← Chapters

လ.....

Vol. 34 Ch. 477

လ.....

Vol. 34 Ch. 477

မန်ဟို ပြန်ပေါ်လာသည်နှင့် တောင်ပေါ်ရှိ လူများအားလုံး သူ့ကို လှမ်းမြင်လိုက်ကြသည်။ ချက်ချင်းပင် ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ တုန်ရီလာပြီး သူ၏မျက်ဝန်းများ၌ စိတ်လှုပ်ရှားမှုတို့ တောက်ပလာ၏။

သူ့ဘေးရှိ အခြားသောအစွမ်းထက်ပညာရှင်များလည်း ထိုနည်းတူပင်။ သူတို့အတွက် မန်ဟို့၏ ပေါ်ပေါက်လာမှုက မျှော်လင့်ချက်အနည်းငယ်ထားမိသွားစေသည်။

ဤလူများသာ ထိုသို့ပြုမူလျှင် ကျန်ရှိသောမျိုးနွယ်ဝင်များ၏ နှလုံးသားထဲရှိ ဝမ်းနည်းစိတ်ပျက်မှုတို့အား စိတ်လှုပ်ရှားမှုတို့က မည်သို့ လှည်းကျင်းဖယ်ရှားလိုက်သည်လဲ ‌ဖော်ပြရန်ပင် မလိုအပ်တော့ပေ။

"ဘိုးဘေးကြီး"

"ဘိုးဘေးကြီး ပြန်လာပြီ"

"ဘိုးဘေးကြီး ခလုတ်မထိ ဆူးမငြိဘဲ ပြန်လာလို့ ဝမ်းမြောက်မိကြောင်းပါ"

လူတစ်ထောင်ကျော်မှာ သူတို့အပေါ် ဖိစီးနှိပ်စက်နေခဲ့သော ဖိအားကြီးမှ လွတ်မြောက်သွားခဲ့သည့်အလား တစ်ခဲနက် ဟစ်ကြွေးနေကြတော့သည်။ အဆိုပါ လူတစ်ထောင်မှ လာနေသော အသံသည် ဟိန်းဟောက်သံကြီးတစ်သံအဖြစ် အတူတကွ ပေါင်းစည်းသွား၏။ မောင်မွှေးထူနှင့် အခြားကမ္ဘာသစ်မိစ္ဆာများလည်း မန်ဟိုကို မြင်သော် ခေါင်းထောင်ပြီး စိတ်လှုပ်တရှား ဟိန်းဟောက်လိုက်ကြသည်။ အသံအားလုံးက ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေတော့သည်။

ရီချန်ဇီ၏မျက်နှာမှာ သွေးမရှိတော့ပေ။ သူက ခေါင်းထဲတွင် ဝီခေါ်နေလျက် မန်ဟို့အား ‌တွေတွေကြီး စိုက်ကြည့်နေမိ၏။ ထို့နောက် စူးစူးဝါးဝါး အော်ပြီး နောက်ဆုတ်လိုက်သည်။ သူ့မှာ ကြက်တူရွေးတစ်ကောင် စက်ဆုပ်ရွံရှာနေသောမျက်နှာပေးဖြင့် ချဉ်းကပ်လာနေသည်ကိုပင် သတိမထားမိလိုက်ပေ။

ကြက်တူရွေး သူ၏တင်ပါးအတွင်းသို့ ပစ်ဆောင့်လိုက်သောအခါ သွေးပျက်မတတ် အော်ဟစ်လိုက်သံကြီး လေတွင် ပြည့်နှက်သွား၏။ သူ နာကျင်မှုကို ခံစားလိုက်ရသည် .... သူ့ဘဝတစ်လျှောက်လုံးတွင် တစ်ခါမှ မခံစားခဲ့ရဖူးသော၊ စကားလုံးများဖြင့် ဖော်ပြမတတ်နိုင်သော၊ မေ့ဖျောက်၍ မရောက်နိုင်သော ၊ ပြင်းထန်သော နာကျင်မှု....နာကျင်မှုအပြင် အရှက်လည်း ကွဲရသည့်အတွက် ရီချန်ဇီအား ခေါင်းမော့ပြီး စူးစူးဝါးဝါး အော်မိလိုက်စေတော့သည်။

သူ၏အသံ ပဲ့တင်ထပ်နေသည့်အချိန်မှာပင် ကြက်တူရွေးက တက်တက်ကြွကြွနှင့် နောက်သို့ ပြန်ကွေ့သွားသည်။ ရီချန်ဇီမှာ လိပ်ပြာလွင့်မတတ် ကြောက်သွားသဖြင့် ချက်ချင်း အစိမ်းရောင်အခိုး‌အငွေ့အသွင်ပြောင်းကာ အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးရန် ပြင်လိုက်သည်။

သူ့မှာ သည်နေရာသို့ လာခဲ့မိသည်ကို မည်မျှနောင်တရနေသည်လဲ ဖော်ပြမတတ်နိုင်တော့ပေ။ ၎င်းမှာ အလွန့်အလွန် နက်ရှိုင်းသည်ထက်ကို ပိုသော နောင်တဖြစ်လေ၏။ ဤကဲ့သို့ သေးငယ်သော မျိုးနွယ်စုလေးစုမှာ တကယ်တမ်း ....ဝပ်နေသော ကျားများနှင့် ပုန်းအောင်းနေသော နဂါးများဖြင့် ပြည့်နေလိမ့်မည်ဟု သူမည်သို့ တွေးနိုင်ခဲ့မည်နည်း။

"သေစမ်း သေစမ်း... ဒီနေရာမှာ အန္တရာယ်များတဲ့နွယ်ပင်တစ်ပင်၊ ကမ္ဘာသစ်မိစ္ဆာတစ်ပုံတစ်ခေါင်း၊ နှာဘူးကြက်တူရွေးတစ်ကောင်နဲ့ ကြောက်စရာမျိုးခြားသားရဲကြီးအပြင် ရယ်စရာအကောင်းဆုံးက သွေးမျက်နှာလူထူးဆန်းရှိနေတယ်တဲ့လား" သူ့မှာ ဝမ်းနည်းလွန်း၍ ချုံးပွဲချသာ ငိုလိုက်ချင်တော့သည်။ သူသည် ဤနေရာမှ ထွက်သွားပြီး ဘယ်တော့မှ ၊ ဘယ်သောအခါမှ ‌အနောက်ပိုင်းသဲကန္တာရ၏ မြောက်ပိုင်းသို့ ခြေလှမ်းတစ်ဝင်လေးပင် ထပ်မချတော့ရန် သန္နိဋ္ဌာန် ချခဲ့ပြီးလေပြီ။

သို့သော် သူ၏ခန္ဓာကိုယ် အစိမ်းရောင်အခိုးအငွေ့ဖြစ်ကာ ထွက်ပြေးတော့မည့်အချိန် မန်ဟိုက ညာလက်ကို မြှောက်လိုက်၏။ ချက်ချင်းပင် နှင်းမြေကြီးစွမ်းအား ပါရှိနေသည့် အေးစိမ့်သောလေတစ်ချက် တိုက်ခတ်သွားသည်။ ထိုအခိုက်အတန့်တွင် အစိမ်းရောင်အခိုးအငွေ့ထဲရှိ ရီချန်ဇီမှာ လေလယ်တွင် ချက်ချင်း ရေခဲဖြစ်သွား၏။

သူ၏ခန္ဓာကိုယ်မှာ အခိုးအငွေ့အတွင်းမှ အတင်းအကြပ် ဆွဲထုတ်ခံလိုက်ရသည်။ သူ့မှာ ဤမျှအချိန်တိုလေးအတွင်း သူ၏ရန်သူ မည်သည့်နည်းဖြင့် သည်လောက်အများကြီး အစွမ်းထက်လာခဲ့သည်လဲ စဉ်စားနေသဖြင့် သူ့မျက်နှာပေါ်ရှိ အံ့ဩမယုံကြည်နိုင်မှုတို့မှာ သိသာထင်ရှားနေတော့သည်။ သူ၏ရန်သူကား အပြေးသိုင်း၏သက်ရောက်မှုများကိုပင် ပျက်ပြယ်စေနိုင်နေလေပြီ။

သူ၏ခန္ဓာကိုယ် အခိုးအငွေ့အတွင်းမှ ဆွဲထုတ်ခံလိုက်စဉ် မန်ဟို့၏ခံစားချက်မဲ့နေသော မျက်နှာက အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ရှေ့တက်ကာ ရီချန်ဇီ၏ ရင်ဘတ်အပေါ်တည့်တည့်သို့ ထိုးချလိုက်သည်။

ရီချန်ဇီမှာ လက်သီးအား ဘယ်နည်းနှင့်မှ မရှောင်နိုင်ပေ။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ရင်ဘတ်မှ အရိုးကျိုးအက်သံများ ထွက်လာသည်။ သူ့မှာ မချိတင်ကဲ အော်သံနှင့်အတူ နောက်သို့ လွင့်ထွက်သွားခဲ့လေပြီ။

"ဘာလို့ ဒီလောက် အစွမ်းထက်သွားတာလဲ" ရီချန်ဇီမှာ ကြောက်ဖျားချင်သလို ဖြစ်နေတော့သည်။ မန်ဟို့၏ အေးစက်သော အသံက ရုတ်တရက် ဟိန်းထွက်လာ၏။

"အရင်က ငါ့အပိုင်ပစ္စည်းကို မင်းခိုးယူရဲခဲ့တယ်။ မင်းကို တစ်ကြိမ် အလွတ်ပေးခဲ့ပြီးပြီဆိုဝောာ့ ဒီနေ့ ဘယ်လိုလုပ်ထပ်ပြီး အလွှတ်ပေးရမှာလဲ" သူက ရီချန်ဇီဆီသို့ ချက်ချင်း ပြေးထွက်ပြီး ဒုတိယအကြိမ် လက်သီးစာကျွေးလိုက်သည်။

ဘုန်း။ ရီချန်ဇီမှာ သွေးများ ထပ်မံအန်လိုက်ရပြီး မျက်နှာဖြူဖျော့သွားသည်။ သူ ဘာမှမပြောနိုင်ခင် မန်ဟို၏လက်သီးက သူ့ကို နောက်တစ်ဖန် ထိုးနှက်လိုက်သောကြောင့် သူ၏အပြင်အားကိုယ်တင်မကဘဲ၊ အနုသုခုမရုပ်ခန္ဓာကိုယ်ပါ ဒဏ်ရာရသွားစေ၏။ သူ၏အရုပ်ဆေးမင်ကြောင်များမှာလည်း ပျက်စီးခါနီးနေလေပြီ။

ဤသေရေးရှင်ရေးအခိုက်အတန့်တွင် ရီချန်ဇီက စူးစူးဝါး‌ဝါး အော်လိုက်သည်။ သူ၏စိတ်ဝိညာဉ်အာရုံက လျှပ်တပြက် ဖြာထွက်လာပြီး သူ့ကိုယ်အတွင်းရှိ အမှောင်မှော်ပညာရပ် လည်ပတ်လာသည်။ ရုတ်တရက် သူ၏နဖူးပေါ်တွင် မဟူရာလတစ်စင်းပေါ်လာ၏။ ဤသို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ဝိညာဉ်အာရုံအလုံးစုံမှာ မဟူရာလအပေါ်တွင် စုဆုံကာ ၎င်းအား လည်လာစေသည်။ အံ့ဖွယ်ကောင်းစွာနှင့် မဟူရာလမှ ရောင်ပြန်ဟပ်သောပုံရိပ်သည် မန်ဟို့၏နဖူးပေါ်တွင်လည်း ပေါ်လာ၏။

ရီချန်ဇီက သွေးတချို့ချောင်းဆိုးပြီး ‌အော်လိုက်သည်။ "အာရုံသုတ်သင်"

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အခိုက်အတန့်တွင် မန်ဟို့နဖူးပေါ်ရှိ လပုံရိပ်မှာ ကွဲကြေသွားပြီး ပြင်းထန်သောစွမ်းအားတစ်ရပ် မန်ဟို့၏စိတ်အတွင်းသို့ လှိုင်းတံပိုးကြီးသဖွယ် တလိပ်လိပ် ဝင်ရောက်လာသည်။ မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်၏။ စွမ်းအားက ရက်စက်ပြီး ရီချန်ဇီ၏ဝှက်ဖဲဖြစ်ကြောင်း သိသာသည်။ မန်ဟို့အနေဖြင့် မြေအရုပ်ဆေးမင်ကြောင်ကိုသာ ဖော်‌ဆောင်ထားခဲ့ခြင်းမရှိလျှင် ယခုအချိန်တွင် သူ့စိတ်မှာ ချာချာလည် မူးဝေနေမည်ဖြစ်၏။

ထိုအစား သူသည် လျင်မြန်စွာ သက်သာလာ၏။ သူ၏စိတ်ဝိညာဉ်အာရုံမှာ ရီချန်ဇီထက် အဆများစွာ အစွမ်းပိုထက်သည်။ ဓာတ်ငါးပါးအနက် လေးပါး၏စွမ်းအားက ပံ့ပို့‌ပေးထားရာ ရီချန်ဇီ၏ တိုက်ကွက်မှ သက်ရောက်မှုများကို ဖယ်ရှားရန် လွယ်ကူလေသည်။

နောက်ထပ် လက်သီးတစ်လုံး ကျရောက်လာပြီး ရီချန်ဇီ၏ခန္ဓာကိုယ်မှာ အသွေးအသားများအဖြစ် ပေါက်ကွဲထွက်သွားတော့သည်။ သူ၏လန့်ဖြန့်နေသော အနုသုခုမရုပ်ခန္ဓာမှာ မဟူရာလ၏ အကာအကွယ်ဖြင့် ခြံရံလျက် ပျံထွက်လာ၏။

" ဘယ်လိုလုပ်သူက အဲ့လောက်ထိ အစွမ်းထက်နေရတာတုန်း ။ ဘာလို့လဲ ဘာလို့လဲ။ ငါချီးထဲမှပဲ။ ဒီကောင် တံတားပျက်နယ်ပယ်မှာ ပွပေါက်တိုးလာခဲ့တာ ဖြစ်မယ် " သူ၏ ကြောက်ရွံ့ထိတ်လန့်နေသော အနုသုခုမရုပ်ခန္ဓာမှာ အမြန်ဆုံးအရှိန်ဖြင့် ထွက်ပြေးရန် ကြိုးစားနေသည့်အချိန်တွင် မန်ဟိုက ရီချန်ဇီ၏ အလောင်းကို ဆတ်ခနဲ ဖမ်းယူပြီး သူ၏သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။

ရီချန်ဇီ၏ အနုသုခုမရုပ်ခန္ဓာ ထွက်ပြေးနေစဉ် ဖျတ်ခနဲ မျိုးခြားသားရဲကြီး ရောက်ရှိလာ၏။ ၎င်းက ရိုက်ချလိုက်သဖြင့် ဘုန်းခနဲ လေတွင်မြည်ဟည်းသွားသည်။ ရီချန်ဇီ၏ အနုသုခုမရုပ်ခန္ဓာမှာ စူးစူးဝါးဝါးအော်ပြီးနောက် အနုသုခုမရုပ်ခန္ဓာအသက်ချီတစ်လုပ် ထွေးထုတ်လိုက်ရသည်။ အနုသုခုမရုပ်ခန္ဓာမှာ မှုန်ဝါးဝါးဖြစ်နေပြီး အတိုင်းထက်အလွန် အားနည်းနေပြီဖြစ်သည်။ မဟူရာလ အကာအကွယ်မှာ ပျက်စီးသွားခဲ့ပြီး သူစောစောကထုတ်ခဲ့သော အကာအကွယ်ရတနာအားလုံးမှာလည်း ဖျက်စီးခံလိုက်ရပြီဖြစ်သည်။

" ရွံစရာကောင်းလိုက်တာ " ရီချန်ဇီက စူးစူးဝါးဝါးအော်၏။ " မင်းတို့ကောင်တွေ ရွံစရာကောင်းလိုက်တာ။ သတ္တိရှိရင် တစ်‌ယောက်ချင်းချမယ် " မျိုးခြားသားရဲကြီး၊ ကြက်တူရွေးနှင့် မန်ဟိုတို့၏ ဘက်သုံးဖက်မှ အဝိုင်းခံထားရသဖြင့် သူ၏မျက်နှာကြီးမှာ ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ရှုံ့မဲ့နေတော့သည်။

"တစ်ယောက်တစ်ယောက်ချင်း ဟုတ်လား ခွေးမသား။ သခင်ငါးက အမြဲတမ်း ရန်သူတွေ ဘယ်လောက်များများ နိုင်ပြီးသား။ ဘယ်ကောင်က မင်းနဲ့တစ်ယောက်ချင်းချမှာလဲ ခွေးမသားရဲ့။ မင်း ဘာလို့ဒီလောက်တုံးရတာလဲကွာ " ကြက်တူရွေးက ဂီးခနဲအော်ပြီး နောက်တစ်ဖန် တိုက်ခိုက်ရန် ပြေး၀င်လာပြန်သည်။ မျိုးခြားသားရဲကြီးက ဟိန်းဟောက်ပြီး ရိုက်ချလိုက်၏။ မန်ဟိုကမူ ရီချန်ဇီ ထွက်ပြေးရန် ကြိုးစားတိုင်း သူ၏ပြေးပေါက်မှန်သမျှကို ရေခဲလေဖြင့် တားဆီးရုံမှတခြား မလုပ်ပေ။

ဤအခိုက်အတန့်တွင် အသားဂျယ်လီက ရုတ်တရက် စိတ်လှုပ်တရှား ထအော်သည်။ "သူ့ကို မသတ်နဲ့။ ငါ သူ့ကို ပြောင်းလဲပေးရမယ်။ ဒီလို ယုတ်မာကောက်ကျစ်တဲ့သူမျိုး ရှာနေခဲ့တာ နှစ်နဲ့ချီနေပြီ။ ငါ ဒီလို စိန်ခေါ်မှုမျိုးကို အမြဲလိုချင်နေခဲ့တာကွ" အသားဂျယ်လီ၏မျက်လုံးများမှာ တလက်လက်တောက်ပနေပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေ၏။

"နာမည်ဘယ်လိုခေါ်လဲ။ မကြောက်ပါနဲ့။ လာလာ။ သခင်သုံးကို မင်းနာမည်လေး ပြောပြစမ်းပါဦး"

မျိုးခြားသားရဲကြီးက နောက်တစ်ဖန် ရိုက်ချလိုက်ဖြင့် အုန်းခနဲ မြည်ဟည်းသွားပြန်သည်။ ရီချန်ဇီ၏ အနုသုခုမရုပ်ခန္ဓာမှာ ဒဏ်ရာ ထပ်မံရသွားလေပြီ။ ဤအခိုက်အတန့်တွင် အနုသုခုမရုပ်ခန္ဓာသည် မယုံနိုင်လောက်အောင် အားနည်းနေပြီဖြစ်ပြီးသူ၏မျက်လုံးများမှာ ဆောက်တည်ရာမဲ့နေတော့သည်။ သူက ဒေါသတကြီး အော်ဟစ်ပြီး အသေးစားနေရာ‌ရွှေ့ပြောင်းရန် ကြိုးစားလိုက်သော်လည်း ထိုသို့ကြိုးစားလိုက်သည့် အချိန်မှာပင် သူ့ပတ်ပတ်လည်ရှိ လေထုမှာ ခဲသွားပြီး အသေးစားနေရာရွေ့ပြောင်းခြင်းအား တားမြစ်လိုက်၏။ ထို့နောက် ကြက်တူရွေးက သူ့ဆီ ပြေး၀င်လာသည်။

မချိတင်ကဲအော်သံကြီး ဆူညံသွား၏။ မြင်ကွင်းကြီးမှာ နှိုင်းယှဉ်၍‌မရလောက်အောင်ပင် သနားစရာကောင်းနေတော့သည်။ ကျီးနတ်မင်းမျိုးနွယ်၀င်များပင်လျှင် မျက်လုံးအပြူးသား ဖြစ်နေကြ၏။

" လွှတ်ပေးပါ။ တောင်းပန်ပါတယ် လွှတ်ပေးပါတော့ "

ဖြောင်း ။ မျိုးခြားသားရဲကြီးက ပျော်ပျော်ကြီး ပါးရိုက်ချလိုက်သည်။

" ငါ့ကို အခွင့်အရေးပေးပါ ငါ အား "

ကြက်တူရွေးက ယောက်ျားဘသားတို့၏ အားမာန်ဖြင့် သူ့ကို ထိုးဖောက်လိုက်၏။

" ငါ "

"မင်းနာမည်က ဘာတုန်း ။ အီး...ငါ့ကို မပြောဘူးပေါ့ ဟုတ်လား ။ ကြည့်စမ်း ဒါဆို မင်းငါ့ကို အထင်သေးလိုက်တာပဲ ။  ငါ့ကို ရွံတယ်ပေါ့လေ။ မင်း...မင်း...မင်း...မင်း...မင်းတကယ်ကို ယုတ်မာလွန်းတယ်။ မင်းဟာ တကယ် အကျင့်ပျက်လွန်းတယ်။ ပြောင်းလဲရမယ် ငါမင်းကို ပြောင်းကို ပြောင်းလဲမှာ ။ ဘာလို့ ဘာမှမပြောတာတုန်း " အသားဂျယ်လီမှာ ကရားရေလွှတ် တရစပ်ပြောနေတော့သည်။

အသက်ဆယ်ရှိုက်စာအတွင်းတွင် ရီချန်ဇီ၏ အနုသုခုမရုပ်ခန္ဓာမှာ အဆက်မပြတ် အော်ဟစ်ငိုယိုနေရ၏။ ကြက်တူရွေး၊ သူ၏ကိုယ်လုပ်တော်နှင့် အသားဂျယ်လီတို့မှာ သူ့ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် နှိပ်စက်နေလေသည်။

အဆုံးသတ်တွင် ရီချန်ဇီက ဒေါသတကြီး ဟိန်းဟောက်ပြီး ခန္ဓာဖောက်ခွဲရန် ရွေးချယ်လိုက်၏။ သို့သော် သူ ထိုသို့မလုပ်နိုင်ခင်မှာပင် မျိုးခြားသားရဲကြီးက ပါးစပ်ကြီးဟပြီး သူ့ကို မြိုချလိုက်သည်။ ခပ်အုပ်အုပ် ပေါက်ကွဲသံတစ်သံအား ကြားလိုက်ရ၏။ ထို့နောက် မျိုးခြားသားရဲကြီးက ပါးစပ်ဟ၍ မြူတချို့အား အေ့ခနဲ လေချဉ်တက်လိုက်သည်။

ဤနည်းဖြင့် ရီချန်ဇီကား သူမတူအောင် အသတ်ခံလိုက်ရပါတော့သည်။ သူ့မှာ မန်ဟို၏ သတ်ဖြတ်ခံခဲ့ရခြင်း မဟုတ်ဘဲ မျိူးခြားသားရဲကြီး၊ ကြက်တူရွေးနှင့် အသားဂျယ်လီတို့၏ သေသည်အထိ ကစားခံခဲ့ရခြင်းဖြစ်သည်။

" ဟင် သေသွားပြီလားဟ " ကြက်တူရွေးကား နှမြောစရာကောင်းသည်ဟု တွေးနေသယောင်ပင်။

" ငါ သူ့ကို မပြောင်းလဲပေးနိုင်ခင် သေသွားတာ စိတ်တောင်မကောင်းဘူး " အသားဂျယ်လီက နာကျင်နေသောမျက်နှာထားဖြင့် သက်ပြင်းချလိုက်၏။

မျိုးခြားသားရဲကြီးက ထူးခြားသော အမူအရာဖြင့် ကြက်တူရွေးကိုတစ်လှည့်၊ အသားဂျယ်လီကိုတစ်လှည့် ကြည့်နေသည်။ ၎င်းက ဘာမှမပြောပေ။

မန်ဟိုက ကမ္ဘာသစ်မိစ္ဆာများ ခြံရံလျက် ချာခနဲ လှည့်ပြီး တောင်ထံသို့ ပြန်လည်ဦးတည်သွား၏။ သူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ချက်ချင်းပင် အရုပ်အသက်စွမ်းအားတို့က အဘက်ဘက်သို့ စီးဖြာထွက်သွားပြီး ကမ္ဘာသစ်မိစ္ဆာများနှင့် နွယ်ပင်စည်ကြီး အတွင်းသို့ ထိုးဖောက်၀င်ရောက်ပေါင်းစည်းသွားလေ၏။

၎င်းတို့ စတင်သက်သာလာကြသည်။ ထိုသို့သက်သာလနေသောအချိန်တွင် မန်ဟိုက ကမ္ဘာသစ်မိစ္ဆာများ၏ ဒဏ်ရာများကို ကုသရန်အတွက်သာမက အားနည်းနေသော ကျီးနတ်မင်းမျိုးနွယ်များ အားပြန်ပြည့်လာစေရန် ဆေးလုံးအမြောက်အမြား ထုတ်လိုက်သည်။ ကျီးနတ်မင်းမျိုးနွယ်၀င်များမှာ ချက်ချင်း ယခင်ထက်ပို၍ အများကြီး တက်ကြွလာကြလေ၏။

" ဂါ၀ရပြုပါတယ် ဘိုးဘေးကြီး " မျိုးနွယ်၀င် တစ်ထောင်လုံး ဒူးထောက်ပြီး မန်ဟို့ကို အရိုအသေပေးကြသည်။ ကျီးစစ်သည်မျိုးနွယ်စုခေါင်းဆောင်ပင်လျှင် ဒူးထောက်အရိုသေပေး၏။ သူတို့ ခေါင်းပြန်မော့လိုက်သောအခါ သူတို့မျက်နှာများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။ မန်ဟို တံတားပျက်နယ်ပယ်သို့ သွားရခြင်း၏ ရည်ရွယ်ချက်ကို သူတို့သိကြသဖြင့် ယခုတွင် သူတို့အားလုံးကား မန်ဟို့ကို ရင်တထိတ်ထိတ်ဖြင့် ကြည့်နေကြလေသည်။

" ငါ မျှော်လင့်ချက်ကို ယူဆောင်လာခဲ့ပြီ " သူက သူတို့တစ်ယောက်ချင်းစီကို ကြည့်ရင်း ပြောသည်။ " ငါတို့ အနက်ရောင်နယ်မြေကို ပြောင်းရွှေ့ကြမယ် " ပတ်ပတ်လည်ရှိ မျိုးနွယ်၀င်များမှာ ပင့်သက်ရှိုက်ပြီး တုန်ယင်လာကြ၏။ မျက်ရည်များ သူတို့ပါးပြင်များတလျှောက် စီးကျလာပြီး သူတို့ကား နှလုံးသား၏ အနက်ရှိုင်းဆုံးထဲမှလာသော ပျော်ရွှင်၀မ်းမြောက်မှုတို့ဖြင့် အားရ၀မ်းသာစွာ ကြွေးကြော်လိုက်ကြလေသည်။

ရက်အနည်းငယ်ကြာသော် ကျီးနတ်မင်းမျိုးနွယ်စု၏ ပြောင်းရွှေ့ခြင်း စတင်ခဲ့လေပြီ။

ခရမ်းမိုးရွာချခြင်းကြောင့် အသက်စွမ်းအားများ ဖယ်ရှားခံရပြီး နေရာရွှေ့ပြောင်းခြင်း မုခ်၀များလည်း အလုပ်မလုပ်တော့ပေ။ စိတ်ဝိညာဉ်စွမ်းအင်လည်း ရှားပါးနေသည့်အတွက် ကျီးနတ်မင်းမျိုးနွယ်စုများမှာ ခြေလျင်လျှောက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ သူတို့မှာ ‌လေကိုခွင်း၍လည်း မပျံသန်းနိုင်။

ထိုမျှသာမက ကျင့်ကြံခြင်းအခြေခံမရှိသော သာမန်ကျင့်ကြံသူများရှိသေးသည်။ သို့ဖြစ်၍ ခရီးအမြန်နှင်ဖို့ရန်မှာ မဖြစ်နိုင်။

ကျင့်ကြံသူတစ်‌ယောက်အတွက် အနောက်ပိုင်းသဲကန္တာရ၏မြောက်ပိုင်းမှ အနက်ရောင်နယ်‌မြေသို့ ပျံသန်းရန် နှစ်ပေါင်းများစွာ ကြာ၏။ လမ်းလျှောက်လျှင်... ထောင်နှင့်ချီမည်။ ထို့အတွက် အချိန်မရှိ။ အောင်အောင်မြင်မြင် ရွှေ့ပြောင်းနိုင်သည့် တစ်ခုတည်းသောအရာမှာ... လူတစ်ထောင်အား သယ်ဆောင်သွားနိုင်သော ယန္တရားယာဉ်ပျံတစ်မျိုး ရရှိရန်ဖြစ်သည်။

သူတို့အတွက် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအားဖြင့်မဟုတ်ဘဲ ဝိညာဉ်ကျောက်တုံးများဖြင့် အားဖြည့်ပေးနိုင်သော ယာဉ်ပျံတစ်စီးလိုအပ်၏။ အကြီးစားယာဉ်ပျံတစ်စီးသာလျှင် သူတို့၏ရွှေ့ပြောင်းရေးကို လွယ်ကူချောမွေ့စေပြီး လက်တွေ့အကောင်အထည်ဖော်ပေးနိုင်သည်။

ထွက်မသွားခင် မန်ဟိုက တောင်စဉ်တန်းများကို ပြန်လှည့်ကြည့်လိုက်သည်။ ပြန်လာခဲ့ပြီးနောက်ပိုင်း လင်းနို့နက်ကြီးကို သူမမြင်ခဲ့ရပေ။ ဂုလာပြောပုံအရ ၎င်းသည် သူတံတားပျက်နယ်ပယ်သို့ ထွက်ခွာသွားပြီး ရက်အနည်းငယ်ကြာသော် ‌ပျောက်သွားခဲ့၏။ မည်သည့်နေရာကို သွားသည်လဲ ဘယ်သူမှ မသိပေ။

"ငါ့ ခွင့်ပြုချက်မရှိဘဲ မင်းက ထွက်ပြေးသွားတယ်။ အေး ငါသာ စိတ်ရှိရင် မင်းကို ရှာလို့ရတယ်" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ် လက်နေလျက် တောင်စဉ်တန်းများကို ကြည့်နေ၏။ ထို့နောက် သူသည် ချာခနဲ လှည့်ပြီး ကျီးနတ်မင်းမျိုးနွယ်ဝင်များနှင့်အတူ အဝေးသို့ လမ်းလျှောက်ထွက်သွားတော့သည်။

***

All Chapters