← Chapters

သေဖို့ ရောက်လာခြင်း

Vol. 35 Ch. 479

သေဖို့ ရောက်လာခြင်း

Vol. 35 Ch. 479

အနက်ရောင်ဝတ်အဘိုးကြီး၏ မှတ်ဉာဏ်များထဲတွင် ရုပ်ထွေးသောအရာများစွာကို မန်ဟို မြင်လိုက်ရသည်။ ၎င်းတို့သည် သူ့ဘ၀၏ အမှတ်တရများဖြစ်၏။ အဘိုးကြီး စူးစူးဝါးဝါး အော်ဟစ်ရင်း တဆတ်ဆတ် တုန်ရီနေပြီး သေခြင်းချီတို့ သူ့ထံမှ ဖြာထွက်လာသည့်အချိန်မှာပင် မန်ဟိုသည် သူရှာနေသောအရာကို တွေ့လိုက်ရသည်။

ဖုန်းရွှေသံလိုက်အိမ်မြှောင်ဆိုသည်မှာ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့မှ အနောက်ပိုင်းသဲကန္တာရတွင် ဖြန့်ချိပေးထားသော အရာများထဲက တစ်ခုဖြစ်သည်။ ကျီးနတ်မင်းမျိုးနွယ်စုများသည် ပျက်သုဉ်းခြင်းကပ်ဆိုက်နေစဉ်အတွင်း သူတို့တောင်များမှ မခွာခဲ့သည့်အတွက်ကြောင့် အပြင်ကမ္ဘာတွင် ဖြစ်ပျက်နေသမျှတို့ကို စုံစုံလင်လင်မသိ၍ ဤအချက်ကိုလည်း သတိမထားမိကြပေ။

တကယ်တော့ အနောက်ပိုင်းသဲကန္တာရရှိ မျိုးနွယ်စု တစ်၀က်ကျော်တွင် ယခုကဲ့သို့ ဖုန်းရွှေသံလိုက်အိမ်မြှောင် တစ်ခုစီရှိကြ၏။

၎င်း၏ ရည်ရွယ်ချက်ကား တစ်ခုတည်းပင်။  ပတ်၀န်းကျင်ရှိ မည်သည့် မိစ္ဆာစိတ်ဝိညာဉ်မဆို၏ တည်နေရာကို ဖော်ပြပေးမည်ဖြစ်သည်။

မန်ဟို၏ သိုလှောင်အိတ်ထဲတွင် မိစ္ဆာစိတ်ဝိညာဉ်နှစ်ကောင် ရှိသောကြောင့် သူ၏တည်နေရာမှာ သံလိုက်အိမ်မြှောင်ပေါ်တွင် မြင်သာလေသည်။

မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်အား တွေ့ရှိလိုက်ရသည့်အတွက် လောင်ဟဲ့မျိုးနွယ်စုသည် သူတို့ကို သတ်ဖြတ်သုတ်သင်ပြီး မိစ္ဆာစိတ်ဝိညာဉ်အား လုယုရန် ရည်ရွယ်၍ အသတ်အဖြတ် စိတ်ဆန္ဒများဖြင့် လာရောက်ခဲ့ခြင်းဖြစ်သည်။

မန်ဟို့၏မျက်နှာ တင်းမာခက်ထန်သွား၏။ သူက အင်္ကျီလက်စကို ခါလိုက်ရာ ပဒုမ္မာဓား၀င်္ကပါ လည်ပတ်သွားသည်။ စူးစူးဝါးဝါးအော်သံနှင့်အတူ အဘိုးကြီး၏ ခန္ဓာကိုယ်မှာ အိုမင်းလာ၏။ သူ့မှာရှောင်ချင်သော်လည်း သူ၏စိတ်မှာ ဝိညာဉ်ဖွေရှာပြီးနောက်တွင် ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့သည်။ သူ၏ အနုသုခုမရုပ်ခန္ဓာပင်လျှင် အားနည်းပြီး ပျက်စီးခါနီး ဖြစ်နေလေပြီ။

မန်ဟို လှည့်ထွက်သွားစဉ် အဘိုးကြီး၏ ခန္ဓာကိုယ်မှာ ဘန်းခနဲ ပြာဘဝသို့ ရောက်သွား၏။ ပဒုမ္မာဓား၀င်္ကပါ၏ အချိန်စွမ်းအားအောက်တွင် သူ၏ရုပ်နှင့်နာမ်မှာ အပြီးတိုင် ဖျက်စီးခံလိုက်ရပြီဖြစ်သည်။

တိုက်ပွဲကား သိပ်မကြာလိုက်။ မန်ဟို့၏ အစွမ်းထက်သော ကျင့်ကြံစိတ်အခြေခံကြောင့် လောင်ဟဲ့မျိုးနွယ်စုတွင် စိတ်ဝိညာဉ်စွမ်းအင်ကုန်ခမ်းခြင်းကို ခံနိုင်ရည်ရှိစေသော ဝိညာဉ်ကျောက်တုံးများရှိပါသော်လည်း အချည်းနှီးသာ။ သူတို့၏ မျိုးနွယ်၀င်သုံးထောင်လုံးမှာ ချက်ချင်းပင် သွေးမြစ်တစ်စင်းဘ၀သို့ ရောက်ရှိသွားလေတော့သည်။

မန်ဟို့တွင် သူတို့အပေါ် သနားကြင်နာမှု မရှိပေ။ သူ၏ ကျင့်ကြံခြင်းအခြေခံသာ အစွမ်းထက်သင့်သလောက် မထက်ပါက သွေးမြစ်ဘ၀သို့ ရောက်သွားမည့်သူမှာ သူအပါအ၀င် ကျီးနတ်မင်းမျိုးနွယ်၀င်များ ဖြစ်လိမ့်မည်ကို သူသိသည်။

လောင်ဟဲ့မျိုးနွယ်စု၏ သိုလှောင်အိတ်များနှင့် အခြားအရင်းအမြစ်များမှာ ကျီးနတ်မင်း မျိုးနွယ်စုအတွက် ရှေ့ဆက်သွားစေနိုင်ရန် လောင်စာဖြစ်လာခဲ့သည်။ ကမ္ဘာသစ်မိစ္ဆာထောင်ပေါင်းများစွာမှာမူ မန်ဟို့မိစ္ဆာချီ၏ ကျေးဇူးကြောင့် အညံ့ခံပြီး မန်ဟို၏ကမ္ဘာသစ်မိစ္ဆာအုပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည်။

ကမ္ဘာသစ်မိစ္ဆာ တစ်ထောင်ကျော်အား မျိုးနွယ်၀င်များ စီးရန်အတွက် တာ၀န်ပေးအပ်ပြီးနောက်တွင် သူတို့သည် ဧရာမကန်ကြီးကို ဖြတ်၍ ပြောင်းရွှေ့ခြင်း ပြန်လည်စတင်လေတော့သည်။

သို့သော် မန်ဟို့ရင်ထဲတွင် မကောင်းသော ခံစားချက်များ အုံ့မှိုင်းနေ၏။ ဖုမ်းရွှေသံလိုက်အိမ်မြှောင်များကိစ္စကြောင့် သူတို့၏ပြောင်းရွှေ့ခြင်းမှာ ယခုတွင် ပို၍ပင် ခက်ခဲတော့မည်ဖြစ်ကြောင်း သူသိလေသည်။ မိစ္ဆာစိတ်ဝိညာဉ်များအား မည်မျှဖုံးကွယ်ပြီး ချိတ်ပိတ်စေကာမူ သံလိုက်အိမ်မြှောင်များ သူတို့ကို ရှာမတွေ့အောင် မဟန့်တားနိုင်ပေ။

ကံကောင်းစွာဖြင့် အနတ်ရောင်၀တ်အဘိုးကြီး၏ မှတ်ဉာဏ်များက သူ တံတားပျက်နယ်ပယ်သို့ ရောက်နေစဉ်အတောအတွင်း အနက်ရောင်နယ်မြေ ကောင်းကင်တရားရေးရာမဟာမိတ်အဖွဲ့မှ ကြေငြာထားသော ကြေငြာချက်အမျိုးမျိုးကို မန်ဟို့အား သိစေခဲ့သည်။

ဥပမာအားဖြင့် စိတ်‌ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ပညာရှင်များရှိသည့် မျိုးနွယ်စုကြီးများဆိုလျှင် မည်သည့်သတ်မှတ်ချက်မှမရှိဘဲ အနက်ရောင်နယ်မြေမှ ကြိုဆိုလက်ခံမည်ကိုပင်။

ထိုအကြောင်းကြောင့် မျိုးနွယ်စုကြီးအများစုမှာ မိစ္ဆာစိတ်ဝိညာဉ်ကို သိပ်ဂရုမစိုက်ကြပေ။ နည်းနည်းပါးပါး ဂရုစိုက်သည့်သူများပင်လျှင် တစ်ကောင်ရရန်အတွက် အချိန်ကုန်လူပင်ပန်း မခံချင်ကြပေ။

" မိစ္ဆာစိတ်ဝိညာဉ် လိုအပ်တဲ့ မျိုးနွယ်စုတွေအများစုက အလယ်အလတ်မျိုးနွယ်စုတွေ…. ဒါမှမဟုတ်ရင် အဆိပ်ငါးသွယ်မျိုးနွယ်စုလိုမျိုး စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ပညာရှင်မရှိတဲ့မျိုးနွယ်စုတွေ ဖြစ်မယ်" မန်ဟိုသည် သူတို့ရေကန်ကို ဖြတ်၍ ခရီးဆက်နေကြစဉ် ဤကိစ္စနှင့်ပတ်သက်ပြီး အတွေးထဲနှစ်မြောနေ၏။

အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သုံးလကြာပြီးနောက်တွင် ကျီးနတ်မင်းမျိုးနွယ်စုသည် တစ်ခါက သူတို့၏အိမ် ဖြစ်ခဲ့ဖူးသောတောင်များမှ အလွန်ဝေးကွာသော နေရာသို့‌ ရောက်နေလေပြီ။ မန်ဟို၏ ကမ္ဘာသစ်မိစ္ဆာအုပ်မှာ အရေအတွက်နှစ်သောင်း ပြန်ဖြစ်သွားပြီဖြစ်သည်။

မန်ဟို့၏ တွက်ချက်မှုများအရ ကမ္ဘာသစ်မိစ္ဆာအုပ်သည် ကျီးနတ်မင်းမျိုးနွယ်စုများကို ကာကွယ်ရာတွင် အရေးပါဆုံးအချက်များထဲက တစ်ခုဖြစ်၏။ ယခုလောလောဆယ်တွင် ကျီးနတ်မင်းမျိုးနွယ်စုများမှာ အင်အားကြီးသော အလယ်အလတ်မျိုးနွယ်စုများကို သူတို့ဘာသာ တိုက်ခိုက်နိုင်ခြင်းမရှိပေ။ မျိုးနွယ်စုကြီးများအား ရင်ဆိုင်ရာနှင့်ပတ်သက်လျှင် သူတို့၏ အကြီးမားဆုံးအားသာချက်မှာ မန်ဟိုသည် မဟာမိစ္ဆာသားရဲသခင်တစ်ဦးထက်ပင် သာလွန်သော မိစ္ဆာချုပ်နှောင်သူအဆင့်အတန်းအား ပိုင်ဆိုင်ထားခြင်းဖြစ်လေသည်။

မိစ္ဆာချီက သူ့ကို ကမ္ဘာသစ်မိစ္ဆာများအား ဆွဲဆောင်ပြီး ထိန်းချုပ်ခွင့်ပေးသည်။ ဤသည်ကား သူ၏တိုက်ခိုက်စွမ်းရည်ကို ပို၍ပင် အစွမ်းထက်သွားစေ၏။

သုံးလခရီးစဉ်မှာ ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးဆေးဆေးသာ ဖြစ်ခဲ့သည်။ လောင်ဟဲ့မျိုးနွယ်စုပြီးနောက် အလယ်အလတ်မျိုးနွယ်စု သုံးစုအား ထပ်မံ ရင်ဆိုင်ခဲ့ရ၏။ ထိုမျိုးနွယ်စုအားလုံးမှာ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်အား လုယုရန် စိတ်ပိုင်းဖြတ်၍ အသတ်အဖြတ် စိတ်ဆန္ဒများ၊ သွေးဆာနေသော မျက်လုံးများဖြင့် သူတို့နောက်သို့ လိုက်လာခဲ့ကြလေသည်။

တိုက်ပွဲသုံးပွဲပြီးနောက် မျိုးနွယ်စုသုံးစု အမြစ်ဖြုတ် သုတ်သင်ခံလိုက်ရ၏။

မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာအုပ်မှာ အရေအတွက်အားဖြင့် နှစ်သောင်းသို့ ရောက်ရှိခဲ့ပြီး ကျီးနတ်မင်းမျိုးနွယ်စု အဖွဲ့ဝင်တစ်ယောက်မှ မဆုံးရှုံးခဲ့ရပေ။ တိုက်ပွဲတိုင်းတွင် တိုက်ခိုက်သူများမှာ မန်ဟိုနှင့် သူ၏ ကမ္ဘာသစ်မိစ္ဆာများသာ ဖြစ်လေ၏။

"တိုက်ပွဲတွေကနေ တစ်ဆင့် အင်အားစုရမယ်" မန်ဟိုက ‌ဟိုးအဝေး၌ ကျန်ခဲ့သော တောင်များကို ပြန်ကြည့်ရင်း ပြောသည်။

သူတို့သည် ယခုတွင် လွင်ပြင်ကျယ်ကြီးတစ်ခုသို့ ရောက်နေကြ၏။

"တိုက်ပွဲတွေ ဆက်တိုက် တိုက်ရင်း ရင်းမြစ်တွေ၊ ကမ္ဘာသစ်မိစ္ဆာတွေ ပိုတိုးလာပြီ။ ကမ္ဘာမိစ္ဆာတစ်သိန်းအထိ စုဆောင်းနိုင်တဲ့ တစ်နေ့ကျရင် မျိုးနွယ်စုကြီးတွေကိုတောင် ကိုင်လှုပ်နိုင်လိမ့်မယ်" သူ၏မျက်လုံးများက ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပလာ၏။

ကျီစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်၊ အမှောင်ကျီးအကြီးအကဲ၊ ဂုလာနှင့် အခြားသူများအားလုံး မန်ဟို့၏ တိကျပြတ်သားမှုကို မြင်နိုင်ကြပြီး သူ့အား လေးစားမြတ်နိုးသွားစေကြသည်။

သူတို့အတွက် မန်ဟိုသည် ကိုးကွယ်ရာ ဘိုးဘေးကြီးတစ်‌ဦးသာမဟုတ်၊ တစ်ခုတည်းသော ဖက်တွယ်ရာ မျှော်လင့်ချက်လည်း ဖြစ်၏။

"ဘိုးဘေးကြီး" ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ‌စိုးရိမ်ပူပန်စွာဖြင့် မျက်မှောင်ကြုတ်ရင်း ပြောသည်။ "ကျုပ်တို့ ဒီလမ်းကို ဆက်လျှောက်ရင် အလယ်အလတ်အရွယ် ထာဝရစကြဝဠာမျိုးနွယ်စုရဲ့ နယ်မြေကို ရောက်ဖို့ လပိုင်းလောက်ပဲ လိုတော့တယ်။ သူတို့ရဲ့ အရုပ်က မျက်နှာပြာဖုတ်ကောင်။ သူတို့မျိုးနွယ်စုကလည်း ရက်စက်ပြီး ကြမ်းကြုတ်တယ်။ သူတို့ အဲ့ဒီမှာ ရှိနေသေးလား မသိနိုင်ဘူး။ ကျုပ်တို့ သူတို့ကို ရှောင်ချင်ရင် ကွေ့သွားရမှာ။ ဒါပေမဲံ အဲ့ဒီလိုသွားရင် အဆိပ်ငါးသွယ်မျိုးနွယ်စုရဲ့ နယ်မြေထဲ ရောက်သွားလိမ့်မယ်"

"ကွေ့သွားစရာ မလိုဘူး" မန်ဟိုက အေးတိအေးစက်ပြော၏။ သူ၏မျက်လုံးများမှာ အသတ်အဖြတ်စိတ်ဆန္ဒဖြင့် တောက်ပနေလေသည်။ "ထာဝရစကြဝဠာမျိုးနွယ်စုက အဲ့ဒီမှာ ရှိနေသေးပြီးတော့ ယုတ်မာကောက်ကျစ်တဲ့အကြံအစည်တွေ ရှိနေရင် ငါလည်း ကမ္ဘာသစ်မိစ္ဆာတွေ ထပ်လိုနေသေးတာနဲ့ အတော်ပဲ"

ပြောင်းရွှေ့ခြင်းခရီးလမ်းပေါ်တွင် မန်ဟိုသည် သတ်ဖြတ်ခြင်းနှင့် အသားကျလာခဲ့ပြီဖြစ်သည်။

"ဆိုတော့..." အမှောင်ကျီးအကြီးအကဲက မျက်ဝန်းများ၌ ရက်‌စက်မှုတို့ တောက်ပသွားလျက် ပြောသည်။

"ရှေ့ဆက်သွားကြမယ်" မန်ဟိုက တည်ငြိမ်စွာ ပြော၏။ သူ၏ဆုံးဖြတ်ချက်များမှာ မျိုးနွယ်စု၏ ဆုံးဖြတ်ချက်ဖြစ်သည်။ အစက ကျီးနတ်မင်းမျိုးနွယ်စုငါးစုမှ အရေအတွက်အားဖြင့် တစ်ထောင်ကျော်သာ ရှိခဲ့လေသည်။ သို့သော် ပြီးခဲ့သည့်တိုက်ပွဲများအတောအတွင်း ရန်သူရာပေါင်းများစွာမှာ အသက်ချမ်းသာရာရရှိရန် ကျွန်ဘဝကို ရွေးချယ်ရင်း အညံ့ခံ့ခဲ့ကြသည်။ ယခုတွင် မျိုးနွယ်စုမှာ အဖွဲ့ဝင်နှစ်ထောင်နီးပါး ရှိနေပြီဖြစ်လေသည်။

အချိန်များ ကုန်လွန်သွား၏။ နှစ်လကြာသော် သူတို့သည် ခရမ်းရောင်မိုးရေများ ပြည့်နေသော မြစ်တစ်စင်းကို တွေ့ရသည်။ အဝေးတွင် တစ်ခါက လွင်ပြင်ဖြစ်ခဲ့ဖူးသော နေရာမှာ အကြမ်းထည်တည်ဆောက်ထားသော မြို့တစ်မြို့ရှိနေ၏။

မြို့သည် သိပ်မကြီးလှသော်လည်း လူတစ်သောင်းအတွက် နေထိုင်ရန် လုံလောက်သည်။ ၎င်းအား ခပ်မှိန်မှိန် မှော်သင်္ကေတများဖြင့် ဖုံးလွှမ်းလျက်ရှိသည့် ကျောက်ခဲများဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ မြို့၏အလယ်တွင် ဧရာမရုပ်တုကြီးကိုးရုပ် ရှိလေ၏။ အတူတကွ စုဝေးနေသော ထိုရုပ်တုများကား ဖုတ်ကောင်များသဖွယ် ရက်စက်ကြမ်းကြုတ်သောမျက်နှာများ ရှိကြသည်။

ဤသည်မှာ ထာဝရစကြဝဠာမျိုးနွယ်စုမှတစ်ပါး အခြားမဟုတ်ပေ။ သူတို့သည် အလတ်စား မျိုးနွယ်စုတစ်စုဖြစ်သော်လည်း ဤနေရာမှာ အနောက်ပိုင်းသဲကန္တာရ၏မြောက်ပိုင်းဖြစ်၏။ မျိုးနွယ်စုသည် ရွေ့ပြောင်းမည့်ကိစ္စနှင့်ပတ်သက်ပြီး အတော်လေး သဘောထားကွဲလွဲခဲ့ကြသည်။ အဆုံးသတ်တွင် သူတို့သည် နောက်ပိုင်း ပြောင်းမည်လား၊ မပြောင်းဘဲနေမည်လား ဆုံးဖြတ်ဖို့အတွက် မျိုးနွယ်ဝင်တချို့အား ချန်ရစ်ခဲ့ရင်း ရှေ့ပြေးတပ်တစ်တပ် လွှတ်ထားရန် ရွေးချယ်ခဲ့သည်။

လောလောဆယ်တွင် ထာဝရစကြဝဠာမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီး၊ အကြီးအကဲနှင့် အခြားအရေးပါသောပုဂ္ဂိုလ်များသည် အဝေးသို့ စိတ်လှုပ်တရှား‌ မျှော်ကြည့်ရင်း မြို့တံတိုင်းပေါ်တွင် ရပ်နေကြသည်။

"သေချာလို့လား" ခေါင်းကိုင်ဖခင်က လှမ်းငေါက်သည်။

"လုံးဝသေချာတယ်" ဖုန်းရွှေသံလိုက်အိမ်မြှောင်တစ်ခု ကိုင်ထားသည့် နတ်ဆရာကြီးက ပြန်ဖြေသည်။ ၎င်း၏မျက်နှာပြင်ပေါ်၌ အလင်းစက်လေးတစ်စက်အား မြင်နိုင်၏။ "သူတို့နီးနေပြီ။ ဒီပြောင်းရွှေ့လာတဲ့မျိုးနွယ်စုက ကျီးနတ်မင်းမျိုးနွယ်စု ဖြစ်ဖို့များတယ်။ ပြီးတော့ သူတို့မှာ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ရှိနေတယ်"

"ကင်းထောက်သမားတွေ ပြောပုံအရ သူတို့က အင်အားနှစ်ထောင်လောက်ရှိတယ်တဲ့။ တချို့က သာမန်မျိုးနွယ်ဝင်တွေ။ ပြီးတော့ ကမ္ဘာသစ်မိစ္ဆာတစ်ထောင်လည်းရှိတယ် ပြောတယ်

"အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်က တစ်ယောက်၊ စဦးပိုင်းအဆင့်က နှစ်ယောက်။ ကျန်တာတွေက အမြုတေဖြစ်တည်မှုနဲ့ အဲ့ဒီအောက်တွေ။ အဆိပ်ငါးသွယ်မျိုးနွယ်စုနဲ့စစ်ပွဲကြောင့်မလို့ ကိုးကွယ်ရာ အရုပ်ဘိုးဘေးကြီးတွေအကုန်လုံးလည်း ဆုံးရှုံးထားတယ်ကြားတယ်။ အဲ့ဒါကြောင့် ဒီလိုအခြေအနေရောက်နေတာပဲ

"စိတ်ဝိညာဉ်စွမ်းအင်တွေ ပျောက်ကွယ်လာတာကို စဉ်းစားရင် သူတို့လမ်းက မကြာခင် သေလမ်းရောက်တော့မှာ"

ခေါင်းကိုင်ဖခင်၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။ "မိုးကောင်းကင်က ထာဝရစကြဝဠာမျိုးနွယ်စုကို ဆောင်မတာပဲ။ ကြည့်စမ်း ဒီလိုလက်ဆောင်ကြီးတစ်ခု ငါတို့အရှေ့ကို ရောက်လာခဲ့ပြီ။ ကျန်တဲ့သူတွေကို အသိပေးလိုက်။ ငါတို့ အားကုန်တိုက်ခိုက်ရမယ်။ အဲ့ဒီမိစ္ဆာစိတ်ဝိညာဉ်ကို ရရင် ဒီနေရာက ဘယ်လိုနေနေ ထွက်သွားနိုင်ပြီ။ ငါတို့ ရှေ့ပြေးတပ်နဲ့ ပြန်ဆုံပြီး အနက်ရောင်နယ်မြေတွေဆီ သွားနိုင်တော့မယ်" နတ်ဆရာကြီးနှင့် အခြားသူများအားလုံး အလွန်စိတ်လှုပ်ရှားသွားကြသယောင်ပင်။

ထာဝရစကြဝဠာမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်သောင်းနီးပါးသည် မန်ဟိုနှင့်ကျီးနတ်မင်းမျိုးနွယ်ဝင်များကို သတ်ဖြတ်ပြီး သူတို့၏မိစ္ဆာစိတ်ဝိညာဉ်ကို လုယက်လိုစိတ်များ အပြည့်ဖြင့် ‌လွင်ပြင်ဆီသို့ ထွက်လာကြသည်။

ထိုစဉ် လွင်ပြင်‌၏တစ်ဖက်တွင် တစ်ခါက အဆိပ်များဖြင့် ပြည့်နှက်နေခဲ့သော စွန့်မြေတစ်မြေရှိသည်။ ဤသည်မှာ အပြင်လူများ ဘယ်တော့မှ ဝင်ခွင့်မရသော အဆိပ်ငါးသွယ်မျိုးနွယ်စု၏နယ်မြေများ ဖြစ်၏။

အဆိပ်ငါးသွယ်မျိုးနွယ်စု ပြောင်းရွှေ့သွားခဲ့သည်မှာ ကြာပြီဖြစ်လေသည်။ သို့သော် မျိုးနွယ်စုတစ်စုလုံးတော့မဟုတ်။ အဖွဲ့လေးဖွဲ့သာ ထွက်ခွာသွားခဲ့ပြီး ကင်းမြီးကောက်အဖွဲ့က နေရစ်ခဲ့ရန် ရွေးချယ်ခဲ့သည်။

လောလောဆယ်တွင် ကင်းမြီးကောက်အဖွဲ့၏ နတ်ဆရာကြီးက ဖုန်းရွှေသံလိုက်အိမ်‌မြှောင်ကို ကိုင်ထား၏။ သူက မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ကို ကိုယ်စားပြုသော အလင်းစက်ကို အကြာကြီး တိတ်ဆိတ်စွာ ကြည့်နေ၏။

" ငါတို့ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ပေါ်လာတယ်ဆိုတာကို ပြောင်းရွှေ့နေတဲ့ အဖွဲ့တွေ့ဆီ အသိပေးဖို့ နည်းလမ်းစဉ်းစားဖို့ လိုတယ်။ သူတို့ အဲ့ဒီ့ဟာကို လုနိုင်မယ်ဆိုရင်တော့ အဆင်ပြေပြီ။ ကံဆိုးစွာနဲ့ ငါဆို့ ကင်းမြီးကောက်အဖွဲ့ကတော့….. " သူကခေါင်းခါလိုက်သည်။ " ဒီတော့ ကျီးနတ်မင်းမျိုးနွယ်စုတွေက စစ်ပွဲပြီးတဲ့နောက် သူတို့ရဲ့တောင်တွေကို စွန့်ခွာပြီးတော့ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်တောင် ရသွားတယ်ပေါ့လေ။ ဘယ်သူ သူတို့ကိုသွားနှောင့်ယှက်ဖို့ ရွေးချယ်လဲ အ‌ရေးမကြီးဘူး။ ငါတို့ကင်းမြီးကောက်အဖွဲ့ကတော့ ငါတို့ရဲ့ဘိုးဘေးကြီးနဲ့အတူ ဒီနေရာမှာသေဖို့ ရွေးချယ်ခဲ့ပြီးပြီ။ ဒါကြောင့်မလို့ နောက်ကျိနေတဲ့ရေထဲကို ခြေချစရာ မလိုတော့ဘူး "

မန်ဟိုနှင့် ကျီးနတ်မင်းမျိုးနွယ်စုများသည် ခုနစ်ရက်တိုင် ခရီးနှင်လာခဲ့၏။ ရုတ်တရက် မန်ဟို၏ မျက်လုံးများ တောက်ပသွားသည်။ သူက တည်ငြိမ်အေးဆေးစွာဖြင့် သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ ချက်ချင်းပင် နွယ်ပင်ပေါ်လာပြီး မြေကြီးတွင်းသို့ ထိုးဖောက်၀င်ရောက်သွားသည်။ အချိန်အနည်းငယ်ကြာသော် မြေကြီးထံမှ ဆူးချွန်များ ထိုးထွက်လာပြီး ကျီးနတ်မင်းမျိုးနွယ်စု၏ အဖွဲ့ဝင်နှစ်ထောင်ကို ၀န်းရံလိုက်သည်။ ၎င်းတို့က အပေါ်သို့ ထိုးထွက်လာပြီး တစ်ခုနှင့်တစ်ခု ထွေးပတ်လိမ်ယှက်ကာ အုပ်ဆောင်းသဖွယ် ဖန်တီးလိုက်၏။

၎င်းမှာ ပန်းကန်လုံးတစ်လုံးအား ဇောက်ထိုးလှန်ထားသကဲ့သို့ အတွင်းရှိ မျိုးနွယ်စုအား ကာကွယ်ပေးထား၏။

ဤအရာအားလုံးပြီးမြောက်ရန် တခဏသာ ကြာလိုက်ပြီး ‌အရှေ့တွင် အနက်ရောင် တိမ်တိုက်ကြီးအား မြင်လိုက်ရသည်။ တိမ်တိုက်အတွင်းတွင် ကမ္ဘာသစ်မိစ္ဆာ သောင်းပေါင်းများစွာ ရှိ၏။ တောက်ပနေသော အလင်းတန်းများက ကျင့်ကြံသူထော‌င်ပေါင်းများစွာ ဖြစ်သည်။ အောက်ရှိမြေပြင်တွင်လည်း ထောင်နှင့်ချီသော ကျင့်ကြံသူများက ကမ္ဘာသစ်မိစ္ဆာများကို စီးနင်းလျက် လိုက်ပါလာသဖြင့် ပထဝီမြေကြီးမှာ တသိမ့်သိမ့်တုန်နေလေတော့သည်။

အရာအားလုံး တုန်ရီနေပြီး မိုးကောင်းကင်မှာ မည်းမှောင်လာသည်။ တစ်ချိန်လုံး ခရမ်းမိုးကား တရစပ် ရွာကျနေဆဲပင်။

မည်သည့်စကားမှ ပြောဆိုခြင်းမရှိ။ လာနေသော ကျင့်ကြံသူရှစ်ထောင်က လေကို ခွင်းသွားကြသည်။ ထောင်သောင်းနှင့်ချီသော ကမ္ဘာသစ်မိစ္ဆာများက ဟိန်းဟောက်ရင်း အရပ်မျက်နှာတစ်ခွင်သို့ ခွဲထွက်သွားကြ၏။

" သူတစ်ယောက်တည်း ငါတို့ရဲ့ထောင်သောင်းနဲ့ချီတဲ့ စစ်တပ်ကို ရင်ဆိုင်နိုင်မယ် ထင်နေလား။ သူ့ကိုယ့်သူ အထင်ကြီးနေတာပဲ။ ထာ၀ရစကြ၀ဠာမျိုးနွယ်စုရဲ့ ကျင့်ကြံသူအပေါင်းတို့၊ အမိန့်ကို နာခံစေ။ အဲ့ကောင်တွေကို သတ်ပစ်။ တစ်ကောင်မှ အရှင်မထားနဲ့ "

စစ်တပ်ကြီးက တိုက်ခိုက်ရန် ချီတက်လာသဖြင့် ဟစ်ကြွေးသံများ ကောင်းကင်ယံသို့တွင် ရိုက်ခတ်သွားသည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူလေးဦးက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် မန်ဟို့ဆီ ပြေးဝင်လာကြ၏။

***

All Chapters