← Chapters

ထွက်ပြေးရမယ့်သူက ငါ မဟုတ်ဘူး

Vol. 44 Ch. 624

ထွက်ပြေးရမယ့်သူက ငါ မဟုတ်ဘူး

Vol. 44 Ch. 624

အခန်း (၆၂၄) ထွက်ပြေးရမယ့်သူက ငါ မဟုတ်ဘူး

ရန်ကျောက်ကဲက ဆံဖြူအဘိုးကြီးကို တစ်ချက်အကဲခတ်ပြီးနောက် ဝေယွင်စန်းကို ကြည့်လိုက်သည်။

အရင်ကအဖြစ်အပျက်များနှင့် နှိုင်းယှဉ်ပြီး ‘ဝေ’ အိမ်တော်တွင် ဘာတွေဖြစ်ပျက်နေသည်ကို သူလိုလူက နားမလည်ဘဲ နေပါမည်လား။

ဝေယွင်စန်းက သူတို့အကြံအစည်များကို ဖုံးကွယ်ပြီး ရန်ကျောက်ကဲတို့အုပ်စုကို အချိုသပ်ရန်ကြိုးစားနေကြောင်း ရိပ်မိသည်ပင်။ သို့သော် သူက ‘ဝေ’ အိမ်တော်မှလူများကို ခြိမ်းခြောက်လိုသောအကြည့် ၊ သတ်ဖြတ်လိုသောအကြည့်များဖြင့် မကြည့်ဘဲ ရိုးရှင်းစွာပင် အကဲခတ်လိုက်၏။

“မင်းတို့တွေက ဘိုးဘေးတွေရဲ့မျက်နှာမထောက်ဘဲ ဝေယွင်ချန်းကို အိမ်တော်သခင်ရာထူးက ဖယ်ရှားလိုက်တာလား ၊ အဲဒါကြောင့် သူ ရောက်မလာတာလား”

ထိုစကားကိုကြားတော့ ဝေယွင်စန်း မျက်နှာအမူအရာ အေးခဲသွားပြီး သူ့နံဘေးမှ အကြီးအကဲများကတော့ မျက်နှာပျက်သွားကြသည်။

“’ရန်’ သခင်လေး ၊ စကားပြောတာ သတိထားပါ ၊ ငါတို့ ‘ဝေ’ အိမ်တော်က ဧည့်သည်တစ်ယောက်အနေနဲ့ မင်းအပေါ် လေးလေးစားစားဆက်ဆံပေမယ့် မင်းက သိပ်ရိုင်းပြလွန်းတယ်”

ဝေယွင်စန်းက ကြိုးစားပြုံးလိုက်ရင်း ဖြည်းညင်းစွာဆိုသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“မင်းဘေးနားက အဘိုးအိုက မင်းတို့ ‘ဝေ’ အိမ်တော်ရဲ့ နံပါတ် (၁) သိုင်းကျင့်ကြံသူဆိုတဲ့သူလား ၊ ကောလဟလတွေအရတော့ ဒီအဘိုးက သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင် ဆိုလားပဲ ၊ ပြီးတော့ ကျန်တဲ့သူတွေကလည်း ‘ဝေ’ အိမ်တော်က ထိပ်တန်းအဆင့် ကျင့်ကြံသူတွေ ဖြစ်မယ်ထင်တယ်”

“ဟက်... ဧည့်သည်ကို မပြန်ဖို့တားဆီးတာကလည်း လူအင်အားတွေခေါ်လာတာ တိုက်ပွဲကြီးတစ်ပွဲ တိုက်ခိုက်မှာကျနေတာပဲနော် ၊ ဒီလောက်သိသာနေတာ... မင်းတို့က ဘာလို့ ပွင့်ပွင့်လင်းလင်း မပြောရတာလဲ”

ရန်ကျောက်ကဲစကားကိုကြားတော့ ဝေယွင်စန်းက ခဏမျှတိတ်ဆိတ်သွားပြီး...

“တာ့ရွှမ်တိုင်းပြည်ကလူတွေက လန်အာကို သံသယဝင်နေပြီ ၊ ဒါကြောင့် ငါတို့တွေ ယိုးမင်ဂိုဏ်းနဲ့ ပြတ်ပြတ်သားသား လုပ်ကြရလိမ့်မယ်”

ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...

“ဘယ်လို ပြတ်ပြတ်သားသားလုပ်မှာလဲ ၊ ငါတို့ကိုဖမ်းပြီး ‘ရွှမ်’ ဧကရာဇ်လက်ထဲအပ်ဖို့လား”

ဝေယွင်စန်းက...

“ပွင့်ပွင့်လင်းလင်းပြောရရင်... ငါတို့ ဒီလိုလုပ်ဖို့ မရည်ရွယ်ပါဘူး ၊ ငါတို့ ပစ်မျတ်ထားတာက ဒီအခန်းထဲက ယိုးမင်ဂိုဏ်းကတပည့် ကျန်းချန်စုန့်ကိုပဲ ၊ မင်းက ယိုးမင်ဂိုဏ်းကလူ မဟုတ်တဲ့အတွက်... ဒီကိစ္စကို မင်းဝင်မစွက်သရွေ့ အခက်တွေ့အောင်လုပ်မှာမဟုတ်ပါဘူး”

ထိုစကားကြားတော့ ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း...

“မင်းက ဘယ်သူ့ကိုအရူးလုပ်ဖို့ ကြိုးစားနေတာလဲ”

သူက အဘိုးကြီး’ဝေ’ အနှင့် အခြားသူများကို တစ်ချက်ကြည့်လိုက်ပြီး...

“ကျန်းချန်စုန့်တစ်ယောက်တည်းကို ဖမ်းဆီးချင်တာဆိုရင် အခု ဒဏ်ရာရနေတဲ့အချိန်မပြောနဲ့ အကောင်းတိုင်းရှိနေရင်တောင်မှ ဝေယွင်စန်းတစ်ယောက်တည်းနဲ့ အလွယ်တကူ ဖမ်းဆီးလို့ရတယ် ၊ အခု တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲရ‌လောက်အောင် လူအင်အားအလုံးအရင်းနဲ့ ရောက်လာတာက... ငါ့ကိုလည်း ဖမ်းမယ်ဆိုတဲ့သဘော မဟုတ်ဘူးလား”

ဝေယွင်စန်းမှာ ရုတ်တရက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

အဘိုးကြီး’ဝေ’က လောင်ဖုန်းမြို့တစ်ခုလုံး လွှမ်းခြုံသွားတော့မည့်အလား အရှိန်အဟုန်ဖြင့် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ တစ်ချိန်တည်းမှာပင် အဘိုးအို၏ တိမ်တိုက်ပမာ မှုံဝါးနေသောမျက်ဝန်းထဲတွင် အလင်းတန်းတစ်ခု လင်းလက်လာသည်။

“ယွင်စန်း... မင်း လေကုန်ခံပြီး ပြောမနေနဲ့တော့...”

အဘိုးကြီး’ဝေ’ က ရန်ကျောက်ကဲကို အေးစက်စွာ စိုက်ကြည့်ရင်း...

“အေး... ပြောရပြီဆိုမှတော့... မင်းလည်း ဒီနေ့မလွတ်နိုင်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေချင်တယ်”

ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးဖြင့်ပင်...

“ငါတို့ စတွေ့ကတည်းက မင်းက အမှားလုပ်ခဲ့တာပဲ ၊ တကယ်တော့ ငါတို့က လောင်ဖုန်းမြို့က ထွက်သွားဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူး ၊ မြွေကိုကြောက်အောင် ခြောက်လှန့်လိုက်တာပဲ ရှိတာ”

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ငါ အခု ကျန်းချန်စုန့်နေတဲ့နေရာကို ထွက်လာတာက မင်းတို့ရောက်လာမှာကို ကြိုသိနေလို့ပဲ”

ထိုစကားကိုကြားတော့ ‘ဝေ’ အိမ်‌တော်မှလူများအားလုံး မျက်မှောင်ကြုတ်လိုက်ကြသည်။

ရန်ကျောက်ကဲက ဝေယွင်စန်းကို လှမ်းကြည့်ရင်း...

“ငါတို့ စတွေ့ကတည်းက... မင်း ငါတို့ကို လောင်ဖုန်းမြို့ကိုခေါ်လာတာ အကြံနဲ့မဟုတ်လား”

“အစကတည်းက မင်းအကြံအစည်ထဲမှာ ငါမပါခဲ့ဘူးဆိုရင် ငါ့ကို ဘာလို့ လောင်ဖုန်းမြို့ကို ခေါ်လာခဲ့တာလဲ ၊ ငါတို့ကို ဒုက္ခပေးချင်ရုံတင်မကဘူး ... မင်းက မင်းအစ်ကိုကြီး ‘ဝေယွင်ချန်း’ ကိုပါ ဖြုတ်ချချင်နေတာ မဟုတ်လား”

ထိုစကားကိုကြားတော့ ဝေယွင်စန်းက ခပ်ဖြည်းဖြည်းလေသံဖြင့်...

“မင်းက လန်အာရဲ့အသက်ကိုကယ်တင်ခဲ့တာဆိုတော့ အစ်ကိုကြီးအနေနဲ့ ကိုယ်တိုင်ပါဝင်လို့မကောင်းဘူးလေ ၊ ဒါကြောင့် သူရှောင်နေတာပဲ”

ရန်ကျောက်ကဲက ဟွန့်ခနဲ နှာခေါင်းတစ်ချက်ရှုံ့ရင်း...

“ဒီလိုဖြစ်လာမှတော့... မင်းတို့က ဝေယွင်ချန်းကို အိမ်တော်သခင်နေရာမှာ ဆက်ထားဦးမတဲ့လား ၊ ပြီးတော့ တာ့ရွှမ်တိုင်းပြည်ကရော သူ့ကို အလွတ်ပေးမတဲ့လား”

‘ဝေ’ အိမ်တော်မှ ဝါရင့်အကြီးအကဲများအားလုံး တိတ်ဆိတ်နေကြပြီး ဝေယွင်စန်းသည်လည်း တိတ်ဆိတ်နေသည်။

ခဏကြာမှ သူက ပြုံးလိုက်ရင်း...

“မင်း ဘာတွေပဲပြောပြော... တကယ်တော့ ငါ့အမြင်ပြောရရင်... မင်း လန်အာအသက်ကို ကယ်တင်ခဲ့တယ်ဆိုတာက ကျေးဇူးတရား သေ‌သေးလေးပါပဲ ၊ ပြီးတော့ မင်းတို့လို သူပုန်တွေလှည့်စားတာခံရလို့ လန်အာ အန္တရယ်ကျရောက်ရတာ ၊ လန်အာတင်မဟုတ်ဘူး ငါတို့ ‘ဝေ’ အိမ်တော်တစ်ခုလုံးပါ ရေတိမ်နစ်ရတော့မလို့ ၊ ဒါကတော့ ကျေးဇူးတရားသေးသေးလေးနဲ့ မနှိုင်းသာတဲ့ အမုန်းတရားပဲ”

အဘိုးအို’ဝေ’ က ...

“ကောင်လေး... မင်းက မိုက်ရူးရဲဆန်တယ်ဆိုတာထက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဆိုတာ ဒီအဘိုးကြီး သိပါတယ် ၊ မင်း အသက်အရွယ်နဲ့ သိုင်းဆရာသခင်အဆင့်ရောက်အောင် ကျင့်ကြံနိုင်တယ်ဆိုတာ ရှားပါးတဲ့ပါရမီပါပဲ ၊ ဒီတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာ မအံ့သြပါဘူး”

“... မင်းတို့လို အရည်အချင်းရှိတဲ့လူငယ်တွေက ဘဝင်မြင့်ပြီး လုပ်ချင်ရာလုပ်တတ်ကြတယ် ၊ ဒါပေမဲ့ လောကမှာ ဘာကိုမှ တရားမဲ့လုပ်လို့မရဘူးဆိုတာ မင်း သိထားသင့်တယ်”

စကားပြောရင်း အဘိုးကြီး’ဝေ’ က ရှေ့သို့ ခြေတစ်လှမ်းခြင်းလှမ်းလာပြီး လက်ဖဝါးကိုမြှောက်ကာ ရန်ကျောက်ကဲကို ရိုက်ချလိုက်သည်။

“တာ့ရွှမ်တိုင်းပြည်က စစ်သည်တော်တွေကို မင်း သတ်ဖြတ်လိုက်တာ... ဒီအပြစ်က ပြေးလို့လွတ်မယ်များ ထင်နေသလား”

အဘိုးအိုထံမှ လက်ဝါးရိုက်ချက်ထွက်ပေါ်လာသည်နှင့် လောင်ဖုန်းမြို့အထက် ကောင်းကင်ယံတွင် လေဝဲဂယက်လှိုင်းလုံးများ ဖြစ်ပေါ်လာသည်။ လေနှင့်တိမ်တိုက်များ တဟုန်ထိုးမြင့်တက်လာပြီး လေဝဲဂယက်များက မြို့တစ်မြို့လုံးအား လွှမ်းခြုံသွား၏။

ဝေယွင်စန်းက မသိမသာ ပြုံးလိုက်ရင်း...

“ဒီကသခင်လေးက လန်အာကို ကယ်တင်ခဲ့ဖူးတယ် ၊ မင်းက ဖြောင့်မတ်သူတစ်ယောက်ဖြစ်တဲ့အတွက် ငါတို့’ဝေ’ အိမ်တော်ကို နောက်ထပ်ကျေးဇူးပြုဖို့ စိတ်ကူးရှိမယ်ထင်ပါတယ် ၊ မင်းသာအနစ်နာခံလိုက်ရင် ငါတို့ ‘ဝေ’ အိမ်တော်က လူပေါင်းများစွာကို ကယ်တင်နိုင်မှာပါ ၊ မင်းလည်း ကုသိုလ်တွေ အများကြီးရမှာပါ”

ရန်ကျောက်ကဲက ကော်းကင်ထက်မှ ဝဲဂယက်လေလှိုင်းများကို အေးအေးဆေးဆေးပင်ကြည့်ရင်း ပြုံးလိုက်သည်။

“သိပ်လည်း အားနာမနေပါနဲ့ ၊ မင်းတို့ ‘ဝေ’ အိမ်တော်ကိုကယ်တင်ဖို့က ငါ့အတွက် အတော်လေးခက်ခဲလွန်းတယ်”

စကားပြောနေရင်းပင် ရန်ကျောက်ကဲပုံရိပ်က လက်ခနဲတစ်ချက်တောက်ပသွားသည်။

အဘိုးကြီး’ဝေ’ အနှင့်အခြားသူများမှာ မျက်လုံးများ ပြာဝေသွားသလို ခံစားလိုက်ရပြီး ရန်ကျောက်ကဲသည်လည်း သူတို့မျက်စိရှေ့မှာပင် ပျောက်ကွယ်သွားသည်။

အားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး ရန်ကျောက်ကဲကိုရှာဖွေရန် ဟန်ပြင်ကြစဉ် ရန်ကျောက်ကဲ၏စကားသံက သူတို့နားထဲ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

“ဒါပေမဲ့... ဆန့်ကျင်ဘက်အနေနဲ့ မင်းတို့ကို ရှင်းပစ်တာက ကယ်တင်တာထက်ပိုပြီး လွယ်ကူနေတယ်”

ထိုစကားကိုကြားတော့ အဘိုးကြီး’ဝေ’ ၏ အိုမင်းသောခန္ဓာကိုယ်သည် ချက်ချင်း ဖြောင့်မတ်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ မွေးညင်းများ ထောင်ထသွားသည်။

သူ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်တော့ အားလုံးအလယ်မှာပင် ဝေယွင်စန်း၏လည်ပင်းကို လက်ဖြင့်ဆုပ်ကိုင်ထားပြီး မတ်တတ်ရပ်နေသော ရန်ကျောက်ကဲကို တွေ့ရသည်။

ဝေယွင်စန်းမှာ ပါးစပ်ဟထားသော်လည်း မည်သည့်အသံမှ ထွက်ပေါ်နိုင်ခြင်း မရှိပေ။

ရန်ကျောက်ကဲက...

“မင်းကတော့ အရင်ဆုံးသွားရမယ့်တစ်ယောက်ပေါ့”

“ဂျွတ်...”

ကျယ်လောင်သောအရိုးကျိုးသံနှင့်အတူ ရန်ကျောက်ကဲ၏လက်များကြားတွင် ဝေယွင်စန်းဦးခေါင်း လိမ်ချိုးခံလိုက်ရသည်။

‘ဝေ’ အိမ်တော်မှလူများအားလုံး မြင်ကွင်းကို မယုံကြည်နိုင်စွာ ပြူးကျယ်သည့်မျက်လုံးများဖြင့် ကြည့်နေကြပြီး စိတ်ထဲတွင်လည်း ဗလာကျင်းသွားသည်။

ဝေယွင်စန်းက အမတလက်ဖွဲ့ ကနဦးအဆင့် သိုင်းဆရာသခင်တစ်ယောက် ဖြစ်သည်။ အမတလက်ဖွဲ့အဆင့်အောက် ကျင့်ကြံသူများအတွက်ဆိုလျှင် နတ်ဘုရားတစ်ပါးပမာ ကျင့်ကြံခြင်းအခြေခံ မြင့်မားသူလည်း ဖြစ်၏။

ယခုတော့ အသက် (၃၀) ပင် မပြည့်သေးသော လူငယ်လေးတစ်ယောက်က ကြက်လေးလည်လိမ်သလို ဇက်ချိုးအသတ်ခံလိုက်ရပေပြီ။

ဤလူငယ်က မည်သို့သော သိုင်းပညာကို ကျင့်ကြံထားပါသနည်း။

အထက်ဘုံကမ္ဘာတွင် တန်ခိုးစွမ်းအားမြင့်မားသူ များစွာရှိသည်။ သိုင်းသူတော်စင်မဟုတ်သော ကျင့်ကြံသူများတွင်ပင် ဝေယွင်စန်းကို လွယ်လွယ်သတ်ဖြတ်နိုင်သူများ မ‌ရေမတွက်နိုင်အောင် ရှိကြသည် အမှန်ပင်။

သို့သော် ထိုသူများအားလုံးသည် အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့် သိုင်းဆရာသခင်များသာ ဖြစ်ကြသည်။

ယခု သူတို့ရှေ့မှ လူငယ်ကတော့......

‘ဝေ’ အိမ်တော်မှလူများအားလုံး မှင်တက်နေပြီး သူတို့ရှေ့မှကမ္ဘာလောကတစ်ခုလုံး အစစ်အမှန်မဟုတ်ဘဲ အိပ်မက်ပမာ ခံစားနေရသည်။

အချိန်မီ သတိဝင်လာသူမှာ ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးဖြစ်သော အဘိုးကြီး’ဝေ’ သာပင်။

သူက ကြုံးဝါးအော်ဟစ်လိုက်သည်နှင့် ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ်ရာ လေနှင့်တိမ်တိုက်များစုစည်းလာပြီး ရန်ကျောက်ကဲထံသို့ ကျဆင်းသွားသည်။

မုန်တိုင်းဝဲဂယက်လှိုင်းလုံးကြီးက ဆူနာမီတစ်ခုအလား ပြင်းထန်လွန်းသဖြင့် အနီးပတ်ဝန်းကျင်တွင်ရှိနေသော ‘ဝေ’ အိမ်တော် အကြီးအကဲများ နောက်သို့တဖြည်းဖြည်းဆုတ်သွားကြရသည်။

ရန်ကျောက်ကဲက အမှိုက်ပစ်သလို ဝေယွင်စန်း၏ခန္ဓာကိုယ်ကို လွှင့်ပစ်လိုက်ပြီး သူ့ထံကျရောက်လာသော မုန်တိုင်းဝဲဂယက်လှိုင်းလုံးကြီးကို လက်ဖဝါးတစ်ဖက်တည်းဖြင့် ရင်ဆိုင်လိုက်၏။

‘ဝေ’ အိမ်တော်၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော ‘မိုးဖြိုတိမ်တိုက်လက်ဝါးသိုင်း’ ၏ အဆုံးမရှိပြင်းထန်သော မုန်တိုင်းဝဲဂယက်လှိုင်းလုံးကြီးသည် ရန်ကျောက်ကဲ၏ လက်ဝါးရိုက်ချက် ထိမှန်ခံရသည်နှင့် တစ်ခဏအတွင်း ပျောက်ကွယ်သွားသည်။

“ဝေါ့...”

အဘိုးကြီး’ဝေ’ သွေးတစ်ပွက် အန်ထုတ်လိုက်၏။

ရန်ကျောက်ကဲက...

“စောစောက ပြောခဲ့သလိုပဲ... ငါက လောင်ဖုန်းမြို့ကထွက်သွားဖို့ ရည်ရွယ်ချက်မရှိဘူး ၊ မင်းတို့က ငါ့ကို ဘာမှ မခြိမ်းခြောက်နိုင်ဘူး ၊ ပြီးတော့... တကယ်လို့ ထွက်ပြေးရမယ်ဆိုရင်တောင်... ထွက်ပြေးရမယ့်သူက ငါ မဟုတ်ဘူး”

All Chapters