← Chapters

မြေလှိုင်းဝဲဂယက်

Vol. 34 Ch. 467

မြေလှိုင်းဝဲဂယက်

Vol. 34 Ch. 467

မန်ဟို မိစ္ဆာစိတ်ဝိညာဉ်ကို လက်ဝယ်ရသွားသည်နှင့်တစ်ပြိုင်နက် သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် သူသည် ရောင်စုံအလင်းတန်းအသွင် ပြောင်းသွား၏။ ထို့နောက် ချီနန်တိုက်ကွက်ကြောင့် လွင့်ထွက်သွားခဲ့သောအဖွဲ့ကို လျှပ်စီးသဖွယ် ကျော်ဖြတ်သွားသည်။

မန်ဟို့ကို ခြိမ်းခြောက်နိုင်သည့် လူသုံးယောက်သာ ရှိသည်။ ကျင်ရှန်း၊ ရှုပိုင်နှင့် ချန်မို။

သို့သော် လောလောဆယ်တွင် ရှုပိုင်နှင့် ချန်မိုမှာ သွေးအန်နေ၏။ နောက်ဆုတ်လိုက်ရခြင်းက သူတို့ကို လိုက်ဖမ်းနိုင်သောအခွင့်အရေးအား ဆုံးရှုံးသွားစေခဲ့သည်။ သို့သော် သူတို့တွင် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံရှိသည်ကို ထည့်တွက်လျှင် စိတ်ပြန်စုစည်းပြီး သူ့နောက်လိုက်နိုင်ရန် သိပ်ကြာမည်မဟုတ်။

ကျင်ရှန်းကတော့ သေချာပေါက် ရင်ဆိုင်ရခက်သည့် ရှိန်စရာအကောင်းဆုံးရန်သူပင်။ မိစ္ဆာမဟု အခေါ်ခံရထိုက်၏။

သူတို့သုံးယောက် ပူးပေါင်းလိုက်လျှင် သူအနေဖြင့် ချီနန်ရော၊ ယိမ်းနွဲ့ဓားချီကိုပါ သုံးရလိမ့်မည်။ သို့မဟုတ်လျှင် အသက်ရှင်လျက် လွတ်မြောက်မည်မဟုတ်။

သို့ထိတိုင် မန်ဟို့၏တွက်ချက်မှုအရ ထိုကဲ့သို့သော အခြေအနေတစ်ခု၏ အဆုံးသတ်ရလဒ်မှာ တစ်ယောက်ချင်းစီအတွက် အကျိုးမထူးပေ။

လက်ရှိအချိန်တွင် နောက်ထပ် ရွေးချယ်စရာတစ်ခုရှိသေးသည်။ အင်မိုတယ်တံတားကျောက်ခဲကို ထုတ်ပြီး ဤနေရာမှ နေရာရွှေ့ပြောင်းရန်။

သို့သော် ယင်းက မတတ်သာသည့်အဆုံးမှသာ သူရွေးချယ်မည့်အရာပင်။ ‌ကောင်းကင်မြေကြီး‌အတော်များများရခဲ့သော်လည်း မြေအမျိုးအစားအရုပ်ကို ဖော်ဆောင်နိုင်မည်လား အတပ်မပြောနိုင်။

ထွက်သွားလိုက်ပါလည်း ပြန်ရာလမ်းမရှိ။ ဤကံကြမ္မာကောင်းကို သူလက်လွှတ်ဆုံးရှုံးရလိမ့်မည်။

ထို့ကြောင့် သူသည် မျက်မှောင်ကြုတ်လျက် အမြန်ဆုံးအရှိန်ဖြင့် လေကို ခွင်းသွားနေသည်။

သူ့အနောက်တွင် ရှုပိုင်နှင့် ချန်မိုက အသက်ပြင်းပြင်းရှူသွင်းကာ မျက်လုံးများ လင်းလက်တောက်ပသွား၏။ ချီနန်တိုက်ကွက်ဖြင့် တိုက်ခိုက်ပြီး မန်ဟို လျှပ်တပြက် ထွက်သွားသည့်နောက် သူတို့တွင် ဒဏ်ရာများအား ကုသရန် စိတ်သော်လည်းကောင်း၊ အချိန်သော်လည်းကောင်းမရှိ။ ထိုအစား အသေးစားနေရာရွှေ့ပြောင်းကာ မန်ဟို့နောက် လိုက်ကြတော့သည်။

သူတို့သည် မိစ္ဆာစိတ်ဝိညာဉ်ကို အရယူရန် သန္နိဋ္ဌာန်ချထားကြ၏။

သူတို့နှစ်ယောက် နောက်မှ စလိုက်စဉ် ကျင်ရှန်းသည် အလင်းတန်းတစ်တန်း အသွင်ပြောင်းသွား၏။ ‌ရှေ့ဆုံးတွင်တစ်ယောက်၊ ‌အနောက်တွင် နှစ်ယောက် ၊ စုစုပေါင်းလူသုံးယောက် မန်ဟိုရှိရာသို့ မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် ‌‌ဦးတည်လာနေကြသည်။

မန်ဟို မျက်‌မှောင်ကြုတ်နေ၏။ ယခုအချိန်တွင် သူ ဘာလုပ်မည်လဲ ဆုံးဖြတ်ပြီးလေပြီ။ ကျီးနတ်မင်းမျိုးနွယ်စုအတွက် မိစ္ဆာစိတ်ဝိညာဉ်ကို သူ ကိုင်ထားနိုင်သည်။ ပေးဆပ်ရမည့် တန်ကြေးက ကောင်းကင်မြေကြီးလုံလုံလောက်လောက် မရခြင်းဖြစ်ပေမည်။ တခြားရွေးချယ်စရာကတော့ သူ့ကိုယ်ကျိုးအတွက် မိစ္ဆာစိတ်ဝိညာဉ်ကို စွန့်လွှတ်ရန်ပင်။

အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပလာ၏။ မြေအရုပ်ကို ဖန်တီးရန်မှာ လက်‌တွေ့တွင် ကောင်းကင်မြေကြီးကို အထူးအသုံးပြုစရာမလိုပေ။ ကမ္ဘာလောကတွင် မြေအမျိုးအစား အသင်္ချေနှင့်ချီရှိသည်။ သို့သော် ယခုအချိန်တွင် မိစ္ဆာစိတ်ဝိညာဉ်မှာ တစ်ကောင်တည်းသာ။

သူ စိတ်ပိုင်းဖြတ်လိုက်သည့် အခိုက်အတန့်၌ သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် အင်မိုတယ်တံတားကျောက်ခဲ ပေါ်လာ၏။ သူ ၎င်းအား ဖိချေပစ်တော့မည့်အချိန် ရုတ်တရက် ကျင်ရှန်းအသံက သူ့ခေါင်းထဲသို့ ရောက်လာသည်။

"မန်ဟို နင် ဉာဏ်များရင်တောင်မှ ငါနဲ့ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက် လိုက်တာခံနေရတာကို စဉ်းစားရင် မိစ္ဆာစိတ်ဝိညာဉ်ကို နင်ထိန်းသိမ်းထားနိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက တံတားပျက်နယ်ပယ်‌ကနေ ထွက်သွားဖို့ပဲ။ နင့်မှာ တခြားရွေးချယ်စရာမရှိဘူး

"ဒါပေမဲ့ နင့်မှာ ဒီကိုလာရတဲ့ တခြားအကြောင်းအရင်းတွေရှိတာ ငါပြောနိုင်တယ်။ ဒါ့ကြောင့် နင်ထွက်မသွားချင်တာမလား

"အေး ငါ့အကြံတစ်ခုရှိတယ်။ ငါတို့ ဘာလို့ နှစ်ယောက်အဖွဲ့မဖွဲ့သေးလဲ။ နောက်ဆုံးတစ်ခေါက် ပူးပေါင်းတုန်းက သိပ်အဆင်မပြေခဲ့တာ ငါသိပါတယ်။ ငါ အခု ဘာပြောပြော နင် ငါ့ကို ယုံမှာလည်းမဟုတ်ဘူး။ အဲ့ဒါကြောင့်မလို့ ငါ့စိတ်ရင်းအမှန်ကို ပြသခွင့်ပြုပါ" ကျင်ရှန်းက စကားများအား ပေးပို့ပြီးသည်နှင့်တစ်ပြိုင်နက် သူမခန္ဓာကိုယ်သည် ရုတ်တရက် ရပ်သွား၏။ သူမသည် ချာခနဲ လှည့်ပြီးနောက် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်သည်။ အနီရောင်ပန်းပွင့်နှစ်ပွင့်က သူမအရှေ့တွင် ရုတ်တရက် အကောင်အထည်ဖြစ်တည်လာ၏။

ပန်းနှစ်ပွင့်က ရှုပိုင်နှင့် ချန်မိုထံသို့ လွင့်မျောသွားသည်။ ဤပန်းနှစ်ပွင့်၏ ပွင့်ချပ်များမှာ ထိုနှစ်ယောက်၏မျက်နှာများ အသွင်ရှိ၏။

ထို့နောက် ပန်းများကား အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသည်။ အသက်တစ်ရှိုက်လေးအတွင်း အပိုင်းအစများမှာ ခဲပြာမှုန်များ အသွင်ပြောင်းသွားလေ၏။ ချက်ချင်းပင် ရှုပိုင် ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့ခန္ဓာကိုယ်က ဒယိမ်းဒယိုင်ဖြစ်သွား၏။ သူ့ဘေးတွင် ချန်မိုမှာလည်း တုန်ရီသွားပြီး သွေးအန်လိုက်ရ၏။ သူတို့နှစ်ယောက်မှာ မျက်နှာများတွင် ရက်စက်ကြမ်းကြုတ်မှုနှင့် အံ့ဩတုန်လှုပ်မှုတို့ ဒွန်တွဲနေလျက် သွားနေရာမှ ရပ်လိုက်ကြသည်။

ကျင်ရှန်းက မပြီးသေး။ ထိုလူနှစ်ယောက် ရပ်သွားသဖြင့် သူမ၏ဖီးနစ်မျက်ဝန်းလေးများ တောက်ပသွားသည်။ သူမသည် ညာလက်ကို မြှောက်ပြီး သူတို့ကို လက်ညှိုးထိုးလိုက်၏။ ချက်ချင်းပင် ရှုပိုင်နှင့် ချန်မိုတို့နှစ်ယောက်လုံး သွေးအန်လိုက်ရသည်။ သူတို့က ပို၍ပင် အံ့အားသင့်သွားပုံပေါက်ကာ နောက်ဆုတ်သွားကြသည်။

သူတို့၏ရန်သူ လုပ်လိုက်သမျှမှာ လက်ကလေးမြှောက်ရုံလေးသာ ဖြစ်ပြီး သူတို့မှာ ရုတ်ခြည်း ဒဏ်ရာရခဲ့ကြလေသည်။ သူတို့သည် စည်းမျဉ်းအသစ်များ ချမှတ်ထားသည့် ထူးဆန်းသော အစစ်အမှန်နယ်ပယ်အတွင်းသို့ သက်ဆင်းသွားခဲ့သည့်အလားပင်။

"ပထမထိခိုက်၊ ဒုတိယတိုက်ခိုက်လား"

"အကုန်လုံးလည်သွားတာ။ အဲ့ဒါ စစ်မှန်သောသဘောတရားစည်းမျဉ်းကို သွေဖယ်စေတဲ့ နတ်ဘုရားစွမ်းရည်တစ်ခုလား။ အဲ့ဒါဆို စိတ်ဝိညာဉ်ခွဲထွက်ခြင်းပညာရပ်တစ်ခုပဲ" သူတို့၏မျက်နှာများမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ချက်ချင်း ပြည့်နှက်သွားပြီး စိတ်များ ချာချာလည်သွား၏။ သူတို့သည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ထွက်ပြေးသွားကြသည်။

ကျင်ရှန်းက လက်ကို ပြန်ချပြီး ထိုနှစ်ယောက်ထွက်သွားသည်ကို မထူးဆန်းသလို ကြည့်သည်။ ထို့နောက် သူမသည် ချာခနဲ လှည့်၍ မန်ဟို့ဆီ ‌ပျံသန်းလာ၏။

မန်ဟိုသည် စိတ်ဝိညာဉ်အာရုံဖြင့် စောစောက ဖြစ်ပျက်ခဲ့သောအရာကို နည်းနည်းပါးပါး သိလိုက်သည်။ သို့သော် သူသည် အင်မိုတယ်တံတားကျောက်ခဲကို အချိန်မရွေး ဖိချေရန် ပြင်ရင်း ကျစ်ကျစ်ပါအောင် ဆုပ်၍ ဆက်သွားနေမြဲပင်။

"ဒါက ငါ့ရဲ့စိတ်ရင်းအမှန်ကို ပြသတာပဲ" ကျင်ရှန်းက ပြောသည်။ "သူတို့ အချိန်တိုအတွင်းနဲ့ ဒဏ်ရာတွေကို ကုလို့ရမှာမဟုတ်သလို၊ ‌နောက်ကနေလည်း ဆက်လိုက်ရဲမှာ မဟုတ်တော့ဘူး

" မန်ဟို ဒီတစ်ကြိမ် ငါ နင်နဲ့ စိတ်ရင်းအမှန်နဲ့ ပူးပေါင်းချင်တာပါ။ အရင်တစ်ခေါက်တုန်းက ငါ အမှားနည်းနည်းလုပ်ခဲ့မိတယ်။ ဒီတစ်ခေါက်တော့ ငါတို့ နှစ်ကိုယ့်တစ်စိတ် ပေါင်းပြီး အတူတူလုပ်ကြမလားဟင်

"နင် ပြန်ဖြေစရာမလိုသလို၊ ဆုံးဖြတ်ချက်ကို ပြောစရာလည်းမလိုပါဘူး။ ဒီ‌ကုန်းမြေရဲ့ အရှေ့အကျဆုံးနေရာမှာ ထိုးထွက်နေတဲ့ ကျောက်ဆောင်တစ်ခုရှိတယ်။ ‌တစ်လကြာတဲ့အထိ ငါနင့်ကို အဲ့ဒီမှာ စောင့်နေမယ်။ နင်လာမယ်ဆို ငါတို့ အတူတူအလုပ်လုပ်ပြီး နင်လည်း ကောင်းကင်မြေကြီးတွေအများကြီး ထပ်စု‌နိုင်မယ်။ မလာချင်ရင်တော့ ငါ အတင်းဖိအားမပေးပါဘူး" ကျင်ရှန်းက သူ့နောက်ဆက်လိုက်မလာပေ။ စကားများအား ပေးပို့ပြီးနောက်တွင် ရပ်ပြီး မန်ဟို အဝေးသို့ ထွက်သွားသည်ကို ကြည့်နေ၏။ သူမဘာတွေးနေသည်လဲ မပြောနိုင်ပေ။ အချိန်အတော်ကြာသော် သူမသည် လှည့်ပြီး အရှေ့ဘက်သို့ ဦးတည်သွား၏။

မန်ဟိုက မျက်မှောင်ကြုတ်နေသည်။ သူ့မှာ မိစ္ဆာကျင်ရှန်း၏ စကားနှင့် အပြုအမူများကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ရင်း အခက်တွေ့နေသည်။ သူမကား အပြောင်းအလဲ မြန်လွန်းလေသည်။ လွန်ခဲ့သည့်တစ်မိနစ်တုန်းက သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်ခိုက်နေခဲ့ပြီး ယခုတော့ ဤသို့ပြုမူနေပြန်၏။

သူသည် တွေဝေနေသော်လည်း အရှိန်‌နည်းနည်းလေးမှ မလျှော့။ ဘယ်သူမှ သူ့နောက်မလိုက်ကြောင်း ကျိန်းသေသည့်တိုင်အောင် ရှစ်ရက်ကြာ ပျံသန်းနေခဲ့သည်။ ထို့‌နောက်တွင်မှ သူ့မှာ ရပ်ပြီး အနားယူနိုင်၏။

သုံးရက် ထပ်မံကြာမြင့်သွားပြီးနောက် သူက ဆက်သွားနေသည်။ ခြောက်ရက်ကြာသော် ထပ်ရပ်လိုက်၏။ ဤအချိန်တွင် ကျင်ရှန်း သူ့အနောက် အမှန်တကယ် လိုက်မနေကြောင်း ရှစ်ဆယ်ရာခိုင်နှုန်းသေချာသွားလေပြီ။

"သူ တကယ်ပဲ စိတ်ပြောင်းသွားတာ ဖြစ်နိုင်မလား" သူက အေးစက်စက် တစ်ချက်ရယ်ရင်း တွေးသည်။ သူသည် လောလောဆယ်တွင် ထွင်းထားခဲ့သော ကျင့်ကြံခြင်းဂူထဲ၌ တင်ပျဉ်ခွေထိုင်နေ၏။ တံတားပျက်နယ်ပယ်က ထွက်သွားခြင်းနှင့်ပတ်သက်လျှင် ၎င်းက သူအမှန်တကယ် မလုပ်ချင်သောအရာဖြစ်၏။ သူသည် မျက်လုံးများ တဖျပ်ဖျပ်တောက်ပနေလျက် ကောင်းကင်မြေကြီးတချို့ထုတ်ပြီး သူ၏အသိကို ၎င်းထဲစေလွှတ်ကာ ဉာဏ်အလင်းရအောင် တ‌ဖြေး‌ဖြေး ကြိုးစားနေသည်။

ယခု သုံးနေသည့်နည်းလမ်းက မီးကို လေ့လာခဲ့တုန်းက အတိုင်းဖြစ်၏။ သူက မျက်လုံးများ ပိတ်လိုက်ပြီး ကောင်းကင်မြေကြီး၏ ဖွဲ့စည်းတည်ဆောက်ပုံ သူ့စိတ်ထဲတွင် ပေါ်လာသည်။ ဖွဲ့စည်းတည်ဆောက်ပုံပြည့်စုံသွားလျှင် ‌ကျီးနတ်မင်းမျိုးနွယ်စု သူ့ကို ပေးအပ်ခဲ့သော မြေအရုပ်ကိုသုံးကာ မြေအရုပ်ဆေးမင်ကြောင်အား အပြည့်အဝ ဖော်ဆောင်နိုင်ပေမည်။ ယင်းက သူသုံးရန် ကြံထားသော နည်းလမ်းဖြစ်၏။

အချိန်များ ကုန်လွန်သွားပြီး နောက်ထပ်ဆယ်ရက် ကြာသွားသည်။ မန်ဟို့ပတ်ဝန်းကျင်မှာ ဆိတ်ငြိမ်အေးချမ်းနေ၏။ ဘယ်သူ့မှ သူ့ကို နှောင့်ယှက်ခြင်းမရှိပေ။ အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူအတော်များများမှာ ဤနေရာမှ ထွက်ခွာသွားကြပြီဖြစ်သည်။

နောက်ဆုံးတွင် မန်ဟိုက မျက်လုံးများ ဖွင့်လိုက်ပြီး ၎င်းတို့သည် စူးရှတောက်ပနေ၏။ သူ့၏စိတ်ထဲတွင် သူသည် ကောင်းကင်မြေကြီးမှ ဖြစ်ပေါ်လာသောအခဲဟု ဆိုနိုင်သည့်အရာ၏ အခြေခံ ဖွဲ့စည်းတည်ဆောက်ပုံကို ပုံကြမ်းဖော်ပြီး ဖြစ်လေသည်။

"မဆိုးဘူး...." သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း ပြောသည်။ ထို့နောက် သိုလှောင်အိတ်အတွင်းမှ ကျီးနတ်မင်းမျိုးနွယ်စုမှ ရရှိခဲ့သော အားနည်းနေသည့် မြေအရုပ်သ‌န္ဓေကို ထုတ်လိုက်သည်။ ၎င်းသည် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး ပျောက်ကွယ်တော့မည့်ပုံပင်။ သူ့မှာ ၎င်းအား တစ်ချိန်လုံး ဂရုတစိုက် ကာကွယ်နေခဲ့ရလေသည်။ သူက အံတင်းတင်းကြိတ်ရင်း ၎င်းအား သူ၏ညာလက်မောင်းပေါ်တွင် ဖိချလိုက်၏။

မြေအရုပ်သန္ဓေ သူ့လက်မောင်းအပေါ် ခတ်နှိပ်ခံလိုက်ရသည့် အခိုက်အတန့်တွင် မန်ဟို့၏ စိတ်ဆန္ဒက သူ့စိတ်ဝယ်၌ရှိ‌သော ကောင်းကင်မြေကြီးခဲကို ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ မြေအရုပ်သန္ဓေနှင့် ပေါင်းစည်းသွားစေသည်။

ဤအရာအားလုံးကို မန်ဟို့စိတ်ဆန္ဒက ထိန်းချုပ်နေသော်လည်း သူကိုယ်တိုင်ပင် အောင်မြင်မည်လား မသေချာ။ သူသိသမျှမှာ မီးအရုပ်တုန်းက ဤနည်းလမ်းအား အသုံးပြုခဲ့ပြီး တွက်ချက်မှုများအရ ၎င်းသည် ကောင်းကင်မြေကြီးနှင့်လည်း လုပ်ဆောင်ပုံတူလိမ့်မည်ဟူ၍ပင်။

ပေါင်းစည်းခြင်းဖြစ်စဉ်သည် ရက်အနည်းငယ်ကြာ၏။ အံ့ဖွယ်ကောင်းစွာနှင့် ၎င်းပြီးမြောက်သောအခါ သူ၏ညာလက်မောင်းပေါ်တွင် ဝဲတစ်ခု ဝိုးတိုးဝါးတား ပေါ်လာသည်။ ၎င်းသည် ဝါညိုရောင်ဖြစ်ပြီး ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းထံမှ ဆွဲအားတစ်ရပ် ထွက်ပေါ်လာသည်။

ဆွဲအားသည် စိတ်ဝိညာဉ်စွမ်းအင်ကို မဟုတ်ဘဲ မန်ဟို့အရှေ့ရှိ ကောင်းကင်မြေကြီးကို ဆွဲငင်သည်။ ချက်ချင်း ကောင်းကင်မြေကြီးများသည် ဝဲအတွင်း စုပ်ယူဝါးမြိုခံလိုက်ရ၏။

မန်ဟို၏စိတ် တုန်ရီသွားသည်။ သူသည် ကောင်းကင်‌မြေကြီးမှုန်များ ထပ်ထုတ်လိုက်၏။ ၎င်းတို့ပေါ်လာလျှင်ချင်း ဝဲအတွင်း စုပ်ယူခံလိုက်ရလေသည်။ ရက်အနည်းငယ် ထပ်မံကုန်ဆုံးသွား၏။ မန်ဟိုသည် အိတ်ထဲရှိရှိသမျှ ကောင်းကင်မြေကြီးတစ်မှုန်မကျန် ထုတ်ခဲ့ပြီး ဝဲအတွင်းသို့ စုပ်ယူခံခဲ့ရပြီးဖြစ်သည်။ ထို့နောက်ပိုင်းတွင် .. ဆွဲအားကား ကျန်ရှိနေသေး၏။

ထိုမျှသာမက အားသည် ယုတ်လျော့မသွားဘဲ ဆင့်ကဲအသွင်ပြောင်းနေသည့်အလား အားကောင်းလာသည်။

မန်ဟိုသည် သူ့တွင် ကောင်းကင်မြေကြီး လုံလုံလောက်လောက်ရှိပါက ဤဝဲကို အရုပ်ဆေးမင်ကြောင်တစ်ခုအဖြစ် ပြောင်းလဲနိုင်သည်ဟု ခံစားနေရ၏။ ၎င်းသည် ဓာတ်ငါးပါးအရုပ်ဆေးမင်ကြောင်များထဲက လေးရုပ်မြောက် မြေဓာတ်အမျိုးအစား ဖြစ်လာလိမ့်မည်။

ထိုသို့ဖြစ်ပျက်သောအခါ သူ၏ကျင့်ကြံခြင်းအ‌ခြေခံသည် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကို အလွယ်တကူချေမှုန်းပြီး အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကို အနိုင်ယူနိုင်သည်အထိ ထပ်မံမြင့်တက်သွားမည်။ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကိုတော့ အနည်းဆုံး တစ်ယောက်တည်း ခုခံနိုင်ပေလိမ့်မည်။

ယခုတွင် သူသည် စစ်မှန်သော အစွမ်းထက် ရွှေအမြုတေအဆင့်ပညာရှင်တစ်ဦး ဖြစ်လာခဲ့လေပြီ။ သူသည် အဆင့်များအကြားက ခြားနားကွာဟမှုများကို လျစ်လျူရှုနိုင်သည်အထိ အစွမ်းထက်နေပြီဖြစ်သည်။ ရှေးခေတ်ကာလမှ ယနေ့တိုင်အောင် သူသည်သာလျှင် ထိုမျှအံ့ဖွယ်အရာတစ်ခုကို လုပ်ဆောင်နိုင်ခဲ့သည့့် တစ်ဦးသောပုဂ္ဂိုလ်ဖြစ်သည်။

ဤနေရာသို့ ရောက်ဖို့ရန် အလို့ငှာ ပြီးပြည့်စုံသောရွှေအမြုတေတစ်ခုအား လိုအပ်ပြီး အဆုံးမဲ့သောသဏ္ဌာန်အထိ သန့်စင်ထားပြီးသော ဓာတ်ငါးပါးအား လိုအပ်သည်။ဆေးဝါးတာအို မဟာအကြီးအကဲတစ်ဦး၏ ဉာဏ်အလင်းအသိအမြင်များလည်း လိုအပ်ပြီး မိစ္ဆာချုပ်နှောင်သူတစ်ဦး၏ မရှိမဖြစ် ရှိထားရမည့် လိုအပ်ချက်ကိုကား ဖော်ပြရန်ပင် မလိုအပ်တော့ပေ။

မန်ဟိုတစ်ယောက်တည်းသာ ဤလမ်းစဉ်ကို လျှောက်လှမ်းနိုင်သည်။ ယခုတွင် သူသည် အနုသုခုမရုပ်ခန္ဓာအဆင့်နှင့် တိုက်ခိုက်နိုင်သည့် ပြီးပြည့်စုံသော ရွှေအမြုတေအထွတ်အထိပ်အဆင့် ဖြစ်လေ၏။

တစ်နေ့ သူ ဓာတ်ငါးပါးလုံးအား ပိုင်ဆိုင်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံက ငါးရောင်ခြယ်သောအနုသုခုမရုပ်ခန္ဓာအဆင့်တွင် ဖြစ်လာလျှင် သူသည် ကောင်းကင်ဘုံကို လုံးဝအံတုဖက်ပြိုင်နိုင်သော နယ်ပယ်သို့ မည်သို့ရောက်ရှိသွားမည်ကို တွေးသာကြည့်နိုင်၏။ သူကား တောင်ပိုင်းဒေသတွင် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်အောက်ရှိ အစွမ်းအထက်ဆုံးလူတစ်ယောက် မုချ ဖြစ်လာလိမ့်မည်။

အင်အားကြီးဂိုဏ်းများနှင့် မျိုးနွယ်စုအားလုံးမှ ရွေးချယ်ခံများသည် သူခြေထောက်အောက်တွင် နင်းချေခံရလိမ့်မည်။

မန်ဟို့၏ အနုသုခုမရုပ်ခန္ဓာလမ်းစဉ်သည် ပြီးပြည့်စုံသောလမ်းစဉ်၊ သူကိုယ်တိုင် ပုံဖော်ထားသောလမ်းစဉ်၊ ငါးရောင်ခြယ်အနုသုခုမရုပ်ခန္ဓာလမ်းစဉ်ဖြစ်၏။

"ငါ ကောင်းကင်မြေကြီးတွေ ထပ်လိုတယ်" သူက တွေးသည်။ သူသည် အင်္ကျီလက်ဖြင့် ဝဲကို ဖုံးကွယ်ထားသော်လည်း ဆွဲငင်အားမှာ ရှိနေသေးပြီး ပိုပို၍ အားကောင်းလာနေသည်။ မန်ဟိုက မျက်လုံးများ တောက်ပနေလျက် ကျင့်ကြံခြင်းဂူမှ လမ်းလျှောက်ထွက်လာပြီး လေကိုခွင်းသွားသော ရောင်စုံအလင်းတန်းအသွင်ပြောင်းသွား၏။

ရက်အနည်းငယ်ကြသော် သူက ချိုင့်ဝှမ်းသို့ ပြန်ရောက်လာသည်။ သူသည် အစပ်နားတွင် ရပ်ပြီး မျက်မှောင်ကြတ်နေ၏။ ထိုနေရာတွင် မြူများမရှိတော့ပေ။ အောက်ရှိ နန်းဆောင်အားလုံးမှာ ပြာကျပျက်စီးနေခဲ့ပြီ ဖြစ်သည်။

သူ မျက်မှောင်ကြုတ်ရင်း အပျက်အစီးပုံကြားထဲ ‌လျှောက်ဆင်းသွားချိန် ကောင်းကင်မြေကြီးမှုန်များ လေပေါ် လွင့်မျောတက်လာပြီး မန်ဟို့လက်မောင်းအတွင်း စုပ်ယူခံလိုက်ရသည်။ သို့သော် နေရာမှာ ဖျက်စီးခံထားရသည်ဖြစ်ရာ ကောင်းကင်မြေကြီးများများစားစား မကျန်တော့ပေ။ ဝဲက ၎င်းတို့အားလုံးကို စုပ်ယူပြီးနောက် ဆွဲအားသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလာ၏။

သူသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒတို့ မျက်နှာတွင် ပြည့်နှက်နေလျက် တိတ်ဆိတ်စွာ ရပ်နေသည်။

"ကျင့်ကြံတဲ့အခါမှာ ကျင့်ကြံသူတွေအနေနဲ့ ကြောက်စိတ်ကို နှလုံးသားထဲမှာ ကိန်းအောင်းခွင့်မပြုရဘူး။ အမြဲ ရှေ့ဆက်သွားနေရမယ်။ အဲ့ဒီမိစ္ဆာမကျင်ရှန်းက မသေမျိုးတန်ခိုးရှင်.... ဒါပေမယ့် အခုလောလောဆယ်မှာ သေမျိုးကမ္ဘာထဲကို ကျဆင်းလာခဲ့တယ်။ သူနဲ့နောက်တစ်ကြိမ် မပူးပေါင်းစရာ အကြောင်းမရှိဘူး"

***

All Chapters