← Chapters

မင်း ဘယ်လိုလုပ် ဒီရောက်လာတာတုန်း

Vol. 34 Ch. 476

မင်း ဘယ်လိုလုပ် ဒီရောက်လာတာတုန်း

Vol. 34 Ch. 476

ကျီးနတ်မင်းမျိုးနွယ်စုတောင်၏ အပြင်တွင် ပေါက်ကွဲသံများ တဝုန်းဝုန်းသံ မြည်ဟည်းနေ၏။ ဆူးမြို့ရိုးက တောင်၏ပတ်ပတ်လည်ကို ဝန်းရံကာ အကာအကွယ်တစ်ခု ဖန်တီးပေးထားသည်။

ပေါက်ကွဲမှုများ၏အလယ်တွင် အနက်ရောင်မြူလက်ကြီးလေးဖက် ပြိုကွဲသွား၏။ ရီချန်ဇီ၏မျက်လုံးများမှာ အကြင်နာတရားခေါင်းပါးမှုတို့ဖြင့် ပြည့်နှက်နေလျက် တဖျပ်ဖျပ် လက်နေချေသည်။

"ဒီတော့ မင်းတို့မှာ ဒီလို‌ရတနာမျိုးရှိတာပဲ။ မျိုးနွယ်စုကြီးတစ်စုအဖြစ် သတ်မှတ်ခံခဲ့ရဖို့ ထိုက်တန်ပါတယ်" သူက ဟက်ခနဲ ရယ်ရင်း ပြောသည်။ "ကံဆိုးစွာနဲ့ ဒီခရမ်းမိုးရေထဲမှာ မင်းတို့နွယ်တွေက ဆီကုန်နေတဲ့ မီးအိမ်လိုပဲ... ငါ ဒါကို သွေးယဇ်ပူဇော်ခြင်းထဲ ထည့်လိုက်ရင် ရလဒ်က ပိုလို့တောင် ‌ကောင်းသွားလိမ့်မှာ" ဤအချိန်တွင် မဟူရာလတစ်စင်း သူ့အနောက်တွင် ရုတ်တရက် ပေါ်လာ၏။

လသည် အမှောင်ထုကို ထုတ်လွှတ်နေပြီး တဖွေး‌ဖွေးလှုပ်နေသော မြူများဖြင့် ဝန်းရံခံထားရသည်။ ထိုမြင်ကွင်းက ရီချန်ဇီအား နတ်ဆိုးတစ်ကောင်အလား ဖြစ်နေစေတော့သည်။ သူက နွယ်တစ်ပင်ဆီသို့ အမြင်ဆုံးအရှိန်ဖြင့် တဟုန်ထိုးထွက်သွားသဖြင့် သူ၏အရှိန်အဝါမှာ ကောင်းကင်ထိတိုင် ထစ်ချုန်းရိုက်ခတ်လိုက်သည်။ နွယ်က သူ့ထံသို့ ‌လွှဲရိုက်ချလိုက်စဉ်တွင် ရီချန်ဇီသည် နှုတ်ခမ်းသပ်ပြီးနောက် လက်ညှိုးထိုးလိုက်၏။

ရုတ်တရက် မဟူရာလတစ်စင်း သူ၏လက်ညှိုးထိပ်တွင် မှော်ဆန်ဆန် ပေါ်လာလေသည်။ ၎င်း နွယ်အား ထိလိုက်သောအခါ ဂျုန်းခနဲ မိုးကောင်းကင်နှင့်ကမ္ဘာမြေကြီးတွင် ရိုက်ညောင်းသွား၏။ နွယ်မှာ တဆတ်ဆတ် တုန်သွားပြီးနောက် ပေါက်ကွဲသွားလေသည်။ ချွဲပျစ်ပျစ်အရည်များ အဘက်ဘက်သို့ ဖွားခနဲ လွင့်စင်သွား၏။ ကျန်ရှိသော နွယ်များက ဝမ်းနည်းစွာဖြင့် စူးစူးဝါးဝါး အော်ဟစ်ငိုကြွေးလိုက်ကြသည်။

ရီချန်ဇီက ရယ်သည်။ မောက်မာတင်စီးသော ခပ်ကျယ်ကျယ်ရယ်သံကြီး ဖြစ်သည်။ သူကား အစွမ်းများကို ထုတ်ဖော်လျက် အထင်သေးသောမျက်နှာထားဖြင့် တောင်ထိပ်သို့ ချဉ်းကပ်လာသည်။ သူနီးကပ်လာစဉ် ကျန်နွယ်ပင်များက ၎င်းတို့၏ဒဏ်ရာရနေသောအခြေအနေကို လျစ်လျူရှုရင်း နောက်တစ်ကြိမ် ခုခံရန် လှုပ်ရှားလိုက်ကြ၏။

နွယ်မှာ ရိုးရှင်းသောသက်ရှိအရာလေးသာ။ ဆူးမြို့ရိုးနှင့် ပေါင်းစည်းခဲ့ပြီးနောက်တွင်ပင် ၎င်းမှာ အသိစိတ် ဖွံ့ဖြိုးလာခြင်းမရှိခဲ့။ သို့သော် မန်ဟို ထွက်မသွားခင် ပေးအပ်ခဲ့သော တာဝန်ကိုတော့ ဘယ်တော့မှ မမေ့ပေ။

ကျီးနတ်မင်းမျိုးနွယ်စုတွေကို ကာကွယ်ပါ....

၎င်း၏သာမန်အသိစိတ်လေးထဲတွင် အသေဆိုးနှင့် သေရမည်ဆိုလျှင်တောင်မှ တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်ရမည်ဟု သိနားလည်ထား၏။

နွယ်များက လေကိုခွင်း၍ ပြေးဝင်လာပြန်ရာက ရီချန်ဇီက အေးစက်စက် နှာတစ်ချက်မှုတ်၍ အင်္ကျီလက်စခါလိုက်သည်။ မဟူရာလသည် အရပ်မျက်နှာတစ်ခွင့်သို့ မဟူရာရောင်ခြည်အား ဖြန့်ကျက်လျက် သူ့အရှေ့တွင် ပေါ်လာ၏။ ‌နွယ်များ မဟူရာရောင်ခြည်ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အရည်ပျော်ကျလာသည်။ ကြားနေရသော မချိတင်ကဲအော်သံများက ကျီးနတ်မင်းမျိုးနွယ်စုများကို လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိစေသည်။ ပူဆွေးသောကနှင့် နာကြည်းခံပြင်းမှုတို့ သူတို့၏မျက်ဝန်းများတွင် ပြည့်နှက်နေ၏။

နွယ်များ တိုက်ပွဲတွင် သေအံ့ဆဲဆဲဖြစ်နေရသည့် တစ်ခုတည်းသောအကြောင်းရင်းမှာ သူတို့ကို ကာကွယ်နေရခြင်းကြောင့် ဖြစ်ကြောင်း သူတို့သိသည်။

နွယ်များ မဟူရာရောင်ခြည်ကြောင့် အရည်ပျော်ကျနေ၍ မချိတင်ကဲအော်သံများ ဆူညံနေစဉ် ရုတ်တရက် တောင်အောက်ရှိ ခရမ်းရောင်ရေကန်ထဲမှ အနက်ရောင်အလင်းတန်းတစ်တန်း ထွက်လာ၏။ ၎င်းက လွန်စွာလျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားလာရာ မျက်စိတစ်မှိတ်အတွင်း ရီချန်ဇီ၏ မဟူရာရောင်ခြည်ကို ထိုးဖောက်ကာ သူ့နဖူးဆီ တန်းတန်းမတ်မတ် ဦးတည်လာနေပြီဖြစ်သည်။

သေစေနိုင်သော အန္တရာယ်အာရုံကို ခံစားလိုက်ရသဖြင့် ရီချန်ဇီ၏အမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူက မျက်လုံးကြီးပြူးလျက် ဟိန်းဟောက်လိုက်ရာ အသံလှိုင်းများက အလင်းတန်းကို ဝင်ဆောင့်လိုက်၏။

ထို့နောက် မဟူရာလမှာ ရီချန်ဇီ၏‌အရှေ့တွင် မှော်ဆန်ဆန် ပေါ်လာပြန်သည်။ ၎င်းက အနက်ရောင်အလင်းတန်းဆီ တဟုန်ထိုးထွက်သွားကာ တစ်ခုနှင့်တစ်ခု ဝင်တိုက်လိုက်သဖြင့် ဝုန်းခနဲ မြည်ဟည်းသွား၏။ မဟူရာလ ပျက်စီးသွားပြီး အနက်ရောင်အလင်းတန်းက ရီချန်ဇီဆီသို့ ဆက်လက်ပြေးဝင်လာသည်။

ဤအလင်းတန်းမှာ ချွန်ထက်နေသော ဆူးကြီးတစ်ဆူးဖြစ်၏။ ဤဆူးမှာ တခြားဆူးများနှင့် ကွာခြားသည်။ ၎င်းက အားကောင်းသော အသက်စွမ်းအားကို ထုတ်လွှတ်နေချေသည်။ တကယ်တော့ ဤသည်မှာ နွယ်နှင့်ဆူးမြို့ရိုး၏ ရောနှောပေါင်းစည်းမှုမှ ဖြစ်ပေါ်လာသော ပင်မအသက်စွမ်းအားအဆီအနှစ်ပင်။

ကံဆိုးစွာနှင့် ခရမ်းမိုး၏ သုတ်သင်ခြင်းအားက နွယ်များကို တုန်လှုပ်ဖွယ်ရာ အတိုင်းအတာအထိ အားနည်းသွားစေခဲ့သည်။ ဤအသက်စွမ်းအားဆူးချွန်လည်း ထိုနည်း၎င်းပင်။ ၎င်း နှစ်ကြိမ် ဟန့်တားခံခဲ့ရခြင်းက ရီချန်ဇီအား ပြင်ဆင်ချိန် ရသွားစေသည်။ ဆူး သူ့ဆီ ပြေးဝင်လာသည့်အချိန်မှာပင် သူက ဘေးသို့ ရှောင်လိုက်၏။ ဆူးချွန်က သူ့ပါးကို ရှုပ်ထိရင်း ဖြတ်ကျော်သွားလေသည်။ ရီချန်ဇီ အသားရှသွားသော်လည်း ထွေထွေထူးထူးမဟုတ်ပေ။

သူ၏မျက်လုံးများမှာ နီရဲသွားပြီး ယခင်က မရှိခဲ့သော ရက်စက်ကြမ်းကြုတ်မှုတို့ ပေါ်ပေါက်လာသည်။ သူ နှုတ်ခမ်းထောင့်မှ သွေးတချို့ကို လျက်လိုက်စဉ် သွေးဆာနေသော အလင်းရောင်က သူ၏မျက်ဝန်းများတွင် တောက်ပနေ၏။ သူ၏မျက်နှာအမူအရာတစ်ခုလုံးကား အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်ပြသနေချေပြီ။

"င့ါကို အန္တရာယ်ပေးတဲ့ ဘယ်ကောင်မဆို သွေးယဇ်ကောင်ဘဝ ရောက်သွားရတယ်..." သူ၏မျက်လုံးများမှာ အေးစက်သောအလင်းရောင်ဖြင့် တောက်ပသွားပြီး အောက်ရှိ ခရမ်းရောင်ကန်ထံသို့ လက်ဝှေ့ယမ်းလိုက်သည်။ ရေများ အပေါ်သို့ ဖောင်းခနဲ မြင့်တက်လာ၏။ မီတာသုံးဆယ်အရှည် နွယ်ပင်စည်တစ်ခုမှာ ရေထဲမှ ရီချန်ဇီ၏ အားနှင့် ဆွဲနှုတ်ခြင်းခံလိုက်သဖြင့် လှိုင်းများ ဖြာထွက်လာလေသည်။

"ဒီတော့ မင်းကိုး.... သေပေတော့" သူက နှုတ်ခမ်းပါးနား သပ်လိုက်ပြီး ရက်စက်ယုတ်မာမှုက သူ၏မျက်ဝန်းများတွင် တောက်ပလာ၏။ ထို့နောက် ဘယ်လက်ကို မြှောက်လိုက်ရာ မဟူရာလတစ်စင်း မှော်ဆန်ဆန် ပေါ်လာသည်။

သူ ထိုလနှင့် နွယ်ပင်စည်ထံသို့ ခုတ်ပိုင်းချလိုက်တော့မည့်အချိန်မှာပင် ကျီးစစ်သည်မျိုးနွယ်စု‌ ခေါင်းကိုင်ဖခင်နှင့် ကျီးနတ်မင်းမျိုးနွယ်စု၏ အခြားသောအစွမ်းထက်ပညာရှင်များက ရီချန်ဇီကို တားဆီးရန် နေရာရွှေ့ပြောင်းလာကြသည်။

"ဖယ်စမ်း" ရီချန်ဇီက မာမာထန်ထန် အော်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ခေါင်းကိုင်ဖခင်နှင့် အခြားသူများအား နောက်လွင့်ထွက်သွားစေသည်။ သူတို့မှာ ပါးစပ်မှ သွေးများ ပန်းထွက်သွားကြပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေကြတော့သည်။

သူတို့မှာ ပြန်လည်တိုက်ခိုက်ရန် အစွမ်းအစမရှိကြောင်း သဘောပေါက်လိုက်သဖြင့် သူတို့၏မျက်နှာများပေါ်၌ ဝမ်းနည်းစိတ်ပျက်သောအရိပ်အယောင်များ ထင်ဟပ်လာစဉ် ‌ဝံပုလွေတစ်ကောင်၏ ဟိန်းဟောက်သံအား ကြားလိုက်ရသည်။ မောင်မွှေးထူ၊ မွှေးထူနှစ်နှင့် သစ်စိမ်းဝံပုလွေများအားလုံး‌ ‌တောင်ထဲရှိ ဂူတစ်ဂူမှ တဟုန်ထိုး ထွက်လာကြ၏။ သူတို့၏အမူအရာများမှာ နုံးချည့်နေကြသော်လည်း လေကိုခွင်း၍ ရီချန်ဇီထံ ပျံလာကြသေးလေသည်။

တောင်ပံမိကျောင်းနီကြီးတစ်ကောင်၊ ဧရာမပုတ်သင်ကြီးတစ်ကောင်နှင့်အတူ ကျီးနက်တစ်အုပ်၊ ခြင်စိမ်းတစ်သိုက်လည်း လိုက်ပါလာသည်။ ၎င်းတို့အားလုံးမှာ စိတ်ဓာတ်ကျနေသော ပုံစံများရှိပြီး အရှိန်အဝါများလည်း အားနည်းနေ၏။ အသက်စွမ်းအားကို နှုတ်ယူပြီး စိတ်ဝိညာဉ်စွမ်းအင်များအား ခမ်းခြောက်စေကာ အငြိုးကြီးကြီးနှင့် တရစပ် ရွာသွန်းနေခဲ့သော ခရမ်းမိုး၏အောက်ဝယ် ၎င်းတို့မှာ ‌ဒဏ်ရာအပြင်းအထန် ရထားခဲ့ကြသည်။

သို့ထိတိုင် ၎င်းတို့ကား တွေဝေတုံ့ဆိုင်းခြင်းမရှိ ပျံထွက်လာကြကာ ကောင်းကင်တစ်ခွင် နေရာယူလိုက်ကြ၏။ အ‌ဆိုပါမြင်ကွင်းမှာ ရီချန်ဇီအတွက်ပင် ရင်သပ်ရှုမောဖွယ်ကောင်းလေရာ သူ၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားလေသည်။

သို့သော် သူ့အတွက် ကမ္ဘာသစ်မိစ္ဆာများ၏ အရှိန်အဝါကို ခံစားသိရှိရန် တခဏသာ ကြာလိုက်သည်။ ထို့နောက်တွင် အထင်သေးမှု၊ ရက်စက်မှုတို့က သူ၏မျက်နှာအား တစ်ဖန်လွှမ်းခြုံသွား၏။

"အဖြစ်မရှိလိုက်တာ" သူက ပြောသည်။ "သောက်သုံးမကျတဲ့ဟာတွေပဲ" မောက်မာဝင့်ကြွားမှုနှင့် ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြင့် ရီချန်ဇီက ဘယ်လက်ကို ဝှေ့ယမ်းကာ နွယ်ပင်စည်အား လေပေါ်သို့ မြောက်တက်လာစေသည်။ ထို့နောက် သူက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ရင်း ရှေ့တက်လိုက်၏။ မဟူရာလအမြောက်အမြား မှော်ဆန်ဆန် ‌ပေါ်လာပြီး ရှေ့သို့ တဟုန်ထိုး‌ ထွက်သွားလေသည်။

တအုန်းအုန်း ‌ပဲ့တင်ထပ်သွား၏။ မောင်မွှေးထူ၏ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့ကိုယ်မှာ နောက်လွင့်ထွက်သွားသည်။ ‌‌မွှေးထူနှစ်နှင့် အခြားသစ်စိမ်းဝံပုလွေများမှာလည်း ‌‌ငြီးတွားကာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ နောက်သို့ လွင့်ထွက်သွားကြလေပြီ။

ကျီးနက်များနှင့် ခြင်များမှာ မြူအတိဖုံးလွှမ်းနေသောလေတစ်ချက်၏ ချုပ်နှောင်ခြင်း ခံလိုက်ရသည်။ ၎င်းတို့သာ စွမ်းအားအထွတ်အထိပ်တွင် ဆိုပါက တစ်မျိုးဖြစ်ကောင်းဖြစ်ခဲ့လိမ့်မည်။ သို့သော် ယခုတွင် မည်မျှ ရုန်းကန်စေကာမူ မြူဆိုင်းနေသောလေအတွင်းမှ မထွက်နိုင်ဖြစ်နေချေသည်။

တောင်ပံမိကျောင်းနှင့် ပုတ်သင်ကြီးလည်း ဝမ်းနည်းကြေကွဲစွာ အော်လိုက်ကြသည်။ မဟူရာလ နတ်ဘုရားစွမ်းရည်၏စွမ်းအားက ၎င်းတို့ကို နောက်လွင့်ထွက်သွားစေသဖြင့် ၎င်းတို့၏ခန္ဓာကိုယ်များမှာ ပျက်စီးလုနီးပါး ဖြစ်သွားလေပြီ။

ရီချန်ဇီ၏ ယုတ်မာကောက်ကျစ်သော ရယ်သံကား လေတွင် ပျံ့လွင့်နေ၏။ ကမ္ဘာသစ်မိစ္ဆာတစ်ကောင်မှ၊ ကျင့်ကြံသူတစ်ယောက်မှ သူ့ကို အနည်းအကျဥ်းပင် ဟန့်တားနိုင်ခြင်းမရှိပေ။ သူတို့မှာ သူ့အနား ကပ်ပင်မကပ်နိုင် ဖြစ်နေသည်။ လေလယ်တွင် မျောလွင့်နေသော နွယ်ပင်စည်ကို ရီချန်ဇီက ဆတ်ခနဲ ဖမ်းယူလိုက်၏။ ၎င်းမှာ ယခုတွင် သေအံ့ဆဲဆဲ ဖြစ်နေလေပြီ။

ထောင်ထိပ်ပေါ် ရှိ ကျီးနတ်မင်းမျိုးနွယ်စုများ၏ အဖွဲ့၀င်အားလုံး၏ မျက်နှာများပေါ်တွင် ၀မ်းနည်းညှိုးငယ်နေသော အရိပ်အယောင်များရှိ၏။ ကျီးစစ်သည်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်က ပါးစပ်မှ သွေးများကိုသုတ်ပြီး ခါးသီးနာကြည်းစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်သည်။

ရီချန်ဇီက တင်စီးသော အမူအရာဖြင့် ပြော၏။ " ရီချန်ဇီ မျိုးနွယ်စုတစ်စုကို အမြစ်ဖြုတ် သုတ်သင်ပစ်ချင်ရင် ဘယ်သူမှ သွေးယဇ်ကောင် ဘ၀ကနေ မလွတ်မြောက်နိုင်ဘူး " ကမ္ဘာသစ်မိစ္ဆာများနှင့် မျိုးနွယ်၀င်များကို အထင်သေးစွာကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်စွန့်က ကောက်ကျစ်သော အပြုံးတစ်ခုအသွင် ကွေးတက်သွား၏။ သူက ဘယ်လက်ကိုမြောက်ပြီး ‌ဖြေးညင်းစွာ လက်သီးဆုပ်လိုက်သည်။

နွယ်ပင်စည်က ရုန်းကန်သော်လည်း ရီချန်ဇီက လက်သီးဆုပ်ချလိုက်သဖြင့် ၎င်းလုပ်နိုင်သမျှမှာ ခြောက်ကပ်သွားလေးရုံသာ ဖြစ်လေသည်။ ၎င်းပေါက်ကွဲသွားရန် မကြာတော့ကြောင်း သိသာ၏။

" သေစမ်း " ရီချန်ဇီက ၀မ်းသာအားရ ရယ်ရင်း အော်လိုက်သည်။ သို့သော် ဤအခိုက်အတန့်တွင် အဝေးမှ ခပ်စူးစူးအသံတစ်သံအား ကြားလိုက်ရ၏။

" မင်းသေရမှာ ခွေးမသား ။ ကြွက်စုတ်ကလေး ။ မင်း သခင်ငါးကို သတ်နိုင်မယ် ထင်နေသလား ဟင် … ခွေးမသား သေစမ်း။ သခင်ငါး အခုလေးတင် ဗိုက်ဆာလို့ နေ့လည်စာစားဖို့ သွားရှာတာကို မင်းက ဒီနေရာကို အမြစ်ဖြုတ်သုတ်သင်နိုင်မယ် ထင်နေတယ်ပေါ့လေ ဟုတ်စ " ခမ်စူးစူးအသံ လေထဲတွင် ပဲ့တင်ထပ်နေစဉ်မှာပင် ရောင်စုံအလင်းတန်းတစ်တန်းက ရီချန်ဇီ၏ တင်ပါးနားသို့ ရွှီးခနဲ ရောက်လာခဲ့ပြီဖြစ်သည်။ ၎င်းနီးကပ်လာစဉ် တချွင်ချွင်မြည်နေသော ခေါင်းလောင်းသံကိုလည်း ကြားရနိုင်၏။

ရီချန်ဇီမှာ ပထမတွင် မျက်လုံးအပြူးသားနှင့် ကြည့်နေမိသည်။ ထို့နောက် သူ့မျက်နှာ ပျက်သွား၏။ နွယ်ပင်ကို ဆက်လက်ဆုပ်ချေရန် အချိန်မရှိတော့သဖြင့် သူက ၎င်းကိုချပြီး အလွှတ်ပေးလိုက်လေသည်။

သေစေနိုင်သော အန္တရယ်အာရုံကြီး နောက်တစ်ဖန် ဖြစ်ပေါ်လာ၏။ ရီချန်ဇီက လျှပ်တပြက် နောက်ဆုတ်လိုက်၏။ သူထိုသို့ ဆုတ်လိုက်စဉ်တွင် ခပ်ဝါးဝါးရောင်စုံအလင်းက သူစောစောက ရောက်ရှိနေခဲ့သောနေရာသို့ ရွှီးခနဲ ရောက်လာခဲ့လေပြီ။

ရီချန်ဇီ၏ နဖူးမှ ဘူးသီးလောက်ရှိသော ချွေးသီးချွေးပေါက်များ ထွက်လာပြီး သူ့ရင်ထဲတွင် သံသယများနှင့် ကြောက်လန့်မှုများ ပေါက်ဖွားလာလေသည်။ သူသာ ခြေမြန်လက်မြန် မရှောင်နိုင်ခဲ့လျှင် ရောင်စုံအလင်းတန်းကား သူ၏တင်ပါးထဲ တိုက်ရိုက်၀င်သွားမည် ဖြစ်ကြောင်း သူကောင်းကောင်းမြင်လိုက်ရ၏။

ရလဒ်က မည်မျှဆိုးဝါးလိမ့်မည်ကို တွေးလိုက်ရုံနှင့်ပင် အကြင်နာမဲ့သော ရီချန်ဇီတစ်ယောက် ပင့်သက်ရှိုက်မိသွား၏။

" ငါချီးထဲမှ ဘာကြီးတုန်းကွ "

ရောင်စုံအလင်းတန်းက ရီချန်ဇီကို မိုက်ကြည့်ကြည့်နေသော ကြက်တူရွေးဖြစ်လာ၏။

" ခွေးမသား မင်းက ငါ့ကို နာအောင်လုပ်ချင်တယ်ပေါ့လေ။ မင်းကို စမုံတုံးပစ်မယ်ကွ။ သေတဲ့အထိ စမုံတုံးပစ်မယ် " ကြက်တူရွေး ရီချန်ဇီကို အော်ဟစ်ပြောဆိုနေစဉ် ၎င်း၏မျက်၀န်းထဲတွင် ထူးခြားဆန်းကြယ်သော အလင်းရောင်တစ်ခု ပေါ်လာ၏။ ၎င်း၏အမူအရာ၊ ၎င်း၏အသံနှင့် စောစောက ၎င်း၏ အပြုအမူတို့ ပေါင်းစည်းသွားသောအခါ ရီချန်ဇီမှာ ဖင်ကြိမ်းခေါင်းကြိမ်းလာတော့သည်။

ကြက်တူရွေးက မာန်သွင်းဟိန်းဟောက်ရင်း ရီချန်ဇီထံသို့ တဟုန်ထိုး ပျံထွက်လာ၏။ ရီချန်ဇီမှာ အားခနဲ အော်ပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ ကပျာကယာ နောက်ဆုတ်လိုက်ရသည်။ ချက်ချင်းပင် မဟူရာလတစ်စင်း သူ၏အရှေ့၌ မှော်ဆန်ဆန် ပေါ်လာပြီး သူက သူ့ကိုယ်သူကာကွယ်ရန် ကြိုးစားလိုက်သည်။

ကြက်တူရွေးက မဟူရာလကို ၀င်တိုက်လိုက်သဖြင့် ဝုန်းခနဲ မြည်ဟည်းသွားသည်။ မျက်စိတစ်မှိတ်အတွင်း ကြက်တူရွေးသည် ရီချန်ဇီ၏ အရှေ့တွင် ပေါ်လာ၏။ ၎င်းသည် ဝှစ်ခနဲ လှည့်ပြီး သူ့တင်ပါးထံသို့ တည့်တည့်ကြီး ဦးတည်သွားကြောင်း ရီချန်ဇီ လှမ်းမြင်လိုက်ရသည်။

" အား ဘာလုပ်ဖို့ ကြိုးစားနေတာတုန်း "ရီချန်ဇီမှာ လိပ်ပြာလွင့်မတတ် ကြောက်သွား၏။ ဤ သေရေးရှင်ရေး အခိုက်တန့်တွင် သူ့ခန္ဓာကိုယ်က ရုတ်တရက် မြူတိမ်အသွင်ပြောင်းကာ မီတာသုံးထောင်အကွာတွင် ပြန်ပေါ်လာ၏။ ကြက်တူရွေး၏တိုက်ကွက်မှာ နောက်တစ်ဖန်အချည်းနှီး ဖြစ်သွားပြန်လေသည်။ ၎င်းကား ဆွေ့ဆွေ့ခုန်နေတော့သည်။

" ဟိုင်းရား ဟိုင်းရား … မင်းက ငါ့ကိုရှောင်ရဲ‌တယ်ပေါ့။ သခင်ငါး မင်းကို သေချာပေါက် စမုံတုံးပစ်မယ်ကွ "

ကြက်တူရွေး၏ ပုံပန်းသွင်ပြင်နှင့် ၎င်း၏ လုပ်ဆောင်ချက်များအားလုံးက ကျီးနတ်မင်းမျိုးနွယ်စု၀င်များကို ပါးစပ်အဟောင်းသားဖြင့်သာ ငေးကြည့်နေမိစေတော့သည်။

ရီချန်ဇီက နဖူးမှ ချွေးများကို သုတ်လိုက်၏။ ဤအခိုက်အတန့်တွင် သည်မျိုးနွယ်စုမှာ အထင်နှင့်အမြင် တခြားစီဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ ၎င်းမှာ အားနည်းသယောင်ရှိသော်လည်း နွယ်ပင်များနှင့် ကမ္ဘာသစ်မိစ္ဆာများရှိသည့်အပြင် တင်ပါးကို ပစ်မှတ်ထားတိုက်ခိုက်တတ်သော ကြောက်စရာသတ္တဝါတစ်ကောင်လည်း ရှိနေသေး၏။

ရီချန်ဇီ ကြောက်လန့်တုန်လှုပ်နေသည့် အချိန်မှာပင် အလဟဿဖြစ်သွားသော တိုက်ကွက်နှစ်ကွက်ကြောင့် ဆွေ့ဆွေ့ခုန်နေသော ကြက်တူရွေးက ရုတ်တရက် အားမာန်အပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။ "ကိုကို့ရဲ့  ကိုယ်လုပ်တော်လေးရေ"

ထိုစကားလုံးနှစ်လုံး ဟိန်းထွက်သွားသည်နှင့် တစ်ပြိုင်နက် အ‌ဝေးတစ်နေရာရှိ ကောင်းကင်မှ တိမ်ထုကြီးတစ်ခု သူ့တို့ဆီ ဦးတည်လာသည်။ ၎င်းသည် အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် ရွေ့လျားလာနေ၏။ ဤတိမ်ထုအတွင်းတွင်ကား ဧရာမမျိုးခြားသားရဲကြီးမှလွဲ၍ တခြားမဟုတ်ပေ။

မျိုးခြားသားရဲကြီး၏ ဟိန်းဟောက်သံကား ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။ ရီချန်ဇီ၏ မျက်လုံးများမှာ အံ့ဩမယုံနိုင်မှုအပြည့်ဖြင့် ပြူးထွက်သွားသည်။ သူ့မှာ ကမန်းကတန်း နောက်ဆုတ်လိုက်၏။

" သေစမ်း မျိုးခြားသားရဲကြီးတစ်ကောင်လည်း ဒီမှာ ရှိနေတာလား။ ဒီ...ဒီမျိုးနွယ်စုက ဘာ...ဘာတုန်းကွာ ။ မျိုးခြားသားရဲတွေကိုတောင်မှ မွေးမြူထားသေးတယ် ။ ငါဒီမှာနေလို့ မဖြစ်တော့ဘူး ။ သေစမ်း …. ဒီလိုဖြစ်မယ်မှန်းသာ ကြိုသိခဲ့ရင် မလာခဲ့ပါဘူး ။ လူအများကြီးမရှိပေမယ့် သတ်ရတော်တော်ခက်တာပဲဟ " ရီချန်ဇီမှာ ခွေးပြေးဝက်ပြေး နောက်ဆုတ်ရင်း ခေါင်းနပန်းကြီးနေတော့သည်။ သူက အပြေးသိုင်းကို အသုံးပြု၍ အစိမ်းရောင်အခိုးအငွေ့အသွင်ပြောင်းကာ မျက်စိတစ်မှိတ်အတွင်းတွင် မီတာပေါင်း‌များစွာသို့ ရောက်ရှိသွား၏။

သူ၏ခန္ဓာကိုယ်ပြန်ပေါ်လာသည့် အခိုက်အတန့်မှာပင် ဘေးနားမှ အေးစက်စက်နှာမှုတ်သံအား ကြားလိုက်ရသည်။ ၎င်းသည် မန်ဟို အသေးစားနေရာရွေ့ပြောင်းခြင်းအသုံးပြု၍ ဘွားခနဲ ပေါ်လာသောအချိန် ဖြစ်လေ၏။

ရီချန်ဇီ မန်ဟို့ကိုမြင်သောအခါ သူ၏မျက်နှာတွင် ချက်ချင်းပင် အံ့ဩမှုတို့ ပြည့်နှက်သွားပြီးနောက် ဘုရားတလိုက်ရသည်။ တံတားပျက်နယ်ပယ်မှ ပြန်ရောက်လာကတည်းက သူဘယ်တော့မှ ယခုကဲ့သို့ မအော်ခဲ့ဖူးပေ။ သူ၏ဝိညာဉ်ပင် တုန်ရီနေပြီး ၎င်းမှာ ကြောက်ရွံထိတ်လန့် အံ့ဩမှုတို့ ပြည့်နှက်နေသော အသံကြီးဖြစ်သည်။

" မြတ်စွာဘုရား...မင်း ဘယ်လိုလုပ် ဒီရောက်လာတာတုန်း "

***

All Chapters