← Chapters

ပြင်းထန်သော ပြောင်းလဲမှုများ

Vol. 34 Ch. 470

ပြင်းထန်သော ပြောင်းလဲမှုများ

Vol. 34 Ch. 470

"ထာဝရဘဝကို ရချင်လား"

"မင်းမှာ ကောင်းကင်နဲ့မြေကြီးကို အာခံဖို့ အရည်အချင်းရှိလို့လား"

"ကောင်းကင်ဘုံခပ်သိမ်းမှာ ပြိုင်ဘက်ကင်းတဲ့ ဘဝတစ်ခု လိုချင်လား"

မန်ဟို့စိတ်ထဲ တဝီဝီ မြည်နေသည်။ ဤကမ္ဘာသို့ သူ ဝင်ရောက်လိုက်သည်နှင့်တစ်ပြိုင်နက် စကားသုံးခွန်းက သူ့နားထဲ ဝင်ရောက်လာသည်။ ၎င်းတို့ကို လူတစ်ယောက်တည်းမှ ပြောခြင်းမဟုတ်ဘဲ၊ သူ၏စိတ်နှလုံးထဲတွင် မိုးခြိမ်းသံကဲ့သို့ ပဲ့တင်ရိုက်နေ၏။

တစ်ချိန်တည်းမှာပင် သူသည် ဤကမ္ဘာ၏ကောင်းကင်မှာ ရင်းနှီးနေသော မီးခိုးရောင်ဖြစ်ကြောင်း မြင်လိုက်ရ၏။ မည်သည့်မီးခိုးရောင်မြူမှ မြေပြင်ကို ဖုံးလွှမ်းမနေသော်လည်း တံတားကျွန်‌သောင်းပေါင်းများစွာက သူနှင့် ကျင်ရှန်း ရပ်နေသော နေရာသို့ အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် ရွေ့လျားလာနေကြောင်း တွေ့လိုက်လေသည်။

သူတို့သည် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာနေကြ၏။ မျက်စိတစ်မှိတ်အတွင်း ဤတံတားကျွန်များကား နီးကပ်လာခဲ့လေပြီ။ သို့သော် သူတို့က မန်ဟိုနှင့်ကျင်ရှန်းကို တစ်ချက်ပင် မကြည့်။ သူတို့၏အမူအရာများမှာ ယခုလေးတင် ဆင့်ခေါ်ခံခဲ့ရသဖြင့် မချင့်မရဲ‌ဖြစ်ကာ စိုးရိမ်ပူပန်နေကြသည့်အလားပင်။ သူတို့သည် မန်ဟိုနှင့် ကျင်ရှန်းကို ဖြတ်ကျော်၍ ကမ္ဘာ့အနားသတ်၏အလွန် ဟင်းလင်းပြင်ထဲသို့ တဖွဲဖွဲ ထွက်သွားကြသည်။

အသက်ဆယ်ရှိုက်စာအတွင်း တံတားကျွန်အမြောက်အမြားသည် ဟင်းလင်းပြင်အတွင်းသို့ ရောက်သွားခဲ့ကြပြီဖြစ်၏။ သူတို့ မရှိ‌တော့သည့်နောက်တွင် ခပ်သဲ့သဲအသံများသာ ပဲ့တင်ထပ်လျက် ကျန်ခဲ့လေသည်။

"အင်မိုတယ်တံတား ဘယ်အချိန်မှ အသစ်ပြန်ဖြစ်လာမှာလဲ.... ဆရာကြီးရေ ဘယ်နေ့မှ ဆရာကြီးကို ပြန်မြင်ရမှာလဲ....."

တံတားကျွန်အုပ်လိုက်ကြီး သူ၏ဘေးနားလေးမှ တရွှီးရွှီး‌ ဖြတ်သွားခဲ့ကြသဖြင့် မန်ဟို့ဦးရေပြားမှာ ထုံကျင်နေတော့သည်။ သူစီးနေသည့် ကျောက်တုံးကြီး ရပ်တန့်နေစဉ် သူ့မှာ ဟောဟဲလှိုက်ကာ အသက်ရှူနေရတော့သည်။ ကျင်ရှန်းလည်း ဤကမ္ဘာထဲရှိ တံတားကျွန်အရေအတွက်ကြောင့် သိသိသာသာ အံ့ဩတုန်လှုပ်နေလျက် မန်ဟို့ကို လှမ်းကြည့်သည်။

မန်ဟိုနှင့်ကျင်ရှန်းတို့နှစ်ယောက်လုံး တံတားကျွန်များ၏ အသံကို ကြားရသော်လည်း အသံများကား သူတို့နှစ်ယောက်ကို ရည်ညွှန်းခြင်းဖြစ်ပုံမရပေ။ ထောင်သောင်းနှင့်ချီသော တံ‌တားကျွန်များ ရေရွတ်ခဲ့သည့် စကားလုံးများသည် သူတို့၏ ရင်တွင်းဖြစ်ဆန္ဒများကို ဖော်ပြသွားခဲ့သယောင်ပင်။

တံတားကျွန်များ ဥက္ကာပျံများသဖွယ် တရွှီးရွှီး ဖြတ်ကျော်သွားစဉ် မန်ဟိုနှင့်ကျင်ရှန်းမှာ မလှုပ်မယှက် ကျန်ရစ်ခဲ့၏။ သူတို့ ဟင်းလင်းပြင်ထဲ ရောက်သွားသည်နှင့် ကမ္ဘာကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားလေပြီ။ မီးခိုးရောင်လွှမ်းနေမှု ပျောက်ကွယ်သွားခဲ့ပြီး ပုံမှန်အရောင်တို့ ပြန်လည်ယှက်သန်းလာ၏။ မန်ဟိုမှာ ဇောချွေးတို့ စိုရွှဲနေကြောင်း တွေ့လိုက်ရသည်။

ကျင်ရှန်းမျက်နှာ‌လေးမှာမူ ကြောက်လန့်နေသော ပုံပေါက်နေသေးသည်။ သူမအတွက်ပင်လျှင် ဤမျှများပြားလှသော တံတားကျွန်များမြင်ရသည်နှင့် ပထမဆုံးတွေးလိုက်မိသည်မှာ သူမတော့ သေပြီဟူ၍ပင်။

"ငါ နားလည်ရသလောက်" သူမက ပြောသည်။ "ငရဲရေစက်ကြောင့်မလို့သာ တံတားပျက်နယ်ပယ်ရဲ့ တံတားကျွန်တွေက ရာဂဏန်းလောက် အုပ်စုဖွဲ့နေကြတာ။ ဒါပေမဲ့ အခုက အရမ်းများလွန်းတယ်။ ဒီနေရာက.... ရှေးအင်မိုတယ်မိစ္ဆာဂိုဏ်းရဲ့ သမိုင်းဝင်အကြွင်းအကျန်တစ်ခုခုများ ဖြစ်နေမလား

"အဲ့ဒါကြောင့်မလို့ တံတားကျွန် ဒီလောက်အများကြီး ဒီမှာ စုဝေးနေကြတာနေမှာ။ ငါ ခန့်မှန်းတာမှန်ရင်လည်း ဘာလို့ ရုတ်တရက်ကြီး အကုန်လုံး ထွက်သွားကြတာလဲ။ သူတို့ပုံစံတွေကလည်း စိုးရိမ်ပူပန်နေသလိုနဲ့။ အဲ့ဒီလိုခံစားချက်‌မျိုးက မဖြစ်နိုင်ဘူးလေ... ဒါမဲ့...." ရုတ်တရက် သူမမျက်ဝန်းများ၌ အကြောက်တရားတို့ ပြည့်နှက်သွားသည်။

"ဒါမဲ့ ဆင့်ခေါ်တာ မခံရသ‌ရွေ့လား" မန်ဟိုက သူ့အထင်ကို ပြောရင်း မျက်လုံးများ တလက်လက် တောက်ပလာသည်။

သူတို့နှစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေသည်။ ထိုစဥ် သူတို့ပတ်ပတ်လည်ရှိ နဂိုအတိုင်း ပြန်ဖြစ်သွားသော ကမ္ဘာကြီးသည် ရုတ်တရက် အပြင်းအထန် ယိမ်းထိုးတုန်ခါလာ၏။ ကြည်လင်ပြာလဲ့နေခဲ့သော ကောင်းကင်မှာ အက်ကြောင်းများဖြင့် ချက်ချင်း ပြည့်နှက်သွားလေပြီ။ အက်ကြောင်းများ တောက်ပလာစဉ် စူးရှနေသော အသံကြီးတစ်သံ ဆိုင်းမဆင့်ဗုံမဆင့် ဟိန်းထွက်လာသည်။

မြေပြင်မှာ ပျက်စီးပြိုကျတော့မည့်အလား လှုပ်ရမ်းလာသည်။ ဤအင်မိုတယ်ကျောက်ခဲကုန်းမြေကြီးမှာ မန်ဟို၏နားထဲသို့ ပဲ့တင်ရိုက်ပြီး သူ့ကို တုန်ရီစေကာ သွေးတစ်ပွက် အန်လိုက်ရစေသော အံ့မခန်းလိလိ ဟိန်းဟောက်သံကြီးတစ်သံကို ထုတ်လွှတ်လိုက်သယောင်ပင်။

သူ့မှာ ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွား၏။ မယုံနိုင်လောက်အောင် ကြီးမားသော အားတစ်ရပ်က သူ့မျက်နှာကို ဝင်ဆောင့်တိုက်လိုက်သည့်အလား ခံစားလိုက်ရသည်။ သူ့မှာ နောက်သို့ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားပြီး ဟင်းလင်းပြင်၏အနားသတ်ကို ဗိုင်းခနဲ ဝင်‌တိုက်သွား၏။

ကံကောင်းစွာနှင့် သူ တိုက်မိလိုက်သော အနားသတ်မှာ စုတ်ဖြဲခံထားရပြီးဖြစ်ကာ အကောင်းအတိုင်း ပြန်မဖြစ်သေးပေ။ မန်ဟို့မှာ ထိုအပေါက်မှ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ ‌ဟင်းလင်းပြင်ထဲသို့ တန်းတန်းမတ်မတ် ပျံထွက်သွားတော့သည်။

တစ်ဆက်တည်းမှာပင် ကျင်ရှန်း၏ပါးစပ်မှလည်း သွေးများ ပန်းထွက်သွားသည်။ သူမ တစ်ကိုယ်လုံး အကြောဆွဲသလို တဆတ်ဆတ်တုန်ရီလာပြီး အားကို မခံနိုင်‌တော့‌ပုံရသည်။ သို့သော် အပေါက်မှတစ်ဆင့် ဟင်းလင်းပြင်ထဲသို့ လွင့်ထွက်သွားစဉ် သူမမှာ သူမ၏ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်သေးပုံပင်။

မန်ဟို့မျက်နှာမှာ ဖြူဖျော့နေပြီး ချာချာလည် မူးနေ၏။ ဟင်းလင်းပြင်၏အအေးဓာတ်က သူ့ကို လွှမ်းခြုံသွား၍ ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းစပြုလာသည်။ ပိုဆိုးသည်က သူ၏ရင်ဘတ်ပိုင်းမှာ သွေးများနှင့် ပုံပျက်ဆင်းပျက် ဖြစ်နေ၏။ အရိုးများလည်း မရေမတွက်နိုင်အောင် ကျိုးကြေသွားခဲ့လေပြီ။ ဒဏ်ရာများမှ သွေးများ ပန်းထွက်လာ၏။

‌သေရေးရှင်ရေးအခြေအနေ ဖြစ်နေချေပြီ။ ကျင်ရှန်းမှာမူ လွင့်ထွက်လာခဲ့သော်လည်း ဒဏ်ရာဆိုးဆိုးရွားရွား မရသွားပေ။ ခရမ်းမျက်ဆံအသွင်ပြောင်းခြင်းက စတင်သက်ဝင်လာသဖြင့် မန်ဟို့၏မျက်လုံးများ ခရမ်းရောင်တောက်လာ၏။ သူသည် အသက်စွမ်းအားတချို့ကို စတေးခြင်းဖြင့် ဆိုးရွားနေသော ဒဏ်ရာတချို့ကို ကုသနိုင်လိုက်သည်။

ကုသခြင်း မြန်မြန် လုပ်ဆောင်လေလေ၊ အသက်စွမ်းအား ပိုမိုခမ်းခြောက်သွားလေလေပင်။

မန်ဟို့ရင်ဘတ်မှာ လျင်မြန်စွာ သက်သာလာပြီး သူ၏ဒဏ်ရာများအားလုံး ပျောက်ကွယ်သွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံပင်လျှင် စွမ်းအားအထွပ်အထိပ်သို့ ရောက်နေလေပြီ။ သို့သော် သူ ပေးဆပ်လိုက်ရသည်မှာ ......သက်တမ်း နှစ်ခြောက်ဆယ်စက်ဝန်းတိတိ ဖြစ်လေ၏။

မန်ဟို ချက်ချင်း သက်သာလာခြင်းက ကျင်ရှန်း၏မျက်ဝန်းများကို အရောင်လဲ့သွားစေသည်။ သူ ထိုသို့လျင်မြန်စွာ သက်သာအောင် မည်သည့်ပညာရပ်အသုံးပြုခဲ့စေကာမူ၊ ပေးဆပ်ရမည့် တန်ရာတန်ကြေးကား နည်းနည်းနောနောမဟုတ်ကြောင်း သူမပြောနိုင်သည်။ သူတို့နှစ်ယောက် နောက်ဆက်ဆုတ်‌နေစဉ် တစ်ယောက်ကိုတစ်ယောက် ကြည့်ပြီးနောက် တုန်ရီနေသော ဧရာမကုန်းမြေကြီးကို ပြန်လှည့်ကြည့်လိုက်၏။

သူတို့မြင်နိုင်သည့် တစ်ခုတည်းသောအရာမှာ လှုပ်ရမ်းတုန်ခါနေသည့် ဧရာမကုန်း‌မြေကြီးသာ ဖြစ်သည်။ ရံဖန်ရံခါ ဟိန်းဟောက်သံများအား ကြားနိုင်သည်။ ၎င်းတို့သည် ကုန်းမြေအတွင်း၌ မီးခိုးရောင်မြူများ တထောင်းထောင်းထလာစေသည့်တိုင်အောင် အားကောင်းသထက် အားကောင်းလာသည်။

မီးခိုးရောင်မြူများမှာ ဧရာမမှိုပွင့်သဏ္ဌာန်တိမ်တိုက်ကြီးနှင့် တူလာသည်။ ၎င်း ဖောင်းခနဲ ပေါက်ကွဲထွက်သွားကာ တလိပ်လိပ် ရိုက်ခတ်အုံကြွလာပြီး ဧရာမသားရဲကြီးတစ်ကောင်အသွင် ပြောင်းသွား၏။ ၎င်းသည် မြူအတိပြီး‌သော နတ်နဂါးချီလင်ကြီးအတိုင်းပင်။ သို့သော် သေသေချာချာကြည့်ပါက .... တံတားကျွန်ဖြစ်ကြောင်း သိရပေလိမ့်မည်။

ခြွင်းချက်ကား ဤချီလင်ကြီးက သာမန်တံတားကျွန်တစ်ကောင်ထက် အဆများစွာ အစွမ်းထက်ခြင်းပင်။

ပေါ်လာပြီးနောက်တွင် မြူချီလင်ကြီးက ခေါင်းထောင်ပြီး ဟိန်းလိုက်၏။ ၎င်းသည် ဆင့်ခေါ်ခံခဲ့ရသဖြင့် စိုးရိမ်ပူပန်နေသည့်အလား ဝုန်းခနဲ ရှေ့တက်လာသည်။

မန်ဟိုနှင့် ကျင်ရှန်းမှာ ၎င်းနှင့် အတိုင်းထက်အလွန် နီးကပ်နေ၏။ သူတို့ အသေးစားနေရာရွှေ့ပြောင်းလျှင်တောင်မှ၊ ကျင်ရှန်း သူမ၏လျှပ်စီးသဖွယ် အမြန်နှုန်းကို အားထားလျှင်တောင်မှ ရှောင်ချိန်မရ။ သူတို့မှာ ချီလင်သားရဲကြီး သူတို့ဆီ ပြေးဝင်လာသည်ကို ကြောင်တောင်တောင်သာ ကြည့်နေနိုင်တော့သည်။ မျက်စိတစ်မှိတ်အတွင်း ၎င်း၏မြူများက သူတို့ကို လွှမ်းခြုံသွားလေပြီ။

တဂျုန်းဂျုန်း မြည်ဟည်းသွားသည်။ မန်ဟို့ပါးစပ်မှ သွေးများ ထပ်မံပန်းထွက်သွား၏။ သူသည် ပဒုမ္မာဓားဝင်္ကပါကို ကပျာကယာ ဆင့်ခေါ်ကာ သူ၏ပတ်ပတ်လည်တွင် တဟူးဟူး လည်ပတ်စေလိုက်သည်။ အချိန်စွမ်းအားလှိုင်းများ ဖြာထွက်လာ၏။

မန်ဟို သွေးလေးလုပ် အန်ခဲ့ပြီးသည့်အချိန်တွင် ပဒုမ္မာဓားဝင်္ကပါသည် ကြောက်မက်ဖွယ်ရာ နှစ်တစ်ထောင် အချိန်စွမ်းအားကို ထုတ်လွှတ်ရင်း ၎င်း၏ရပ်ဝန်း - မီတာသုံးဆယ်ဧရိယာအတွင်းရှိ မြူအလုံးစုံကို အရည်ပျော်စေလိုက်သည်။ မှန်ပါသည် ... အဆိုပါရပ်ဝန်းမှာ အလွန်ကြီးမားလှသော နတ်နဂါးချီလင်ကြီး၏ကိုယ်ထည်နှင့်ယှဉ်လျှင် မပြောပလောက်ပေ။

ရလဒ်အ‌နေဖြင့် မန်ဟိုမှာ သားရဲကြီးနှင့်အတူ ပါသွားလေသည်။

တစ်ချိန်တည်းမှာပင် ကျင်ရှန်းလည်း သွေးအလုပ်အနည်းငယ် အန်လိုက်ရသည်။ ထို့နောက် သူမက မြူကို ခုခံရန် အင်မိုတယ်နတ်ဘုရားစွမ်းရည်တစ်ခုကို အသုံးပြုခဲ့သည်။ မန်ဟို့နည်းတူ သူမလည်း ဧရာမချီလင်သားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် သူမအတွက် နေရာတစ်နေရာ ဖန်တီးလိုက်၏။

သူတို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး တစ်ယောက်၏မျက်ဝန်းထဲရှိ တင်းမာခက်ထန်သောအရိပ်အယောင်ကို တစ်ယောက်မြင်လိုက်ကြရသည်။ သူတို့နှစ်ယောက်မှာ ဤအခြေအနေသို့ မထင်မှတ်ဘဲ ဆွဲသွင်းခံခဲ့ရလေပြီ။ သို့သော် ကိုယ့်ကိုယ်ကို မည်သို့ကယ်တင်ရမည်လဲ ဆွေးနွေးရန် အချိန်မရှိ။ လက်ရှိအချိန်တွင် ကယ်တင်ခြင်းက သူတို့အား ‌အာကာသဟင်းလင်းပြင်ထဲတွင် မျက်စိလည်လမ်းပျောက်ကာ ဒုက္ခရောက်စေလိမ့်မည်။ ထိုသို့ဖြစ်ပျက်ခဲ့လျှင် လက်လျှော့ပြီး ထွက်သွားရန် အင်မိုတယ်တံတားကျောက်ခဲကို အသုံးပြုရုံမှတစ်ပါး ရွေးချယ်စရာမရှိတော့မှာ မဟုတ်ပေ။

"ဒီချီလင်သားရဲကြီးကို စီးရင်း လိုက်ပါသွားလို့ ရနေတဲ့အချိန်မှာ ဘာလို့ အဲ့ဒီလိုလုပ်နေမလဲ" မန်ဟိုက မျက်လုံးများ တလက်လက်တောက်ပနေလျက် တွေးသည်။ "တံတားကျွန်တွေကို ‌ဆင့်ခေါ်နိုင်တာ ဘယ်လိုအရာမျိုးလဲ ကြည့်ရတာပေါ့" အခြေအနေသည် ကံဆိုးခြင်းသို့ ဦးတည်ခဲ့သော်လည်း သူ့တွင် တခြားရွေးချယ်စရာ အမှန်တကယ်မရှိပေ။ အင်မိုတယ်တံတားကျောက်ခဲလည်း ရှိနေသေးသည်ဖြစ်ရာ ဆိုးဆိုးရွားရွား တစ်ခုခုဖြစ်လျှင် အချိန်မရွေး ထွက်သွားနိုင်၏။

ကျင်ရှန်း ဘာကြံနေသည်လဲ ပြောမရပေ။ ကျောက်ယူလန်၏ခန္ဓာကိုယ်ကို ဝင်စီးထားရသည့်အတွက် သူမလည်း ထွက်ခွာဖို့ အင်မိုတယ်တံတားကျောက်ခဲကို သုံး‌နိုင်ခြေများသည်။

သူတို့နှစ်ယောက်သည် ဘာစကားမှမပြောဘဲ ဟိန်းဟောက်ရင်း ပျံသန်းသွားနေသော နတ်နဂါးချီလင်သားရဲကြီးနှင့်အတူ လိုက်ပါသွားကြလေ၏။

ဟင်းလင်းပြင်၏ အအေးဓာတ်မှာ မြူထုကို မထိုးဖောက်နိုင်ပေ။ နတ်နဂါးချီလင်ကြီး ကြောက်မက်ဖွယ်ရာအမြန်နှုန်းဖြင့် တဟုန်ထိုး သွားနေသဖြင့် အပြင်ရှိ အ‌မှောင်ထုမှာ အနက်ရောင်ရေများသဖွယ် တရိပ်ရိပ် ဖြစ်ကျန်ခဲ့၏။

နတ်နဂါးချီလင်ကြီးသည် ဖုန်ကျောက်ခဲများထက် အဆပေါင်း အလွန့်အလွန်များလှသော အမြန်နှုန်းဖြင့် ရွေ့လျားနေသည်။ ၎င်းသည် အရွယ်အစားအားဖြင့် အလွန်ကြီးမားလေရာ ကျင်ရှန်းနှင့်မန်ဟိုကို အတွင်း၌ ပိတ်မိနေသော ခြင်လေးများသဖွယ် ဖြစ်‌နေစေ၏။

၎င်းသည် မန်ဟိုနှင့် ကျင်ရှန်းကို သယ်ဆောင်ရင်း တံတားပျက်နယ်ပယ်၏ ဟိုးအနက်ပိုင်းထဲသို့ တစတစ တိုးဝင်ရောက်သွားသည်။

အချိန်များ ကုန်လွန်လာ၏။ ခုနစ်ရက်ကြာသော် သူတို့သည် ဖုန်ကျောက်ခဲကြီးနှင့်ဆိုလျှင် တစ်လထက်ကြာမည်ဖြစ်သော အကွာအဝေးသို့တိုင် ခရီးနှင်လာခဲ့ပြီးလေပြီ။

တစ်လကြာသော် မန်ဟို စိတ်နှလုံးတုန်ရီသွားသည်။ အရှေ့ရှိ ဟင်းလင်းပြင်ထဲတွင် ပြိုင်ဘက်ကင်းလောက်အောင် ကြီးမားသော ဘီလူးကြီးတစ်ကောင် ၎င်း၏လက်များအား ‌ဝှေ့ယမ်းနေသည်ကို သူ ယခုလေးတင် မြင်ခဲ့ရလေသည်။ ၎င်း၏ခန္ဓာကိုယ်မှာ မြူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်သာမက ၎င်းသည် နတ်နဂါးချီလင်ကြီးနှင့် အရပ်မျက်နှာတစ်ခုတည်းသို့ ဦးတည်နေလေ၏။

တစ်ချိန်တည်းမှာပင် ‌အရေအတွက်အားဖြင့် ထောင်သောင်းနှင့်ချီသော တံတားကျွန်စစ်တပ်ကြီး တူညီသောအရပ်မျက်နှာသို့ အမြင့်ဆုံးအရှိန်ဖြင့် ပျံသန်းသွားနေသည်ကို မန်ဟို မြင်လိုက်ရသည်။

သူတို့ ဆက်လက် ခရီးနှင်လာစဉ် ယခုကဲ့သို့ မြင်ကွင်းများအား ပိုပိုမြင်လာရ၏။ သေးသေး‌ကြီးကြီး၊ တံတားပျက်နယ်ပယ်အတွင်းရှိ တံတားကျွန်များအားလုံး တစ်နေရာတည်းသို့ ချီတက်နေကြသယောင်ပင်။

မန်ဟိုတစ်ယောက်သာလျှင် ဤအခြင်းအရာကြောင့် အံ့အားသင့်နေခြင်းမဟုတ်။ ကျင်ရှန်းလည်း ရင်ခုန်သံများ မြန်နေသည်။ ဤနေရာနှင့်ပတ်သက်၍ သူမ၏အသိမှာ ပိုမို ကျယ်ပြန့်လာပြီး သူမ၏ခန့်မှန်းချက်များက သူမနှလုံးသားအား ဖြစ်ညစ်နသော အကြောက်တရားအား မွေးဖွားပေးလိုက်သည်။

"မဟုတ်မှ... သူတို့သွားနေတာက ... အင်မိုတယ်ဝိညာဉ်တောင်ကိုလား"

ကျင်ရှင်း ရင်တဒိန်းဒိန်း ခုန်လာသည့်အချိန်မှာပင် ခပ်လှမ်းလှမ်း၌ တောင်တစ်လုံးပေါ်လာ၏။

တောင်သည် ထူးဆန်းသောအလင်းရောင်ဖြင့် ကွန့်မြူးလျက် အာကာသဟင်းလင်းပြင်၏အလယ်တွင် တန့်လျက်ရှိသည်။ ၎င်းအနားတွင် မည်သည့် အင်မိုတယ်တံတားကျောက်ခဲမှ ရှိမနေ။ အလွန်ကြီးမားသော တောင်ကြီးတစ်လုံးသာ ထီးထီးတည်း ရှိနေ၏။

တောင်အပေါ်တွင် ထူးခြားဆန်းကြယ်သော အလင်းရောင်များ တောက်ပနေသော နာမည်အမြောက်အမြားအား ရေးသားထားသည်။ ၎င်းတို့က မှော်သ‌င်္ကေတများသဖွယ် တောင်တစ်တောင်လုံးကို ဖုံးလွှမ်းထား‌လေ၏။ ပြောရခက်သော်လည်း ထိုနေရာတွင် နာမည်ပေါင်းသန်းနှင့်ချီ ရေးသားထားသည့်အလားပင်။

နာမည်များ အရောင်တစ်ချက်လက်သွားတိုင်း တောင်အနား ချဉ်းကပ်သွားနေသော တံတားကျွန်များ၏မျက်နှာများမှာ ပို၍ စိုးရိမ်ပူပန်လာပုံပေါက်ကာ မြန်မြန် ပျံသွားကြမည်ဖြစ်သည်။

တောင်၏ထိပ်တွင် ရှေးကျပျက်စီးနေသော အငွေ့အသက်ကို ထုတ်လွှတ်နေသော နန်းတော်တစ်ခုရှိသည်။ နန်းတော်အတွင်းအား တိတ်ဆိတ်မှုနှင့် အမှောင်ထုက ကြီးစိုးနေ၏။

တောင်အနားရှိ အခြားတစ်နေရာတွင် လူတစ်ယောက်ရှိသည်။ သူသည် အရက်အိုးကို ကိုင်လျက် ရပ်နေ၏။ မိုးပြာဓားက သူ၏ခန္ဓာကိုယ်အနားတစ်ဝိုက်တွင် လေကို တဝှစ်ဝှစ် ပိုင်းဖြတ်ရင်း လှုပ်ရှားနေသည်။ သူသည် ရှည်လျားသော မိုးပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ဆံပင်များက လေတွင် မျောလွင့်နေချေသည်။ သူ၏မျက်လုံးများက စူးရှသောအလင်းရောင်ဖြင့် တောက်ပနေ၏။

ဤလူကား ... ဟန်ရှန်းမှတစ်ပါး အခြားမဟုတ်ပေ။

သူက ရုတ်တရက် အေးစက်စက်ပြောသည်။ ထိုအေးစက်မှုနှင့်ယှဉ်လျှင် ဟင်းလင်းပြင်၏အအေးဓာတ်ကမှ အတန်ငယ် နွေးသွားသယောင်ပင်။ "ငါ နောက်တစ်ခေါက် ထပ်ပြောမယ်။။ ငါ့မိန်းမကို လိုချင်တယ်... အခုချက်ချင်း ပြန်ပေးပါ"

***

All Chapters