချီဓားတစ်လက်အား ဖန်တီးလိုက်၏။ ၎င်းက မိန်းကလေး၏ ခေါင်းကို ဦးတည်လျက် လေကို ခွင်းသွားပြီးနောက် ထုတ်ချင်းဖောက်ထွက်သွားသည်။
သူမခန္ဓာကိုယ်မှာ လူးလွန့်တုန်ရီသွားပြီး သူမပတ်ပတ်လည်ရှိ မြူများက လှိုင်းလုံးကြီးသဖွယ် ရိုက်ခတ်လှုပ်ရှားလာသည်။ သူမက တုံ့ခနဲ ရပ်သွား၏။ သူမမျက်နှာပေါ်ရှိ ရက်စက်ကြမ်းကြုတ်သောအမူအရာ ပျောက်ကွယ်သွားပြီး အေးချမ်းသွားသောအရိပ်အယောင်လေးက အစားထိုးဝင်ရောက်လာသည်။
"ဖေဖေ မေမေ..." သူမက နူးညံ့ညင်သာစွာ ပြောသည်။ "ဒီမှာ ရှိသေးလားဟင် .... ဘယ်ရောက်နေကြတာလဲ။ ဘာလို့ သမီးကို ဒီမှာတစ်ယောက်တည်း ပစ်ထားကြတာလဲ.... အရမ်းကြာနေပြီ ... အရမ်းကို ကြာနေပြီလေ...." မိန်းကလေးမှာ ရန်လိုသည့်အသွင်မရှိတော့ဘဲ အထီးကျန်ပြီး ဆောက်တည်ရာမဲ့နေသည်။ သူမသည် တစ်ချိန်လုံး တတွတ်တွတ် ရေရွတ်နေရင်း ဖြေးဖြေးချင်း ပျောက်ကွယ်လာ၏။
မိန်းကလေး ပျောက်ကွယ်သွားခဲ့သည့်နေရာတွင် ခပ်သွယ်သွယ်အမျှင်လေးတစ်မျှင် ဖြစ်ပေါ်လာသည်။
မန်ဟိုမှာ မိန်းကလေး၏ စကားများကြောင့် ခံစားသွားရပြီး ဟန်ရှန်းပြောခဲ့သော တံတားကျွန်များ၏ဇာတ်လမ်းကို ပြန်တွေးမိလိုက်သည်။ သူက သက်ပြင်းချရင်း ခပ်သွယ်သွယ်အမျှင်ကို လှမ်းဖမ်းလိုက်သည်။
အဝေးရှိ ကျန်တံတားကျွန်များမှာ မည်သည့်အရာကိုမှ သတိပြုမိဟန်မရှိဘဲ ဆက်လက်လျှောက်သွားနေကြသည်။
သူတို့ထွက်သွားပြီးနောက်တွင် မီးခိုးရောင်မှာ ပျောက်ကွယ်လာပြီး မြူများလည်း ထိုနည်းတူပင်။
အရောင်များ ပုံမှန်ပြန်ဖြစ်သွားသည်နှင့် မန်ဟို့၏မျက်လုံးများ လက်သွားသည်။ သူသည် လက်သီးဆုပ်ပြီး နောက်တစ်ကြိမ် ထိုးချလိုက်၏။ တစ်ဆက်တည်းမှာပင် ကျောက်ယူလန်၏နှုတ်ခမ်းများ ပွင့်လာပြီး သူမပါးစပ်မှ အဖြူရောင်အလင်းတန်းတစ်တန်းက မန်ဟို့ဆီ ဦးတည်လာသည်။
မှော်အစွမ်းနှစ်ခု တစ်ခုကို တစ်ခု ဝင်တိုက်သွားပြီး အလွန်ကျယ်လောင်သော ပေါက်ကွဲမှုကြီး ရိုက်ညောင်းသွားသည်။ နှစ်ယောက်လုံး နောက်ဆုတ်လိုက်၏။ ကျောက်ယူလန်၏ပခုံးပေါ်ရှိ ပုံရိပ်သေးသေးလေးက သူမ၏ ထူးဆန်းသောပန်းစွမ်းအား နောက်တစ်ကြိမ် ထွက်လာစေရန် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်လိုက်သည်။
သို့သော် ဤအခိုက်အတန့်တွင် အရက်ချီသည် မန်ဟို့ကိုယ်တွင်း၌ နောက်တစ်ဖန် လှုပ်ရှားထကြွလာ၏။
ချက်ချင်းပင် ပုံရိပ်သေးသေးလေးက လှုပ်ရှားနေခြင်းအား ရပ်ပြီး မန်ဟို့ကို စိုက်ကြည့်သည်။ ဤပုံရိပ်လေးမှာ တကယ်တမ်း အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်း မန်ဟို မြင်လိုက်ရ၏။ သူမသည် ကျောက်ယူလန်ပင် မယှဉ်နိုင်သည်အထိ အတိုင်းထက်အလွန် လှရက်လွန်းလေသည်။
သူမက ကျောက်ယူလန်၏ ပခုံးပေါ်တွင် ထိုင်နေရာ အနုသုခုမရုပ်ခန္ဓာတစ်ခုနှင့် အလွန်တူနေ၏။ သို့သော် အနုသုခုမရုပ်ခန္ဓာတစ်ခုထက် နူးညံ့ပျော့ပျောင်းသည့်အပြင် သူမခန္ဓာကိုယ်မှ ကောင်းကင်မြေကြီး၏အနံ့နှင့် အလွန်ဆင်တူသော သင်းပျံ့ပျံ့ရနံကို ထုတ်လွှတ်နေသည်။
သူမလက်တွင် ကျောက်ယူလန်၏ခန္ဓာကိုယ်နှင့် တွယ်ဆက်နေသော ခပ်ပါးပါး ၊ ခပ်ကြည်ကြည် အမျှင်လေးတစ်မျှင်ရှိသည်။ ကျောက်ယူလန်မှာ လောလောဆယ်တွင် ကိုယ်ပိုင်အသိစိတ်မရှိဘဲ ရုပ်သေးရုပ်သဖွယ် ထိန်းချုပ်ခံနေရပုံပေါ်သည်။
ဤအခိုက်အတန့်တွင် မန်ဟိုမှာ ဇဝေဇဝါဖြစ်သွား၏။ မိစ္ဆာမကျင်ရှန်းနှင့် ကျောက်ယူလန်အကြား၌ ဘာဖြစ်နေသည်လဲ သူမသိတော့ပေ။
ကျင်ရှန်းက ရုတ်တရက် ပြုံးပြီးနောက် သာယာနာပျော်ဖွယ်ကောင်းသော အသံလေးနှင့် ပြောသည်။ "မောင်လေး၊ မောင်လေးရဲ့ ယိမ်းနွဲ့ဓားချီက အစ်မကို သေချာပေါက် ဒဏ်ရာရစေနိုင်တယ်။ တကယ်တမ်းပြောရရရင် အစ်မရဲ့ အင်မိုတယ်နတ်ဝိညာဉ်ကို သုတ်သင်နိုင်ခြေ ခုနစ်ဆယ်ရာခိုင်နှုန်းရှိတယ်။ ဒါပေမဲ့ ... နောက်ဆုံးကျရင် မောင်လေးရဲ့ ကျင့်ကြံခြင်းအခြေခံက အစ်မ မသေခင် ထုတ်လွှတ်လိုက်မယ့်တိုက်ကွက်ကို ရှောင်တိမ်းနိုင်ဖို့ မလုံလောက်ဘူး
"အဲ့ဒါကြောင့်မလို့ ဘာလို့ တိုက်ခိုက်နေဦးမလဲ။ ဒီနေရာက တံတားကျွန်တွေ နေတဲ့နေရာ။ တစ်ယောက်မဟုတ် တစ်ယောက်သေအောင် တိုက်မယ့်အစား ဒီနေရာကို အတူတူ စူးစမ်းကြည့်ကြရင် မကောင်းဘူးလား။ နော် မောင်လေး"
သူသည် မိစ္ဆာမကျင်ယန်းပိစိလေးကို လှမ်းကြည့်လိုက်သည်။ သူမအတွက် သူ့ကို "မောင်လေး"ဟု ခေါ်ခြင်းကား သိပ်မသင့်တော်ပေ။ သို့သော် သူမစကားက ယုတ္တိတန်သည်ကိုတော့ သူဝန်ခံရမည်။
"စောစောက သူ တံတားကျွန်တွေကို တိုက်ခိုက်ပေးခဲ့တဲ့အပြုအမူက အတုအယောင်မဟုတ်ဘူး" သူက တွေးသည်။ "ငါ အနားကပ်သွားပေမယ့် သူက သူ့ကိုယ်သူ ကာကွယ်ဖို့ လှုပ်ရှားလိုက်သေးတယ်။ ငါ့မှာ ဓားချီတစ်မျှင်ပဲ ရှိတယ် ထင်ထားပေမယ့် အဲ့ဒီလိုမဟုတ်ဘူးဆိုတာ သိလိုက်တော့ စိတ်ပြောင်းသွားတာဖြစ်မယ်" သူသည် ချိုင့်ဝှမ်းထဲရှိ မြူများကို လှမ်းကြည့်၏။ မြူများ၏ ထူးခြားဆန်းကြယ်မှုနှင့်ပတ်သက်လျှင် သူ့တွင် ၎င်းအား တစ်ယောက်တည်း ကိုင်တွယ်ရန် စွမ်းအားလုံလုံလောက်လောက်မရှိပေ။ သူမနှင့်အတူ ပူးပေါင်းလိုက်ခြင်းကား မဖြစ်နိုင်သည်တော့မဟုတ်။
သူ ထိုကိစ္စကို စဉ်းစားနေစဉ် ကျောက်ယူလန်က သူ့ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ "အစ်မကျင်ရှန်း ဒီလူကလေ အရမ်းကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက်များတယ်။ ပြီးတော့ လုံးဝရက်စက်ပြီး သွေးအေးတာ။ ပြတ်သားတာကလည်း မယုံနိုင်အောင်ပဲ။ သူ့လိုလူနဲ့ အတူတူ အလုပ်မယ်ဆိုရင် သတိထားမှ ဖြစ်မှာ"
ကျင်ရှန်း၏ ဖြေသံက ကျောက်ယူလန်၏စိတ်ထဲတွင် ပဲ့တင်ထပ်သွား၏။ "အချစ်လေး အစ်မကို တကယ်ချစ်တာ သိလိုက်ပါပြီ"
ကျောက်ယူလန် မျက်နှာလေး နီရဲသွားသည်။
သူမမျက်နှာလေးရဲနေသည်ကို အာရုံရလိုက်သဖြင့် ကျင်ရှန်းက ခပ်ဟဟရယ်လိုက်ရာ ကျောက်ယူလန်မှာ ပိုရှက်သွားလေသည်။
"မောင်လေး ဘယ်လိုလဲ။ ဒီမှာ ရတနာတွေအများကြီးပဲနော်။ အစ်မက လောဘမကြီးပါဘူး။ တစ်ဝက်လေးပဲ လိုချင်တာပါ။ ကျန်တာ မောင်လေးယူလို့ရတယ်။ ဘယ်လိုလဲ" ထို့နောက် ကျောက်ယူလန်၏ပခုံးပေါ်ရှိ ပုံရိပ်သေးသေးလေးက ခပ်ဖွဖွရယ်သည်။ သူမသည် လက်ကို မြှောက်ပြီး မြူထုကို ညွှန်လိုက်၏။ ချီမျှင်တစ်မျှင်က မြူကို ခွင်း၍ ၎င်းအား တဖွေးဖွေးလှုပ်သွားစေပြီးနောက် ဖြေးဖြေးချင်း ပါးလာစေသည်။ ကျောက်ယူလန်၏ ခန္ဓာကိုယ်က မြူထဲ ထိုးဆင်းသွား၏။
"မောင်လေး သဘောတူရင် လိုက်လာခဲ့နော်။ အစ်မ စောင့်နေတယ်သိလား" မိစ္ဆာမကျင်ရှန်း၏အသံသည် ကလူမြူဆွယ်နေသံပေါက်နေရာ မန်ဟို့ကို မျက်မှောင်ထပ်ကြုတ်မိစေသည်။ ထို့နောက် သူ၏မျက်လုံးများ တောက်ပလာ၏။ သူသည် ဓားချီကို အသင့်ပြင်ရင်း နိုးနိုးကြားကြားနှင့် မြူများအတွင်း လိုက်ပါထိုးဆင်းသွားသည်။
သူတို့သည် ရှေ့နောက်တန်းလျက် မြူများကို ထိုးခွဲသွားကြသည်။ နောက်ဆုံးတွင် ချိုင့်ဝှမ်းနှင့် ခမ်းနားကြီးကျယ်စွာ တန်ဆာဆင်ထားသော အဆောက်အအုံများဆီ ရောက်သွားကြသည်။ ဤအဆောက်အအုံများမှာ ကောင်းကင်မြေကြီးမှုန်များဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ မြေသင်းနံ့များက ချိုင့်ဝှမ်းတစ်ခုလုံး နေရာယူထားသည်။
"အင်မိုတယ်တွေ ဒီနေရာမှာ နေခဲ့ဖူးတယ်" ကျင်ရှန်းက ကျောက်ယူလန်၏ပခုံးထက်မှ ပြောသည်။ "အဲ့ဒါက ပြိုင်ဘက်ကင်း အင်မိုတယ် (၉၉) ဦး အင်မိုတယ်တံတားအတွက် အစောင့်တပ်အဖြစ် စခန်းချခဲ့တဲ့နေရာပဲ။ တံတားဖျက်စီးခံရပြီးတဲ့နောက်မှာ အင်မိုတယ် (၉၉) ဦး သေဆုံးပြီး အင်မိုတယ်တံတားနဲ့ ပေါင်းစည်းသွားကြတယ်။ သူတို့က တံတားကို ပြန်ပြင်ချင်ကြတာလေ။ အသက်ပြန်ရှင်လာတော့ သူတို့မှာ ရုပ်ခန္ဓာမရှိတော့ဘူး။ ဒါပေမယ့် သူတို့ရဲ့ နန်းတော်တွေမှာ ရတနာတွေ အပြည့်ပဲ" သူတို့ နန်းဆောင်များအနား ရောက်သွားစဉ် တလက်လက်တောက်ပနေသော ဒိုင်းတစ်ခု ရုတ်တရက် ပေါ်လာပြီး သူတို့လမ်းကို ပိတ်လိုက်သည်။ အားကောင်းသောအရှိန်အဝါတစ်ခုက မှော်အရိပ်များနှင့်အတူ ဖိအားကို ထုတ်လွှတ်ရင်း ဖြာထွက်လာသည်။
ကျောက်ယူလန်က သွေးတစ်ပွက် ထွေးလိုက်သည်။ မိစ္ဆာမကျင်ရှန်းက ညာလက်ကို မြှောက်ပြီး သွေးထံသို့ ဝှေ့ယမ်းလိုက်၏။
"စုစည်းစေ"
ချက်ချင်းပင် သွေးသည် အနီရောင်မြူတိမ်ဖြစ်ကာ ဧရာမအနီရောင်ပန်းကြီးတစ်ပွင့် အသွင်ပြောင်းသွား၏။ ပန်းသည် အရှေ့သို့ မျောသွားပြီး အကာအကွယ်ကို ထိလိုက်သည်။ ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းက အကာအကွယ်ထဲ စိမ့်ဝင်ကာ တစ်သားတည်းဖြစ်သွား၏။
အကာအကွယ်တစ်ခုလုံး ပုံပျက်ရှုံ့တွလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် တဖျပ်ဖျပ် လက်လာပြီးနောက် လွင့်ပါးကွယ်ပျောက်သွား၏။ ပျောက်ကွယ်သည်နှင့် ပေါက်ကွဲထွက်လာသော စွမ်းအားက မန်ဟို့မျက်လုံးများကို ကျဉ်းမြောင်းသွားစေသည်။ သူ့အနေဖြင့် ယိမ်းနွဲ့ဓားချီကို မသုံးမချင်း ဤအကာအကွယ်ကို ချိုးဖျက်နိုင်မည်မဟုတ်ပေ။
"အစ်မ အကာအကွယ်တွေကို ဖိနှိပ်ပြီးပြီ" ကျင်ရှန်းက ပြောသည်။ "ဒါပေမဲ့ လေးနာရီပဲခံမှာ။ ဒီက နန်းဆောင်တွေမှာ အစောင့်ရတနာတွေ ရှိလိမ့်မယ်။ မောင်လေး .. မြင်တဲ့အတိုင်း အလယ်မှာ အဓိကခန်းမတစ်ခုရှိတယ်။ သူ့ရဲ့ ဘေးတစ်ဖက်စီမှာ အဆောင်တွေ စီတန်းနေတယ်။ မောင်လေးက တခြားတစ်ဖက်ကို ယူလိုက်။ ပြီးရင် အစ်မတို့ အလယ်မှာ ပြန်ဆုံကြတာပေါ့
"ရတနာတွေ ဘယ်လောက်ရမလဲဆိုတာကတော့ မောင်လေးရဲ့အရည်အချင်းအပေါ်ပဲ မူတည်လိမ့်မယ်" ကျင်ရှန်းက ရယ်ပြီး ကျောက်ယူလန်က မန်ဟို့ကို အေးတိအေးစက် ကြည့်သည်။ ထို့နောက် သူတို့နှစ်ယောက်သည် ညာဘက်ရှိ နန်းဆောင်များဆီ တန်းတန်းမတ်မတ် ဦးတည်သွား၏။
မန်ဟိုက ဖိနှိပ်ခံထားရသော အကာအကွယ်နှင့် လေလယ်တွင် ပျံဝဲနေသည့် အနီရောင်ပန်းကြီးကို ကြည့်လိုက်သည်။ ဤပန်းက အကာအကွယ်၏စွမ်းအားကို ဖိနှိပ်ပေးထား၍ သူတို့ ဝင်ခွင့်ရခြင်းဖြစ်လေသည်။
"လေးနာရီတဲ့လား။ သူ့ကို ယုံလို့မဖြစ်ဘူး။ အလွန်ဆုံးမှ နှစ်နာရီလောက်ပဲ ကြာရင် ကြာလိမ့်မယ်" မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ တခဏလေ့လာပြီးနောက် တိကျပြတ်သားမှုသည် သူ၏မျက်ဝန်းများ၌ ပြည့်နှက်သွားပြီး သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဘယ်အခြမ်းရှိ နန်းဆောင်များဆီ ထွက်သွားသည်။
"ငါ့ရဲ့ကျင့်ကြံခြင်းအခြေခံအဆင့်နဲ့ဆိုရင် ဒီလိုနေရာမျိုးကို ဘယ်တော့မှ ဝင်လို့ရမှာမဟုတ်ဘူး။ အဆောက်အဦးတွေထဲမှာ ဘယ်လိုရတနာတွေပဲရှိပါစေ ငါယူနိုင်တဲ့အရာတွေမဟုတ်ဘူး။ လောဘကြီးလွန်းရင် ဘေးသင့်လိမ့်မယ်
"ဒါကြောင့် အရင်အစီအစဉ်အတိုင်းပဲသွားမယ်။ ရတနာတွေကို မလိုအပ်ဘူး ကောင်းကင်မြေကြီးပဲ လိုတယ်" မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေလျက် သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ ဖြစ်သွားပြီး နန်းဆောင်တစ်ဆာင်၏ အရှေ့တွင် ပြန်ပေါ်လာ၏။ ၎င်းအား သေသေချာချာကြည့်ပြီးနောက် ချိတ်တံဆိပ်တစ်မျိုးဖြင့် တင်းတင်းကြပ်ကြပ် ပိတ်ထားသော ပင်မတံခါးပေါက်ကို မြင်လိုက်သည်။
မန်ဟိုသည် တံတားကို မည်သို့ဖွင့်ရမည်လဲ တွေးရင်း အချိန်ကုန်ခံမနေပေ။ ဓားပျံတစ်လက် သူ့လက်ထဲတွင် ပေါ်လာပြီး သူက ဒူးထောက်ချလိုက်သည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်ရင်း ဓားပျံကို သုံးကာ ကြမ်းခင်းကြွေပြားတစ်ချပ်အား ကလော်ရန် ကြိုးစားလိုက်သည်။ ကံဆိုးစွာနှင့် ဓားပျံကား ထန်ခနဲ ထက်ပိုင်းကျိုးသွား၏။
မန်ဟိုက မျက်မှောင်ကြုတ်ရင်း ရိပ်ခနဲ ခေါင်မိုးပေါ် ပျံတက်ပြီး အမိုးကြွေပြားကို ခွာကြည့်သည်။ ကံဆိုးစွာနှင့် အမိုးမှာ အတိုင်းထက်အလွန်မာ၍ သူ မည်သို့လုပ်လုပ် ခွာမရပေ။
"ဒီဟာက တကယ်မာတာပဲ" သူ၏မျက်လုံးများ စူးရှသွားသည်။ သူသည် ကျင့်ကြံခြင်းအခြေခံကို စွမ်းအားအပြည့်ဖြင့် လှည့်ပတ်လိုက်ရာ အချိန်ဓားဝင်္ကပါ ပေါ်လာပြီး ၎င်း၏စွမ်းအားကို ကြွေပြားအပေါ် ထုတ်လွှတ်လိုက်သည်။ တခဏကြာသော် သူက ကြွေပြားကို ခွာနိုင်လိုက်၏။ ခလွတ်။ ကြွေပြားအား မန်ဟို အောင်အောင်မြင်မြင် ခွာလိုက်နိုင်လေပြီ။
သူ့မှာ စိတ်လှုပ်ရှားစွာဖြင့် ရင်တဒိန်းဒိန်းခုန်လာ၏။ ဤကြွေပြားမှာ လက်တစ်ဖက် အရွယ်သာရှိသော်လည်း တစ်ခုလုံးမှာ ကောင်းကင်မြေကြီးမှုန့်များဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ သူသည် ၎င်းအား သိမ်းပြီး အဆောက်အဦးကို တစစီဖြုတ်နေတော့သည်။
တမုဟုတ်ချင်း နန်းဆောင်၏ အမိုးကြွေပြားအကုန်လုံး မန်ဟို့အိတ်ထဲ ရောက်သွားလေပြီ။ ထို့နောက် သူက ကြမ်းခင်းကြွေပြားများကို စခွာ၏။ ၎င်းတို့အားလုံး သူ၏သိုလှောင်အိတ်ထဲ ရောက်ရန် သိပ်မကြာလိုက်ပေ။
"ပွပြီ။ ငါတော့ပွပြီပဲ" မန်ဟိုက ဟောဟဲလှိုက်လျက် မျက်လုံးများ တောက်ပနေရင်း အဆောက်အဦး၏ အစောင့်ခြင်္သေ့ကြီးများဆီ အကြည့်ရောက်သွား၏။ ၎င်းတို့အား အောင်အောင်မြင်မြင် သိမ်းပြီးနောက် သူက အဆောင်၏ တံစက်မြိတ်များကို ကြည့်လိုက်သည်။
***