← Chapters

ထို့ကြောင့် မြောက်ပိုင်းရွေးခြင်းလော

Vol. 34 Ch. 474

ထို့ကြောင့် မြောက်ပိုင်းရွေးခြင်းလော

Vol. 34 Ch. 474

"စီနီယာကြီး ဟန်ရှန်း...." မန်ဟိုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ သူ့တွင် ဟန်ရှန်း၏ဓား၊ ဟန်ရှန်း၏ အရက်အိုးရှိပြီး သူ၏ညာလက်မောင်းပေါ်တွင် ဟန်ရှန်း၏ ‌နှင်းမြေကြီးမှ ပြုလုပ်ထားသော အရုပ်ဆေးမင်ကြောင်တစ်ခုရှိသည်။ ဤအရာအားလုံးမှာ ရုပ်ဝတ္ထုပစ္စည်းများဖြစ်၏။ သို့သော် မန်ဟို့ နှလုံးသားအနက်ရှိုင်းဆုံးထဲတွင်တော့ ဟန်ရှန်းနှင့် သူ့ဇနီးသည်၏ ပုံရိပ်မှာ စွဲထင်ကျန်ရစ်ခဲ့လေပြီ။

ပုံရိပ်မှာ ဝမ်းနည်းညှိုးငယ်မနေတော့သလို၊ အထီးကျန်နေခြင်းလည်း မရှိတော့ပေ။ ‌တွေဝေငေးကြောင်နေမှုလည်း ကင်းမဲ့နေပြီး .... တစ်ယောက်ကို တစ်ယောက် အ‌ဖော်ပြုလျက် အဝေးသို့ လမ်းလျှောက်ထွက်သွားသော ‌ဇနီးမောင်နှံနှစ်ဦးသာ ဖြစ်လေ၏။

"ကျုပ် မန်ဟို တံတားပျက်နယ်ပယ် ဒီနေရာမှာ သစ္စာဆိုတယ်။ ဒီဘဝမှာ ဒီအင်မိုတယ်လျှောက်လှမ်းခြင်းတံတားကို ကျုပ် ကိုင်လှုပ်နိုင်တဲ့ တစ်နေ့ရောက်ခဲ့ရင် မမေ့မလျော့ ကျေးဇူးပြန်ဆပ်ပါ့မယ်" အရိုးစိမ့်မတတ် အေးစိမ့်သော လေအတွင်းတွင် မန်ဟိုက တံတားကျွန်တစ္ဆေများကို ပြန်လှည့်ကြည့်ကာ လက်ယှက်၍ အလေးအနက် အရိုအသေပေးလိုက်ရသည်။

မန်ဟို့အတွက် သူ၏စည်းမျဉ်းများက ကျေးဇူးအား မုချပြန်ဆပ်ရန် တိုက်တွန်းနေသည်။ တစ်လုပ်စားဖူး ၊ သူ့ကျေးဇူးဟူသည် ဘယ်တော့မှ မမေ့အပ်ပေ။

မန်ဟိုသည် ဘဝတွင် သူ့အပေါ် ကောင်းခဲ့သော လူများအား တွေ့ဆုံခဲ့ရသည်။ သူတို့ကို သူ‌မေ့သွားလျှင် သူ့ကိုယ်သူအား ကျင့်ကြံသူတစ်ယောက်ဟု ခေါ်ဖို့ မထိုက်တန်ပေ။ ရန်ကြွေးလည်း ထိုနည်းတူပင်.... အဆများစွာ ပြန်လည်ပေးချေရမည်ကလွဲ၍။

ကျေးဇူးရှင်တွေကို ကျေးဇူးပြန်ဆပ်ဖို့ ငါ အစွမ်းရှိသမျှ အကုန်လုပ်မယ်။

ရန်သူတွေကိုတော့ ဆယ်ဆပြန်ခံစားရအောင် လက်တုံ့ပြန်မယ်။

လူတွေကို ငါ့ကို မတိုက်ခိုက်ရင် ငါလည်း မတိုက်ခိုက်ဘူး။ ဒါပေမဲ့ တစ်ယောက်ယောက် ငါ့ကို တိုက်ခိုက်ရင် အဲ့ဒီလူ သေကို သေစေရမယ်။

ဤသည်ကား မန်ဟိုဖြစ်သည်။

ကွန်ဖြူးရှပ်ဝါဒတွင် အပိုင်းနှစ်ပိုင်းပါရှိသည့် မျှတသောအယူဝါဒလမ်းစဉ်တစ်ခု ရှိသည်။ တစ်ပိုင်းမှာ ကြင်နာသနားပြီး သူတစ်ပါးအား သည်းခံခြင်းနှင့်ပတ်သက်သည်။ ကျန်တစ်ပိုင်းမှာ လိုအပ်လျှင် လုပ်သင့်သည့်အရာကို လုပ်ဆောင်ရန် ပါရှိ၏။ ကျင့်ကြံခြင်းလောကသို့ ဝင်ရောက်ပြီးနောက် မန်ဟိုလည်း သူ့လမ်းသူ ရွေးချယ်ခဲ့လေသည်။

ဤလမ်းစဉ်သည် ကျင့်ကြံခြင်းနှင့် ဘာမှမပတ်သက်၊ ကိုယ်ပိုင်စည်းမျဉ်းများနှင့်သာ သက်ဆိုင်သည်။ မန်ဟို၏ စည်းမျဉ်းများတွင်လည်း အပိုင်းနှစ်ပိုင်းပါရှိသည့် မျှတသော အယူအဆတစ်ခု ရှိ၏။ တစ်ပိုင်းသည် ကျေးဇူးပြန်ဆပ်ခြင်းဥပဒေသဖြစ်ကာ ကျန်တစ်ပိုင်းကား တိုက်ခိုက်သူများကို ‌သေခြင်းဖြင့် အဆုံးသတ်ပေးရန်ပင်။

ကျင့်ကြံခြင်းဟူသည် ယုံကြည်ချက်ကို တည်ဆောက်ခြင်းဖြစ်၏။

ကျင့်ကြံခြင်းသည် မည်သို့ပြုမူနေထိုင်၊ ကျင်လည်ကျက်စားရမည်လဲ ‌သင်ယူလေ့လာခြင်းဖြစ်၏။

မန်ဟိုက လက်နှစ်ဖက်ယှက်ပြီး အကြာကြီး ဦးညွှတ်အရိုအသေပေးနေသည်။ သူ့ဘေးတွင် ကျင်ရှန်းက ရုတ်တရက် အမြင့်ဆုံးအရှိန်ဖြင့် လေအေးအတွင်းမှ ပျံထွက်လာကာ အဝေးသို့ ရွေ့လျားသွား၏။ သူမသည် ညာလက်ကို မြှောက်၍ အနီရောင်ပန်းတစ်ပွင့်အား ဘွားခနဲ ပေါ်လာစေသည်။ သူမသည် မန်ဟို့ကို တိုက်ခိုက်နေခြင်းမဟုတ်။ ထိုအစား သူမပန်းက ဤပတ်ဝန်းကျင်တွင် တိုက်တိုက်ဆိုင်ဆိုင် ပျံသန်းနေခဲ့သော လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ကို .... လွှမ်းခြုံလိုက်သော ပန်းပင်လယ်တစ်စင်းဖြစ်သွားခဲ့သည်။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ သူမသည် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသော မျက်ဝန်းလေးများဖြင့် ရယ်ရင်း လိပ်ပြာမိစ္ဆာစိတ်ဝိညာဉ်ကို သိမ်းလိုက်လေသည်။ ထိုစဉ် ‌သိပ်မလှမ်းမကမ်းတွင် နောက်ထပ် မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ဖျတ်ခနဲ ပေါ်လာ၏။ ၎င်းက သတိထားမိခံလိုက်ရကြောင်း သဘောပေါက်လိုက်သည်နှင့်တစ်ပြိုင်နက် ကြောက်လန့်သွားပုံပင်။ တောင်ပံများက်ု တဖျပ်ဖျပ်ခတ်ရင်း ပျံထွက်သွား၏။

ကျင်ရှန်း၏ မျက်လုံးများ တောက်ပသွားပြီး နောက်မှ တခဏ လိုက်သွားသော်လည်း ရပ်လိုက်၏။ အဘယ်ကြောင့်ဆိုသော် မန်ဟိုက ရုတ်တရက် ယိမ်းနွဲ့ဓားချီကို ထုတ်ဖော်လိုက်၍ပင်။ ဓားချီ၏ခြိမ်းခြောက်မှုက ကျင်ရှန်းကို အတော်လေး စိတ်ကသိကအောက် ဖြစ်သွားစေသည်။ သူမက မန်ဟို့ကို လှမ်းကြည့်သည်။ ဤသည်မှာ သူပထမဆုံးအကြိမ် ထိုကဲ့သို့အရာမျိုး လုပ်ခြင်းမဟုတ်ပေ။

သူမသည် မျက်မှောင်ကြုတ်ပြီးနောက် ဟက်ခနဲ ရယ်ကာ လိပ်ပြာမှ ဝေးရာသို့ ပျံထွက်သွားလေသည်။ သူမအသံက မန်ဟို့ဆီ ပျံ့လွင့်လာ၏။

"မန်ဟို ငါတို့ ပူးပေါင်းပြီး ဘာမှမရလိုက်ပေမယ့် နင် အခုသိထားရသလောက် စိတ်ဝင်စားရင် ငါတို့ နောက်နှစ်နှစ်ရာကျ ဒီနေရာကို ပြန်လာပြီး ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီကို ဝင်ရောက်နိုင်တယ်

"နင် အဲ့ဒီမှာ ရှိနေတုန်း စီနီယာကြီးဟန်ရှန်းကို ကယ်တင်နိုင်မယ့်နည်းလမ်းတောင် တွေ့ရင်တွေ့ရလိမ့်မှာ။ အဲ့ဒီမိစ္ဆာစိတ်ဝိညာဉ်ကိုတော့ နင်လိုချင်တယ်ဆိုရင် ငါ မလုတော့ဘူး" သူမ၏ခန္ဓာကိုယ်သည် လက်ခနဲ ဟင်းလင်းပြင်အတွင်း ဝင်ရောက်ပျောက်က်ကွယ်သွားသော အနီရောင်အလင်းတန်းတစ်တန်း ဖြစ်သွားခဲ့လေပြီ။

ကျင်ရှင်းထွက်သွားသည်ကို ကြည့်နေစဉ် မန်ဟို့၏မျက်လုံးများမှာ တဖျပ်ဖျပ် လက်နေလျက်ရှိသည်။ သူကား သူမကို တားလည်းမတားသလို၊ တုံ့ပြန်ခြင်းလည်းမရှိ။ ထိုအစား မိစ္ဆာစိတ်ဝိညာဉ်နောက်လိုက်သွား၏။

ခပ်လှမ်းလှမ်းရောက်သော် ‌ကျင်ရှန်းက အသေးစားနေရာရွှေ့ပြောင်းခြင်းတစ်ခု လုပ်ဆောင်လိုက်သဖြင့် မန်ဟို့နေရာမှ အလွန်ဝေးကွာသော ဟင်းလင်းပြင်အတွင်းတွင် ပြန်ပေါ်လာသည်။ ရုတ်တရက် သူမက သွေးတစ်ပွက်အန်လိုက်၏။ သူမ ခန္ဓာကိုယ်မှာ အနည်းငယ်တုန်ရီလာပြီး သရဲပုံရိပ်တစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာလေသည်။ အံဩဖွယ်ကောင်းစွာနှင့် ဤပုံရိပ်မှာ လွတ်မြောက်အောင် ရုန်းထွက်နေသော ကျောက်ယူလန်၏ဝိညာဉ် ဖြစ်ချေသည်။

"အစ်မမှာ အချစ်လေးရဲ့ ဝိညာဉ်နဲ့ ပေါင်းစည်းဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ အစ်မတို့ သဘောတူညီချက်ကိုတော့ အချစ်‌လေးလိုက်နာမှဖြစ်မယ်။ ဒီခန္ဓာကိုယ်ကိုလည်း နှစ်နှစ်ရာပဲ ငှားလိမ့်မှာပါ။ နှစ်နှစ်ရာကြာရင် ပြန်ပေးမယ်

"ပြီးတော့ အလကားမငှားပါဘူး။ အချစ်လေး အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ရောက်နေစေရမယ်" ထို့နောက် သူမက လက်ညိုးကို နဖူးအပေါ်သို့ ဖိချလိုက်သည်။

ဤအပြုအမူက ကျောက်ယူလန်၏ဝိညာဉ်ကို ချက်ချင်း အားနည်းလာစေသည်။ ၎င်းမှာ ထိတ်လန့်ကြောက်ရွံ့သွားဟန်ရှိပြီး ပြန်ကျုံ့ဝင်သွား၏။ နောက်ဆုံးတွင် ၎င်း ပျောက်ကွယ်သွားသည်။ မည်သည့်သရဲပုံရိပ်မှ မရှိတော့ပေ။

"ငါ့ခန္ဓာကိုယ်က နှင်းမြေကြီးကြောင့် ထိခိုက်ထားပြီး အ‌အေးဓာတ်က နှစ်ကြိမ် ဝင်ထားတယ်။ စောစော‌တုန်းက အဲ့ဒီမိစ္ဆာစိတ်ဝိညာဉ်ကို ရဖို့အတွက် ငါ့ရဲ့အင်မိုတယ်အဆီအနှစ် နည်းနည်းပါးပါးတောင် လှည့်ပတ်ခဲ့ရတာ။ ဒီမန်ဟိုက မြေခွေးလို ကောက်ကျစ်စဉ်းလဲပြီး နတ်ဆိုးတစ်ကောင်လို ရက်စက်တယ်

"ငါ ဒီကထွက်မသွားရင် အဲ့ဒီမန်ဆိုတဲ့ အကောင်လေး ငါ့ မတိုက်ဘဲနေမလား ပြောမရဘူး" ကျင်ရှန်း မျက်လုံးများ တောက်ပသွားသည်။ မည်သည့်အချိန်ကတည်းကလည်း မသိသည့်တိုင် သူမသည် မန်ဟို့ကို အရည်အချင်းရှိသော ပြိုင်ဘက်တစ်ယောက်အဖြစ် မြင်ခဲ့ပြီးဖြစ်လေသည်။

"ဒါပေမဲ့ အခုကစပြီး နောက်‌နှစ်နှစ်ရာနေလို့ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီမှာ သူကူညီပေးမယ်ဆိုရင် သူ့အပေါ် ကျိန်စာ မသက်ရောက်နိုင်တဲ့အချက်က တော်တော် အသုံးဝင်လိမ့်မှာ။ ဒါဆို ငါ့ရဲ့ မိစ္ဆာအင်မိုတယ်ခန္ဓာကို ရယူမယ့် အစီအစဉ်လည်း အောင်မြင်နိုင်ခြေများလိမ့်မယ်" ထိုသို့ပြောပြီး ကျင်ရှန်းက အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အင်မိုတယ်တံတားကျောက်ခဲကို ထုတ်ရန် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူမ ၄င်းကို ချိုးဖျက်လိုက်သည်နှင့် ခန္ဓာကိုယ်မှာ စတင်ဝေဝါးလာ၏။ မကြာမီ သူမကား လုံးဝပျောက်ကွယ်သွားခဲ့လေပြီ။

ဟင်းလင်းပြင်ထဲတွင်တော့ မန်ဟိုတစ်ယောက်တည်း ခရီးနှင်နေသည်။ အေးစိမ့်နေသောလေမှာ ‌ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ဟင်းလင်းပြင်၏ အအေးဓာတ်က သူ့ကို ဖိနှိပ်နေသည်။ သို့သော် မန်ဟို့အတွက်တော့ အအေးဓာတ်မှာ အတော်‌လေး နွေးလေသည်။

သူ၏ မြေအမျိုးအစားအရုပ်သည် တုနှိုင်းမဲ့သော နှင်းမြေကြီးဖြစ်၏။ ယင်းနှင့်ယှဉ်လျှင် ပတ်ဝန်းကျင်ရှိ အအေးဓာတ်အား တပွက်ပွက် ဆူနေသောအပူဟုသာ ပမာနှိုင်းနိုင်သည်။

‌မြေအရုပ်ဆေး‌မင်ကြောင်ကို ရရှိလိုက်‌‌သော အောင်မြင်မှုကြီးပြီးနောက်တွင် မန်ဟို့၏ကျင့်ကြံခြင်းအခြေခံသည် အလွန်လျင်မြန်စွာ မြင့်တက်သွားခဲ့၏။ ယခုအချိန်တွင် သူအမြန်နှုန်းမှာ ယခင်ထက်မြန်နေလေပြီ။ ထိုမျှသာမက ဟင်းလင်းပြင်မှာလည်း သူ့အား ဟန့်တားနိုင်ခြင်းမရှိတော့။ သူသည် ၎င်းနှင့် အသားကျနေပြီဖြစ်သည်။

သူသည် လိပ်ပြာနောက်သို့ တစ်နာရီခန့် လိုက်ပြီးနောက်တွင်တော့ ၎င်းကို ဖမ်းကာ သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။ ထို့နောက် ရပ်ပြီး တွေးနေ၏။

"မိစ္ဆာစိတ်ဝိညာဉ်နှစ်ကောင်။ တစ်ကောင်ကို ကျီးနတ်မင်းမျိုးနွယ်စုတွေ အနက်ရောင်နယ်မြေကို ဝင်ရောက်ခွင့်ရဖို့ သုံးရမယ်။ ကျန်တဲ့ကောင်ကိုတော့ .... နောက်နှစ်နှစ်ရာနေလို့ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီဖွင့်တဲ့အခါ ဘာလုပ်လို့ရမလဲ ဆုံးဖြတ်နိုင်တယ်" ထို့နောက် သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားသော စိတ်ဆန္ဒပြည့်နှက်လာပြီး သူက ရှေ့ဆက်သွားလေသည်။

သူသည် ရွေ့လျားနေစဉ် ဟန်ရှန်း၏ဓားကို ထုတ်လိုက်သည်။ ဓားမှာ ထူးထူးခြားခြားမရှိ၊ သာမန်အတိုင်းသာဖြစ်သည်။ သို့သော် ဤဓားက ကောင်းကင်နှင့်မြေကြီးကို ထက်ပိုင်းပိုင်းကာ ဟင်းလင်းပြင်ကို ခွဲဖြတ်ပြီး တောင်စိတ်ဝိညာဉ်၏ အံ့ခမခန်းလိလိအရှိန်အဝါကို ပွင့်ထွက်စေနိုင်ကြောင်း မန်ဟို မြင်တွေ့ခဲ့ရလေသည်။

"ဒါက အင်မိုတယ်ဓားတစ်လက်ပဲ" သူက ဘယ်လက်ကို ဓားသွားတစ်လျှောက် ရွေ့လျားသွားစေလိုက်ရာ တကျွီကျွီမြည်နေသောအသံတစ်သံ ပဲ့တင်ထပ်လာ၏။ အသံတွင် ပူဆွေးသောက၊ နှုတ်ဆက်ခွဲခွာ‌‌ရ‌မှု နှင့် ပြန်လည်ဆုံစည်းလိုသော ‌မျှော်လင့်ချက်တို့ ပါရှိနေလေသည်။

မန်ဟိုသည် အသံကို နားထောင်ရင်း ဟန်ရှန်းကို ပြန်တွေးမိလိုက်၏။ သူ့မှာ ဟင်းခနဲ သက်ပြင်းချလိုက်မိသည်။

"စီနီယာဟန်ရှန်းနဲ့ယှဉ်ရင် ငါက သေးသိမ်ပြီး အားနည်းတယ်။ အခု ငါ မင်းကို အသုံးမပြုနိုင်ဘူး။ ဒါပေမဲ့ ငါ့ကို လက်ဆောင်ပေးခဲ့တာမလို့ အခုကစပြီး မင်းက... ငါ့ဓားဖြစ်သွားပြီ

"နောင်ကျရင် ပြန်ကယ်တင်ပေးမယ်လို့ ငါ စီနီယာဟန်ရှန်းကို ကတိပေးခဲ့တယ်။ သူ့ကို ငါကယ်တဲ့အခါ မင်းကိုလည်း ခေါ်သွားပေးမယ်လို့ အခု ငါ ကတိပေးတယ်။ ငါ သူ့ကို အောင်အောင်မြင်မြင် ကယ်တင်နိုင်တဲ့‌တစ်နေ့ စီနီယာဟန်ရှန်းရဲ့ လက်ထဲ မင်းကို ပြန်ထည့်ပေးမယ်"

တကျွီကျွီမြည်နေသောအသံ တိုးညှင်းပျောက်ကွယ်သွားသည်။ မိုးပြားဓားမှာ တ‌‌ဖြေး‌ဖြေး တိတ်ဆိတ်သွား၏။ ထို့နောက် ၎င်းသည် မိုးပြာရောင်အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ လေထဲသို့ ပျံထွက်သွားပြီး မန်ဟို့ဆီ ပြန်လည် ပျံသန်းလာသည်။ သူက ၎င်းကို မတားပေ။ မိုးပြာရောင်အလင်းသည် သူ့ကို ရိုက်ခတ်လိုက်ရာ သွေးစက်တစ်စက်အား သူ့နဖူးပေါ်တွင် ပေါ်လာစေသည်။

သွေးစက် မိုးပြာဓားကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် မန်ဟိုသည် သူတို့နှစ်ယောက်ကြားက ရှင်းလင်းပြတ်သားသော ဆက်သွယ်မှုကို အာရုံရလိုက်သည်။ သူ၏ မျက်လုံးများ တလက်လက်တောက်ပလာပြီး သူက ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ရုတ်ချည်းဆိုသလို မိုးပြာဓားကား ကြီးကျယ်ခမ်းနားသော အရှိန်အဝါဖြင့် အဝေးသို့ထွက်သွား၏။

၎င်းသည် အလွန်လျင်မြန်စွာ ရွေ့လျားသွားသည့်အတွက် မန်ဟိုမှာ ၎င်းအား သဲသဲကွဲကွဲ မမြင်ရတော့ပေ။ ၎င်းက ချဉ်းကပ်လာနေသော မီတာသုံးထောင်အကျယ် ကျောက်တုံးကြီးတစ်တုံးထံသို့ တိုက်ရိုက်ပြေးဝင်သွားသည်။ မျက်စိတစ်မှိတ်အတွင်း ကျောက်တုံးကြီးမှ အစိတ်စိတ်အမွမွ ကြေမွသွား၏။ အုန်းခနဲ ပေါက်ကွဲသံကြီး ပဲ့တင်ထပ်နေပြီး ကြေမွသွားသော အပိုင်းအစများ အပြင်သို့ ဖြာထွက်မလာခင်မှာပင် ဓားက မန်ဟို့အရှေ့သို့ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။

မန်ဟိုမှာ မျက်လုံးအပြူးသားနှင့် ညာလက်ကို ဆန့်ထုတ်လိုက်၏။ ဓားက လက်သည်းခွံ အရွယ်အစားသာ ရှိတော့သည်အထိ တဖြည်းဖြည်း ကျုံ့လာသည်။ မန်ဟိုက ဓားအား မြိုချပြီး သူနှင့်တစ်သားတည်း ဖြစ်သွားစေသည်။ ယခုတွင် ဤသည်မှာ မန့်ဟို၏ ဝှက်ဖဲများထဲမှ တစ်ခုဖြစ်သွားလေပြီ။ အကယ်၍ ၎င်းအား သိုလှောင်အိတ်ထဲတွင် သိမ်းထားလျှင် အလုယက်ခံရမှာ စိုးရိမ်ရ၏။

မီတာသုံးထောင်အကျယ်ကျောက်တုံးကြီး၏ ကြေမွ‌သွားသောအပိုင်းအစများ သူ့ဆီ လွင့်စင်လာသည်နှင့် မန်ဟိုက သူ့ကို တံတားပျက်နယ်ပယ်သို့ ပို့ဆောင်ပေးခဲ့သော အင်မိုတယ်တံတားကျောက်ခဲကို ထုတ်လိုက်သည်။ ၎င်းကို ဆုပ်ချေလိုက်သည်နှင့် သူသည် ချက်ချင်း မှေးမှိန်ပျောက်ကွယ်သွားလေ၏။

ကြီးမားကျယ်ပြောသော အနောက်ပိုင်းသဲကန္တာရ၏ မြောက်ပိုင်းမှာ ရေကန်ကြီးအဖြစ်သို့ လျင်မြန်စွာ ရောက်ရှိနေပြီဖြစ်သည်။ အနိမ့်ဆုံးနေရာများတွင် ခရမ်းရောင်ရေကန်များကိုပင် မြင်နေရလေပြီ။ ခရမ်းမိုးသည် တဖွဲဖွဲ ရွာကျနေ၏။ ၎င်းမှာ ဆက်၍သာ သည်းလာနေသည်။

ကောင်းကင်သည် မည်းမှောင်အုံ့မှိုင်းနေပြီး နေရောင်အား မည်သည့်နေရာတွင်မှ မမြင်ရလေရာ အတော်လေး မှုန်ဝါးနေစေတော့သည်။‌ မြင်ကွင်းတစ်ခုလုံးသည် စိတ်ကို ဖိစီးနှိပ်စက်နေသော အားတစ်ရပ် ဖြစ်လာခဲ့၏။ အသက်ကို နှုတ်ယူနိုင်သော အအေးဓာတ်သည်လည်း နေရာအနှံ့ ဖြန့်ကျက်လွှမ်းမိုးနေတော့သည်။

တောင်အားလုံးမှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်နေ၏။ အသက်ရှိ‌သော အရိပ်ယောင်ဟူ၍ မည်သည့်နေရာတွင်မှ မမြင်ရ။ အနောက်ပိုင်းသဲကန္တာရ၏ မြောက်ပိုင်းတစ်ခုလုံးမှာ ယခုတွင် စိတ်ဝိညာဉ်စွမ်းအင် အသျှင်းကွယ်ပျောက်နေခဲ့ပြီဖြစ်သည်။ မိုးရေထဲတွင် ပြန့်ကြဲနေသည့် ပုပ်သိုးနံ‌စော်နေသော အလောင်းများအား ဟိုဟိုသည်သည် မြင်ရလေသည်။

အဝေးတွင် လူစုတစ်စု လေကို ခွင်းလျက် လျင်မြန်စွာ ရွေ့လျားနေကြသည်။ ဤသည်မှာ ပြောင်းရွှေ့နေကြသည့် လူလေးငါးထောင်ခန့်ရှိသော အဖွဲ့တစ်ဖွဲ့ဖြစ်၏။ သူတို့မှာ မျက်နှာများ ဖြူဖပ်ဖြူလျော်နှင့် တိတ်ဆိတ်နေကြသည်။ မကြာသေးမီက ရက်များအတွင်း ယခုကဲ့သို့ ပြောင်းရွှေ့နေ‌သော အဖွဲ့များမှာ မြောက်ပိုင်းတွင် မြင်‌တွေ့ရနေကျ ဖြစ်လေသည်။

သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ ဖိနှိပ်နေသော အရှိန်အဝါတစ်ခုနှင့်အတူ လာနေသော အလင်းတန်းတစ်တန်းအား မြင်လိုက်ရသည်။ ၎င်းသည် အလွန်မြင့်မားသောအမြန်နှုန်းဖြင့် ရွေ့လျားလိုက်ရာ ဝုန်းခနဲ အကျယ်ကြီး မြည်ဟည်းသွားစေသည်။ ၎င်းကား ပြိုင်ဘက်ကင်းလောက်အောင် ရန်လိုနေသ‌ယောင်ပင်။

အလင်းတန်းက ပြောင်းရွှေ့နေသော မျိုးနွယ်ဝင်များထံသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေးဝင်လသည့်အတွက် သူတို့အာရုံအား ချက်ချင်း ဆွဲဆောင်လိုက်သည်။ သူတို့အားလုံးက အလင်းတန်းအတွင်းရှိလူကို မော့ကြည့်လိုက်ကြ၏။ မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦး ချက်ချင်း တုန်လှုပ်သွားကြသည်။

"ရီချန်ဇီ"

"ဟိုတလောက သူ ဒီပတ်ဝန်းကျင်က မျိုးနွယ်စု ခုနစ်စု၊ရှစ်စုကို တစ်ယောက်မကျန် သုတ်သင်ပစ်ခဲ့တယ်။ သူက သူ့ရဲ့ကျင့်ကြံအဆင့်တက်ဖို့ သွေးယဇ်ကောင်တွေအဖြစ် သတ်ထားတဲ့လူတွေကို အသုံးပြုတာ"

"‌ကောင်းကင်ဘုံသာ ငါတို့မျိုးနွယ်စုကို သုတ်သင်ချင်ရင် ငါတို့သတိထားပြီးနေဖို့လေးပဲ လိုတာ။ အခုတော့ ဒီသောက်ကျိုးနည်း ရီချန်ဇီနဲ့မှ ဘယ်လိုလုပ် ပက်ပင်းတိုးရတာလဲ"

ဤချဉ်းကပ်လာနေသောအလင်းတန်းမှာ တံတားပျက်နယ်ပယ်တွင် မန်ဟို လိုက်ဖမ်းခဲ့သော ရီချန်ဇီမှတစ်ပါး အခြားမဟုတ်ပေ။ မန်ဟို သူ့အား ဖမ်းမိခဲ့တုန်းက တံတားကျွန်များ ပေါ်လာ၍ လေမုန်တိုင်းတိုက်ခဲ့သည်။ မဟုတ်လျှင် ဤလူမှာ မန်ဟို့လက်ချက်နှင့် အသက်ထွက်နေလောက်ပြီဖြစ်သည်။

သူ့ခေါင်းမှာ မတန်မဆ သေးနေသော်လည်း သူက အတော်လေးအရပ်ရှည်လေရာ ကြွက်တစ်ကောင်‌နှင့် တူနေ၏။ သူ၏ပုံပန်းသွင်ပြင်က အခြားသူများအား သူ့ကို မြင်သည်နှင့် မှတ်မိစေလေသည်။ သူသည် ‌ယုတ်မာကောက်ကျစ်သောမျက်နှာထားဖြင့် လေကိုခွင်း၍ ပျံသန်းလာနေသည်။

ပြီးခဲ့သည့်လဝက်က သူသည် တံတားပျက်နယ်ပယ်မှ ပြန်ရောက်လာခဲ့၏။ သူပြန်ပေါ်လာသောအခါ သူထွက်ခွာလာခဲ့သော အနောက်ပိုင်းသဲကန္တာရ၏ မြောက်ပိုင်းနယ်စပ်တွင် ဖြစ်ကြောင်း ‌တွေ့လိုက်ရလေသည်။ သူ့မှာ တံတားပျက်နယ်ပယ်ခရီးစဉ်နှင့်ပတ်သက်ပြီး စိတ်ကျေနပ်မှုမရှိသည့်အပြင် မန်ဟို့ကိုလည်း ဖိန့်ဖိန့်တုန်အောင် ကြောက်နေဆဲပင်။

ယင်းက တကယ်တမ်း သူ စောစောပြန်လာခဲ့ရသည့် အကြောင်းရင်းပင်။ သူ့မှာ မန်ဟိုနှင့်မှ ပက်ပင်းတိုးခဲ့မိသော သူ၏ကံဆိုးပုံကြောင့် သက်ပြင်းသာ ချနိုင်တော့သည်။ အနောက်ပိုင်းသဲကန္တာရသို့ ရောက်သော် သူ့မှာ မန်ဟိုနှင့် ပြန်တွေ့မှာစိုးသဖြင့် မန်ဟို ဘယ်ကလာသည်လဲ ဆက်တိုက်စုံစမ်း‌ခဲ့သည်။

ဘက်ပေါင်းစုံမှ စဉ်းစားပြီးနောက်တွင် မန်ဟိုသည် ဘယ်နည်းနှင့်မှ မြောက်ပိုင်းက မဟုတ်နိုင်ကြောင်း သူ ကောက်ချက်ချလိုက်သည်။ ‌မြောက်ပိုင်းရှိ မျိုးနွယ်စုများ၏ ကျင့်ကြံခြင်းအခြေခံမှာ အားလုံးအထဲတွင် အားအနည်းဆုံးမဟုတ်ပါလော။ ကောင်းကင်ဘုံ၏ ရွေးချယ်ခံအဖြစ် သတ်မှတ်နိုင်သော လူများ မပေါ်လာခဲ့သည်မှာလည်း နှစ်နှင့်ချီနေခဲ့ပြီ ဖြစ်သည်။ ရီချန်ဇီသည် ပျက်သုဉ်းခြင်းကပ်‌ဘေးကြောင့် မြောက်ပိုင်းမှာ အထိခိုက်ဆုံးဖြစ်၍ ပြောင်းရွှေ့နေသော မျိုးနွယ်စုများ တစ်ပုံကြီးရှိမည်ကိုလည်း သဘောပေါက်လိုက်သည်။ ၎င်းကား သူ့အတွက် အတော်လေး သင့်တော်၏။

ထို့ကြောင့် မြောက်ပိုင်းသို့ သူလာခဲ့ခြင်းဖြစ်သည်။

***

All Chapters