ထာဝရစကြဝဠာမျိုးနွယ်စု အပြတ်အသတ်ရှုံးနိမ့်ခြင်း
Vol. 35 Ch. 480
ကျင့်ကြံသူတစ်သိန်းနှင့် ကမ္ဘာသစ်မိစ္ဆာထောင်ပေါင်းများစွာကို ရင်ဆိုင်ရစဉ်တွင် မန်ဟို့၏မျက်နှာထားမှာ ယခင်အတိုင်း တည်ငြိမ်အေးဆေးလျက်သာ ရှိ၏။ သူ့အနောက်တွင် ဆူးမြို့ရိုးက ကျီးနတ်မင်းမျိုးနွယ်စု၏ အဖွဲ့ဝင်နှစ်ထောင်ကို အုပ်ဆောင်းသဖွယ် ဖုံးလွှမ်းထားသည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး လက်ကို မြေကြီးထံသို့ ညွှန်လိုက်သည်။
"ငါ မင်းတို့ကို စောင့်နေတာ ကြာပြီ" သူက အေးတိအေးစက် ပြောသည်။ "သမာဓိအပ်နှင်းခြင်းပညာရပ်" ချက်ချင်းပင် စိတ်ဝိညာဉ်စွမ်းအင် ဖြတ်တောက်ခံထားရသော ဤနယ်မြေမှာ မိစ္ဆာချီများဖြင့် ဖွေးဖွေးလှုပ်သွား၏။ မန်ဟို လက်ကို ဝှေ့ယမ်းလိုက်စဉ်တွင် မိစ္ဆာချီများ ဟုန်းခနဲ ပေါက်ကွဲထွက်လာ၏။
မိစ္ဆာချီသည် ချဉ်းကပ်လာနေသော ကမ္ဘာသစ်မိစ္ဆာများကို တဆတ်ဆတ် တုန်ရီလာစေသည်။ ၎င်းတို့က ကြောက်လန့်နေသောအမူအရာများဖြင့် တုံ့ခနဲ ရပ်ပြီး ဆွဲဆွဲငင်ငင် အော်လိုက်ကြသည်။
ဗြုန်းစားကြီး ပြောင်းလဲသွားခြင်းက ထာဝရစကြဝဠာမျိုးနွယ်စု၏ ရန်လိုနေသောမျိုးနွယ်ဝင်များ၏ အမူအရာများကို ချက်ချင်း ပြောင်းလဲသွားစေသည်။
ဤသည်မှာ မန်ဟို ပထမဆုံးကြိမ် မိစ္ဆာချီစွမ်းအားအလုံးစုံကို တုံဆိုင်းမှုမရှိ ထုတ်လွှတ်ခဲ့ခြင်းဖြစ်လေသည်။ ယင်းကား မဟာမိစ္ဆာသားရဲသခင်စွမ်းအားမဟုတ်။ မိစ္ဆာချုပ်နှောင်သူများ၏ စွမ်းအားတစ်ရပ်ဖြစ်၏။ ဤအစွမ်းမှာ ကြီးကျယ်ခမ်းနားသော စွမ်းအားအစစ်အမှန် ဖြစ်ချေသည်။
ကျင့်ကြံသူများအနေဖြင့် ဤချီကို မခံစားရသော်လည်း ကမ္ဘာသစ်မိစ္ဆာများအတွက်တော့ သည့်ထက်ပို၍ မရှင်းလင်း၊ မပြတ်သားနိုင်တော့ပေ။
သူတို့မြင်နေရသောအရာမှာ အံ့မခန်းလိလိ တဖွေးဖွေးလှုပ်သော မိစ္ဆာချီများဖြင့် မန်ဟို့ကိုသာ။ ချီသည် လှိုင်းတံပိုးကြီးများသဖွယ် ကောင်းကင်ထိတိုင် တလိပ်လိပ် ထိုးတက်နေ၏။ ခရမ်းမိုးပင်လျှင် ၎င်းကြောင့် အတန်ငယ် ပုံပျက်ရှုံ့တွသွားသယောင်ရှိသည်။ မန်ဟိုကား အဘက်ဘက်သို့ တဝုန်းဝုန်းရိုက်ခတ်နေသော မိစ္ဆာချီမုန်တိုင်းတစ်လုံး၏ အလယ်ဗဟိုတွင်။
ကမ္ဘာသစ်မိစ္ဆာများသာ မြင်နိုင်သော ကမ္ဘာတွင် မိစ္ဆာချီများသည် မန်ဟို့ထံမှ တဝေါဝေါ မြင့်တက်လာရင်း ဧရာမပုံရိပ်ကြီးတစ်ခု အသွင်ပြောင်းလာ၏။ ဤသည်မှာ မိစ္ဆာချီအပြည့်ဖြင့် ဖွဲ့စည်းထားသောပုံရိပ်ဖြစ်ပြီး ....မန်ဟိုနှင့်တူလေသည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် သူတို့အတွက် ကျင့်ကြံသူတစ်ယောက်နှင့် မတူတော့ဘဲ ကောင်းကင်နှင့်မြေကြီး၏ အင်အားကြီးမားသော မိစ္ဆာကြီးတစ်ကောင် ပုံစံပေါက်နေတော့သည်။
ဤမိစ္ဆာကြီးသည် တစ်လောကလုံးကို ကိုင်လှုပ်နိုင်ပြီး ကြောက်မက်ဖွယ်ရာ မိစ္ဆာချီအား ပိုင်ဆိုင်ထား၏။ သူသည် နယ်မြေကို စစ်ဆေးကြည့်ရှုရန် ရောက်လာခဲ့သည့် ဘုရင်တစ်ပါးအလားပင်။
ကမ္ဘာသစ်မိစ္ဆာများမှာ ဝိညာဉ်များပင် တုန်ရီလာသည်အထိ အပြင်းအထန် တုန်ရီလာကြ၏။ ရုတ်တရက် ၎င်းတို့သွေးထဲရှိ မှတ်ဉာဏ်များ နိုးထလာသည်။ ကမ္ဘာသစ်မိစ္ဆာများ ရုတ်တရက် အော်ဟစ်လိုက်ကြသည်။ ၎င်းတို့၏အော်သံများက ရိုသလေးစားမှုနှင့် သစ္စာခံမှုတို့ဖြင့် ပြည့်နှက်နေချေသည်။
ဤသည်မှာ ကမ္ဘာသစ်မိစ္ဆာဘုရင်တစ်ပါးထံသို့ ပြသသော သစ္စာစောင့်သိမှုဖြစ်သည်။ ၎င်းတို့မှာ ကြီးမြတ်သော မိစ္ဆာဘိုးဘေးကြီးအား အမှတ်ရစေသည့် ချီကို အာရုံရလိုက်ကြ၏။
မည်သည့်အဆင့်ပင် ဖြစ်စေ၊ ထာဝရစကြဝဠာမျိုးနွယ်စု၏ ကမ္ဘာသစ်မိစ္ဆာထောင်ပေါင်းများစွာမှာ ရိုသေလေးစားကြည်ညိုသော အမူအရာများဖြင့် အဆက်မပြတ် ဟိန်းဟောက်လိုက်ကြသည်။ ၎င်းတို့သည် မြေပြင်ကို ဖြတ်၍ ချီတက်မလာကြတော့ဘဲ ဝပ်စင်းကုန်ကြ၏။ ကောင်းကင်တွင် ပျံသန်းနေခဲ့သော ကမ္ဘာသစ်မိစ္ဆာများလည်း မြေပြင်ပေါ် ဆင်းသက်လာကြသည်။
၎င်းတို့၏သခင်များ မည်သို့ထိန်းချုပ်စေကာမူ အားလုံးသည် မန်ဟို့ကို ခြွင်းချက်မရှိ သစ္စာခံလိုက်ကြလေပြီ။
ဤမြင်ကွင်းက ထာဝရစကြဝဠာမျိုးနွယ်ဝင်များကို အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူသံများ မြန်ဆန်လာစေသည်။ သူတို့ တုံ့ပြန်ရန်အချိန်ပင် မရလိုက်ခင် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်ရာ မိစ္ဆာချီများကို ကမ္ဘာသစ်မိစ္ဆာတစ်ကောင်ချင်းစီသို့ တဝေါဝေါ ထွက်သွားစေသည်။
မိစ္ဆာချီ ၎င်းတို့၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည်နှင့် ဟိန်းဟောက်သံများက သွေးရူးသွေးတန်းဖြစ်လာပြီး သူ၏ခန္ဓာကိုယ်များမှာ ယခင်ထက် အဆများစွာပို၍ အစွမ်းထက်လာလေသည်။ ၎င်းတို့အားလုံးတွင် ဘိုးဘေးနိုးထခြင်းလက္ခဏာများပင် ပြလာကြသည်။
ကမ္ဘာသစ်မိစ္ဆာတစ်ကောင်မှာ မျက်နှာပြာဖုတ်ကောင်ဖြစ်၏။ ၎င်းက ကောင်းကင်ကို မျက်နှာမူရင်း ဟိန်းဟောက်လိုက်သည်။ ဤအခိုက်အတန့်တွင် ၎င်းကား လေးဖက်ထောက် မရွေ့လျားတော့ဘဲ ခြေနှစ်ဖက်ဖြင့် စုံရပ်လိုက်သည်။ ၎င်း၏ အမွှေးအမျှင်များ ပြောင်ရှင်းနေသော အပြာရောင်ကိုယ်လုံးကြီးမှ တုန်ခါလှိုင်းများ ထုတ်လွှတ်လိုက်သည်။ ၎င်း၏မျက်လုံးများ နီရဲတွတ်လာပြီး ၎င်းကား ဆယ်မီတာအမြင့်နီးပါး ကြီးထွားလာ၏။ ပို၍ပင် အံ့ဩစရာကောင်းသည်မှာ ၎င်း၏နဖူးမှ ချိုကြီးတစ်ခု ရုတ်တရက် ထိုးထွက်လာခြင်းပင်။
ခရုပတ်ကဲ့သို့ ခွေရစ်နေသော ချိုကြီးသည် လျှပ်စီးစက်ဝန်းပြတ်များဖြင့် တဖျစ်ဖျစ် တဖြောက်ဖြောက် မြည်နေပြီး အံ့မခန်းလိလိအရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေ၏။ ဤကမ္ဘာသစ်မိစ္ဆာ၏ ပုံပန်းသွင်ပြင်မှာ ထာဝရစကြဝဠာမျိုးနွယ်စု၏ မြို့ထဲရှိ ရုပ်တုကိုးရုပ်နှင့် အလွန်ဆင်တူလေသည်။
၎င်း၏ပုံပန်းသွင်ပြင်က ထာဝရစကြဝဠာမျိုးနွယ်ဝင်များကို ချက်ချင်း ရင်သပ်ရှုမောသွားစေသည်။ သူတို့မှာ ရင်တဒိန်းဒိန်း ခုန်လာကြပြီး အံ့ဩတကြီး ရေရွတ်သံများ လေတွင် ပြည့်နှက်သွား၏။
"ကိုးကွယ်ရာဘိုးဘေးကြီး.... ငါတို့ရဲ့ ကိုးကွယ်ရာဘိုးဘေးကြီးနဲ့ တစ်ပုံစံတည်းပဲ"
"အဲ့ဒီလူက ဘယ်သူလဲ။ သူက ငါတို့ရဲ့ကမ္ဘာသစ်မိစ္ဆာတွေကို သန္ဓေပြောင်းစေပြီး ထိန်းနိုင်သိမ်းမရအောင် လုပ်လိုက်တာပါလား...."
ဆူညံ့ပွက်လောရိုက်နေကြစဉ် မန်ဟို၏ တည်ငြိမ်ပြီး ထူးဆန်းသောအသံက ပဲ့တင်ထပ်လာသည်။ "အခုကစပြီး မင်းတို့ ငါ့နောက်လိုက်ရမယ်။ တိုက်ခိုက်ဖို့အတွက်" တုံ့ပြန်သည့်အနေဖြင့် ကမ္ဘာသစ်မိစ္ဆာများက ဟိန်းဟောက်ရင်း ၎င်းတို့၏သခင်များလက်မှ ရုန်းထွက်ပြီး သူတို့ကို ရန်လိုသောအမူအရာများဖြင့် လှည့်ကြည့်လိုက်ကြသည်။ ၎င်းတို့ကား....အမှန်တကယ် ဘက်ပြောင်းသွားကြသည့်အလားပင်။
တစ်ချိန်တည်းမှာပင် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်သဖြင့် သူ၏ ကမ္ဘာသစ်မိစ္ဆာနှစ်သောင်းကို ဘွားခနဲ ပေါ်လာစေသည်။ ၎င်းတို့က ကောင်းကင်ကို မျက်နှာမူရင်း ဟိန်းဟောက်ကာ ထာဝရစကြဝဠာမျိုးနွယ်ဝင်များထံသို့ ချက်ချင်း ပြေးတက်သွားကြသည်။
ကမ္ဘာသစ်မိစ္ဆာခြောက်သောင်းနီးပါးလုံး မိစ္ဆာချီကို စုပ်ယူပြီး သန္ဓေပြောင်းကုန်ကြသည်။ ၎င်းတို့သည် တိုက်ခိုက်လိုစိတ်များ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ပြီး တုန်ရီနေကြသော ကျင့်ကြံသူရှစ်ထောင်ကို လျင်မြန်စွာ ဝိုင်းလိုက်ကြသည်။ တိုက်ပွဲ၏ရလဒ်အား ကောင်းကောင်းစိတ်ကူးကြည့်နိုင်လေသည်။ မန်ဟိုက
ဖြစ်ပွားနေသော ရက်ရက်စက်သက်သတ်ပွဲကြီးကို ကြည့်နေစဉ် တုန်လှုပ်ခြင်းမရှိပေ။ ပေါက်ကွဲသံများ၊ ကူပါကယ်ပါအော်သံများ လေတွင် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦးက အသတ်အဖြတ်စိတ်ဆန္ဒများ ထုတ်ဖော်လျက် သူ့ဆီ ဦးတည်လာကြသည်။
ဤလူအားလုံးသည် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့ကို ရင်ဆိုင်ရန်အတွက် မန်ဟိုသည် သွေးမျက်နှာဖုံးအား တပ်ဆင်ရန်ပင် မလိုတော့ပေ။ သူ့လက်က မုဒြာလက်ကွက်တစ်ကွက် ဖော်ဆောင်ပြီး ရှေ့သို့ ညွှန်လိုက်သည်။ ချက်ချင်းပင် တဟုန်းဟုန်းတောက်နေသော မီးပင်လယ်တစ်စင်း၊ ဧရာမသစ်ပင်ကြီးတစ်ပင်နှင့် ရွှေမိုးစက်တို့နှင့်အတူ နှင်းမြေကြီး၏စွမ်းအားက ရှေ့သို့ထွက်သွား၏။ ဓာတ်ငါးပါးအနက် လေးပါး၏အရုပ်များသည် သူညွှန်လိုက်သည့်နှင့် ပေါက်ကွဲထွက်လာကြသည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦး မန်ဟို့အနားပင် မကပ်နိုင်မီ သူ၏အရုပ်လေးရုပ်တိုက်ကွက်၏အောက်ဝယ် တစ်ကိုယ်လုံး တုန်ရီလာကြသည်။
သူတို့ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူတို့၏မျက်နှာများတွင် အံ့ဩတုန်လှုပ်ခြင်းတို့ ပြည့်နှက်လာ၏။ ဤအခိုက်အတန့်တွင် ဟိန်းဟောက်နေသော အရိပ်နှစ်ခုက အဘက်ဘက်သို့ လှိုင်းများ ဖြာထွက်စေရင်း မန်ဟိုထံသို့ တဟုန်ထိုး ပြေးဝင်လာသည်။ ၎င်းတို့၏လမ်းကြောင်းပေါ်ရှိ မည်သည့်ကမ္ဘာသစ်မိစ္ဆာမဆို သွေးတိမ်ဘဝ ရောက်သွား၏။ မည်သည့်အရာမှ ဤအရိပ်နှစ်ခုကို ဟန့်တားနိုင်ခြင်းမရှိပေ။
ထိုအရိပ်များမှာ ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒအပြည့်ဖြင့် မန်ဟို့ထံ ချဉ်းကပ်လာသော အဘိုးကြီးနှစ်ယောက်ဖြစ်ချေသည်။
"သူက မဟာမိစ္ဆာသားရဲသခင်ပဲ။ သူ့ကို သတ်လိုက်ရင် ကမ္ဘာသစ်မိစ္ဆာအုပ် အစုကွဲသွားလိမ့်မယ်"
သူတို့နီးကပ်လာစဉ် မန်ဟိုက သွေးမျက်နှာဖုံး တပ်လိုက်သည်။ သွေးချီက သူ၏အရှိန်အဝါကို ပြောင်းလဲပေးရင်း ပေါက်ကွဲထွက်လာ၏။ သူ၏ခန္ဓာကိုယ်သည် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်ရင်း ဖျတ်ခနဲ မဟူရာလတစ်စင်းအသွင် ပြောင်းသွားလေပြီ။ သူက မီးခိုးငွေ့တစ်မျှင်နှင့်အတူ အဘိုးကြီးနှစ်ယောက်၏ရှေ့တွင် လျှပ်တပြက်ပေါ်လာ၏။
သူ ဤကဲ့သို ပေါ်လာခြင်းမှာ ထူးခြားဆန်းကြယ်ပြီး အံ့ဩဖွယ်ကောင်း၏။ သူတို့မှာ ကိုယ့်မျက်စိကိုယ် မယုံနိုင်ဖြစ်ကာ စိတ်လေးသွားကြသည်။
အဘိုးကြီးများ မျက်နှာပျက်သွားစဉ် မန်ဟိုက လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
ဘုန်း။
အဘိုးကြီး တစ်ယောက်မှာ နောက်သို့ လွင့်ထွက်သွား၏။ သူက သူ့ကိုယ်သူ ကာကွယ်ခုခံရန် မှော်ရတနာ ခုနစ်ခု၊ရှစ်ခုအား လျင်မြန်စွာ ဆင့်ခေါ်လိုက်သော်လည်း ၎င်းတို့မှာ ကွဲကြေသွားပြီး အပိုင်းအစများက သူ့ရင်ဘတ်ထဲသို့ စိုက်၀င်သွား၏။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ် ရှိ အရုပ်ဆေးမင်ကြောင်များ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် မန်ဟိုက ချာခနဲလှည့်လိုက်သည်။ မဟူရာလများက သူ့မျက်လုံးများအတွင်းတွင် တလက်လက်တောက်ပနေပြီး ရုတ်တရက် မျက်လုံးတစ်လုံးနှင့်တူသော မဟူရာလတစ်စင်း သူ၏နှဖူးပေါ်တွင် မှော်ဆန်ဆန် ပေါ်လာသည်။ သူက နောက်အဘိုးကြီးတစ်ယောက်ကို ကြည့်လိုက်၏။ ဤအဘိုးကြီးကား နတ်ဘုရားစွမ်းရည်များအား ကပျာကယာ အသုံးပြုလိုက်သဖြင့် ဖုတ်ကောင်များက သူ့ကို ချက်ချင်း၀န်းရံလိုက်သည်။ ဤလူကား တစ်ကယ်တော့ ထာ၀ရစကြ၀ဠာမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်ဖြစ်၏။ မန်ဟိုက စောစောက လက်သီးဖြင့် ထိုးချလိုက်သည့်သူမှာ နတ်ဆရာကြီးဖြစ်လေသည်။
ခေါင်းကိုင်ဖခင်နှင့်မန်ဟို အကြည့်ချင်းဆုံသွားသည့်အခါ ရုတ်တရက် မဟူရာလတစ်စင်း၏ ပုံရိပ် သူ၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာသဖြင့် သူ့မျက်နှာထား ရိပ်ခနဲ ပြောင်းသွားပြီး စိတ်အစဉ်တွင် ထစ်ချုန်းသံကြီး ပြည့်နှက်သွားသည်။ သူ၏အသိစိတ်ပင်လယ်ထဲမှာ မမြင်နိုင်သော ဓားသွားဖြင့် ထိုးစိုက်ခြင်းခံနေရသကဲ့သို့သော နာကျင်မှုကို ခံစားလိုက်ရသည်။
သူကား မချိတင်ကဲ အော်ဟစ်ရင်း ပြန်တိုက်ခိုက်နိုင်စွမ်း မရှိတော့သဖြင့် နောက်ပြန်ဆုတ်လိုက်လေသည်။
ဤမဟူရာလမျက်လုံးမှာ ရီချန်ဇီ၏ အသက်ကယ်ရတနာမှတစ်ပါး အခြားမဟုတ်ပေ။ သို့သော် မန်ဟို၏ လက်ထဲတွင် ၎င်းကား ရီချန်ဇီ၏ လက်ထဲတွင် ရှိနေတုန်းကထက်ပိုပြီး အစွမ်းထက်သွား၏။ မန်ဟိုသည် သွေးယဇ်ပူဇော်ခြင်းကျင့်စဥ်ကို မကျင့်ကြံသော်လည်း သွေးအင်မိုတယ်မျက်နှာဖုံးကို တပ်ပြီးနောက် သူ၏သွေးချီစွမ်းအားသည် ရီချန်ဇီထက် အဆများစွာ သာလွန်သွားခဲ့၏။
သူ့အတွက် သွေးယဇ်ကောင်များ မလိုပေ။ သူလူတစ်ယောက်ကို သတ်လိုက်သည့်အချိန်တိုင်း မျက်နှာဖုံးကား ပို၍ အနီရောင်ရင့်လာ၏။
ကမ္ဘာသစ်မိစ္ဆာ ခြောက်သောင်းက ထာ၀ရစကြဝဠာမျိုးနွယ်စုကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေသဖြင့် သွေးပျက်မတက် အော်ဟစ်သံများ အတောမသတ်နိုင်ပေ။
ထာ၀ရစကြ၀ဠာမျိုးနွယ်စုအား အတုန်လှုပ်စေဆုံးအရာမှာ ကမ္ဘာသစ်မိစ္ဆာအုပ်အတွင်းရှိ အလွန်ထူးဆန်းသော ကျီးနက်တစ်အုပ်ပင်။ ၎င်းတို့က မည်သူ့ကိုမှ မတိုက်ခိုက်ဘဲ တစ်စုံတစ်ခုကို စုပ်ယူရင်း ပျံသန်းနေကြသည်။ သို့သော် မကြာခင် မြေပြင်ပေါ် ရှိအလောင်းများ ဆန့်ငင်ဆန့်ငင် အကြောဆွဲပြီး ထရပ်လာကြ၏။
အသေကောင်များ ပြန်လည်ရှင်သန်လာပြီး ထရပ်လိုက်ကြလေပြီ။ အလောင်းကောင်တစ်ကောင်စီ၏ မျက်လုံးထဲတွင် ကျီးတစ်ကောင်၏ ပုံရိပ်အား မြင်နိုင်၏။ ချက်ချင်းပင် အလောင်းများက သူတို့၏မျိုးနွယ်၀င်များအား တိုက်ခိုက်ရန် ပြေးတက်လာကြသည်။
အံ့ဩစရာအကောင်းဆုံးမှာ ဤအလောင်းများကား ကျင့်ကြံခြင်းအခြေခံရှိနေသေးခြင်းပင်။
သူတို့လည်း ကျင့်ကြံခြင်းအခြေံခံများကို အလိုအလျောက် အသုံးပြုနိုင်သော်လည်း ဤအလောင်းများကား သေရမည်ကို မကြောက်ပေ။ သူတို့က ခေါင်းတစ်လုံးတည်း ကျန်ခဲ့လျှင်တောင်မှ ရန်သူကို ကိုက်ရန် ကြိုးစားသေးသည်။ စစ်မြေပြင်တစ်ခုလုံးမှာ ချက်ချင်း ပို၍ပင် ရက်စက်ကြမ်းကြုတ်လာတော့သည်။
အခြေအနေမှာ လျင်မြန်စွာ မျှော်လင့်ချက် ကင်းမဲ့လာသဖြင့် ထာ၀ရစကြ၀ဠာမျိုးနွယ်စုများမှာ လျှာကိုက်ပြီး သွေးများ ထွေးထုတ်လိုက်ကြသည်။ သူတို့က မုဒြာလက်ကွက်များ လျင်မြန်စွာ ဖော်ဆောင်၍ လေပေါ် ပျံတက်သွားကြ၏။
" ဘိုးဘေးကြီး ကယ်ပါဦး "
နတ်ဆရာကြီး၊ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူငါးယောက်နှင့် ကျန်ရှိသော မျိုးနွယ်၀င်အားလုံး လျှာကိုက်ပြီး သွေးထွေးထုတ်လိုက်ကြသည်။ တစ်ယောက်ပြီးတစ်ယောက် ကောင်းကင်သို့ ပျံတက်သွားကြသည်။ " ဘိုးဘေးကြီး ကယ်ပါဦး "
မျိုးနွယ်စု၀င်ထောင်ပေါင်းများစွာ၏ အသံက အတူတကွ ပေါင်းစည်းသွားပြီး ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်သွားစေသည့် လှိုင်းများဖြာထွက်သွားစေသော အသံကြီးဖြစ်လာသည်။ ရုတ်တရက် ဟိန်းဟောက်သံကြီးတစ်သံအား ကောင်းကင်တစ်နေရာမှ ကြားလိုက်ရ၏။
၎င်းသည် သက်ရှိဖုတ်ကောင်ကြီးတစ်ကောင်ပါရှိသော အနက်ရောင်တိမ်တိုက်ကြီးဖြစ်လေသည်.
၎င်း၏အရေပြားမှာ အပြာရောင်ဖြစ်ပြီး အရပ်မှာ မီတာသုံးရာတိတိမြင့်သည်။ ၎င်းတွင် ခရုပတ်ကဲ့သို့ ရစ်ခွေနေသော ဦးချိုရှိပြီး ခန္ဓာကိုယ်တွင် အကြေးခွံများ ဖုံးနေ၏။ ဤကမ္ဘာသစ်မိစ္ဆာဘိုးဘေးကြီး၏ အရှိန်အဝါကား ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းသည် ပေါ်လာသောအခါ မျက်လုံးနီကြီးများဖြင့် မန်ဟို့ကို စိုက်ကြည့်လိုက်သည်။
"မင်းမှာ ဆင်တူတဲ့ချီတစ်မျိုးရှိနေတာပဲ...." သတ္တဝါကြီးက ဟိန်းဟောက်ပြီး ၎င်း၏လက်သည်းများနှင့်လက်ကြီးကို မန်ဟို့ဆီသို့ ပို့လွှတ်လိုက်သည်။
ဖုတ်ကောင်ကြီး ဟိန်းဟောက်လိုက်သည့် တစ်ချိန်တည်းမှာပင် ဟိန်းဟောက်သံ နောက်တစ်သံအား ကြားလိုက်ရ၏။ "မျိုးခြား"
၎င်းကား မျိုးခြားသားရဲကြီးမှတစ်ပါး အခြားမဟုတ်ပေ။ ၎င်းသည် ရုတ်တရက် ဖုတ်ကောင်ကြီးကို ဝင်တိုက်လိုက်၏။
ပေါက်ကွဲကြီး ထွက်ပေါ်လာစဉ် ကြက်တူရွေးက တောင်ပံတဖျပ်ဖျပ်ခတ်ပြီး စူးစူးဝါးဝါးအော်သည်။ ၎င်း၏မျက်လုံးများသည် စက်ဆုပ်ရွံရှာမှုတို့ဖြင့် တောက်ပနေ၏။
"လဖွတ်။ အမွှေးလည်းမရှိ၊ အတောင်လည်းမရှိနဲ့။ မင်း မင်း မင်း .... မင်းမှာ ဘာလို့ ဘာအမွှေးမှ မရှိရတာတုန်း။ ကိုကိုရဲ့ကိုယ်လုပ်တော်လေးရေ၊ အဲ့ကိုယ်လုံးတီးကောင်ကို သတ်ပစ်လိုက်တော့။ ဒီခွေးမသားက အမွှေးအတောင်ကိုမရှိဘူး။ အဲ့ဒါ ရွံစရာအကောင်းဆုံးပြစ်မှုပဲကွ။ ဘာမှညှာမနေနဲ့။ အားးးးးးးး ခွေးမသား အမွှေးအတောင်မထားဘဲ နေရလား"
မျိုးခြားသားရဲကြီး၏ ဝင်တိုက်ခံလိုက်ရခြင်းကြောင့် ဖုတ်ကောင်ကြီးမှာ အင့်ခနဲ ညည်းပြီး နောက်ရောက်သွား၏။ မျိုးခြားသားရဲကြီးက ရွှီးခနဲ လေကို ခွင်းသွားပြီး ဝင်တိုက်လိုက်ပြန်သည်။ ဘေးတွင် ကြက်တူရွေးက စိတ်လှုပ်ရှားစွာ အော်ဟစ်နေ၏။
မြေပြင်ပေါ်တွင် မန်ဟိုက မခိုးမခန့် ရယ်လိုက်သည်။ သူ့မှာ ထာဝရစကြဝဠာမျိုးနွယ်စု လာမည်ကို အချိန်အတော်ကြာကတည်းက စောင့်နေခဲ့ခြင်းဖြစ်ရာ မည်သို့ မပြင်ဆင်ထားဘဲ ရှိမည်နည်း။ သူက ညာဘက်ကို မြှောက်ကာ မုဒြာလက်ကွက်ဖော်လိုက်သဖြင့် သွေးမျက်နှာကြီး သူ၏ပတ်ပတ်လည်တွင် မှော်ဆန်ဆန် ဖြစ်တည်လာသည်။ ၎င်းက ပြန့်ကားလာပြီးနောက် တိုက်ခိုက်ရန် ရှေ့ထွက်သွား၏။
တိုက်ကွက်က အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို ချက်ချင်း ဝင်တိုက်လိုက်ရာ သူတို့၏ပါးစပ်မှ သွေးများပန်းထွက်သွားစေ၏။ သူတို့မှာ မျက်နှာများတွင် အံ့ဩတုန်လှုပ်မှုအပြည့်ဖြင့် နောက်ဆုတ်လိုက်ကြသည်။ ဤအခိုက်တွင် ဆူးများ ရုတ်တရက် ပြန့်ကားကျယ်ပြန့်လာ၏။ အတွင်းမှ ကျီးနတ်မင်းမျိုးနွယ်ဝင်များနှင့်အတူ ကျွန်ရာချီသည် တစ်ခဲနက် ဟစ်ကြွေးရင်း ထွက်လာကြသည်။
ဤအခိုက်အတန့်တွင် ထာဝရစကြဝဠာမျိုးနွယ်စု အပြတ်အသတ်ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်ကြောင်း မန်ဟို သိလိုက်လေပြီ။
***