သွေးကိုယ်ပွား မွေးဖွားလာခြင်း
Vol. 35 Ch. 485
သွေးစက်လုံးထံမှ သွေးရူးသွေးတန်း လှုပ်ရှားကခုန်လျက် ထွက်လာနေသော အရှိန်အဝါသည် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အရုပ်ဘိုးဘေးကြီးများကိုပင် တုန်လှုပ်ချောက်ချားသွားစေ၏။ သူတို့အားလုံးမှာ ကိုးကွယ်စွမ်းအားအလုံးစုံ အသုံးပြုရင်း မျိုးခြားသားရဲကြီးချုပ်ထားသည်ကို ချိုးဖျက်လိုက်ကြသည်။ သူတို့လည်း သွေးချိတ်တံဆိပ်အား စတင်အားဖြည့်ပေးလာကြ၏။
"ငါတို့ သူ့ကို ထွက်လာခွင့်ပေးလို့မဖြစ်ဘူး။ ထွက်မလာစေနဲ့"
အဆိပ်ငါးသွယ်မျိုးနွယ်စု၏ နတ်ဆရာကြီးများလည်း ကျုံ့လာနေသော သွေးစက်လုံးထံသို့ တဟုန်ထိုး ပျံထွက်သွားကြသည်။ ငါးယောက်က ဖောက်ထွက်နိုင်သွားပြီး ကြောက်ကြောက်လန့်လန့်နှင့် ချိတ်တံဆိပ်အတွင်းသို့ အားများ ထပ်ထည့်ပေးနေကြ၏။
အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူခုနစ်ယောက်နှင့် အရုပ်ဘိုးဘေးကြီးသုံးကောင်၏ အားအရပ်ရပ်က သွေးစက်လုံး၏ ချိတ်ပိတ်စွမ်းအားအတွင်းသို့ စီးဝင်နေလေသည်။
ကျီးနတ်မင်းမျိုးနွယ်ဝင်များလည်း အသာစီးရရန် အသည်းအသန် ကြိုးစားနေကြ၏။ အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များကလည်း အပြင်းအထန် ပြန်တိုက်ခိုက်ကြသည်။ တိုက်ပွဲကား အကြိတ်အနယ် ဖြစ်လာခဲ့လေပြီ။
သို့သော် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အထွပ်အထိပ်စွမ်းအားအလုံးစုံ သွေးချိတ်တံဆိပ်အပေါ် စုဆုံကျရောက်နေသည့်တိုင် ၎င်းမှာ ဆက်လက်ကျုံ့လာနေသေး၏။ မကြာမီ ၎င်းသည် သုံးမီတာအကျယ်သာ ရှိတော့သည်။ ဤအခိုက်အတန့်တွင် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ စိတ်ဝိညာဉ်များအားလုံးနီးပါး ဖယ်ရှားခံခဲ့ရလေပြီ။ မှော်မျက်နှာများမှာ ဝေဒနာကြီးစွာ ခံစားနေရသော မျက်နှာအမူအရာများဖြင့် လွင့်စင်ပြိုကွဲသွားကြ၏။
သွေးစက်လုံးအတွင်းမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကိုပင် မွန်းကြပ်သွားစေသော ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ဖြာထွက်လာသည်။ အရှိန်အဝါက သူတို့ကို ရိုက်ခတ်လိုက်သဖြင့် သူတို့မျက်နှာများ ဖြူဖျော့သွားပြီး စိတ်ထဲတွင် ဂျုန်းခနဲ ထစ်ချုန်းသွားကာ သွေးအန်လိုက်ရ၏။
အရုပ်ဘိုးဘေးကြီးသုံးကောင်၏မျက်နှာများမှာ တစ်ခါမှ မခံစားရဖူးသော ကြောက်ရွံ့ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်သွားပြီး ….. ၎င်းတို့၏ ခန္ဓာကိုယ်များပင်လျှင် တဆတ်ဆတ်တုန်ရီလာသည်အထိ ဖြစ်လေ၏။
ယခုတွင် သွေးစက်လုံးအထဲဝယ် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ စိတ်ဝိညာဉ်တစ်ခုမှ မရှိတော့ပေ။ မျက်စိတစ်မှိတ်အတွင်း ၎င်းအတွင်းရှိ အသိစိတ်အလုံးစုံ ပျောက်ကွယ်သွားခဲ့ကာ သွေးအင်မိုတယ်ကျင့်စဉ်ဖြင့် အစားထိုးခံလိုက်ရပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် လူတစ်ယောက်ပုံစံ ကျုံ့လာနေ၏။
ထိုပုဂ္ဂိုလ်ကား မန်ဟိုနှင့် ချွတ်စွတ်ပင်။
" သူ့ကိုသတ်ပစ် " အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်က အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ သူ့ပုံစံမှာ ရူးသွပ်တော့မည့်ပင်။ သူသည် ယခုတွင် ချုပ်နှောင်ပိတ်လှောင်မည့်အကြံဟူသမျှကို စွန့်လွှတ်ခဲ့ပြီး ထိုအစား သွေးလူရိပ်ထံသို့ သေစေနိုင်သော နတ်ဘုရားအာရုံများအား ထုတ်လွှတ်နေ၏။
အခြားသူများလည်း ထိုနည်းတူပင်။ အရုပ်ဘိုးဘေးကြီးသုံးကောင်လည်း တိုက်ခိုက်လိုက်သဖြင့် ပေါက်ကွဲသံများ တအုန်းအုန်း ပဲ့တင်ထပ်သွားသည်။ သို့သော် သွေးလူရိပ်ကား တုံ့ပြန်ခြင်းပင် မရှိ။ အဆိပ်ငါးသွယ်မျိုးနွယ်စု ခေါင်းကိုင်ဖခင် ထိတ်လန့်သွားသည်။
"ဒီကောင် မန်ဟိုက ကောင်းကင်ဘုံသွေးစက်ကို သန့်စင်လိုက်ပြီ။ သူ....သူက တကယ်ကြီး သွေးသတ္တဝါတစ်ကောင်အဖြစ် သန့်စင်ပစ်လိုက်ပြီ"
"မဖြစ်နိုင်ဘူး။ အဲ့ဒီကောင်းကင်ဘုံသွေးစက်ကို ငါတို့ရဲ့ဘိုးဘေးကြီးတစ်ယောက် ကံကောင်းပြီးရခဲ့တာ။ သူ့မှာ ပါရှိနေတဲ့စွမ်းအားက အင်မတန် ကြောက်ဖို့ကောင်းတယ်။ ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဘယ်လိုလုပ်ပြီး ပေါင်းစည်းလို့ရမှာတုန်း... နှစ်ပေါင်းတစ်လျှောက်လုံး အဲ့ဒီလိုပေါင်းစည်းဖို့ ကြိုးစားခဲ့တဲ့လူမှန်သမျှ သေသွားကြတာလေ။ ငါတို့ အကောင်းဆုံးလုပ်နိုင်ခဲ့တာဆိုလို့ အဲဒီဟာကို အတတ်နိုင်ဆုံး ထိန်းချုပ်လို့ရတဲ့ ကျင့်စဉ်ကို စဉ်းစားနိုင်ခဲ့ရုံပဲရှိတာ"
ခေါင်းကိုင်ဖခင်နှင့် အခြားသူများမှာ ချာချာလည် မူးဝေနေကြပြီး သူတို့၏မျက်နှာအမူရာမှာ အံ့ဩတုန်လှုပ်နေကြသည့်ဟန်ရှိသည်။
ပို၍ပင်ခါးသီးနာကြည်းစရာကောင်းသည်က သူတို့၏ တန်ဖိုးထားရသော ရတနာ၊ ရန်သူကို ဖျက်ဆီးသတ်ဖြတ်နိုင်သည့် လျှို့ဝှက်လက်နက်မှာ တစ်ပါးသူ၏လက်ထဲတွင် အောင်မြင်စွာ သန့်စင်ခံခဲ့ရခြင်းဖြစ်သည်။ သူတို့မှာ ထိုအဖိုးထိုက်ရတနာကို လက်ဆောင်အဖြစ် ပေးလိုက်ရသည့်အလားပင်။ ဤအတွေးက သူတို့ကို အောင့်သက်သက်ဖြစ်သွားစေ၏။
ယခုအချိန်သည် မန်ဟို့အတွက် သွေးကိုယ်ပွားကို သန့်စင်ရာတွင် အရေးကြီးသောအခိုက်တန့်တစ်ခု ဖြစ်လေသည်။ ဤသွေးကိုယ်ပွားသည် အတိတ်တုန်းက သူဖန်တီးခဲ့သော သွေးကိုယ်ပွားများနှင့် လုံး၀ကွဲပြားခြားနားသည်ဟူသော ခံစားချက်ကြီးအား ရနေ၏။ ယခင်သွေးကိုယ်ပွားများက ပိုးဖလံများဖြစ်လျှင် ဤသွေးကိုယ်ပွားက တောက်ပနေသောလပြည့်၀န်းကြီး ဖြစ်ပေလိမ့်မည်။
" ဆိုတော့ ကျီမျိုးနွယ်သွေးကိုယ်ပွားက ဒီလောက်အထိ အစွမ်းထက်တာကိုး...." ထိုကဲ့သို့သော မယုံကြည်နိုင်ဖွယ် စွမ်းအားအဆင့်မှာ မန်ဟို ခန့်မှန်းနိုင်သည့် အတိုင်းအတာထက် များစွာကျော်လွန်နေ၏။ ယခုအချိန်တွင် သူသည် သန့်စင်ခြင်းကို ဆက်လက်လုပ်ဆောင်နေသည်နှင့်အမျှ သွေး၏စိတ်ဆန္ဒ တဖြည်းဖြည်း နိုးထလာနေသော လက္ခဏာများအား မြင်တွေ့နေရလေပြီ။
ယင်းကား သွေးအင်မိုတယ်ကျင့်စဉ်၏ လုပ်ဆောင်ချက်များထဲက တစ်ခုဖြစ်သည်။ ၎င်းက သွေးအတွင်း၌ ဖုံးကွယ်ထားသော သွေးဆက်စွမ်းအားကို ထုတ်ဖော်နိုင်လေသည်။ သွေးက ပို၍ရှေးကျလေလေ သွေးဆက်စွမ်းအား ပိုမိုသန့်စင်လေလေဖြစ်ပြီး သွေးကိုယ်ပွား အစွမ်းထက်လေလေဖြစ်၏။
မန်ဟို အသက်ပြင်းပြင်းတစ်ချက် ရှုသွင်းလိုက်ပြီး ယခု ဘာလုပ်ရမည်လဲ သိသွားသည်။ သွေးကိုယ်ပွား၏ အမြုတေအဖြစ် လုပ်ဆောင်နိုင်မည့် အရာတစ်ခုကို ရှာရမည်။ ထိုအမြုတေက ဖျက်ဆီး၍မရလျှင် သွေးကိုယ်ပွားလည်း ဖျက်ဆီး၍ရမည် မဟုတ်ပေ။
မန်ဟိုအတိတ်တုန်းက ဖန်တီးခဲ့သည့် ကိုယ်ပွားများသည် အကြမ်းထည်သာ ဖြစ်ခဲ့ပြီး အသားဂျယ်လီ၏ အရေပြားကို သုံး၍ သန့်စင်ထားခဲ့ခြင်း ဖြစ်သည်။ သို့ပင်ငြား မန်ဟို့အတွက် သူတို့၏အသုံး၀င်မှုမှာ အတိုင်းထက်အလွန်ဖြစ်ခဲ့လေသည်။
ဤသွေးကိုယ်ပွားအား အောင်မြင်စွာ သန့်စင်ပုံနှင့် ၎င်း၏ကြောက်စရာစွမ်းအားအဆင့်မှာ သွေးအင်မိုတယ်ကျင့်စဉ်ပင် မဖော်ပြထားသော အရာတစ်ခုဖြစ်သည်။ သွေးအင်မိုတယ်ကိုယ်တိုင်ပင်လျှင် ယခုကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဟု ဘယ်တော့မှ မထင်ထားခဲ့ပေ။ သွေးအင်မိုတယ်ပင်....ကျီမျိုးနွယ်သွေးကိုယ်ပွားလို ကိုယ်ပွားအား ဘယ်တော့မှ မဖန်တီးခဲ့ဖူးပေ။
သွေးအင်မိုတယ်မှာ သာမန်ကျီမျိုးနွယ်၀င်များကို လုံး၀အထင်သေးခဲ့သည် မဟုတ်ပါလော။ သူ၏အဓိကရည်ရွယ်ချက်မှာ ကျီမျိုးနွယ်တိုက်ရိုက်မျိုးဆက်များ၏ သွေးကို သန့်စင်ရန်ဖြစ်သည်။ သို့သော် တိုက်ရိုက်မျိုးဆက်များ၏သွေးမှ ဖန်တီးထားသော သွေးကိုယ်ပွားများပင်လျှင် ယခုဖြစ်ပေါ်လာတော့မည့် ကျီမျိုးနွယ်သွေးကိုယ်ပွားနှင့် နှိုင်းယှဉ်လျှင် သေးနုပ်သွားပေလိမ့်မည်။
အဘယ့်ကြောင့်ဆိုသော် ဤသွေးကိုယ်ပွားအားဖွဲ့စည်းထားသော သွေးစက်များထဲက တစ်စက်သည် ကျီမျိူးနွယ်စု၏ ရွေးချယ်ခံတစ်ယောက်ထံမှ ဖြစ်သည်။ တစ်စက်ကား ကျီဆယ့်ကိုးထံမှပင်။ သွေးကိုယ်ပွား မည်မျှအစွမ်းထက်လိမ့်မည်ကို ဆုံးဖြတ်ပေးမည့် နောက်ဆုံးတစ်စက်ကတော့ ကျီဆယ့်ကိုးပင်လျှင် သေချာမသိသော ဇစ်မြစ်မှ ဖြစ်လေ၏။ သူပြောနိုင်သည့် တစ်ခုတည်းသောအရာမှာ ဤသွေးစက်သည် ရှေးကမ္ဘာဦးအစမှ လာခဲ့ပြီး မူလဘိုးဘေးကြီးတစ်ဦး၏ သွေးနီးပါး အစွမ်းထက်သည်ကိုပင်။
၎င်းသည် ဤသွေးကိုယ်ပွားအား လုံး၀ခြားနားသွားစေသော နောက်ဆုံးသွေးစက်ဖြစ်၏။ အမှန်တွင် မန်ဟို နောင်အနာဂတ်တွင် နောက်ထပ်သွေးစက်ခြောက်စက် စုဆောင်းနိုင်ခဲ့ပြီး ဤသွေးကိုယ်ပွားနှင့် ပေါင်းစည်းနိုင်လျှင်တော့ ပြီးပြည့်စုံသော သွေးနတ်ဘုရားတစ်ကိုယ်ကို ဖန်တီးနိုင်လိမ့်မည်။ ထိုသို့ဖြစ်လျှင် ဘိုးဘေးနိုးထခြင်းစွမ်းအား ထွက်ပေါ်လာပြီး လျှို့ဝှက်ဆန်းကြယ်သော ကျီမျိုးနွယ်ဘိုးဘေးကြီး ပေါ်ပေါက်လာပေလိမ့်မည်။
ထိုအချိန် ရောက်သောအခါ ဤပုဂ္ဂိုလ် မည်သူဖြစ်သည်ဆိုသည်နှင့် သူ၏စစ်မှန်သော သရုပ်မှန်ကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။
အဆိပ်ငါးသွယ်မျိုးစု၏ အထွတ်အထိပ်စွမ်းအားအလုံးစုံမှ တိုက်ခိုက်လိုက်သောကြောင့် ပဲ့တင်ရိုက်သံများ လေတွင် ပြည့်နှက်နေသည်။ မန်ဟို့ကို လွှမ်းခြုံထားသော သွေးလူရိပ်မှာ ထူးဆန်းသော ပုံစံကြီးဖြင့် ထွန့်ထွန့်လူးနေ၏။ သို့သော် မည်သည့်နတ်ဘုရားစွမ်းရည်မှ ၎င်း ဖြစ်ပေါ်နေခြင်းအား မဟန့်တားနိုင်ပေ။
သွေးလူရိပ်သည် တဖြည်းဖြည်း ပိုမိုသန့်စင်လာ၏။ မန်ဟို့၏ပုံပန်းသွင်ပြင်များလည်း ဖြည်းညင်းစွာ ပိုပို၍ထင်ရှားပြတ်သားလာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းထံမှ သွေးအလင်းရောင်သည် လှိုင်းထနေသာရေသဖွယ် ဖြာထွက်လာ၏။ အဆိပ်ငါးသွယ်မျိုးနွယ်စု ခေါင်းကိုင်ဖခင် မျက်နှာပျက်သွားသည်။ သူသည် မန်ဟို့ကို ၀န်းရံနေသော သွေးလူရိပ်မှ ချုပ်တည်းထားသော အံ့မခန်းလိလိ အရှိန်အဝါတစ်ခုအား အာရုံရလိုက်လေသည်။
"သူ့ကို အစွမ်းကုန် သုတ်သင်ပစ်ကြ" အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်က ဟိန်းဟောက်လိုက်သည်။ သူသည် လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ သူ၏ ခန္ဓာကိုယ်မှာ အတန်ငယ် ခြောက်ကပ်သွားသော်လည်း မန်ဟို့ထံ တအိအိလှုပ်ရှားသွားသော ငါးရောင်ခြယ်မြူတိမ်တိုက်တစ်ခု ပေါ်လာသည်။
နတ်ဆရာကြီး၏မျက်နှာလည်း ရိပ်ခနဲဖြစ်သွားပြီး သူက ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ သူ့ခန္ဓာကိုယ်အပေါ် ရှိ အရုပ်များက အဆိပ်သတ္တဝါငါးကောင်လုံး ပေါင်းစည်းထားသော သတ္တဝါကြီးတစ်ကောင်အား မှော်ဆန်ဆန် ဖန်ဆင်းလိုက်သည်။ ထိုသတ္တဝါကြီးက မန်ဟို့ထံသို့ ပြေး၀င်သွားချေသည်။
ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူငါးဦးလည်း အစွမ်းထက်ဆုံး နတ်ဘုရားစွမ်းရည်များအား ထုတ်လွှတ်လိုက်ကြသည်။ အရုပ်ဘိုးဘေးကြီးသုံးကောင်မှာမူ တစ်မီတာ၊နှစ်မီတာထက် မပိုတော့သည့်တိုင်အောင် ရုတ်တရက်ကြီး ကျုံ့လာကြ၏။ ဤအခြင်းအရာအရ ယခုတွင် သူတို့၏ခန္ဓာကိုယ်များမှာ ပိုမိုသန့်စင်သွားပြီဖြစ်ကြောင်း ဆိုလိုလေသည်။ သူတို့က မန်ဟို့ဆီ ပြေး၀င်သွားကြသည်။ သူတို့သည် မန်ဟို့ထံမှ ဖြာထွက်နေသော သွေးရောင်အလင်းမှာ အလွန်အစွမ်းထက်လှသဖြင့် သူတို့ကိုပင် ချုပ်နှောင်ပြီး ချေမှုန်းပစ်နိုင်ကြောင်း အာရုံရနေ၏။ ထိုကဲ့သို့သော ချုပ်နှောင်ခြင်းအားမှာ ချောက်ချားစရာကောင်းလွန်း၍ အပြည့်အ၀ မပေါ်ပေါက်လာခင်ပင် ဖျက်စီးပစ်ရန် လိုအပ်လေသည်။ ၎င်းသည် သူတို့၏ ဝိညာဉ်နှင့်သွေးအတွင်းမှ ပေါက်ဖွားလာသော အလိုလိုသိစိတ် ဖြစ်၏။ သွေးအလင်းရောင် အပြည့်အ၀ဖြစ်တည်လာပါက အရုပ်ဘိုးဘေးကြီးသုံးကောင်ပင် ရှိစေကာမူ အရေးကြီးမည်မဟုတ်တော့။ ထိုကဲ့သို့အတိုက်အခိုက်စွမ်းအားရှေ့မှောက်တွင် သူတို့မှာ ကြက်ကလေး၊ ငှက်ကလေးလို ချေမှုန်းခံလိုက်ရမည်သာဖြစ်၏။
သို့သော် သူတို့၏ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပညာရပ်များ ကျရောက်သွားသည့် အချိန်မှာပင် မန်ဟို့ကို ၀န်းရံထားသည် သွေးရောင်အလင်းကား ရုတ်တရက် ကျုံ့သွားပြီး မန်ဟို့နဖူးပေါ်တွင် အနီရောင်အစက်လေးတစ်စက် ဖြစ်တည်လာ၏။ မန်ဟို့၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာလေပြီ။
သူ၏မျက်လုံးများ ပွင့်လာသည်နှင့်တစ်ပြိုင်နက် သူ့နဖူးပေါ်ရှိ အရောင်အဝါကွန့်မြူးနေသော သွေးစက် ပျံထွက်သွား၏။ ၎င်းသည် အမြင့်ဆုံးသံကြီးဖြင့် စူးစူးဝါးဝါး အော်ကာ အသံလှိုင်းများ ဖြာထွက်သွားစေလိုက်သည်။ စီရင်ထားသည့် ချိတ်တံဆိပ်များအားလုံး ဘန်းခနဲ ဘန်းခနဲ ကွဲကြေကုန်၏။
တလက်လက်တောက်ပနေသော သွေးစက်က မြွေပွေးဘိုးဘေးဆီ ပြေးဝင်သွားသော သွေးတန်းတစ်တန်းဖြစ်သွားသည်။ မြွေပွေးဘိုးဘေးက ဆောက်တည်ရာမဲ့လျက် အလန့်တကြား နောက်ဆုတ်သွားလေသည်။ ၎င်း၏ဝိညာဉ်ပင်လျှင် တဆတ်ဆတ်တုန်ရီလာပြီး ၎င်းမှာ ယုံကြည်ချက်မရှိတော့သကဲ့သို့ ပြန်တိုက်ခိုက်နိုင်စွမ်းမရှိတော့ပေ။
သွေးတန်းက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် မြေပွေးဘိုးဘေးကြီးကို ထုတ်ချင်းဖောက်ထွက်သွားသည်။
မြွေပွေးဘိုးဘေးကြီးမှာ အဆီအနှစ်၊ အသက်စွမ်းအား၊ သွေးအစရှိသဖြင့် အရာအားလုံး ချက်ချင်း စုပ်ယူခံလိုက်ရသဖြင့် တစ်ကိုယ်လုံးခြောက်ကပ်သွားလေပြီ။
ထိရောက်မှုကား ကောင်းကင်ဘုံမှလာသော အင်အားကြီးအတိုင်းပင်။ ၎င်း သင့်ကို သေစေချင်လျှင်၊ သင့်တွင် သေရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိ။ ဤသွေးကိုယ်ပွားသည် ကျီမျိုးနွယ်သွေးကိုယ်ပွားဖြစ်ပြီး ကျီးမျိုးနွယ်စုဆိုသည်မှာ နဝမတောင်နှင့်ပင်လယ်၏ ကောင်းကင်ဖြစ်သည်။
၎င်း သင့်ဆီမှ အရာအားလုံး လုယူချင်လျှင် သင် မည်မျှလက်မခံစေကာမူ အချည်းနှီးသာ ဖြစ်ပေမည်။ ကျီမျိုးနွယ်စုအတွက် ကျီမျိုးနွယ်မဟုတ်သော မည်သည့်ပုဂ္ဂိုလ်မဆို မိစ္ဆာဒိဋ္ဌိသာ ဖြစ်လေ၏။
ဥပမာအားဖြင့် ဤအရုပ်ဘိုးဘေးကြီးမှာ …. ကျီမျိုးနွယ်စု သုတ်သင်ရှင်းလင်းပစ်ခဲ့သော မျိုးနွယ်စုတစ်စုဖြစ်သည့် ရှေးအင်မိုတယ်မိစ္ဆာဂိုဏ်းမှ အစပြုလေသည်။
အရုပ်ဘိုးဘေးကြီး၏သေဆုံးခြင်းက အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူများ၏ စိတ်နှလုံးအား တုန်လှုပ်သွားစေသော မိုးထစ်ချုန်းသံကြီးဖြစ်သွား၏။ ခေါင်းကိုင်ဖခင်၊ နတ်ဆရာကြီးများနှင့် အခြားသူများအားလုံး မျက်နှာပျက်သွားကြသည်။
"မဖြစ်နိုင်ဘူး"
"ကိုးကွယ်ရာဘိုးဘေးကြီး.... ကိုးကွယ်ရာဘိုးဘေးကြီး စုပ်ယူခံလိုက်တယ်...."
"ဒါက ... ဒါက ..." မြွေပွေးဘိုးဘေး၏ အလောင်းကြီး မြေကြီးပေါ်သို့ ပြုတ်ကျလာသောအခါ သွေးအန်ပြီး အော်ဟစ်ငိုယိုလာကြသော အဆိပ်ငါးသွယ်မျိုးနွယ်ဝင်တစ်ထောင်ခန့် ရှိလေသည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အရုပ်ဆေးမင်ကြောင်များလည်း မှေးမှိန်လာပြီး ကျင့်ကြံအဆင့်များ ကျဆင်းလာကြ၏။
နတ်ဆရာကြီးဆယ်ယောက်ကျော်ပင်လျှင် မယုံနိုင်သော မျက်နှာထားများဖြင့် သွေးအန်ပြီး တုန်ရီလာကြသည်။
"ကိုးကွယ်ရာ ဘိုးဘေးကြီး ... ကွယ်လွန်သွားပြီ"
သွေးတန်းကြီး လေကို ခွင်းသွားနေစဉ် တစ်ခုခုအား ဂလုခနဲ မြိုချလိုက်သံကြီး ထွက်လာသည်။ ပဲ့တင်ထပ်လာသော ထိုအသံက လူတိုင်းသာမက ကျန်ဘိုးဘေးကြီးနှစ်ကောင်ကိုပင်လျှင် ချက်ချင်း တိုက်ခိုက်နေမှုမှန်သမျှ ရပ်ပြီး လျှပ်တပြက် နောက်ဆုတ်လိုက်မိစေသည်။ မန်ဟို့၏ပတ်ပတ်လည်တွင် သွေးမျက်နှာကြီးတစ်ဖက် ဂျိန်းခနဲ ပေါ်လာ၏။ သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီးနောက် အသေးစားနေရာရွှေ့ပြောင်းခြင်းအသုံးပြုကာ အဝေးတွင် ပြန်ပေါ်လာပြီး ဝိုင်းအုံနေသော အဆိပ်ငါးသွယ်မျိုးနွယ်စုထံသို့ ပျံထွက်သွားသည်။
"သွေးကိုယ်ပွား..." သူက အေးတိအေးစက်ပြောသည်။ "မင်း ဆက်စားလို့ရတယ်" အသတ်အဖြတ်စိတ်ဆန္ဒတို့ မန်ဟို့၏မျက်လုံးများတွင် သက်ဝင်နေ၏။ သွေးတန်းက အော်သံပြုပြီး ရုတ်တရက် လူရိပ်တစ်ခုအသွင် အကောင်အထည်ဖြစ်တည်လာသည်။
၎င်းသည် သွေးရောင်အလင်းအား ထုတ်လွှတ်နေပြီး စူးရှတောက်ပနေသော မျက်လုံးနီနီကြီးများရှိသည်ကလွဲ၍ မန်ဟိုနှင့် တစ်ပုံစံတည်းတူလေသည်။ ၎င်း၏ခန္ဓာကိုယ်က ဖျတ်ခနဲ ကျန်အရုပ်ဘိုးဘေးကြီးနှစ်ကောင်ဆီသို့ ထွက်သွား၏။
အရုပ်ဘိုးဘေးကြီးနှစ်ကောင်မှာ မြန်နိုင်သမျှမြန်မြန် အလိုလို နောက်ဆုတ်မိလိုက်ကြသည်။ ကံဆိုးစွာနှင့် ၎င်းတို့ သည့်ထက်မြန်မြန်သွားနိုင်လျှင်တောင်မှ ကျီမျိုးနွယ်သွေးကိုယ်ပွားထက် မြန်နိုင်မည်မဟုတ်ပေ။
"ကမ္ဘာသစ်မိစ္ဆာတို့...." မန်ဟိုအသံကြီးက ပဲ့တင်ထပ်သွား၏။ "ငါက မင်းတို့ရဲ့ မိစ္ဆာခေါင်းဆောင်ကြီးပဲ။ ဒီနေ့ မင်းတို့ စိတ်ကြိုက်သတ်ရမယ်" ကမ္ဘာသစ်မိစ္ဆာရှစ်သောင်းအနက် လေးသောင်းကျန်ရှိပြီး တစ်ဝက်နီးပါး အသတ်ခံလိုက်ရလေပြီ။ သို့သော် ဤအခိုက်အတန့်တွင် ကျန်ရှိသောကမ္ဘာသစ်မိစ္ဆာလေးသောင်းက ခေါင်းထောင်ပြီး ကောင်းကင်ဘုံကိုပင် တုန်ခါသွားစေနိုင်သောအသံကြီးဖြင့် ဟိန်းဟောက်လိုက်ကြသည်။ အကန့်အသတ်မဲ့သော မိစ္ဆာချီတို့ ရုတ်ခြည်း မန်ဟို့ဆီ အပြေးအလွှားဝင်ရောက်လာပြီးနောက် ဖြာထွက်ကာ ကမ္ဘာသစ်မိစ္ဆာများ၏ စုပ်ယူခြင်း ခံလိုက်ရသည်။ ထို့အပြင် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ကမ္ဘာသစ်မိစ္ဆာများ တဆတ်ဆတ် တုန်ရီလာပြီး အညံ့ခံသောအသံများဖြင့် မြည်တမ်းလာကြ၏။
ဤရုတ်တရက်ဆန်သော အလစ်တိုက်ခိုက်မှုကြောင့် အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူများမှာ လုံးဝဖရိုဖရဲဖြစ်ကုန်နေတော့သည်။
"ငါ့ကို သက်ဝင်ယုံကြည်ကြလော့။ ငါ့ကို ပူဇော်ကိုးကွယ်တဲ့မျိုးနွယ်စု အပေါင်းတို့ ငါက မင်းတို့ရဲ့ အရုပ်ဘိုးဘေးကြီးဖြစ်တယ်။ငါ့ကို ယုံကြည်သက်ဝင်တဲ့သူတွေမှာ ငါ့အရုပ်တွေရှိမယ် ..... အဆိပ်ငါးသွယ်မျိုးနွယ်စုက ငါတို့ရဲ့မဟာရန်သူတော်ကြီးပဲ။ အခု ငါတို့ရန်ကြွေးတွေကို အပြီးအပြတ် ချေဖို့ အချိန်ကျပြီ" သူက အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရာ သစ်စိမ်းပင်ကြီးတစ်ပင် မှော်ဆန်ဆန် ပေါ်လာ၏။ မီးပင်လယ်၏ မီးတောက်မီးညွန့်တို့က ကောင်းကင်ထိတိုင် ရိုက်ခတ်နေသည်။ ရွှေမိုးစက်တို့လည်း ရွာကျလာလေပြီ။ နှင်းမြေကြီးက အရာအားလုံးကို စတင်ခဲပစ်နေပြီဖြစ်လေ၏။
ကျီးနတ်မင်းမျိုးနွယ်စု၏ ကျန်ရှိသောမျိုးနွယ်ဝင်များမှာ မျက်လုံးများနီရဲတွတ်နေကြ၏။ သူတို့က ကြောက်လန့်နေသော အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များထံသို့ ဒေါသတကြီး ပြေးတက်သွားကြသည်။
မန်ဟို့မျက်လုံးများ တလက်လက် တောက်ပနေပြီး သူ့အသံက ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းခွဲပစ်နိုင်သော မိုးခြိမ်းသံကြီးသဖွယ် ပဲ့တင်ထပ်လာ၏။ "သတ်ပစ်"
***