ရှုလျှို့ယွင်
Vol. 107 Ch. 1491
စတုတ္ထမြေထု
ဆောင်းတွင်း၏ နောက်ဆုံးနှင်းကျချိန်တွင် မန်ဟို့ကိုယ်ပွား၏ ဆဋ္ဌမဘဝအတွက် ကန့်လန့်ကာ ပွင့်လာခဲ့လေပြီ။
ကိုယ်ပွားသည် ဤနယ်မြေတွင် မြေဧကများနှင့် ထင်ရှားသောစီးပွားရေးလုပ်ငန်းများအား ကြိုးကိုင်ထားသည့် အကျော်ဇေယျရှုမျိုးနွယ်စု၌ လူပြန်ဝင်စား၏။ ရှုမျိုးနွယ်စု၏ အဓိကဝင်ငွေက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများမှ လာလေသည်။
ထိုကဲ့သို့ မျိုးနွယ်စုတစ်စုတွင် မွေးဖွားလာသော ကလေးတစ်ယောက်သည် အပူအပင်ကြောင့်ကြမဲ့ပြီး လိုတိုင်းရနိုင်သည့် ဘဝဖြင့် နေထိုင်ရမည့် ကံကြမ္မာပါ၏။
ကံကောင်းထောက်မစွာနှင့် ဤဘဝ၌ မန်ဟို့ကိုယ်ပွားမှာ စတုတ္ထဘဝတုန်းကလို လူပေါ်ကြော့မဟုတ်ပေ။ သူသည် ငယ်ငယ်လေးနှင့်ပင် အတော်လေးအရေးပါနေသည့် ဉာဏ်ကောင်းကောင်းလူငယ်လေး ရှုလျှို့ယွင်အဖြစ် ကြီးပြင်းလာ၏။ မကြာမီ သူကား ဖခင်ကို ကူညီ၍ မိသားစုလုပ်ငန်းများကို စီမံခန့်ခွဲနေလေပြီ။
အရွယ်ရောက်လာသည့်အခါ ရှုလျှို့ယွင်သည် မိသားစုစီးပွားရေးလုပ်ငန်းမှန်သမျှ တာဝန်ယူလာနိုင်၏။ လုပ်ငန်းများအား ကောင်းကောင်းလည်ပတ်နိုင်သော်လည်း တစ်ချိန်တည်းမှာပင် သူ့တွင် မကောင်းကြံလိုစိတ်များ ပေါက်ဖွားလာသည်။ တစ်မျိုးနွယ်တည်းသားများအပေါ် ထားရှိခြင်းမဟုတ်၊ စီးပွားရေးပြိုင်ဘက်များအပေါ် ဖြစ်သည်။
သူသည် အတင်းအကြပ်သိမ်းပိုက်မှုများလုပ်ဆောင်ရာ၌ ကျွမ်းကျင်၍ မကြာမီ တစ်မြို့လုံးရှိ စီးပွားရေးလုပ်ငန်းအားလုံး သူ့မျိုးနွယ်စု၏ ဝါးမြိုခြင်းခံလိုက်ရတော့သည်။ မှန်၏၊ ထိုကဲ့သို့အောင်မြင်မှုမျိုးကို လူမသတ်ဘဲ လုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဤသို့ဖြင့် ဆဋ္ဌမဘဝ၏လက်နှစ်ဖက်လုံးတွင် သွေးစွန်းလာခဲ့လေပြီ။
ထိုကဲ့သို့နည်းလမ်းများက သူ့အဖေ၏ သဘောနှင့်သာမက တစ်မျိုးနွယ်စုလုံး၏ ရပ်တည်ချက်နှင့် ဆန့်ကျင်နေသည်။ သို့သော် ရှုလျှို့ယွင်က သိပ်အလေးနက်မထား။ သူ လုပ်ချင်သည့်အတိုင်း လုပ်ပြီး အသက်သုံးဆယ်ရောက်သည့်အခါ ရှုမျိုးနွယ်စုက ဤပတ်ဝန်းကျင်တွင် အချမ်းသာဆုံးဖြစ်လာတော့သည်။
နောက်ဆုံးတော့ ရှုလျှို့ယွင်သည် မျိုးနွယ်စုအတွင်းရှိ စာပေသမားများနှင့် ပညာရှင်များကို ထောက်ပံ့သင့်ကြောင်း သဘောပေါက်လာ၍ ကျောင်းတစ်ကျောင်း တည်ထောင်၏။ အချိန်ကြာလာသည့်အခါ စာပေသမားလူတန်းစားအပေါ် သူ၏ထောက်ပံ့မှုက သူ့အား နန်းတွင်းရေးအပေါ် လွှမ်းမိုးမှုရှိလာစေသည်။
မကြာမီ ရှုလျှို့ယွင်၏ အကြံအစည်က အင်ပါယာထဲရှိ စစ်သည်တော်လူတန်းစားအထိပင် နယ်ချဲ့တော့သည်။
ရှုလျှို့ယွင်သည် မိန်းမယူခဲ့သော်လည်း မိန်းမအပေါ် သံယောဇဉ်သိပ်မရှိ။ မျိုးနွယ်စု၏ဩဇာအာဏာကို ပိုမိုကြီးမားလာစေဖို့အတွက် စီးပွားမိတ်ဖက်ယူလိုက်ခြင်းမျိုးသာ ဖြစ်သည်။
သူ အသက်လေးဆယ်ရောက်သည့်အခါ မျိုးနွယ်စု၏စီးပွားရေးလုပ်ငန်းများက နယ်မြေတစ်ကြော အအောင်မြင်ဆုံးဖြစ်လာသည်။ သူသည် စီးပွားရေးအမျိုးအစားများစွာ ချဲ့ထွင်ခဲ့သော်လည်း အဆုံးသတ်တွင် သူတို့၏အခြေခံအုတ်မြစ်က စိုက်ပျိုးရေးသာ အမြဲဖြစ်၏။
ရှုလျှို့ယွင်၏ ဦးဆောင်မှုအောက်တွင် မျိုးနွယ်စုသည် အင်ပါယာမြို့တော်သို့ ပြောင်းရွှေ့ကာ တရားဝင်အင်ပါယာကုန်သည်များ ဖြစ်လာကြသည်။
အင်ပါယာကုန်သည်များဖြစ်လာသည်နှင့်အမျှ အကျိုးအမြတ်အရာ၌ သူတို့ကို ယှဉ်နိုင်သူ မရှိတော့ပေ။ မှန်သည်၊ ဤအဆင့်အတန်းအသစ်ကြောင့် ဥစ္စာဓနများ ကြွယ်လာသည်သာမက တခြားအမြတ်များလည်း ရရှိခဲ့လေသည်။
လေးဆယ့်ငါးနှစ်အရွယ်တွင် ရှုလျှို့ယွင်သည် သူ့ဘဝ၏အမြင့်ဆုံးအမှတ်သို့ ရောက်ရှိခဲ့၏။ လက်ရှိမင်းဆက်တွင် မရေမတွက်နိုင်သော မျိုးနွယ်ဝင်များက အရာရှိများဖြစ်လာကြပြီး သူ ထောက်ပံ့ပေးခဲ့သည့် စာပေသမားများကတော့ ယခုတွင် အစိုးရအဖွဲ့ဝင်များ ဖြစ်နေကြလေပြီ။
သူ၏မျိုးနွယ်စုတစ်စုလုံး အဆင့်အတန်းမြင့်မားလာခဲသည်။ လူအများစုသည် ဤအသီးအပွင့်များနှင့်တင် ရောင့်ရဲတင်းတိမ်လိမ့်မည်။ ပထမတော့ ရှုလျှို့ယွင်မှာ ဘာဆက်လုပ်ရမှန်း အကြံအိုက်နေခဲ့သော်လည်း မုန်တိုင်းတစ်လုံး အစပျိုးနေပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
ထိုမုန်တိုင်းသည် အငတ်ဘေးအဖြစ် ဆိုက်ရောက်လာ၏။
ထိုနှစ်ဆောင်းတွင်းတွင် ရှုလျှို့ယွင်သည် ကောင်းကင်ထက်မှ ကျဆင်းလာနေသော နှင်းများကို ကြည့်ရင်း ခြံထဲတွင် ရပ်နေ၏။ သူ့အနောက်၌ မျိုးနွယ်ဝင်တစ်ဒါဇင်ကျော်ခန့် တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့ထဲမှ တချို့သည် နန်းတွင်းအရာရှိများဖြစ်ကြပြီး တချို့က အင်ပါယာမြို့တော်ထဲတွင် အင်အားကြီးစီပွားရေးလုပ်ငန်းများကို ခြယ်လှယ်ကြကာ တချို့ကတော့ အင်ပါယာ၏ တခြားနေရာများတွင် စီးပွားရေးလုပ်ဖို့ အလွှတ်ခံခဲ့ရသော မျိုးနွယ်စု၏ တိုက်ရိုက်သွေးဆက်များ ဖြစ်ကြသည်။
ဤလူများသည် မျိုးနွယ်စု၏အင်အားကို ထိန်းချုပ်သူများဖြစ်ကြပြီး သူတို့၏အဆက်အသွယ်က အင်ပါယာတစ်ခွင် ပျံ့နှံ့နေပြီဟု မပြောနိုင်သေးသော်လည်း သိပ်တော့မဝေးတော့ပေ။
တစ်ယောက်စီတိုင်းသည် အတိုင်းထက်အလွန် ထင်ပေါ်ကျော်စောကြ၏။ သို့သော် သူတို့အရှေ့၌ ရပ်နေသော လူကို ကြည့်နေစဉ် သူတို့၏ရင်ထဲတွင် လေးစားကြည်ညိုမှုတို့ ပြည့်နှက်နေလေသည်။ ထိုလူက ဆယ်စုနှစ်လေးအတွင်း ကြောက်ခမန်းလိလိတိုးတက်မှုများကို ဖန်တီးခဲ့သောလူပင် မဟုတ်ပါလော။
ရှုလျှို့ယွင်မှာ အင်ပါယာနန်းတော်တွင် အသိအမှတ်အပြုမခံရသည့်အပြင် ဧကရာဇ်၊ အမတ်ချုပ်ကြီးနှင့် အရေးပါသောမျိုးနွယ်စုများ၏ အထင်သေးခြင်းပင် ခံရသော်လည်း .... ဓနအင်အားနှင့်ပတ်သက်လာလျှင် သူ၏အာဏာသည် ကြောက်မက်ဖွယ်ကောင်း၏။
အတန်ကြာသော် မန်ဟို့ကိုယ်ပွား၏ ဆဋ္ဌမဘဝ၊ ရှုလျှို့ယွင်က စကားပြောသည်။
“ဒါက အခွင့်အရေးတစ်ခုပဲ။ ရှုမျိုးနွယ်စု နောက်တစ်ထစ်တက်ပြီး အင်ပါယာတစ်ခုလုံးကို ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်သွားလိမ့်မယ်... အေး ဖြစ်နိုင်ခြေနောက်တစ်ခုလည်း ရှိသေးတယ်။ အဲဒါကတော့ ငါတို့အားလုံး ကွပ်မျက်ခံရမှာ” အချိန်အနည်းငယ်ထပ်ကြာသ်ော သူ၏မျက်လုံးများက ရက်စက်မှုတို့ဖြင့် တောက်ပလာသည်။
“အစီအစဉ်အတိုင်း လုပ်မယ်”
စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားလျှင်ချင်း အင်ပါယာမြို့တော်၏အတွင်းနှင့်အပြင်ရှိ ရှုမျိုးနွယ်စု၏ အင်အားအားလုံး တာဝန်တစ်ခုတည်းကိုသာ အားစိုက်ကြသည်။ ယင်းက .... အငတ်ဘေးဆိုက်နေသည့်အချိန်တွင် သူတို့၏လယ်ယာမြေများကို ရပ်တန့်ပိတ်ဆို့လိုက်ခြင်းပင်။
၎င်းက အစကတည်း သွေးစွန်းနေပြီဖြစ်သော လုပ်ရပ်တစ်ခု ဖြစ်ပေသည်။ ပြည်သူများ ငတ်မွတ်ခေါင်းပါးနေသည့်အချိန် လယ်ယာမြေများကို ပိတ်လိုက်ခြင်းက ကုန်ပစ္စည်းစျေးနှုန်းများကို ကြောက်ခမန်းလိလိ ဖောင်းပွလာစေ၍ လူအတော်များများမှာ စားစရာဝယ်ဖို့ ပိုင်ဆိုင်မှုများကိုပင် ထုခွဲရောင်းချကြရတော့သည်။
ငတ်မွတ်ခေါင်းပါးမှုကြောင့် လူပေါင်းများစွာ သေကြေပျက်စီးကြလိမ့်မည်။ မိသားစုများနှင့် မျိုးနွယ်စုများ ပျက်စီးကုန်လိမ့်မည်။ သို့သော် မင်းမျိုးမင်းနွယ်များအကြား၌ ရှုမျိုးနွယ်စုသည် မယုံကြည်နိုင်ဖွယ် အခွင့်အရေးကို ရရှိလိမ့်မည်။
အစီအစဉ်အတိုင်း လုပ်ဖို့ ရှုမျိုးနွယ်စုမှာ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းခဲ့သော ကြွယ်ဝမှုအားလုံး အသုံးပြုကြသည်။ သူတို့က အကောက်ကြံသည်၊ မိတ်ဖွဲ့သည်၊ ရန်သူများကို သတ်ပစ်သည်။ အဆုံးသတ်တွင် အငတ်ဘေးပြီးဆုံးပြီးနောက် လအနည်းငယ်ကြာသော် ... သူတို့၏မြေပိုင်ဆိုင်မှုကား အင်ပါယာအတွင်းတွင် ပြိုင်ဘက်မရှိတော့သည်အထိ များပြားလာတော့သည်။
သူတို့တွင် ကိုယ်ပိုင်စစ်တပ်ရှိပြီး သွေးစွန်းနေသော မြေဧကများကို ပိုင်ဆိုင်ထားလေပြီ။
လက်ဆောင်ပဏ္ဍာအမြောက်အမြား ဆက်သခြင်းဖြင့် သူတို့က မင်းမျိုးနွယ်လူတန်းစားကို မျက်နှာလုပ်နိုင်ခဲ့သည်။ ရှုပ်ထွေးသောအကြံအစည်များက ရှုလျှို့ယွင်၏ခေါင်းပေါ်တွင် ဆံပင်ဖြူများ ပေါက်လာစေသည့်တိုင် သူ့စိတ်ကား အကောက်ကြံဖို့၊ အင်အားချဲ့ဖို့ အမြဲစဉ်းစားနေဆဲပင်။
ရှုလျှို့ယွင် ငြိမ်နေသည့် ဆယ့်ငါးနှစ်အတွင်း အေးချမ်းနေ၏။ ထိုအခြင်းအရာက ပြည်သူပြည်သားများအား သူ့အပေါ် သံသယနည်းပါးလာစေ၍ မျိုးနွယ်စု၏အကျိုးစီးပွားကို တိုးတိုးတိတ်တိတ် ချဲ့ထွင်ဖို့ အခွင့်အရေးရစေလေသည်။
တစ်နှစ်ကြာသော် အသက်ခြောက်ဆယ်ပြည့်သည့်အခါ ရှုလျှို့ယွင်သည် နှင်းကျနေသည်ကို ကြည့်ရင်း ခြံထဲတွင် ရပ်နေပြန်၏။ သူ့အနောက်တွင် မျိုးနွယ်ဝင်ရာချီ တိတ်ဆိတ်စွာ ရပ်နေကြသည်။ ဤလူများ၏အဆင့်အတန်းနှင့် ရာထူးများကို တစ်ယောက်ယောက်သာ သိလျှင် ကြက်သေသေသွားလိမ့်မည်။ သူတို့သည် အင်ပါယာတစ်ခုလုံးကို ကိုင်လှုပ်နိုင်သောလူများ ဖြစ်ကြ၏။
“ဒါ အခွင့်အရေးတစ်ခုပဲ... “ ရှုလျှို့ယွင်က အက်ကွဲသောအသံဖြင့် ပြောသည်။ လွန်ခဲ့သောဆယ့်ငါးနှစ်တုန်းကလည်း ဤအတိုင်းသာ သူ ပြောခဲ့သည်။ အတန်ကြာသော် သူက ခေါင်းညိတ်လိုက်သည်။
သူ၏ခေါင်းညိတ်လိုက်မှုက နန်းလုပွဲ စတင်စေသည်။ ဆယ်နှစ်သည် လျှပ်တပြက် ကုန်ဆုံးသွား၏။ စစ်ပွဲအတွင်း သူ ထောက်ပံ့ခဲ့သော မင်းသားက ဧကရာဇ်ဖြစ်လာခဲ့ပြီး ရှုမျိုးနွယ်စု၏သမီးကို လက်ထပ်ခဲ့သည်။ ဧကရာဇ်ငယ်လေးက ရှုလျှို့ယွင်ကို သူ၏မွေးစားခမည်းတော်အဖြစ်ပင် မြင်လေသည်။
အမတ်ချုပ်ပင် အပါအဝင် နန်းတွင်းတစ်တွင်းလုံး သူ့ကို သစ္စာရှိကြသည်။ သူ့စကားက မင်းအမိန့်ထက်ပင် စစ်တပ်အပေါ် လွှမ်းမိုး၏။
ဤအချိန်တွင် သူသည် ဒုတိယဘဝတုန်းကလို ဩဇာအာဏာကို ပိုင်ဆိုင်ခဲ့လေပြီ။ သူက တိုးတိုးတိတ်တိတ် လှုပ်ရှားနေသည့်အတွက် ဒုတိယဘဝကဲ့သို့ ထင်ရှားကျော်ကြားခြင်းမရှိသော်လည်း သူ၏အကွက်မြင်သော အေးစက်စက်မျက်လုံးများက အင်ပါယာတစ်ခုလုံး အထင်သေးနိုင်၏။
ဤဘဝတွင် သူသည် အကြင်နာမဲ့ပြီး ယုတ်မာခဲ့၏။ ကလေးလည်း မရှိသည့်အပြင် အသက်ခုနစ်ဆယ်အရွယ်တွင် ခေါင်းမငုံ့ဘဲ သူ့ကို စကားပြောဝံ့သူ တစ်ယောက်မှ မရှိပေ။
နောက်ငါးနှစ်ကြာသော် သူ့ခန္ဓာကိုယ်မှာ မသန်စွမ်းတော့ပေ။ နောက်ဆုံးတော့ အိပ်ရာထဲ လဲကာ မေ့မျောသွား၏။ ထိုအချိန်မှစ၍ မျိုးနွယ်စုတွင် ဖရိုဖရဲဖြစ်လာပြီး အာဏာလုလိုသော အဖွဲ့ဝင်များ ပေါ်လာသည်။
တစ်နှစ်ကြာသော် ဆောင်းတွင်းတွင် မေ့မျောနေရာမှ သူ နိုးလာသည်။ အစေခံအဘိုးကြီးကို အားပြုလျက် သူသည် နှင်းကျနေသည်ကို ကြည့်ရင်း ခြံထဲ၌ ရပ်နေ၏။ ဤသည်က သူ့ဘဝတွင် အရေးကြီးသောဆုံးဖြတ်ချက်ကို တတိယအကြိမ် ချရခြင်းဖြစ်သည်။
“ငါ သေသွားရင် မျိုးနွယ်စုတစ်စုလုံး ရုန့်ရင်းဆန်ခတ် ဖြစ်သွားလိမ့်မယ်။ ပြီးရင် အင်ပါယာမှာ ရှုမျိုးနွယ်စုဆိုပြီး ရှိတော့မှာ မဟုတ်ဘူး” ထိုအရာအားလုံး၏ အကြောင်းရင်းက သူ့တွင် အရိုက်အရာဆက်ခံမည့် သားမရှိ၍ဖြစ်ကြောင်း သူ သိသည်။
“တစ်ခုတည်းသောရွေးချယ်စရာက .... အင်ပါယာကို ထိန်းချုပ်တာပဲ။ အင်ပါယာရဲ့ အာဏာက မျိုးနွယ်စုပြိုကွဲသွားမှာကို တားပေးလိမ့်မယ်။ ရုန့်ရင်းဆန်ခတ်တွေတော့ ဆက်ဖြစ်မှာပဲ၊ ဒါပေမဲ့ ရှုမျိုးနွယ်စုတစ်စုတည်းတင် မဟုတ်ဘူး။ အင်ပါယာတစ်ခုလုံးဖြစ်မှာ။ ရလဒ်ကတော့ လက်ခံနိုင်ဖွယ်ရှိသေးတယ်။ ရှုမျိုးနွယ်စုဟာ ဘယ်သူပဲအုပ်ချုပ်အုပ်ချုပ် ဆက်လက်တည်တန့်သွားလိမ့်မယ်”
မန်ဟို့ကိုယ်ပွား၏ ဆဋ္ဌမဘဝ ရှုလျှို့ယွင်သည် တိတ်ဆိတ်စွာ ရပ်နေ၏။ ဤတစ်ကြိမ်တွင် ပထမနှစ်ကြိမ်တုန်းကထက် ပို၍အချိန်ပေးစဉ်းစားနေလေသည်။ အချိန်များစွာ ကုန်သွားသည်။ နောက်ဆုံးတော့ သူသည် သူ၏ပထမဆုံးအကြံအစည်အတိုင်း မြေဧကများအား သိမ်းပိုက်ဖို့ သွေးချောင်းစီးစေခဲ့သည်ကို ပြန်တွေးရင်း သက်ပြင်းချလိုက်၏။
အဆုံးသတ်တွင် သူက အင်ပါယာကို ဖရိုဖရဲဖြစ်စေဖို့ မရွေးချယ်ခဲ့ပေ။ ဆောင်းတွင်း၏ နောက်ဆုံးနှင်းများကို ကြည့်ရင်း မျက်လုံးပိတ်လိုက်သည်။ တဖြည်းဖြည်း သူ၏အရှိန်အဝါကား ပျောက်ကွယ်သွားတော့သည်။
သူ သေပြီးနောက်တစ်နေ့တွင် ရှုမျိုးနွယ်စုတစ်စုလုံး ရုန့်ရင်းဆန်ခတ် ထဖြစ်သည်။ အင်ပါယာတစ်ခုလုံးပင် တုန်လှုပ်သွားကြပြီး မကြာခင် ဧကရာဇ်ကိုယ်တိုင် ကြားဝင်ဖြန်ဖြေရတော့သည်။ ကျန်သည့်လများတစ်လျှောက်လုံး တစ်မျိုးနွယ်စုလုံးနီးပါး အသုတ်သင်ခံခဲ့ရလေသည်။
ယခုတွင် သက်လတ်ပိုင်းအရွယ် ရောက်နေပြီဖြစ်သည့် ဧကရာဇ်သည် နောက်ဆုံးလက်ကျန်ရှုမျိုးနွယ်များ သူတို့လာခဲ့သည့် မြို့သို့ ပြန်သွားကြပြီဖြစ်ကြောင်း အကြောင်းကြားစာ ရရှိ၏။
ရှုမျိုးနွယ်စုမှာ သူတို့၏မူလဘိုးဘေးအိမ်သို့ ပြန်ရောက်သွားကြသည်။ သူတို့နှစ်ပေါင်းတစ်ရာကျော် တည်ဆောက်ခဲ့သော အောင်မြင်မှုမှာ မှန်တစ်ချပ်ထဲက ပန်းတစ်ပွင့် ၊ သို့မဟုတ် ကန်ထဲက လပမာပင်။
ဤသည်မှာ မန်ဟို့ကိုယ်ပွား၏ ဆဋ္ဌမဘဝဖြစ်၏... သူ၏ရောက်လာမှုက ရှုမျိုးနွယ်စုကို အမြင့်ဆုံးသို့ ဆွဲခေါ်သွားခဲ့ပြီး သူပြန်ထွက်သွားသည့်အခါ ထိုအရာအားလုံးကို သူနှင့်အတူ ပြန်ယူသွားခဲ့လေသည်။ အချိန်နောက်ပြန်ရောက်သွားသကဲ့သို့ ရှုမျိုးနွယ်စုကား ဒုံရင်းသို့ ပြန်ရောက်သွားတော့သည်။
ဆဋ္ဌမဘဝ အဆုံးသတ်သောအခါ ဆဋ္ဌမချုပ်စည်း ပြီးမြောက်သွားသည်။ မန်ဟို့ကိုယ်ပွားသည် ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်ကာ သတ္တမဘဝကို စတင်၏။
ထိုနှစ်တစ်ရာကျော်အတွင်း ယန်အာမှာ မြေထုများအကြား ခရီးနှင်ရင်း သေမျိုးကမ္ဘာများဆီ သွားရောက်ကာ သူမဆရာ၏အငွေ့အသက်ကို ရှာနေခဲ့လေသည်။
သူ၏လူဝင်စားကို ရှာတွေ့လိမ့်မည်ဟု သူမ တထစ်ချ ယုံကြည်ထားသည်။
တစ်ဘဝတွင် ရှာမတွေ့နိုင်လျှင် ရှာတွေ့သည်အထိ သူ၏တစ်ဘဝပြီးတစ်ဘဝကို သူမ လိုက်ရှာမည်။
မန်ဟိုကတော့ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ရှိ ပန်းပွင့်ပေါ်တွင် ပန်းပွင့်လာမည်ကို စောင့်ရင်း တင်ပျဉ်ခွေထိုင်နေဆဲဖြစ်သည်။
ပန်းဖူးကား ပွင့်ခါနီးလေပြီ။
အာကာပြင်ကျယ်ကျောင်းတော်၏ ဂိုဏ်းချုပ်နှင့် ကျန်ထိပ်သီးပညာရှင်များကတော့ နဝမကုန်းမြေဆီသို့ သွားရာလမ်းကို ဖွင့်ဖို့ သင်္ချိုင်းထဲ ပြန်ရောက်နေကြသည်။ သူတို့သည် ယုံကြည်ချက်အပြည့်အဝမရှိသော်လည်း ကြိုးစားကြည့်ရလိမ့်မည်။ မအောင်မြင်လျှင် ထပ်ခါခါ ကြိုးစားမည်။ သူတို့အားလုံး ခရီးစသည်နှင့် မျှော်လင့်ချက်အပြည့်ဖြင့် အာရုံစိုက်ထားကြ၏။
တစ်ချိန်တည်းမှာပင် နဝမဂိုဏ်းသည် ဆက်လက်အင်အားကြီးသထက် ကြီးလာသည်။ ဤအချိန်တွင် သူတို့၏အင်အားက အလွန်ကြီးမားပြီး အစွမ်းထက်ပညာရှင်များစွာ ပါဝင်နေလေပြီ။ သူတို့ကား ကမ္ဘာလောကတစ်ခုပြီးတစ်ခု သိမ်းပိုက်နေ၏။
ထိုအချိန်မှာပင် မန်ဟို့ကိုယ်ပွား၏ ခုနစ်ဘဝမြောက်သည် တတိယမြေထုအပေါ်တွင် စတင်လေပြီ။