← Chapters

အပြန်

Vol. 34 Ch. 475

အပြန်

Vol. 34 Ch. 475

ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားပြီး အဖွဲ့မှာ လူစုကွဲသွားသည်။ ယုတ်မာကောက်ကျစ်သော ရီချန်ဇီအတွက် ခေါင်းပြတ်ငါးခေါင်းကို ကိုင်မြှောက်လိုက်ရန် နှစ်နာရီသာ ကြာလိုက်သည်။ ထို့နောက်သူကား

အောက်ရှိမျိုးနွယ်၀င်များ သွေးယဇ်ပူဇော်ခြင်း စတင်တော့သည်။

သွေးယဇ်ပူဇော်ခြင်းသည် နှစ်ရက်ကြာပြီး ရီချန်ဇီက လက်ကို ဝှေ့ယမ်းကာ အပုပ်ကောင်များကို သိမ်းလိုက်သည်။ သွေးယဇ်ပူဇော်ခြင်း လုပ်ဆောင်ပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းအခြေခံသည် အဆင့်တက်ရန် နီးကပ်နေပြီ ဖြစ်၏။

" ငါလုပ်ဖို့လိုတာက နောက်ထပ် လူထောင်ဂဏန်းလောက် သတ်ရုံပဲ။ ပြီးရင် ကျင့်ကြံခြင်းအဆင့်တက်သွားပြီးတော့ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်း အဆင့်ကို ရောက်နိုင်ပြီ။ ဒီမျိုးနွယ်စုရဲ့နာမည်ကို ငါမသိပေမယ့် သူတို့က တော်တော်ရက်စက်တာပဲ။ လူလေးထောင်၊ ငါးထောင်ထဲမှာ အကုန်လုံးက ကျင့်ကြံခြင်းအခြေခံ ရှိနေကြတယ်။ ဒီကောင်တွေ ထွက်ပြေးဖို့အတွက် သာမန်မျိုးနွယ်၀င်တွေကို ထားရစ်ခဲ့တာဖြစ်မယ် " ရီချန်ဇီ၏ မျက်လုံးများ အရောင်လက်သွားပြီး သူက ကျောက်စိမ်းပြားတစ်ပြား ထုတ်လိုက်သည်။ ကျောက်စိမ်းပြားထဲတွင် အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းဒေသကို အသေးစိတ်ရေးဆွဲဖော်ပြထားသော မြေပုံတစ်ခုပါရှိ၏။

" ငါ အဆိပ်ငါးသွယ် မျိုးနွယ်စုကို သွားရန်စလို့မရသလို ၊ မီးရေခဲမျိုးနွယ်စုကိုလည်း သွားထိလို့မရဘူး။ အနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအခြေခံမရှိဘဲနဲ့ သူတို့ကို သွားတိုက်တာက ငါ့ကျင့်ကြံခြင်းအခြေခံကို ဖြုန်းတီးရာရောက်တယ်။

“သောက်ကြိုးနည်း ခရမ်းမိုး။ ကောင်းကင်မြေကြီးနည်းနည်းနဲ့ပေါင်းစပ်ထားတဲ့ သွေးယဇ်ကောင်တွေကြောင့်သာ မဟုတ်ရင် ငါစိတ်ဝိညာဉ်စွမ်းအင်တွေ ကုန်ခမ်းပြီးတော့ သေသွားနေလောက်ပြီ" ရီချန်ဇီက တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ရင်း နှုတ်ခမ်းပါးနားသပ်ပြီး ကျောက်စိမ်းပြားကို ထုတ်ကြည့်လိုက်ပြန်သည်။

"ကျီးနတ်မင်း မျိုးနွယ်စုငါးစု … သူတို့က တစ်ချိန်က ကြီးကျယ်ခမ်းနားတဲ့ ကျီးနတ်မင်းမျိုးနွယ်စုကြီးတစ်စု ဖြစ်ခဲ့တာဆိုတော့ တံတားပျက်နယ်ပယ်ကို ကိုယ်စားလှယ်တစ်ယောက် လွှတ်လိုက်မှာပဲ။ သူတို့က အဆိပ်ငါးသွယ်မျိုးနွယ်စုနဲ့ စစ်ဖြစ်ခဲ့တာလည်း မကြာသေးဘူး။

“ကဲ အဲ့ဒီ့ မျိုးနွယ်စုကို ရွေးတာပေါ့။ လူအရေအတွက် ဘယ်လောက်ကျန်ခဲ့လဲ ပြောဖို့ခက်ပေမယ့် သူတို့က တစ်ချိန်က မျိုးနွယ်စုကြီးတစ်စုဖြစ်ခဲ့ဖူးတယ်လေ။ ပြီးတော့ အဆိပ်ငါးသွယ်မျိုးနွယ်စုကိုလည်း တိုက်ခိုက်နိုင်ခဲ့တယ်ဆိုတော့ အရင်းအမြစ်တွေ အများကြီး ရှိမှာပဲ။ ပိုပြီးအရေးကြီးတာက သူတို့တံတားပျက်နယ်ပယ်ကို လွှတ်လိုက်တဲ့ ကိုယ်စားလှယ်သာ အဲ့ဒီ့မှာ မသေခဲ့ဘူးဆိုရင် သူလည်း ကောင်းကင်မြေကြီး နည်းနည်းပါးပါးနဲ့ ပြန်လာလောက်တယ်။ အဲ့ဒါဆိုရင် ငါ့အတွက် ကောင်းကင်မြေကြီး နည်းနည်းထပ်ပြီးတော့ စုဆောင်းနိုင်ပြီ " သူသည် အကြင်နာမဲ့သော အလင်းရောင်ဖြင့် မျက်လုံးများ တလက်လက်တောက်ပနေလျက် ကျီးနတ်မင်းမျိုးနွယ်စုထံသို့ ခရီးနှင်တော့မည့်အချိန်မှာပင် ရုတ်တရက် တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွား၏။

" ကျီးနတ်မင်းမျိုးနွယ်စုငါးစု တံတားပျက်နယ်ပယ်ကို လွှတ်လိုက်တဲ့သူက ဟိုခွေးမသား မန်ဟိုတော့ မဟုတ်လောက်ဘူးမလား။ တကယ် မဟုတ်လောက်ပါဘူးနော်။ ငါအဲ့လောက်ထိ ကံဆိုးတာတော့ မဖြစ်နိုင်ဘူးမလား။ ဟုတ်ပါတယ်နော် " သူက ထိုအကြောင်းကို တစ်ခဏတွေးပြီးနောက် သူ မည်မျှအလွန်အကျူး သတိထားမိနေပုံကို ရယ်လိုက်မိသည်။ တံတားပျက်နယ်ပယ်ကို လူ (၂၃)ယောက် သွားခဲ့သည်။ သူ့ကိုဖယ်လျှင် (၂၂)ယောက် ရှိသည်။ အကုန်လုံးက အနောက်ပိုင်းသဲကန္တာရ တစ်ခွင်တွင် ဟိုဟိုသည်သည် ပြန့်ကြဲတည်ရှိနေလေသည်။ မန်ဟိုနှင့်ထပ်ပြီး ပက်ပင်းတိုးဖို့ ရာခိုင်နှုန်းမှာ အတိုင်းထက်အလွန် နည်းပါးလှ၏။

အတွေးရထားကြီး ဤဘူတာဆိုက်သော် ရီချန်ဇီ၏ မျက်လုံးများ၌ ရက်စက်ကြမ်းကြုတ်မှုတို့ ပြည့်နှက်သွား၏။ သူ့ခန္ဓာကိုယ်က ရိပ်ခနဲ အဝေးသို့ ထွက်သွားသည်။ သူသည် သူခရီးနှင်နေသည့်အတောအတွင်း ရံဖန်ရံခါ  အခြားမျိုးနွယ်စုများနှင့် ကြုံတွေ့လျှင် မဆိုင်းမတွ တစ်ယောက်မကျန် သုတ်သင်ပစ်တတ်၏။ သူ၏လမ်းကြောင်းတစ်လျှောက်လုံးမှာ သွေးယဇ်ပူဇော်ခြင်းလမ်းကြောင်းအလား ဖြစ်လာတော့သည်။

လမ်းတစ်လျှောက်လုံး သူ၏ကျင့်ကြံခြင်းအခြေခံမှာ အားကောင်းသထက် အားကောင်းလာ၏။ တစ်ချိန်တည်းမှာပင် သူ၏ပင်ကိုယ်စိတ်နေသဘောထားမှာလည်း ပိုမိုကြမ်းကြုတ်ပြီး အကြင်နာမဲ့လာသည်။ ယင်းက သူ့ကို အဆင့်တက်တော့မည်ဟု ခံစားရစေသည်။ သို့ဖြစ်၍ သူ၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းများမှာ ပို၍ပင် ရက်စက်လာလေသည်။

သူသည် တစတစ လျင်မြန်လာသော အမြန်နှုန်းဖြင့်လည်း ရွေ့လျားနေ၏။ မကြာမီ ကျီးနတ်မင်းမျိုးနွယ်စုငါးစုနှင့် အလွန်နီးကပ်လာခဲ့ပြီ ဖြစ်သည်။

" ငါ သွေးနံ့အသားနံ့တွေ အခုထဲက ရနေပြီ " ရီချန်ဇီက လေကိုခွင်း၍ လာနေစဉ် နှုတ်ခမ်းပါးနားသပ်ပြီး ပြောသည်။ ရုတ်တရက် အရှေ့တွင် တောင်တစ်လုံး ပေါ်လာ၏။

တောင်မှာ တောင်ကတုံးဖြစ်ပြီး ၎င်း၏အောက်တွင် ရေကန်တစ်ကန်ကို မြင်နိုင်သည်။ ကန်မှာ သိပ်မကြီးမားသည့်အပြင် ပင်လယ်အစား ကန်ကြီးတစ်ကန်နှင့် ပိုတူလေသည်

တောင်သည် ကန်ကြီး၏အလယ်တည့်တည့်မှ ထိုးထွက်နေ၏။ ၎င်း၏ထိပ်တွင် ခရမ်းမိုးဒဏ်အား ကာကွယ်ရန် ဆောက်ထားသော တဲများရှိလေသည်။ ဤသည်မှာ ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ တည်နေရာဖြစ်သည်။ ယခုတွင် မန်ဟိုထွက်သွားခဲ့သည်မှာ ငါးလတင်းတင်းပြည့်သွားခဲ့လေပြီ။

မျိုးနွယ်ဝင်နှစ်ထောင်‌အနက် တစ်ထောင်စွန်းစွန်းလေးသာ ကျန်ရှိတော့သည်။ အသက်စွမ်းအားများ နှုတ်ယူခံလိုက်ရသောကြောင့် ပြီးခဲ့သည့်ငါးလအတွင်း ရာပေါင်းများစွာသော မျိုးနွယ်ဝင်များမှာ သေဆုံးသွားခဲ့ကြလေသည်။ သူတို့မှာ ရောင်းရင်းမျိုးနွယ်ဝင်များ၏ ငိုကြွေမြည်တမ်းသံများ၊ ဈာပနလွမ်းချင်းများနှင့်အတူ တောင်ပေါ်‌တွင် မြေမြှုပ်နှံခံခဲ့ရ၏။ တောင်တစ်တောင်လုံး... ပင်လယ်ကြမ်းပြင်အောက် ရောက်ရန် သိပ်မကြာတော့ကြောင်း အားလုံး သိကြလေသည်။

နေ့စဉ်နေ့တိုင်း ‌ရေမည်မျှတက်လာခဲ့ပြီလဲ တိုင်းတာရန် တာဝန်တစ်ရပ်ဖြင့် မျိုးနွယ်ဝင်တစ်ယောက် တောင်အောက်သို့ ‌စေလွှတ်ခံရသည်။ ဤနည်းဖြင့် အချိန်မည်မျှကျန်သေးသည်လဲ အကြမ်းဖျင်း တွက်ကြည့်တတ်သည်။

"မနေ့ကထက် တစ်မီတာနီးပါး တက်လာတယ်" အ‌မှောင်ကျီးအကြီးအကဲက ပြောသည်။ သူက ကျီးစစ်သည်ခေါင်းကိုင်ဖခင်ဘေးရှိ တဲတစ်လုံးထဲတွင် ထိုင်နေ၏။

ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏ ဆံပင်များမှာ မီးခိုးရောင်သမ်းနေပြီး သူ့မျက်နှာမှာ ဖြူဖျော့နေကာ ခန္ဓာကိုယ်မှာလည်း ပိန်လှီနေ‌၏။ သူက မရပ်မနားရွာ‌နေသော ခရမ်းမိုးကို လှမ်းကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ သူ စကားပြောသောအခါ သူ့အသံမှာ ခါးသီးနေသော်လည်း အခြားသူများ မကြားစေရန်အလို့ငှာ တိုးညှင်းနေ၏။ "ငါးလ။ သူ ငါတို့ကို ထားခဲ့ပြီထင်တယ်။ ဆူးမြို့ရိုးနွယ်စွမ်းအားလည်း ‌အားနည်းလာနေပြီ... ထွက်သွားရင်လည်း ရပါတယ်။ ဒါပေမဲ့ ငါတို့ဆီကို မျှော်လင့်ချက်နဲ့အတူ ပြန်လာမယ်လို့ ကတိပေးခဲ့ပြီးတော့..." အဘိုးကြီး၏အသံမှာ အက်ကွဲနေပြီး သူ့အမူအရာမှာ မှိုင်တွေတွေဖြစ်နေသည်။

"မျှော်လင့်ချက်...." အမှောင်ကျီးမျိုးနွယ်စုအကြီးအကဲက ပြောသည်။ သူက တဲထဲရှိ ကျန်ရှိသော မျိုးနွယ်ဝင်များကို မျက်လုံးဝေ့ကြည့်လိုက်၏။ သူတို့မှာ တိတ်ဆိတ်ပြီး ညှိုးငယ်နေကြလေသည်။ သူတို့၏မျက်လုံးများမှာ ပွင့်နေသော်လည်း ပိတ်ထားသည်နှင့် သိပ်မခြားပေ။ အတော်တော်များများ၏ ခန္ဓာကိုယ်များမှာ ထင်းခြောက်များသဖွယ် ပိန်ချုံးချည့်နှဲ့နေကြပြီ ဖြစ်သည်။

တစ်ယောက်မှ မျှော်လင့်ချက် ရှိမနေ။

ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များ ‌နည်းပါးလာသည်နှင့်အမျှ ခရမ်းမိုးကား ပို၍ပင် သည်းထန်စွာ ရွာသွားလာကာ အသက်များ နှုတ်ယူခံရလေသည်။ ဤသည်က သာမန်မျိုးနွယ်ဝင်များအတွက် အသက်ရှင်ရန် လွန်စွာခက်ခဲစေ၏။ ကျင့်ကြံသူများပင်လျှင် သူတို့၏ကျင့်ကြံခြင်းအခြေခံများ ခြောက်ကပ်လာပြီး လက်ရှိအဆင့်တွင် ထိန်းထားရခက်နေသည်ကို ခံစားရလေသည်။

"သူပြန်လာလိမ့်မှာပါ" ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ခပ်တိုးတိုးပြောသည်။ သူ့အသံမှာ မကျယ်သော်လည်း စိတ်အားထက်သန်မှုတို့ဖြင့် ပြည့်နှက်နေသည်။ မန်ဟို ပြောခဲ့သည်ကို သူ စိတ်ချသည်။ မန်ဟို‌ သေချာပေါက်ပြန်လာလိမ့်မည်ဟု သူ ယုံကြည်သည်။

အမှောင်ကျီးမျိုးနွယ်စုအကြီးအကဲက သက်ပြင်းမျှင်းမျှင်းချပြီး တစ်ခုခု ဆက်ပြောတော့မည့်အချိန် ရုတ်တရက် မျက်နှာ ရိပ်ခနဲ ဖြစ်သွားသည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်၏။ တစ်ချိန်တည်းဆိုသလို ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်လည်း ဆတ်ခနဲ ခေါင်းမော့လိုက်သည်။ သူ၏ ခြောက်ကပ်နေသော ခန္ဓာကိုယ်အတွင်းတွင် ကျင့်ကြံခြင်းအခြေခံမှာ နောက်တစ်ဖန် လည်ပတ်သွားလေပြီ။ သူ၏ စိတ်ဆင်းရဲနေသော မျက်ဝန်းများသည် ရုတ်တရက် ရန်လိုစွာ တောက်ပလာ၏။

သူတို့နှစ်ယောက်သာမဟုတ်။ သူတို့အနောက်ရှိ အခြားမျိုးနွယ်စုမှ အဖွဲ့ဝင်နှစ်ယောက်လည်း ကောင်းကင်သို့ မော့ကြည့်လိုက်စဉ် ကျင့်ကြံခြင်းအခြေခံများ ပေါက်ကွဲထွက်လာသည်။

ဤငါးလအတောအတွင်း သူတို့သည် အမြဲ အသိနှင့်သတိကပ်ပြီး နိုးနိုးကြားကြား နေခဲ့ကြရ၏။ လူသုံးယောက်အဖွဲ့ သူတို့ကို လာရောက်တိုက်ခိုက်ခဲ့ဖူးပြီး ဆူးမြို့ရိုးနွယ်များ၏ တွန်းထုတ်ခြင်းခံခဲ့ရလေသည်။ သို့သော် အချိန်များ ကြာမြင့်လာသည်နှင့်အမျှ ဆူးမြို့ရိုးနွယ်မှာ အားနည်းသထက် အားနည်းလာခဲ့သည်။ အဆုံးသတ်တွင် ၎င်းမှာ ကန်ထဲ နစ်မြှုပ်ကာ ပျောက်ကွယ်သွား၏။

တတိယအဖွဲ့ရောက်လာသည့်အချိန်တွင်တော့ ကျီးနတ်မင်းမျိုးနွယ်ဝင်များ မဖြစ်မနေ တိုက်ခိုက်ရတော့သည်။ တိုက်ပွဲအတွင်းတွင် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ရန်သူကို သတ်ဖို့အတွက် သူ၏ကျင့်ကြံခြင်းအခြေခံအများစုကို ကုန်ခမ်းစေခဲ့ရ၏။ သူ၏လုပ်ဆောင်မှုက တိုက်ပွဲအား အဆုံးသတ်စေခဲ့သည်။

ဤ‌ပျက်သုဉ်းခြင်းတွင် နှစ်ဦးနှစ်ဖက်ဆုံးရှုံးခြင်းနှင့် သေဆုံးခြင်းမှာ ညီမျှသည်မဟုတ်ပါလော။

မျက်စိတစ်မှိတ်အတွင်း လေးဖွဲ့မြောက် ရောက်လာခဲ့သည့်ပုံရသည်။ သို့သော် ဤတစ်ခေါက်တွင်ကား တစ်ယောက်တည်းသာ။ သို့သော် လက်ရှိအခြေအနေတွင် တစ်ယောက်တည်းက ပို၍ပင် အန္တရာယ်များလေသည်။

ဤတစ်ယောာက်သည် ချောက်ချားဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျက် အလင်းတန်းတစ်တန်းထဲမှ ချဉ်းကပ်လာနေသည်။ အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့် အထွတ်အထိပ်စွမ်းအားကို သယ်ဆောင်လာသော တဝုန်းဝုန်း ပေါက်ကွဲသံများ ပဲ့တင်ထပ်လာ၏။ ဤလူမှာ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်သို့ တက်လှမ်းရန် ဆံခြည်မျှင်လေးတစ်မျှင်သာ ဝေးကွာတော့ကြောင်း သိသာလေသည်။

ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင် ဤကျင့်ကြံခြင်းအခြေခံကို အာရုံရလိုက်သောအခါ သူ့မျက်နှာတွင် အံ့ဩခြင်းတို့ ဖြတ်ပြေးသွားသည်။ သူ့ဘေးရှိ အမှောင်ကျီးမျိုးနွယ်စုအကြီးအကဲမှာ ပို၍ပင် တုန်လှုပ်နေချေသည်။

သူတို့အနောက်က နှစ်ယောက်၏မျက်နှာမှာ ချက်ချင်း ဖြူဆုပ်သွား‌လေပြီ။

သူတို့၏စွမ်းအားအဆင့်ကို စဉ်းစားကြည့်လျှင် ကျီးနတ်မင်းမျိုးနွယ်စုငါးစုလုံး အစွမ်းကုန်ထုတ်လျှင်တောင်မှ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ဦးမည်မဟုတ်ပေ။

ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ ကျန်ရှိသော မျိုးနွယ်ဝင် တစ်ထောင်စွန်းစွန်းကို မြင်သောအခါ ရီချန်ဇီ မျက်မှောင်ကြုတ်သွား၏။

"ဘာလို့ ဒီလောက်နည်းရတာလဲ" သူက အေးစက်စက် နှာမှုတ်ရင်း ပြောသည်။ ထိုမျှနည်းပါးသောလူစုလေးက သူ့ကို အလကားသက်သက် ခရီးနှင်လာမိသည်ဟု ခံစားလိုက်ရစေသည်။ မည်သို့‌ဆိုစေ သူက မျိုးနွယ်စုများဆီ ဆက်လက်ဦးတည်သွား၏။

"သိပ်တော့မများပေမယ့် အလကားတော့ အဖြစ်မခံနိုင်ဘူး" သူက ရက်စက်ကြမ်းကြုတ်သောမျက်ဝန်းများဖြင့် ပြောသည်။ သူသည် နီးကပ်လာစဉ် လက်ကို ဆန့်ထုတ်ပြီး လက်ညှိုးထိုးလိုက်၏။

ချက်ချင်းပင် လှိုင်းများ ဖြာထွက်လာကာ အနက်ရောင်မြူများဖြင့် ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်အသွင် ပြောင်းသွားသည်။ ၎င်းကား တောင်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာလေပြီ။

မဟူရာလက်ကြီး ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျီးစစ်သည်မျိုးနွယ်ခေါင်းကိုင်ဖခင်က အမြင့်ဆုံးအရှိန်ဖြင့် ရှေ့တက်သွား၏။ မျက်စိတစ်မှိတ်အတွင်း သူကား လေလယ်သို့ ရောက်လာပြီဖြစ်သည်။ ထို့နောက် ဟိန်းဟောက်ရင်း ညာလက်ကို ဝှေ့ယမ်းကာ အရုပ်စွမ်းအား ထုတ်ဖော်လိုက်သည်။

သူ၏သတ္တုအရုပ်က စွမ်းအားများဖြင့် ထစ်ချုန်းအော်မြည်ရင်း အနက်ရောင်မြူလက်ကြီးဆီ ပြေးဝင်သွား၏။

အုန်းခနဲ ရိုက်ညောင်းသွားသည်။ အနက်ရောင်မြူလက်ကြီး ပြိုကွဲသွား၏။ ကျီးစစ်သည်မျိုးနွယ်ခေါင်းကိုင်ဖခင်မှာ သွေးတစ်လုပ်အန်ရင်း နောက်လွင့်ထွက်သွားလေသည်။ သူ တောင်ထိပ်သို့ ရောက်သော‌အခါ သူ့ပါးစပ်မှ သွေးများ ထပ်မံစီးကျလာပြီး သူ့ခန္ဓာကိုယ်မှာ ခြောက်ကပ်သွား၏။ သူ၏စိတ်ဝိညာဉ်စွမ်းအင်မှာလည်း အကုန်လုံးနီးပါး ခမ်းခြောက်သွားလေပြီ။ သူက ခါးသက်သက် ရယ်လိုက်သဖြင့် ကျန်ရှိသော ကျီးနတ်မင်းမျိုးနွယ်ဝင်များမှာ မျက်ဝန်းများထဲ၌ သောကပရိဒေဝမီးတို့ လောင်‌မြိုက်နေလျက် ထရပ်လိုက်ကြသည်။

"ကျင့်ကြံခြင်းအခြေခံ အကုန်ခမ်းခြောက်သွားပြီလို့ မပြောနဲ့နော်" ရီချန်ဇီက မောက်မောက်မာမာ ပြောသည်။ "အင်း ပုံမှန်အတိုင်းရှိနေရင်တောင်မှ ခင်ဗျားကို သတ်ဖြတ်ဖို့ဆိုတာ ကျုပ်အတွက် ကြက်ကလေး၊ ငှက်ကလေးသတ်သလို လွယ်ဦးမှာပဲ။ ခမ်းနားကြီးကျယ်လှတဲ့ ကျီးနတ်မင်းမျိုးနွယ်စုက ဒီလောက် အားနည်းလိမ့်မယ်လို့ ကျုပ်ဖြင့် မယုံနိုင်ဘူး။ ခင်ဗျားတို့ရဲ့ အရုပ်ဘိုးဘေးကြီးတွေရော။ မှော်လက်နက်တွေရော ဘယ်မှာလဲ။ တိုက်ကွက်လေးတစ်ကွက်လေးကို မခံနိုင်တဲ့အထိတောင် ခင်ဗျား အားနည်းနေပြီလား။ ဒီလိုမျိုးနွယ်စုမျိုးက ရှိတောင် မရှိနေသင့်ဘူး။ ဒါပေမဲ့ ပျက်သုဉ်းခြင်းကြောင့် သေဆုံးရတာက ကျုပ် ကျင့်ကြံအဆင့်တက်ဖို့ သွေးယဇ်ကောင်ဖြစ်ရတာလောက် မကောင်းဘူးမလား" အမှန်တော့ ရီချန်ဇီတွင် အရုပ်ဘိုးဘေးကြီးများအား ရင်ဆိုင်နိုင်သော အထူးအတတ်တစ်ခုရှိ၏။ ထို့ကြောင့်သာ အနောက်ပိုင်းသဲကန္တာရတစ်ခွင် လျှောက်သွားပြီး မျိုးနွယ်စုအမြောက်အမြား အမြစ်ဖြုတ်နိုင်ခဲ့ခြင်းပင်။

ဝူချိန်က လူကြားထဲတွင် ရပ်နေ၏။ သူက တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေလျက် အော်သည်။ "ဘိုးဘေးကြီးလပြန်လာရင် ခင်ဗျားကို သေချာပေါက် ‌အလွှတ်ပေးမှာမဟုတ်ဘူး။ ခင်ဗျား ကျီးနတ်မင်းမျိုးနွယ်စုကို ထိရဲရင် ဘိုးဘေးကြီးရဲ့ ဒေါသကို ရင်ဆိုင်ရလိမ့်မယ်"

သူ၏ ဟိန်းထွက်နေသော အသံက ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ မျက်ဝန်းထဲတွင် မျှော်လင့်ခြင်းမီးတောက်တို့ ချက်ချင်း တောက်လောင်သွားစေလေသည်။

"ဘိုးဘေးကြီး သေချာပေါက် ပြန်လာလိမ့်ယ်"

"ဘိုးဘေးကြီး သေချာပေါက် မျှော်လင့်ချက်ကို ယူဆောင်လာလိမ့်မှာ"

ရီချန်ဇီက ခနဲ့တဲ့တဲ့ ရယ်လိုက်သည်။ "မင်းတို့ရဲ့ ဘိုးဘေးကြီး ပြန်လာမယ် ဟုတ်လား။ ဒါဆို မင်းတို့ ဘိုးဘေးကြီးကတောင် မင်းတို့ကို စွန့်ပစ်သွားခဲ့တာပဲကိုး။ ပြန်လာခဲ့ရင်တောင် ငါ သူ့ကို ချိတ်ပိတ်ပြီး မင်းတို့အားလုံး ယဇ်ပူဇော်ခံနေရတာကို ကြည့်ခိုင်းရတာပေါ့" သူက လက်ကို ထပ်မြှောက်လိုက်ပြန်သည်။

ဤတစ်ကြိမ်တွင် လှိုင်းများက လေးမျက်နှာသို့ ဖြာထွက်ကာ အနက်ရောင်မြူလက်ကြီးလေးဖက်အသွင် ပြောင်းသွားသည်။ ၎င်းတို့က တစ်ဖက်နှင့်တစ်ဖက်ချိတ်ဆက်ကာ ဆူပွက်နေသော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် နဂါးနက်ကြီးတစ်ကောင်ဖြစ်လာ၏။ ၎င်းတို့က ကျီးနတ်မင်းတောင်ဆီသို့ ချက်ချင်း ပြေးထွက်သွား၏။

ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏မျက်နှာပေါ်၌ ပူ‌ဆွေးသောကတို့ ဖုံးလွှမ်းသွားပြီး လက်ကြီး သူတို့အပေါ် ကျရောက်တော့မည့်ဆဲဆဲမှာပင် အောက်ရှိ ရေထဲမှ နွယ်လေးပင် ဘွားခနဲ ‌ထိုးထွက်လာသည်။ ၎င်းတို့က လက်လေးဖက်ထံသို့ ရင်သပ်ရှုမောဖွယ်ရာ အမြန်နှုန်းဖြင့် ရွေ့လျားသွား၏။ တစ်ချိန်တည်းမှာပင် ဆူးချွန်များက တောင်၏ အနားသတ်တစ်လျှောက် ဖြာထွက်လာကာ တောင်ကို ဝန်းရံလိုက်သည်။

ကံဆိုးစွာနှင့် နွယ်နှင့်ဆူးများ၏ အားနည်းမှု၊ ပင်ပန်းနေမှုတို့မှာ သိသာလှသည်။

ဤအခိုက်အတန့်တွင် ကျီးနတ်မင်းမျိုးနွယ်စု၏‌ တောင်မှ ကီလိုမီတာ လေးရာအကွာရှိ တဝေါဝေါ စီးဆင်းနေ‌သော မြစ်ကြီးတစ်စင်း၏‌အပေါ်၌ ပုံပျက်နယ်တစ်ခု ရုတ်တရက် ပေါ်လာသည်။ လေထုမှာ အပေါက်ဖြစ်အောင် ဖြဲစုတ်ခံလိုက်ရသည့်အလားပင်။

အပေါက်အတွင်းမှ လူတစ်ယောက်ထွက်လာသည်။ သူသည် အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး နက်မှောင်သောဆံနွယ်များက လေတွင် လွင့်မျောနေ၏။ သူကား ချောမောခန့်ညားပြီး ခွန်အားဗလပြည့်ဝသောပုံစံရှိသည်။ ဤလူကား.... မန်ဟို။

သူသည် ထွက်ခွာလာခဲ့သည့်နေရာမှ သိပ်မလှမ်းမကမ်းသို့ နေရာရွှေ့ပြောင်းခံခဲ့ရပြီး ပြန်ရောက်လာခြင်းဖြစ်သည်။ ပြောရလျှင် ယင်းက ပုံမှန်သာ။ ပြန်ရောက်မှတ်က ထွက်ခွာမှတ်၏ ကီလိုမီတာငါးရာအတွင်း အမြဲရှိတတ်လေသည်။

မန်ဟိုက နှာ‌‌ခေါင်းကို ပွတ်ရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ သူ၏တည်နေရာကို အတည်ပြုပြီးနောက်တွင် သူက စိတ်ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်၏။ သူသည် နွယ်အား ချက်ချင်း အာရုံရလိုက်ပြီး ၎င်းမှတစ်ဆင့် ကျီးနတ်မင်းမျိုးနွယ်စုများအတွင်း၌ လောလောဆယ် ဖြစ်ပျက်နေသောပုံရိပ်ကို မြင်လိုက်ရလေသည်။

မန်ဟို့၏မျက်လုံးများကား စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော ဒေါသတို့ဖြင့် မီးဝင်းဝင်းတောက်သွား၏။ သူစကားပြောသောအခါ သူ့အသံမှာ အေးစက်နေသောလေအတိုင်းပင်။ သူ၏ကျင့်ကြံခြင်းအခြေခံ ပေါက်ကွဲထွက်လာပြီး အနားရှိ ‌မိုးပေါက်အများစုကို ရေခဲဖြစ်သွားစေ၏။

"ရီချန်ဇီ"

***

All Chapters