← Chapters

စိတ်အေးအေးထားပါ

Vol. 44 Ch. 623

စိတ်အေးအေးထားပါ

Vol. 44 Ch. 623

အခန်း (၆၂၃) စိတ်အေးအေးထားပါ

ရန်ကျောက်ကဲခန္ဓာကိုယ်ထက်တွင် ကောင်းကင်ပလ္လင်တစ်ခု ထွက်ပေါ်လာသည်။ ထိုပလ္လင်ထက်တွင် အဆုံးမရှိသော ပရမ်းပတာအခြေအနေမြင်ကွင်းတစ်ခု တည်ရှိနေသည်။

ထို ပရမ်းပတာမြင်ကွင်းထဲတွင် တာအိုဆရာတစ်ယောက်၏ပုံရိပ် ထွက်ပေါ်လာသည်။ ထိုပုံရိပ်က အစစ်အမှန်ဟုထင်မှတ်ရသလို ပုံရိပ်ယောင်ပမာလည်း ထင်မှတ်ရ၏။

ထိုပုံရိပ်က ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအခြေခံအုတ်မြစ်ကြောင့် ဖြစ်တည်လာသည့် သိုင်းဝိညာဉ်ကိုယ်ခွဲဖြစ်သည်။

ရန်ကျောက်ကဲက စိတ်တစ်ချက်ညွှတ်လိုက်သည်နှင့် ကောင်းကင်ပလ္လင်ထက်မှ သိုင်းဝိညာဉ်ကိုယ်ခွဲက ရုတ်တရက် ပြောင်းလဲသွားပြီး စည်းတံဆိပ်ကြီးတစ်ခုကို ကိုင်မြှောက်ထားသော ဘီလူးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

စည်းတံဆိပ်ကိုကိုင်မြှောက်လိုက်သည်နှင့် ထိုစည်းတံဆိပ်က ကောင်းကင်ပမာ ကျယ်ပြန့်လွန်းပြီး စည်းတံဆိပ်ဖြင့် ဖိနှိပ်လိုက်သည်နှင့် မိုးမြေတစ်ခုလုံး တုန်လှုပ်ပြိုကျသွားသည့်အလား ခံစားရသည်။

ရန်ကျောက်ကဲမျက်ဝန်းများက ရေကဲ့သို့တည်ငြိမ်နေပြီး သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲက အလင်းတန်းလှိုင်းလုံးများကြားတွင် နောက်တစ်ကြိမ် ထပ်မံပြောင်းလဲသွားပြန်သည်။

ယခုတစ်ကြိမ်ပြောင်းလဲသွားသော အစစ်အမှန်သိုင်းကိုယ်ခွဲက ကောင်းကင်ဝါဒကိုယ်ခွဲဖြစ်ပြီး ဝါဒတောင်၏ကိုယ်ပိုင်သိုင်းပညာဖြစ်သော ‘နက်ရှိုင်းချီစွမ်းအားကျင့်စဉ်’ နှင့် ‘ကောင်းကင်ဝါဒလက်ဝါးသိုင်း’ ကို ပေါင်းစပ်ထားခြင်းသာပင်။

သို့တိုင် ရန်ကျောက်ကဲ၏ ‌ကောင်းကင်ဝါဒကိုယ်ခွဲသည် ကျန်းခွန် ၊ ဟယ်နင်နှင့် အခြားအကြီးအကဲများ၏ အစစ်အမှန်သိုင်းကိုယ်ခွဲများနှင့် မတူညီဘဲ ကွဲပြားသည်။

မြင့်မားရှည်လျားသောကိုယ်ခွဲကြီးမှာ အဆုံးမရှိသောဓားအလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားသည်။ ထို့နောက် ၎င်းကိုယ်ခွဲကြီးက ဧရာမအစိမ်းရောင်နဂါးကြီးကိုစီးနှင်လျှက် ကောင်းကင်ထက်မှဆင်းသက်လာသည်။

ရန်ကျောက်ကဲ မတ်တတ်ရပ်လိုက်ပြီး သူ၏ အစစ်အမှန်သိုင်းကိုယ်ခွဲကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ထိုအခါ ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံထားသော ကြည်လင်သည့်ကြယ်တာရာချီစွမ်းအားများလည်း လွင့်စင်ပျောက်ကွယ်သွားလေသည်။

ကောင်းကင်ထက်သို့မော့ကြည့်လိုက်တော့ မနက်မိုးလင်းနေပြီဖြစ်ပြီး ကြည်လင်သောအပြာနုရောင်ကောင်းကင်က သူ့ကို ဆီးကြိုနေသည်။

ရန်ကျောက်ကဲ ပြုံးလိုက်ပြီးနောက် သူ တည်းခိုနေထိုင်ရာ ခန်းဆောင်သို့ ပြန်သွားပြီး တင်ပျဉ်ခွေထိုင်ရင်း တန်ခိုးစွမ်းအားများကို ထိန်းညှိလိုက်သည်။

ယခု ရန်ကျောက်ကဲ ‘သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့်’ သိုင်းဆရာသခင် ဖြစ်သွားပေပြီ။

နောက်နှစ်ရက်မှာတော့ ကျင့်ကြံခြင်းအပြင် အထက်ဘုံကမ္ဘာမှ ဝိညာဉ်စွမ်းအားများကို လေ့လာခြင်း ၊ ယိုးမင်ဂိုဏ်းမှ ကျန်းချန်စုန့်နှင့် စကားစမြည်ပြောဆိုခြင်းများ ပြလုပ်သည်။ အထက်ဘုံကမ္ဘာနှင့် ကျူတောပင်လယ်ဒေသအခြေအနေများကိုလည်း ပိုမိုနားလည်သဘောပေါက်လာခဲ့သည်။

သို့သော် တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ရန်ကျောက်ကဲစိတ်ထဲ ယောင်ဝါးဝါး ခံစားနေရသည်။

‘ဝေ’ အိမ်တော်က အလွန်တရာ ဧည့်ဝတ်ကျေပွန်ပြီး အစေခံများက ဧည့်သည်များလိုချင်သည်မှန်သမျှ ဖြည့်ဆည်းပေးနေသော်လည်း ပထမနေ့ကတည်းကပင် ဝေလန်ကို မတွေ့ရတော့ပေ။

ထိုစဉ်...

“သခင်လေး... ကြည့်ရတာ တစ်ခုခုတော့ မှားနေပြီ”

အားဟူက အခန်းထဲဝင်လာပြီး တည်ကြည်လေးနက်သောမျက်နှာထားဖြင့် စကားဆိုသည်။

ရန်ကျောက်ကဲက...

“ဘာဖြစ်လို့လဲ”

အားဟူက...

“ဝေလန်ကို ‘ဝေ’ အိမ်တော်က အမှားကို ပြန်သုံးသပ်ဖို့ တစ်ယောက်တည်း အကျဉ်းချထားတယ်တဲ့ ၊ အိမ်တော်စည်းကမ်းတွေကို ဆန့်ကျင်ပြီး သူ့သဘောနဲ့သူ တော်လှန်ရေးလုပ်ခဲ့လို့တဲ့”

အားဟူက ဆက်ပြောသည်။

“အဲဒါက ဘာမှမမှားပါဘူး ၊ ဒါပေမဲ့ ကျွန်တော့်စိတ်ထဲခံစားရတာက... ‘ဝေ’ အိမ်တော်က တစ်ခုခုကိုဖုံးကွယ်ထားပြီး ကျွန်တော်တို့တွေကို စောင့်ကြည့်နေသလိုပဲ”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲ စဉ်းစားကြည့်လိုက်သည်။

ကျန်းချန်စုန့်နှင့်အတူ တာ့ရွှမ်တိုင်းပြည်ကိုတော်လှန်ပုန်ကန်ခြင်းက ဝေလန်၏ စိတ်ဆန္ဒအတိုင်းပြုလုပ်ခြင်းဖြစ်ပြီး ‘ဝေ’ အိမ်တော်နှင့် သက်ဆိုင်ခြင်းမရှိပေ။ ထိုအချက်ကို အစကတည်းက ရန်ကျောက်ကဲ သိရှိပြီး ဖြစ်သည်။

ထို့ကြောင့် အိမ်တော်သို့ ပြန်ရောက်လာပြီးနောက်ပိုင်း ဝေလန် အပြစ်ပေးခံရဖွယ်ရှိသည်။ ဒါကလည်း မျှော်လင့်ထားသည့်အချက်သာပင်။

တစ်ခုတည်းသောကွဲလွဲချက်မှာ ‘ဝေ’ အိမ်တော်က ရန်ကျောက်ကဲတို့အုပ်စုနှင့် ယိုးမင်ဂိုဏ်းမှ ကျန်းချန်စုန့်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။

ဝေလန် အကျဉ်းချအပြစ်ပေးခံရသည်ကို ‘ဝေ’ အိမ်တော်က ဝေလန် ခရီးထွက်သွားသည် ဘာညာဆိုသော အကြောင်းပြချက်များဖြင့် ဖုံးကွယ်ရန် မကြိုးစားခဲ့ကြပေ။ အပြစ်ပေးခံထားရကြောင်း ရန်ကျောက်ကဲတို့အားလုံးကို ပွင့်ပွင့်လင်းလင်းပင် ပြောပြထားသည်။

သို့ဖြစ်ရာ ထိုအချက်ကလည်း ထူးခြားသည် မဆိုသာပေ။ သို့သော်လည်း ‘ဝေ’ အိမ်တော်၏လှုပ်ရှားမှုအချို့က သံသယဝင်စရာကောင်းနေသည်ကတော့ အမှန်ဖြစ်၏။

ရန်ကျောက်ကဲက အားဟူကိုကြည့်ရင်း...

“နောက်နှစ်ရက်နေရင် ငါတို့တွေ လေဖုန်းမြို့က ထွက်ခွာတော့မယ်လို့ ‘ဝေ’ အိမ်တော်ကလူတွေကို စကားတောက်ပြီး စမ်းသပ်ကြည့်လိုက်”

ရန်ကျောက်ကဲစကားကို အထာပေါက်သောအားဟူက ချက်ချင်းပင် ထွက်ခွာသွားသည်။

ခဏအကြာမှာတော့ အိုးဖင်ကဲ့သို့ မဲမှောင်နေသောမျက်နှာထားဖြင့် အားဟူ ပြန်ရောက်လာသည်။

“သခင်လေး... ပြသနာရှိတာ သေချာတယ် ၊ ကျွန်တော်တို့ ထွက်ခွာတော့မယ်လို့ ပြောလိုက်တာနဲ့ ‘ဝေ’ အိမ်တော်က လူတွေက မျက်နှာအမူအရာ ပြောင်းလဲမသွားကြပေမယ့် စိတ်ထဲက တစ်ခုခုကြိတ်ကြံနေကြသလိုပဲ ၊ သူတို့တွေ တစ်ခုခုကြံစည်နတာ သေချာတယ်”

‘ဝေ’ အိမ်တော်က အမှန်တကယ်ပင် သူတို့ကို မလိုလားဘူးဆိုပါက သူတို့ ထွက်ခွာသွားတော့မည်ဆိုလျှင် ပျော်ရွှင်သွားသင့်သည်။ ယခုတော့ ကြီးကြီးမားမား တုံ့ပြန်ခြင်းမရှိသဖြင့် တစ်စုံတစ်ခု ကြံစည်နေသည်မှာ ထင်ရှားသည်။

‘ဝေ’ အိမ်တော်တစ်ခုလုံးက ပုန်ကန်သူများကို ထောက်ခံသည်ဆိုလျှင် သူတို့အနေဖြင့် ပွင့်ပွင့်လင်းလင်း ပြောဆိုသင့်သည်။ ယခု အခြေအနေကိုကြည့်ခြင်းအားဖြင့် ထိုသူများက ရန်ကျောက်ကဲတို့အားလုံးကို ဒုက္ခပေးရန်ကြံစည်နေသည်မှာ သေချာသလောက်ဖြစ်၏။

ရန်ကျောက်ကဲက ပြုံးကာ မတ်တတ်ရပ်လိုက်ပြီး...

“လာ... ကျန်းချန်စုန့်နဲ့ သွားတွေ့ရအောင်”

သူတို့တည်းခိုရာခြံဝင်းထဲမှ ထွက်ခွာလာပြီး ကျန်းချန်စုန့် နေထိုင်ရာသို့ ဦးတည်လာခဲ့ကြသည်။

လမ်းတွင် သူတို့ကို တားဆီးရကောင်းနိုးဖြင့် ချီတုံချတုံဖြစ်နေသော ‌’ဝေ’ အိမ်တော်မှ သိုင်းသမားများကိုတွေ့ရသည်။ ရန်ကျောက်ကဲက သူတို့အားလုံးကို လျစ်လျူရှုပြီး ဖန်းယွင်ရှန်းကို အရင်ဝင်ခေါ်ကာ ကျန်းချန်စုန့်ထံသို့ အတူတူထွက်လာကြသည်။

‘ဝေ’ အိမ်‌တော်မှ သိုင်းသမားအချို့က လမ်းတွင် သူတို့ကို တားဆီးရန် ကြိုးစားသော်လည်း ရန်ကျောက်ကဲအနား မကပ်နိုင်ခင်မှာပင် သဏ္ဌန်မဲ့အရံအတားတစ်ခု သူတို့ရှေ့တွင်ပေါ်လာပြီး တားဆီးထားလေရာ ဖြတ်ကျော်နိုင်ခြင်း မရှိတော့ဘဲ ဒီအတိုင်းသာ ကြည့်နေရတော့သည်။

ရန်ကျောက်ကဲ ရောက်လာသည်ကိုမြင်တော့ ကျန်းချန်စုန့် အနည်းငယ် ပဟေဠိဖြစ်သွားသည်။

သို့သော် သူ စကားမဆိုခင်မှာပင် ရန်ကျောက်ကဲက ပြုံးလိုက်ပြီး...

“ဒီ အိမ်တော်ကလူတွေက ငါတို့ကို တကယ်မကြိုဆိုကြဘူးထင်တယ်”

“ဟင်... ဟုတ်လား”

ဒဏ်ရာရထားသဖြင့် ခန္ဓာကိုယ်အားနည်းနေသော်လည်း ကျန်းချန်စုန့်၏စိတ်ကတော့ အလွန်ကြည်လင်နေသည်။ ရန်ကျောက်ကဲစကားကို ကြားလိုက်သည်နှင့် သူ့မျက်နှာအမူအရာက ချက်ချင်းတည်ကြည်လေးနက်သွား၏။

ဝေလန်က တာ့ရွှမ်တိုင်းပြည်ကို ပုန်ကန်ရန် သူနှင့်အတူ တိုက်ပွဲဝင်ခဲ့သော်လည်း ဤပုန်ကန်မှုနှင့်ပတ်သက်ပြီး ‘ဝေ’ အိမ်တော်၏သဘောထားက အလွန်ရှုတ်ထွေးကြောင်း သူ သိရှိသည်။

ကျန်းချန်စုန့် ခဏမျှ စဉ်းစားပြီးနောက်...

“’ဝေ’ အိမ်တော်က ဇာမဏီနယ်မြေရဲ့ ပင်မအင်အားစုတစ်ခုပဲ ၊ သူတို့အိမ်တော်မှာ သိုင်းသူတော်စင်မရှိပေမယ့် အစစ်အမှန်သိုင်းကိုယ်ခွဲ ထုတ်ဖော်နိုင်ပြီဖြစ်တဲ့ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဘိုးဘေးတစ်ယောက်ရှိတယ်လို့ သတင်းကြားထားတယ် ၊ ဒီ လောင်ဖုန်းမြို့ရဲ့ နယ်မြေအားသာချက်ကိုလည်းပိုင်ဆိုင်ထားတယ်ဆိုတော့ ဒီ ဇာမဏီနယ်မြေမှာ သူတို့ကို လျှော့တွက်လို့တော့ မရဘူး”

သူက ဆက်ပြောသည်။

“ဒါပေမဲ့ ဒီ ဇာမဏီနယ်မြေမှာ ငါတို့ဂိုဏ်းက သိုင်းသူတော်စင်အကြီးအကဲတစ်ယောက် လှုပ်ရှားနေတယ် ၊ သူတို့နဲ့တွေ့ရင်တော့ စိတ်ပူစရာမရှိတော့ပါဘူး”

ဇာမဏီနယ်မြေက ယိုးမင်ဂိုဏ်းစခန်းချရာဒေသ မဟုတ်သလို ပိုင်နက်လည်းမဟုတ်ပေ။ ဤနေရာတွင် လှုပ်ရှားနေသော ယိုးမင်ဂိုဏ်းမှ သိုင်းသူတော်စင်အကြီးအကဲသည်လည်း ရန်သူများစွာနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် သူ့အနေဖြင့် လောင်ဖုန်းမြို့သို့ တစ်ယောက်တည်းလာရောက်ရန် မဖြစ်နိုင်ပေ။

ထိုသိုင်းသူတော်စင်အကြီးအကဲနှင့် မဆက်သွယ်နိုင်ခင်က သူ့ကို လောင်ဖုန်းမြို့တွင် လာရောက်ခေါ်ယူရန် သူတို့ဂိုဏ်းမှသိုင်းသမားအချို့နှင့် ကျန်းချန်စုန့် ချိတ်ဆက်ထားခဲ့သည်။

သို့သော် ယခု ‘ဝေ’ အိမ်တော်က သူတို့ကို အန္တရယ်ပြုမည်ဆိုလျှင် လမ်းတွင်ရောက်နေပြီဖြစ်သော ယိုးမင်ဂိုဏ်းမှ သိုင်းသမားများအနေဖြင့် တိုက်ခိုက်ရန် စွမ်းအားလုံလောက်မည် မဟုတ်ပေ။

ထိုအချက်ကိုတွေးမိတော့ ကျန်းချန်စုန့် ဖိအားများခံစားလိုက်ရပြီး သူ ဒဏ်ရာများရထားသည့်တိုင် လောင်ဖုန်းမြို့မှ အမြန်ဆုံးထွက်ခွာရန် နည်းလမ်းရှာဖွေချင်မိသည်။

သို့ပေသိ ရန်ကျောက်ကဲက လက်တစ်ဖက်ကာပြရင်း ပြုံးလိုက်၏။

“သိပ်လည်း စိတ်မပူပါနဲ့ ၊ ငါ ဒီကိုလာတာ ချက်ချင်းထွက်သွားဖို့ မဟုတ်ဘူး ၊ သူတို့မလှုပ်ရှားခင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ဖို့ သတိလာပေးတာ”

ရန်ကျောက်ကဲ၏ တည်ငြိမ်သောအမူအရာကိုမြင်တော့ ကျန်းချန်စုန့် အံ့အားသင့်သွားသည်။

သူက ရန်ကျောက်ကဲ နားလည်အောင် အခြေအနေကို ရှင်းပြသည်။

“မင်းက အသက်ငယ်ငယ်နဲ့ ကျင့်ကြံခြင်းအဆင့် ငါ့ထက်သာလွန်တဲ့ ရှားပါးတဲ့ ပါရမီရှင်တစ်ယောက်ပါ ၊ ဒါပေမဲ့ ငါတို့ဂိုဏ်းက တာ့ရွှမ်က ခွေးတွေနဲ့ ရန်သူများနေတာ အရမ်းကြာနေပြီ ၊ ပြီးတော့ ဇာမဏီနယ်မြေကလည်း ငါတို့ထိန်းချုပ်မှုအောက်မှာရှိတဲ့ နယ်မြေမဟုတ်ဘူး”

‘ဝေ’ အိမ်တော်တစ်ခုတည်းဆိုရင် ပြဿနာမရှိပေမယ့် သူတို့က တာ့ရွှမ်ကခွေးတွေနဲ့ပေါင်းပြီး ဖမ်းဆီးမယ်ဆိုရင် အဆင်မပြေဘူး ၊ အထူးသဖြင့် ငါ့ကိုမိတာနဲ့ ပုန်ကန်မှုနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ ထုတ်ဖော်ပြီးသား ဖြစ်သွားလိမ့်မယ်”

“ဇာမဏီနယ်မြေမှာ အစောင့်ချထားတဲ့ ရွှမ်ခွေးတွေရဲ့စစ်တပ်က စစ်သူကြီး’ယန်ကျောက်ကျန်း’ ဆိုတာ ‘မီးဂဠုန်’ လို့ကျော်ကြားတဲ့ သိုင်းသူတော်စင်တစ်ယောက်ပဲ ၊ ပြီးတော့ သူက သာမန်လူတစ်ယောက်မဟုတ်ဘူး တာ့ရွှမ်တိုင်းပြည်က အမတ်မင်းတစ်ပါးရဲ့ တူလည်းဖြစ်တယ်”

ကျန်းချန်စုန့်က ဆက်ပြောသည်။

“ပြီးတော့ ဒီမတိုင်ခင်က ယန်ကျောက်ကျန်းက ငါတို့ဂိုဏ်းက အကြီးအကဲသိုင်းသူတော်စင်နဲ့တိုက်ခိုက်ခဲ့တယ် ၊ ဒါကြောင့်လည်း သူ လောင်ဖုန်းမြို့ကို ရောက်မလာနိုင်တာပေါ့ ၊ ဒါကြောင့် သူသာ ရောက်လာရင် ငါတို့ သူ့ကိုတားဆီးနိုင်မှာ မဟုတ်ဘူး”

ရန်ကျောက်ကဲက ပြုံးရင်း...

“... စိတ်အေးအေးထားပါ”

ကျန်းချန်စုန့်မှာ ရန်ကျောက်ကဲပုံစံကိုကြည့်ပြီး ရယ်ရမလား ငိုရမလားမသိဖြစ်သွားပြီး အနှီလူငယ်ကို ထပ်မံစည်းရုံးရန် ဟန်ပြင်လိုက်စဉ် အခန်းအပြင်ဘက်မှ အားဟူ၏အသံ ထွက်ပေါ်လာသည်။

“သခင်လေး... ‘ဝေ’ အိမ်တော်ကလူတွေ ရောက်လာကြပြီ”

ထိုစကားကြားတော့ ရန်ကျောက်ကဲ အေးအေးဆေးဆေးပင် အခန်းထဲမှ ထွက်သွားသည်။ အပြင်ဘက်ရောက်တော့ ခြံဝင်းထဲတွင်မတ်တတ်ရပ်နေသော လူတစ်စုကို တွေ့ရ၏။

အုပ်စုခေါင်းဆောင်မှ ဆံဖြူအဘိုးအိုတစ်ယောက်ဖြစ်ပြီး သူ့ဘေးနားတွင်ရှိနေသူများမှာ ‘ဝေ’ အိမ်တော်မှာ ဝါရင့်အကြီးအကဲများ ဖြစ်ဟန်တူသည်။

ဆံဖြူအဘိုးအိုဘေးတွင် ဝေယွင်စန်းရှိနေပြီး အိမ်တော်သခင် ‘ဝေယွင်ချန်း’ကိုတော့ တွေ့မြင်ရခြင်း မရှိပေ။

ဝေယွင်စန်းက ချောင်းတစ်ချက်ဟန့်ရင်း...

“’ရန်’ သခင်လေးက ဘာလို့ အလျင်စလို ထွက်သွားချင်နေရတာလဲ ၊ ငါတို့ ‘ဝေ’ အိမ်တော်က မင်းတို့အပေါ် ဧည့်ဝတ်မကျေမိတာတစ်ခုခုများ ရှိခဲ့လို့လား”

All Chapters