နှင်းမြေကြီး
Vol. 34 Ch. 473
လောလောဆယ်တွင် မန်ဟို့၏ ညာလက်မောင်းပေါ်ရှိ ဝဲသည် ပတ်ဝန်းကျင်ရှိ နှင်းမြေကြီးစွမ်းအားများကို စုပ်ယူနေလျက်ရှိသည်။ မည်သည့်အရာကိုမဆို သုတ်သင်ပစ်နိုင်သည့် စွမ်းအားတို့ပြည့်ဝနေပုံရသော ဤနှင်းမြေကြီးက ဝဲကို တဖြည်းဖြည်း အစိုင်အခဲ ဖြစ်လာစေသည်။ မြေဆိုသော တလက်လက် တောက်ပနေသည့် အဖြူရောင်စာလုံးတစ်လုံး စတင်ပေါ်ပေါက်လာနေလေပြီ။
ရှေး 'မြေ' စာလုံး ထင်ရှားပြတ်သားလာသောအခါ ဖြစ်ပေါ်လာသည့် စွမ်းအားအသစ်တစ်ရပ်က မန်ဟို့ကို ရုတ်တရက် ... ပို၍ပင် အစွမ်းထက်သွားစေသည့်အတွက် မန်ဟို့၏ ကျင့်ကြံခြင်းအခြေခံမှာ တဂျုန်းဂျုန်း မြည်ဟည်းလာတော့သည်။
သူ့နှလုံးတစ်ချက်ခုန်တိုင်း သွေးများက သူ၏သွေးကြောများကိုဖြတ်၍ စီးဆင်းသွားသည်။ ကန့်သတ်ချက်တစ်ခုကို ရောက်ရှိခဲ့ပြီဖြစ်၍ ယခုတွင် သူ၏ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုး အစွမ်းထက်လာ၏။ သူ၏ရွှေအမြုတေမှာလည်း ပို၍ပင် သန်မာတောင့်တင်းလာသည်။
"မလုံလောက်သေးဘူး... ဒီနှင်းမြေကြီးရဲ့အရှိန်အဝါက တကယ်တမ်း ကောင်းကင်မြေကြီးထက်တောင် ပိုပြီးအားကောင်းတယ်" သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်နေစဉ် သူ့မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တလက်လက်တောက်ပနေ၏။ သူက စွမ်းအင်အလုံးစုံကို နှင်းမြေကြီးထံမှ စွမ်းအားများ ပိုမိုစုပ်ယူရာတွင်သာ အားစိုက်ထားလေသည်။
"ငါ ဒီမှာ ပိတ်မိပြီး ဒီနှင်းမြေကြီးတွေကို စုပ်ယူနိုင်တာ တကယ်ကံကောင်းတာပဲ... ဒါကိုသုံးပြီး မြေအမျိုးအစားအရုပ်ဆေးမင်ကြောင်ကို ဖန်တီးနိုင်ရင် ဘယ်သူသိမလဲ။ ကောင်းကင်မြေကြီးအရုပ်ထက် အများကြီး ပိုအစွမ်းထက်နေမလားဆိုတာ..." သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်လာသည်။
ဂျိန်းခနဲ သူ၏ခန္ဓာကိုယ်တွင် ထစ်ချုန်းသွား၏။ ရေခဲရုပ်တုထဲတွင် ပိတ်မိနေသည့်တိုင် ပတ်ဝန်းကျင်ရှိ နှင်းမြေကြီးများမှာ အဆက်မပြတ် စုပ်ယူခံနေရသဖြင့် ပါးသထက် ပါးလာလေသည်။ သို့သော် သက်ရောက်မှုမှာ သိပ်မသိသာ။ နှင်းမြေကြီးများဖြင့် ဖွဲ့စည်းထားသော ကုန်းမြေထုကြီးမှာ ဧရာမကြီးမဟုတ်ပါလော။
ကျင်ရှန်းမှာ သိပ်မဝေးသော အခြားရေခဲရုပ်တုထဲတွင် ဖြစ်သည်။ ဤအခိုက်အတန့်တွင် သူမသည် ဟန်ရှန်းနှင့် အမျိုးသမီးကို အကြည့်လွှဲပြီး မန်ဟို့ထံသို့ လှမ်းမကြည့်မိဘဲ မနေပေ။
"သူ ဘာလုပ်နေဝာာလဲ" သူမက တွေးသည်။ စောစောက ဖြစ်ပျက်နေခဲ့သော တုန်လှုပ်အံ့ဩဖွယ်ရာ မြင်ကွင်းကြီးကြောင့် မန်ဟို့၏အရှိန်အဝါကို သူမ သတိမပြုမိခဲ့ပေ။
သူမမှာ မန်ဟို့၏ရဲတင်းမှုအား အံ့အားသင့်သွား၍ မျက်လုံးကလေးပြူးလျက် မယုံကြည်နိုင်စွာ ကြည့်နေမိသည်။
"သူ... နှင်းမြေကြီးကို စုပ်ယူနေတာပဲ
"နှင်းမြေကြီးက နဝမတောင်တစ်တောင်လုံးမှာ အနှိုင်းမဲ့တယ်။ ဒဏ္ဍာရီတွေအရ ဟိုးရှေးရှေးတုန်းက ကျင့်ကြံသူတွေတောင် မတည်ရှိလာသေးခင်မှာ ဆွတ်ဆွတ်ဖြူပြီး အဆုံးမဲ့အောင်ကို အေးစိမ့်နေတဲ့ ကုန်းမြေတစ်ခု မွေးဖွားလာခဲ့တယ်
"နောက်ဆုံး နှစ်ပေါင်းမရေမတွက်နိုင်အောင်ကြာတော့ ကျင်ကြံသူတွေ နဝမတောင်မှာ စတင်ဖြစ်တည်လာတဲ့အချိန်လေးမှာပဲ သူဟာ အသိစိတ်ရှိသွားတယ်။ ဒါပေမဲ့ အဲ့ဒီနှင်းမြေကြီးကုန်းမြေထုကြီးဟာ ကြီးမားကျယ်ပြန့်လာပြီး .... နောက်ဆုံးမှာတော့ လူတစ်ယောက်ဖြစ်သွားခဲ့တယ်
"သူက နဝမတောင်နဲ့ပင်လယ်ကို နှစ်ပေါင်းများစွာ စိုးမိုးအုပ်ချုပ်ခဲ့ပြီး ..... နှင်းမြေမိစ္ဆာလို့ အသိများတယ်။ နောက်ဆုံးကျ ဧကရာဇ်လို့ အခေါ်ခံခဲ့ရတယ်.... နှင်းမြေမိစ္ဆာဧကရာဇ်
"အခု မန်ဟိုက နှင်းမြေကြီးစွမ်းအားတွေကို တကယ် စုပ်ယူနေတာပဲ။ ဒီနှင်းမြေကြီးကုန်းမြေကို အင်မိုတယ်လျှောက်လှမ်းခြင်းတံတားဝိညာဉ်က ဖန်တီးခဲ့တာဆိုပေမယ့် တစ်နေရာလုံးက နှင်းမြေမိစ္ဆာဧကရာဇ်ရဲ့လက်ချက်ဆိုတာ သိသာတယ်။ မဟုတ်ရင် နှင်းမြေကြီးတွေ ပေါ်လာနိုင်လောက်မှာမဟုတ်ဘူး
"မန်ဟို စုပ်ယူနေတာက နှင်းမြေကြီးအစစ်မဟုတ်ဘူး အလှဆင်မြေကြီးပုံစံတစ်မျိုးပဲ။ ဒါပေမဲ့ ဒါက ကောင်းကင်မြေကြီးထက် အများမှအများကြီး သာသေးတယ်။ နှစ်ခုကို ဘယ်နည်းနဲ့မှ ယှဉ်လို့တောင် မရနိုင်ဘူး။
"ဂိုဏ်းမှာ ဖော်ပြထားတဲ့ ရှေးဟောင်းမှတ်တမ်းတွေအရဆိုရင် သခင်လီအပြင် ရှေးအင်မိုတယ်မိစ္ဆာဂိုဏ်းမှာ ပိုပြီးအင်အားကြီးတဲ့ မိစ္ဆာသုံးဦးရှိတယ်။ သူတို့က ... အင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို တည်ဆောက်ခဲ့သူတွေပဲ
"သူ အရမ်းလက်လွန်သွားပြီး သေမှာ မစိုးရိမ်ဘူးလား" ကျင်ရှင်းမှာ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူလေးတစ်ယောက်ကို မနာလိုရမည့်နေ့သို့ ရောက်လာခဲ့လိမ့်မည်ဟု စိတ်ပင်မကူးခဲ့မိဖူးပေ။ မှန်သည်၊ သူက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်နိုင်သော်လည်း နှင်းမြေကြီးကို စုပ်ယူနိုင်သည်ဆိုတာကတော့ သူမတူအောင် ထူးခြားလွန်း၍ အင်မိုတယ်တစ်ယောက်ကို မနာလိုဖြစ်စေရန် လုံလောက်သည်။
မန်ဟို နှင်းမြေကြီး၏ စွမ်းအားကို စုပ်ယူနေသည့်အချိန်မှာပင် ဟန်ရှန်း၏ ခပ်ယဲ့ယဲ့ သက်ပြင်းချသံအား ကြားလိုက်ရသည်။
သူသည် နွေးထွေးကြင်နာစွာဖြင့် သူ့ဇနီးဖြစ်သူကို ကြည့်နေ၏။ စောစောက သူမစကားများကို သူကြားခဲ့ပြီး သူမ၏ မျက်နှာအမူအရာမှာလည်း ကြည်လင်ပြတ်သားခြင်း မရှိတော့ဘဲ မချင့်မရဲ ပြန်ဖြစ်သွားသည်ကို သူမြင်နိုင်သည်။ သူမမျက်၀န်း၏ အနက်ရှိုင်းဆုံးထဲတွင် အဘိုးကြီး၏ မျက်လုံးထဲတွင် လောင်မြိုက်နေခဲ့သည်နှင့် ဆင်တူသော လျှို့ဝှက်ဆန်းကြယ်မီးတောက်တစ်ခု လောင်ကျွမ်းနေလေသည်။
"ကျွန်မနဲ့အတူ လာနေနော်။ ဟုတ်ပြီလား " အမျိုးသမီးက နူးညံ့ညင်သာစွာ ပြောသည်။ သူမ ဟန်ရှန်းကို ကြည့်နေစဉ် သူမအသံနှင့် ပတ်သက်ပြီး တစ်ခုခုက အလွန်ထူးဆန်းနေ၏။
ဟန်ရှန်းက မျက်လုံးများပိတ်လိုက်ပြီး တိတ်ဆိတ်နေသည်။ ထို့နောက် သူက ပြုံးလိုက်သည်။ နွေးထွေးမှုတို့ ပြည့်နှက်နေသော အပြုံးဖြစ်၏။ သူ့အရှေ့က လူမှာ သူ့ဇနီး မဟုတ်တော့ကြောင့် သူကောင်းကောင်းသိသည်။ သူမသည် အင်မိုတယ်လျှောက်လှမ်းခြင်း တံတား၏ဝိညာဉ် အမှန်တကယ် ဖြစ်လာခဲ့လေပြီ။
သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူ့ဇနီးသူ ပြန်သတ်ရန်သာဖြစ်ကြောင်း သူသိသည်။ ထိုသို့ဆိုလျှင် ၎င်းလွှတ်မြောက်သွားပေလိမ့်မည်။ သူမသည် တံတားဝိညာဉ် ဖြစ်တော့မှာမဟုတ်သည့်အပြင် ထာ၀ရဘ၀ကိုလည်း ရတော့မည် မဟုတ်ပေ။ သူမသည် ယခင်ကသူမ ပြန်ဖြစ်သွားလိမ့်မည်။
ဟန်ရှန်း သက်ပြင်းချလိုက်၏။ သူ့မှာ ယခုတွင် အိုမင်းနေပြီဖြစ်ပြီး သူ့မျက်နှာတွင် အရေးအကြောင်းများ၊ အတွန့်အခေါက်များဖြင့် ပြည့်နေလျက်ရှိ၏။ သူ့အရှိန်အဝါမှာလည်း ယခင်အတိုင်း မဟုတ်တော့ပေ။ သူသည် သင်္ချိုင်းကုန်းခြေတစ်ဖက် လှမ်းနေသော အဘိုးအိုကြီးတစ်ယောက် ဖြစ်နေလေပြီ။
သူ၏ မိုးပြာရောင်၀တ်ရုံက သူအချိန်ကြာမြင့်စွာ ခံစားနေခဲ့ရသော အထီးကျန်မှု၊ အဖော်မဲ့မှုကို ဖုံးကွယ်ကောင်း ဖုံးကွယ်ပေးနိုင်သော်လည်း သူ၏ အိုမင်းမှုကို သော်လည်းကောင်း၊ ပင်ပန်းနွမ်းနယ်နေမှုကိုသော်လည်းကောင်း ဖုံးကွယ်နိုင်စွမ်းမရှိပေ။
သူ့မှာ နှစ်ပေါင်းသုံးထောင်တိုင်တိုင် ရှာဖွေနေခဲ့ရပြီး
နှစ်ပေါင်းသုံးထောင်တိုင်တိုင် မိမိကိုယ်ကို အပြစ်တင်နေခဲ့မိသည်။ သို့သော် နောက်ဆုံးတော့ သူ ရှာနေသည့်အရာကို ရှာတွေ့သည့်အခါတွင်တော့ ယခုကဲ့သို့ ဖြစ်နေချေသည်။
ဟန်ရှန်းက ခေါင်းခါရမ်း၍ လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် မန်ဟိုနှင့် ကျင်ရှန်းကို ၀န်းရံထားသော ရေခဲလွှာများ ကြေမွသွား၏။ ကျင်ရှန်းက ပါးစပ်မှ သွေးများ စီးကျနေလျက် နောက်သို့ ချက်ချင်း ဆုတ်လိုက်သည်။
ခြေတစ်လှမ်းဆုတ်လိုက်တိုင်း သူမမျက်နှာလေးမှာ ပို၍ဖြူဖျော့လာသည်။ အအေးဓာတ်က သူမကို နောက်တစ်ဖန် ဖိစီးနှိပ်စက်နေလေသည်။
မန်ဟို၏ ရေခဲရုပ်ထု ကြေမွသွားသည့် အခိုက်အတန့်တွင် ပတ်၀န်းကျင်ရှိ နှင်းမြေကြီးများအားလုံး သူ့ဆီသို့ တဝေါဝေါ ပြေးဝင်လာကြ၏။ ၎င်းတို့သည် သူ့ကို ၀န်းရံလွှမ်းခြုံလျက်ရှိသည့် ဧရာမအဖြူရောင်ဝဲကြီးတစ်ခု ဖြစ်လာသည်။
ဝဲကြီး လည်ပတ်နေသည်နှင့်အမျှ ပတ်၀န်းကျင်ရှိ နှင်းမြေကြီးများမှာ မန်ဟို့၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံရသဖြင့် တစတစ ပျောက်ကွယ်လာတော့သည်။ အအေးဓာတ်က ဖိနှိပ်ချုပ်ချယ်နေပြီး မြေဓာတ်အရှိန်အဝါသည် ကောင်းကင်ဘုံထိတိုင် ထိုးတက်ရိုက်ခတ်နေပြီ ဖြစ်သည်။
ဤမြင်ကွင်းက တံတားဝိညာဉ်အသစ် ဟန်ရှန်း၏ဇနီးကို မန်ဟို့အား လှမ်းကြည့်မိလိုက်စေသည်။ ဟန်ရှန်းလည်း ခေါင်းလှည့်ကြည့်၏။ မန်ဟို့ကို မြင်သောအခါ သူက ဟက်ခနဲ ရယ်သည်။
" ကံကြမ္မာဖန်လိုက်လေ " သူက ပြောသည်။ " ကြည့်ရတာ ငါတို့နှစ်ယောက်မှာ ရေစက်ပါတယ် ထင်တယ်.....အဲ့ဒီလိုဆိုတော့လည်း မင်းကို ကံကောင်းမှု နည်းနည်းပါးပါး ချီးမြှင့်ပေးရတာပေါ့ကွာ " ထိုသို့ပြောပြီး သူက ညာလက်ကို မြှောက်ပြီးနောက် နှင်းမြေထုထံသို့ ဖိချလိုက်သည်။ ဟန်ရှန်း၏ကိုယ်မှာ ချက်ချင်း တဆတ်ဆတ် တုန်လာပြီး အဖြူရောင်နှင့် အပြာရောင် အရှိန်အဝါတို့သည် သူ့ခန္ဓာကိုယ်မှ စတင်လွင့်မျောထွက်လာကာ မြေထုကြီးဆီသို့ တရဟော ထိုးဆင်းသွားကြ၏။
အရှိန်အဝါ ဖြာထွက်သွားသဖြင့် ဟန်ရှန်းမှာ အဆီအနှစ်များ ခမ်းခြောက်သွားသည့်အလား ပို၍ပင် အားနည်းသွားသည်။ သူ့မှာ အသက်ပို၍ပင် ကြီးလာချေသည်။
အပြာရောင်နှင့် အဖြူရောင် အရှိန်အဝါတို့သည် မြေထုကြီးအတွင်းသို့ ၀င်ရောက်ပေါင်းစည်းလိုက်၍ နှင်းမြေကြီးမှာ စတင်ပြောင်းလဲလာ၏။
၎င်းကား အဖြူရောင်သက်သက်မဟုတ်တော့။ အပြာရောင်အလင်းဖြင့် တောက်ပနေပြီ ဖြစ်သည်။ ၎င်း၏ အရှိန်အဝါသည် လုံးလုံးလျားလျား အံ့ဩတုန်လှုပ်ဖွယ်ကောင်းပြီး ၎င်း၏ အအေးဓာတ်က ပေါက်ကွဲထွက်လာ၏။ ဤရှေးဆန်သော အရှိန်အဝါကြောင့် မြေထုကြီးတစ်ခုလုံး တသိမ့်သိမ့် ယိမ်းထိုးတုန်ခါလာသည်။ အရှိန်အဝါမှာ ယခင့်ယခင်အချိန်များကတည်းက တည်ရှိခဲ့သယောင်ပင်။ ၎င်းသည် သက်ရှိသတ္တဝါ အမျိုးမျိုးကို မြင်တွေ့ခဲ့ရပြီး ကမ္ဘာ၏ နွေးထွေးမှုနှင့် အေးစက်မှုကို သိရှိခံစားရခဲ့သည်။ ၎င်းကား သေခြင်းနှင့် ရှင်ခြင်းကို ကြုံတွေ့ခဲ့ရပြီး ခေတ်ပေါင်း အဆက်ဆက် တည်ရှိခဲ့သည်။ ယခင်က နှင်းမြေကြီးအစစ်မဟုတ်ခဲ့သည့် ဤနှင်းမြေထုကြီးမှာ ရုတ်တရက် နမ၀တောင်တွင် တစ်ခါက တည်ရှိခဲ့ဖူးသည့် အနှိုင်းမဲ့သော နှင်းမြေကြီးအစစ်အဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့လေပြီ။
အဖြူရောင်နှင့် အပြာရောင် အရှိန်အဝါမှာ နှင်းမြေမိစ္ဆာဧကရာဇ် ကိုယ်ပွားအဆီအနှစ်၏ စစ်မှန်သော စွမ်းအားမှလွဲ၍ တခြားမဟုတ်ပေ။ ယခုတွင် သူက ဤစွမ်းအားကို ထုတ်လွှတ်လိုက်လေရာ အောက်ရှိမြေထုကြီးမှာ တကယ့်နှင်းမြေကြီး ဖြစ်သွားခဲ့ပြီဖြစ်သည်။
မြေထုကြီးမှာ တသိမ့်သိမ့်တုန်ခါရင်း အလိုအလျောက် ပြိုကျလာကာ အရွယ်အစားသေးငယ်လာ၏။ ထိုသို့ဖြစ်ပျက်နေစဉ် ၎င်းမှာ ပို၍သန့်ရှင်းစင်ကြယ်လာနေသည်။ သင်သာ အင်မိုတယ်လျှောက်လှမ်းခြင်းတံတားအပေါ်မှ ရပ်ကြည့်နိုင်လျှင်တော့ ဤဖြစ်စဉ်တစ်ခုလုံးကို မြင်နိုင်ပေလိမ့်မည်။
တစ်ခါက အင်မိုတယ်လျှောက်လှမ်းခြင်းတံတားတစ်ခုလုံးကို ဖုံးလွှမ်းသည်အထိအောင် ကျယ်ပြောဆန့်တန်းလျက်ရှိခဲ့သော နှင်းမြေထုကြီးမှာ အသက်ရှိုက်ချိန် အနည်းငယ်လေးအတွင်း ကျုံ့လာနေ၏။ အခိုက်အတန့်တစ်ခုတွင် မြေထု၏ အနားသတ်အစွန်းများကိုပင် မန်ဟို မြင်နိုင်သွားလေပြီ။
ထို့နောက် အသက်တစ်ရှိုက်သာ ကုန်လွန်သေးသည်၊ ၎င်းကား မီတာသုံးရာအကျယ်သာရှိတော့သော အပြာရောင်မြေထုအဖြစ် ကျုံ့လာခဲ့သည်။
ယခုတွင် အဖြူရောင်မရှိတော့ဘဲ ၎င်းကား အပြာရောင်အတိပြီးလေနေပြီ။ ဤသည်မှာ နဝမတောင်တွင် မိစ္ဆာဧကရာဇ်ကို မွေးဖွားပေးခဲ့လေသော နှင်းမြေကြီးစင်စစ်ပင်။
မျက်စိတစ်မှိတ်အတွင်း မီတာသုံးရာမှာ မီတာသုံးဆယ်။ မီတာသုံးဆယ်က သုံးမီတာ။ နောက်ဆုံးတွင် .... သုံးမီတာအကျယ် နက်ပြာရောင်နှင်းမြေကြီးခဲက မန်ဟို့ညာလက်မောင်းပေါ်ရှိ ဝဲဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာပြီး ပေါင်းစည်းလိုက်၏။
မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားကာ သူ၏ခန္ဓာကိုယ်မှာ တဖြေးဖြေး လေပေါ် မြောက်တက်လာ၏။ သူ့ဆံပင်များက လွင့်မျောနေပြီး ဆထက်တိုး အားကောင်းလာနေသော အရှိန်အဝါတစ်ခု သူထံမှ ထွက်ပေါ်လာလေသည်။
ကျင်ရှန်းမှာ အံ့ဩမှင်သက်နေလျက် နောက်ဆုတ်လိုက်သည်။ ယခုတွင် မန်ဟိုသည် စစ်မှန်သော နှင်းမြေကြီးကို စုပ်ယူနေပြီဖြစ်ကြောင်း သူမသိလိုက်သည့်အတွက် မည်မျှတုန်လှုပ်နေသည်လဲ တွေးသာကြည့်နိုင်တော့သည်။
ဤအခိုက်အတန့်တွင် မန်ဟို့လက်မောင်းပေါ်ရှိ ဝဲမှာ အပြာရောင်မြေစာလုံးအဖြစ် အခိုင်အမာ တည်ရှိသွားလေပြီ။ ၎င်း ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဧရာမနှင်းမြေထုကြီး မန်ဟို့အနောက်တွင် မှော်ဆန်ဆန် ပေါ်လာသည်။
မြေထုအပေါ်တွင် ယိမ်းနွဲ့ကခုန်နေသည့် မီးတောက်များဖြင့် လောင်မြိုက်နေသော သစ်ပင်ကြီးတစ်ပင်ရှိသည်။ သစ်ပင်ထက်၌ကား ကြီးကျယ်ခမ်းနားသော သတ္တုရွှေရောင်မြစ်ကြီးတစ်စင်း ရှိလေ၏။ ဤသည်မှာ သတ္တု၊ သစ်သား၊ မြေကြီးနှင့် မီးတို့၏ သရုပ်ဖော်ပြချက်ဖြစ်ချေသည်။
မန်ဟို့၏ကျင့်ကြံခြင်းအခြေခံမှာ တဟုန်ထိုး မြင့်တက်သွား၏။ ယခုတွင် ၎င်းသည် ရွှေအမြုတေအား လုံးဝပြောင်းလဲပေးခဲ့လေပြီ။ မန်ဟို၏အရှိန်အဝါသည် သူ့အနောက်ရှိ မှော်ပုံရိပ်နှင့် တစ်သားဖြစ်သွားလေရာ အလွန်ကြီးမားသောစွမ်းအားတို့ သူ့ကို ဖြတ်လျက် ထစ်ချုန်းစီးဆင်းသွား၏။ ယခု အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ရှုပိုင်နှင့်ချန်မိုတို့သာ မန်ဟို့ကို တိုက်ခိုက်ခဲ့လျှင် ဘယ်သူရှင်ပြီး ဘယ်သူသေလိမ့်မည်ကို ဆုံးဖြတ်ရခက်ပေလိမ့်မည်။
"ငါ့အမွေကို လက်ခံပြီး ငါ့ဓားကို ယူ" ဟန်ရှန်း ပြောသည်။ "ဒီနေရာက ထွက်သွားတော့။ အကယ်လို့ ဒီတံတားရဲ့ ကျင့်ကြံခြင်းအခြေခံကို မင်း ကိုင်လှုပ်ပစ်နိုင်တဲ့ တစ်နေ့ ရောက်လာခဲ့ရင် ငါ့ကျေးဇူးကို ပြန်ဆပ်ဖို့ မမေ့နဲ့။ မင်းပြန်လာလို့ ဒီနေရာမှာ ငါ့မိန်းမနဲ့ငါ ရှိနေသေးရင် ငါတို့ကို ကယ်ပေးဖို့ မျှော်လင့်ပါတယ်" ထို့နောက် ဟန်ရှန်းက ရယ်လိုက်သည်။ သူ့မှာ ယခုတွင် အိုမင်းမစွမ်းဖြစ်နေသော်လည်း ကောင်းကင်နှင့်မြေကြီးကို စက်ဆုပ်ရွံရှာသော သူ၏စိတ်ဆန္ဒက နောက်တစ်ဖန် အုံကြွလာ၏။ သူက အင်္ကျီလက်စကို ခါလိုက်ရာ မိုးပြာဓားတစ်လက်ပေါ်လာသည်။ ဤဓားသည် လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်အတောအတွင်း သူ့အနားမှ တစ်ဖဝါးမှ မခွာခဲ့ဖူးပေ။ သို့သော်လည်း ယခုတွင် ၎င်းကား မန်ဟို့ထံသို့ ပြေးထွက်သွားသော မိုးပြာရောင်အလင်းတန်းတစ်တန်းအဖြစ် ပြောင်းသွားခဲ့ပြီဖြစ်သည်။
သူက အင်္ကျီလက်စ ထပ်မံခါလိုက်ရာ အကန့်အသတ်မဲ့ဓားစိတ်ဆန္ဒဖြင့် ပြည့်နှက်နေပုံရသော အရက်အိုးလည်း မန်ဟို့လက်ထဲသို့ ပျံသန်းရောက်ရှိလာသည်။ မန်ဟိုမှာ နှလုံးသားအား ထိုးမွှေနှောက်နေသလို ခံစားနေရ၏။ သူက ငိုင်တိုင်တိုင်နှင့် ဟန်ရှန်းကို မော့ကြည့်လိုက်သည်။
သူမြင်လိုက်သည့်အရာကား ဟန်ရှန်း၏နောက်ကျောသာ။ ၎င်းမှာ မန်ဟို သူ့ကို ပထမဆုံးမြင်ခဲ့ရတုန်းကအတိုင်း ညှို့မှိုင်းပြီး အဖော်မဲ့အထီးကျန်နေချေသည်။
ဟန်ရှန်းက လက်ကို ဝှေ့ယမ်းလိုက်ရာ လေအေးတစ်ချက် ဖြစ်တည်လာသည်။ ၎င်းသည် မန်ဟိုနှင့် တုန်လှုပ်နေသော ကျင်ရှန်းကို ပွေ့ယူကာ အဝေးသို့ သယ်ဆောင်သွားလေ၏။
လေအေးမှာ မယုံနိုင်လောက်အောင် ပြင်းထန်၏။ ၎င်း သူတို့ကို သယ်ဆောင်သွားစဉ် မန်ဟိုသော်လည်းကောင်း၊ ကျင်ရှန်းသော်လည်းကောင်း လေအားကို မခုခံနိုင်ပေ။ လေအားက ပြင်းသည့်တိုင် မန်ဟိုက ခေါင်းလှည့်ပြီး နောက်ဆုံးတစ်ချက် ကြည့်လိုက်နိုင်သေး၏။
ဟန်ရှန်း၏ နူးညံ့သောအသံအား ကြားသည်ဆိုရုံကလေး ကြားလိုက်ရသည်။
"လွန်ခဲ့တဲ့ နှစ်သုံးထောင်တုန်းက မင်းကြောင့် ကိုယ် တံတားကျွန်တစ်ယောက်ဖြစ်လာဖို့ စိတ်ပြောင်းခဲ့တယ်။ နှစ်သုံးထောင်ကြာတော့ မင်းကြောင့်ပဲ ကိုယ် ဆန့်ကျင်ဘက်ရွေးချယ်မှု လုပ်ခဲ့တယ်။ ကိုယ် ဒီလိုဘဝမျိုးနဲ့ မင်းကို အဖော်ပြုပေးပါ့မယ်။ အဲ့ဒါက ဘာအန္တရာယ်ရှိမှာမလို့လဲ...
"ကိုယ် အသိစိတ်ကင်းမဲ့သွားမယ်။ ပြန်ခွင့်လည်း ရှိမှာ မဟုတ်ဝောာ့ဘူး။ ဒါပေမဲ့ ကိုယ် မင်းနဲ့အတူ ရှိနေနိုင်သေးသရွေ့ သေခြင်းရှင်ခြင်းဆိုတာ အရေးမပါပါဘူး....
"ဒီနှစ်သုံးထောင်အတွင်းမှာ ကိုယ်အများကြီး တွေးခဲ့တယ်။ အမွေတွေ ကျင့်ကြံခြင်းအခြေခံတွေဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက အိပ်မက်... မင်းကိုယ့်အနားမရှိရင် ကိုယ့်ကမ္ဘာဟာ ဗလာနတ္ထိ
"မင်းက ကိုယ့်အတွက် အရာအားလုံး
"ကိုယ် ဝမ်းသာပါတယ် လုံးဝဝမ်းသာတယ်... ကိုးကွယ်ယုံကြည်ဖို့အတွက်”
ဟန်ရှန်း မျက်လုံးများ ပွင့်လာသောအခါ ၎င်းတို့သည် တွေဝေငေးကြောင်နေလေပြီ။ သူ၏အထီးကျန်မှု၊ ညှိုးငယ်မှုတို့အားလုံး မရှိတော့ပေ။
သူ့ဇနီးက သူ့ဘေးတွင် ရပ်နေ၏။ သူတို့နှစ်ယောက်သည် လှည့်ပြီး အဝေးသို့ ထွက်သွားကြသည်။ တံတားကျွန် တစ္ဆေတပ်ဖွဲ့များက သူတို့အနောက်မှ လိုက်ရင်း... တရွေ့ရွေ့ လွင့်မျောပျောက်ကွယ်သွားကြသည်။
"ဘယ်အချိန်မှ အင်မိုတယ်တံတားက အသစ်ပြန်ဖြစ်မှာလဲ... ဆရာကြီး ဘယ်နေ့မှ ဆရာကြီးကို ပြန်မြင်ရမှာလဲ....."
***