← Chapters

ကျီသွေးနှင့် ပေါင်းစည်းခြင်း

Vol. 35 Ch. 484

ကျီသွေးနှင့် ပေါင်းစည်းခြင်း

Vol. 35 Ch. 484

ကျီးနတ်မင်းမျိုးနွယ်စုနှင့် အဆိပ်ငါးသွယ်မျိုးနွယ်စုအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်နှင့်အမျှ ‌တ‌ဖြေးဖြေး မည်သူက အရေးနိမ့်လာသည်လဲ ပိုပို၍ထင်ရှားပေါ်လွင်လာလေသည်။ ကျီးနတ်မင်းမျိုးနွယ်စုများအပါအဝင် ကမ္ဘာသစ်မိစ္ဆာများ၏ ထိခိုက်ကျဆုံးမှုများလည်း မြင့်တက်လာခဲ့၏။

မှန်ပါသည်၊ ကျီးနတ်မင်းမျိုးနွယ်စုလောက် အကျအဆုံးမများသော်လည်း အဆိပ်ငါးသွယ်မျိုးနွယ်စုပေးဆပ်ရသည်မှာ နည်းနည်းနောနောမဟုတ်ပေ။ တိုက်ပွဲ၏ ပြင်းထန်လှသော ဖိအားကြောင့် ကျီးနတ်မင်းမျိုးနွယ်စုမှာ ပြိုလဲပျက်စီးတော့မည့်လက္ခဏာများ ပြနေလေပြီ။

မန်ဟိုမှာလည်း သွေးချိတ်တံဆိပ်အတွင်း၌ ပိတ်မိနေဆဲပင်။ ကံဆိုးစွာနှင့် သူ့မှာ ဖောက်ထွက်ရန် နည်းလမ်း မည်မျှစဉ်းစားစဉ်းစား တစ်ခုမှ အလုပ်မလုပ်ပေ။ ‌အသေးစားနေရာရွှေ့ပြောင်းခြင်းနှင့် မှော်ပစ္စည်းများသာမက၊ တံခွန်သုံးခုနှင့်အလံဖြင့်ပင်လျှင် တံဆိပ်ကို ချိုင့်သွားအောင်ပင် မလုပ်နိုင်ဖြစ်နေသည်။

သူသည် ‌ပဒုမ္မာဓားဝင်္ကပါ၊ ထူးဆန်းသော သစ်သားဓားသုံးလက်အစရှိသဖြင့် တစ်ခုမကျန် စမ်းကြည့်သည်။ ဟန်ရှန်း၏အင်မိုတယ်ဓားဖြင့်ပင် တံဆိပ်ကို ချိုးဖျက်ရန် သုံးရက်ကြာပေလိမ့်မည်။

ရွေးချယ်စရာတစ်ခုတည်းသာ ရှိတော့၏။ ယိမ်းနွဲ့ဓားချီ။ မန်ဟို့မျက်လုံးများ နီရဲလာပြီး သူ၏ခန္ဓာကိုယ်အပြင်တွင် အရက်ချီများ စုစည်းလာသည်။

"ဒီသွေးမှာ ကံကြွေးစွမ်းအားပါရှိတယ်။ ရှေးကျီးမျိုးဆက်တစ်ဆက်က ကျီမျိုးနွယ်ခေါင်းဆောင်ကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦးဦး‌ရဲ့ သွေးစက်တစ်စက် ဖြစ်မယ်။ နှစ်တွေအများကြီးကြာခဲ့တာတောင် ဒီသွေးစက်က ဒီလောက်အစွမ်းရှိနေရင် အဲ့ဒီပုဂ္ဂိုလ်အသက်ရှိနေတုန်းက ဘယ်လောက်တောင် အစွမ်းထက်နေလိမ့်မလဲ" မန်ဟို တုန်လှုပ်နေစဉ် အရက်ချီသည် ဖြာထွက်လာပြီး ယိမ်းနွဲ့ဓားချီလည်း သူ၏ခန္ဓာကိုယ်ထဲတွင် စုစည်းလာနေပြီဖြစ်သည်။

သူ့မှာ ယိမ်းနွဲ့ဓားချီကို သုံးရန်မှတစ်ပါး တခြားမတွေးတတ်တော့ရာ အတော်လေး နှမြောမိ၏။ ယိမ်းနွဲ့ဓားချီပင်လျှင် သူ့ကို လွတ်မြောက်စေမည်လား သူ တကယ် မသိပေ။ သို့သော် ကျီးနတ်မင်းမျိုးနွယ်စု သိပ်ကြာကြာမတောင့်ခံနိုင်သည်ကို‌တော့ ကောင်းကောင်းသိသည်။

သူက အသက်ပြင်းပြင်းရှူသွင်းပြီး ယိမ်းနွဲ့ဓားချီစွမ်းအားကို ထုတ်ဖော်‌တော့မည့်အချိန်မှာပင် သွေးချိတ်တံဆိပ်မှ ဖြစ်ပေါ်လာသော ‌နံရံကို ရုတ်တရက် လှမ်းကြည့်မိလိုက်သည်။ လှိုင်းတရိပ်ရိပ်‌ထနေသော သွေးများကို ကြည့်ပြီး သူ့တစ်ကိုယ်လုံး ဖျဉ်းခနဲ တုန်သွားလေ၏။

"သွေး... သွေး...." ဤအခိုက်အတန့်တွင် သူ့မှာ လျှပ်စီးတစ်တန်း ငယ်ထိပ်မှ ခြေထောက်အထိ ဖြတ်စီး‌သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရဲတင်းသော သို့မဟုတ် ရူးကြောင်ကြောင်နိုင်သည်ဟု ဆိုရနိုင်သော အကြံတစ်ခု သူ့စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာ၏။

အကြံက သူ့ကို ဟောဟဲလှိုက်လာစေပြီး ယိမ်းနွဲ့ဓားချီအသုံးပြုရန် ‌ချီတုံချတုံ ဖြစ်သွားစေသည်။

"ဝိညာဉ်သွေး။ ဒါက ကျီမျိုးနွယ်စုရဲ့ ဝိညာဉ်သွေးပဲ။ ငါ့မှာ အဲ့ဒီကျီအယောင်ဆောင်တပ်သားကျင့်ကြံသူဆီက ဝိညာဉ်သွေး ရှိထားတယ်။ ဒီသွေးစက်ကို ထည့်ပေါင်းလိုက်ရင် နှစ်စက် ဖြစ်သွားလိမ့်မယ်

"သွေးမျက်နှာဖုံးထဲမှာ ကျီဆယ့်ကိုးကို ချုပ်ထားတယ်။ သူ့ဆီက ဝိညာဉ်သွေးတချို့ ထုတ်ယူနိုင်ရင် ကျီမျိုးနွယ်စုသွေးဆက်သုံးဆက် ပြည့်သွားပြီ။ သွေးအင်မိုတယ်ကျင့်စဉ်ကို သုံးပြီးတော့ ငါ သွေးကိုယ်ပွား‌တစ်ကိုယ် ဖန်တီးနိုင်တယ်

"သွေးဆက်သုံးဆက်နဲ့ သွေးကိုယ်ပွားကို ဖန်တီးလို့ရတယ်။ သွေးဆက်ကိုးဆက်က ‌သွေးနတ်ဘုရားကို ဖော်ဆောင်နိုင်တယ်။ သွေးနတ်ဘုရားမှာ.... ဘိုးဘေးနိုးထခြင်းအစွမ်းရှိတယ်ဆိုတော့.... ကျီမျိုးနွယ်စုအစွမ်းထက်ပညာရှင်တွေရဲ့ပုံရိပ်‌ နောက်တစ်ကြိမ် ပြန်ပေါ်လာနိုင်လိမ့်မယ်။ အဲ့ဒါဆို ငါ သူတို့ရဲ့ အင်မိုတယ်ခွန်အားတချို့ကို အသုံးပြုနိုင်သွားပြီ"

မန်ဟို့မှာ ရင်တဒိန်းဒိန်းခုန်လာ၏။ အကြံကား သူ့ဦးနှောက်ကို စိုးမိုးနေလေပြီ။ တကယ်တော့ သူ၏လက်ရှိအခြေအနေမှာ စိုင်ကော်လို့ ချုံပေါ်ရောက်သွားသည့်အတိုင်းပင်။

ဤအ‌ခွင့်အရေးကို သူ လက်လွှတ်လိုက်လျှင် နောက်ပိုင်း ကျီ‌သွေးကို ရယူဖို့ လွန်စွာခက်ခဲပေလိမ့်မည်။ ထိုမျှသာမက ဤသွေးစက်မှာ သာမန်မဟုတ်‌ပေ။ တုန်လှုပ်ချောက်ချားဖွယ်ရာ နောက်ခံရှိ‌လေသည်။

"ငါ သွေးချိတ်တံဆိပ်ကို‌ ချိုးဖျက်ဖို့ မလိုဘူး။ အဲ့ဒီအစား.... ငါ့အတွက် သွေးကိုယ်ပွားဖန်တီးနိုင်တယ်" မန်ဟိုမှာ ရင်ခုန်စိတ်လှုပ်ရှားလာပြီး မျက်လုံးများ စတင်တောက်ပလာလေသည်။

"ငါအခု လိုအပ်တာက ‌ကျီဆယ့်ကိုးဆီက သွေးပဲ" စိတ်အေးအေးထား၍ တခဏကြာ စဉ်းစားပြီးနောက်တွင် ခိုင်မာပြတ်သားမှုတို့ သူ၏မျက်လုံးများတွင် တောက်ပလာ၏။

သူသည် လက်ကို မြှောက်ပြီး သွေးမျက်နှာဖုံးအပေါ်သို့ ဖိချလိုက်လေသည်။ ထို့နောက် စိတ်ဝိညာဉ်အာရုံကို အတွင်းသို့ ပို့လွှတ်ကာ သူ့ကိုယ်သူအား ကျီဆယ့်ကိုး၏အရှေ့တည့်တည့်တွင် ပေါ်လာစေလိုက်သည်။

ကျီဆယ့်ကိုးမှာ မယုံနိုင်လောက်အောင် အားနည်းနေပုံရသော်လည်း သူ၏မျက်လုံးများက ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။ သူသည် အပြင်လောကရှိ အရှိန်အဝါကို ခံစားနေရပြီး ကျီဘိုးဘေးတစ်ဦး၏စိတ်ဆန္ဒ တည်ရှိနေကြောင်း သိလေသည်။

"ဘယ်သူများဖြစ်မလဲ...." သူက တစ်ယောက်တည်း အတွေးနက်နေ၏။ "မဖြစ်နိုင်ဘူး။ အဲ့ဒီလို ရှေးဘိုးဘေးကြီးတစ်ဦးရဲ့သွေးက ဘယ်လိုလုပ် တည်ရှိနိုင်မှာလဲ.... ဒါက မျိုးနွယ်စုသမိုင်းထက်တောင် အသက်ကြီးသေးတယ်။ ဘယ်သူများဖြစ်နေမလဲ"

ကျီးဆယ့်ကိုးမှာ အလွန်အမင်းတုန်လှုပ်နေ၍ မန်ဟို ရောက်လာခဲ့သည်ကိုပင် သတိမထားမိပေ။ မန်ဟိုသည် ရက်စက်တော့မည့် မျက်နှာပေးဖြင့် မျက်နှာဖုံး၏‌ကမ္ဘာထဲတွင် ရုပ်လုံးပေါ်လာ၏။ သူက ညာလက်ကို ဆန့်ထုတ်ပြီး ကျီဆယ့်ကိုး၏နဖူးအပေါ်သို့ တုံ့ဆိုင်းခြင်းမရှိ ဖိချလိုက်လေသည်။

"ခင်ဗျား ရုန်းချင်ရင် ရုန်း၊ တိုက်ခိုက်ချင် တိုက်ခိုက်" မန်ဟိုက မာမာထန်ထန် ပြောသည်။ "အခု ခင်ဗျားဆီက ကျီမျိုးနွယ်စုအကြောင်း သိရရ၊ မသိရရ ဂရုမစိုက်တော့ဘူး။ ကျုပ် လိုချင်တာက သွေးစက်တစ်စက်ပဲ။ ရုန်းကန်တာ၊ ငြင်းဆန်တာ၊ တိုက်ခိုက်တာ.... အကုန် အလကားပဲဖြစ်မှာ

"ပူးပေါင်းမယ်ဆိုရင်တော့ သွေးကိုပဲ ယူပြီး ထွက်သွားမယ်။ ‌အာခံမယ်ဆိုရင်တော့ ဝိညာဉ်ကို သုတ်သင်ပြီး သွေးစက်ကို အတင်းအဓမ္မ ထုတ်ပစ်မယ်" ထို့နောက် သူသည် မျက်လုံးများပိတ်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ အရုပ်လေးရုပ်‌ မှော်ဆန်ဆန်ပေါ်လာ၏။ ‌သွေးအင်မိုတယ်ကျင့်စဉ်၏ စွမ်းအားအလုံးစုံကိုလည်း စုစည်းလိုက်သည်။ အရာအားလုံးကား ကျီဆယ့်ကိုးထံမှ ဝိညာဉ်သွေးအား နုတ်ယူရာတွင် အာရုံစူးစိုက်ထားလေပြီ။

ပဒုမ္မာဓားဝင်္ကပါ၏အရှိန်အဝါမှာ နီးကပ်လာပြီး အချိန်စွမ်းအား ရုတ်တရက် လည်ပတ်လာသည်။ သူက အိပ်ပျော်နေသော သွေးခွေးကြီးကိုပင် ဆင့်‌ခေါ်လိုက်၏။

သွေးခွေးကြီးမှာ အိပ်ပျော်နေသော်လည်း အချိန်များ ကြာမြင့်လာခဲ့သည်နှင့်အမျှ ၎င်း မကြာခင် နိုးထလာတော့မည်ဖြစ်ကြောင်း မန်ဟို ခံစားရ၏။

ကျီဆယ့်ကိုး မျက်နှာပျက်သွားသည်။ မန်ဟို့အသံထဲ၌ ပါဝင်နေသော အသတ်အဖြတ်စိတ်ဆန္ဒနှင့် အေးစက်မှုကို သူ ခံစားနေရ‌ပြီး မန်ဟို အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း ပြောနိုင်သည်။

သူ ရင်တဒိန်းဒိန်း ခုန်လာလေပြီ။ သူ မရုန်းကန်ဘူးဆိုလျှင်တောင် မည်သည့်စိတ်နှင့် လိုက်လျောရမည်နည်း။ သို့သော် နီးကပ်လာသော အချိန်စွမ်းအားက သူ့မျက်နှာကို ရိပ်ခနဲ ဖြစ်သွားစေ၏။ တံခွန်သုံးခုအလံကလည်း သူ့ကို တင်းကြပ်စွာ ရစ်ပတ်တုပ်နှောင်ထားသဖြင့် သူ့မှာ အသက်ရှုသံများ မြန်လာလေသည်။ နောက်ဆုံးတွင် သွေးခွေးကြီး၏အရှိန်အဝါသည် စိတ်ဝိညာဉ်ခွဲထွက်ခြင်းစွမ်းအားအပြည့်ဖြင့် ထွက်လာတော့ပေမည်။ ကျီဆယ့်ကိုးမှာ မန်ဟို့၏ပြတ်သားမှုကို ခံစားနေရပြီး သေစေနိုင်သောအန္တရာယ်ကိုလည်း အာရုံရနေ၏။

သူ့မှာ ရုတ်တရက် မန်ဟို သူ့ကို မသတ်နိုင်ခြင်းမဟုတ်ကြောင်း သဘောပေါက်သွားလေပြီ။ မန်ဟိုက တကယ်တော့ သတ်ချင်စိတ်ရှိမနေရုံလေးသာ ဖြစ်၏။ ဤအခိုက်အတန့်တွင် မန်ဟို့ကို ကလန်ကဆန်လုပ်မိပါက မျက်စိတစ်မှိတ်အတွင်း အသက်ထွက်သွားမည်ကို ကျီဆယ့်ကိုး ကောင်းကောင်း သိလေသည်။

မန်ဟို ကျီဆယ့်ကိုးဆီမှ ဝိညာဉ်‌သွေးစက်ကို ထုတ်ယူနေသည့်အချိန်မှာပင် ကျီးနတ်မင်းမျိုးနွယ်စုနှင့် အဆိပ်ငါးသွယ်မျိုးနွယ်စုအကြား တိုက်ပွဲမှာ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

မျိုးခြားသားရဲကြီးသည် အရုပ်ဘိုးဘေးကြီးသုံးကောင်လုံးအတွက် ပြိုင်ဘက်မဟုတ်ပေ။ ကြက်တူရွေး၊ အသားဂျယ်လီဖြင့်ပင်လျှင် ၎င်းမှာ ဒဏ်ရာရထာသေး၏။ ၎င်း၏ ခန္ဓာကိုယ်မှာ တုန်ရီနေပြီး ၎င်း၏အရှိန်အဝါလည်း တစ်စတစ်စ အားနည်းလာနေသည်။ သို့သော် ၎င်းကား ဘိုးဘေးကြီးများ ကျော်ဖြတ်မသွားနိုင်အောင် ဟိန်းဟောက်ရင်း တိုက်ခိုက်နေဆဲဖြစ်၏။

လေလယ်တွင် ကျီးနတ်မင်းမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့် အကြီးအကဲများမှာ မျက်နှာများ ဖြူဖတ်နေကြသည်။ သူတို့သည် ဒဏ်ရာပြင်းထန်၍ သွေးအန်နေကြရသည်။ သူတို့၏ပုံစံများမှာ ဆီကုန်နေသည့် မီးအိမ်များသဖွယ်ပင်။

ကျန်ရှိသောမျိုးနွယ်၀င်များလည်း ခက်ခဲလွန်းသည့် အခြေအနေတွင် ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေကြသည်။ နှစ်ဖက်လုံး တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်သတ်ဖြတ်နေကြစဉ် ထိခိုက်ကျဆုံးမှုများမှာ အလွန်များပြားလာ၏။ နေရာအနှံ့အပြား၌ ခန္ဓာကိုယ်ဖောက်ခွဲသံများ ကြားနေရသည်။ ကမ္ဘာသစ်မိစ္ဆာများပင်လျှင် အလူးအလဲ ခံနေရ၏။ မောင်မွှေးထူမှာ ဒဏ်ရာအပြင်းအထန်ရထားပြီး ဘီလူးရိုင်းကြီးမှာ သွေးအန်နေရ၏။ ဂုလာ၏မျက်နှာမှာ ဖြူဖတ်ဖြူရော်နေပြီး သူ၏အရှိန်အဝါမှာ သေးသွယ်လှသော အမျှင်လေးတစ်မျှင်ထက် မပိုတော့ပေ။

ခေါင်းကိုင်ဖခင်မှာမူ အသက်စွမ်းအားကို အဆုံးစွန်ထိ လောင်ကျွမ်းစေခဲ့ပြီးဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှ သိပ်သည်းထူထပ်သော သေခြင်းချီတို့ကိုပင် ထုတ်လွှတ်နေလေပြီ။ သို့သော် သူကား နတ်ဆရာချုပ်ကြီးကို ဟန့်တားရန် အစွမ်းကုန် ကြိုးစားနေဆဲပင်။

" ဘိုးဘေးကြီး.... ကျွန်တော်တို့ ထပ်ပြီး မတောင့်ခံနိုင်တော့ဘူး.... "

" ဘိုးဘေးကြီး ကျေးဇူးပြုပြီး အဲ့ချိတ်တံဆိပ်ကို ဖျက်ဆီးလိုက်ပါတော့"

"ဘိုးဘေးကြီး…."

ထိုစကားလုံးများမှာ နှုတ်မှ ကျယ်လောင်စွာ အော်ဟစ်နေကြခြင်းမဟုတ်။ ထိုအစား ၎င်းတို့သည် မျိုးနွယ်၀င်များ၏ နှလုံးသားထဲတွင် ရေရွတ်နေသော ဆုတောင်းသံများဖြစ်သည်။

၎င်းတို့သည် အတူတကွပေါင်းစည်းပြီး စိတ်စွမ်းအားတစ်ရပ် ဖြစ်လာ၏။ အဆိုပါစိတ်စွမ်းအား၏ ပဲ့တင်ရိုက်မှုကြောင့် သွေးချိတ်တံဆိပ်ထဲရှိ မန်ဟို၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ ဝိညာဉ်သွေးတစ်စက်က သွေးမျက်နှာဖုံးအတွင်းမှ ပျံထွက်လာပြီး သူ၏လက်ဖဝါးပေါ်သို့ သက်ဆင်းလာ၏။

မန်ဟို့မျက်နှာမှာ ဖြူလျော့နေလေသည်။ ကျီဆယ့်ကိုးထံမှ ဝိညာဉ်သွေးစက်အား ထုတ်ယူရခြင်းမှာ မလွယ်ကူခဲ့ပေ။ သူသာ ကျီဆယ့်ကိုးကို ဖမ်းခဲ့စဉ်တုန်းကထက် အစွမ်းထက်မလာခဲ့လျှင် မဖြစ်နိုင်လုနီးပါးပင်။ သို့ထိတိုင် သူ့မှာ အင်အားကြီးမားသော ရန်သူတစ်ယောက်နှင့် ရက်ပေါင်းများစွာ တိုက်ခိုက်ခဲ့ရသကဲ့သို့ ပင်ပန်းနွမ်းနယ်နေသေးလေသည်။

သို့သော်လည်း အနားယူရန်အချိန်မရှိ။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဝိညာဉ်သွေးနောက်တစ်စက် ကျီဆယ့်ကိုး၏သွေးစက်ဘေးတွင် ပေါ်လာသည်။ ဤသည်မှာ ထိုနှစ်တုန်းက ပြန်လည်မွေးဖွားခြင်းဂူ၏ အပြင်တွင် ကျီမျိုးနွယ်စု၏ ရွေးချယ်ခံထံမှ ရရှိခဲ့သော သွေးဖြစ်သည်။

သွေးမျက်နှာဖုံးထဲက သွေးအပြင် ယခု သူ့တွင် စုစုပေါင်း သွေးစက်သုံးစက် ရှိသွားလေပြီ။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ သွေးအင်မိုတယ်ကျင့်စဉ်ကို အသုံးပြု၍ သွေးကိုယ်ပွားအား ဖန်တီးလိုက်သည်။

" ပေါင်းစည်းစေ " သူက ဟိန်းဟောက်လိုက်၏။ ချက်ချင်းပင် သွေးစက်နှစ်စက်က ပေါင်းစည်းသွားပြီး သူ့အရှေ့ရှိ သွေးရောင်နံရံကို ပြေး၀င်ဆောင့်လိုက်သည်။

ဤသွေးစက်အားလုံး၏ ဇစ်မြစ်က တစ်ခုတည်းဖြစ်သည်။ ၎င်းတို့ အတူတကွ ပေါင်းစည်းသွားသည့် အခိုက်အတန့်တွင် မန်ဟိုက တင်ပျဉ်ခွေပြီး မျက်လုံးများ ပိတ်လိုက်သည်။ သူ မုဒြာလက်ကွက်များ ဆက်တိုက် ဖော်နေစဉ် ပဲစေ့တမျှကြီးမားသော ချွေးပေါက်များက သူ့မျက်နှာတစ်လျှောက် စီးကျလာ၏။ သူ၏လက်ကွက်များက မြန်သထက်မြန်လာပြီး ချုပ်နှောင်အမှတ်အသားများ လွင့်မျောထွက်လာသည်။ တစ်ချိန်တည်းမှာပင် သူ့ပတ်ပတ်လည်ရှိ သွေးရောင်ချိတ်တံဆိပ်သည် ကျုံ့လာ၏။

ထူးဆန်းသော ကျုံ့ခြင်းဖြစ်စဉ် စတင်နေစဉ် သွေးချိတ်တံဆိပ်အတွင်းမှ ဝူးဝူးဝါးဝါး အော်ဟစ်သံများ ထွက်လာသည်။ ချက်ချင်းပင် စစ်မြေပြင်တစ်ခုလုံး တုန်ခါလာ၏။ အဆိပ်ငါးသွယ်မျိုးနွယ်စု ကျင့်ကြံသူများ မျက်စိမျက်နှာပျက်သွားကြလေပြီ။ အရုပ်ဘိုးဘေးကြီးသုံးကောင်ပင်လျှင် အံ့အားသင့်သွားသယောင်ရှိ၏။

ကျီးနတ်မင်းမျိုးနွယ်စုများ ထိုအသံကို ကြားသောအခါ ချက်ချင်း တက်ကြွသွားကြ၏။

ထောင်သောင်းပေါင်းများစွာသောလူများ ကြည့်ရှုနေစဉ် သွေးစက်လုံး၏ မျက်နှာပြင်မှာ ထူးဆန်းသော အက်ကြောင်းများဖြင့် ဖုံးသွား၏။ အဆိပ်ငါးသွယ်မျိုးနွယ်စု ခေါင်းကိုင်ဖခင်မှာ ရင်တဒိန်းဒိန်းခုန်နေပြီး ကြောက်စိတ်အပြည့်ဖြင့် ကြည့်နေသည်။ သူ့မှာ ရုတ်တရက် အလွန့်အလွန် မကောင်းသော ခံစားချက်ကြီးရလာလေသည်။

သူက ဟိန်းဟောက်ရင်း မုဒြာလက်ကွက်ဖော်ကာ ချိတ်တံဆိပ်ကို အားဆက်ဖြည့်လိုက်သည်။

သို့ထိတိုင် ဂျုန်းခနဲ လေတွင် ထစ်ချုန်းသွားပြီး သွေးစက်လုံးကြီးမှာ မီတာသုံးဆယ်အကျယ်မှာ ဆယ့်ငါးမီတာအထိသာ ရှိတော့သည်အထိ လျှပ်တပြက် ကျုံ့သွားသည်။ ထိုသို့ကျုံ့သွားစဉ် သွေးစက်လုံး၏ မျက်နှာပြင်ပေါ်၌ အကျည်းတန်မျက်နှာနှစ်သောင်း ရုတ်တရက် ပေါ်လာ၏။ ဤမျက်နှာများသည် ကောင်းကင်ဘုံသွေးစက်၏ စိတ်ဆန္ဒကို ထိန်းချုပ်ရန်အလို့ငှာ ၎င်းနှင့်ပေါင်းစည်းထားခဲ့သော အဆိပ်ငါးသွယ်မျိုးနွယ်၀င်များ၏ စိတ်ဝိညာဉ်များဖြစ်ကြလေသည်။

အုန်းခနဲ အသံနှင့်အတူ မျက်နှာတစ်သောင်း ဖယ်ရှားခံလိုက်ရသည်။ သွေးစက်လုံးကား ထပ်မံကျုံ့သွားပြန်၏။ ၎င်းကား ဆယ်မီတာအကျယ်သာ ရှိလေတော့သည်။ ၎င်းအတွင်းတွင် အံ့ဩဖွယ်ကောင်းလောက်အောင် စင်ကြ‌ယ်နေသော အငွေ့အသက်ဖြစ်တည်လာသည်‌။

တစ်ချိန်တည်းမှာပင် ချောက်ချားစရာကောင်းသော အရှိန်အဝါတစ်ခုလည်း ပေါက်ကွဲထွက်လာသည်။ ဤအရှိန်အဝါသည် မန်ဟို၏ ယခင်သွေးကိုယ်ပွားများမှ ဖြစ်ပေါ်လာခဲ့သည်ထက် အဆများစွာသာ၏။ ဤအရှိန်အဝါမှာ လူမဟုတ်သောအရာတစ်ခု ဖြစ်တည်လာတော့မည့်အလား  ကောင်းကင်နှင့်မြေကြီးကို တုန်ခါနေစေပြီး ကောင်းကင်တစ်ခုလုံးအား ရဲရဲနီသွားစေလေပြီ။

အရှိန်အဝါ၏ပြင်းအားကား စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ထက်ပင် သာလွန်လေရာ လူတိုင်းလူတိုင်း၏မျက်နှာများ၌ အံ့ဩမှင်သက်ခြင်းတို့ဖြင့် ပြည့်နှက်သွားစေသော အတိုင်းအတာသို့ပင် ရောက်ရှိသွား၏။ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အစွမ်းထက်ပညာရှင်များမှာ ကျောက်ရုပ်ကြီးသဖွယ်ဖြစ်လျက် ပါးစပ်ပင် မစေ့နိုင်တော့ပေ။

ယခုတွင် ဘာဖြစ်နေသည်လဲ သူတို့ အတိအကျ သိသွားလေပြီ။ အဆိပ်ငါးသွယ်မျိုးနွယ်စု ကျင့်ကြံသူများ၏ စိတ်ဝိညာဉ်များမှာ သွေးစက်လုံးထဲမှ ဖယ်ရှားနှင်ထုတ်ခံနေရပြီဖြစ်သည်။ ထိုအခြင်းအရာအရ သွေးသည် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ထိန်းချုပ်မှုအောက်တွင် မဟုတ်တော့ကြောင်း ဆိုလိုလေသည်။

အလွန်တရာကျယ်လောင်လှသော ဟိန်းဟောက်သံကြီးတစ်သံ အဘက်ဘက်သို့ ရိုက်ညောင်းသွားလေရာ စစ်မြေပြင်ရှိ ကျင့်ကြံသူများအပြင် ကမ္ဘာသစ်မိစ္ဆာများနှင့် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အရုပ်ဘိုးဘေးကြီးများ အားလုံးအား တုန်လှုပ်ချောက်ချားသွားစေသည်။

သူတို့ တုန်လှုပ်၍ပင် မပြီးသေး၊ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကျန်ရှိသော မျက်နှာတစ်သောင်း ဖယ်ရှားခံလိုက်ရသဖြင့် ထစ်ချုန်းသံကြီး မြည်ဟည်းလာပြန်လေပြီ။

အလွန်အမင်း ကြောက်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါသည် မိုးကောင်းကင်ထိတိုင် ထိုးတက်သွား၏။ အရာအားလုံး မှေးမှိန်လာပြီး တိမ်များ လွင့်စင်သွားသည်။ တစ်ကမ္ဘာလုံးမှာ သွေးရောင်ခြယ်သော ငရဲဘုံ ဖြစ်လာခဲ့သည့်အတိုင်းပင်။

"သူထွက်လာလို့မဖြစ်ဘူး " အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်က ဟိန်းဟောက်လိုက်သည်။ သူက မန်ဟို ထွက်မလာအောင် ဟန့်တားရန်အတွက် အစွမ်းကုန်ထုတ်ရင်း အရှေ့သို့ ပျံထွက်သွား၏။ နတ်ဆရာချုပ်ကြီးက ကျီးနတ်မင်းမျိုးနွယ်စုခေါင်းကိုင်ဖခင်ထံမှ ရှောင်ထွက်လိုက်သဖြင့် ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူလည်း ကြောက်စိတ်အပြည့်ဖြင့် ကူညီရန် ရှေ့တက်သွားလေသည်။

***

All Chapters