← Chapters

လက်သန်း

Vol. 34 Ch. 464

လက်သန်း

Vol. 34 Ch. 464

မကြာမီ တံစက်မြိတ်များလည်း ပြောင်တလင်းခါသွားလေပြီ။ ထို့နောက် မန်ဟို့အကြည့်က နန်းဆောင်သို့ ဦးတည်နေသော လှေကားထစ်များဆီ ရောက်သွား၏။ ထို့နောက် ‌တိုင်လုံးများ၊ နံရံများ။

ခမ်းနားကြီးကျယ်စွာ တန်ဆာဆင်ထားသော နန်းဆောင်တစ်ခုလုံး ပြောင်ခါရှင်းသွားရန် သိပ်မကြာလိုက်ပေ။ ‌အဆောက်အအုံကား ရှိနေသေးသော်လည်း ယခင်နှင့် တခြားစီပင်။

အပေါ်ယံမျက်နှာပြင်မှ ခွာယူရသမျှ အရာအားလုံး တစ်ခုမှ မကျန်တော့ပေ...

နန်းဆောင်၏အတွင်းပိုင်းကို ကာကွယ်ထားသော တားမြစ်မန္တန်ဝင်္ကပါများနှင့် ချိတ်တံဆိပ်များကြောင့်သာမဟုတ်လျှင် အဆောက်အအုံတစ်ခုလုံး ဘာမှပင် ကျန်ခဲ့မည်မဟုတ်။ မန်ဟိုက စိတ်လှုပ်ရှားနေသည်က်ု ချုပ်တည်းရင်း ‌ဘေးက အဆောက်အအုံကို လှမ်းကြည့်သည်။ သူသည် စိတ်လှုပ်ရှားရင်ခုန်စွာဖြင့် ထိုအဆောက်အအုံပေါ် တက်ပြီး တစစီ စခွာတော့သည်။

ဤနန်းဆောင်များကို တည်ဆောက်ခဲ့သော အင်မိုတယ်များသည် သူတို့၏အသိစိတ်နှင့် တံတား ပေါင်းစည်းမသွားခင်တုန်းက အတွင်းရှိ ပစ္စည်းများကို လူအများ စိတ်ဝင်စားနိုင်ကြောင်း ကောင်းကောင်းသိ၍ တားမြစ်မန္တန်ဝင်္ကပါများ၊ ချိတ်တံဆိပ်များအား စီမံထားရှိခဲ့၏။ သို့သော် မန်ဟို့လိုလူ ဤနေရာသို့ ရောက်လာလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ သူကား အတွင်းရှိ ရတနာများကို စိတ်မဝင်စားဘဲ ဆောက်လုပ်‌ရေးပစ္စည်းများကို ခိုးယူနေချေသည်....

အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားသည်။ မန်ဟိုသည် နန်းဆောင်တစ်ခုမှ တစ်ခုသို့ ခုန်ကူးရင်း အပြင်အကာများအား ကြိုးကြိုးစားစား ခွာနေတော့သည်.... ‌ဗလာကျင်းနေသော နန်း‌ဆောင်များသာလျှင် ကျန်ရစ်ခဲ့၏။ ခွာလို့ရသမျှအားလုံး မန်ဟို့က သမသွားသည်သာ။

မြေကြီးပေါ်ရှိ မြက်များပင်လျှင် ကောင်းကင်မြေကြီးချီတချို့ စုပ်ယူထားရှိပုံရသည်။ ၎င်းတို့ မည်မျှထူးခြားလဲ မြင်သည်နှင့် သူက မဆိုင်းမတွ သိမ်းလိုက်သည်။

"ငါ လက်တွေထုံတဲ့အထိ မသမနိုင်ရင် ငါ့နာမည်က မန်ဟိုမဟုတ်တော့ဘူး" သူက ကြမ်းခင်းကြွေပြားတစ်ချပ်ကို မရင်း မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ပြောသည်။ မန်ဟို့ အသိမိတ်ဆွေ တစ်ယောက်ယောက်သာ ယခု သူ့ကို မြင်လျှင် သူစိမ်းတစ်ယောက်နှင့် အမှတ်မှားသွားပေလိမ့်မည်။ သူ့မျက်လုံးများထဲရှိ အကြည့်မှာ ပုံမှန်ကိန်းအောင်းနေလေ့ရှိ‌သော အေးစက်မှုနှင့် ခြားနားနေ၏။

ဤသည်မှာ သူ၏အနက်ရှိုင်းဆုံးထဲတွင် တည်ရှိနေသော အကျင့်စရိုက်၏ တစ်စိတ်တစ်ပိုင်း၊ တန်ဖိုးရှိသောအရာမှန်သမျှအား လိုချင်တပ်မက်တတ်သောအကျင့် ဖြစ်သည်။

သူ့မှာ သည်ကျင့်ကြံခြင်းအခြေခံအဆင့်သို့ ရောက်နေသည့်တိုင် ဘဏ္ဍာစိုးကျိုးကို ငွေစသုံးစ အကြွေးတင်နေသည့်ကိစ္စအား မေ့မရသေးပေ။ မှန်ပါသည်၊ ကျင့်ကြံခြင်းအား စတင်အားထုတ်ပြီးနောက် ထိုငွေစများအပေါ် တပ်မက်မှုသည် ကျင့်ကြံခြင်းရင်းမြစ်များကို တပ်မက်မှုအဖြစ် ကူးပြောင်းသွားခဲ့၏။

ဥပမာ ကောင်းကင်မြေကြီးမှုန်။ လောလောဆယ်တွင် သူ့အတွက် ကောင်းကင်မြေကြီးထက် လိုချင်သည့်အရာမရှိပေ။

ပြင်းပြသောစိတ်ဆန္ဒဆိုသည်မှာ... ကောင်းသည့်အရာပင်မဟုတ်ပါလော။ မန်ဟိုသည် ပြင်းပြသောစိတ်ဆန္ဒများဖြင့် မမောမပန်းနိုင် ပျော်ရွှင်နေ‌သည်။ ယခုတွင် သူကား လူယောင်ဆောင်ထားသော ကျိုးကောင်တစ်ကောင်အလားပင်။ သူ့မြင်ကွင်းထဲရှိ ခမ်းနားကြီးကျယ်စွာ တန်ဆာဆင်ထားသော နန်းဆောင်များအားလုံး မုန်တိုင်းကြီးတစ်လုံး၏ လွှမ်းခြုံခြင်းခံရမည်ဖြစ်သည်။ မုန်တိုင်းဖြတ်ကျော်သွားလျှင် နန်းဆောင်ကား ကိုယ်လုံးတီး ဖြစ်ကျန်ခဲ့ပေမည်။

နန်းဆောင် ဆယ်ဆောင်၊ အဆောင်နှစ်ဆယ်၊ အဆောင်သုံးဆယ်... နှစ်နာရီကြာသည့်နောက်တွင်တော့ နန်းဆောင်ခုနစ်ဆယ်ကျော်မှာ မန်ဟို့၏ တစစီဖြုတ်ခွာခြင်း ခံလိုက်ရလေပြီ။

သူ၏အမူအရာမှာ စိတ်လှုပ်ရှားနေဟန် ရှိပြီး အသက်ရှူသံများကလည်း နွားသိုးကြီးအလားပင်။ လက်ရှိအချိန်တွင် အဆောင်သုံးဆယ်ပင်မကျန်တော့။ မန်ဟို နောက်ဆုံးကျန်ရှိသော အားအင်ဖြင့် ကျန်အဆောင်များဆီ သွားရန် ပြင်နေစဉ် ကျောက်ယူလန်သည် ချိုင့်ဝှမ်း၏ ဆန့်ကျင်ဘက်အခြမ်းရှိ ကြီးမားသော နန်းဆောင်ကြီးတစ်ဆောင်ထံမှ ရုတ်တရက် လမ်းလျှောက်ထွက်လာ၏။

သူမထွက်လာပြီးနောက် နန်းဆောင်တစ်ဆောင်လုံးမှာ ဝုန်းခနဲ ပြိုကျသွား၏။ ကျောက်ယူလန်ကား စိတ်လှုပ်ရှားနေသယောင်ရှိသည်။ သူမပခုံးပေါ်ရှိ ကျင်ရှန်းသေးသေးလေးမှာ ပို၍ပင် စိတ်လှုပ်ရှားနေပုံပင်။ အံ့ဩဖွယ်ကောင်းစွာနှင့် သူမလက်ထဲတွင် ဖန်ဘူးလေးတစ်ဘူးရှိနေ၏။

"ဒီပစ္စည်းလေးတစ်ခုရဖို့ နှစ်နာရီကြာသွားတယ်" ‌ကျင်ရှန်းက စိတ်လှုပ်တရှားပြောသည်။ "ဒါပေမဲ့ ဒီဖန်ဘူးလေးက အင်မိုတယ် (၉၉) ဦးထဲက အထင်ရှားဆုံးသူ ပိုင်ဆိုင်ခဲ့ဖူးတဲ့ ရတနာပဲ။ နှစ်နာရီ ကြာတော့ကြာလိုက်ပေမယ့် တန်ပါတယ်။ အချစ်လေး၊ တို့ ဆက်သွားကြမလား..... ဟင်၊ ဟမ် ၊ ဘယ်လို" သူမ အကြည့် မန်ဟို့အပေါ် ကျရောက်သွားသောအခါ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး ပင့်သက်ရှိုက်လိုက်ရ၏။ သူမမှာ ကိုယ့်မျက်စိကိုယ် မယုံရဲသဖြင့် မျက်လုံးများကို ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။

ကျောက်ယူလန်လည်း မြင်သောအခါ မျက်လုံးများ ပြူးကျယ်ဝိုင်းစက်သွားပြီး အံ့ဩခြင်းတို့ ပြည့်နှက်သွား၏။

သူတို့နှစ်ယောက်လုံး..... ပါးစပ်အဟောင်းသားဖြစ်နေကြသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်ရှိ အခင်းအကျင်းများမှာ စောစောက ‌နန်းဆောင်ထဲ မဝင်ခင် မြင်ခဲ့တုန်းကနှင့် လားလားမှ မတူပေ။

ပတ်ဝန်းကျင်တစ်ခွင် စိမ်းလန်းစိုပြေစွာ ပေါက်ရောက်နေခဲ့သော မြက်များ မရှိတော့။ ပြောင်တလင်းခါနေသော ‌မညီမညာမြေကြီးသာ ကျန်ခဲ့သည်....

နတ်ကြွေပြားများလည်း မည်သည့်နေရာတွင်မှ မမြင်ရတော့။ ‌ကြမ်းခင်းများ လုံးဝရှင်းနေသည်...

နန်းဆောင်များကို ကာကွယ်နေသည့် အလွန်ထူးခြားပြောင်မြောက်သော သားရဲကြီးများလည်း ပျောက်ကွယ်သွားခဲ့ပြီ......

နဂါးရုပ်များ ၊ ဖီးနစ်ငှက်ရုပ်များ ထုဆစ်ပုံဖော်ထားသည့် တိုင်လုံးများလည်း ပျောက်နေသည်.....

နန်းဆောင်များ၏ အပြင်ကို ဖုံးလွှမ်းနေခဲ့ဖူးသည့် ပြိုင်ဘက်ကင်းလောက်အောင် လှပထည်ဝါသော နံရံကပ်အဆင်တန်ဆာများလည်း မုန်တိုင်းတိုက်ခတ်လိုက်ရသကဲ့သို့ ပြောင်ရှင်းနေ၏....

အကောင်းပကတိအတိုင်း ကျန်ရှိသော နန်းဆောင်သုံးဆယ်ကျော် ရှိသေးသည်။ သို့သော် ကျန်ခုနစ်ဆယ်ကျော်မှာ ဗလာကျင်းနေသော အဆောက်အအုံကြီးများထက် မပိုတော့ပေ....

ပြောင်တလင်းကို ခါနေ၏။

မိစ္ဆာမကျင်ရှန်းမှာ မျက်လုံးအပြူးသားနှင့် ကြည့်နေမိပြီး အလိုလို ရေရွတ်မိသွားသည်။ "အရှေ့အောင်ပွဲဂြိုဟ်က နတ်ခွေး ဒီရောက်လာတာလား။ ဒါမှမဟုတ် မြောက်ကျူပင်ဂြိုဟ်က အင်မိုတယ်ကျိုင်းကောင်ပဲလား"

အကုန်လုံးမှာ ခွေးတစ်ကောင်၏ လျက်ခြင်းခံထားရသလို၊ သို့မဟုတ် ကျိုင်းကောင်တပ်ဖွဲ့၏ လွှမ်းခြုံခြင်းခံခဲ့ရသလို ပြောင်းရှင်းနေလွန်းသည်။

ကျောက်ယူလန်နှင့် ကျင်ရှန်းတို့ နှစ်ယောက်သား ကျောက်ရုပ်ဖြစ်နေစဉ်မှာပင် မန်ဟိုသည် ဓားပျံတစ်လက်ဖြင့် ကြမ်းခင်းကြွေပြားတစ်ချပ်ကို ပယ်ပယ်နှယ်နှယ်ခွာရင်း အကောင်းပကတိရှိနေသေးသော နန်းဆောင်တစ်ဆောင်၏ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ ဓားမှာ လိမ်ဖယ်နေပြီး အရှက်ခွဲခံရနေသဖြင့် အော်ဟစ်နေသယောင်ပင်။

ထိုစဉ် ခလွတ်ခနဲ ကြွေပြား ‌‌မြောက်တက်သွားသည်။ မန်ဟိုက အင်္ကျီလက်စကို ခါ၍ ၎င်းအား သိမ်းလိုက်၏။ သူသည် နှုတ်ခမ်းပါးနားသပ်ရင်း ‌အခြားအဆောင်ခုနစ်ဆယ်ကို ခွာခဲ့တုန်းကအတိုင်း ဆက်လက်အလုပ်လုပ်နေတော့သည်။ ‌ကြမ်းခင်းကြွေပြားများမှာ မာသော်လည်း တစ်ခါခွာပြီးလျှင် ကျန်အရာများ ခွာဖို့လွယ်သည်။

မန်ဟိုက ကျောက်ယူလန်နှင့် ကျင်ရှန်းကို သတိထားမိသော်လည်း အဖက်မလုပ်ပေ။ ကြမ်းခမ်းကြွေပြားများ ခွာနေသည့်အလုပ်တွင်သာ စိတ်ရောကိုယ်ပါ နှစ်ထား၏။

အမျိုးသမီးနှစ်ယောက်မှာတော့ ကြောင်တောင်တောင်လေးသာ ကြည့်နေမိတော့သည်။

ကျောက်ယူလန်၏ ဖီးနစ်မျက်ဝန်းလေးများမှာ မယုံကြည်နိုင်မှုတို့ ပြည့်နှက်နေရင်း အသက်ရှူသံလေး မြန်နေသည်။ မန်ဟိုကို သည်လိုပုံစံဖြင့် သူမပထမဆုံးမြင်ဖူးခြင်းပင်။ သွေးအေးရက်စက်ကြမ်းကြုတ်‌ပြီး အညှာအတာမဲ့သော မန်ဟိုက ယခုကဲ့သို့ အရာမျိုးအား လုပ်လိမ့်မည်ဟု သူမမည်သို့ တွေးနိုင်ခဲ့မည်နည်း။

"ဒီလူ့မှာ တကယ် နတ်ခွေးကြီးရဲ့သွေး စီးဆင်းနေလိမ့်မယ်။ ဒါမှမဟုတ် အင်မိုတယ်ကျိုင်းကောင်ကျင့်စဉ်ကိုများ ကျင့်ကြံခဲ့လေသလား။ ကြည့်ဦး ကြမ်းခင်းကြွေပြားတောင် မချန်ဘူး" ‌ကျင်ရှန်း မောဟိုက်ပင်ပန်းစွာ အသက်ရှုနေရသည်။ မန်ဟို့မျက်လုံးထဲက အာရုံစူးစိုက်မှုကို မြင်သောအခါ သူမ အတန်ငယ် သံသယဝင်လာ၏။ "ကျိန်စာကို သူမကြောက်ဘူးလား"

ကျောက်ယူလန်သည် ထူးဆန်းသော မြင်ကွင်းကြီးကို ကြည့်ပြီး ဤမန်ဟိုက ပုံမှန်မန်ဟိုထက် ပိုကြောက်စရာကောင်းကြောင်း တွေးလိုက်မိသည်။ သူ ‌နန်းဆောင်ကို ခွာနေသော လိုချင်တပ်မက်မှုမှာ သူမစဉ်းစားနိုင်စွမ်းထက် ကျော်သည်။ ထို့ကြောင့် ဤအခြေအနေမှာ ပို၍ချောက်ချားဖွယ်ကောင်းသည်ဟု တွေ့လိုက်ရခြင်းပင်။

အထူးသဖြင့် ကြမ်းခင်းကြွေပြားများကို ခွာပြီး အစောင့်ခြင်္သေ့ကြီးများကိုပါ မန်ဟို သိမ်းလိုက်သောအချိန်တွင် ဖြစ်သည်။ ထို့နောက် သူက တိုင်လုံးများကို ဖြတ်ပြီး နံရံကပ်အဆင်တန်ဆာများအား ခွာနေသည်။ ကျောက်ယူလန် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။

သူမမှာ မယုံနိုင်လုနီးပါးပင်။ မန်ဟိုသာ အဆိပ်ငါးသွယ်မျိုးနွယ်စုသို့ တစ်နည်းနည်းနှင့် ရောက်လာခဲ့လျှင် ပို၍ ချောက်ချားဖွယ်ကောင်းသောအရာကြီး ဖြစ်မှာ ကျိန်းသေ၏။ မျိုးနွယ်စုတစ်စုလုံး မြေလှန်ခံရပြီး ပြောင်ရှင်းသွားရန် နာရီပိုင်းသာ ကြာခဲ့လိမ့်မည်။

ကျင်ရှန်းမှာ ဒွိဟဖြစ်နေလျက် တခဏ ချီတုံချတုံဖြစ်နေသည်။ နောက်ဆုံးတွင် လှမ်းခေါ်လိုက်၏။ "ဟို.. တာအိုရောင်ရင်း..."

"မနှောင့်ယှက်နဲ့" မန်ဟိုက ခေါင်းပင်လှည့်မကြည့်ဘဲ ပြောသည်။ သူသည် နံရံကပ်အဆင်တန်ဆာတစ်ခုကို ဖြဲပြီး ဓားပျံတစ်လက်ထုတ်ကာ သူ့အလုပ်သူ ဆက်လုပ်နေသည်။

"ရှင်သိလား" ကျင်ရှန်းက ချက်ချင်း ပြန်တုံ့ပြန်သည်။ "အလယ်က အဓိကခန်းမကြီးက ပိုကောင်းတဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာ။ အဲ့ဒီကောင်းကင်မြေကြီးမှုန်တွေက ပိုသန့်စင်တယ်"

သူမ၏ စကားလုံးများက မန်ဟို့ကို နံရံကပ်အဆင်တန်ဆာတစ်ခုအား ဆွဲခွာနေသည့်တန်းလန်း တုံ့ခနဲ ရပ်သွားစေသည်။ သူက ကျောက်ယူလန်နှင့် ကျင်ရှန်းကို လှည့်ကြည့်သည်။

ကျင်ရှန်းက မဆိုင်းမတွ ဆက်ပြော၏။ "အဓိကခန်းမနဲ့ယှဉ်ရင် ဒီနေရာက တခြားပစ္စည်းတွေအားလုံးက အမှိုက်သာသာပဲ။ ဟိုက ကောင်းကင်မြေကြီးတွေ... ဟိုးက ကြမ်းခင်းတွေက ဒီကဟာတွေထက် အဆတစ်ရာပိုတန်တယ်

"တာအိုရောင်ရင်း ရှင်က မွေးရာပါ,ပါရမီရှိပြီး တမူထူးခြားတယ်။ရှင့်မှာ ‌ပြိုင်ဘက်ကင်းတဲ့ ဝါသနာတွေရှိပြီး သေချာပေါက် မြင့်မြတ်တဲ့ ယောက်ျားကောင်းတစ်ယောက်၊ ပြောင်မြောက်တဲ့ သူရဲကောင်းတစ်ဦးပါပဲ။ ကျွန်မတို့ နောက်တစ်ကြိမ်လောက် ပူးပေါင်းကြရင် ဘယ်လိုလဲ

"ရှင်က အဓိကခန်းမကို ခွာ။ ကျွန်မက တားမြစ်မန္တန်ဝင်္ကပါတွေကို ဖွင့်မယ်။ အဲ့ဒီလိုဆိုရင် ရှင်လုပ်ရတာ ပိုမြန်မယ်။ ပြီးရင်တော့ အထဲက ရတနာတွေကိုတောင် တစ်ယောက်တစ်ဝက်ခွဲယူနိုင်ပြီ။ ဘယ်လိုလဲ"

ကျောက်ယူလန် ကျင်ရှန်း၏ စကားအားကြားသောအခါ ဆွံ့အသွားသည်။ 'မြင့်မြတ်တဲ့ယောက်ျားကောင်း' နှင့် 'ပြောင်မြောက်တဲ့သူရဲကောင်း' ဆိုသော အသုံးမှာ မန်ဟိုနှင့် လုံးဝမအပ်စပ်ပေ။ သူမမြင်နေရသည့်အရာမှာ အခွာကြမ်းသည့် မွန်းစတားကြီးသာ။

မန်ဟို့မျက်လုံးများ လင်းလက်သွားပြီး တခဏ တိတ်ဆိတ်သွားပြီးနောက် ပြောသည်။ "ခဏလေးစောင့်"

"ကိစ္စမရှိဘူး" ကျင်ရှန်းက စိတ်လှုပ်တရှားပြန်ဖြေသည်။ "တာအိုရောင်ရင်း။ ကိုယ့်ကိုယ်ကို အနားပေးဖို့ လိုတာ နားလည်ပါတယ်။ ကိစ္စမရှိဘူး အေးဆေး ကျွန်မ...." ရုတ်တရက် သူမမျက်လုံးများ မယုံနိုင်စွာ ဝိုင်းစက်သွား၏။ မန်ဟိုက စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် နံရံကပ်အဆင်တန်ဆာများအား ဆက်ခွာလေသည်။ ဤတစ်‌ကြိမ်တွင် စောစောကထက်ပင် ပိုမြန်သေးသည်။

ကျင်ရှန်းမှာ မန်ဟို နန်းဆောင်အား ‌ရှင်းပြီးနောက် နောက်တစ်ဆောင်သို့ ‌ရွှေ့သွားသည်ကို ကြည့်ရင်း အသက်မနည်းရှူနေရတော့သည်။ နောက်နာရီပိုင်းအတွင်း ကျန်ရှိသော နန်းဆောင်သုံးဆယ်ကျော်မှာ လုံးဝပြောင်တလင်းခါသွားလေပြီ။ နောက်ဆုံးတွင် သူက ကျောက်ယူလန်နှင့် ကျင်ရှန်းတို့ လာခဲ့သည့်နေရာရှိ နန်းဆောင်တစ်ရာကျော်ကို ကြည့်ရင်း ‌နှမြောတသဖြစ်နေ၏။

သူသည် အလယ်တည့်တည်ရှိ ခမ်းနားထည်ဝါသော အဆောက်အအုံကြီးကို ပြန်ကြည့်ရင်း မေးသည်။ "ခင်ဗျားပြောတဲ့ ခန်းမက ဒါလား"

နန်းတော်အဆောက်အ‌အုံကို တံတိုင်းများဖြင့် ဝန်းရံထားပြီး အတွင်းတွင် သာမန်ထက်ထူးကဲသော အဆောင်ကြီးလေးဆောင်ရှိ၏။ မန်ဟို့၏ပညာရှင်အကြည့်က ထိုနေရာကို လွှမ်းမိုးသွားပြီး ကြမ်းခင်းကြွေပြားများမှာ နှစ်စတုရန်းမီတာခန့်ရှိပြီး ရွှေကဲ့သို့ တောက်ပနေကြောင်း သတိထားမိလိုက်သည်။ ၎င်းတို့ထုတ်လွှတ်နေသော မြေချီသည် အဆုံးစွန်ထိ ထူထဲနေ၏။

ထို့နောက် တုတ်ခိုင်ကျစ်လျစ်နေသော တိုင်လုံးများကို သူသတိပြုမိလိုက်သည်။ နံရံကပ်အဆင်တန်ဆာများမှာ ကျောက်စိမ်းကဲ့သို့ ကြည်လဲ့နေပြီး အဆုံးစွန်ထိ အံ့ဖွယ်ကောင်းသည်။ သူက နန်းဆောင်၏ ပင်မတံခါးကို ကြည့်ကာ ၎င်းထံမှ ထုတ်လွှတ်နေသော မြေချီမှာ မယုံနိုင်လောင်အောင် သိပ်သည်းကြောင်း ပြောနိုင်၏။

မန်ဟို့၏ ပညာရှင်အကြည့်အောက်တွင် တံတိုင်းပေါ်ရှိ စတင်ဖြုတ်ပစ်ရမည့် နေရာများ ထင်ရှားပေါ်လွင်လာသည်။ ကြမ်းခင်းကြွေပြားတွင် စခွာရမည့်တစ်ခုကိုလည်း သူ အလျင်အမြန် ဆုံးဖြတ်လိုက်သည်။ သူသည် တားမြစ်မန္တန်ဝင်္ကပါများအား မထိဘဲ မည်သည့်အမိုးကြွေပြားအား ခွာမည်ကိုလည်း မှတ်သားလိုက်၏။

မန်ဟို့အကြည့်သည် ကျောက်ယူလန်အပေါ် ရောက်လာရာ သူမအား အသက်ပြင်းပြင်း ရှူသွင်းလိုက်မိစေ၏။ သူမမှာ ရုတ်တရက် အဝတ်အစားများ စုတ်ဖြဲခံရနေရသည့်အလား ခံစားလိုက်ရသည်။ ကျင်ရှန်း အာရုံမရှိသည်ကို သတိထားမိပြီးနောက် သူမသည် ရုတ်တရက် လက်မြှောက်ပြီး လက်သန်းအား ထောင်ပြသည်။ မန်ဟို မြင်ပြီးကြောင်း သေချာမှ လက်သန်းကို ဖြေးဖြေးချင်း ပြန်ချလိုက်၏။ (တရုတ်မှာ လက်သန်းထောင်ပြတာက ဆဲလိုက်သလိုပါ။ ဒါပေမယ့် လက်ခလယ်ထောင်ပြတာလောက် မဆိုးပါဘူး)

ဘေးရှိ ကျင်ရှန်း၏မျက်နှာပေါ်တွင်တော့ လေးစားနေသောအမူအရာရှိသည်။

"ဆိုတော့ ဒီလူ့မှာ အထူးပါရမီရှိတာပဲ။ နာမည်က မန်တဲ့လား။ တားမြစ်မန္တန်ဝင်္ကပါတွေကို မထိဘဲ ရှေးဟောင်းအင်မိုတယ်နန်းဆောင်တွေကို တစစီခွာတဲ့နေရာမှာ မဟာအကြီးအကဲဖြစ်ပုံပဲ"

***

All Chapters