ကျီမျိုးနွယ်စု၏သွေး
Vol. 35 Ch. 482
သွေးပုံရိပ် အဝေးသို့ထွက်သွားပြီးနောက် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အဖွဲ့၀င်များ ထရပ်လိုက်ကြသည်။ မျိုးနွယ်စုတွင် ပျံသန်းနိုင်သည့် ဧရာမမှော်ပစ္စည်းတစ်ခု တိုက်တိုက်ဆိုင်ဆိုင် ရှိလေသည်။ ၎င်းသည် အလွန်ကြီးမားသော သက်ရှိမြွေပွေးကြီးတစ်ကောင် ဖြစ်၏။
မြွေပွေးကြီးသည် အရှည်အားဖြင့် မီတာသုံးထောင်ခန့် ရှိပြီး ဖိအားကြီးအား အရပ်မျက်နှာတစ်ခွင် သက်ရောက်နေစေသည်။ ဤပျံသန်းရေးမှော်ပစ္စည်းမှာ တကယ်တော့ ဟိုးလွန်ခဲ့သည့်နှစ်များစွာက ကွယ်လွန်သွားခဲ့သော ဘိုးဘေးကြီးတစ်ဦး၏ အလောင်းကြီးအား အသွင်ပြောင်းထားခြင်း ဖြစ်လေသည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုမှာ ၎င်းအား ပျံသန်းရေးမှော်ပစ္စည်းတစ်ခုအဖြစ် ပြောင်းလဲပေးရန်အတွက် ကောင်းကင်ဘုံလုပ်သားမျိုးနွယ်စုကို ဈေးမတန်မဆ ပေးခဲ့ရလေသည်။
ပုံမှန်ဆိုလျှင် ၎င်းက လူထောင်ဂဏန်းမျှ ဆံ့၏။ သိုသော် အဆိပ်ငါးသွယ်မျိုးနွယ်စုသည် ကျီးနတ်မင်းမျိုးနွယ်စုကို သုတ်သင်ရန်အတွက် ဝိညာဉ်ကျောက်တုံး တစ်ပုံတစ်ခေါင်းသုံးပြီး ဖြစ်လာနိုင်သည့် အန္တရာယ်များကိုပင် လျစ်လျူရှုကာ ကျင်ကြံသူသုံးသောင်းကျော်ဆံ့အောင် မနိုင်၀န်ထမ်းခိုင်းလိုက်၏။ ခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီးကိုးဦးတို့နှင့်အတူ သူတို့သည် မန်ဟိုရှိသောနေရာသို့ ချက်ချင်း ဦးတည်သွားကြ၏။
သူ့တို့အထဲတွင် ကျင်ရှန်းလည်း ပါသည်။ တံတားပျက်နယ်ပယ်မှ ပြန်လာပြီးနောက် သူမသည် သိုသိုသိပ်သိပ်နေခဲ့ပြီး ကျင့်ကြံခြင်းအခြေခံကို ဖုံးကွယ်ထားခဲ့သည်။ ဘယ်သူမှ သူမကို သံသယမ၀င်ခဲ့ပေ။ လောလောဆယ်တွင် သူမသည် မျက်ခုံးလေးနှစ်ဖက် မဆိုစလောက် တွန့်ချိုးနေပြီး မျက်လုံးများ တဖျတ်ဖျတ် တောက်ပနေလျက် ရပ်နေ၏။
" ဒီအဆိပ်ငါးသွယ်မျိုးနွယ်စုမှာ ကျီမျိုးနွယ်စုရဲ့ သွေးတစ်စက်ရှိနေလိမ့်မယ်လို့ ထင်တောင်မထားဘူး။ သွေးချီက ပြစ်တယ်။ ဟိုးရှေးရှေးတုန်းက ကျီမျိုးနွယ်စုရဲ့ အစွမ်းထက်ပညာရှင် တစ်ယောက်ဆီက သွေးစက်ဖြစ်လောက်တယ်။ နှစ်တွေကြာလာတဲ့အမျှ အားနည်းလာပြီး သွေးစက်ရဲ့စွမ်းအား ဖြာမထွက်နိုင်တော့တဲ့အထိတောင် ရောက်လာခဲ့တာပဲ။ အဲ့ဒါကြောင့်မလို့ ကျီမျိုးနွယ်စုက သူတို့ရဲ့ ဘိုးဘေးသွေးလျော့နေတာကို မသိတာဖြစ်မယ်။
“အဲ့ဒီ့လိုဆိုရင်တောင် ဒါက အင်မိုတယ်သွေး ဖြစ်နေသေးတယ်….. ဒါပေမယ့် မန့်ဟို့ကို သတ်ဖို့အတွက်တော့ မလုံလောက်သေးဘူး " သူမသည် မျက်ဝန်းလေးများ ရွှန်းလဲနေရင်း တိတ်ဆိတ်နေ၏။
ဧရာမမြွေပွေးကြီးက ရက်အနည်းငယ်ကြာသည်အထိ လေကိုခွင်း၍ ပျံသန်းနေသည်။ ၎င်းသည် ကန်တစ်ကန်သို့ ရောက်သွားပြီး လျင်မြန်စွာ ဖြတ်ကျော်လိုက်၏။
အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်က မြွေပွေးကြီး၏ထိပ်၌ တင်ပျဥ်ခွေ ထိုင်နေသည်။ " ကောင်းကင်ဘုံသွေး သူ့ရဲ့ ပစ်မှတ် ရောက်နေပြီ " သူကပြောသည်။ " သူ ဒီနေ့ည သွားသတ်လိမ့်မယ်။ ကျီးနတ်မင်းမျိုးနွယ်စုရဲ့ မဟာမိစ္ဆာသားရဲသခင် သေသွားပြီဆိုရင် ငါတို့ အမြင့်ဆုံးအရှိန်နဲ့ သွားရင် တစ်ရက်အတွင်း ရောက်သွားလိမ့်မယ် ၏" ထို့နောက် သူကမျက်လုံးမှိတ်လိုက်သည်။
ထိုညတွင် ကောင်းကင်သည် မှောင်မိုက်နေပြီး လလည်းကွယ်နေ၏။ အရာအားလုံးမှာ ပိတ်ပိတ်ပိန်း မှောင်မည်းလျက်ရှိသည်။ ကျီးနတ်မင်းမျိုးနွယ်စုများမှာ ဘုံတူသော စက်ဝိုင်းများပုံစံနေရာချ၍ ရိုးရိုးတဲများ ဆောက်ကာ အနားယူနေကြလေသည်။
မျိုးနွယ်စု၏ အမျိုးမျိုးသော ကိစ္စရေးရာများနှင့် ပတ်သက်ပြီး ကျီးစစ်သည်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မှာ ကျီးနတ်မင်းမျိုးနွယ်စု ခေါင်းကိုင်ဖခင်အဖြစ် ရွေးကောက်တင်မြှောက်ခံရလေသည်။ အခြားသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများလည်း တက်ရောက်ကြသည့် ရိုးရာဓလေ့ပူဇော်ပွဲမျိုးစုံ ကျင်းပဆောင်ရွက်ခဲ့ကြသည်။ ပြီးခဲ့သည့် နှစ်နှစ်အတောအတွင်း ကျီးနတ်မင်းမျိုးနွယ်စုသည် ဆီ၀နေသော ယန္တရားတစ်ခုပမာဖြစ်လာခဲ့၏။
လောလောဆယ်တွင် မန်ဟိုသည် သူ၏တဲထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ ၎င်းကား စခန်း၏အလယ်ဗဟိုတွင် တည်ရှိနေရာ သူ၏ အထွတ်အမြတ်ထားခံရသော ရာထူးကို ဖော်ပြနေလေ၏။ တဲ၏အပြင်တွင် ကျီးနတ်မင်းမျိုးနွယ်စု ကျင့်ကြံသူများက နေ့နေ့ညည စောင့်ကြပ်ပေးကြသည်။
လက်ရှိအချိန်တွင် သူက မျက်လုံးများ ပိတ်ထားပြီး ညာလက်တွင် အရက်အိုးတစ်လုံးအား ကိုင်ထားသည်။ ပြီးခဲ့သည့် နှစ်နှစ်လုံး သူသည် ဟန်ရှန်း၏ အရက်အိုးကို လက်နှင့်မကွာ ဆောင်ထားခဲ့၏။ အထဲတွင် ဘယ်တော့မှ မကုန်ခမ်းနိုင်သော အရက်များရှိသည်။ ၎င်းကို သောက်ခြင်းသည် သူ့အား မည်သည့်ဓားချီမျှ မပေးနိုင်သော်လည်း သူ့အား ခရမ်းမိုးရေများထဲ၌ သက်တောင့်သက်သာရှိစေသော နွေးထွေးသည့် ခံစားချက်တစ်မျိုးကို ပေးစွမ်းလေ၏။
သို့သော် သူကား အများကြီးမသောက်။ တစ်ရက်လျှင် အလွန်ဆုံး သုံးကျိုက်သာ သောက်တတ်သည်။
သူသည် မျက်လုံးများပိတ်လျက် တင်ပျဉ်ခွေထိုင်နေ၏။ သူ၏အာရုံက သွေးမျက်နှာဖုံးအတွင်းရှိ တံခွန်းသုံးခုအလံဖြင့် တုပ်နှောင်ခံထားရဆဲဖြစ်သော ကျီဆယ့်ကိုး၏အပေါ်တွင် ဖြစ်သည်။ ပြီးခဲ့သည့်နှစ်များအတွင်း မန်ဟိုသည် အချိန်ရတိုင်း သူ့ကိုလေ့လာလေ့ရှိ၏။ မရဏသစ်သားဓားလေးလက်က သူ့ကို တစ်ချိန်လုံး ထိုးစိုက်ထားဆဲ ဖြစ်လေသည်။ ကျီဆယ့်ကိုးမှာ ကယောင်ကတမ်း ဆဲရေးတိုင်းထွာနေသည့်တိုင် သူ၏ကျင့်ကြံခြင်းအခြေခံသည် အလိုအလျောက် ပြန်လည်သက်သာလာခြင်းမရှိပေ။ ၎င်းကား မန်ဟို့သစ်သားဓားများ၏ ချိတ်ပိတ်ခြင်းခံထားရသည်။
ကျီဆယ့်ကိုး၏ဘေးတွင် လက်နှစ်ဖက်ကို စိတ်လှုပ်တရှား ပွတ်နေသော လီမျိုးနွယ်စုခေါင်းဆောင်ကြီးရှိ၏။ သူ၏ခန္ဓာကိုယ်ကို ဖျစ်ဖျစ်ဖြောက်ဖြောက်မြည်လျက် ယိမ်းနွဲ့ကခုန်နေသော လျှပ်စီးများဖြင့် ဖုံးလွှမ်းနေသည်။ ထိုနှစ်များက ပြစ်ဒဏ်မိုးကြိုးဖြင့် အသက်ထွက်မတတ် ပစ်ခဲ့ရပြီးနောက်တွင် သူကား မိုးကြိုးဝိညာဉ်ပင် ဖြစ်ခါနီးနေလေပြီ။
မန်ဟို၏ လိုအပ်ချက်များအတိုင်း သူသည် ကျီဆယ့်ကိုးကို မျက်ခြေမပြတ်စောင့်ကြည့်ရန်ဆိုသော တာ၀န်နှင့်အတူ ထောင်မှူးတစ်ယောက်သဖွယ် ဖြစ်လာခဲ့၏။ မန်ဟို ကျီဆယ့်ကိုးကို နှိပ်စက်ရန်လာတိုင်း လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အာရ၀မ်းသာစွာဖြင့် စိတ်လှုပ်ရှားနေတတ်သည်။ သူကား မန်ဟို့ကို ကျီဆယ့်ကိုးအား မိုးကြိုးဝိညာဉ်အဖြစ် ပြောင်းပစ်ရန်ပင် အကြံဉာဏ်ပေးတတ်သေးသည်။
ကျီဆယ့်ကိုးအတွက်တော့ ဤအရာအားလုံးမှာ အဆုံးရွားဆုံးအခြေအနေတော့ မဟုတ်ပေ။ အဆိုးဆုံးမှာတော့ ပြီးခဲ့သည့်နှစ်နှစ်အတွင်း အသားဂျယ်လီမှာ သူ့ကို အလွန်အမင်း စိတ်၀င်စားခဲ့၏။ ရက်အနည်းငယ်ကြာတိုင်း ၎င်းသည် သူ့ကို ပြုပြင်ပြောင်းလဲပေးရန်ဆိုပြီး ရောက်ချလာတတ်သည်။ ကျီဆယ့်ကိုးမှာ လူရုပ်သူရုပ်ပင် မထွက်တော့ပေ။ အသားဂျယ်လီ သူ့ကိုပြောင်းလဲပေးရန် ရောက်လာတိုင်း လီမျိုးနွယ်စု ခေါင်းဆောင်ကြီးမှာ ပို၍ပင် စိတ်လှုပ်ရှားလာပြီး သူ၏မျက်နှာပေါ်တွင် ယုတ်မာကောက်ကျစ်သော အပြုံးကြီး ဖြစ်ထွန်းသွားတတ်၏။
" ပြော။ ကျုပ်ကိုပြော ကျီမျိုးနွယ်စုရဲ့ ကံကြွေးကို ဘယ်လိုသုံးရလဲ။ ပြောပြရင် အသားဂျယ်လီ ခင်ဗျားကို တစ်လလုံး အနှောင့်အယှက်မပေးနိုင်အောင် ကျုပ် ထိန်းပေးမယ်။ ကဲ ဘယ်လိုလဲ " မန်ဟိုက တစ်လုံးချင်း အေးအေးဆေးဆေး ပြောလိုက်သော်လည်း သူပြန်ရလိုက်သည်မှာ ကျီဆယ့်ကိုး၏ ကယောင်ကတမ်းဆဲရေးသံများသာ ဖြစ်သည်။
မန်ဟို့မျက်နှာ အေးစက်ခက်ထန်သွား၏။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ထိုနှစ်များတုန်းကကဲ့သို့ အားမနည်းတော့ပေ။ သူသည် ဤအားနည်းနေသော ကျီဆယ့်ကိုးကို သတ်နိုင်သည်အထိ အစွမ်းထက်နေပြီဖြစ်သည်။ ယခုလောလောဆယ် သူ၏မျက်လုံးများသည် တခဏ အေးစက်သွားပြီးနောက် ပြန်လည်တည်ငြိမ်သွား၏။ အသားဂျယ်လီကို ခေါ်ရန် ပြင်လိုက်စဉ် ရုတ်တရက် သူ၏ခန္ဓာကိုယ် လုံး၀ပျောက်ကွယ်သွားသည်။ တစ်ဆက်တည်းဆိုသလို တဲထဲတွင် ထိုင်နေသော မန်ဟို၏ အရှေ့ရှိ လေထုထဲတွင် အက်ကြောင်းတစ်ခု ပွင့်ထွက်လာ၏။
အက်ကြောင်းပေါ်လာသည်နှင့် တစ်ပြိုင်နက် သွေးရောက်လက်ကြီးက အတွင်းထဲမှ တိတ်ဆိတ်စွာ ဆန့်ထွက်လာသည်။ ဘယ်သူမှ ၎င်းအား အာရုံမရလိုက်ပေ။ ဤလက်ကြီးသည် အလွန်ထူးဆန်းသော ပုံပန်းသွင်ပြင်ရှိ၏။ ၎င်း၏ လက်ချောင်းများတွင်သော်လည်းကောင်း၊ လက်ဖဝါးတွင်သော်လည်းကောင်း လက်ဗွေရာမရှိသည့်အပြင် လက်ဖဝါးအလည်တည်တည့်တွင် မှော်မျက်နှာထောင်ပေါင်းများစွာအား မြင်နိုင်၏။ ဤထူးဆန်းသောလက်ကြီးက မန်ဟို့၏နဖူးကိုထိရန် လက်ညှိုးကို ဆန့်တန်းရင်း သူ့ဆီ ပြေး၀င်လာနေလေပြီ။
သွေးလက်ကြီး မန်ဟို့နဖူးထံမှ ခုနစ်လက်မသာ ကွာတော့သည့်အချိန်တွင် သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ သေစေနိုင်သော အန္တရာယ်ကြီးကား သူ၏စိတ်အစဉ်ကို လွမ်းမိုးရစ်ပတ်သွား၏။ သူသည် ချက်ချင်း နောက်ဆုတ်လိုက်သော်လည်း သွေးလက်ချောင်းကလည်း တူညီသော အမြန်နှုန်းဖြင့် လိုက်လာသည်။ ထိုအချိန်တွင် သွေးရောင်လက်မောင်းကြီးနှင့် ခန္ဓာကိုယ်တစ်ခု အက်ကြောင်းထဲမှ ထွက်လာ၏။
မန်ဟို နောက်ဆုတ်လိုက်သဖြင့် တဲ၏နံရံကို တိုက်မိသွားသည်။ သူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး သတ္တု၊ သစ်သား၊ မြေ နှင့်ရေ အမျိုးအစားရုပ်ထုများ သူ၏ရှေ့တွင် မှော်ဆန်ဆန်ပေါ်လာကာ သွေးလက်ချောင်းကို ပြေးဆောင့်လိုက်၏။
ဘန်းခနဲ ပေါက်ကွဲသံကြီးက ည၏တိတ်ဆိတ်မှုကို ဖြိုခွင်းရင်း အရာအားလုံးကို တုန်ခါသွားစေကာ ပဲ့တင်ထပ်သွားသည်။ တဲမှာ အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲသွားပြီး မန်ဟိုက အတွင်းမှ ပျံထွက်လာ၏။ ကျီးနတ်မင်းမျိုးနွယ်စု၏ အံ့ဩတုန်လှုပ်နေသော အဖွဲ့၀င်တစ်သောင်းကျော်လည်း တဲများမှ ကိုယ်စီထွက်လာကြသည်။
သူတို့လှမ်းကြည့်လိုက်သောအခါ သူတို့ဘိုးဘေးကြီးမန်ဟို နောက်ဆုတ်နေသည်ကို မြင်လိုက်ရ၏။
သူ့အနောက် လိုက်နေသည်မှာ သွေးအလင်းရောင်တောက်နေသော သွေးပုံရိပ်တစ်ခုဖြစ်သည်။ မန်ဟို့ နဖူးထံမှ ၇ လက်မခန့်သာ ဝေးတော့သော ၎င်း၏လက်ချောင်းအား အရုပ်လေးရုပ်က ဆက်လက်တိုးကပ်မသွားနိုင်အောင် ဟန့်တားနေ၏။
မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက နောက်ဆုတ်လိုက်သည်။ သွေးမျက်နှာဖုံး ချက်ချင်း ပေါ်လာ၏။ မျက်နှာဖုံးအား တပ်လိုက်သည့်အချိန်တွင် သွေးအလင်းရောင်သည် မန်ဟို့ထံမှ ဖြာထွက်လေသည်။ သွေးပုံရိပ်ဆီသို့ ပြေးဝင်သွားသော ဧရာမမျက်နှာကြီးတစ်ဖက်ပေါ်လာသည်။
သွေးပုံရိပ်က မျက်နှာကြီးအား ဝုန်းခနဲ ဖောက်ထွက်လာ၏။ ယခုတွင် ၎င်းသည် မန်ဟို့ထံမှ ၇ လက်မ မဟုတ်ဘဲ ၅ လက်မသာ ကွာဝေးတော့လေပြီ။
"ဒါက ဘာကြီးလဲ" မန်ဟိုက သူငယ်အိမ်များကျုံ့လျက် တွေးသည်။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် မိုးပြာရောင်အလင်းက သူ၏မျက်ဝန်းများတွင် စူးရှလာ၏။ သူက ပါးစပ်ဟလိုက်ရာ မိုးပြာရောင်အင်မိုတယ်ဓားတစ်လက် ပျံထွက်လာသည်။ ၎င်းက သွေးပုံရိပ်ထံသို့ လျှပ်စီးသဖွယ် ဝှစ်ခနဲ ပြေးဝင်သွား၏။
ဓားက ပုံရိပ်ကို ပိုင်းဖြတ်ဖောက်ထွက်သွားသဖြင့် ဂျုန်းခနဲ မြည်ဟည်းသွားသည်။ ရုတ်တရက် ကျင့်ကြံသူသောင်းပေါင်းများစွာ တစ်ပြိုင်တည်း အော်ဟစ်နေသကဲ့သို့ အသံကြီးတစ်သံအား ကြားလိုက်ရလေသည်။ သွေးပုံရိပ်မှာ ချက်ချင်း အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲထွက်သွားခဲ့လေပြီ။ သောင်းနှင့်ချီသော မှော်မျက်နှာများ လိမ်ဖယ်ရှုံ့တွပြီး ကွဲကြေသွားသည်ကို မန်ဟို မြင်လိုက်ရ၏။
ပေါက်ကွဲသံကြီး ပဲ့တင်ထပ်နေစဉ် အောက်ရှိ ကျီးနတ်မင်းမျိုးနွယ်ဝင်များမှာ ရင်တထိတ်ထိတ်ဖြင့် မော့ကြည့်နေကြသည်။ သွေးပုံရိပ် ပေါက်ကွဲပျက်စီးသွားမှ နောက်ဆုံး သူတို့မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြလေသည်။
မန်ဟိုက သုန်မှုန်နေလျက် ပျံဝဲနေ၏။
"ဒီအရာက မထင်မှတ်ထားတဲ့အချိန် ပေါ်လာတာ.... ထူးဆန်းတယ်။ သူက ငါ့ကို သတ်ပြီး ကျီးနတ်မင်းမျိုးနွယ်စုတစ်စုလုံးရဲ့ ကျင့်ကြံခြင်းအခြေခံကို ကျဆင်းသွားစေချင်ခဲ့တာပဲ....
"အာ နေဦး မဟုတ်သေးဘူး။ ငါ့ကို သတ်ချင်နေတာ ဘယ်မျိုးနွယ်စုပဲဖြစ်ဖြစ်၊ ငါသေပြီးရင် တိုက်ခိုက်ဖို့ အခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူး။ သေချာပေါက် နောက်ကနေ ရောက်လာကြမှာပဲ။ ဒါဆို ကျီးနတ်မင်းမျိုးနွယ်စုတွေ အန္တရာယ်ရှိနေသေးတယ်" ဤအခြင်းအရာကို သုံးသပ်မိလိုက်သည်နှင့် မန်ဟို့မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။ သူက မှောင်မိုက်နေသော ညကောင်းကင်ကို လှမ်းကြည့်ပြီး သူ၏ကမ္ဘာမိစ္ဆာအုပ်ကို ဆင့်ခေါ်တော့မည့်ဆဲဆဲမှာပင် သူခန့်မှန်းခဲ့သော အန္တရာယ်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီဖြစ်သည်။ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွား၏။ သူ၏ခန္ဓာကိုယ်က မဟူရာလတစ်စင်း အသွင်ပြောင်းပြီးနောက် အစိမ်းရောင်အငွေ့မျှင်ဖြင့် ရှေ့တက်သွားသည်။
သူ့အနောက်တည့်တည့်ရှိ လေထဲတွင် မရေမတွက်နိုင်သော သွေးစက်များက သွေးရောင်ပုံရိပ်တစ်ခုအဖြစ် ရုတ်တရက် ပြန်လည်ဖွဲ့စည်းသွားလေပြီ။ ဤတစ်ကြိမ်တွင် သွေးအလင်းရောင်မှာ အတန်ငယ် အားနည်းသွားသော်လည်း မန်ဟို ရလိုက်သည့်ခံစားချက်ကား ပို၍ ရှင်းလင်း၏..... သေစေနိုင်သောအန္တရာယ်ကြီး ပို၍အားကောင်းလာပြီဖြစ်သည်။
သွေးပုံရိပ်က လျှပ်တပြက် သွေးစက်တစ်စက်အဖြစ် ကျုံ့သွားသည်။ သွေးစက်က မန်ဟို့ကို ချက်ချင်း အသက်ရှူသံများ မြန်သွားစေ၏။
"ဝိညာဉ်သွေး။ ဝိညာဉ်သွေးတစ်စက်"
ဝိညာဉ်သွေးသည် ဖြောင့်စင်းနေသောအတန်းတစ်တန်းအသွင်ပြောင်းကာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် မန်ဟို့ဆီ ပြေးဝင်လာသည်။ ထိုစဉ် အလွန်လွှမ်းမိုးချုပ်ချယ်နေသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာ၏။ တစ်ချိန်တည်းမှာပင် သွေးအတွင်း၌ ကံကြွေးခံစားချက်ကိုလည်း အာရုံရနိုင်လေသည်။
ဤအခိုက်အတန့်တွင် သွေးအင်မိုတယ်မျက်နှာဖုံးထဲရှိ တံခွန်သုံးခုအလံမှာ တဆတ်ဆတ် တုန်လာသည်။ ၎င်းက မျှော်လင့်နေသော ခံစားချက်တစ်ခုဖြင့် ၎င်း၏မဟာရန်သူတော်ကြီးအား မထင်မှတ်ဘဲ ဆုံတွေ့ခဲ့ပြီဖြစ်ကြောင်း ဖော်ပြနေသော အငွေ့အသက်ကို ထုတ်လွှတ်နေ၏။
ကျီဆယ်ကိုးမှာမူ ထစ်ချုန်းသံကြီးတစ်သံ သူ့ကိုယ်ထဲတွင် ပြည့်နှက်သွားပြီး သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုတို့ ပြည့်နှက်သွားသည်။
"ဘိုးဘေးအရှိန်အဝါ။ ရှေးကျတယ်။ အရမ်းရှေးကျတယ်။ ကျီးမျိုးနွယ်စုထက်တောင် ရှေးကျလောက်တယ်... မဖြစ်နိုင်ဘူး။ ဒီသွေးစက်က ဘယ်မျိုးဆက်ကလဲ။ ဘယ်သူသွေးလဲ"
"ကျီမျိုးနွယ်သွေး" မန်ဟိုက တွေးလိုက်သည်။ သူ၏နတ်ဘုရားစွမ်းရည်၊ မှော်ပညာရပ်နှင့် အရုပ်အားလုံးမှာ ဤသွေးအား တိုက်ခိုက်ရာတွင် အချည်းနှီးသာဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ အစိမ်းရောင်အခိုးငွေ့ကို အသုံးပြုခြင်းကပင် ၎င်းကို ရှောင်ရန် မလုံလောက်ပေ။ မျက်စိတစ်မှိတ်အတွင်း ၎င်းက သူ့အပေါ် ရောက်လာ၏။
မန်ဟို့မှာ ယိမ်းနွဲ့ဓားချီကို အသုံးပြုရန်ပင် အချိန်မရလိုက်။
သူလုပ်ချိန်ရလိုက်သည့် တစ်ခုတည်းသောအရာမှာ သွေးစက် သူ့ဆီ ရောက်မလာခင်လေး၌ လက်ကို ဝှေ့ယမ်းလိုက်ခြင်းသာဖြစ်သည်။ ချက်ချင်းပင် ကမ္ဘာသစ်မိစ္ဆာ (၈)သောင်း ထွက်လာ၏။ မန်ဟို့အမိန့်အတိုင်း ၎င်းတို့က ကျီးနတ်မင်းမျိုးနွယ်စုကို ကာကွယ်ရန် ထိုးဆင်းသွားကြသည်။
သူ့မှာ ဤအခြင်းအရာကိုသာ လုပ်ချိန်ရလိုက်၏။ ထို့နောက် သွေးစက်က သူ့နဖူးကို ထိသွားရာ သူ့ကို အသည်းခိုက်မတတ် နာကျင်သွားစေတော့သည်။
ဤအချိန်တွင် မန်ဟိုက ဟိန်းဟောက်လိုက်၏။ '"ချီနန်"
မန်ဟို့ကိုယ်အတွင်းမှ သွေးစက်၏စွမ်းအားကို တွန်းလှန်တိုက်ခိုက်နေသော ချီနန်စွမ်းအား ပေါက်ကွဲထွက်လာသည်။ မည်သို့ဖြစ်ပျက်နေသည်လဲ မသေချာသော်လည်း သွေးကား မန်ဟို့ကို သတ်ဖြတ်မရတော့ပေ။ သူ့ကို ထိပြီးနောက်တွင် ချီနန်၏ အကန့်အသတ်မဲ့သောခွန်အားကြီးက မန်ဟို့ကို လွှမ်းခြုံရင်း ပြန့်ကားလာ၏။
ဤအခိုက်အတန့်မှာပင် ကောင်းကင်ကို ဖြတ်၍လာနေသော အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ဧရာမမြွေပွေးကြီးကို မြင်နိုင်လေသည်။ အဆိပ်ငါးသွယ်မျိုးနွယ်ဝင်သောင်းပေါင်းများစွာက မြေကြီးထံသို့ ထိုးဆင်းလာနေကြသော အလင်းတန်းများ အသွင်ပြောင်းသွားသည်။
သူတို့နောက်မှ အဆိပ်ငါးသွယ်မျိုးနွယ်စု မိစ္ဆာသားရဲသခင်များ၏ စေရာအတိုင်း ကမ္ဘာသစ်မိစ္ဆာထောင်ပေါင်းများစွာ လိုက်ပါလာသည်။ ထို့ပြင် အစွမ်းထက်သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများလည်း ကျီးနတ်မင်းမျိုးနွယ်စုကို အမြစ်ဖြုတ်ပစ်မည့် စိတ်ဆန္ဒအပြည့်ဖြင့် အောက်သို့ နေရာရွှေ့ပြောင်းလာကြ၏။
အဝေးတွင် လေထုသည် စုတ်ပြဲသွားကာ ပင့်ကူနှင့်ကင်းမြီးကောက်ကြီးမှလွဲ၍ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကိုးကွယ်ရာဘိုးဘေးကြီးများ ပေါ်လာသည်။
မျက်စိတစ်မှိတ်အတွင်း ကျီးနတ်မင်းသီးသန့်မျိုးနွယ်ဝင်တစ်ထောင်ကျော်မှာ ဤလူများကို မှတ်မိလိုက်သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စု။ ချက်ချင်းပင် သူတို့၏ မျက်လုံးများ နီရဲသွား၏။
မဟာရန်သူတော်ကြီးနှင့် ရင်ဆိုင်ရသောအခါ မသေမချင်း အနားယူနိုင်မည်မဟုတ်ပေ။
***