ကမ္ဘာသုံးသောင်း
Vol. 34 Ch. 468
ရက်အနည်းငယ်ကြာသော် ဤကုန်းမြေထု၏ အရှေ့ပိုင်းတွင် ထိုးထွက်နေသော ကျောက်ဆောင်တစ်ဆောင်နှင့် နေရာတစ်နေရာရှိသည်။ ရှည်မျောမျော အမြင့်တစ်ခုက ကုန်းမြေ၏ အနားသတ်ကို ကျော်၍ အာကာသဟင်းလင်းပြင်အတွင်းသို့ ဆန့်တန်းနေသည်။
ဤအမြင့်ပေါ်တွင် ရပ်လျှင် အမှောင်ထုဖြင့် ဘက်ပေါင်းစုံမှ ခြံရံခံရလိမ့်မည်။
အမျိုးသမီးတစ်ဦးသည် စင်မြင့်၏ ဟိုးအစွန်းနားတွင် တင်ပျဉ်ခွေထိုင်နေ၏။ သူမမှာ လှပပြီး မျက်နှာလေးပေါ်၌ ပတ်ဝန်းကျင်ကို စိတ်ဝင်စားပုံမရှိသော အရိပ်အယောင်တစ်ခု ရှိသည်။ ဤသည်မှာ တစ်လကျော် တရားထိုင်နေခဲ့သော ကျင်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။
သူမသည် မန်ဟို့နောက်လိုက်ခြင်းအား ရပ်တန့်ပြီးနောက် ဤနေရာတွင် တိတ်ဆိတ်ငြိမ်သက်စွာ စောင့်နေခဲ့သည်။
တစ်လလုံးလုံးကြာခဲ့သည့်တိုင် သူမက မန်ဟိုလာမည်ဟု ယုံကြည်သဖြင့် ဆက်စောင့်နေဆဲပင်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် သိသည်မှာ သိပ်မကြာသေးသော်လည်း မန်ဟိုက သူမကို လေးလေးနက်နက် အထင်ကြီးစေခဲ့၏။
ရုတ်တရက် ကျင်ရှန်း မျက်လုံးများဖွင့်ပြီး အဝေးသို့ လှမ်းကြည့်လိုက်သည်။ သူမဆီလာနေသော အလင်းတန်းတစ်တန်းအား မြင်သောအခါ ခပ်ရေးရေးအပြုံးလေးတစ်ခု သူမနှုတ်ခမ်းလေးတွင် ဖြစ်ထွန်းသွား၏။
အလင်းတန်းအတွင်းတွင်ကား မန်ဟိုပင်။ သူပျံသန်းလာနေစဉ် သူ၏အစိမ်းရောင်ဝတ်ရုံနှင့် ရှည်လျားသော အနက်ရောင်ဆံနွယ်များသည် လေတွင် မျောလွင့်နေရာ သူ့အား ကျင့်ကြံသူမဟုတ်ဘဲ စာပေသမားတစ်ယောက်နှင့် ပိုတူစေ၏။ သို့သော် သူ၏ လေးနက်တည်ကြည်သောမျက်နှာများနှင့် အေးစက်သောမျက်လုံးများက မန်ဟို့ကို ဓားအိမ်မှ ထုတ်လိုက်သော ဓားထက်ထက်တစ်လက်အလား ဖြစ်စေသည်။
သူမက သူ့ကို မြင်ပြီး သူကလည်း သူမကို မြင်သည်။
ကျောက်ယူလန်သည် လှပခဲ့သော်လည်း ပြစ်မျိုးမှဲ့မထင် ပြီးပြည့်စုံလောက်အောင် လှခဲ့ခြင်းမဟုတ်ပေ။ သို့သော် ခန္ဓာကိုယ်အား အတန်ကြာ ဝင်စီးခံထားရပြီးနောက် ကျင်ရှန်း၏အင်မိုတယ်နတ်ဝိညာဥ်သည် သူမနှင့် ပို၍ခိုင်မာစွာ ပေါင်းစည်းလာ၏။ ကျောက်ယူလန်၏ခန္ဓာကိုယ်ထဲတွင် ပြောင်းလဲမှုအနည်းငယ်အား မြင်နိုင်လေသည်။ အများစုက ပင်ကိုယ်စိတ်ပြောင်းလဲမှုများ ဖြစ်သည်။ မည်သို့ဆိုစေ ကျောက်ယူလန်နှင့် ကျင်ရှန်းရောထားသော ပြောင်းလဲမှုများက နောင်တစ်ချိန်တွင် ကျောက်ယူလန် ဘယ်တော့မှ မရရှိခဲ့သော ပြီးပြည့်စုံသည့် အလှတရားအား ပိုင်ဆိုင်စေမည့် သက်သေပင်။
နောက်တစ်ချိန်တွင် ကျင်ရှန်းနှင့် ကျောက်ယူလန်ရောထားသည်က ပြောင်းလဲပြီး လုံးဝခြားနားသွားမည်ကို စိတ်သာကူးကြည့်နိုင်သည်။
မန်ဟိုက ကျင်ရှန်းကို ကြည့်ပြီး ကျောက်ယူလန်အကြောင်းနှင့် ကျင့်ကြံခြင်းလောကတွင် တည်ရှိသော အကြင်နာမဲ့မှုကို တွေးလိုက်မိသည်။ ကျောက်ယူလန်သည် သူ့အား သူမကို ကယ်အောင် ကြိုးစားခဲ့၏။ သို့သော် သူတို့၏ဆက်ဆံရေးမှာ မန်ဟို သက်စွန့်ဆံဖျား ကယ်ပေးရလောက်အောင်အထိ မဟုတ်ပေ။ ၎င်းကား ဖြစ်ကို မဖြစ်နိုင်သည်သာ။
ကျင်ကြံခြင်းလောကတွင် တောတွင်းဥပဒေကြီးစိုးမြဲဖြစ်သည်။ မန်ဟို ဘာမှလုပ်မည်မဟုတ်။
သူသည် ပုံမှန်မျက်နှာထားဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ ထို့နောက် ထိုးထွက်နေသော အမြင့်ကို ဖြတ်လျှောက်ရင်း ကျင်ရှန်းဝင်ပူးထားသော ကျောက်ယူလန်အနား သွားလိုက်သည်။
"နင်လာမယ်ဆိုတာ သိတယ်" ကျင်ရှန်းက လျှို့ဝှက်ဆန်းကြယ်စွာ ဆွဲဆောင်မှုရှိနေသော အပြုံးလေးဖြင့် ပြောသည်။
မန်ဟိုက သူမဘေးတွင် ရပ်လိုက်၏။ သူသည် ခံစားချက်မဲ့သောမျက်နှာဖြင့် တည်တည်ငြိမ်ငြိမ် ပြောသည်။ "ဘာလို့ ဒီလောက် သေချာနိုင်တာလဲ"
"ဘာလို့လဲဆိုတော့ နင်နဲ့ငါက တူလို့ပဲ" က သူ့ကို လှည့်ကြည့်ရင်း ပြောသည်။ သူမမျက်ဝန်းထဲတွင် မြင်ရခဲသော လေးစားမှုရှိနေ၏။ "ငါတို့ကို လူတွေ သတ်ဖို့ကြိုးစားရင် ပြေးရတယ်။ သေခြင်းနဲ့ရင်ဆိုင်ရတဲ့အခါ အသက်ရှင်လိုစိတ် ပေါ်ပေါက်လာတယ်။ အခက်အခဲတွေကြားမှာ ကံကောင်းမှုနဲ့ ကြုံကြိုက်တယ်။ ကျင့်ကြံအဆင့်တက်ဖို့အတွက် အန္တရာယ်အများဆုံးအခြေအနေတွေထဲ ပြေးဝင်ရတယ်။ ငါတို့က မျှမျှတတနဲ့ ငါတို့ပန်းတိုင်ငါတို့ ရရှိခဲ့တာ"
မန်ဟိုက မှတ်ချက်ပြုခြင်းမရှိ။
ကျင်ရှန်းက လှပသော ငှက်ကလေးတစ်ကောင် တေးသီဆိုနေသကဲ့သို့ နှစ်လိုဖွယ်ရာအသံလေးနှင့် ထပ်ပြောသည်။ "နင် ကောင်းကင်မြေကြီးအများကြီး လိုတာ ငါသိတယ်။ ကံဆိုးတာက နင်တို့ တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူတွေ ထိန်းသိမ်းထားတဲ့ မှတ်တမ်းတွေထဲမှာ အင်မိုတယ်တံတားကျောက်ခဲကမ္ဘာ အနည်းအကျဉ်းပဲ ရှိတယ်။ တကယ်က အင်မိုတယ်လျှောက်လှမ်းခြင်းတံတားမှာ ကမ္ဘာထောင်ချီရှိတယ် သိလား။ နှိုင်းယှဉ်ပြောရရင် နင်သိတာကလေ ပိစိသေးသေးလေးပဲ ရှိတာ။ 'ကောက်ရိုးပုံထဲက အပ်'ဆိုတာနဲ့တောင် နှိုင်းယှဉ်လို့မရဘူး
"တောင်ကောင်းကင်က အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေ တံတားပျက်နယ်ပယ်ကို လာရောက်စူးစမ်းလေ့လာကြတဲ့ နှစ်တွေတစ်လျှောက်လုံး အဲ့ဒီနေရာနည်းနည်းလေးပဲ ရောက်ခဲ့ကြတယ်။ အဲ့ဒီကောင်းကင်မြေကြီးတွေက မပြောပလောက်ဘူး
"နင်လိုချင်တဲ့ပမာဏကို လက်ဝယ်ရရှိဖို့ တစ်ခုတည်းသော နည်းလမ်းကတော့ ဒီကုန်းမြေကနေ ထွက်သွားဖို့ပဲ။ ဒီတစ်နေရာထဲမှာ ကျောက်ချမနေနဲ့။ ပိုဝေးတဲ့နေရာတွေကိုသွား။ တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူတွေ ဘယ်တော့မှ မမြင်ဖူးတဲ့ နေရာတွေပေါ့
"အဲ့ဒီမှာပဲ ကောင်းကင်မြေကြီးအမြောက်အမြား ရှာလို့ရမှာ။ တကယ်တမ်းပြောရင် ကောင်းကင်မြေကြီးတွေနဲ့ တစ်ခုလုံးကို တည်ဆောက်ထားတဲ့ ကုန်းမြေတစ်ခုရှိတယ်" ကျင်ရှန်းစကားပြောနေသောအခါ သူ့မအမူအရာမှာ ချဲ့ကားကြွားဝါနေသယောင်မရှိပေ။ ထိုအစား သူမ၏မျက်ဝန်းလေးများသည် ဆောင်းရာသီက ကြည်လဲ့နက်ရှိုင်းနေသော ရေကန်များသဖွယ် တဖျပ်ဖျပ် တောက်ပနေ၏။
"ဒီနေရာကို လာရောက်ခဲ့ကြတဲ့ တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူတွေက ထပ်ပြီး သွားလာမစူးစမ်းချင်ကြတာမဟုတ်ဘူး။ သူတို့မသိတဲ့ အဲ့ဒီနေရာတွေက အန္တရာယ်အခက်အခဲတွေ ပြည့်နေလို့ပဲ။ အဲ့ဒါအပြင် လမ်းကြောင်းတွေကို မသိတာကြောင့်မလို့ ဘယ်တော့မှ မသွားကြတာ" ကျင်ရှန်းက ခပ်ရေးရေး ပြုံးလိုက်သည်။ သူမထိုင်နေသည့်နေရာမှ မန်ဟို့ကို မမြင်ရသလို၊ သူ စိတ်ဝင်တစား နားထောင်နေသည်ကိုလည်း မမြင်ရပေ။ လေညင်းတစ်ချက်က သူမဆံပင်များကို ဖြတ်တိုက်ရင်း လှုပ်ရှားသွားစေသည်။ သူမက ဆံမျှင်လေးတစ်မျှင်ကို လက်ချောင်းလေးဖြင့် လိမ်လိုက်၏။ အခြားဆံပင်များက သူမမျက်နှာလေးပေါ် ဟိုတစ်စ သည်တစ ကျနေရာ သူမအား ယခင်ထက်ပို၍ ဆွဲဆောင်မှုရှိသွားစေသည်။
မန်ဟိုက သူမကို ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။
"လမ်းအမှန်တွေက ဟင်းလင်းပြင်မှာ သွားလာပျံသန်းနေတဲ့ ဖုန်ကျောက်ခဲတွေကို ကြုံသလို လိုက်စီးရင်း ခရီးနှင်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီကမ္ဘာတွေဆီ ဦးတည်နေတဲ့ ဖုန်ကျောက်ခဲတွေက နေရာအတိအကျ၊ အချိန်အတိအကျ ပေါ်လာမှာ မဟုတ်လို့ပဲ။ သူတို့ကို အထူးနိမိတ်ဖတ်အတတ်တစ်ခုနဲ့မှ ရှာဖွေနိုင်တာ
"အဲ့ဒီအထူးအတတ်က အဆက်မပြတ် ပြုပြင်ညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်ပြီး တောင်ကောင်းကင်ဂြိုဟ်ကျင့်ကြံသူတွေ တတ်မြောက်နိုင်စွမ်းမရှိတဲ့ အရာပဲ။ ကံကောင်းတာက ငါ အဲ့ဒီလမ်းကြောင်းတွေထဲက တစ်ကြောင်းကို မထင်မှတ်ဘဲ သိခဲ့ရတယ်။ အင်မိုတယ်တံတားရဲ့ အနက်ရှိုင်းဆုံးနေရာတွေဆီကိုတော့ မဦးတည်ပေမယ့် ကမ္ဘာနှစ်သောင်းကိုတော့ ရောက်လိမ့်မယ်
"ဒါက ငါ့ရဲ့စိတ်ရင်းအမှန်ကို ဒုတိယအကြိမ် ဖော်ပြတာပဲ။ နင် အဲ့ဒီမိစ္ဆာဝိညာဉ်ကို ရလဲ ငါဂရုမစိုက်ဘူးဆိုတာ သက်သေပြတာ" သူမက မန်ဟို့ကို ရိုးသားသော မျက်နှာထားလေးဖြင့် လှည့်ကြည့်သည်။ ဤနှစ်ယောက်တစ်ဖွဲ့ဖွဲ့ခြင်းက သူမပြောခဲ့သည့်အတိုင်း ပထမတစ်ခုနှင့် အလွန်ကွာခြားသယောင်ပင်။
မန်ဟိုက ခပ်ရေးရေး ပြုံးလိုက်သည်။ မည့်သည့်အတွက်ကြောင့် ဤမိစ္ဆာမကျင်ရှန်းကို ခြွင်းချက်မရှိ ယုံရမည်နည်း။ ယုံကြည်မှုဆိုသည်မှာ ကျင့်ကြံသူများအကြား၌ တည်ဆောက်ရခက်သော အရာပင်။ များသောအားဖြင့် လိုအပ်၍ လက်တွဲကြခြင်းသာ ဖြစ်၏။
"မိစ္ဆာစိတ်ဝိညာဉ်က မင်းအတွက် ဘာလဲ" မန်ဟိုက ရုတ်တရက် မေးသည်။
ကျင်ရှန်းက ချီတုံချတုံဖြစ်သွားပြီးနောက် သူမကို နောက်တစ်ကြိမ် ထပ်ကြည့်သည်။ နောက်ဆုံးတွင် သူမ ဆုံးဖြတ်ချက်ချလိုက်ပုံရသည်။
"ဒီပူးပေါင်းမှုက ငါတို့စိတ်သဘောအမှန်ကို ဖော်ပြတာပဲ။ ကောင်းကောင်းအဆုံးသတ်ရင် ငါတို့ ပူးပေါင်းမှုနောက်တစ်ခု ထပ်လုပ်ပြီးတော့... ငါလည်း စိတ်ရင်းကို ဖော်ပြနိုင်တယ်။ သိပ်ကောင်းတယ် ငါ ဘာ့ကြောင့် မိစ္ဆာစိတ်ဝိညာဉ်ကို လိုအပ်လဲ ပြောပြပါ့မယ်
"မိစ္ဆာစိတ်ဝိညာဉ်တွေက တစ်ခုတည်းအတွက်ပဲ ကောင်းတယ်။ သူတို့က ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီကို ဝင်ဖို့ သုံးနိုင်တဲ့ သော့တွေပဲ။ စစ်မှန်တဲ့ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ကို ပိုင်ဆိုင်ထားတဲ့ ဘယ်သူမဆို တံတားပျက်နယ်ပယ်ဖွင့်ပြီး နှစ်နှစ်ရာကြာရင် ပြန်လာခွင့်ရှိတယ်။ အဲ့ဒီအချိန်ကျရင် တကယ့်အထွတ်အမြတ်နယ်မြေ ၊ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီကို ဝင်ရောက်နိုင်ပြီ"
"ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီ..." မန်ဟိုက တွေးတွေးဆဆနှင့် ပြောသည်။ သူမစကားများက အတော်လေးယုတ္တိရှိပြီး အနက်ရောင်နယ်မြေ၏ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့ မည်သည့်အတွက်ကြောင့် မိစ္ဆာစိတ်ဝိညာဉ်များအား လိုချင်နေသည့်အကြောင်းရင်းကိုပါ တစ်ခါတည်း ရှင်းပြသွား၏။
"အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို ရှေးအင်မိုတယ်မိစ္ဆာဂိုဏ်းက ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက တည်ဆောက်ခဲ့တယ်။ ရည်ရွယ်ချက်က ဂြိုဟ်လေးလုံးပေါ်မှာ တည်ရှိတဲ့ ဂိုဏ်းခွဲတွေ အင်မိုတယ်အဆင့် တက်လှမ်းနိုင်စေဖို့ပဲ။ ဒါပေမဲ့ ကျီမျိုးနွယ်စုနဲ့ စစ်ပွဲမှာ တံတားဖျက်စီးခံလိုက်ရတယ်။ ရှေးအင်မိုတယ်မိစ္ဆာဂိုဏ်းဝင်တွေက အင်မိုတယ်တံတား နှစ်ထောင်ချီကြာတိုင်း တစ်ကြိမ် ပုံရိပ်ပေါ်လာနိုင်အောင် သူတို့ရဲ့ အသက်တွေကို စတေးရင်း အားကောင်းတဲ့ မန္တန်ဝင်္ကပါတွေ နေရာချခဲ့ကြတယ်။ အဲ့ဒါက ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီကိုလည်း အကောင်းတိုင်းတည်ရှိစေခဲ့တယ်....စစ်ဖြစ်ပြီးတဲ့နောက် အသက်ရှင်ကျန်ခဲ့တဲ့ ကျင့်ကြံသူတွေက လောကဓံရဲ့ အခက်အခဲအတားအဆီးတွေကို ကျော်ဖြတ်ရင်း အင်မိုတယ်မိစ္ဆာဂိုဏ်းအသစ် ထူထောင်ခဲ့တယ်
"ငါက .... အဲ့ဒီဂိုဏ်းသားပဲ"
မန်ဟို့မျက်လုံးများ တောက်ပသွားပြီး သူ၏အမူအရာက မဆိုစလောက် ရိပ်ခနဲ ဖြစ်သွားသည်။
"ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီအတွက် စတေးခဲ့ရတဲ့ အသက်တွေကြောင့် ကျိန်စာတစ်ခု ကျန်ရှိခဲ့တယ်။ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီက ပစ္စည်းတွေကို ထိတဲ့ ဘယ်ကျင့်ကြံသူမဆို အသေဆိုးနဲ့ သေပါစေဆိုတဲ့ ကျိန်စာ။ ဒါပေမဲ့ နင်က ... တံတားရဲ့ အဆင့် (၃) မန္တန်ဝင်္ကပါဗဟိုချက်ကို ဖျက်ခဲ့တယ်။ အံ့ဩစရာကောင်းတာက ကျိန်စာက နင့်အပေါ် သက်ရောက်မှုမရှိခဲ့ဘူး။ အဲ့ဒါကြောင့်မလို့ ငါတို့ ပူးပေါင်းသင့်တယ်ထင်တာ
"ကျီမျိုးနွယ်စုတောင်မှ ကျိန်စာကို ကြောက်လို့ တံတားပျက်နယ်ပယ်ကို နှစ်ထောင်ချီကြာတိုင်း တစ်ကြိမ် ပုံရိပ်ပြခွင့်ပြုထားတာ" ဤအရာအားလုံးကို အိတ်သွန်ဖာမှောက် ပြောပြီးနောက် ကျင်ရှန်းက မန်ဟို့ကို လှမ်းကြည့်သည်။
မန်ဟိုက တခဏ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် မထူးခြားသလို ပြောသည်။ "နှစ်ထောင်ချီကြာတိုင်း တစ်ကြိမ်ပွင့်လာတယ်။ နှစ်တွေလည်း မရေမတွက်နိုင်အောင် ကြာခဲ့ပြီဆိုတော့ တံတား ဘယ်နှကြိမ် ပုံရိပ်ပြခဲ့ဖူးလဲ သိချင်တယ်"
"တကယ်တော့ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီက နှစ်တစ်ထောင်ကြာမှ တစ်ကြိမ်ပဲ ပွင့်တာ" ကျင်ရှန်းက ဖြေးဖြေးချင်း ရှင်းပြသည်။ "ပြီးတော့ မိစ္ဆာစိတ်ဝိညာဉ်နဲ့ပဲ ဝင်ရောက်နိုင်တယ်။ ဒါပေမဲ့ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်က နှစ်ပေါင်းသုံးသောင်းကြာမှ တစ်ကြိမ်ပဲ မွေးဖွားတာ။ အဲ့ဒါကြောင့်မလို့ ပွင့်ခဲ့ဖူးတာ သုံးကြိမ်ပဲရှိသေးတယ်
"မိစ္ဆာစိတ်ဝိညာဉ်တွေကတော့ တံတားပျက်နယ်ပယ်မှာပဲ တည်ရှိတာ မဟုတ်ဘူး။အပြင်မှာလည်း မွေးဖွားနိုင်တယ်။ သူတို့က ရှေးအင်မိုတယ်မိစ္ဆာဂိုဏ်းရဲ့ အကြွင်းအကျန်တွေရှိတဲ့ ဘယ်နေရာမှာမဆို ပေါ်လာနိုင်တယ်လေ
"ဒါ့ကြောင့် ... နှစ်နှစ်ရာအတွင်းမှာ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီကို သွားတဲ့လူများမှာ သံသယမရှိဘူး။ တကယ်တော့ ဂြိုဟ်လေးလုံးလုံးက လူတွေ လာနိုင်ခြေများတယ်။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းက လျှို့ဝှက်ဂိုဏ်းကြီးတွေတောင် ပေါ်ကောင်းပေါ်လာလိမ့်မယ်
"လွန်ခဲ့တုန်းက ရှေးအင်မိုတယ်မိစ္ဆာဂိုဏ်းက ... တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းရဲ့ နံပါတ်တစ်ဂိုဏ်း ဖြစ်ခဲ့တာပဲ မဟုတ်လား။ ဂိုဏ်းသားတွေထဲက တစ်ယောက်က နဝမတောင်သခင်လေ။ အဲ့ဒီအချိန်တုန်းက ကျီမျိုးနွယ်စုက သူ့ရဲ့လက်အောက်မှာ။ နောက်ကျတော့ နဝမတောင်နဲ့ပင်လယ်ရဲ့သခင် ပျောက်သွားတယ်။ အဲ့ဒီအချိန်က လီမျိုးနွယ်စု ကျီကောင်းကင်ရဲ့ လွှမ်းမိုးခြင်းခံလိုက်ရတဲ့အချိန်ပဲ။ ကျီမျိုးနွယ်စုက တောင်ကို သိမ်း၊ အဆီအနှစ်ကို လုယူပြီး အင်မိုတယ်အပ်နှင်းခြင်းစင်မြင့်ကို ဖန်တီးခဲ့တယ်။ နဝမတောင်နဲ့ပင်လယ်မှာ ကျင့်ကြံအားထုတ်လိုတဲ့ ဘယ်သူမဆို ကျီရဲ့လမ်းစဉ်ကို လျှောက်လှမ်းပြီး ကျီမျိုးနွယ်စုရဲ့ အင်မိုတယ် ဖြစ်လာရမယ်။ သူတို့လမ်းစဉ်နောက်လိုက်ဖို့ ငြင်းဆန်တဲ့သူကို သင်းကွဲအင်မိုတယ်လို့ခေါ်တယ်
"ဒီလိုကိစ္စမျိုးတွေက နင်နဲ့ သိပ်မဆိုင်ပါဘူး။ နင် သူတို့ကို သိရင် လုံလောက်ပြီ။ နင် အင်မိုတယ်အဆင့်တက်ခဲ့ရင်တော့ အဲ့ဒီအချိန်ကျ ရွေးချယ်မှုတစ်ခု မဖြစ်မနေလုပ်ရလိမ့်မယ်
"ဒါပေမဲ့ ငါလေ့လာရသလောက် နင်က အနှေးနဲ့အမြန် ဒီကြယ်တွေကြားမှာ အင်မိုတယ်တစ်ဦး ဖြစ်လာလိမ့်မှာပါ"
သူမက တည်ငြိမ်အေးဆေးစွာ စကားလက်စသတ်လိုက်သော်လည်း မန်ဟို့စိတ်နှလုံးမှာ တုန်ရီနေသည်။ သူသည် သူမပြောသမျှ အရာအားလုံးကို စဉ်းစားနေစဉ် သူမကို ယုံခြင်း၊မယုံခြင်းက အရေးမကြီးကြောင်း သဘောပေါက်လိုက်သည်။ ဤနေရာသို့ မလာခင်ကတည်းက သေသေချာချာ တွေးထားခဲ့ပြီးဖြစ်၏။ သူက ကျင်ရှန်းကို လှည့်ကြည့်လိုက်သည်။
"ငါတို့ ဘယ်အချိန် ထွက်ကြမလဲ"
ကျင်ရှန်း၏မျက်ဝန်းလေးများက တဖျပ်ဖျပ် တောက်ပနေသည်။ သူမသည် အကြောင်းတစ်ခုခုကြောင့် သူမ၏မန်ဟို့အပေါ် လေးစားမှုမှာ ပို၍ကြီးထွားလာကြောင်း သတိပြုမိလိုက်လေသည်။ ထိုကဲ့သို့သော တိကျပြတ်သားပြီး သတိရှိခြင်းက အလွန်တုံးအပြီး အတ္တကြီးသောသူ သို့မဟုတ် သူတို့၏ကျင့်ကြံခြင်းလမ်းစဉ်အပေါ် အတိုင်းထက်အလွန် ယုံကြည်ချက်ရှိသူများအတွက်သာလျှင် ဖြစ်နိုင်သည်။
"ဒီတော့" သူမက သူမကိုယ်သူမပြောသည်။ "သူက ငါ လှည့်စားမှာဘာညာ မကြောက်ဘူးပဲ။ ဘယ်လိုနေနေ ငါက အင်မိုတယ်ပဲလေ.... ဒီအတိုင်းက ကောင်းတယ်။ ငါတို့အတူတူ အလုပ်လုပ်ပြီး သူ့ကို ထပ်ပြီး လျှို့ဝှက်မထားတော့ဘူး။ ငါတို့ပူးပေါင်းတာက ဒီတစ်ကြိမ်တော့ အလုပ်ကောင်းကောင်းဖြစ်လောက်ပါတယ်"
"ငါ မသွားခင် နင့်ကို သုံးရက်ထပ်စောင့်မလို့ လုပ်ထားတာ"
"သုံးရက်လား" သူက သူမကို ကြည့်ပြီး ပြောသည်။ " သိပ်ကောင်းတယ်" ထို့နောက် သူသည် ဘေးသို့လျှောက်သွားပြီး ဘာမှမှတ်ချက်မပေးတော့ဘဲ တရားထိုင်နေ၏။
သုံးရက်သည် လျှပ်တပြက်ကုန်ဆုံးသွား၏။ ဤအချိန်တွင် ကောင်းကင်၏ အဝေးတစ်နေရာ၌ ဥက္ကာခဲတစ်ခဲကို မြင်နိုင်သည်။ ၎င်းသည် သူတို့ဆီသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာနေ၏။
"အဲ့ဒီကျောက်တုံးပဲ" ၎င်းနီးကပ်လာစဉ် ကျင်ရှန်းက ပြောသည်။ သူမသည် ရုတ်တရက် ကျောက်ခဲကြီးထံသို့ လှစ်ခနဲ ရွေ့လျားသွား၏။ တစ်ချိန်တည်းဆိုသလို မန်ဟိုလည်း နေရာရွှေ့ပြောင်းလိုက်သည်။
သူတို့နှစ်ယောက် ကျောက်ခဲကြီးပေါ်တွင် ပြန်ပေါ်လာပြီး အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ချက်ချင်းပင် ကျောက်ခဲကြီးက ကမ္ဘာ၏အနားသတ်ကို ဖောက်ထွက်ကာ ဟင်းလင်းပြင်သို့ ရောက်ရှိသွားသည်။
အကန့်အသတ်မဲ့သော အမှောင်ထုထဲတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက်သည် ကျောက်ခဲကြီးကို စီးလျက် အဝေးသို့ ခရီးနှင်သွားကြ၏။
ထိုစဉ် မန်ဟိုနှင့် ကျင်ရှန်း၏အရှေ့တွင် ကျော၌ဓားတစ်လက်လွယ်ထားသော မိုးပြာရောင်ဝတ်ရုံနှင့်ကျင့်ကြံသူက ဟင်းလင်းပြင်ကို ဖြတ်၍ လမ်းလျှောက်နေ၏။ သူသည် ရံဖန်ရံခါ မော့သောက်လေ့ရှိသော အရက်အိုးကို ကိုင်ထားသည်။ သူ့မှာ အထီးကျန်ပြီး သနားစရာကောင်းနေ၏။
"ကိုယ့်ကို ဘယ်အချိန်မှ မြင်ရမှာလဲ မင်းမေးတယ်.... ကိုယ် မင်းကို လိုက်ရှာနေခဲ့တာ နှစ်သုံးထောင်ရှိပြီလေကွာ... မင်းဘယ်မှာလဲ။ ကမ္ဘာသုံးသောင်း၊ မရေမတွက်နိုင်တဲ့ တံတားကျွန်တွေ။ ကိုယ် ကမ္ဘာနှစ်သောင်းဆီ ရောက်ခဲ့ပြီး တံတားကျွန်တွေ မရေမတွက်နိုင်အောင်ကို တွေ့ခဲ့ပြီးပြီ။ ဒါပေမဲ့ မင်း… မင်း ဘယ်မှာလဲကွာ
"ရွှယ့်အာ ဖြေဦးလေ။ ကိုယ် မင်းကို ဒီနေရာကနေ ခေါ်သွားမယ်။ ဘယ်သူ ကိုယ့်ကို တားတား။ အသေဆိုးနဲ့ပဲသေရသေရ။ ကိုယ့်ရုပ်နဲ့နာမ် ပျောက်ကွယ်သွားပါစေ။ ကိုယ်လေ မင်းကို .... ခေါ်သွားပေးမယ်"
***