မရဏတံခါးကို ငါ ပိတ်မယ်
Vol. 35 Ch. 483
"သူတို့ကို သတ်ပစ်"
ကျီးနတ်မင်းမျိုးနွယ်စုမှ သီးသန့်မျိုးနွယ်ဝင်တစ်ထောင်၏ မျက်လုံးများကား သွေးကဲ့သို့ ချင်းချင်းနီလျက် ရှိ၏။ ကျီးနတ်မင်းမျိုးနွယ်စုတစ်စုလုံး၏ လက်ရှိခေါင်းကိုင်ဖခင်အဖြစ် တင်မြှောက်ခံထားရသော ကျီးစစ်သည်မျိုးနွယ်စုခေါင်းကိုင်ဖခင်ဟောင်း၊ ဝူချိန်နှင့် ဝူလင်းတို့အပြင် လူသားမဆန်သော စစ်ပွဲ၌ ပါဝင်တိုက်ခိုက်ခဲ့သည့် မျိုးနွယ်ဝင်များအားလုံး နာကြည်းဒေါသအပြည့်ဖြင့် ဟစ်ကြွေးလိုက်ကြသည်။
အတိတ်မှ ရန်ငြိုးအလုံးစုံသည် အထိန်းအချုပ်ကင်းမဲ့စွာ ပေါက်ကွဲထွက်လာသဖြင့် သူတို့၏မျက်ဝန်းများမှာ အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် မီးတဝင်းဝင်းတောက်နေတော့သည်။ သူတို့သည် မှော်ဆန်ဆန် ဖြစ်တည်လာသော အရုပ်များဖြင့် ရှေ့သို့ ဝုန်းဒိုင်းကြဲ ပြေးတက်သွားကြ၏။ ချက်ချင်းပင် လေတွင် ထစ်ချုန်းပေါက်ကွဲသံများ ပြည့်နှက်သွားသည်။
ကျီးနတ်မင်းမျိုးနွယ်စု၏ ကျန်အဖွဲ့ဝင်ထောင်နှင့်ချီသည်လည်း တိုက်ခိုက်ရန် သူတို့၏အနောက်မှ လိုက်ပါချီတက်လာကြသည်။
ကျီးနတ်မင်းအဖွဲ့ဝင်များမှာ ပြောင်းရွှေ့ရေးကာလအတောအတွင်း တိုက်ပွဲပေါင်းများစွာကို ရင်ဆိုင်ဆင်နွှဲခဲ့ရ၏။ ပထမက သူတို့မှာ လူအင်အားလေး မဖြစ်စလောက်နှင့် ယိုင်နဲ့နေခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ အင့်အားတောင့်တင်းကာ ကြံ့ခိုင်သန်မာလာခဲ့ကြလေသည်။ ခွန်အားသာ ကြီးထွားလာခဲ့ခြင်းမဟုတ်၊ ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏နှလုံးသားများလည်း မာကြောလာခဲ့၏။
ကျီးနတ်မင်းမျိုးနွယ်စုကို သစ္စာခံ၍ မန်ဟို့ကို ယုံကြည်ကိုးကွယ်လာခဲ့သည့် အဖွဲ့ဝင်များအတွက်မူ မန်ဟို့၏အရုပ်များက သူတို့၏ကျင့်ကြံခြင်းအခြေခံကို မြင့်တက်စေခဲ့သည့်အပြင် ဆေးလုံးများကြောင့်လည်း အကျိုးဖြစ်ထွန်းခဲ့သည်။ ဤအခြင်းအရာက သူတို့၏ ကျီးနတ်မင်းမျိုးနွယ်စုအပေါ် ယုံကြည်သက်ဝင်မှုကို အားကောင်းလာစေခဲ့၏။
အရေးကြီးဆုံးအနေနှင့် ကျီးနတ်မင်းမျိုးနွယ်စုသို့ ဝင်ရောက်ပြီးနောက်ပိုင်း သူတို့တွင် မျှော်လင့်ချက်ရှိသွားပြီဖြစ်သည်။ အထူးသဖြင့် သူတို့၏ယခင်မျိုးနွယ်စုများ မရှိတော့သည်ကို စဉ်းစားကြည့်လျှင်ပင်။ ယခုအချိန်တွင် ကျီးနတ်မင်းမျိုးနွယ်စုသာ သူတို့၏ တစ်ခုတည်းသော ဖက်တွယ်ရာ မျှော်လင့်ချက်ဖြစ်လေ၏။
သူတို့မှာ ကျီးနတ်မင်းမျိုးနွယ်စု အနက်ရောင်နယ်မြေသို့ ဝင်ရောက်နိုင်မည့်နေ့ကို မျှော်တလင့်လင့် စောင့်စားရင်း စိတ်ရှားနေခဲ့သည်။ နှစ်နှစ်ဆက်တိုက် ရှုံးပွဲမရှိအောင်နိုင်မှုများပြီးနောက် သူတို့၏မျှော်လင့်ချက်များမှာ မယုံနိုင်လောက်အောင် ပြင်းထန်ခိုင်မာလာခဲ့သည်။
မျက်စိတစ်မှိတ်အတွင်း တိုက်ပွဲကား စတင်ခဲ့ပြီဖြစ်၏... ကျီးနတ်မင်းမျိုးနွယ်ကား နောက်တွန့်လက်ရွံ့ခြင်းမရှိ။ အဆိပ်ငါးသွယ်မျိုးနွယ်စု အနားပင် မရောက်သေးမီ ကျီးနတ်မင်းမျိုးနွယ်ဝင်ထောင်ပေါင်းများစွာသည် ကမ္ဘာသစ်မိစ္ဆာရှစ်သောင်းနှင့်အတူ ချက်ချင်း ချီတက်သွားကြပြီဖြစ်၏။ အစုလိုက်အပြုံလိုက် သတ်ပွဲကြီးကား ထိုအချိန်တွင် စတင်ခဲ့လေပြီ။
တစ်ဖက်နှင့်တစ်ဖက် မည်သည့်စကားမှ ဖလှယ်ခြင်းမရှိ။ အဆိပ်ငါးသွယ်မျိုးနွယ်စုနှင့် ကျီးနတ်မင်းမျိုးနွယ်စုနှစ်စု ရန်သူဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ နှစ်စုအကြား၌ တည်ရှိနေခဲ့သော ရန်ငြိုးသည် ခရမ်းမိုးပျက်သုဉ်းခြင်းကပ်ဆိုက်မှုကြောင့် အရှိန်အဟုန်ဖြင့် ထကြွလာခဲ့၏။
ထိုစစ်ပွဲကြောင့်သာ မဟုတ်လျှင် ကျီးနတ်မင်းမျိုးနွယ်စုအနေဖြင့် ဘယ်တော့မှ ဤမျှအင်အားယုတ်လျော့ခဲ့မည်မဟုတ်သလို၊ အနောက်ပိုင်းသဲကန္တာရ၏ မြောက်ပိုင်းမှလည်း ပြောင်းရွှေ့နိုင်ခဲ့ပြီး ဖြစ်လိမ့်မည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုအတွက်မူ အဆိုပါစစ်ပွဲကြောင့် ပင့်ကူအဖွဲ့ ပြိုကွဲသွားခဲ့ပြီး ပင့်ကူဘိုးဘေးနှင့် ကင်းမြီးကောက်ဘိုးဘေးကို ဆုံးရှုံးခဲ့ရ၏။
အဆိပ်ငါးသွယ်အနက် နှစ်သွယ် ကင်းမဲ့သွားခဲ့သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုအတွက် ဤသည်မှာ အရှိုက်ကိုထိသော ထိုးနှက်ချက်ကြီး ဖြစ်၏။ တခြားအခြေအနေဆိုလျှင်တော့ ပြဿနာမရှိ။ အချိန်နှင့်အမျှ ပြန်လည်သက်သာလာနိုင်သည်။ သို့သော် ခရမ်းမိုး၏ ဆိုက်ဆိုက်မြိုက်မြိုက် ရွာကျလာခဲ့ခြင်းကြောင့် အဆိပ်ငါးသွယ်မျိုးနွယ်စုမှာ ရွေးချယ်စရာမရှိဘဲ ပြောင်းရွှေ့ခဲ့သည်။ လျော့နည်းသွားခဲ့သောအင်အားက သူတို့၏ပြောင်းရွှေ့မှုအတွက် ဆူးညောင့်ခလုတ်တို့ ပိုမိုများပြားစေခဲ့၏။
ထို့ကြောင့် ကျီးနတ်မင်းမျိုးနွယ်စုကို ဖျက်စီးပစ်လိုသော စိတ်ဆန္ဒမှာ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ နှလုံးသားအတွင်း၌ အငြိုးကြီးစွာ တောင်လောင်လျက်ရှိခဲ့သည်။
သွေးလန့်ဖွယ်ရာ ပေါက်ကွဲမှုကြီးများ လေထုကို စိုးမိုးနေသည်။ တိုက်ပွဲစစချင်းမှာပင် အထိအခိုက်၊ အကျအဆုံးများက ခေါင်ခိုက်နေ၏။ ခန္ဓာဖောက်ခွဲပစ်ရန် ရွေးချယ်သွားသော ကျီးနတ်မင်းမျိုးနွယ်ဝင်များပင်ရှိရာ အဆိပ်ငါးသွယ်မျိုးနွယ်စုကို ထိုနှစ်က သွေးရူးသွေးတန်းတိုက်ခိုက်မှုများအား ပြန်အမှတ်ရစေသွားသည်။
သို့သော် အဆိပ်ငါးသွယ်မျိုးနွယ်စုလည်း အပြင်းအထန် တိုက်ခိုက်ကြသည်။ ထိုနှစ်တုန်းက စစ်ပွဲမှာ တစ်ဖက်သတ် ချင်းနင်းကျူးကျော်ခဲ့သော စစ်ပွဲတစ်ပွဲပင်။ ဤစစ်ပွဲကတော့ မိမိမျိုးနွယ်စု၏ အသက်ရှင်ရေးအတွက် တိုက်ခိုက်နေရခြင်းဖြစ်သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူတချို့ပင် ခန္ဓာဖောက်ခွဲလာကြလေပြီ။
အဆိပ်ငါးသွယ်မျိုးနွယ်စုတွင် နတ်ဆရာကြီးဆယ်ယောက်ကျော် ရှိနေစဉ် ကျီးနတ်မင်းမျိုးနွယ်စု၌ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ ခုနစ်ယောက်သာရှိ၏။ သို့သော် ကျီးနတ်မင်းမျိုးနွယ်စု၏ အားသာချက်မှာ ကျင့်ကြံသူအင်အားမဟုတ်။ ကမ္ဘာသစ်မိစ္ဆာအရေအတွက်ပင်။
သူတို့တွင် အင်အားကြီးမားသော ကမ္ဘာသစ်မိစ္ဆာရှစ်သောင်းရှိ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများနှင့် ယှဉ်နိုင်သော အဆင့်မြင့်ကမ္ဘာသစ်မိစ္ဆာများကိုပင် ပိုင်ဆိုင်ထားလေသည်။ ယခုအခိုက်အတန့်တွင် မျိုးနွယ်စုနှစ်စုမှာ သူမသာ၊ ကိုယ်မသာဖြစ်နေ၏။
ကျီးနတ်မင်းမျိုးနွယ်စုခေါင်းကိုင်ဖခင်က အဆိပ်ငါးသွယ်မျိုးနွယ်စု နတ်ဆရာချုပ်ကြီးကို ရင်ဆိုင်နေသည်။ သူတို့၏ တိုက်ပွဲက တစ်လောကလုံးကို ယိမ်းထိုးလှုပ်ရမ်းနေစေ၏။ ခေါင်းကိုင်ဖခင်မှာ တကယ်တမ်း ကျင့်ကြံအဆင့်အရ မယှဉ်နိုင်ပေ။ သို့သော် သူသည် စွမ်းအားအဆင့် ယာယီမြင့်တက်စေရန်အတွက် သူ၏ကျင့်ကြံခြင်းအခြေခံနှင့် အသက်စွမ်းအားကို လောင်ကျွမ်းစေခဲ့ပြီးဖြစ်သည်။ ထိုသို့လုပ်မှသာလျှင် နတ်ဆရာချုပ်ကြီးကို သူတစ်ယောက်တည်း ထိန်းနိုင်ပေလိမ့်မည်။
အမှန်အားဖြင့် သူကြိုးစားနေသည်က နတ်ဆရာချုပ်ကြီး အခြားသူများအား သွားရောက်မတိုက်ခိုက်နိုင်အောင် ထိန်းထားဖို့ ဖြစ်သည်။
အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကိုးကွယ်ရာဘိုးဘေးကြီးများတွင် ပင့်ကူနှင့် ကင်းမြီးကောက်မရှိတော့ပေ။ သို့သော် သူတို့၏ မြေပွေး၊ ဖားပြုပ်နှင့် ကင်းခြေများတို့က အန္တရာယ်ရှိသောဖိအားများကို ထုတ်လွှတ်နေသေး၏။
ပျက်သုဉ်းခြင်းကပ်မဆိုက်ခင်တုန်းက သူတို့၏ ဖြစ်တည်မှုသည် ရင်သပ်ရှုမောဖွယ်ရာ ကောင်းခဲ့သည်။ သို့သော်လည်း... ထိုနှစ်က ကျီးနတ်မင်းမျိုးနွယ်စု၏ အရုပ်ချိတ်ပိတ်ခြင်းနှင့် ခရမ်းမိုးရွာသွန်းနေခဲ့သော နှစ်များကြောင့် သူတို့မှာ ယခင်ထက် များစွာ အားနည်းခဲ့လေပြီ။
ယခုအချိန်တွင် သူတို့၏စွမ်းအားအဆင့်မှာ အနုသုခုမရုပ်ခန္ဓာအဆင့်ထက် သာသည်ဆိုရုံလေးသာ ရှိတော့၏။ သူတို့ဖြင့် ယှဉ်နိုင်သူများမှာ မျိုးခြားသားရဲကြီး၊ ကြက်တူရွေးနှင့် အသားဂျယ်လီတို့ပင်။ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေစဉ် အစွမ်းထက်ဆုံးတိုက်ခိုက်သူများအရသာမက သာမန်မျိုးနွယ်ဝင်များအရပါ ကျီးနတ်မင်းမျိုးနွယ်စုမှာ အတန်ငယ် အရေးနိမ့်နေကြောင်း သိသာပေါ်လွင်လာသည်။ ကံကောင်းထောက်မစွာနှင့် မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာရှစ်သောင်း၏ကျေးဇူးကြောင့် တောင့်ခံနိုင်သည်ဆိုရုံကလေး တောင့်ခံနိုင်ကြလေသည်။
သို့သော် သူတို့အနေဖြင့် အချိန်တိုလေးသာ တောင်ခံထားနိုင်ပေမည်။
စစ်မြေပြင်၏အလယ်တွင် ဘယ်သူမှ မဝင်ရောက်နိုင်သည့် ထူးဆန်းသော နေရာတစ်နေရာရှိ၏။ ၎င်းသည် ထောင့်ဖြတ်အားဖြင့် မီတာသုံးရာရှိသော ကွက်လပ်ကြီးတစ်ခုပင်။
ထိုမီတာသုံးရာကွက်လပ်ကြီး၏ အလယ်တည့်တည့်တွင် သွေးလှိုင်းများ တရိပ်ရိပ်ထနေသော ဧရာမစက်လုံးကြီးတစ်လုံးရှိသည်။ အထဲမှ တစ်ယောက်ယောက်က ဖောက်ထွက်ရန် ရုန်းကန်ကြိုးစားနေသကဲ့သို့ ဟိန်းဟောက်သံများလည်း ကြားနေရလေသည်။
ဤသွေးစက်လုံးမှာ ကျီမျိုးနွယ်သွေးစက်မှတစ်ပါး အခြားမဟုတ်ပေ။ ချီနန်အစွမ်းကြောင့် ၎င်းသည် ယခုကဲ့သို့ ပုံစံပြောင်းသွားခဲ့ခြင်းဖြစ်၏။ မဆင်မခြင်သတ်ဖြတ်မည့်အစား ၎င်းက မန်ဟို့ကို အတွင်းတွင် ပိတ်လှောင်ပြီး ချိတ်တံဆိပ်သဖွယ် ပြုမူနေလေသည်။
"သူတို့ကို သတ်ပစ်" ကျီးနတ်မင်းမျိုးနွယ်ဝင်များက နာကြည်းစွာ ဟစ်ကြွေးကြသည်။
"အားတင်းထားကြ။ ဘိုးဘေးကြီး သေချာပေါက် ဖောက်ထွက်လာလိမ့်မယ်" ကျီးနတ်မင်းမျိုးနွယ်ဝင်များအတွက် မန်ဟိုသည် ဘုရားသခင်သဖွယ် ကိုးကွယ်ယုံကြည်ရသော ဘိုးဘေးကြီးဖြစ်၏။
မန်ဟိုနှင့်ဆိုလျှင် အန္တရာယ်အားလုံး၊ ဂြိုဟ်ဆိုးအားလုံး ကျော်လွှားနိုင်သည်။
မန်ဟို့ကို သူတို့အားကိုးသည်။ သူတို့လုပ်ရန်လိုသည်မှာ တောင့်ခံထားရုံသာဖြစ်ပြီး သူတို့၏ဘိုးဘေးကြီး သွေးစက်လုံးမှ လွတ်မြောက်လာလိမ့်မည်ဟု အခိုင်အမာယုံကြည်သည်။ သူထွက်လာသည်နှင့် အဆိပ်ငါးသွယ်မျိုးနွယ်စုကို သုတ်သင်ကာ အောင်နိုင်မှုအား ဆောင်ကြဉ်ပေးလိမ့်မည်။
အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏မျက်လုံးများ လင်းလက်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်တွင် ဖြစ်၏။ သူသည် အေးစက်စက်နှာတစ်ချက် မှုတ်၍ စစ်ပွဲအတွင်း ဝင်ရောက်သွားလေပြီ။ သူသွားသည့်နေရာတိုင်း အနိဋ္ဌာရုံဖြစ်ကျန်ခဲ့သည်။ သူ့လမ်းကို ပိတ်ဆို့ရန် ကြိုးစားသော မည်သည့်ကျီးနတ်မင်းမျိုးနွယ်ဝင်မဆို ပေါက်ကွဲသေဆုံးရမည်သာ။
သူသည် မီတာသုံးရာကွက်လပ်ထံသို့ အလယ်တန်းသဖွယ် တန်းတန်းမတ်မတ် ဦးတည်သွားနေ၏။ ဘယ်သူမှ သူ့ကို မဟန့်တားနိုင်။ သူက နီးကပ်လာစဉ် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ သွေးစက်လုံးထံသို့ တိုင်ကွက်တစ်ကွက်အား ပစ်လွှတ်လိုက်သည်။
ဤသည်မှာ သွေးစက်လုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားနိုင်သော အထူးနတ်ဘုရားစွမ်းရည်တစ်မျိုးဖြစ်သည်။ သူကား မန်ဟို့ကို သတ်ပြီး မိစ္ဆာစိတ်ဝိညာဉ်အား လုယူချင်လေသည်။
လွန်ခဲ့သော အခိုက်အတန့်က.....
ဝုန်းခနဲ ပဲ့တင်ထပ်သွားသည်။ သွေးစက်လုံးအတွင်းတွင် မန်ဟို့၏မျက်နှာမှာ တင်းမာခက်ထန်နေ၏။ သူ့ကို နံရံသဖွယ် ဝန်းရံလျက် လှိုင်းများ တရိပ်ရိပ်ထနေသော သွေးရောင်အလင်းကို သူ လှည့်ပတ်ကြည့်လိုက်သည်။ ၎င်းမှာ သူ့ကို ထွက်မရအောင် အထဲတွင် ပိတ်ထားသည့် ဧရာချိတ်တံဆိပ်ကြီးတစ်ခုနှင့်တူလေသည်။
မန်ဟို့လက်များက မုဒြာလက်ကွက်တစ်ကွက်ပြီးတစ်ကွက် ဖော်ရင်း တဖျပ်ဖျပ် လှုပ်ရှားနေသည်။ နတ်ဘုရားစွမ်းရည် တစ်ခုပြီးတစ်ခု သွေးရောင်နံရံကို ဝင်ဆောင့်နေ၏။ အသံအားလုံးက နားကွဲမတတ် ကျယ်လောင်သော်လည်းကောင်း သွေးနံရံကား ခြစ်ရာလေးပင်မထင်။
အပြင်တွင် ဘာဖြစ်နေသည်လဲ သူမသိပေ။ ပိတ်လှောင်မခံရခင်ဆဲဆဲ အဆိပ်ငါးသွယ်မျိုးနွယ်စု ချဉ်းကပ်လာနေသည်ကို သူလှမ်းမြင်ခဲ့ရ၏။ ထိုအခိုက်အတန့်တွင် .... ဤတိုက်ပွဲကား ကျီးနတ်မင်းမျိုးနွယ်စုအတွက် ဂြိုဟ်ဆိုးကြီးဖြစ်ကြောင်း သူသိလိုက်သည်။
မန်ဟိုမှာ အတော်လေး စိတ်လည်းပူ၊ စိုးလည်းစိုးရိမ်နေမိသည်။ သူ ဤအထဲတွင် ခဏတဖြုတ်သာ ပိတ်မိနေလျှင် အကြောင်းမဟုတ်။ သို့သော် အချိန်အလွန်ကြာသွားခဲ့လျှင် ကျီးနတ်မင်းမျိုးနွယ်စုအနေဖြင့် အဆိပ်ငါးသွယ်မျိုးနွယ်စုကို တောင့်ခံနိုင်တော့မှာ မဟုတ်ကြောင်း သူသိသည်။
အဆိပ်ငါးသွယ်မျိုးနွယ်စုက သေသေချာချာ အကွက်ချပြင်ဆင်ထားခဲ့ကြောင်း သိသာ၏။ သူတို့၏ရည်ရွယ်ချက်က ထင်ရှားသည်။ ကျီးနတ်မင်းမျိုးနွယ်စုကို တစ်ယောက်မကျန် သုတ်သင်ပြီး မိစ္ဆာစိတ်ဝိညာဉ်ကို လုယက်ရန်။ ပြီးခဲ့သည့်နှစ်နှစ်အတွင်း ကျီးနတ်မင်းမျိုးနွယ်စုမှာ ယခုကဲ့သို့ အန္တရာယ်များသောအခြေအနေတစ်ရပ်ကို တစ်ခါမှ မကြုံတွေ့ခဲ့ရဖူးပေ။
မန်ဟို မျက်မှောင်ကြုတ်လျက် တွေးနေစဉ်မှာပင် သွေးနံရံက ရုတ်တရက်ကြီး ကျုံ့လာပြီး ခဏကြာသော် ကားထွက်သွားသည်။ ကျုံ့ပြီး ပြန့်ကားသွားစဉ်အတွင်း အမျှင်သုံးမျှင် နံရံကိုဖြတ်၍ ဝင်ရောက်လာသည်။ ၎င်းတို့က အထဲရောက်လျှင်ချင်း အလွန်ကြီးမားသော မြွေပွေး၊ ဖားပြုပ်နှင့် ကင်းခြေများ အသွင်ပြောင်းသွား၏။ အဆိပ်ကောင်သုံးကောင် မှော်ဆန်ဆန် ပေါ်လာခဲ့ပြီဖြစ်သည်။ ၎င်းတို့က စူးစူးဝါးဝါးအော်ပြီး မန်ဟို့ဆီ တဟုန်ထိုး ပြေးဝင်လာကြလေသည်။
ဤသတ္တဝါတစ်ကောင်ချင်းစီ၏ ခန္ဓာကိုယ်ပေါ်တွင် အဘိုးကြီးတစ်ဦး၏ အရိပ်ကို မန်ဟို မြင်လိုက်ရ၏။
ထိုအဘိုးကြီးကား သွေးချိတ်တံဆိပ်၏ အပြင်ရှိ အဆိပ်ငါးသွယ်မျိုးနွယ်စု ခေါင်းကိုင်ဖခင်မှတစ်ပါး အခြားမဟုတ်ပေ။
မန်ဟို့မျက်လုံးများ လက်ခနဲ တောက်ပသွားပြီး သူက လက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် သူ၏ကျင့်ကြံခြင်းအခြေခံက ဓာတ်လေးပါးအစွမ်းအား ထုတ်ဖော်လိုက်သည်။ လေပြင်းတစ်ချက်က အဆိပ်ကောင်သုံးကောင်ကို ခပ်ကြမ်းကြမ်း ဖြတ်တိုက်သွား၏။ မြွေပွေးမှာ တမုဟုတ်ချင်း ပြိုကွဲသွားလေသည်။
မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် မကောင်းဆိုးဝါးတစ်ကောင်သဖွယ် ဝုန်းခနဲ ထွက်သွားသဖြင့် သူ၏ကိုယ်အတွင်းမှ တချွတ်ချွတ်အက်သံများ ကြားလာရသည်။ လက်သီးက တစ်လုံးကျရောက်လာပြီး ဖားပြုပ်ကြီးမှာ မချိတင်ကဲ အော်ဟစ်ရင်း အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွား၏။
တစ်ချိန်တည်းမှာပင် ကင်းခြေများကြီးက တွန့်လိမ်ကောက်ကွေးလျက် မန်ဟို့ဆီသို့ လျှပ်စီးသဖွယ် ပြေးဝင်လာသည်။ မန်ဟို့၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူက အရက်ချီတစ်လုပ် ထွေးထုတ်လိုက်၏။
အရက်ချီမှာ မြူတိမ်သဖွယ် ကင်းခြေများကြီးကို လွှမ်းခြုံလိုက်၏။ ၎င်း၏ခန္ဓာကိုယ်ကြီးမှာ စတင်ခြောက်ကပ်လာပြီး စူးစူးဝါးဝါးအော်သံများ ဆူညံနေတော့သည်။ ဤအခိုက်အတန့်တွင် မဟူရာလအမှတ်အသားတစ်ခု မန်ဟို့၏နဖူးပေါ်တွင် ပေါ်လာ၏။
အမှောင်မှော်ပညာရပ်ကို အသုံးပြုလိုက်သည်နှင့် လသည် လက်ခနဲ ကင်းခြေများကြီး၏ခန္ဓာကိုယ်အပေါ်သို့ အမှတ်အသားခတ်နှိပ်ပြီး ၎င်းအား လမ်းကြောင်းပမာ အသုံးပြု၍ ကင်းခြေများကြီးနှင့် ဆက်သွယ်လျက်ရှိသော အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်ကို တိုက်ခိုက်လိုက်သည်။
စောစောက သွေးချိတ်တံဆိပ်၏အပြင်တွင် အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်သည် အသတ်အဖြတ်စိတ်ဆန္ဒအပြည့်နှင့် မျက်နှာကြီးရှုံ့မဲ့နေပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်နေခဲ့သည်။ သို့သော် မြွေပွေးအသတ်ခံလိုက်ရသည့်အခါ သူ့မျက်နှာ ရိပ်ခနဲ ဖြစ်သွား၏။
သူ့မှာ အလိုလိုနောက်ဆုတ်လိုက်မိသည်။ ခြေတစ်လှမ်းလုံးပင် မဆုတ်ရသေးမီ သူ့မျက်နှာတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။ ယင်းက မန်ဟို့၏လက်သီး ဖားပြုပ်ကြီးကို တစစီပေါက်ကွဲအောင် ထိုးချလိုက်သည့်အခိုက်အတန့်ဖြစ်၏။
ထို့နောက်တွင် သူ၏မျက်လုံးများမှာ လက်ဖက်ရည်ပန်းကန်ပြားလောက် ပြူးထွက်သွားတော့သည်။
"မကောင်းတော့ဘူး" သူက ကပျာကယာ နောက်ဆုတ်လိုက်သည်။ သူသည် ကင်းခြေများနှင့် မှော်ဆက်လမ်းကို ဖြတ်တောက်ရန် လက်ကို ရွေ့လျားလိုက်သည်။ သို့သော် လုပ်ဆောင်၍မပြီးခင် မဟူရာလတစ်စင်း၏ပုံရိပ် သူ၏နဖူးပေါ်တွင် ရုတ်တရက် ပေါ်လာလေပြီ။
ချိတ်တံဆိပ် နဖူးပေါ်တွင် ပေါ်လာသည်နှင့် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ အသည်းခိုက်မတတ် ပြင်းထန်လှသည့် နာကျင်မှုက အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်ကို စိုးမိုးသွားသည်။ ထိုနာကျင်မှုက မမြင်နိုင်သောဓားတစ်လက် သူ၏အသိစိတ်ပင်လယ်ကို တဇွပ်ဇွပ် ထိုးနေသည်နှင့်တူ၏။ သူ၏ပါးစပ်မှ သွေးများပန်းထွက်သွားပြီး သူ့မှာ ထိတ်လန့်မှုအပြည့်ဖြင့် နောက်ဆုတ်၍ သူနှင့် ကင်းခြေများအကြားရှိ မှော်ဆက်လမ်းကို ကမန်းကတန်း ဖြတ်တောက်လိုက်ရ၏။
ဆက်သွယ်မှုပြတ်တောက်သွားပြီးနောက်တွင် သူ့မှာ နောက်သွေးတစ်လုပ် ထပ်အန်လိုက်ရသေး၏။ သူ့မျက်နှာသည် ဖြူဖျော့နေပြီး ထိတ်လန့်ကြောက်ရွံမှုတို့ ပြည့်နှက်နေလေတော့သည်။
"သူရဲ့ကျင့်ကြံခြင်းအခြေခံက သိပ်အစွမ်းထက်တယ်" သူက အမောတကော အသက်ရှူရင်း ပြောသည်။ ဤအခိုက်တွင် သူ၏မျက်လုံးအိမ်များ၌ သွေးအေးကောက်ကျစ်မှုတို့ ထင်ဟပ်လာ၏။
"အကယ်လို့ မသတ်နိုင်ခဲ့ရင် ပိတ်လှောင်ထားဖို့ ကောင်းကင်ဘုံသွေးစက်ကို ပြောခဲ့မိတာ တော်သေးတယ်။ သူသာ အခုအချိန် ပိတ်လှောင်မခံထားရရင် ငါတို့ ဒီတိုက်ပွဲကို အနိုင်ရဖို့ တော်ရုံ ပေးဆပ်ရမှာ မဟုတ်ဘူး
"သူ့ကို သေချာပေါက် အဲ့ဒီချိတ်တံဆိပ်ထဲကနေ ထွက်လာခွင့်ပေးလို့ မဖြစ်ဘူး။ မိစ္ဆာစိတ်ဝိညာဉ်က သူ့ဆီမှာ ဖြစ်နိုင်ခြေများတယ်။ အဲ့ဒါကြောင့် ကျီးနတ်မင်းမျိုးနွယ်စုကို ရှင်းနေတုန်း သူ့ကို ပိတ်လှောင်ထားမှပဲ။ ပြီးရင် မျိုးနွယ်စုရဲ့စွမ်းအားအလုံးစုံနဲ့ သူ့ရဲ့ရုပ်နဲ့နာမ်ကို သတ်လို့ရပြီ" အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏ နှုတ်ခမ်းတွင် ကောက်ကျစ်သောအပြုံးတစ်ခု ဖြစ်ထွန်းလာသည်။ သူကား သွေးချိတ်တံဆိပ်မှတစ်ဆင့် တိုက်ခိုက်ရန် မကြိုးစားတော့။ ထိုအစား မူလချိတ်တံဆိပ်အပေါ်တွင် ချိတ်တံဆိပ်များ ထပ်မံပေါင်းထည့်ကာ မန်ဟို့ကို အတွင်းထဲ၌ ချုပ်နှောင်ပိတ်လှောင်ထားရန် ဆုံးဖြတ်လိုက်လေသည်။
***