← Chapters

နှင်းမြေမိစ္ဆာဧကရာဇ်

Vol. 34 Ch. 471

နှင်းမြေမိစ္ဆာဧကရာဇ်

Vol. 34 Ch. 471

ဟန်ရှန်း၏အသံသည် ဟင်းလင်းပြင်အတွင်း၌ ပဲ့တင်ထပ်သွားပြီး လာနေသော တံတားကျွန်သန်းပေါင်းများစွာကို ရိုက်ခတ်လိုက်သည်။ သို့သော် သူတို့အား ဒဏ်ရာရစေခြင်းမရှိဘဲ ပြန်ကန်ထွက်ကာ ပဲ့တင်သံများဖြစ်လာသည်။ အသင်္ချေသော အသံများက ဟန့်ရှန်းအား တုံ့ပြန်နေသည့်အလားပင်။

သူစကားပြောလိုက်သောပုံစံကြောင့် သူ၏အရှိန်အဝါသည် "ဘီလူးသရဲစီးသကဲ့သို့ ကြောက်မက်ဖွယ်ရာ ကောင်းလှပါသော" ဆိုသော စကားလုံးများနှင့်ဖော်ပြဖို့ရန်ပင် မတတ်နိုင်လောက်အောင် ပေါက်ကွဲထွက်လာ၏။ အထူးချွန်အပြောင်မြောက်ဆုံးသူရဲကောင်းများပင်လျှင် ယခုလက်ရှိ ဖြစ်ပွားနေသောအရာ၏ တစ်ဝက်မျှသာ အောင်မြင်နိုင်လေသည်။

ဟန်ရှန်းနှင့် သူ့စကားလေးတစ်ခွန်းကြောင့် ဖြစ်ပါ်လာသော ရလဒ်များကို မြင်သောအခါ မန်ဟို၏စိတ်နှလုံး ချာချာလည်သွားသည်။ တံတားကျွန်များမှာ ဟန်ရှန်း၏ စွမ်းအားကို ခုခံနိုင်စွမ်းကင်းမဲ့နေသည်ကိုလည်း သူမြင်ရ၏။ တိတိကျကျဆိုရလျှင်‌...ဟန်ရှန်းမှာ သူတို့ ထိခိုက်လိုစိတ် ရှိမနေ။

သို့မဟုတ်.... သူသည် သူတို့ မတော်တဆ ထိခိုက်သွားမှာစိုးနေသည်ဟုပင် ပြောကောင်းပြောနိုင်၏။

မန်ဟိုသည် ဟန်ရှန်းအား ပထမဆုံး မြင်ခဲ့ရသောအချိန်နှင့် ထိုလူ တံတားကျွန်များကို ကြည့်နေသည့်မျက်ဝန်းများအား သတိရလိုက်သည်။ ၎င်းမှာ ရှာ‌ဖွေနေသောအကြည့်၊ ဝမ်းနည်းကြေကွဲနေသောအကြည့် ဖြစ်ခဲ့သည်။ သူသည် သူ့ဘဝတွင် တစ်‌ယောက်တည်းသာရှိသော အမျိုးသမီးကို ရှာဖွေနေခဲ့သယောင်ပင်။

ထိုအမျိုးသမီးမှာ သူ့ဇနီးသည်… ရွှယ့်အာဆိုသော အမည်ရှိသည်။

အသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ရုတ်တရက် ဟန်ရှန်းက လက်ကို မြှောက်လိုက်၏။ သူသည် တင်းမာခက်ထန်နေသော မျက်ဝန်းများဖြင့် တောင်ထံသို့ ခုတ်ပိုင်းချလိုက်သော လက်ဟန် လုပ်လိုက်သည်။ အရက်ချီတို့ ဝုန်းခနဲ ‌ထွက်ပေါ်လာ၏။

မန်ဟို့တွင်လည်း ယိမ်းနွဲ့‌ဓားချီရှိသည့်တိုင် ဟန်ရှန်း အသုံးပြုနိုင်သော ပမာဏနှင့်ယှဉ်လျှင် ပိုးစုန်းကြူးနှင့် လင်းထိန်တောက်ပနေသော လပြည့်ဝန်းကို နှိုင်းယှဉ်နေသည့်ပမာ ဖြစ်လိမ့်မည်သာ။

အရက်ချီက ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး၌ နေရာယူရင်း ဖြာထွက်ပျံ့နှံ့လာသည်။ ၎င်းအတွင်းတွင် ဟန်ရှန်းနှင့်ဆင်သော ပုံရိပ်များအား မြင်နိုင်၏။ အရက်ချီများ ဆထက်တိုးပွားလာသည်နှင့်အမျှ ပုံရိပ်များ ပိုမို ထွက်ပေါ်လာကာ နောက်ဆုံးတွင် တစ်သိန်းထက် မနည်းတော့သည့်တိုင်အောင် ဖြစ်လာခဲ့လေပြီ။

ဤဟန်ရှန်းပုံရိပ်‌ထောင်သောင်းချီက အရက်ချီကို ကိုယ်စီထွေးထုတ်လိုက်ကြသည်။ ၎င်းတို့ထိုသို့ လုပ်လိုက်သဖြင့် မထင်ရှားသောပုံရိပ်တစ်ခု စတင်မြင်သာလာသည်။

အဆိုပါမထင်မရှားပုံရိပ်မှာ ကမ္ဘာတစ်ခု၏ပုံရိပ် ဖြစ်လေ၏။ ၎င်းကား ကောင်းကင်၊ မြေပြင်၊ သက်ရှိလူသားများနှင့် ပြည့်စုံသောကမ္ဘာတစ်ခု ဖြစ်‌လေသည်။ အရာအားလုံးမှာ လွန်စွာအသက်ဝင်ပြီး ဤကမ္ဘာသည် ဟန်ရှန်း၏အပိုင် ဖြစ်သယောင်ပင်။

မိုးပြာရောင်ဓားတစ်လက် ဟန်ရှန်း၏လက်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ ၎င်းက ကြောက်ခမန်းလိလိဓားချီကို ထုတ်လွှတ်ရင်း အောက်သို့ ပိုင်းချလိုက်ရာ ဓားချီသည် ပြန့်ကားသွားပြီး မိုးပြာရောင်နဂါးတစ်ကောင်၏ပုံရိပ် ဖြစ်လာ၏။ နဂါးတွန်သံက ‌‌ဟင်းလင်းပြင်ကို စုတ်ဖြဲပစ်လိုက်ပြီး နဂါးသည် ဓားချီကို စုစည်းရင်း ဟန်ရှန်း၏ကမ္ဘာကို စုပ်ယူ‌လိုက်လေသည်။ ထို့နောက် ၎င်းသည် တောင်ထိပ်ရှိ နန်းတော်သို့ လျင်မြန်စွာ ပျံထွက်သွား၏။

၎င်း ရွေ့လျားသွားစဉ် သေစေနိုင်သော လှိုင်းများက ဖြာထွက်နေလေသည်။ ၎င်း၏စွမ်းအားသည် သာမန်ကျင့်ကြံသူများ၏ နတ်ဘုရားစွမ်းရည်များထက် သာလွန်၏။

မျက်စိတစ်မှိတ်အတွင်း ဟိန်းဟောက်နေသော မိုးပြာရောင်နဂါးကြီးသည် ထိတွေ့သမျှအားလုံးကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေရင်း ဟင်းလင်းပြင်ကို ဖြတ်သွားနေ၏။ တစ်ချိန်တည်းမှာပင်...

အေးစက်စက် နှာမှုတ်သံတစ်သံအား နန်းတော်အတွင်းမှ ကြားလိုက်ရသည်။ နှာမှုတ်သံ ပဲ့တင်လာသည်နှင့် ဟင်းလင်းပြင်ထဲရှိ အအေးဓာတ်သည် ကြောက်မက်ဖွယ်ရာအဆင့်အထိ မြင့်တက်သွားခဲ့၏။

မိုးပြာရောင်နဂါးကြီးက တုံခနဲ ရပ်သွားသည်။ ၎င်း၏ခန္ဓာကိုယ်မှာ ဆွတ်ဆွတ်ဖြူလာလေပြီ။ အသက်တစ်ရှိုက်စာလေးအတွင်း ၎င်းကား ရေခဲရုပ်ကြီး ဖြစ်သွားတော့သည်။

ထို့နောက် ဟင်းလင်းပြင်တွင် အဖြူရောင်အလွှာတစ်လွှာ စတင်ပြည့်နှက်လာသည်။ အဖြူရောင်သည် မည်သည့်နေရာကမှန်းမသိ ပေါ်လာသော ဆီးနှင်းများဖြစ်၏။ နှင်းမြူများသည် ပုံသဏ္ဌာန်မဲ့သော ထုထည်ကြီးအဖြစ် အတူတကွ စုစည်းကာ ဟင်းလင်းပြင်ထဲတွင် ပြန့်ကားလာ၏။ ၎င်းသည် အဆုံးမရှိသည့်တိုင်အောင်  မျက်စိတဆုံး ဆန့်တန်းလာကာ ဟင်းလင်းပြင်တွင် ပြည့်နှက်သွားသော ဧရာမမြေထုကြီးတစ်ခုအား ဖန်တီးလိုက်လေသည်။

နှင်းတို့ ဖုံးနေသော မြေထုကြီးတစ်ခု။

နှင်းမြေထုကြီးမှာ ရေခဲမဟုတ်ဘဲ မြေအမျိုးအစားတစ်မျိုးဖြစ်လေသည်။ ၎င်းတွင် ကောင်းကင်မြေကြီးများထက် အဆပေါင်းများစွာ ပိုမိုသိပ်သည်းသောအင်မိုတယ်ချီများ ပါရှိနေ၏။

"နှင်းမြေမိစ္ဆာဧကရာဇ်" ကျင်ရှန်းမှာ အံ့ဩမယုံကြည်နိုင်မှုတို့ ပြည့်နှက်နေသော မျက်နှာလေးဖြင့် တုန်ရီအက်ကွဲစွာ ပြောသည်။ သူမသည် အင်မိုတယ်တံတားကျောက်ခဲကို ချက်ချင်း ထုတ်ပြီး ချေလိုက်၏။

သို့သော် သူမမျက်နှာ ကွက်ခနဲ ပျက်သွားသည်။ အင်မိုတယ်တံတားကျောက်ခဲ၏ နေရာရွှေ့ပြောင်းခြင်းစွမ်းအားမှာ အသက်မဝင်တော့ပေ။

ကျင်ရှန်းမျက်နှာ သွေးဆုပ်ဖြူလျော်သွားသည်။

"‌နှင်းမြေမိစ္ဆာဧကရာဇ်က အသက်မရှိလောက်တော့ဘူးလေ။ ကျီဘိုးဘေးနဲ့ တိုက်ပွဲမှာ သေသွားပြီမဟုတ်ဘူးလား

"သူ့အလောင်းက ယူသွားခံရပြီး ဂြိုဟ်ကြီးလေးလုံးထဲက တစ်လုံးပေါ်မှာရှိတဲ့ အင်မိုတယ်ချုပ်နှောင်ခြင်းစင်မြင့်တစ်ခုအဖြစ် ပြောင်းလဲခံခဲ့ရတယ်။ သူ့ရဲ့ အင်မိုတယ်နတ်ဝိညာဉ်က သုတ်သင်ဖယ်ရှားခံရပြီး ကျီမျိုးနွယ်စုရဲ့ ရတနာကိုးပါးထဲက နှင်းမီးအိမ်အဖြစ် သန့်စင်ခဲ့ရတာ

"သူ့ရဲ့တပည့်‌တွေ နဲ့ မျိုးဆက်တစ်ခုလုံးကို ကျီမျိုးနွယ်စုတစ်စုလုံးက တစ်ယောက်မကျန် ခေါ်သွားပြီး ကျီမျိုးနွယ်စုရဲ့ ပင်မဂိတ်ပေါက်ကြီးကနေ ဖြတ်သန်းစီးဆင်းနေပြီး ဘယ်တော့မှ ရေခဲမသွားတဲ့ ရေအေးမြစ်အဖြစ် ပြောင်းလဲပစ်လိုက်တယ်"

ကျင်ရှန်းမှာ ဤစကားလုံးများကို ရေရွတ်နေစဉ် မျက်နှာပို၍ပင် ဖြူဆုပ်လာသည်။ သူမအသံက တိုးညှင်းသည့်တိုင် နတ်နဂါးချီလင်ကြီး၏ မြူခန္ဓာအတွင်းတွင် ပဲ့တင်ရိုက်ပြီး သူမနှင့် အတော်လေးနီးသော မန်ဟို့ဆီသို့ ပျံ့လွင့်လာသည်။

တစ်ချိန်တည်းမှာပင် နန်းတော်အတွင်းမှ အသံတစ်သံ ပဲ့တင်ထပ်လာ၏။ ထိုသို့ထွက်လာသောအခါ နှင်းမြေထုကြီး တသိမ့်သိမ့်တုန်လာပြီး တံတားကျွန်များ၏ မျက်နှာများပေါ်တွင် မချင့်မရဲဖြစ်နေသော အရိပ်အယောင်မရှိတော့ပေ။ ထိုအစား ရက်စက်ကြမ်းကြုတ်လာကြ၏။ သူတို့၏မျက်လုံးများလည်း နီရဲလာပြီး အငမ်းမရ သတ်ဖြတ်လိုသော စိတ်ဆန္ဒအား ထုတ်လွှတ်နေကြသည်။

ခံစားချက်မဲ့သော အသံတစ်သံအား ကြားလိုက်ရသည်။ "ငါ့ရဲ့ အင်မိုတယ်မိစ္ဆာကမ္ဘာထဲ ဝင်ရောက်လိုက်ရင် သေခြင်းနဲ့ရှင်ခြင်းက ကောင်းကင်ဘုံရဲ့လက်ထဲမှာ မရှိတော့ဘူး။ ထာဝရဘဝရပြီဆိုမှတော့ ကံတရားရဲ့စီရင်မှုကို ဘာလို့ ခံနေတော့မလဲ" ၎င်းက စကားပြောရပ်သွားပြီး သက်ပြင်းဖွဖွချလိုက်၏။

ထို့နောက် ပတ်ဝန်းကျင်ရှိ တံတားကျွန်အမြောက်အမြား ဟန်ရှန်းဆီသို့ ကြိတ်ကြိတ်တိုး ပြေးဝင်လာကြသည်။ မန်ဟိုနှင့်ကျင်ရှန်း ရှိနေသော နတ်နဂါးချီလင်ကြီးလည်း ၎င်းကဲ့သို့ သားရဲကြီးများနှင့်အတူ ဟိန်းဟောက်ကာ ဟန်ရှန်းဆီ ဦးတည်သွား၏။

ဟန်ရှန်းက ဝမ်းနည်းမှုအပြည့်ဖြင့် ခါးသက်သက် ရယ်လိုက်သည်။ ၎င်းမှာ ‌ကောင်းကင်နှင့်မြေကြီးတွင် တစ်ခုတည်းသာ တည်ရှိသည့်အသံကြီးပမာ ကျယ်လောင်သထက် ကျယ်လောင်လာသည်။

"နတ်မိစ္ဆာကမ္ဘာကို ဝင်ရောက်ပြီး ကံတရားအားလုံးကို ‌ဖြတ်တောက်ပစ်ရမယ်တဲ့လား...ငါ့မှာ အဲ့ဒီလို ယုံကြည်မှုမျိုးမရှိဘူး" ဟန်ရှန်းသည် အရက်အိုးကို မြှောက်ကာ အရက်တစ်ငုံသောက်ပြီးနောက် တောင်ဆီသို့ ချာခနဲ လှည့်ထွက်သွား၏။ ထိုသို့သွားနေစဉ် နောက်ထပ်ခုတ်ပိုင်းလိုက်သည့် လှုပ်ရှားမှု ပြုလုပ်လိုက်လေသည်။

သူ၏လက်လှုပ်ရှားမှုက အရာခပ်သိမ်းကို တုန်ခါသွားစေသည်။ သူ့အရှေ့တွင် အက်ကြောင်းကြီးတစ်ကြောင်း ထလာပြီးနောက် တောင်ထိပ်သို့ တဟုန်ထိုးထွက်သွားသော ဓားအရှိန်အဝါတစ်ခုအသွင် ပြောင်းသွား၏။ ၎င်းသည် ချဉ်းကပ်သွားနေစဉ် ပုံဆောင်မဲ့အဖြစ်မှ ရုပ်လုံးပေါ်လာလေပြီ။ သို့သော် ၎င်းမှာ ဖြူဆွတ်လာကာ မိုးပြာရောင်နဂါးတစ်ကောင်နည်းတူ ‌အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။

ဤအခိုက်အတန့်တွင် သန်းပေါင်းများစွာသော တံတားကျွန်များမှာ ဟန်ရှန်းနှင့် နီးကပ်နေပြီဖြစ်သည်။ ဟန်ရှန်းသည် မျက်လုံးများနီရဲနေလျက် သူတို့ကို မျက်နှာချင်းဆိုင်ရန် လှည့်လိုက်သည်။ သူက လက်ကို ဝှေ့ယမ်းကာ အရက်‌လေတစ်ချက်အား သူတို့ကို ဖြတ်တိုက်သွားစေ၏။

"ငါ မင်းတို့ကို မနာကျင်စေချင်ဘူး။ ငါ့မိန်းမကိုသာ ထုတ်ပေး.... မင်းတို့အားလုံး ငါ့ကို လက်ပါရအောင် မလုပ်ကြနဲ့" သူသည် ချာခနဲ လှည့်ပြီး ဓားချီတန်းများ ထပ်မံစေလွှတ်လိုက်သည်။ ဓားကိုးလက် တစ်လက်ပြီးတစ်လက်ပေါ်လာ၏။

ပထမဓားချီတန်းမှာ မီတာသုံးထောင် ရှည်လျားသည်။

ဒုတိယဓားချီတန်းမှာ မီတာသုံးသောင်း ရှည်သည်။

နဝမဓား ထွက်ပေါ်လာသည့်အချိန်တွင်တော့ မြောက်မြားစွာသော အကန့်အသတ်မဲ့ဓားချီများကား ဟင်းလင်းပြင်ကမ္ဘာတစ်ခုလုံးတွင် စိမ့်ဝင်ပျံ့နှံ့နေလေပြီ။ ဓားချီတန်းကိုးတန်းသည် အတူတကွစုပေါင်း၍ ‌တောင်ထံသို့ ပြေးထွက်သွားသော ဧရာမမိုးပြာဓားဝိညာဉ်ဖြစ်သွားလေ၏။

ဓားဝိညာဉ်သည် နီးကပ်သွားသည်နှင့်အမျှ တဖြေးဖြေး အဖြူရောင်ပြောင်းလာ၏။ အက်သံများလည်း ထွက်လာသည်။ တစတစလည်း မှေးမှိန်လာနေပြီး မျက်နှာပြင်ပေါ်တွင် ‌နှင်းခဲများပေါ်လာသည့်နောက်တွင်တော့ ခွမ်းခနဲ ကြေမွသွားတော့သည်။ ဓားချီရှစ်တန်းကို သုတ်သင်ဖယ်ရှားလိုက်ရသဖြင့် တစ်တန်းတည်း ချန်ရစ်ခဲ့၏။ အဆိုပါဓားချီတန်းက နန်းတော်ထံသို့ ပိုင်းချလိုက်လေသည်။

တဂျုန်းဂျုန်း မြည်ဟည်းသံများ ပြည့်နှက်သွားသည်။ အရာအားလုံး တသိမ့်သိမ့်တုန်ခါနေပြီး နန်းတော်သည် လိမ့်ဖယ်ရှုံတွလာကာ ၎င်း၏အောက်ခြေမှ အိုမင်းရွတ်တွနေသောလက်ကြီးတစ်ဖက် ထိုးထွက်လာ၏။ လက်ကြီးက လက်ညှိုးထိုးလိုက်ရာ ဓားချီအား ကွဲကြေသွားစေသည်။

ဟန်ရှန်း သွေးအနည်းငယ် ‌ချောင်းဆိုးလိုက်ရသည်။ သူသည် နန်းတော်ကို ပမာမခန့်သလို မော့ကြည့်ပြီး လည်ချောင်းသံကြီးဖြင့် အော်သည်။ "သူ့ကို ထုတ်ပေး"

မန်ဟို့စိတ်မှာ ဂယောက်ဂယက်ဖြစ်နေပြီး သူ၏အသက်ရှူသံများးမှာ ဟောဟဲလှိုက်နေတော့သည်။ သူ့မှာ ဖြစ်ပျက်နေသော‌မြင်ကွင်းကို တွေတွေကြီးသာ ကြည့်နေနိုင်တော့သည်။ အရာအားလုံးမှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူလေးတစ်ယောက်၏ စဉ်းစားနိုင်စွမ်းထက် အဆမတန်ကျော်လွန်နေ၏။

ကျင်ရှန်းပင်လျှင် ဆောင်းလယ်က ပုစဉ်းရင်ကွဲပမာ သတိအပြည့်နှင့် အလေးအနက်ထားနေရသည်။ သူမသည် ဘာဖြစ်နေသည်လဲ နားလည်သော်လည်း ယင်းက သူမကို ပို၍သာ ကြောက်မိစေလေသည်။

ဓားချီကို ကြေမွစေခဲ့သူက အဘိုးကြီးတစ်ဦးဖြစ်သည်။ သူသည် ယခုတွင် နန်းတော်၏အပြင်တွင် ဝတ်ဖြူစင်ကြယ်ကို ဝတ်လျက် တန်ခိုးရှင်တစ်ဦးပမာ ရပ်နေ၏။ သူ၏အမူအရာသည် သွေးအေးပြီး လျှို့ဝှက်ဆန်းကြယ်သော မီးတောက်တစ်ခုက သူ၏မျက်လုံးများတွင် ကခုန်နေသည်။ သူက ဟန်ရှန်းကို အေးတိအေးစက်နှင့် ငုံ့ကြည့်သည်။

"ဓားအင်မိုတယ်ဟန်ရှန်း၊ ဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာတုန်းက နဝမတောင်မှာ အင်အားအသစ်တစ်ရပ် ပေါ်ထွန်းလာခဲ့တယ်...ယောက်ျားတစ်ယောက်....သူက ဂိုဏ်းရဲ့ ဘိုးဘေးဗိမာန်မှာ ချိတ်ဆွဲထားတဲ့ ပုံအတိုင်းပဲ။ နှင်းမြေမိစ္ဆာဧကရာဇ်နဲ့ တစ်ပုံစံတည်း တူတယ်

"ငါ မင်းကို အခွင့်အရေးတစ်ခုပေးမယ်။ မင်း အသက်အရှိုက်တစ်ရာအတွင်းမှာ တံတားကျွန်အကုန်လုံးကို သတ်နိုင်ရင် မင်းရဲ့ဇနီးသည် မင်းကို‌ တွေ့ဖို့ ပေါ်လာစေရမယ်။ ဒါ့အပြင် မင်းရဲ့ဇနီးက ဒီတောင်ရဲ့အပြင်က တံတားကျွန်တွေကြားမှာ မရှိဘူးဆိုတာ ငါ အာမခံတယ်"

ဟန်ရှန်းက အဘိုးကြီးကို စိန်းစိန်းဝါးဝါး မော့ကြည့်သည်။ ဤအခိုက်အတန့်တွင် တံတားကျွန်၏မျက်လုံးများ ‌နီရဲတောက်လာပြီး သူတို့၏မျက်နှာများမှာ ဟန်ရှန်းကို အစိမ်းလိုက်ဝါးစားပစ်လိုသည့်အလား ရူးသွပ်မှုများဖြင့် ပြည့်နှက်သွား၏။

"ထွက်သွားစမ်း"ဟန်ရှန်းက အော်သည်။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒသည် မိုးထိတိုင်အောင် တလိပ်လိပ် ရိုက်ခတ်နေ၏။ သူ့လက်ထဲရှိ ဓားက ဝှေ့ယမ်းလိုက်ရာ တအိအိ ယိမ်းနွဲ့လှုပ်ရှားနေသော အရက်ချီနှင့်အတူ ဓားချီအား ဖြာထွက်သွားစေသည်။ ၎င်းက ဖြတ်သွားသည့်နေရာတိုင်းရှိ မည်သည့်တံတားကျွန်ကိုမဆို ပေါက်ကွဲထွက်သွားစေမည်ဖြစ်သည်။

သူ၏အသတ်အဖြတ်စိတ်ဆန္ဒလည်း ‌ထွက်ပေါ်လာခဲ့ပြီး ဟန်ရှန်းကား ရူးပေတော့မည်။ သူ၏ ကိုယ့်ကိုယ်ကို အပြစ်တင်နေသောစိတ်၊ နှစ်‌ပေါင်းသုံးထောင်တိုင် စိတ်ဆင်းရဲခဲ့ရမှုတို့သည် သူ့အား သွေးရူးသွေးတန်း ရူးသွပ်သွားစေ၏။ သူက တံတားကျွန်များဆီ ပြေးထွက်သွားလေသည်။

တစ်နေရာရောက်သော် ကောင်လေးတစ်ယောက် အဘိုးကြီး၏ဘေးတွင် ပေါ်လာခဲ့၏။ သူက ပြုံးရင်း ထိုနေရာတွင် ရပ်ကာ ကျယ်လောင်စွာ ရေနေသည်။ "တစ် နှစ် သုံး....."

ဟန်ရှန်း၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသဖြင့် ပေါက်ကွဲသံကြီး ပဲ့တင်ထပ်သွားသည်။ သူ့တွင် ဆင်ခြင်သုံးသပ်နိုင်စွမ်းမရှိတော့ပေ။ သူသွားသည့်နေရာတိုင်း၌ တည်ရှိသည့် တစ်ခုတည်းသောအရာမှာ လူတစ်ယောက်နှင့် ဓားတစ်လက်သာ ဖြစ်၏။ တံတားကျွန်သန်းပေါင်းများစွာများမှာ အစုလိုက်အပြုံလိုက် သုတ်သင်ခံနေရတော့သည်။

ဓားချီသည် မိုးထိတိုင် ထိုးတက်သွားပြီး ဧရာမမြွေကြီးတစ်ကောင် နှစ်ပိုင်းဖြတ်ခံလိုက်ရသည်။ မြူများက အဘက်ဘက်သို့ လွင့်စင် ပြိုကွဲသွား၏။

သို့သော် ဟန်ရှန်း မည်မျှ သတ်ဖြတ်ချေမှုန်းစေကာမူ အသက်အရှိုက်တစ်ရာအတွင်း တံတားကျွန်သန်းပေါင်းများစွာကို သုတ်သင်ရန်မှာ မလွယ်ကူ‌ပေ။ ကောင်‌လေး (၃၇) အထိ ရေခဲ့ပြီးသည့်အချိန်တွင် အများကြီး ကျန်ရှိနေသေး၏။

ဟန်ရှန်းက ညာလက်ကို မြှောက်ပြီး အရက်အိုးကို စောင်းငှဲ့ချရင်း ဟိန်းဟောက်လိုက်သည်။ အရက်များ ပျံထွက်လာကာ ဓားပျံအသွင်ပြောင်း၏။ ကြည့်ရသရွေ့ ဤအရက်အိုးတွင် အရက်ပါဝင်ခြင်းမရှိဘဲ ဓားတစ်လက် ပါဝင်နေသယောင်ပင်။

ဓားအလက်တစ်သိန်း ပေါ်ပေါ်လာသည်။တစ်လက်၏အနောက်တွင် ဟန်ရှန်းနှင့်တစ်ထပ်တည်းတူ‌သော ပုံရိပ်တစ်ခုစီရှိ၏။ တစ်ခုစီတိုင်းက ဓားများကို မြှောက်ထားပြီး မျက်လုံးများတွင် ရူးသွပ်မှုများ ပြည့်နေသည်။ ၎င်းတို့က ခွဲဖြာပြီး တံတားကျွန်သန်းပေါင်းများစွာကို သတ်ဖြတ်နေသော လူတစ်‌သိန်းဖြစ်သွား၏။

တဂျုန်းဂျုန်း တအုန်းအုန်း မြည်ဟည်းနေပြီး တံတားကျွန်များမှာ အတုံးအရုံး သေကုန်ကြသည်။ အလွန်ကြီးမားသော သားရဲကြီးများ လဲကျပြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွား၏။ နောက်ဆုံးတွင် မန်ဟိုရှိနေသော နတ်နဂါးချီလင်ကြီးမှာ ဟန်ရှန်းကိုယ်ပွားတစ်ကိုယ်၏ သတ်ဖြတ်ခြင်း ခံတော့မည်ဖြစ်သည်။ ဤအခိုက်တွင် မန်ဟို့မှာ ဓားချီ၏ ကြောက်မက်ဖွယ်ကောင်းမှုကို နဖူးတွေ့ဒူးတွေ့  ကြုံလိုက်ရ၏။

၎င်းက နတ်နဂါးချီလင်ကြီးကို ချက်ချင်း နှစ်ပိုင်းပိုင်းချလိုက်သည်။ ဝုန်းခနဲ ပဲ့တင်ရိုက်သွားပြီး မန်ဟို့၏ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူ့မှာ တိုက်ခိုက်ရန်သော်လည်းကောင်း၊ ရုန်းထွက်ရန်သော်လည်းကောင်း အစွမ်းမရှိတော့ပေ။ သို့သော် ဓားချီက သူ့ကို ထိတော့မည့်ဆဲဆဲ‌လေးမှာပင် တုံ့ခနဲ ရပ်ပြီးနောက် သူ့ကို ကွေ့ဝိုက်သွားလေသည်။

မန်ဟို့မျက်နှာ ဖြူဆုပ်သွား၏။ ဓားချီ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း သူ့မှာ ယခုတွင် စိမ့်နေသော အအေးဓာတ်ဖြင့် ဝန်းရံခံလိုက်ရပြီဖြစ်သည်။ ၎င်းက သူ့အား တခဏလေးအတွင်း လွှမ်းခြုံသွားပြီး သူ့ကိုယ်သူ မထိန်းနိုင်တော့ပေ။ သူ့မှာ ‌နှင်းမြေထုကြီး၏မျက်နှာပြင်အပေါ်သို့ ကျသွား၏။ ထိုအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်မှာ နှင်းတို့ဖြင့် ဖုံးလွှမ်းသွားခဲ့ပြီဖြစ်သည်။

သေစေနိုင်သော အန္တရာယ်အာရုံကြီးက သူ့ကို လွှမ်းမိုးသွားသည်။ စဉ်းစားရန် အချိန်မရှိပေ။ သူသည် ထာဝရမီးတောက်အား ချက်ချင်း‌ လောင်မြိုက်စေလိုက်သည်။ သူ၏မီးအရုပ်ဆေးမင်ကြောင်စွမ်းအားက သစ်သားအရုပ်ဖြင့် ပေါင်းစည်းရင်း တဟုန်းဟုန်း တောက်သွား၏။

သို့သော် ထာဝရမီးတောက် သက်ဝင်လှုပ်ရှားလာသည့်အချိန်မှာပင် သူ၏လက်‌မောင်းပေါ်ရှိ မြေအရုပ်ဝဲသည် ရုတ်တရက် ‌နှင်းမြေကြီးများအား စတင်စုပ်ယူတော့သည်။

***

All Chapters