တံတားပျက်နယ်ပယ်၏ အနက်ပိုင်း
Vol. 34 Ch. 469
အာကာသဟင်းလင်းပြင်၏ အမှောင်ထုထဲတွင် ရေးသားဖော်ပြဖို့ရန်ပင် မတတ်နိုင်သော အအေးဓာတ် တည်ရှိလေသည်။ အဆိုပါအအေးဓာတ်က အချိန်တခဏလေးအတွင်း အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားစေနိုင်သည့်တိုင်အောင် ခဲပစ်နိုင်သော အအေးဓာတ်မျိုးဖြစ်၏။
အအေးဒဏ်ခံရတနာတစ်ခုမှမပါဘဲ အပြင်အားကိုယ်သက်သက်နှင့် မည်သူမဆို ဖျက်စီးခံရမည်သာ ဖြစ်လေသည်။
မီးကျင့်စဉ်တစ်မျိုးမျိုး ကျင့်ကြံထားပြီး သင့်တင့်လျောက်ပတ်သော မှော်ပစ္စည်းတစ်ခု ပိုင်ဆိုင်ထားသူသာလျှင် ဤနေရာတွင် အသက်ရှင်နိုင်ပေလိမ့်မည်။
လောလောဆယ်တွင် ကျင်ရှန်းသည် ကျောက်တုံးကြီးပေါ်တွင် တင်ပျဉ်ခွေထိုင်နေ၏။ သူမ၏ ဖီးနစ်မျက်ဝန်းလေးများက မန်ဟို့ကို လှမ်းကြည့်သည်။ ယနေ့နှင့်ဆိုလျှင် သူတို့ ဟင်းလင်းပြင်ကို ဖြတ်၍ ခရီးနှင်လာခဲ့သည်မှာ ဆက်ရက်တင်းတင်းပြည့်လေပြီ။ ထိုတစ်ချိန်လုံး တစ်ယောက်နှင့် တစ်ယောက် စကားတစ်ခွန်းပင် မပြောခဲ့ပေ။ နှစ်ယောက်လုံး ကျောက်တုံးကြီး၏ အဆုံးတစ်ဖက်စီတွင် ထိုင်ကာ ခပ်လှမ်းလှမ်း နေခဲ့ကြ၏။
တလက်လက်တောက်ပနေသော အကာအကွယ်သည် အပြင်မှ အအေးဓာတ် မဝင်လာနိုင်အောင် မန်ဟို့ကို ဝန်းရံလျက်ရှိသည်။ ပထမတွင် ၎င်းသည် အတော်လေး တည်ငြိမ်ခဲ့သော်လည်း ဟင်းလင်းပြင်၏ အနက်ပိုင်းထဲသို့ ရောက်လာသည်နှင့်အမျှ ကျောက်ခဲလေးငါးခဲမှ ဖော်ဆောင်ထားသော အကာအကွယ်မှာ မှိတ်တုတ်မှိတ်တုတ် ဖြစ်လာနေလေပြီ။ သူတို့ ဝေးဝေးရောက်လာလေလေ၊ ၎င်းမှာ ယိုယွင်းလာလေလေ ဖြစ်နေ၏။
မန်ဟို ဟင်းလင်းပြင်တွင် ဟိုဟိုသည်သည် သွားလာခဲ့စဉ်တုန်းက အမှောင်ထုအတွင်း၌ အမြဲ ဆက်ရက်ကျော် ကုန်ဆုံးခဲ့ရသည်။ သို့သော် ဤတစ်ကြိမ်မှာ ထိုအခြေအနေများနှင့် မတူပေ။
ယခုနေရာရှိ အအေးဓာတ်သည် ပုံမှန်ထက် အဆများစွာ ပြင်းထန်၏။ ထိုမျှသာမက ဟင်းလင်းပြင်၏ အတွင်းထဲ ရောက်လာသဖြင့် အအေးဓာတ်မှာ ဆထက်တိုး၍ လွန်ကဲလာသည်။ အကာအကွယ်ရတနာများဖြင့်ပင်လျှင် ခံနိုင်စွမ်းမရှိတော့သည်အထိ ဖြစ်လာခဲ့လေပြီ။
သူထိုင်နေသော ကျောက်တုံးကြီးလည်း ဆွတ်ဆွတ်ဖြူနေခဲ့ပြီကို မန်ဟို အချိန်အတော်ကြာကတည်းက သတိထားမိခဲ့ပြီးဖြစ်၏။ အရာခပ်သိမ်းကို လွှမ်းခြုံလျက်ရှိသော မြူထုသည်လည်း တစတစ ထူထပ်ပိတ်ပိန်းလာပြီး ရေခဲများ အသွင်ပြောင်းနေခဲ့လေပြီ။
ကျင်ရှန်းမှာမူ အအေးဓာတ်ကို ရင်ဆိုင်ရာ၌ ဘာအခက်အခဲမှ မရှိသယောင်ပင်။ သူမသည် ရိုးတွင်းခြင်ဆီထဲထိ စိမ့်ဝင်ထိုးဖောက်နေသော အေးခဲမှု၏အလယ်တွင် ပုံမှန်အတိုင်း တင်ပျဉ်ခွေထိုင်နေ၏။ မည်သည့်အကာအကွယ်မှလည်း ရှိမနေ။ အနားရှိ အအေးဓာတ်ကို ရှူသွင်းစုပ်ယူရင်း ကျင့်ကြံခြင်းအခြေခံကိုသာ လှည့်ပတ်နေလေသည်။
ဤအခြင်းအရာက မန်ဟို့အား သူမနှင့်ပတ်သက်ပြီး ပို၍ပင် သတိရှိမိသွားစေသည်။
စောစောက သူမအကြည့်ကို သူအာရုံရလိုက်သည်။ သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားပြီး သူမနှင့် အကြည့်ချင်းဆုံသွား၏။ မန်ဟို့၏ အကာအကွယ်မှ တချွတ်ချွတ် အက်ကွဲလာသံများအား ကြားနိုင်လေသည်။ အက်ရာများက ၎င်းမျက်နှာပြင်ပေါ်တွင် လျင်မြန်စွာ ပျံ့နှံ့လာသည်။ မကြာမီ တစ်ခုလုံး ဖုံးသွားခဲ့ပြီဖြစ်သည်။ အကာအကွယ်ကား မကြေမွသေးသော်လည်း အချိန်တိုလေးအတွင်း ထိုသို့ဖြစ်မှာ သေချာ၏။
၎င်းကြေမွသွားသည်နှင့် အအေးဓာတ်သည် မန်ဟို့ဆီသို့ အပြေးအလွှား တိုးဝင်လာပေလိမ့်မည်။
ကျင်ရှန်းသည် တစ်ယောက်တည်း ထိုင်တွေးနေသဖြင့် ဆင်ခြင်သုံးသပ်နေသော အရိပ်အယောင်တစ်ခုက သူမမျက်ဝန်းလေးများတွင် နေရာယူနေ၏။ "ငါပဲ သူ့ကို အထင်ကြီးမိလွန်းသွားတာလား မသိဘူး။ အအေးပြဿနာကို အမှတ်မထင် ဖြစ်သွားမိတယ်။ သူ့နည်းသူ့ဟန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်မသွားနိုင်ရင်တော့ ဒီမိတ်ဖွဲ့ထားတာကို ပြောင်းလဲဖို့ လိုလိမ့်မယ်.....အင်အားက ပူးပေါင်းမှုတိုင်းရဲ့ အဓိကအုတ်မြစ်၊ လေးစားမှုရဲ့ အခြေခံပဲ မဟုတ်လား" သို့သော် သူမက ပြုံးလိုက်၏။
မန်ဟိုနှင့် အက်ကွဲသွားတော့မည့် အကာအကွယ်ကို ကြည့်နေစဉ် ကျင်ရှန်း၏မျက်လုံးများက တဖျပ်ဖျပ် လက်နေ၏။ သူ့တွင် ဟင်းလင်းပြင်ကို ဖြတ်သွားရန် ယခုကဲ့သို့ ပစ္စည်းအစုံအလင် မရှိဘဲ နေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
"တာအိုရောင်ရင်းမန်၊ ဒီနေရာက အအေးဓာတ်က သာမန်အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတွေ ခံနိုင်တဲ့အရာမဟုတ်ဘူး။ ရှင့်မှာ ထူးဆန်းတဲ့ ကျင့်ကြံခြင်းအခြေခံ ရှိတယ်ဆိုရင်တောင် ခံနိုင်ရည်မရှိမှာ စိုးမိတယ်။ ဒီနား လာပါလား…. ကျွန်မနဲ့ ဆယ်မီတာအတွင်းမှာမဆို အသက်အန္တရာယ် ပူစရာမလိုဘူး"
သူမပါးစပ်မှ စကားလုံးများ ထွက်လာသည့်အချိန်မှာပင် အက်ကြောင်းများက သူ၏အကာအကွယ်တစ်လျှောက် ပင့်ကူအိမ်သဖွယ် ပျံ့နှံ့လာကာ နေရာလပ်မကျန် ဖုံးလွှမ်းသွား၏။ ဤအခိုက်အတန့်တွင် မန်ဟိုက အေးတိအေးစက် ပြောသည်။ "မလိုဘူး”
သူ့အသံသည် တည်ငြိမ်သော်လည်း မာန်အပြည့်ပါသည်။ ၎င်းကား ခက်ထန်မှုနှင့် ယုံကြည်မှုတို့အား သယ်ဆောင်လာသယောင်ပင်။ ကျင်ရှန်း သူ၏တုံ့ပြန်ချက်ကို ကြားသောအခါ သူမမျက်ဝန်းလေးများက စူးစိုက်သွား၏။
သူမသည် မန်ဟို လက်ကို ဖြေးညှင်းစွာ ဆန့်ပြီး အကာအကွယ်အား တွန်းလိုက်သည်ကို ကြည့်နေ၏။ အကာအကွယ်မှာ တုန်ရီသွားပြီး ခလွမ်းခနဲ ကြေမွသွားသည်။ ထိုသို့ဖြစ်ပျက်သွားသဖြင့် မန်ဟို့ပတ်ပတ်လည်ရှိ အဖြူရောင်ကျောက်ခဲလေးငါးခဲလည်း ပေါက်ကွဲသွားလေသည်။
အကာအကွယ် ပျက်စီးသွားခြင်းက ကျင်ရှန်း၏မျက်လုံးများကို ဝိုင်းစက်ပြူးကျယ်သွားစေသည်။ မန်ဟို့၏အပြုအမူမှာ သူမခန့်မှန်းနိုင်စွမ်းထက် လုံးဝကျော်လွန်၏။ မန်ဟို ဤကဲ့သို့ သူ၏အကာအကွယ်ကိုသူ ဖျက်စီးပစ်ရဲလိမ့်မည်ဟု သူမမည်သို့ ခန့်မှန်းနိုင်ခဲ့မည်နည်း။
အကာအကွယ်ပျက်စီးသွားသည်နှင့် ဟင်းလင်းပြင်မှ အအေးဓာတ်များက မန်ဟို့ကိုယ်တွင်းသို့ တရဟော ဝင်ရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းက သူ့တစ်ကိုယ်လုံး ဖုံးလွှမ်းလိုက်လေပြီ။
သို့သော် သူသည် ယခင်အတိုင်း အေးအေးဆေးဆေး တင်ပျဉ်ခွေထိုင်နေဆဲပင်။ သူက ညာလက်ကို ပြန်ချပြီး မျက်စိစုံမှိတ်ကာ တိတ်ဆိတ်စွာ တရားထိုင်နေသည်။ သူကား အအေးဓာတ်ကို ဖုတ်လေသောငါးပိ ရှိသည်ဟုတောင် မထင်သည့်အလားပင်။
ကျင်ရှန်းမှာ အလွန်အမင်း မှင်သက်သွားခဲ့၍ သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေမိသည်။ သူမသည် အင်မိုတယ်တစ်ဦးဖြစ်သည့်အတွက် အအေးဓာတ်ကို လျစ်လျူရှုနိုင်၏။ သို့သော် မန်ဟိုကမူ သူ၏ အသုံးမကျသောအကာအကွယ်ကို ရဲရဲဝင့်ဝင့် ဖျက်စီးပြီးနောက် အအေးဓာတ်ကို တွန်းလှန်တိုက်ခိုက်ရန် သူ့ကိုယ်သူသာ အားထားနေလေသည်။
သူမမှာ သူ့ကို လှမ်းကြည့်နေရင်း ထပ်မံ၍ အထင်ကြီးလေးစားမိသွားပြန်သည်။ "သာမန်ကျင့်ကြံသူတစ်ယောက်ဆိုရင် အကာအကွယ်အပေါ် မျှော်လင့်တကြီးနဲ့ အားကိုးနေမှာ။ ဒါပေမယ့် ဒီလူက အဲ့ဒီလိုမလုပ်ခဲ့ဘူး။ လုံးဝ ရဲဝင့်ပြတ်သားလိုက်တာ"
သူမသည် မန်ဟို အအေးဓာတ်ကို မည်သို့ ခုခံနေသည်လဲ မြင်နေရသဖြင့် ယခုတွင် သူ့အား ပို၍ပင် အလေးအနက်ထားမိသွားလေပြီ။ လောလောဆယ်တွင် သူကား မည်သို့မှ မသက်မသာဖြစ်နေပုံမပေါ်ပေ။
သူမ အတွေးပေါင်းများစွာဖြင့် ထိုင်နေစဉ် မန်ဟိုက မျက်လုံးမှိတ်လိုက်၏။ ကျောက်တုံးကြီး ရှေ့ဆက်ခရီးနှင်နေသည့်တစ်လျှောက်လုံး သူတို့နှစ်ယောက် စကားထပ်မံ မပြောတော့ဘဲ တိတ်ဆိတ်စွာသာ ထိုင်နေခဲ့ကြသည်။ လဝက် ကုန်ဆုံးသွားပြီး အအေးဓာတ်၏ ကြောက်မက်ဖွယ်ကောင်းမှုမှာ ဆက်လက် ကြီးထွားလာခဲ့သည်။
တစ်နေရာတွင် ကျင်ရှန်းက မျက်လုံးများ ဖွင့်ပြီး ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူမ ထိုသို့ လုပ်လိုက်စဉ် မန်ဟိုက သူမကို လှမ်းကြည့်လိုက်၏။ ပြီးခဲ့သော ရက်များက သူ၏ပုံစံမှာ မြင်နေကျအတိုင်းသာ ဖြစ်ခဲ့သော်လည်း တကယ်တမ်း ယခုကဲ့သို့ အအေးထဲတွင် နေနေရခြင်းမှာ ကျင့်စဉ်တစ်မျိုးအား အားထုတ်ရသည်နှင့်တူခဲ့လေသည်။
သူ၏ မီးအရုပ်ဆေးမင်ကြောင်မှာ ထာဝရမီးတောက်နှင့် တစ်သားတည်းဖြစ်နေ၏။ ထာဝရလောင်ကျွမ်းခြင်းဟူသော စာလုံးသည် ရှင်သန်မှုကို ကိုယ်စားပြုသည်။ အရိုးထဲထိအောင် အေးစိမ့်နေသော ဤအာကာသဟင်းလင်းပြင်ထဲတွင် ထာဝရမီးတောက်သည် သူ၏စိတ်ဝိညာဥ်ကို တမြေ့မြေ့ ကျွမ်းလောင်စေလျက် စိတ်ဆန္ဒကို စဉ်ဆက်မပြတ် အပူဓာတ်ပေးကာ သူ့ကိုယ်ထဲတွင် တောက်လောင်နေချေသည်။
အအေးဓာတ်က သူ့ကို ဖိနှိပ်နေသော်လည်း သူ၏စိတ်ဝိညာဉ်မှာ ထာဝရမီးတောက်ဖြင့် လောင်မြိုက်နေသည်။ သူလုပ်ရန် လိုအပ်သမျှမှာ ရှုမှတ်ရုံသာ ဖြစ်ပြီး သူ၏ခန္ဓာကိုယ်က အလိုအလျောက် နဂိုအတိုင်း ပြန်ဖြစ်လာမည်ဖြစ်သည်။ ဤသည်မှာ သူ့အား ဟင်းလင်းပြင်ကို ဖြတ်သန်းသွားစေနိုင်သောအရာပင်။
သူသည် ကျင်ရှန်း၏လက်ချောင်းများ မုဒြာလက်ကွက်တစ်ကွက် ဖော်ဆောင်နေသည်ကို ဆက်ကြည့်နေ၏။ သူမ၏မျက်လုံးများက တဖျပ်ဖျပ် တောက်ပနေရာ နိမိတ်ဖတ်နေကြောင်း ညွှန်ပြနေသည်။ ရုတ်တရက် သူမက ဘယ်လက်ကို ဆန့်ထုတ်ပြီးနောက် ကျောက်တုံးကြီးအပေါ်သို့ ဖိချလိုက်သည်။ ၎င်း မျက်နှာပြင်ကို ထိမသွားခင် မန်ဟို့၏မျက်လုံးများ အရောင်လက်သွား၏။ ချက်ချင်း အရက်ချီသည် သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာပြီး အံ့ဖွယ်ယိမ်းနွဲ့ဓားချီ ပေါ်ပေါက်လာသည်။ ကျင်ရှန်း ကျောက်တုံးကို ထိလိုက်လျှင် ယိမ်းနွဲ့ဓားချီက ပေါက်ကွဲသွားမည့်ပုံပင်။
ဤအခြင်းအရာက ကျင်ရှန်းကို တုံ့ခနဲ ရပ်သွားစေပြီး သူမသည် လှပသောခေါင်းလေးကို လှည့်ကာ မန်ဟို့ဆီ လှမ်းကြည့်၏။
"တာအိုရောင်ရင်းမန် ၊ ဒါ ဘာအဓိပ္ပါယ်လဲ"
"ဘာကြောင့် ကျုပ်ကို မပြောတာလဲ တာအိုရောင်ရင်းကျင်ရှန်း"
တခဏကြာသော် ကျင်ရှန်းက ဖြေးညင်းစွာ ပြန်ဖြေသည်။ "ကျွန်မရဲ့ နိမိတ်အတတ်အရ ဆုံမှတ်တစ်ခုကို ကျွန်မတို့ ရောက်လာခဲ့ပြီ။ ဒီမီတာတစ်ထောင်အကျယ် ဖုန်ကျောက်တုံးကို ခဏရပ်သွားအောင် လုပ်မှဖြစ်မယ်။ ပြီးရင် ဒီနေရာမှာ ခုနစ်ရက်စောင့်ဖို့ လိုတယ်"
"ဒါနဲ့ ပတ်သက်ပြီး ကျုပ် ခင်ဗျားကို ယုံပေးအောင် ဘယ်လိုသိမ်းသွင်းမလဲ" မန်ဟိုက မပြောင်းလဲသော မျက်နှာထားဖြင့် ပြောသည်။
ကျင်ရှန်း မျက်မှောင်ကြုတ်သွားပြီးနောက် သူ့ကို လေးလေးနက်နက် တစ်ချက်ကြည့်သည်။ ထို့နောက်တွင် သူမက ခပ်လွင်လွင်ကလေး ရယ်လိုက်၏။
"တာအိုရောင်ရင်းမန်၊ ကျွန်မရဲ့ နိမိတ်ဖတ်အတတ်ကို သင်ချင်တယ်ဆိုရင်လည်း သင်ချင်တယ် ပြောရောပေါ့။ ဒီလိုလုပ်စရာမလိုပါဘူး" သူမမှာ ထိုသို့ ပြောလိုက်သည့်တိုင် အလေးအနက် စဉ်းစားရင်း ထိုင်နေသေးသည်။ မန်ဟိုသည် အလွန်ဉာဏ်နီဉာဏ်နက်များပြီး တိကျပြတ်သားကြောင်း သူမသိ၏။ သူက အလွယ်တကူ အရူးလုပ်၍ရသော လူစားမျိုးမဟုတ်ပေ။ ကျင်ရှန်းသည် ခေတ္တ စဉ်းစားနေပြီးနောက် အရေးအကြီးဆုံးမှာ သူတို့၏ပူးပေါင်းမှု အဆင်ပြေချောမွေ့စေရန်ဖြစ်သည်ဟု ဆုံးဖြတ်လိုက်၏။ သူ ကျိန်စာမသင့်သည့်အချက်မှာ နောက်ပိုင်း သူမအတွက် များစွာအထောက်အကူဖြစ်မည့်အရာပင်။ သူမသည် အံတင်းတင်းကြိတ်ပြီးနောက် ဟင်းလင်းပြင်အတွင်းကို ဖမ်းဆုပ်လိုက်သောဟန် လုပ်လိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ အအေးဓာတ်က သူမလက်ဝါးထံသို့ အပြေးအလွှား ဝင်ရောက်လာပြီးနောက် သလင်းကျောက်စိမ်းပြားတစ်ပြားအဖြစ် ခဲသွား၏။
သူမသည် ၎င်းအား အချက်အလက်တချို့ဖြင့် ခတ်နှိပ်ပြီးနောက် မန်ဟို့ဆီ လှမ်းပစ်ပေးလိုက်သည်။ မန်ဟိုက ဖမ်းပြီး စိတ်ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရှု၏။ ၎င်းတွင် ဟင်းလင်းပြင်အတွင်း၌ ရှိသော အရာဝတ္ထုတစ်ခု၏တည်နေရာကို ရှာဖွေရန် မည်သို့နိမိတ်ဖတ်ရမည်လဲ ဖော်ပြထားလေသည်။
သူက ကျောက်စိမ်းပြားကို ချိုးဖျက်ကာ နိမိတ်လက်ကွက်အား ဖော်ဆောင်လိုက်သည်။ ကျင်ရှန်း စောစောက သူ့ကို ပြောပြခဲ့သောစကားအတိုင်း သိလိုက်ရသည့်တိုင် မျက်နှာအမူအရာ တစ်ချက် ပြောင်းသွားခြင်းမရှိပေ။ ထို့နောက် သူက မျက်လုံးပြန်ပိတ်လိုက်၏။
"သူက ငယ်ပုံရပေမယ့်" ကျင်ရှန်း တွေးသည်။ "လျင်ပြီးတော့ အမြော်အမြင်ရှိရှိ လုပ်ဆောင်တယ်။ မိစ္ဆာတစ်ကောင်အတိုင်းပဲ။ ဒီလူ အင်မိုတယ်အဆင့်တက်လှမ်းသွားရင် လုံးဝလူတောင် ဖြစ်တော့မှာ မဟုတ်ဘူး" သူမမှာ ဤအချက်အား ကြိတ်မှိတ်လက်ခံကာ စိတ်ထဲတွင် နှာမှုတ်ပြီး ကျောက်တုံးကြီးအပေါ်သို့ ညာလက်ဖြင့် ဖိချလိုက်သည်။
အုန်းခနဲ မြည်ဟည်းသွား၏။ စွမ်းအားအထပ်ထပ်က ကျောက်တုံးအား ဝန်းရံလိုက်သဖြင့် ၎င်းပေါ်ရှိ ရေခဲလွှာများ တခွမ်းခွမ်း ကွဲကြေကုန်ပြီး အရှိန် ရုတ်တရက် လျော့ကျလာသည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာကြာသော် ၎င်းသည် ဟင်းလင်းပြင်အတွင်း၌ လှုပ်ရှားမှုမရှိတော့ပေ။
ခုနစ်ရက်ကြာသော် အဝေးမှ အဖြူရောင်အလင်းတန်းတစ်တန်း ချဉ်းကပ်လာ၏။ ယခုတွင် နောက်ထပ်ဖုန်ကျောက်ခဲကြီးတစ်ခဲ သူတို့ဆီ ဦးတည်လာနေပြီ ဖြစ်သည်။ ၎င်းအနားရောက်လာသောအခါ မန်ဟိုနှင့် ကျင်ရှန်းတို့နှစ်ယောက်လုံး အသေးစားနေရာရွှေ့ပြောင်းလိုက်ကြသည်။ သူတို့ ဖုန်ကျောက်ခဲအသစ်၏ မျက်နှာပြင်ပေါ်တွင် ပြန်ပေါ်လာသောအခါ ၎င်းက ဦးတည်ချက်ပြောင်းပြီး အဝေးသို့ ထွက်သွား၏။
ဤသို့ဖြင့် နောက်ထပ်ငါးလ ကြာမြင့်သွားသည်။ သူတို့နှစ်ယောက်သည် အနည်းဆုံးကျောက်တုံးဆယ်တုံးခန့် ကူးပြောင်းရင်း အာကာသဟင်းလင်ပြင်တစ်လျှောက် ခရီးနှင်လာခဲ့ကြသည်။
ကံဆိုးစွာနှင့် တစ်နေရာတွင် …. ဆုံမှတ်တစ်ခု၌ ဖြတ်သန်းလာသော ဖုန်ကျောက်ခဲတစ်ခဲနှင့် သူတို့ လွဲသွားခဲ့၍ မူလအစီအစဉ်အတိုင်း ဆက်သွားမရခဲ့ပေ။ နိမိတ်အမျိုးမျိုးဖတ်ပြီးနောက် ကျင်ရှန်းနှင့်မန်ဟိုမှာ လမ်းကြောင်း ပြောင်းခဲ့ကြရသည်။ နောက်ဆုံးတွင်တော့ သူတို့အရှေ့တွင် ဧရာမကုန်းမြေထုကြီးတစ်ခု ပေါ်လာခဲ့ပြီဖြစ်သည်။
ဤကုန်းမြေ၏ အနားသတ်များမှာ အနီရောင်ဖြစ်ကာ ထူးဆန်းသော အကာအကွယ်တစ်ခုပမာ ဖြစ်နေသည်။ ၎င်းသည် ကြီးမားကျယ်ပြောပြီး တောင်တန်းများ၊ အပျက်အစီးများတည်ရှိနေသော ကုန်းမြေတစ်ခုပင်။ တစ်နေရာလုံးသည် လွန်စွာဆိတ်ငြိမ်အေးချမ်း၏။ ကြည့်ရသရွေ့ ဘယ်သူမှ ဤနေရာတွင် မနေထိုင်ခဲ့သည်မှာ ကြာခဲ့ပြီဖြစ်မည်။
"တံတားပျက်နယ်ပယ် ဖုန်ကျောက်ခဲတွေရဲ့ လမ်းကြောင်းတွေက အမြဲ တည်မြဲနေတာမဟုတ်ဘူး" ကျင်ရှန်းက တည်ငြိမ်စွာ ပြောသည်။ "ငါတို့နှစ်ယောက်လုံး နိမိတ်ဖတ်ခဲ့တာတောင်မှ အချိန်ကြန့်ကြာခဲ့တာရှိပေမယ့် ဒီနေရာမှာ ငါတို့ကို ရှေ့ဆက်သွားလို့ရစေမယ့် ကျောက်တုံးတစ်တုံးတွေ့လိမ့်မယ်လို့ ငါ ရှစ်ဆယ်ရာခိုင်နှုန်း ယုံကြည်ချက်ရှိတယ်။ ဒီနေရာကို အရင်က တစ်ခါမှ မရောက်ခဲ့ဖူးပေမယ့် ကြည့်ရတာတော့ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ ဒီရောက်ဖူးတဲ့သူ မရှိသလောက်ပဲ ထင်တယ်။ဘာပြောပြော ငါတို့က အခု ကမ္ဘာနှစ်သောင်းနယ်ပယ်နဲ့ နီးလာနေပြီမဟုတ်လား
မန်ဟို ခေါင်းညိတ်လိုက်သည်။ သူတို့သည် ကျောက်တုံးကြီးအပေါ်တွင် ရပ်လျက် ၎င်းအား အနီရောင်အကာအကွယ်ထံသို့ တဟုန်ထိုး သွားခွင့်ပြုထား၏။ ကျောက်တုံးကြီး ၎င်းကို ဖြတ်ကျော်လိုက်သည်နှင့် ထစ်ချုန်းသံကြီး ကောင်းကင်တွင် ပြည့်နှက်သွား၏။ ပဲ့တင်ရိုက်နေသောအသံက မန်ဟို့မျက်နှာအမူအရာအား ရုတ်တရက် ပြောင်းလဲသွားစေသည်။
သူတင်သာမဟုတ်။ ဤထူးဆန်းသော ကမ္ဘာအသစ်သို့ ဝင်ရောက်လျှင်ချင်း ကျင်ရှန်း၏မျက်လုံးများမှာ အံဩတုန်လှုပ်မှုများဖြင့် ဝိုင်းစက်ပြူးကျယ်သွားလေ၏။
***