ရန်သူဟောင်းကြီး
Vol. 35 Ch. 481
တိုက်ပွဲက နာရီအနည်းငယ် ကြာမြင့်လိုက်သည်။ ထာဝရစကြဝဠာမျိုးနွယ်စုခေါင်းကိုင်ဖခင် ဇီဝိန်ချုပ်သွားပြီး နတ်ဆရာကြီး အသတ်ခံလိုက်ရပြီဖြစ်သည်။ ကျန်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးဦးအနက် သုံးယောက် သေဆုံးခဲ့ပြီး နှစ်ယောက်မှာ ထွက်ပြေးရန် ကြိုးစားလိုက်ကြသည်။
သူတို့ သိပ်ဝေးဝေးလံလံ မသွားနိုင်ခင် မန်ဟိုက သူတို့ကို ဖမ်းပြီး သုတ်သင်ပစ်လိုက်၏။
သူ့တွင် တခြားရွေးချယ်စရာမရှိပေ။ သူတို့ အသက်ရှင်နိုင်မည့် တစ်ခုတည်းသောအခွင့်အရေးမှာ အညံ့ခံ၊ အရုပ်များပြောင်းလဲပြီး ကျီးနတ်မင်းမျိုးနွယ်စု၏ ကျွန်တစ်ယောက်အဖြစ်ခံယူကာ မန်ဟို့အား ကိုးကွယ်ယုံကြည်ရန်သာဖြစ်သည်။ ထွက်ပြေးသွားသူများကို မသတ်လျှင် မိစ္ဆာစိတ်ဝိညာဉ်သတင်း ပျံ့နှံ့သွားပေလိမ့်မည်။
သူတို့၏ အခြေအနေမှာ ဆိုးဝါးနေပြီဖြစ်ရာ သတင်းသာ ပိုပြန့်သွားခဲ့လျှင် အောင်အောင်မြင်မြင် ပြောင်းရွှေ့နိုင်ဖို့ ပို၍ပင် ခက်ခဲသွားလိမ့်မယ်။
မူလက ခုနစ်ထောင်၊ ရှစ်ထောင်ရှိခဲ့သော ထာဝရစကြဝဠာမျိုးနွယ်ဝင်များအနက်မှ နှစ်ထောင်သာ ကျန်ရစ်ခဲ့သည်။ ဤအဖွဲ့ဝင်များက အရှုံးပေးပြီး မန်ဟို့ကို သစ္စာခံရန် ရွေးချယ်လိုက်ကြ၍ ကျီးနတ်မင်းမျိုးနွယ်စု၏ ကျွန်များ ဖြစ်လာကြလေသည်။
တိုက်ပွဲတွင် ကမ္ဘာသစ်မိစ္ဆာခြောက်သောင်းအနက် ငါးသောင်း အသက်ရှင်ကျန်ခဲ့၏။ ၎င်းတို့က မန်ဟို့ကို ခြံရံလျက် ကောင်းကင်ကို ပိတ်ဖုံးကွယ်နေချေသည်။ သူ၏ဆံပင်များက လေတွင် မျောလွင့်နေပြီး အသတ်အဖြတ်စိတ်ဆန္ဒက သူ့မျက်နှာအပြည့် စိုးမိုးနေ၏။ သူကား ဤအခြေအနေတွင် အမှန်တကယ် ထူးခြားဆန်းကြယ်သော ပုံစံပေါက်နေတော့သည်။
ရက်အနည်းငယ်ကြာသော် အင်အားလေးထောင်ရှိနေပြီဖြစ်သော ကျီးနတ်မင်းမျိုးနွယ်စုသည် ထာဝရစကြဝဠာမျိုးနွယ်စု အုပ်ချုပ်သောမြို့ဟောင်းသို့ ရောက်ရှိလာ၏။ သူတို့သည် မြို့၏ အသုံးတည့်သောအရာမှန်သမျှကို ဖြုတ်ခွာရင်း ရှေ့ဆက်သွားကြလေ၏။
သူတို့က အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းမှ အထွက်သို့ ဦးတည်မည့် လမ်းကြောင်းအတိုင်း တောင်အရပ်သို့ ရှေးရှုသွားကြလေသည်။
ခရမ်းမိုးမှာ ပိုပို၍သာ သည်းလာသည်...မိုး၏တိုက်စားမှု၊ အသက်စွမ်းအားနှုတ်ယူမှုတို့မှာလည်း မြင့်တက်လာသည်။ မြေပြင်ကို ဖုံးလွှမ်းနေသော ကန်များလည်း တစတစများပြားလာ၏။ ၎င်းကို ကြည့်ခြင်းအားဖြင့် ကန်များပေါင်း၍ ပင်လယ်တစ်စင်းဖြစ်လာရန် သိပ်ကြာတော့မည်မဟုတ်ပေ။
အချိန်များ လျှပ်တပြက် ကုန်ဆုံးသွား၏။ နှစ်နှစ်ကြာခဲ့လေပြီ။ နှစ်နှစ်အတွင်း ကျီးနတ်မင်းမျိုးနွယ်စုသည် တောင်အရပ်သို့ မရပ်မနား ခရီးနှင်လာခဲ့သည်။ သူတို့မှာ ဧရာမကန်ကြီးများ ဖြတ်ပြီး တောင်စဉ်တန်းများကို ကျော်ခဲ့ရသည်။ ခရီးစဉ်တစ်လျှောက်လုံး စစ်ပွဲခုနစ်ကြိမ်တိုင်တိုင် ဆင်နွှဲခဲ့ရ၏။
ဤစစ်ပွဲခုနစ်ပွဲက ကျီးနတ်မင်းမျိုးနွယ်စုများကို ထွန်းတောက် ကျော်ကြားလာစေခဲ့သည်။ သူတို့၏အရေအတွက်မှာ လေးထောင်မှသည် တစ်သောင်းကျော်အထိ ကြီးထွားလာခဲ့၏။ တစ်ထောင်မျှသောအဖွဲ့ဝင်များသာလျှင် ကျီးနတ်မင်းမျိုးနွယ်ဝင်များ ဖြစ်ကြသည်။ အခြားကျင့်ကြံသူများမှာ စစ်သုံ့ပန်းများဖြစ်ကြပြီး ကျီးနတ်မင်းကို သစ္စာခံရန် ရွေးချယ်ခဲ့၍ မန်ဟို့ကို ကိုးကွယ်ယုံကြည်ကာ ကျွန်များ ဖြစ်လာခဲ့ကြလေသည်။
သူတို့၏အရုပ်များကိုလည်း မဖြစ်မနေ ပြောင်းလဲလိုက်ကြရ၏။ မန်ဟို့ကို ကိုးကွယ်ဆည်းကပ်ခြင်းဖြင့် သူတို့သည် သတ္တု၊ သစ်သား၊ မီးနှင့် မြေအရုပ်တစ်ခုခုကို ရရှိကာ မန်ဟို့အား ကိုးကွယ်ရာဘိုးဘေးကြီးဟု ခေါ်ကြလေသည်။
ကျရှုံးခြင်းမရှိသော တိုက်ပွဲများမှ တစ်ဆင့် မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအုပ်သည် တဖြေးဖြေး အရေအတွက်တိုးလာခဲ့၏။ ယခုတွင် ရှစ်သောင်းရှိနေပြီ ဖြစ်သည်။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာမူ ယခင်က သုံးယောက်သာ ရှိခဲ့သည်။ ယခုတွင် လေးယောက်ထပ်တိုး၍ ခုနစ်ယောက်ဖြစ်သွားလေပြီ။ သူတို့သည် အညံ့ခံရန် ရွေးချယ်ခဲ့သော အခြားမျိုးနွယ်စုမှ ကျင့်ကြံသူများဖြစ်၏။ ကျီးနတ်မင်းမျိုးနွယ်စုများသို့ ဝင်ရောက်ခြင်းမှာ ပျက်သုဉ်းခြင်းကပ်ဘေးမှ လွတ်မြောက်ရန် အခွင့်အရေးတစ်ခုပင် မဟုတ်ပါလော။
ကျီးနတ်မင်းမျိုးနွယ်စုများ အနက်ရောင်နယ်မြေသို့ ရောက်ရှိခဲ့လျှင် သူတို့လည်း ဝင်ရောက်ပြီး အသက်ရှင်ခွင့်ရပေလိမ့်မည်။
ကမ္ဘာမိစ္ဆာအုပ်ကြီး ကောင်းကင်တွင် ပျံဝဲအုပ်စိုးနေသည့် ကြောက်မက်ဖွယ်မြင်ကွင်းကြီးက ကျီးနတ်မင်းမျိုးနွယ်စုများ၏ ဂုဏ်ကျက်သရေမှာ မျိုးနွယ်စုငါးစုအဖြစ်တည်ရှိခဲ့သော နေ့ရက်များတုန်းကကဲ့သို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်း ညွှန်ပြနေချေသည်။ ယခုတွင် ပို၍များပြားသော လူများ ဝင်ရောက်ခိုလှုံလာကြပြီး အရင်းအမြစ်များလည်း ပေါများလာပြီဖြစ်ရာ မန်ဟိုက ဆေးလုံးများ စဖော်၏။ သူ၏ဆေးလုံးများက စိတ်ဝိညာဉ်စွမ်းအင် ဖြည့်တင်းပေးနိုင်သည့်အတွက်ကြောင့် ကျီးနတ်မင်းမျိုးနွယ်စုတွင် အသက်တမျှအရေးပါသော အခန်းကဏ္ဍတစ်ရပ်ဖြစ်လာလေသည်။
၎င်းက ကျင့်ကြံသူတစ်သောင်းကျော်ကို ခရမ်းမိုးအား တောင့်ခံနိုင်စေသော အကြောင်းရင်းလည်းဖြစ်၏။ သူတို့မှာ အရင်းအမြစ်ပေါများလာသည့်တိုင် ယာဥ်ပျံတစ်စင်း မရှိသေးသည်မဟုတ်ပါလော။
ပျံသန်းရေးမှော်ပစ္စည်းများသည် အတိုင်းထက်အလွန် ဈေးကြီးသည့်အပြင် အလယ်အလတ်မျိုးနွယ်စုများ ပိုင်ဆိုင်မည့်အရာမျိုးမဟုတ်ပေ။ အင်အားကြီးမားသောမျိုးနွယ်စုကြီးများတွင်သာလျှင် ထိုကဲ့သို့ မှော်ပစ္စည်းများ ရှိမည်ဖြစ်သည်။
မန်ဟို့မှာ ယာဉ်ပျံတစ်စင်း ရရှိရန် မျှော်လင့်နေမိ၏။ သို့သော် နှစ်နှစ်အတွင်း သူ၏မျက်နှာမှာ မည်းမှောင်သထက် မည်းမှောင်လာခဲ့သည်။ ပျက်သုဉ်းခြင်းကပ်ဘေးကြောင့် အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းရှိ မျိုးနွယ်စုအတော်များများမှာ ပြောင်းရွှေ့နေကြကြောင်း သူကောင်းကောင်းသိသည်။ ထို့ကြောင့် မျိုးနွယ်စုခုနစ်စုနှင့် ပက်ပင်းတိုးပြီး စစ်ဖြစ်ခဲ့ခြင်းပင်။
သို့သော် သူတို့သည် မရပ်မနား ခရီးဆက်နှင်နေရင်း နောက်ဆုံး မြောက်ပိုင်းမှ ထွက်ခွာနိုင်တော့မည်ဖြစ်သည်။ ထိုသို့ဖြစ်ပျက်သောအခါ ရင်ဆိုင်ရမည့် မျိုးနွယ်စုများ ပို၍ပင် များပြားလာမည်ဖြစ်သည်။ အတော်များများတွင် ဖုန်းရွှေသံလိုက်အိမ်မြှောင်များလည်း ကြိမ်းသေရှိပေလိမ့်မည်။ မိစ္ဆာစိတ်ဝိညာဉ် ဖုန်းရွှေသံလိုက်အိမ်မြှောင်ပေါ်တွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဝရုန်းသုန်းကား ဖြစ်မှာ သေချာလေသည်။
ထိုအခြေအနေများကို ဖြေရှင်းနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ သတ်ဖြတ်ခြင်းသာ ဖြစ်၏။
မန်ဟို့၏မျက်လုံးများ အေးစက်သော အလင်းရောင်ဖြင့် တောက်ပသွားသည်။ နှစ်နှစ်အတွင်း သူသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းနှင့် ကျင့်သားရနေလေပြီ။
"ကျီးနတ်မင်းမျိုးနွယ်စု အနက်ရောင်နယ်မြေကို မရောက်နိုင်ခဲ့ရင် ငါ ရွှေကျီးကန်းကို ကျေးဇူးမကန်းမိအောင် အတတ်နိုင်ဆုံးကြိုးစားရဦးမယ်။ ကျီးနတ်မင်းမျိုးနွယ်စုတွေကနေ ရရှိခဲ့တဲ့ ကောင်းချီးတွေနဲ့ ထိုက်တန်တာ သက်သေပြရမယ်" မန်ဟိုသည် သူ၏တာဝန်ကျေပွန်အောင် တတ်နိုင်စွမ်းသမျှ အကုန်လုပ်ခဲ့ပြီးဖြစ်သည်။ သူ၏ပန်းတိုင်သို့ ရောက်ရှိခြင်း၊ မရောက်ရှိခြင်းနှင့် ပတ်သက်၍တော့ သူဘာမှမတတ်နိုင်ပေ။
မန်ဟိုသည် ခရမ်းမိုးကို လေ့လာနေသော နှစ်နှစ်အတွင်း တဖြေးဖြေး ဉာဏ်အလင်းရလာခဲ့၏။ သူက ထာဝရမီးတောက်ကို မီးအရုပ်အား မွေးဖွားပေးရန်၊ နှင်းမြေကြီး၏ဖွဲ့စည်းပုံကို မြေအရုပ်အား ဖန်တီးပေးရန် အသုံးပြုနိုင်ခဲ့သည်။ ရေအမျိုးအစားနှင့်ပတ်သက်လျှင်တော့... ၎င်းအား ရရှိရန် ခရမ်းမိုးကို အမှန်တကယ် အသုံးပြုနိုင်လောက်သည်။
ခရမ်းမိုးမှာ ပျက်သုဉ်းခြင်း၏စွမ်းအား ပါရှိနေသည်မဟုတ်ပါလော။ ထိုကဲ့သို့ ရေအရုပ်မျိုးသည် အသက်ကို နှုတ်ယူပြီး စိတ်ဝိညာဉ်စွမ်းအင်ကို ဖြတ်တောက်ပစ်နိုင်သည်။ ၎င်းမှာ အတိုင်းအထက်အလွန် ထူးခြားဆန်းကြည်လှ၏။ ထိုစွမ်းအားကို ထိန်းချုပ်ပြီး ရေအမျိုးအစားအရုပ်ဆေးမင်ကြောင်ကိုသာ အသုံးပြုနိုင်ခဲ့လျှင် ဓာတ်ငါးပါးမဟာစက်ဝန်း ပြည့်စုံသွားမည့်အပြင် ထိုဓာတ်ငါးပါးက တစ်လောကလုံးကို ဖိန့်ဖိန့်တုန်နိုင်စေသော ဓာတ်ငါးပါးဖြစ်ပေလိမ့်မည်။
သတ္တုက ကောင်းကင်နှင့်မြေကြီးတွင် မရှိသလောက်ရှားသော ရှေးဆေးလုံးမှ မိစ္ဆာတစ်ကောင်ဖြစ်လာခဲ့သည့် ရွှေကျီးကန်းမှ လာသည်။
သစ်သားက တောင်ကောင်းကင်ဂြိုဟ်သို့ ရောက်ရောက်ချင်း ပြိုကွဲပျက်စီးသွားခဲ့သော နဝမပင်လယ်၏အစွမ်းထက်ပညာရှင်မှ အစပြုသည်။ ၎င်း၏အသိစိတ်သည် သစ်စိမ်းပင်ကြီးတစ်ပင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့၏။
မီးက အရှေ့ဆေးဝါး ထာဝရမီးတောက်မှ အရင်းခံသည်။ ၎င်းသည် ဘယ်တော့မှ မငြိမ်းဘဲ ထာဝရလောင်ကျွမ်းနေမည့် မီးတောက်ဖြစ်၏။ ၎င်း၏အစမှာ လျှို့ဝှက်ဆန်းကြယ်လှသဖြင့် မန်ဟိုပင် ၎င်း ဘယ်ကဆင်းသက်လာသည်လဲ သေချာမသိပေ။
မြေကြီးက နှင်းမြေမိစ္ဆာဧကရာဇ်၏ နှင်းမြေကြီးစွမ်းအားမှ လာသည်။ ဒဏ္ဍာရီများအရ ၎င်းသည် နဝမတောင်တွင် မှော်ဆန်ဆန် ဖွားမြင်လာပြီး နောက်ပိုင်းတွင် တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလာသော ဒဏ္ဍာရီလာမြေကြီးဖြစ်လာခဲ့သည်ဟု ဆိုသည်။
"ရေ .... ပျက်သုဥ်းခြင်းခရမ်းမိုးက အသက်ကို နှုတ်ယူပြီး စိတ်ဝိညာဉ်စွမ်းအင်တွေကို ဖြတ်တောက်ရင်း အရာအားလုံးကို ပျက်စီးခြောက်ကပ်စေတယ်" မန်ဟို့၏မျက်လုံးများ ထူးဆန်းစွာ တောက်ပသွားသည်။
မျိုးနွယ်စု၏ ကျင့်ကြံသူတစ်သောင်းမှာ ဤပြောင်းရွှေ့ရေးခရီးစဉ်တွင် သူ့နောက်မှ လိုက်နေကြ၏။ သူတို့ခရီးနှင်နေသောနှုန်းမှာ ယခင်နှစ်နှစ်ကထက် အဆများစွာ မြန်လာခဲ့သည်။ သစ္စာခံခဲ့သူအားလုံးမှာ သာမန်မျိုးနွယ်ဝင်များမဟုတ်ဘဲ ကျင့်ကြံသူများဖြစ်ကြသည်မဟုတ်ပါလော။ ကျီးနတ်မင်းမျိုးနွယ်ဝင်တစ်ထောင်ကျော်အနက် ရာဂဏန်းမျှရှိသော သာမန်မျိုးနွယ်ဝင်များကိုမူ အခြားသူများက ဝိုင်းဝန်ဖေးမပေးကြသဖြင့် ပြောင်းရွှေ့နေသောအမြန်နှုန်းအပေါ် သက်ရောက်ခြင်းမရှိပေ။
ကျီးနတ်မင်းမျိုးနွယ်စု အင်အားတောင့်တင်းလာမှုကို သိသူ များများစားစားမရှိပေ။ လူတိုင်းမှာ ကိုယ့်အပူနှင့်ကိုယ် ပြောင်းရွှေ့နေကြရလေရာ အခြားကိစ္စများကို အရေးမလုပ်နိုင်ကြပေ။ ထိုမျှသာမက ပျက်သုဉ်းခြင်းကြောင့် အခြေအနေများမှာ ဝရုန်းသုန်းကားဖြစ်နေသည့်အတွက် မျိုးနွယ်စုအားလုံးက သူစိမ်းများနှင့်ဆက်ဆံရာတွင် လွန်စွာ သတိထားကြလေသည်။
သို့သော် မျိုးနွယ်စုတစ်စုကတော့ ကျီးနတ်မင်းမျိုးနွယ်စုကို သတိထားမိသည်။ ထိုမျိုးနွယ်စုသည် ကျီးနတ်မင်းမျိုးနွယ်စု၏ ရန်သူဟောင်းကြီး၊ အဆိပ်ငါးသွယ်မျိုးနွယ်စုမှ တစ်ပါး အခြားမဟုတ်။
အနောက်ပိုင်းသဲကန္တာရ မြောက်ပိုင်း၏နယ်စပ်တွင် အဆိပ်ငါးသွယ်မျိုးနွယ်စုများသည် ယာယီတဲများ ဆောက်ထားကြ၏။ အလယ်ဗဟိုရှိ တဲနန်းထဲတွင် စုစုပေါင်း ဆယ်သုံးယောက်ရှိသော မျိုးနွယ်စုနတ်ဆရာကြီးများ ထိုင်နေကြသည်။ အလယ်နေရာတွင် အဘိုးကြီးနှစ်ဦးရှိ၏။
ပထမတစ်ယောက်မှာ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်၊ အခြားတစ်ယောက်ကား.... ကျီးနတ်မင်းမျိုးနွယ်စုငါးစုကို သုတ်သင်ရန် စစ်တပ်အား ဦးဆောင်သွားခဲ့သော နတ်ဆရာချုပ်ကြီးဖြစ်သည်။
သူက သွားကျိန်းစရာကောင်းသော ခပ်ရှရှအသံကြီးဖြင့် တဲအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ "ကျီးနတ်မင်းမျိုးနွယ်စုမှာ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်ရှိတာ သေချာတယ်"
ဗဟိုတဲအတွင်းတွင် စကားသံများ ချက်ချင်း ဆူညံပွက်လောရိုက်သွားသည်။
"ငါတို့ တိမ်ကောင်းကင်မျိုးနွယ်စုကို ဆက်သွယ်ပြီးပြီ။ သူတို့မှာ အနက်ရောင်နယ်မြေကို ဝင်ခွင့်ရစေမယ့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီး တစ်ယောက်ရှိတယ်။ ငါတို့ သူတို့နဲ့ ပူးပေါင်းဖို့ ရွေးချယ်လိုက်ရင်... အခုကစပြီး ငါတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆုံးရှုံးသွားပြီး သူတို့ရဲ့အရံအဖွဲ့ခွဲဖြစ်လာလိမ့်မယ်။ ဘိုးဘေးကြီးတွေလည်း ဒီလိုသဘောတူညီချက်မျိုးကို လက်ခံဖို့ အင်တင်တင် ဖြစ်နေကြတယ်"
"ငါတို့ တိမ်ကောင်းကင်မျိုးနွယ်စုထဲ မဝင်ရောက်ချင်ဘူးဆိုရင် အသက်ရှင်နိုင်မယ့် တစ်ခုတည်းသော မျှော်လင့်ချက်က ကျီးနတ်မင်းမျိုးနွယ်စုတွေကို သုတ်သင်ပြီး သူတို့ရဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို သိမ်းပိုက်ဖို့ပဲ။ ဒါ့အပြင် တစ်ခုတည်းသောအခွင့်အရေးက အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းရဲ့အပြင်က နယ်မြေတွေဆီ သတင်းပျံ့နှံ့မသွားခင်ပဲ"
"ဟုတ်တယ်။ သတင်းပျံ့သွားတာနဲ့ မျိုးနွယ်စုအများကြီး စုဝေးနေတဲ့ အလယ်ပိုင်းအထိ ရောက်သွားလိမ့်မယ်။ တောင်ပိုင်းကို သွားလေလေ ၊မျိုးနွယ်စုတွေ များများတွေ့ရလေလေပဲ။ ကျီးနတ်မင်းမျိုးနွယ်စု အလယ်ပိုင်းကို ဝင်လာတာနဲ့ သူတို့မှာ မိစ္ဆာစိတ်ဝိညာဉ်ရှိတယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ဖို့ မဖြစ်နိုင်တော့ဘူး"
"ငါတို့ မိစ္ဆာစိတ်ဝိညာဉ်ကို ရသွားရင် တိမ်ကောင်းကင်မျိုးနွယ်စုနဲ့ အပေးအယူလုပ်လို့ရပြီ။ သူတို့နဲ့ပူးပေါင်းတဲ့အခါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးဖို့ အလဲအလှယ်လုပ်နိုင်တယ်"
ဆွေးနွေးနေကြစဉ် ခေါင်းကိုင်ဖခင်က တိတ်ဆိတ်စွာ ထိုင်နေ၏။
"ငါတို့ အရင်သဘောတူထားတဲ့အတိုင်းဆိုရင် တိမ်ကောင်းကင်မျိုးနွယ်စုက သံတမန် နှစ်လအတွင်း ဒီကို ရောက်လာလိမ့်မယ်"
"ဒါပေမဲ့ လျှို့ဝှက်စုံးစမ်းကြည့်ရသလောက် ကျီးနတ်မင်းမျိုးနွယ်စုတွေက အင်အားတစ်သောင်းကျော်တယ်။ ကမ္ဘာသစ်မိစ္ဆာထောင်နဲ့ချီလည်းရှိတယ်။ ဒါ့အပြင် သူတို့ရဲ့ မဟာမိစ္ဆာသားရဲသခင်မန်ဟိုက ကျင့်ကြံသူတစ်ထောင်အားနဲ့ညီမျှတယ်။ စစ်တိုက်ဖို့က လွယ်ကူမှာမဟုတ်ဘူး"
"သူတို့က ဘာမဟုတ်တဲ့ လူစုလေးသာသာပဲရှိတာပါ။ ငါတို့အင်အားနဲ့တိုက်ခိုက်ရင် ကျီးနတ်မင်းမျိုးနွယ်စုကို သုံးရက်အတွင်း အပြတ်ရှင်းပြီး ဘယ်သူမှလက်ဦးမှုမရခင် မိစ္ဆာစိတ်ဝိညာဉ်ကို လုနိုင်ပြီ"
နောက်ဆုံး ခေါင်းကိုင်ဖခင်က ချောင်းဟန့်လိုက်သည်။ တဲတစ်တဲလုံး တိခနဲ တိတ်ဆိတ်ငြိမ်ကျသွား၏။ အကြည့်အားလုံးက သူ့အပေါ် ကျရောက်လာသည်။
"ဘိုးဘေးကြီးတွေက တခြားမျိုးနွယ်စုနဲ့ မပူးပေါင်းချင်ကြဘူး။ ငါတို့လည်း အဲ့ဒီလိုပဲ.... ဒါ့ကြောင့် စစ်တိုက်ဖို့ ပြင်ကြ။ ငါတို့ ကျီးနတ်မင်းမျိုးနွယ်စုတွေကို တိုက်ခိုက်ပြီး သူတို့ရဲ့ မိစ္ဆာစိတ်ဝိညာဉ်ကို လုကြမယ်။ အဲ့ဒီမိစ္ဆာစိတ်ဝိညာဉ်က ငါတို့အသက်ရှင်ဖို့အတွက် သော့ချက်ပဲ" သူစကားပြောနေစဉ် သူ၏မျက်လုံးများက ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။ ထို့နောက်တွင် နတ်ဆရာကြီးများအားလုံး သူ့ကို လေးလေးနက်နက် အရိုအသေပေးလိုက်ကြသည်။
"အဲ့ဒီမဟာမိစ္ဆာသားရဲသခင်မန်ဟိုကိုတော့... မျိုးနွယ်စုမှာ ကောင်းကင်ဘုံသွေးစက်တစ်စက် ရှိသေးတယ်။ အဲ့ဒီသွေးကို မျိုးနွယ်ဝင်တွေရဲ့ စိတ်ဝိညာဉ်နဲ့ ပေါင်းစည်းစေပြီး မန်ဟို့ကို အပြတ်ရှင်းပစ်မယ်"
နတ်ဆရာချုပ်ကြီးက အံ့ဩတကြီး ကြည့်ပြီး ပြောသည်။ "ကောင်းကင်ဘုံသွေးစက်။ အဲ့ဒါက..."
"ငါ စိတ်ပိုင်းဖြတ်ပြီးသွားပြီ။ ငါတို့တိုက်ခိုက်တာနဲ့ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ မဟာမိစ္ဆာသားရဲသခင်မန်ဟို သေစေရမယ်" ခေါင်းကိုင်ဖခင်၏အသံမှာ ခိုင်မာပြတ်သားနေ၏။ အခြားသူများက တခဏ တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ခေါင်းညိတ်လာကြသည်။
မကြာမီ မျိုးနွယ်ဝင်ငါးသောင်းက ရုပ်တုကြီးငါးရုပ်၏ပတ်ပတ်လည်တွင် ရှိခိုးအရိုအသေပေးနေကြသဖြင့် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ယာယီစခန်းနယ်မြေတစ်ခုလုံး ယောက်ယက်ခတ်နေတော့သည်။ ထိုမြင်ကွင်းကို အပေါ်စီးမှကြည့်လျှင် အဆိပ်ငါးသွယ်မျိုးနွယ်စုသည် ပွင့်ချပ်ငါးချပ်နှင့် ဧရာမပန်းပွင့်ကြီးတစ်ပွင့်အလားပင်။ ရုတ်တရက် ခေါင်းကိုင်ဖခင်၏ လက်ထဲတွင် သွေးစက်တစ်စက် ပေါ်လာပြီး သူက ၎င်းကို အပေါ်သို့ ပင့်မြှောက်လိုက်၏။
တစ်ချိန်တည်းမှာပင် ရှိခိုးအရိုအသေပေးနေသောမျိုးနွယ်ဝင်သောင်းနှင့်ချီကား ဂါထာတစ်ပုဒ်အား စတင်ရွတ်ဖတ်ကြသည်။ အသံ ပျံ့လွင့်လာစဉ် ၎င်းမှာ အတိုင်းထက်အလွန် ထူးဆန်း၏။ ကောင်းကင်သည် မှေးမှိန်လာပြီး ပတ်ဝန်းကျင်ရှိ ခရမ်းမိုးပေါက်များမှာ လှိုင်းထလာသည့်အလားပင်။
"စိတ်ဝိညာဉ်ပေါင်းစည်းခြင်း" ခေါင်းကိုင်ဖခင်က အော်သည်။ ချက်ချင်းပင် ကျင့်ကြံသူငါးသောင်းက လျှာထိပ်ကိုက်ပြီး သွေးတစ်ပွက်စီ ထွေးထုတ်လိုက်ကြသည်။ သွေးများက ချက်ချင်း လေပေါ် မြောက်တက်သွားပြီး စောစောက သွေးစက်နှင့် ပေါင်းစည်းသွား၏။ သွေးထုထည်မှာ ကြီးသထက်ကြီးလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် မီတာဒါဇင်များစွာ ကျယ်ပြန့်လာလေပြီ။ ထို့နောက် ၎င်းက နှစ်မီတာအမြင့်မျှသာရှိတော့သည်အထိ ကျုံ့လာပြီး လူတစ်ယောက်အသွင်ဆောင်လာ၏။
မကြာမီ မျက်နှာတစ်ဖက်ပေါ်လာသည်။ ၎င်း၏မျက်လုံးများ ပွင့်လာပြီး သွေးအလင်းရောင် တောက်ပသွား၏။ ၎င်းမှာ ဘေးဘီဝဲယာသို့ ကြည့်ရင်း ကျင့်ကြံသူငါးသောင်း၏စိတ်ဆန္ဒကို ခံစားနေသယောင်ပင်။ ထို့နောက် ခေါင်းပြန်လှည့်လာပြီး အဝေးသို့ ထွက်သွား၏။
***