ဝိညာဉ်ဖွေရှာ
Vol. 35 Ch. 478
သင်းကွဲကျင့်ကြံသူအများစုမှာ ဝိညာဉ်ကျောက်တုံး သိပ်ပေါပေါများများမရှိပေ။ သို့သော် တစ်ခါက ကျီးနတ်မင်းမျိုးနွယ်စုကြီးအဖြစ် နှစ်အဆက်ဆက် အမွေအနှစ်များအား လက်ဆင့်ကမ်းလာခဲ့သော မျိုးနွယ်စုငါးစုအတွက်တော့ ဝိညာဉ်ကျောက်တုံးဆိုသည်မှာ ....
အများကြီးပိုင်ဆိုင်ထားသည့်အရာပင်။
၎င်းတို့က နှစ်ပေါင်းများစွာ ခရီးနှင်နိုင်သော အကြီးစားယာဉ်ပျံတစ်စီးအား လက်ဝယ်ရရှိရန် မလုံလောက်ကောင်း မလုံလောက်သော်လည်း အနည်းဆုံးတော့ ခရီးတစ်ဝက်တော့ တွင်စေလိမ့်မည်။ ခရမ်းမိုးရွာကျပြီးနောက်ပိုင်း စိတ်ဝိညာဉ်စွမ်းအင်များမှာ မရှိတော့လုနီးပါး နည်းပါးလာခဲ့၏။ သို့ဖြစ်၍ ဝိညာဉ်ကျောက်တုံးများမှာ စိတ်ဝိညာဉ်စွမ်းအင်အား ပြန်လည်ဖြည့်တင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းဖြစ်လာခဲ့လေသည်။ ထို့ကြောင့် တချို့အား ဤနည်းအတိုင်း ဖြုန်းတီးရကြသည်။
ကံကောင်းထောက်မစွာနှင့် ကျီးနတ်မင်းမျိုးနွယ်စုများတွင် ကျင့်ကြံသူများများစားစား မရှိလေရာ ကုန်ကျမှုပမာဏမှာ အတော်အသင့်လျော့နည်း၏။ လောလောဆယ်တွင် ဝိညာဉ်ကျောက်တုံး ဖောဖောသီသီ ကျန်ရှိနေသေးလေသည်။ အဓိကပြဿနာမှာ ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် မောင်းနှင်ရခြင်းမဟုတ်သော အကြီးစားယာဉ်ပျံတစ်စင်းအား မည်သို့ရယူရန်ဆိုသည်ပင်။
မန်ဟိုသည် တရွေ့ရွေ့ လမ်းလျှောက်နေကြသော ကျီးနတ်မင်းမျိုးနွယ်ဝင်များကို ဝေ့ကြည့်လိုက်သည်။ "အခုအချိန်မှာ မျိုးနွယ်စုတော်တော်များများ အနောက်ပိုင်းသဲကန္တာရရဲ့ မြောက်ပိုင်းကို ဖြတ်ပြီး ပြောင်းရွှေ့နေကြတာဆိုတော့ အဲ့ဒီလိုရတနာမျိုးက.. ဝယ်မယ်ဆိုရင်. သေချာပေါက် ဈေးကြီးပေးရမှာပဲ"
ကျီးနတ်မင်းမျိုးနွယ်စု ပြောင်းရွှေ့လာခဲ့သည်မှာ ဆယ်ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဤတောင်တန်းများသည် မျိုးနွယ်စုများ မျိုးဆက်စဉ်ဆက် နေထိုင်လာခဲ့သောနေရာ ဖြစ်လေသည်။ အနောက်ပိုင်းသဲကန္တာရ၏ ကြီးမားကျယ်ပြောသော နယ်မြေတစ်ခွင် ခရီးနှင်ရန် ထွက်သွားပြီး ဘယ်တော့မှ ပြန်ရောက်မလာခဲ့သော မျိုးနွယ်ဝင်များမှလွဲ၍ ကျီးနတ်မင်းမျိုးနွယ်ဝင်အများစုမှာ ဤတောင်တန်းများမှ တစ်ခါမှ မထွက်ခွာခဲ့ဖူးပေ။
မိုးက သည်းကြီးမဲကြီး ဆက်တိုက်ရွာနေဆဲပင်။ ကျင့်ကြံသူများသာမက၊ သာမန်မျိုးနွယ်ဝင်များလည်း မိုးရေများ သူတို့ကို မထိအောင် တတ်နိုင်သမျှ ကြိုးစားနေကြရသည်။ မဟုတ်လျှင် သူတို့၏အသက်စွမ်းအားများ တဖြေးဖြေး လောင်ကျွမ်းခမ်းခြောက်သွားပေလိမ့်မည်။
ကမ္ဘာသစ်မိစ္ဆာများပင်လျှင် ထိုနည်းတူဖြစ်သော်လည်း ၎င်းတို့က ခံနိုင်ရည်ပိုရှိ၏။ အသက်ရှိသော မည်သည့်အရာမဆို မိုးရေထဲ အကာအကွယ်မပါဘဲ သွားလျှင် တဖြေးဖြေး သေဆုံးရမည်ဖြစ်သည်။
နွယ်များမှ ဆူးများကို ချိုးလိုက်သောအခါ ၎င်းတို့သည် သစ်ခေါက်များကဲ့သို့ အရာဖြစ်လာပြီးနောက် မြက်မိုးကာအင်္ကျီများနှင့်အလားတူသော အဝတ်များ ရက်လုပ်ရန် အသုံးတည့်၏။ ဤအင်္ကျီများမှာ မျိုးနွယ်ဝင်များအတွက် မရှိမဖြစ်လိုအပ်သော ပစ္စည်းတစ်ခုပင်။
ပြောင်းရွှေ့ရာတွင် ကျီးနတ်မင်းမျိုးနွယ်စုများသာမဟုတ်၊ မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအုပ်လည်း ပါဝင်သည်။ ကံကောင်းစွာနှင့် ကမ္ဘာသစ်မိစ္ဆာများမှာ မန်ဟို့၏သိုလှောင်အိတ်ထဲတွင် အသက်ရှင်နိုင်လေရာ အထွေအထူး အလုပ်မရှုပ်တော့ပေ။
ယင်းက ကမ္ဘာမိစ္ဆာများ၏ အထူးလက္ခဏာတစ်ရပ်ဖြစ်သည်။ ကံဆိုးသည်ကား ကျင့်ကြံသူများအနေဖြင့် သိုလှောင်အိတ်ထဲတွင် အသက်မရှင်နိုင်ပေ။ ထို့ကြောင့် သူတို့ ပြောင်းရွှေ့နေသောအတောအတွင်း ခရီးနှင်ရမည့် လမ်းကြောင်းမှာ ဆူးငြောင့်ခလုတ်များဖြင့် ပြည့်နေချေသည်။
ခေါင်းအထက်ရှိ ကောင်းကင်မှာ မှောင်မည်းနေပြီး တဖွဲဖွဲ ရွာကျနေသောမိုးသံတို့ဖြင့် ဆူညံနေ၏။ သူတို့မှာ အဆုံးမရှိပုံရသော လမ်းတစ်လမ်းပေါ်တွင် တိတ်ဆိတ်စွာ ရွေ့လျားလာနေကြသည်။
တစ်လကြာသော် တောင်စပ်သို့ သူတို့ရောက်သွားသည်။ မန်ဟိုက အများသူငါနည်းတူ မြက်မိုးကာအင်္ကျီကို ဝတ်လျက် အရှေ့မှ ဦးဆောင်သွား၏။ မိုးကာက ခြုံထည်တစ်ခုပမာ သူ့တစ်ကိုယ်လုံးကို ဖုံးလွှမ်းရင်း တွဲလျားကျနေသည်။ သူသည် ခမောက်ကိုလည်း ဆောင်းထားသဖြင့် သူ၏ပုံပန်းသွင်ပြင်အား အတော်လေး အထီးကျန်နေစေလေသည်။
ဘီလူးရိုင်းကြီးမှာ မန်ဟို့နောက်မှ လမ်းလျှောက်ရင်း ဟောဟဲလှိုက်နေသည်။ ၎င်း၏ကြီးမားလှသော ကိုယ်လုံးကြီးမှာ သိုလှောင်အိတ်ထဲတွင် မဆန့်သည့်အတွက် အပြင်ဘက်ကမ္ဘာတွင် လမ်းလျှောက်လိုက်ရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ ဂုလာက မျက်နှာဖြူဖပ်ဖြူလျော်နှင့် ချောင်းတဟွတ်ဟွတ်ဆိုး၍ ဘီလူးရိုင်းကြီး၏ဘေးတွင် လမ်းလျှောက်နေသည်။ သူ၏အသက်စွမ်းအားမှာ မှေးမှိန်လာနေသော်လည်း ကုန်ခမ်းသွားမည့်လက္ခဏာ မပြသေးပေ။
သို့သော် ဤခရမ်းမိုးရေထဲတွင် သူနှင့်အခြားကျင့်ကြံသူများမှာ သေမျိုးလူသားများ တစတစ ဖြစ်လာနေ၏။
မကြာခင် သူတို့သည် မည်သည့်မှော်အစွမ်းမှ မထုတ်ဖော်နိုင်သော ကျင့်ကြံသူများ ဖြစ်တော့မည်ကို စိတ်သာ ကူးကြည့်နိုင်လေသည်။ ထိုအချိန်သို့ရောက်ပါက... သူတို့မှာ သေမျိုးစင်စစ် ဖြစ်သွားပေလိမ့်မည်။
ကျီးနက်တစ်ကောင် ရုတ်တရက် ပေါ်လာသည်။ ၎င်းက လေကို ခွင်းလျက် ပျံသန်းလာကာ ဂုလာ၏ပခုံးပေါ်တွင် နားနိုင်သည်အထိ အရွယ်အစားကို ချုံ့ လိုက်သည်။
ဂုလာက ငှက်ကို တခဏကြည့်ပြီးနောက် ပြောသည်။ "ကျုပ်တို့နောက်ကို သုံးရက်လုံးလုံး လိုက်နေခဲ့တဲ့ မျိုးနွယ်စုတစ်စုရှိတယ်....
ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်က အနောက်သို့ လှည့်ကြည့်လိုက်၏။ သူက မျက်မှောင်ကြုတ်၍ ပြောသည်။ "လောင်ဟဲ့မျိုးနွယ်စုလို့ခေါ်တဲ့ ဒေသခံမျိုးနွယ်စုတစ်စု ဖြစ်လောက်တယ်။ သူတို့က အလယ်အလတ်မျိုးနွယ်စုတစ်စုပဲ...."
မျိုးခြားသားရဲကြီး၊ ကြက်တူရွေးနှင့် အသားဂျယ်လီတို့မှာ နောက်တစ်ဖန် တစ်ကိုယ်တည်း ပေါင်းစည်းထားကြပြီးဖြစ်သည်။ ယခုအချိန်တွင် ပြောလိုက်သောအသံက ကြက်တူရွေးဖြစ်၏။ "သခင်ငါး သွားပြီး စမုံတုံးပစ်လိုက်ရမလား"
မန်ဟိုက ပြန်မဖြေ။ သူသည် ကျောက်စိမ်းပြားတစ်ပြား ထုတ်ရင်း လမ်းဆက်လျှောက်သွားသည်။ ကျောက်စိမ်းပြားမှာ ရိုးရိုးရှင်းရှင်းဖြစ်၏။ ၎င်းကို ရီချန်ဇီ၏သိုလှောင်အိတ်ထဲမှ ရရှိခဲ့ပြီး ရီချန်ဇီ ကျင့်ကြံခဲ့သည့် သွေးယဇ်ပူဇော်ခြင်းကျင့်စဉ်ကို ဖော်ပြထားလေသည်။
၎င်းက သူ၏အပြေးသိုင်းနှင့်အတူ မဟူရာလအရုပ်ကျင့်စဉ်ကိုလည်း ရှင်းလင်းထား၏။ ထိုတင်မကသေး၊ ယဇ်သွေးဝိညာဉ်ဖွေရှာဆိုသော အောက်လမ်းပညာရပ်တစ်ခု၏ အသေးစိတ်အချက်အလက်များလည်း ပါရှိ၏။ ၎င်းကား သားကောင်ကို ဒုက္ခိတဘဝနှင့် အသက်ရှင်ကျန်ရစ်စေသော ရက်စက်ပြီး အကြင်နာမဲ့သည့် ပညာရပ်တစ်ခုပင်။
မန်ဟိုသည် ခရီးစဉ်တစ်လျှောက်လုံး ၎င်းအား နှံ့နှံ့စပ်စပ် လေ့လာနေခဲ့ရာ ယခုတွင် ကောင်းကောင်းနားလည်သွားပြီဖြစ်သည်။
မန်ဟို ဤကဲ့သို့ ပြုမူနေသည်ကို အခြားသူများမြင်သောအခါ ဘာမှ ထပ်မပြောတော့ပေ။ လူတစ်ထောင်အဖွဲ့မှာ ခုနစ်ရက်၊ ရှစ်ရက်ကြာ လမ်းဆက်လျှောက်လာခဲ့ပြီးနောက်ဆုံးတွင် ပင်လယ်နှင့်တူသောအရာတစ်ခုဆီသို့ ရောက်လာခဲ့သည်။
တိတိကျကျဆိုရလျှင် ၎င်းကား ဧရာမကန်ကြီးတစ်ကန်ပင်။ ဤသည်မှာ တောင်စဉ်တန်းများ၏အစပ်ဖြစ်ပြီး မိုးမရွာခင်တုန်းက တောင်တန်းများထံမှ ခွဲဖြာထွက်နေသော ဧရာမချိုင့်ဝှမ်းကြီးတစ်ခု ဖြစ်လေသည်။ ၎င်းသည် တစ်ခါက စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များနှင့်အတူ ကမ္ဘာသစ်မိစ္ဆာများအပြည့် ရှိခဲ့သည်။ ယခုတော့ ၎င်းမှာ မျက်စိတစ်ဆုံး ဆန့်တန်းနေသော ရေများထက် မပိုလေတော့ပေ။
မန်ဟိုက ကန်ကို ခေတ္တ မျှော်ကြည့်ပြီးနောက် လှည့်လာသည်။ "သူတို့က ရောက်လာပြီ" သူက အေးတိအေးစက် ပြောသည်။ အခြားသူများလည်း သူတို့ ယခုလေးတင် လာခဲ့သော ဘက်သို့ သတိရှိသောမျက်လုံးများဖြင့် လှည့်ကြည့်လိုက်ကြသည်။
ကျီးနတ်မင်းမျိုးနွယ်ဝင်များက လူစုခွဲပြီး နေရာကွက်လပ်တစ်ခု ဖန်တီးလိုက်သည်။ သူတို့၏မျက်လုံးများတွင် ဘဝင်မကျဖြစ်နေမှုတို့ တောက်ပနေသည်။ အထူးသဖြင့် ကျီးသူရဲကောင်းမျိုးနွယ်ဝင်များပင်။ မန်ဟိုပြန်လာပြီးနောက်တွင် သူသည် သူတို့ကို သူ၏နှင်းမြေကြီးအရုပ်ဖြင့် တံဆိပ်ခတ်နှိပ်ပေးခဲ့ရာ သူတို့၏ကျင့်ကြံခြင်းအခြေခံကို မြင့်တက်သွားစေခဲ့သည်။ ဤသို့ဖြင့် သူတို့သည် နဂိုအဆင့်သို့ ပြန်ရောက်ရှိခဲ့ကြပြီဖြစ်သည်။
များမကြာခင် တကျွိကျွိမြည်သံများနှင့် ခြေသံများ ကြားလိုက်ရသည်။
လူသုံးထောင်ခန့်ရှိသော မျိုးနွယ်စုတစ်စု ပေါ်လာသည်။ အတော်များများက ခြင်္သေ့လိုလိုသားရဲကြီးများအား စီးနင်းလာကြ၏။ ၎င်းတို့က မြေပြင်ကို ဖြတ်၍ ချီတက်လာကြသည်။
ထိုအဖွဲ့ထဲတွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦးပါရှိကာ တစ်ဦးက အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ဖြစ်သည်။ ငါးယောက်လုံးမှာ ဆေးမင်ကြောင်အပြည့်နှင့် ဖြစ်သော်လည်း လူမမာရုပ်ပေါက်နေကြလေသည်။ မည်သို့ဆိုစေ သူတို့က ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များကို ထုတ်လွှတ်ရင်း ချဉ်းကပ်လာကြ၏။ ကျင့်ကြံသူသုံးထောင်လုံးက မီတာသုံးရာအကွာတွင် ရပ်လိုက်ကြပြီး ကျီးနတ်မင်းမျိုးနွယ်စုများကို ယုတ်မာကောက်ကျစ်စွာ ကြည့်နေကြသည်။
ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် ရှေ့တက်လိုက်သည်။ သူသည် ယခင်က သေခါနီးဆဲဆဲဖြစ်နေခဲ့သော်လည်း မန်ဟိုက ပြန်ရောက်လာသည့်နောက်တွင် သူ၏အသက်စွမ်းအား ပြန်လည်ပြည့်တင်းစေရန် ဆေးလုံးတချို့ပေးခဲ့လေသည်။ သူက ရေခဲတမျှ အေးစက်သောအသံဖြင့် ပြောသည်။ "မင်းတို့က လောင်ဟဲ့မျိုးနွယ်စုဖြစ်မယ်။ ငါတို့က ကျီးနတ်မင်းမျိုးနွယ်စုပဲ။ မင်းတို့ ငါတို့နောက်လိုက်နေတာ အချိန်တော်တော်ကြာပြီ။ တိုက်ဆိုင်ပြီး အရပ်မျက်နှာတစ်ခုတည်းကို ဦးတည်နေကြတာဆိုရင် ကျေးဇူးပြုပြီး ဆက်သွားကြပါ"
သူ၏ကျင့်ကြံခြင်းအခြေခံက အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ဖြစ်လေရာ အသံသည် ရှင်းလင်းပြတ်သားစွာ ဟိန်းထွက်သွား၏။
ဘယ်သူမှ ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏စကားကို တုံ့ပြန်ခြင်းမရှိပေ။ သူတို့၏အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦးအနက် အလယ်အလတ်အဆင့်ဖြစ်သော တစ်ယောက်သည် အနက်ရောင်ဝတ်ရုံနှင့် အဘိုးကြီးတစ်ဦးဖြစ်သည်။ သူက ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထား၏။ သူသည် သံလိုက်ကို ငုံ့ကြည့်ပြီးနောက် ရုတ်တရက် သူ၏အရှေ့ရှိ လူစုကို ပြန်မော့ကြည့်၏။ နောက်ဆုံးတွင် သူ၏အကြည့်သည် ကျင့်ကြံအဆင့်အား ဖုံးကွယ်ထားသော မန်ဟို့အပေါ် ကျရောက်လာ၏။ ထိုလူ၏တွက်ချက်မှုအရ သူ့အတွက် အန္တရာယ်အရှိဆုံးမှာ ကျီးစစ်သည်မျိုးနွယ်စု ခေါင်းကိုင်ဖခင်ဖြစ်သည်။ သူက တခဏ စဉ်းစားပြီးနောက် အံတင်းတင်းကြိတ်လိုက်သည်။ အသတ်အဖြတ်စိတ်ဆန္ဒနှင့် လောဘတို့ ချက်ချင်း သူ၏မျက်လုံးထဲ တောက်ပလာလေပြီ။
"ဒီလူမှာ အဲ့ဒါရှိတယ်။ ကျန်တဲ့လူတွေကိုတော့ တစ်ယောက်မှ အရှင်မထားနဲ့"
သူ၏စကားဆုံးသည်နှင့် သူ့ဘက်ရှိ မျိုးနွယ်ဝင်များက ဝိညာဉ်ကျောက်တုံးများထုတ်၍ စိတ်ဝိညာဉ်စွမ်းအင်အား အလျင်အမြန် စုပ်ယူရင်း ဟိန်းဟောက်ကြုံးဝါးလိုက်သည်။ သူတို့စီးလာကြသည့် ကမ္ဘာသစ်မိစ္ဆာများလည်း ဟိန်းဟောက်ပြီးနောက် လူသုံးထောင်တစ်ဖွဲ့လုံး မန်ဟိုတို့ဆီ ပြေးတက်လာကြသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦးလည်း ယခင်က ကုန်ခမ်းမှာစိုး၍ ထုတ်ဖော်ခြင်းမရှိခဲ့သော သူတို့၏ကျင့်ကြံခြင်းအခြေခံများမှ စွမ်းအားများကို သုံးရင်း အရှေ့သို့ ပျံထွက်လာကြသည်။
မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ နှင်းမြေကြီး၏စွမ်းအားကို မှော်ဆန်ဆန် ပေါ်လာစေလိုက်သည်။ အေးစိမ့်သောလေက နှင်းမြေကြီးကို သယ်ဆောင်ရင်း ရိုက်ခတ်သွား၏။ သူကား ချက်ချင်း ရှေ့ထွက်ရင်း အသေးစားနေရာရွှေ့ပြောင်းခြင်းအသုံးပြုကာ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်၏ ဘေးတွင် ပြန်ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်း၍ မီးအရုပ်ဆေးမင်ကြောင်စွမ်းအားကို တဟုန်းဟုန်း တောက်သွားစေ၏။ ရေခဲတမျှသော အအေးဓာတ်နှင့် လောင်ကျွမ်းနေသော အပူဓာတ်နှစ်မျိုးလုံးဖြင့် တိုက်ခိုက်လိုက်သဖြင့် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံသူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း ပေါက်ကွဲသွားလေသည်။
ထိုမြင်ကွင်းက လောင်ဟဲ့မျိုးနွယ်စုတစ်စုလုံးကို ထိတ်လန့်သွားစေသည်။ ဤသည်မှာ သူတို့ မခန့်မှန်းထားမိသောအရာ ဖြစ်၏။ မန်ဟို့တိုက်ကွက်က သူတို့၏နတ်ဆရာတစ်ဦးကို သုတ်သင်ခဲ့ပြီးလေပြီ။
အနက်ရောင်ဝတ်အဘိုးကြီးမှာ ပင့်သက်ရှိုက်သွားပြီး ရင်တဒိန်းဒိန်းခုန်လာသည်။ သို့သော် သူ့မှာ စဉ်းစားရန် အချိန်မရှိပေ။ သူသည် မန်ဟို့ဆီသို့ ဝုန်းခနဲ ပြေးဝင်သွား၏။
ကျီးနတ်မင်းမျိုးနွယ်စု၏ကျင့်ကြံသူများက ဤအခိုက်အတန့်ကို သဲကြီးမဲကြီး တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။
မန်ဟိုက မြန်မြန်ဆန်ဆန်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်သည်။ သူသည် နေရာရွှေ့ပြောင်းကာ အနက်ရောင်ဝတ်အဘိုးကြီး၏အရှေ့တည့်တည့်တွင် ပြန်ပေါ်လာ၏။ သူ၏ညာလက်က မြောက်တက်သွားပြီး မီးပင်လယ်တစ်စင်း ပေါ်လာသည်။ ထို့နောက် လက်ကို နှိမ့်ချလိုက်ရာ သတ္တုအရုပ်ဆေးမင်ကြောင်၏ ရွှေမိုးစက်များ ထွက်လာလေသည်။ ၎င်းတို့ ရှေ့သို့ ပြေးထွက်သွားစဉ် အနက်ရောင်ဝတ်အဘိုးကြီးက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ အံ့ဩဖွယ်ကောင်းစွာနှင့် ခေါင်းကိုးလုံးခြင်္သေ့တစ်ကောင် သူ့အရှေ့တွင် ပေါ်လာကာ ဟိန်းဟောက်ရင်း မန်ဟို့ဆီ ပြေးဝင်လာ၏။
မန်ဟိုက အေးစက်စက် နှာမှုတ်ပြီး ညာလက်ဖြင့် ထိုးချလိုက်သည်။ ခေါင်းကိုးလုံးခြင်္သေ့ကြီး ဘန်းခနဲ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားလေပြီ။ အေးစက်သောလေ၏အဝှေ့နှင့်အဆူ မန်ဟိုက အနက်ရောင်ဝတ်အဘိုးကြီး၏ရှေ့တည့်တည့်တွင် ပေါ်လာသည်။ အဘိုးကြီး၏မျက်နှာ ကွက်ခနဲ ပျက်သွား၏။ သူသည် နောက်ဆုတ်ရင်း တစ်ချိန်တည်းမှာပင် စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန် ဝိညာဉ်ကျောက်တုံးတစ်တုံး ထုတ်လိုက်သည်။ မန်ဟို့၏မျက်လုံးများ အရောင်လဲ့သွားပြီး သူက လက်ညှိုးထိုးလိုက်၏။ အနက်ရောင်ဝတ်လူမှာ သူ၏ခန္ဓာကိုယ်သာမက ကျင့်ကြံခြင်းအခြေခံပင် ချိတ်ပိတ်ခံလိုက်ရကြောင်း သဘောပေါက်လိုက်သဖြင့် အံ့သြမှင်သက်သွားလေသည်။ မန်ဟိုက အနားရောက်လာပြီး အဘိုးကြီး၏လက်ထဲမှ ဖုန်းရွှေသံလိုက်အိမ်မြှောင်ကို ယူလိုက်သည်။ သူ ၎င်းကို လှမ်းကြည့်လိုက်စဉ်တွင် သူ၏မျက်နှာမှာ မည်းမှောင်သုန်မှုန်လာ၏။
ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်တွင် မန်ဟို့၏တည်နေရာကို ညွှန်ပြနေသော အလင်းစက်လေး တစ်စက်ရှိနေလေသည်။
"ဒါကို ဘယ်က ရတာလဲ" မန်ဟိုက အေးတိအေးစက်မေးသည်။
အနက်ရောင်ဝတ်လူမှာ သူ့ခန္ဓာကိုယ်သူ ပြန်ထိန်းချုပ်၍ရသွားခဲ့၏။ သူက ဟောဟဲလှိုက်နေရင်း စကားတစ်ခွန်းမှ မဆိုဘဲ နောက်ဆုတ်လိုက်သည်။
"မပြောဘူးလား။ ကောင်းပြီလေ။ ဒီတိုင်း သိမ်းထားရတာပေါ့" ထိုသို့ပြောပြီး သူက သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် သူ၏ကမ္ဘာသစ်မိစ္ဆာအုပ် ထွက်လာ၏။ "ကမ္ဘာသစ်မိစ္ဆာတွေကလွဲပြီး ကျန်တဲ့သူတွေကို တစ်ယောက်မှ အရှင်မထားနဲ့"
ကမ္ဘာသစ်မိစ္ဆာထောင်ပေါင်းများက ကောင်းကင်ကို ပိတ်ဖုံးကွယ်ပြီး ရှေ့ထွက်သွားကြရာ မချိတင်ကဲအော်သံများ ပွက်လောရိုက်ဆူညံသွားလေ၏။
အနောက်ပိုင်းသဲကန္တာရ၏ ဤပြောင်းရွှေ့ခြင်းကာလအတောအတွင်းတွင် အခြေအနေတစ်ရပ်သာရှိသည်။ "သူ,မသာ မဖြစ်လျှင် ကိုယ်အသုဘ"ပင်။ စေတနာအတွက် နေရာမရှိ။ သနားညှာတာပြလျှင် ကျီးနတ်မင်းမျိုးနွယ်စု ဖျက်စီးခံရပေလိမ့်မည်။
မန်ဟို ကျီးနတ်မင်းမျိုးနွယ်စုများကို ကာကွယ်ရန် ဆုံးဖြတ်ခဲ့သည့် အခိုက်အတန့်မှစ၍ သူ၏နှလုံးသားမှာ သူတို့ကို တိုက်ခိုက်လာသော မည်သည့်ရန်သူကိုမဆို သွေးအေးရက်စက်ခဲ့လေသည်။ သူတို့က တိုက်ခိုက်ရန် ရွေးချယ်ခဲ့ဆိုသည်မှတော့ သေကိုသေရမည်ဖြစ်သည်။
သူ ရှေ့သို့ လျှောက်လာစဉ် ရီချန်ဇီ၏အပြေးသိုင်းကို သုံးလိုက်သဖြင့် သူ၏ခန္ဓာကိုယ်သည် ရုတ်တရက် အစိမ်းရောင်အခိုးအငွေ့အသွင်ပြောင်းသွားလေ၏။ သူသည် အနက်ရောင်အဘိုးကြီး၏ အရှေ့တည့်တည့်တွင် ပေါ်လာသည်။ ထို့နောက် ညာလက်ကို မြှောက်လိုက်ရာ ပဒုမ္မာဓားဝင်္ကပါပေါ်လာ၏။
တံတားပျက်နယ်ပယ်မှ ပြန်လာပြီးနောက်တွင် အချိန်စွမ်းအားမှာ ပုံမှန်အနေအအထားသို့ ပြန်ရောက်ရှိသွားခဲ့၏။ သို့သော် ယခုတွင် ကမ္ဘာကြီးသည် သုတ်သင်ခြင်းစွမ်းအားဖြင့် ပြည့်နှက်နေသည့်အပြင် စိတ်စွမ်းအင်ကင်းမဲ့ခြင်းက ကျင့်ကြံသူများ၏အသက်စွမ်းအားအပေါ် မသိမသာ တိုက်ခိုက်နေခဲ့လေသည်။ ပဒုမ္မာဓားဝင်္ကပါစွမ်းအား ဖြာထွက်လာသည်နှင့် အနက်ရောင်ဝတ်အဘိုးကြီးထံမှ သက်တမ်းနှစ်ခြောက်ဆယ်စက်ဝန်း ပျောက်ကွယ်သွားခဲ့လေပြီ။
"ဒါ..ဒါက...." သူ၏မျက်နှာ ပျက်ယွင်းသွားပြီး စိတ်အစဉ်တို့ ချာချာလည်မူးနောက်သွားသည်။ သူ၏ အသက်စွမ်းအားမှာ မူလကတည်းက အားနည်းနေနှင့်ပြီးဖြစ်သည်။ သက်တမ်းနှစ်ခြောက်ဆယ်စက်ဝန်း ယုတ်လျော့သွားခြင်းက သူ့ကို ယခင်ထက်ပင်ပို၍ အိုမင်းချည့်နဲ့သွားစေ၏။ ထို့အပြင် နတ်ဘုရားစွမ်းရည်များ အသုံးပြုရန်အတွက် လိုအပ်သော စိတ်ဝိညာဉ်စွမ်းအင်ကို ဝိညာဉ်ကျောက်တုံးများဖြင့် ပြန်လည်ဖြည့်တင်း၍မရတော့ကြောင်း တွေ့လိုက်ရသည့်အတွက် သူ့မှာ အလွန်အမင်းတုန်လှုပ်သွားတော့သည်။ သို့သော် သူ ရင်ဆိုင်နေရသော ဤလူငယ်မှာ ဝိညာဉ်ကျောက်တုံးတစ်တုံးပင် မထုတ်ခဲ့ပေ။ ပတ်ဝန်းကျင်၌ စိတ်ဝိညာဉ်စွမ်းအင်ကင်းမဲ့နေမှုမှာ သူ့အပေါ် သက်ရောက်မှုလုံးဝ မရှိပုံရသည်။
မန်ဟိုက သူ့အနားသို့ လျှပ်တပြက် ရောက်ချလာသည်။ သူ၏ညာလက်က မြောက်တက်သွားပြီး ရုတ်တရက် မဟူရာလသဏ္ဌာန်ရှိသော လျှို့ဝှက်ဆန်းကြယ်အလင်းရောင်တစ်ခု တောက်ပသွား၏။ အဘိုးကြီး၏အသက်စွမ်းအား ပျောက်ကွယ်နေသည့်အချိန်မှာပင် လသည် သူ၏ခေါင်းထိပ်သို့ သက်ဆင်းလာလေပြီ။
"ဝိညာဉ်ဖွေရှာ"
အဘိုးကြီး၏ပါးစပ်မှ ထွက်လာသော သွေးပျက်မတတ် အော်သံကြီးကို ကြားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါနေပြီး သူ ရုန်းရန်ပြင်လိုက်စဉ် ပဒုမ္မာဓားဝင်္ကပါက ထပ်မံလည်သွားကာ နောက်ထပ်နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခု စုပ်ယူသွား၏။ သူ၏မှတ်ဉာဏ်များမှာ သူတို့ကို လှမ်းကြည့်နေသော မန်ဟို့ဆီသို့ ရေသဖွယ် တဝေါဝေါ စီးဆင်းနေကြောင်း ခံစားလိုက်ရသဖြင့် အဘိုးကြီး၏မျက်လုံးများမှာ ဝိုင်းစက်ပြုးကျယ်သွားတော့သည်။
မန်ဟို့၏မျက်နှာကား ရုတ်တရက် မည်းမှောင်ပြီး သွေးအေးလာ၏။
***