မိစ္ဆာစိတ်ဝိညာဉ်ပေါ်လာခြင်း
Vol. 34 Ch. 465
ကျင်ရှန်းက ရုတ်တရက် အလွန်လေးနက်သွားသည်။ "မဟာအကြီးအကဲမန်၊ ဒီအင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို အင်မိုတယ်မိစ္ဆာဂိုဏ်းက ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက တည်ဆောက်ခဲ့တာ။ ကျွန်မတို့ အခု ရောက်နေတဲ့နေရာက အင်မိုတယ်တံတားအဖြစ် စုပေါင်းဖွဲ့စည်းထားတဲ့၊ အင်မိုတယ်မိစ္ဆာ (၉၉) ဦး နေထိုင်ကြတဲ့ သုံးကမ္ဘာထဲက အနိမ့်ဆုံးကမ္ဘာမှာပဲ။ ဒီအခမ်းနားအကြီးကျယ်ဆုံးနန်းဆောင်က မန္တန်ဝင်္ကပါကိန်းရာနေရာတစ်ခုဖြစ်ပြီး အင်မိုတယ်တံတားရဲ့ ဗဟိုချက်တွေထဲက တစ်ခုဖြစ်နိုင်ခြေများတယ်
"ဒီမှာ အဲ့ဒီလို ဗဟိုချက် (၃၆၀၀) ရှိတယ်။ အထဲမှာ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းရဲ့ အချိန်အဆီအနှစ်စွမ်းအားကို အဆက်မပြတ် ထောက်ပံ့ပေးဖို့ အတိတ်ကနှစ်တွေတုန်းက အသုံးပြုခဲ့ကြတဲ့ အဖိုးထိုက်ရတနာတွေကို ချိတ်ပိတ်ထားတယ်
"ဒီက တားမြစ်မန္တန်ဝင်္ကပါတွေက အစွမ်းထက်ဆုံးပဲ။ ကျွန်မရဲ့ ရုပ်ခန္ဓာနဲ့လာရင်တောင်မှ ဒီခန်းမဆောင်ကို ဖွင့်ဖို့ဆိုတာ တော်တော်လေးခက်မှာ။ ဒါပေမဲ့ ... မဟာအကြီးအကဲမန်ရဲ့ အကူအညီနဲ့ဆိုရင် အများကြီး ပိုလွယ်ကူလိမ့်မှာပါ
"မဟာအကြီးအကဲမန်၊ အပြင်တံတိုင်းမှာ ဘယ်အပိုင်းတွေက ခွာရအလွယ်ဆုံးလဲ ကျေးဇူးပြုပြီး ပြောပြပေးပါ" ဤသည်မှာ သူမ ပထမဆုံးအကြိမ် မန်ဟို့ကို အလွန်ရိုရိုကျိုးကျိုးဆက်ဆံခြင်း ဖြစ်သည်။
မန်ဟိုသည် ကျောက်ယူလန် ဆူပုပ်ပုပ်နှင့် လက်သန်းထောင်ပြသည်ကို သတိထားမိခဲ့သော်လည်း သူ့အမူအရာက နည်းနည်းလေးမှ ပြောင်းလဲခြင်းမရှိပေ။ သူက ကျင်ရှန်း သူ့ကို ဘာ့ကြောင့် မဟာအကြီးအကဲမန်ဟု ခေါ်နေသည်လဲ တွေးရင်း သူမကို ကြည့်လိုက်သည်။ စောစောက သူ နန်းဆောင်များကို အလွယ်တကူ တစစီဖြုတ်ခွာခဲ့ခြင်းက သူမကို တုန်လှုပ်စေခဲ့၍ဖြစ်မည်ဟု သဘောပေါက်လိုက်သည်။
သူသည် လည်ချောင်းရှင်းပြီး ကျန်ရှိသောအဆောင်များကို နှမြောတသဖြစ်လျက် ပြန်ကြည့်လိုက်ပြန်သည်။ ထို့နောက် သူ၏အာရုံက အဓိကခန်းမဆောင်ကို တခဏ လေ့လာရင်း စူးစိုက်နေ၏။ နောက်ဆုံးတွင် သူက အပိုင်းတစ်ပိုင်းကို ထိုးပြလိုက်သည်။
"ညာခြမ်း၊ ၇၃ တန်းမြောက် ၊ ထိပ်ကနေရေရင် ၉ ခုမြောက် အချပ်" မန်ဟို၏မျက်လုံးများသည် သူ ယခုလေးတင် ညွှန်ပြခဲ့သော အချက်ကို ကြည့်နေစဉ် တဖျပ်ဖျပ်လက်လျက် ရှိ၏။ သူ၏ အတွေ့အကြုံများအရ ထိုနေရာက သေချာပေါက် စဖို့ အကောင်းဆုံးနေရာပင်။
ဤအခြင်းအရာကိုကြားသော် ကျင်ရှန်းက တခဏစိုက်ကြည့်နေပြီးနောက် မျက်လုံးထဲတွင် စိတ်ပိုင်းဖြတ်လိုက်မှု ပြည့်နှက်သွားသည်။ သူမသည် မုဒြာလက်ကွက်တစ်ကွက်အား လျင်မြန်စွာ ဖော်လိုက်၏။ ကျောက်ယူလန်လည်း အသက်ပြင်းပြင်းရှူသွင်းပြီး ဂါထာမန္တရားများ စတင်ရွတ်ဖတ်တော့သည်။ သူတို့နှစ်ယောက်က လက်နှစ်ဖက်အား တစ်ပြိုင်တည်း တွန်းထုတ်လိုက်ကြသည်။ အဖြူရောင်နှင့် အနီရောင်အလင်းတန်းနှစ်တန်းက လေကိုခွင်းလျက် ထိုအချပ်ဆီ ထွက်သွား၏။
မျက်စိတစ်မှိတ်အတွင်း ၎င်းတို့ ရောက်ရှိသွားရာ ခန်းမဆောင်တစ်ဆောင်လုံးကို ထွန်းလင်းတောက်ပသွားစေသည်။
"ဘယ်အခြမ်း၊ ၃၃ တန်းမြောက်၊ အောက်ကရေရင် ၇ ခုမြောက် အချပ်" မန်ဟိုက ပြောသည်။ ကျောက်ယူလန်နှင့် ကျင်ရှန်းက တိုက်ကွက်များအား နောက်တစ်ကြိမ် ထုတ်ဖော်လိုက်ကြသည်။
"ညာအခြမ်း၊ ၁၁၅ တန်းမြောက်၊ ထိပ်ကရေရင် ဒုတိယအချပ်" မှန်ပါသည် ဤအရာအားလုံး မန်ဟို၏အတွေ့အကြုံများကို အခြေခံသည်။ တံတိုင်းမှာ တောက်ပလာပြီး ယိမ်းထိုးလာ၏။
ရုတ်တရက် ဝုန်းခနဲ မြည်သွားသည်။ နောက်ဆုံးတွင် တံတိုင်း၏အပိုင်းတစ်ပိုင်း ပေါက်ကွဲသွားကာ တံတိုင်း၏ မန္တန်ဝင်္ကပါကို ဖျတ်ခနဲ အက်ကွဲ၍ ပျောက်ကွယ်သွားစေသည်။
ကျင်ရှန်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ပင်ပန်းသွားပုံပေါ်သည်။ သို့သော် သူမမျက်နှာလေးမှာ ချက်ချင်း လန်းဆန်းတက်ကြွသွား၏။ ကျောက်ယူလန်က မန်ဟို့နောက်မှ အပြေးလိုက်သွားသည်။ မန်ဟိုသည် စိုးရိမ်ခြင်းမရှိဘဲ အချပ်များကို သိမ်းလိုက်သည်။ ကျောက်ယူလန်နှင့် ကျင်ရှန်းမှာ နန်းဆောင်ကို ဝန်းရံလျက်ရှိသော တံတိုင်းကြီး လျင်မြန်စွာ ပျောက်ကွယ်လာနေသည်ကို ကြည့်ရင်း အဓိကခန်းမ၏ အပြင်တွင် ရပ်နေကြသည်။ နောက်ဆုံးအချပ်အား ကောက်ပြီးနောက် မန်ဟိုက ကျင်ရှန်းနှင့် ကျောက်ယူလန်ကို အဖက်မလုပ်မဘဲ ကြမ်းခင်းကြွေပြားများကို တက်တက်ကြွကြွ စစ်ဆေးကြည့်ရှုနေသည်။
အမျိုးသမီးနှစ်ယောက်မှာ မနှောင့်ယှက်ရဲ၍ ရပ်သာကြည့်နေသည်။ တခဏကြာသော် မန်ဟိုက ကြမ်းခင်းကြွေပြားတစ်ချပ်ပေါ်တွင် ရပ်ပြီး ၎င်းအား အနီးကပ်ကြည့်ရန် ဆောင့်ကြောင့်ထိုင်လိုက်သည်။ သူသည် ကြွေပြားခင်းထားသောနေရာ၏ အက်ကြောင်းလေးတစ်ကြောင်းရှိနေသော အနားသတ်ပေါ်သို့ ပြန်လျှောက်သွားသည်။
"ဒီနေရာက မန္တန်ဝင်္ကပါကို ဘယ်လိုချိုးဖျက်ရမလဲ မသိပေမယ့် ကြမ်းခင်းကြွေပြားတွေကို ကြည့်ရသလောက် ဒီနေရာက ခင်ဗျားရဲ့ နတ်ဘုရားစွမ်းရည်နဲ့ ပစ်မှတ်ထားရမယ့်နေရာထင်တယ်။ ဒီနေရာကို ထိလိုက်ရင် အက်ရာလိုက်ပြီး ကြမ်းခင်းကြွေပြားတွေ အကုန်လုံး ကွာသွားလိမ့်မယ်" မန်ဟိုက ဤသို့ပြောပြီးနောက် ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
ကျင်ရှန်း မျက်လုံးများ အရောင်လက်သွားသည်။ သူမက မုဒြာလက်တစ်ကွက်ဖော်လိုက်ရာ အလင်းတန်းတစ်တန်းအား အက်နေသောကြွေပြားဆီ ပျံသန်းသွားစေ၏။ ခွမ်းခနဲ မြည်သွားသည်။ စစချင်း ဘာမှမထူးခြားပေ။ ကျင်ရှန်း မျက်မှောင်ကြုတ်သွားပြီး သူမမျက်ဝန်းများ၌ စူးရှသောအကြည့်တစ်ခု ပေါ်လာ၏။ သူမလက်နှစ်ဖက်လုံးက မုဒြာလက်ကွက်အား ဖော်ဆောင်ပြီး ချီတစ်လုပ်ထွေးထုတ်လိုက်သည်။
ကျောက်ယူလန်လည်း ချက်ချင်း တုံ့ပြန်သည်။ သူမက တဆတ်ဆတ်တုန်ကီလျက် သွေးတစ်လုပ်ထွေးလိုက်ရာ ချီနှင့်ပေါင်းစည်းပြီး လက်ချောင်းတစ်ချောင်း၏ပုံရိပ် အသွင်ပြောင်းသွား၏။
လက်ချောင်းသည် အံ့ဖွယ်စွမ်းအားများဖြင့် ပြည့်နှက်နေကြောင်းသိသာသည်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟို့သူငယ်အိမ်များ ကျုံ့သွားပြီး သူ့ကိုယ်အတွင်းရှိ ယိမ်းနွဲ့ဓားချီ လည်သွားသည်။ မန်ဟို့တုံ့ပြန်မှုက သာမန်သာဖြစ်ပေါ်ရသော်လည်း တကယ်တမ်း သူသည် သူ၏ပြိုင်ဘက်များ၏ ကျင့်ကြံခြင်းအခြေခံများကို မည်သည့်ကုန်ခမ်းအောင်လုပ်ရမည်လဲ အဆက်မပြတ် စဉ်းစားနေခြင်းဖြစ်၏။ ဤအခြေအနေတစ်လျှောက်လုံးက သူကား သတိမလွတ်သွားခဲ့ပေ။ အတူတူအလုပ်လုပ်နေလျှင်တောင်မှ ကိုယ်ကျိုးအတွက်သာ ဖြစ်၏။ ဖျက်စီးမရသော မဟာမိတ်မဟုတ်ပေ။
လက်ချောင်းကား ကောင်းကင်ဘုံကိုပင် ဖျက်စီးနိုင်သော စွမ်းအားဖြင့် ပြည့်နှက်နေသယောင်ပင်။ ၎င်းပေါ်လာသည်နှင့်တစ်ပြိုင်နက် ကောင်းကင်မှာ မှေးမှိန်လာပြီး မယုံကြည်နိုင်ဖွယ် ဖိအားကြီးတစ်ခု ပတ်ဝန်းကျင်အပေါ် သက်ရောက်လာသည်။ ၎င်းက အက်ကြောင်းထံ ပြေးဝင်တိုက်ပြီး အရာအားလုံးကို တသိမ့်သိမ့် တုန်သွားစေ၏။ တခွမ်းခွမ်းမြည်ပြီး ကြမ်းခင်းတစ်ခုလုံး အက်ရာများဖြင့် ပြည့်သွားသည်။ အက်ကြောင်းများက မန်ဟို ဖော်ပြခဲ့သောပုံစံအတိုင်း ပျံ့နှံ့သွား၏။ အသံများ ပိုမိုကျယ်လောင်လာသည်။
တုန်ခါနေခြင်းမှာ အလွန်ပြင်းထန်လှသဖြင့် ဤနန်းဆောင်ရှိ အခြားကြမ်းခင်းကြွေပြားများတွင် ဧရာမအက်ကြောင်းကြီးသုံးကြောင်းဖြင့် ထပ်မံပြည့်နှက်သွား၏။
တခဏကြာသော် တုန်ခါနေခြင်း ရပ်သွားသည်။ ဤအခိုက်အတန့်တွင် နန်းဆောင်၏အပြင်ရှိ တားမြစ်မန္တန်ဝင်္ကပါများအားလုံး ပျက်စီးသွားလေပြီ။ ကျင်ရှန်းမျက်နှာလေး ဖြူဖျော့နေပြီး သူမမှာ အသက်မနည်းရှုနေရ၏။
"ရှင် မြန်မြန်လုပ်ဖို့ လိုတယ်" သူမက မန်ဟို့ကို လောဆော်သည်။ "အကာအကွယ်ကို ဖိနှိပ်ထားတဲ့ ကျွန်မပညာရပ်က သိပ်ကြာကြာခံတော့မှာ မဟုတ်ဘူး။ အဓိကခန်းမထဲ တတ်နိုင်သမျှ မြန်မြန်သွားဖို့လိုတယ်"
မန်ဟို မျက်လုံးများ တောက်ပသွားသည်။ သူသည် အတော်လေး စိုးရိမ်နေသောပုံစံဖြင့် ဓားပျံတစ်လက်ထုတ်ပြီး ကြမ်းခမ်းကြွေပြားများကို ကလော်တော့သည်။ တားမြစ်မန္တန်ဝင်္ကပါများမရှိတော့၍ ကြမ်းခင်းကြွေပြားများကို ကာကွယ်ပေးထားသည့်အရာ မရှိတော့ပေ။ မန်ဟို့၏ ပညာရှင်နည်းလမ်းဖြင့် ကြမ်းခင်းကြွေပြားများမှာ သူ၏သိုလှောင်အိတ်ထဲ ဝင်ရောက်ကာ ပျောက်ကွယ်နေတော့သည်။ သို့သော် ဤအခိုက်အတန့်တွင် သူ၏မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွား၏။
ကြမ်းခင်းအောက်ရှိ မြေကြီးမှာ ချောမွတ်မနေပေ။ ထိုအစား ကြမ်းခင်းများအား ခွာနေစဉ် ရှုပ်ထွေးသော မှော်သင်္ကေတများ ပေါ်လာသည်။ သင်္ကေတများက လိပ်ပြာတစ်ကောင်နှင့်ဆင်သော ချိတ်တံဆိပ်တစ်ခုပုံစံရှိသည်။
ကျင်ရှန်းက လိပ်ပြာတံဆိပ်ကို ငုံ့ကြည့်ပြီးနောက် အရေးမကြီးသလိုပြောသည်။ "အဲ့ဒီတံဆိပ်က ဒီနေရာကို ဖုံးကွယ်ထားတဲ့ တားမြစ်မန္တန်ဝင်္ကပါပဲ။ ဒါပေမဲ့ ကျွန်မ အဲ့ဒါကို ချိုးဖျက်လိုက်တာမလို့ အလုပ်မလုပ်တော့ဘူး"
မန်ဟိုက ခေါင်းညိတ်ပြီးနောက် ကြမ်းခင်းကြွေပြားများကို ဆက်ခွာသည်။ ရုတ်တရက် သူသည် ခေါင်းမော့ပြီး မြန်နှုန်းမြင့်သွေးအလင်းအား ဖော်ဆောင်သည်။ ထို့နောက် အသေးစားနေရာရွှေ့ပြောင်း၏။ မျက်စိတစ်မှိတ်အတွင်း သူသည် အဝေးသို့ ရောက်သွားလေပြီ။
အဓိကခန်းမ၏အဝေးသို့ ရောက်သွားသည်နှင့်တစ်ပြိုင်နက် အင်မိုတယ်လမ်းညွှန်ချီကို ဘယ်မျက်လုံးအတွင်း စီးဆင်းစေရင်း မျက်တောင် ဆက်တိုက်ခတ်လိုက်သည်။ ချက်ချင်း သူ၏ မြင်ကွင်း ပြောင်းလဲသွား၏။
ခမ်းနားကြီးကျယ်သော နန်းခန်းမဆောင်သည် ယခုတွင် ခန်းမရင်ပြင်ရှိ လိပ်ပြာတံဆိပ်၏ အရင်းအမြစ်ဖြစ်သော အနက်ရောင်မြူထုကြီး ဖြစ်နေသည်။ ငွေကြိုးမျှင်များက ခန္ဓာကိုယ်ကို ရစ်ပတ်ထား၍ ရုန်းကန်နေသော ဧရာမလိပ်ပြာနက်ကြီးတစ်ကောင် မြင်သာလာသည်။ ငွေကြိုးမျှင်များမှာ ပြတ်တောက် တော့မည့်ပုံရသည်။
ဤနေရာရှိ ကြမ်းခင်းကြွေပြားများက လိပ်ပြာ၏ပုံစံအစစ်အမှန်ကို ဖိနှိပ်နေခဲ့ပုံရသည်။ ယခုတွင် ကြွေပြားများ မရှိတော့ဘဲ တားမြစ်မန္တန်ဝင်္ကပါကျိုးပျက်သွား၍ ၎င်းကား လွတ်တော့ပေမည်။
တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော နဂါးနက်ကြီးများက လိပ်ပြာကြီးအား စားသုံးရန် ပျံသန်းလာကြသည်။ သို့သော် သူတို့အနားရောက်လာစဉ် လိပ်ပြာကြီးက ၎င်းတို့ကို စုပ်ယူရင်း ထိုစွမ်းအားကို ရုန်းထွက်ရန်အတွက် အသုံးပြုလိုက်သည်။
လိပ်ပြာကြီး၏ဘေးတွင် ရပ်နေသူကား အကြောင်းတစ်ခုကြောင့် မျက်နှာပေါ်တွင် ခါးသီးသောအပြုံး၊ မျက်ဝန်းများတွင် ပူဆွေးသောကများပြည့်နေသော ကျောက်ယူလန်ဖြစ်သည်။ အတွင်းထဲ၌ တည်ရှိနေသော မျှော်လင့်ချက်မဲ့မှုအား ဆက်လက်ဖုံးကွယ်၍မရတော့ပေ။
အံ့ဩဖွယ်ကောင်းစွာနှင့် မန်ဟိုသည် ကျောက်ယူလန်ပခုံးပေါ်က ကျင်ရှန်းထံမှ အနီရောင်ကြိုးတစ်ကြိုးက လိပ်ပြာကို ရစ်ပတ်ရန် ထွက်သွားနေသည်ကို ကောင်းကင်စက္ခုအမြင်ဖြင့် မြင်လိုက်ရသည်။ သူမကား ၎င်းနှင့် ဆက်သွယ်ရန် ကြိုးစားနေသည့်အလားပင်။
မန်ဟိုက ရုတ်တရက် ပျံထွက်သွား၏။ သူ မကလော်ရသေးသည် ကြွေပြားလက်တစ်ဆုပ်စာ ကျန်သေးလေသည်။ ကျင်ရှန်းမျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး မန်ဟို့ကို မော့ကြည့်ရင်း အေးစက်စက်ရယ်လိုက်သည်။
သူမမျက်နှာမှာ တင်းမာခက်ထန်နေပြီး မန်ဟို ရိပ်မိသွားကြောင်း သိသွား၏။
"ဒီလူက တကယ်လျင်တာပဲ" သူမက တွေးသည်။ "ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး တစ်ခုခုက ထူးခြားတယ်။ အင်မိုတယ်မိစ္ဆာဂိုဏ်းက ကျိန်စာတိုက်ထားတဲ့ ကောင်းကင်မြေကြီးတွေကို ယူသွားနိုင်တယ်။ ရှေးခေတ်ကနေ ဒီနေ့အထိ သူက လက်ဗလာနဲ့လာပြီး သေခြင်းကို ရှောင်တိမ်းနိုင်ရုံတင်မဟုတ်ဘူး။ ကောင်းကင်မြေကြီးကိုလည်း ယူသွားနိုင်တဲ့ ပထမဆုံးလူပဲ"
ကျင်ရှန်း မျက်မှောင်ကြုတ်သွားသည်။ ၎င်းသည် သူမ မန်ဟို့ကို တားမြစ်မန္တန်ဝင်္ကပါများအား ချိုးဖျက်ရာတွင် အကူအညီပေးရန် တောင်းဆိုခဲ့သော အကြောင်းရင်းဖြစ်၏။ သို့သော် အရေးကြီးသောအခိုက်အတန့်တွင်မှ သူက ရိပ်မိသွားပြီး ထွက်သွားရန် ပြင်နေပုံပင်။ သူသည် ကြမ်းခင်းကြွေပြားအများစုကို ယူခဲ့ပြီးသော်လည်း အနည်းစုကျန်သေး၏။ ၎င်းတို့မှာ ဖြစ်သလို ခွာခံထားရပုံရသော်လည်း တကယ်တော့ အမြော်အမြင်ရှိရှိနှင့် ချန်ထားခဲ့ခြင်းဖြစ်သည်။
"မဟာအကြီးအကဲမန် ဒါ ဘာအဓိပ္ပါယ်လဲ" ကျန်ရှန်းက သိပ်အရေးမစိုက်သလို မေးသည်။ သူမအသံလေးသည် ချိုသာနေရုံသာမက ညှို့ဓာတ်ပြင်း၏။
"ထွေထွေထူးထူး အဓိပ္ပါယ်ရယ်လို့ မရှိပါဘူး" သူက ပြန်ပြောသည်။ "သိုလှောင်အိတ်ပြည့်သွားလို့" သူက နန်းဆောင်ပရဝုဏ်မှ လျင်မြန်စွာ ပျံထွက်သွား၏။
ယခု သူသည် ကောင်းကင်မြေကြီးလုံလုံလောက်လောက် စုဆောင်းခဲ့ပြီးဖြစ်ရာ မိစ္ဆာကျင်ရှန်း၏ အကြံအစည်ထဲ ပါဝင်လိုခြင်းမရှိတော့ပေ။ ကျောက်ယူလန်နှင့်ပတ်သက်၍မူ ဘာဖြစ်နေသည်လဲ သူနားလည်လိုက်သည်။ စောစောက ချိုင့်ဝှမ်းအပြင်မှာကတည်းက သူသံသယဝင်ခဲ့ခြင်းဖြစ်၏။
ဟုတ်ပါသည်၊ သူနှင့် ကျောက်ယူလန်ကြား၌ ရန်ငြိုးရှိသည်။ သို့သော် သူမကို တိုက်ခိုက်ရန် လိုအပ်သည်ဟု ခံစားရလောက်အောင်အထိတော့မဟုတ်။
အဆိပ်ငါးသွယ်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုများကြားက စစ်ပွဲမှာ ကျူးကျော်မှုတစ်ခုကြောင့် စတင်ခဲ့ရခြင်းမဟုတ်ပါလော။ ထိုအချိန်တုန်းက သူ သူမကို သတ်ရန် ကြိုးစားခဲ့သည်။ နှစ်ကြိမ်မဟုတ်, တစ်ကြိမ်လေးသာ။
သို့ထိတိုင် ကျောက်ယူလန်သည် စောစောက သူ့ကို ချက်ချင်း တိုက်ခိုက်ခဲ့၏။ ပထမတစ်ချက်ကြည့်လျှင် သူမတွင် ထိုသို့လုပ်ရန် အကြောင်းရင်းများစွာ ရှိပုံပေါ်သော်လည်း သေသေချာချာ သုံးသပ်ကြည့်ပါက သူမ၏ တကယ့်အကြောင်းရင်းများမှာ မရေရာပေ။
အမှန်တွင် ယခု သူတွေးကြည့်သောအခါ သူမစောစောက လက်သန်းထောင်ပြခဲ့ခြင်းမှာ ဒုက္ခရောက်နေကြောင်း တမင်အချက်ပေးခြင်း ဖြစ်တန်ရာသည်။
မည်သို့ဆိုစေ ကျောက်ယူလန်ကို ကယ်ဖို့အတွက် ဤနေရာတွင် နေရန် မန်ဟိုစိတ်ကူးမရှိပေ။
ကျင်ရှန်းမျက်ဝန်းများ၌ ခပ်စူးစူးအကြည့်တစ်ခု ပေါ်လာပြီး လှပသောသွားလေးများကို တင်းတင်းစေ့လိုက်၏။
"အင်း အခြေအနေကို စဉ်းစားကြည့်ရင် ငါ့မှာ ရွေးချယ်စရာမရှိတော့ဘူး။ ဟုတ်တယ်မလား..." သူမ သက်ပြင်းတစ်ချက်ချကာ ပြောသည်။ "နှမြောစရာပဲ။ ယူလန် ၊ မမရဲ့ အသည်းနှလုံးလေး။ မမတော့ အသည်းလေးကို ဝင်ပူးရတော့မယ်ထင်တယ်" သူမသည် ရုတ်တရက် ကျောက်ယူလန်၏ ပခုံးမှ ပျံတက်လိုက်သည်။ ကျောက်ယူလန်မှာ တုန်ရီလာ၏။ သူမအရှိန်အဝါ လုံးလုံးလျားလျား ပြောင်းလဲသွားရန် အချိန်အနည်းငယ်သာ ကြာလိုက်သည်။ သူမသည် တင့်တယ်လှပသော ရေခဲမင်းသမီးလေးမဟုတ်တော့ဘဲ ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိနေတော့သည်။
သူမ ခန္ဓာကိုယ်က ရိပ်ခနဲ လှုပ်ရှားပြီး မြေကြီးကို ငါးကြိမ် ဖိချလိုက်သည်။ ကြွေပြားငါးချပ်မှာ တခွမ်းခွမ်း ကွဲကြေသွား၏။ တစ်ချိန်တည်းမှာပင် လိပ်ပြာနက်ကြီးကို ချုပ်ထားသော ငွေကြိုးမျှင်များ လွင့်စင်ပျောက်ကွယ်သွားသည်။ လိပ်ပြာကြီးကား လေပေါ် ပျံတက်လာ၏။
၎င်းပျံတက်လာစဉ် မီးတောက်များ ၎င်း၏ကိုယ်ပေါ်တွင် တောက်လောင်လာသည်။ ၎င်းကား ကိုယ်ပျောက်မနေတော့ပေ။ လောင်ကျွမ်းခြင်းကြောင့် ၎င်း၏အရောင်များ ပေါ်လာကာ မြင်သူမဆို မြင်နိုင်သွားပြီဖြစ်၏။ ယခုတွင် ၎င်းသည် မည်သည့်ရှုထောင့်ကြည့်ကြည့်၊ လှပသော လက်တစ်ဖက်အရွယ် ရောင်စုံလိပ်ပြာတစ်ကောင်အသွင် ပြောင်းသွားလေပြီ။
လိပ်ပြာက ပေါ်လာသည်နှင့်တစ်ပြိုင်နက် တောင်ပံနှစ်ဖက်အား တဖျပ်ဖျပ် ခတ်လိုက်ရာ လေမုန်တိုင်းကြီးတစ်လုံးအား ကုန်းမြေတစ်လျှောက်လုံး လှဲကျင်းတိုက်ခတ်သွားစေ၏။ တစ်ဆက်တည်းမှာပင် ၎င်းထံမှ မယုံနိုင်လောက်အောင် သိပ်သည်းသောမိစ္ဆာချီများ ပျံ့လွင့်လာသည်။
၎င်းတွင် မိစ္ဆာချီရှိပြီး အသိစိတ်အား ပိုင်ဆိုင်ထားသည်။ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် မန်ဟိုသည် လိပ်ပြာနက်ကြီးမှာ ရောင်စုံလိပ်ပြာတစ်ကောင် ဖြစ်လာသည်ကို မြင်လိုက်ပြီး ၎င်းက သူ့အား စိတ်နှလုံးလှုပ်ရှားသွားစေသည်။ ရုတ်တရက် စာလုံးနှစ်လုံး သူ့စိတ်ထဲတွင် ပေါ်လာ၏။
"မိစ္ဆာစိတ်ဝိညာဉ်"
***