← Chapters

ဖိုးအလေး

Vol. 107 Ch. 1490

ဖိုးအလေး

Vol. 107 Ch. 1490

မန်ဟို၏ကိုယ်ပွားသည် ပထမဘဝတွင် ရွေးချယ်ခံတစ်ဦးဖြစ်ခဲ့၏။ ဒုတိယဘဝတွင် သေမျိုးကမ္ဘာ၏ အကြီးအကဲအဆင့်ကို ပိုင်ဆိုင်ခဲ့သည်။ တတိယဘဝကတော့ သွေးချောင်းစီးလျက် အဆုံးသတ်ခဲ့သည်။ စတုတ္ထဘဝနှင့်ပတ်သက်လာသည့်အခါ သူ၏အချိန်အများစုမှာ အလဟဿသာ ကုန်ဆုံးသွားခဲ့လေသည်။

စတုတ္ထဘဝတွင် သေဆုံးပြီးနောက် ကိုယ်ပွား၏ဝိညာဉ်သည် နဖူးမှထွက်လာပြီး ချုပ်စည်းကိုးစည်းအနက် စတုတ္ထစည်းကား လင်းလက်စွာ တောက်ပနေချေပြီ။

ဝိညာဉ်က ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်ကာ ပဉ္စမဘဝ စတင်၏။

ထိုသို့ဖြစ်ပျက်နေစဉ် မန်ဟိုက ပန်းပွင့်၏ ပွင့်ချပ်အပေါ်တွင် တင်ပျဉ်ခွေထိုင်လျက် ပန်းပွင့်လာမည့်အချိန်ကို စောင့်စားနေသည်။

တန်ခိုးရှင်လမ်းပေါ်တွင်တော့ ယန်အာမှာ အံတင်းတင်းကြိတ်လျက် ခေါင်းမာမာဆက်သွားနေသည်။ သူမသည် တတိယပြစ်ဒဏ်ကို ကျော်ဖြတ်ခဲ့ကာ စတုတ္ထမြောက်ပြစ်ဒဏ်ဆီ ဦးတည်နေပြီဖြစ်၏။ မောဟိုက်ပင်ပန်းလာတိုင်း သူမက သူမကိုယ်သူမ ဆက်သွားဖို့ ထပ်တလဲလဲသတိပေးနေသည်။ တန်ခိုးရှင်လမ်းအပေါ်မှ ပြန်လာခဲ့သူများ၏စကားအရ ... သူမဆရာမှာ ပဉ္စမပြစ်ဒဏ်၏ဧရိယာ၌ ရှိကြောင်း သူမ သိသည်။

ထိုဧရိယာနှင့် သူမ နီးသထက် နီးလာနေပြီဖြစ်သည်။

“ဆရာ ယန်အာ ဆရာ့ကို လာရှာမယ်” သူမမျက်ဝန်းထဲရှိ အာရုံစူးစိုက်မှုသည် ပိုမိုအားကောင်းလာ၏။ သူမက အသက်ပြင်းပြင်းရှူလျက် ရှေ့ဆက်လျှောက်သွားသည်။

ကိုယ်ပွား၏ ငါးဘဝမြောက်သည် နှင်းသည်းသောနေ့တွင် .... ပဉ္စမမြေထု၏အပေါ်ရှိ မြို့လေးတစ်မြို့တွင် စတင်၏။ ကလေးငယ်၏မွေးဖွားမှုက ထိုမိသားစုအတွက် ပျော်ရွှင်မှုကို မသယ်ဆောင်လာနိုင်ဘဲ တိတ်ဆိတ်မှုနှင့်သာ ဆုံတွေ့သွားသည်။

အချိန်အနည်းငယ်ကြာသော် ခပ်ငယ်ငယ်ကလေးအဖေက အိမ်ထဲမှ လမ်းလျှောက်ထွက်လာပြီး .... လမ်းမထက်၌ ကလေးအား ချလိုက်လေသည်။

“အဖေနဲ့အမေ သားကို မလိုချင်တာမဟုတ်ပါဘူး..” သူက ခပ်တိုးတိုး ရေရွတ်သည်။ “ဒီတိုင်း သားက....”

ကလေး စွန့်ပစ်ခံလိုက်ရသည့် အကြောင်းရင်းမှာ မသန်စွမ်း၍ပင်။ သူသည် လျှာတုံးတိဖြင့် မွေးဖွားလာခဲ့သဖြင့် ဘယ်တော့မှ စကားပြောနိုင်မည်မဟုတ်ပေ။ ထိုမျှသာမက ကလေးမျက်နှာပေါ်ရှိ မွေးရာပါအမှတ်ကြီးတစ်မှတ်က သူ့ရုပ်လေးအား ကြောက်စရာကောင်းလောက်အောင် အရုပ်ဆိုးနေစေသည်။

ဆောင်းတွင်း၏ အအေးဒဏ်ကြောင့် ကလေးငယ်၏ ငိုသံမှာ ပိုပို၍အက်ကွဲလာသည်။ နောက်ဆုံးတော့ ခြုံထည်တစ်ထည်ဝတ်ထားပြီး ခမောက်တစ်လုံးဆောင်းထားသော သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာသည်။ သူက ကလေးငိုသံကို ကြားလျှင် အသံကြားရာဘက်သို့ လျှောက်သွားလေသည်။

ကလေးကို တွေ့သည့်အခါ သူသည် သက်ပြင်းချ၍ ကလေးကို ပွေ့ချပြီး အိမ်သယ်သွား၏။ ထိုလူမှာ လူသေနံ့များ အမြဲတမ်းနံနေသော အေးစိမ့်စိမ့်အိမ်သေးသေးလေးထဲတွင် နေထိုင်ခြင်းဖြစ်သည်။

အိမ်ထဲ၌ ထိုလူ ရင်ခွဲစစ်ဆေးနေခဲ့ပုံရသည့် ရေခဲရိုက်အလောင်းတစ်လောင်းအား မြင်ရနိုင်သည်။

ဤလူကား မြို့၏ မှုခင်းအရာရှိဖြစ်သည်။

“လမ်းဘေးခွေးတစ်‌ကောင်လို အစွန့်ပစ်ခံ၊ စကားလည်း မပြောတတ်။ ရုပ်လည်းဆိုးပါလား ကလေးရေ။ မင်းကို ဖိုးအလေးလို့ ခေါ်ရမယ်” မှုခင်းအရာရှိသည် ကလေးကို ကြည့်ကာ ပြုံးပြီးနောက် ခမောက်ချွတ်လိုက်ရာ မျက်နှာတစ်လျှောက်လုံး ကန့်လန့်ဖြတ်နေသော အမာရွတ်အရှည်ကြီးတစ်ခုက သူ့အသွင်အပြင်အား အလွန်အကျည်းတန်သွားစေသည်။ သူ့အပြုံးသည် အတ်ောလေးလန့်စရာကောင်းသော်လည်း သူ၏မျက်လုံးများကတော့ နွေးထွေးကြင်နာနေ၏။

ဖိုးအလေးသည် သူ့အဖေမှုခင်းအရာရှိ တိုက်သော ဆန်ပြုတ်ဖြင့် နှေးကွေးစွာ ကြီးပြင်းလာ၏။ ဆောင်း၏ အအေးဒဏ်က သူ့အရိုးထဲအထိ စိမ့်ဝင်သွားခဲ့ခြင်းကြောင့် ဖြစ်တန်ရာသည်၊ ဖိုးအလေးမှာ အမြဲတစေ ချူချာပြီး အအေးကို ကြောက်၏။ သူသည် လူကောင်းလို ဖွင့်ဖြိုးလာမည့်ပုံမပေါ်သည်အပြင် လေပြင်းပြင်းတစ်ချက်သာ တိုက်လိုက်လျှင် ၎င်းနှင့်အတူ ပါသွားမည့်အလား ထင်ရ၏။

ဖအေဖြစ်သူက မှုခင်းအရာရှိဖြစ်သည်နှင့်အညီ ဖိုးအလေးမှာ လူသေအလောင်းများနှင့် မကြာခဏ ထိတွေ့ရလေသည်။ ပတ်ဝန်းကျင်တွင် တစ်ယောက်ယောက် အသတ်ခံရတိုင်း အလောင်းအား စစ်ဆေးပေးဖို့ မှုခင်းအရာရှိထံ ပို့ကြသည်။ တဖြည်းဖြည်း ဖိုးအလေးသည် သူ့အဖေဆီမှ သင်ယူတတ်လာခဲ့၏။

“ဒီလိုဒဏ်ရာမျိုးကို မှတ်ထားနော် ဖိုးအလေး။ ဒါရဲ့သဘောတရားက သရက်ရွက် ပေါက်ပြဲနေတယ်လို့ ဆိုလိုတယ်...”

“မြင်လား ဒါဆို အဆိပ်ခတ်ခံထားရတာ သိသာတယ်”

“ဒီနေရာကနေစပြီး ရင်ဘတ်ဖွင့်လိုက် ဖိုးအလေး။ အင်းဆက်ဖြူဖြူသေးသေးလေးတွေ ပါလား စစ်ဆေးကြည့်။ တစ်ကောင်ကောင် မြင်မိရင် သွားမထိမိစေနဲ့”

“ဒီရောင်ရင်းကို ကြည့် ဖိုးအလေး။ သူ့ခေါင်းနဲ့ကိုယ်နှစ်ခုလုံးက ချွန်ထက်တဲ့အရာတစ်ခုနဲ့ အဖွင့်ခံထားရတာ။ ဘယ်အင်အားမျိုးက အဲဒီလိုလုပ်နိုင်မှာလဲ။ စစ်သည်တော်တွေတောင်မှ အခုလိုဒဏ်ရာမျိုးရအောင် မလုပ်နိုင်ဘူးသိလား။ ဒီဒဏ်ရာတွေက အင်မော်တယ်တစ်ယောက်ကြောင့် ရတာ။ ဒီလူတော့ အင်မော်တယ်တစ်ယောက်ကို ရန်စခဲ့မိတာပဲ ဖြစ်ရမယ်”

ပထမတော့ ဖိုးအလေးသည် အလောင်းများအား မကိုင်ရဲပေ။ သို့သော် ဖအေဖြစ်သူ၏ အဆက်မပြတ်သင်ကြားပေးမှုများကြောင့် သူသည် အလောင်းများနှင့် ရင်းနှီးလာခဲ့ကာ ဆယ်ကျော်သက်အရွယ်ရောက်သည့်အခါ မကြောက်တော့သည့်အပြင် ကိုယ်တိုင်ရင်ခွဲစစ်ဆေးမှုများ ပြုလုပ်ဖို့ မှုခင်းအရာရှိနောက်ပင် တစ်ခါတရံ လိုက်သွားတတ်၏။

မှုခင်းအရာရှိမှာ ဇရာကြောင့် အိုမင်းအားနည်းလာသည်။ မကြာမီ သူက ဖိုးအလေးကို စောင့်ရှောက်နေခြင်းမဟုတ်တော့ဘဲ ဖိုးအလေးက သူ့ကို တစ်ဖန် ပြုစုစောင့်ရှောက်ပေးနေလေပြီ။

နှစ်ပေါင်းများစွာ ကြာသည့်အခါ မှုခင်းအရာရှိမှာ မျက်စိသိပ်မမြင်တော့၍ တာဝန်များမထမ်းဆောင်နိုင်တော့ပေ။ သူ၏အကြံပြုချက်ကြောင့် ဖိုးအလေးက မြို့၏ မှုခင်းအရာရှိအသစ်ဖြစ်လာသည်။

ဖိုးအလေးသည် အရွယ်ရောက်ပြီးသားလူငယ်အရွယ် ဖြစ်သော်လည်း အပြည့်အဝဖွံ့ဖြိုးမလာခဲ့သည့်အလား အားနည်းနေဆဲပင်။ သူ၏မျက်နှာအပေါ်ရှိ မွေးရာပါအမှတ်သည်လည်း ကြီးမားလာကာ သူ့အား မကြည့်ချင်လောက်အောင် အရုပ်ဆိုးစေနေသလို၊ သူ့မှာ အ,မြဲ အနေဆဲဖြစ်သည်။ အလောင်းများနှင့် မကြာခဏ ထိတွေ့ရမှုကြောင့်လည်း သူ့အနံ့မှာ အလောင်းနံ့နံသည့်အတွက် သူ့ကို လက်ထပ်ချင်သူ မိန်းကလေးတစ်ယောက်မှ ရှိမည်မဟုတ်ပေ။

သို့သ်ော ဖိုးအလေးသည် ဂရုမစိုက်။ သူ့အဖေလို သူ့နေ့ရက်များကို တစ်ယောက်တည်း ကုန်ဆုံးသွားလိမ့်မည်။

ဖိုးအလေးသည် သူ၏မှုခင်းအရာရှိအလုပ်နှင့်ပတ်သက်၍ ဝီရိယလည်း ရှိသည်။ မွေးလာကတည်းကလည်း ပါရီမီပါသည်ဟုလည်း ထင်ရသည်။ ဆယ်နှစ်ကြာသော် ဤနယ်မြေတစ်ကြော၌ အတော်ဆုံးမှုခင်းအရာရှိဖြစ်လာသည်သာမက ဆွေးနွေးမှုများအတွက် တခြားမြို့များသို့လည်း မကြာခဏ ဖိတ်ခေါ်ခံရလေသည်။

မှုခင်းအရာရှိအိုကြီးမှာတော့ တစတစ အားအင်ယုတ်လျော့လာသည်။ သူ့တွင် အဖော်ပြုပေးမည့် ဇနီးမရှိ၊ ဖိုးအလေးသာ ရှိသည်။ အရာရှိအိုကြီးသည် မကြာခဏ မပီကလာပီကလာဖြင့် စကားပြောတတ်သော်လည်း ထိုအခါများတွင် ဖိုးအလေးက တိတ်ဆိတ်စွာ နားထောင်ကာ ပြုံးနေတတ်၏။

ဖိုးအလေးသည် စကားပြောနိုင်သော်လည်း လက်ဟန်ခြေဟန်ဖြင့် ဆက်သွယ်ပြောဆိုတတ်လေသည်။

နှစ်ပေါင်းများစွာ ကြာမြင့်သွားပြီး ဖိုးအလေးမှာ မြို့တော်သို့ မကြာမကြာဆင့်ခေါ်ခံရသည့်တိုင်အောင် ထင်ရှားကျော်ကြားလာခဲ့သည်။ နောက်ဆုံးတော့ အရာရှိအိုကြီး သေဆုံးသွား၏။ နာကျင်ခံစားရခြင်းမရှိဘဲ ငြိမ်းချမ်းစွာ ထွက်သွားခြင်းဖြစ်သည်။ ဖိုးအလေးကတော့ ငိုလေသည်။

အဘိုးအိုအား မြှုပ်၍ ဂါဝရပြုပြီးနောက် ဖိုးအလေးသည် မြို့မှ ထွက်ခွာ၍ မြို့တော်သို့ ပြောင်းရွှေ့သွားသည်။

နှစ်တွေအလီလီ ကုန်ဆုံးသွားသည်။ မကြာမီ ဖိုးအလေးသည် အသက်ငါးဆယ်ပြည့်သွားပြီး အင်ပါယာတစ်ခွင် ကျော်စောလာ၏။ မည်သည့်အလောင်းကိုမဆို တစ်ချက်လေးကြည့်လိုက်ရုံနှင့် သေဆုံးမှု၏အကြောင်းရင်းကို အသေးစိတ် သူ ဖော်ပြနိုင်လေသည်။ သူသည် နှစ်ပေါင်းများစွာအလွန်က သေဆုံးသွားခဲ့သော အရိုးစုများနှင့်ပတ်သက်လျှင်ပင် ဖော်ထုတ်ပေးနိုင်၏။

အလောင်းများအပေါ် သူ၏နားလည်မှုမှာ မဖော်ပြနိုင်သော အဆင့်တစ်ဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။ နောက်ဆုံးတော့ သူသည် အင်ပါယာ၏ မဟာမှုခင်းဆရာသခင်အဖြစ် အသိများလာ၏။

သို့သော် မှုခင်းအရာရှိများသည် မှုခင်းအရာရှိများသာ ဖြစ်၍ အမြဲတမ်းနိမ့်ကျသည်ဟု သတ်မှတ်ခံရလိမ့်မည်။ သူ၏နယ်ပယ်တွင် ထိပ်ဆုံးသို့ ရောက်နေသည့်တိုင် နယ်ပယ်တူများထံမှသာ လေးစားခံရလေသည်။

မည်သို့ဆိုစေ ဖိုးအလေးသည် စိတ်ဓာတ်လည်း မကျ၊ မကျေမနပ်လည်း မဖြစ်။ သူက စကားမပြောနိုင်သော အ,အတစ်ယောက်ထက် မပိုမှန်း သူ သိသည်။ အိုမင်းလာသည့်အခါ သူသည် မွေးရပ်မြေသို့ ပြန်လာပြီး စာအုပ်တစ်အုပ် စရေး၏။

အလောင်းများနှင့်ပတ်သက်သည့် သူ၏အသိအမြင်၊ အတွေ့အကြုံနှင့် ဗဟုသုတအားလုံးကို စာအုပ်ထဲတွင် ထည့်ရေးသည်။ တစ်နှစ်တွင် ဆောင်းဝင်လာပြီး သူသည် ပြတင်းပေါက်မှတစ်ဆင့် နှင်းများကို ငေးကြည့်နေစဉ် မှုခင်းအရာရှိအိုကြီး မကြာခဏပြောခဲ့ဖူးသော ဇာတ်လမ်းတစ်ပုဒ်ကို တွေးမိလိုက်၏။

မှုခင်းအရာရှိအိုကြီးက ဆောင်းလယ်တစ်နှစ်တွင် မွေးကင်းစအရွယ် ဖိုးအလေးကို ကောက်ရခဲ့ကြောင်း ပြောပြခဲ့လေသည်။

ဖိုးအလေးသည် တွေးရင်း တိတ်ဆိတ်စွာ ထိုင်နေ၏။ နောက်ဆုံးတော့ သူ့မျက်လုံးများက တစတစ ငေးကြောင်လာသည်။ သူ့တွင် နေစရာအချိန်သိပ်မကျန်မတော့သလို၊ အအေးကိုလည်း ကြောက်မြဲကြောက်ဆဲဖြစ်သည်။ သူက အလောင်းတစ်လောင်းသာဖြစ်ခဲ့သည့်အလား သူ့ဘဝတွင် နွေးထွေးမှုမရှိခဲ့သည့်အလား သူ ခံစားလိုက်ရ၏။

သိပ်ကြာကြာမနေနိုင်တော့မှန်း ဖိုးအလေး သိလေသည်။ တစ်ညတွင် သူသည် အိမ်အပြင်ထွက်၍ မျက်နှာကို တွန်းထိုးတိုက်ခက်နေသော နှင်းများအား ရင်ဆိုင်ရင်း မှုခင်းအရာရှိ သူ့အား ကောက်ခဲ့သောနေရာသို့ ပြန်သွားသည်။

မြေကြီးကို ငုံ့ကြည့်ရင်း သူက သက်ပြင်းဖွဖွချပြီး လှဲချကာ မိုးကောင်းကင်ကြီးကို ကြည့်နေလိုက်သည်။ အအေးဓာတ်အား သူ့ကို ထွေးပိုက်ခွင့်ပေးထား၏။ နှင်းများက သူ့မျက်နှာအပေါ် ကျလာပြီး အရည်မပျော်ပေ။

တဖြည်းဖြည်း အပြုံးတစ်စ... ဘယ်တော့မှ ပျောက်ကွယ်မသွားမည့် အပြုံးတစ်စက သူ့မျက်နှာပေါ်တွင် ဖြစ်ထွန်းလာသည်။

ဖိုးအလေးသည် လူ့ဘဝထဲ ဝင်ရောက်ခဲ့တုန်းကအတိုင်း ထွက်သွားခဲ့၏။ တစ်ဘဝလုံး စကားတစ်ခွန်းမှ သူ မပြောခဲ့ပေ။

ဤသို့ဖြင့် ပဉ္စမဘဝ ပြီးဆုံးသွားသည်။ စတုတ္ထဘဝနှင့် ယှဉ်လျှင် ဤဘဝသည် အတန်ငယ်ပျင်းစရာကောင်း၏။ ပထမဘဝကဲ့သို့ ဂုဏ်သရေအရှိန်အဝါလည်း မပိုင်ဆိုင်ခဲ့၊ ဒုတိယဘဝတုန်းကလို ဩဇာအာဏာလည်း မကြီးမားခဲ့။ တတိယဘဝလိုမျိုး သွေးချောင်းလည်း မစီးခဲ့ပေ။ သူ၏ပဉ္စမဘဝသည် သာမညသာ ဖြစ်ခဲ့၏။

သူ ပိုင်ဆိုင်ခဲ့သည့်အရာမှာတော့ တိတ်ဆိတ်အေးချမ်းမှုနှင့် သူ၏နယ်ပယ်၌ တစ်ဖတ်ကမ်းခတ် တတ်ကျွမ်းမှုသာ။

သူ့ဝိညာဉ်က ထွက်လာပြီး နှင်းစက်များနှင့် တစ်သားတည်းဖြစ်နေသယောင် ထင်ရ၏။ တစ်ချိန်တည်းမှာပင် ပဉ္စမချုပ်စည်းက တောက်ပစွာ လင်းလက်လာသည်။

ထပ်မံ၍ ကိုယ်ပွားသည် ဘဝပြန်ဝင်စားပြီး ဆဋ္ဌမဘဝ စတင်လေပြီ။

တစ်ချိန်တည်းမှာပင် ယန်အာသည် တန်ခိုးရှင်လမ်းပေါ်တွင် တုန်ရီစွာ လျှောက်နေ၏။ သွေးခွေးကြီးက သူမလျှောက်နေခဲ့သော နှစ်ပေါင်းရာချီတစ်လျှောက်လုံး သူမအား အဖော်ပြုပေးနေခဲ့သည်။ ဤအချိန်တွင် သူမကား စတုတ္ထပြစ်ဒဏ်၏အဆုံးသို့ ရောက်နေပြီဖြစ်သည်။

ယန်အာ၏ကျင့်ကြံအဆင့်သည် ခရီးတစ်လျှောက် အဆက်မပြတ် တိုးတက်လာခဲ့ပြီး သူမ၏ဉာဏ်အသိသည်လည်း ကျယ်ပြန်လာခဲ့၏။ ယခုတွင် သူမကား တာအိုသခင်အဆင့်တွင် ဖြစ်သည်။ စတုတ္ထပြစ်ဒဏ်မှာလည်း အလွန်ခက်ခဲခဲ့၏။

တစ်လှမ်းပြီးတစ်လှမ်း ရွေ့ရင်း ယန်အာက ပဉ္စမပြစ်ဒဏ်အနား ရောက်လာသည်။

နောက်ဆုံးတော့ နယ်စပ်ကို မြင်လိုက်ရ၍ သူမမျက်လုံးများ လင်းလက်လာသည်။ အကြာမှအကြာကြီး ကြာပြီးနောက်တွင်တော့ သူမဆရာကို သူမ မြင်လိုက်ရလေပြီ...

ထိုနေရာတွင် ဖန်မုသည် နှစ်ပေါင်းရာချီကြာသည့်တိုင်အောင် ပုံမပျက် တရားထိုင်နေ၏..

ဖုန်များက သူ့ကို ဖုံးနေသော်လည်း သူ့မျက်နှာကတော့ ရှင်းလင်းပြတ်သားလေသည်။ သူနှင့်ပတ်သက်သမျှ အရာအားလုံးက ယန်အာ့နှလုံးသားအား တုန်ရီလာစေသည်။ ယန်အာသည် တိတ်ဆိတ်စွာ ဒူးထောက်၍ အရိုအသေပေးလိုက်၏။

“ဆရာ” သူမက မျက်ရည်များစီးကျနေလျက် အက်ကွဲစွာ ခေါ်သည်။ နှစ်ပေါင်းရာချီကြာခဲ့သည့်တိုင် သူမဆရာနှင့်အမှတ်တရများက ကြည်လင်မြဲကြည်လင်ဆဲပင်။

သူမ ဘယ်တော့မှ မေ့မည်မဟုတ်သလို၊ ဘယ်တော့မှလည်း မမေ့နိုင်သည်သာ။

ဤသည်က သူမ၏အစွဲဖြစ်သည်။ ထိုအစွဲကြောင့် အာကာပြင်ကျယ်မော်ကွန်းတိုက်သို့ တက်၍ တန်ခိုးရှင်လမ်းကို သူမ လျှောက်ခဲ့သည်။ အရာအားလုံး၏ အကြောင်းရင်းက သူမဆရာပင်ဖြစ်သည်။ သူ အမှန်တကယ် ဆုံးပါးသွားခြင်းရှိမရှိ သူမကိုယ်တိုင် မြင်ချင်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူမသည် သူ့ရုပ်ကြွင်းကို မြင်ရသော်လည်း အနားမကပ်နိုင်ပေ။ ပဉ္စမပြစ်ဒဏ်ထဲ ခြေတစ်လှမ်းလေး ဝင်လိုက်လျှင်ပင် သူမ ဖျက်စီးခံလိုက်ရလိမ့်မည်။ သူမမှာ သူထံမှ ခြေတစ်လှမ်းအကွာတွင် တဟင့်ဟင့်ရှိုက်ငိုလျက်သာ ရပ်နေနိုင်သည်။ အတန်ကြာသော် သူမ၏မျက်လုံးများက ထူးဆန်းစွာ တောက်ပလာ၏။

“နေဦး...” ဖန်မုနဖူးကို ကြည့်လိုက်သည့်အခါ သူမတစ်ကိုယ်လုံး တုန်ယင်သွားသည်။ တခဏကြာလျှင် သူမသည် အံတင်းတင်းကြိတ်၍ သူ့မျက်နှာထံ ညာလက်အား လှမ်းလိုက်၏။

ထိုသို့လုပ်ဖို့ ပဉ္စမပြစ်ဒဏ်အတွင်း သူမ ဝင်ရောက်ရလိမ့်မည်။ ဖိအားက သူမလက်မောင်းကို နင်းချေလိုက်ရာ ၎င်းမှာ ချက်ချင်း သွေးအမှုန်အမွှားများအဖြစ် ပေါက်ကွဲသွားတော့သည်။ သို့သ်ော ထိုသို့မဖြစ်ပျက်ခင်လေးမှာတင် သူမက သူ့နဖူးကို ထိလိုက်နိုင်လေသည်။

ဝုန်းခနဲ ကြားလိုက်ရစဉ် ယန်အာမှာ သွေးတစ်လုပ်အန်လိုက်ရသည်။ သူမမှာ ညာလက်တစ်ဖက်လုံး ပြတ်တောက်လျက် နောက်ယိုင်သွားသည့်တိုင် ဂရုမစိုက်အားပေ။ တခြားမည်သူမှ သတိထားမိမည်မဟုတ်သည့် လျှို့ဝှက်ချက်တစ်ခုကို သူမ တွေ့ရှိခဲ့လေပြီ။

“ဆရာ့နဖူး ပွင့်နေတယ်။ ဒါ ဘဝပြန်ဝင်စားခြင်းတာအိုပဲ။ အဲဒီမှော်ကျင့်စဉ်ကို ဆရာ ငါ့ကို ပေးခဲ့ဖူးတယ်။ သူ့ဝိညာဉ်က ပြိုကွဲမသွားသေးဘူး။ တချို့တွေကတော့ ပြိုကွဲသွားပြီ ထင်လောက်ပေမယ့် ... ငါက သူတပည့်လေ။ ပြီးတော့ ငါ ခံစားနေရတာအရ ....ဆရာ မသေသေးဘူး

“ဒါပေမဲ့ သူ မသေရင် သူ့ဝိညာဉ်မီးက ဘာလို့သေသွားမှာလဲ... မဟုတ်မှ....” ယန်အာသည် တစ်ချိန်တုန်းကလို မိန်းမငယ်လေးမဟုတ်တော့ပေ။ သူမသည် အစကတည်းက ဉာဏ်ကောင်းသူဖြစ်ပြီး ဖန်မုအပေါ် နားလည်မှုကြောင့် အမှန်တရားကို သူမ ခန့်မှန်းခဲ့ပြီးသားဖြစ်သည်။ သို့သော် လက်မခံချင်ပေ။

အတန်ကြာသော် သူမ၏မျက်လုံးများက တောက်ပစပြုလာပြီး အသက်ရှူသံများ မြန်လာသည်။ သူမမျက်ဝန်းထဲရှိ အာရုံစူးစိုက်မှုသည် ပို၍အားကောင်းလာ၏။

“ဆရာ ... ဆရာ ဘဝပြန်ဝင်စားခြင်းသံသရာထဲမှာ ဆိုရင်တောင်မှ ကျွန်မ ဆရာ့ကို ရအောင် လာရှာမယ်... “ ထို့နောက် ယန်အာက ထရပ်သည်။ ဆေးလုံးများမှတစ်ဆင့် ညာလက်ကို ပြန်ပေါက်လာစေပြီးနောက် သူမသည် အသက်ပြင်းပြင်းရှူ၍ ဖန်မုအလောင်းအား နောက်ဆုံးတစ်ချက်ကြည့်လိုက်၏။ ထို့နောက် သွေးခွေးကြီးနှင့်အတူ တန်ခိုးရှင်လမ်း၏ဝင်ပေါက်သို့ လှည့်ထွက်သွားသည်။

သူမ၏ဦးတည်ရာက.... သူမဆရာကို သွားရှာမည့် အာကာပြင်ကျယ်ဂြိုဟ်၏ မြေထုကိုးခုပင်။

ဘဝပြန်ဝင်စားခြင်းတာအို မည်သို့အလုပ်လုပ်မှန်း သူမ နားလည်၍ သဲလွန်စများအရ သူမဆရာသည် အာကာပြင်ကျယ်ဂြိုဟ်ပေါ်ရှိ တစ်နေရာတွင် လူပြန်ဝင်စားနေကြောင်း သူမ သေချာလေ၏။

All Chapters