← Chapters

တစ်ယောက်မှ အရှင်မထားနဲ့

Vol. 35 Ch. 486

တစ်ယောက်မှ အရှင်မထားနဲ့

Vol. 35 Ch. 486

ကျီးမျိုးနွယ်သွေးကိုယ်ပွားက အရုပ်ဘိုးဘေးကြီးနှစ်ကောင်၏အနောက်သို့ ထပ်ကြပ်မကွာ လိုက်သွားသည်။ ဘိုးဘေးကြီးများမှာ မရှက်နိုင်တော့ဘဲ ခွေးပြေးဝက်ပြေး ပြေးရတော့သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့လေပြီ။

တစ်ချိန်တည်းမှာပင် မန်ဟို့၏ ကမ္ဘာသစ်မိစ္ဆာလေးသောင်း‌ကား သူ့ထံမှ စီးဆင်းလာနေသော သိပ်သည်းထူပျစ်နေသည့် မိစ္ဆာချီများကို စုပ်ယူကာ ဟိန်းဟောက်လိုက်ကြ၏။ ၎င်းတို့ အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူများဆီ သွားနေကြစဉ် အကုန်လုံး သန္ဓေပြောင်းပြီး ပို၍ရက်စက်ကြမ်းကြုတ်လာကြသည်။

ရုတ်တရက် ‌မြေပြင်ပေါ်ရှိ ‌အလောင်းတစ်ထောင်ကျော် နိုးထလာကြ၏။ အသေကောင်တစ်ကောင်စီ၏ခေါင်း‌ပေါ်တွင် အရိပ်ကျီးတစ်ကောင်စီအား မြင်နိုင်၏။ ဤကျီးဖုတ်ကောင်များက တောက်ပနေသော မီးခိုးရောင်မျက်လုံးကြီးများဖြင့် ‌စစ်ပွဲအတွင်းသို့ ပျံဝင်လာကြသည်။

ကမ္ဘာသစ်မိစ္ဆာနှစ်ဖွဲ့မှာ အသေအကြေ တိုက်ခိုက်နေကြသဖြင့် တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့သည်။ ‌တိုက်ပွဲကား နောက်တစ်ဖန် စိုးရိမ်ဖွယ်ရာအခြေအနေ၏ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့လေပြီ။

ထောင်ချီသော ကျီးနတ်မင်းမျိုးနွယ်ဝင်များအနက် အများစုမှာ ဒဏ်ရာရ‌ထားသော်လည်း အရေးမကြီးပေ။ သူတို့သည် မျက်လုံးကြီးများနီရဲလျက် သွေးရူးသွေးတန်း ပြေးတက်သွားကြ၏။ ကျီးနတ်မင်းမျိုးနွယ်စု၏ မူလမျိုးနွယ်များဖြစ်စေ၊ ပြီးခဲ့သည့်နှစ်နှစ်အတွင်း သစ္စာခံမဟာမိတ်ဖွဲ့ခဲ့သော အဖွဲ့ဝင်များဖြစ်စေ တစ်ဦးတစ်ယောက်ချင်းစီသည် သူတို့ထုတ်နိုင်သမျှ ကျင့်ကြံခြင်းအခြေခံစွမ်းအားအလုံးစုံကို ထုတ်လိုက်ကြ၏.... ရှုံးသွားသည့်ဘက်၌ ရှင်သန်သူတစ်ယောက်မှ ကျန်ခဲ့မည်မဟုတ်ကြောင်း သူတို့သိကြလေသည်။

ဤတိုက်ပွဲတွင် အညံ့ခံပူးပေါင်းရန်အတွက်လည်း အခွင့်အရေးမရှိ။ အဆိပ်ငါးသွယ်မျိုးနွယ်စုဖြစ်စေ ကျီးနတ်မင်းမျိုးနွယ်စုဖြစ်စေ၊ နှစ်ဖွဲ့လုံးမှာ မဟာရန်သူတော်ကြီးဖြစ်ရန် ကံပါခဲ့သည်။ မည်သည့်မျိုးနွယ်စုရှုံးရှုံး .... တစ်ယောက်မကျန်ရှင်းလင်းခံရမည်သာ။

ကျူပင်ခုတ် ကျူငုတ်မကျန်စေနှင့် ဆိုသည့်အတိုင်း အမြစ်ဖြုတ်ခြင်းဖြစ်သည်။

ညှာတာထောက်ထားခြင်းမရှိ အမြစ်ဖြုတ်သုတ်သင်ခြင်း။

အစုလိုက်အပြုံလိုက် သတ်ပွဲကြီး ဆက်လက်ဖြစ်ပွားနေစဉ် မန်ဟိုလည်း လှုပ်ရှားနေသည်။ သူ့နှလုံးသားထဲရှိ အသတ်အဖြတ်စိတ်ဆန္ဒမှာ ကြီးမားနက်ရှိုင်း၏။ စောစောက စီရင်ထားခဲ့သော ချိတ်တံဆိပ်မှာ သွေးအင်မိုတယ်ကျင့်စဉ်နှင့် ကျီမျိုးနွယ်သွေးနှစ်စက်ကိုသာ မရှိခဲ့လျှင် ချိုးဖျက်ရခက်ခဲ့မည်ဖြစ်သည်။ အဆိပ်ငါးသွယ်မျိုးနွယ်စုက ကျီးနတ်မင်းမျိုးနွယ်စုကို တစ်ယောက်မကျန် ရှင်းလင်းသုတ်သင်ပစ်ရန် ကြံစည်ခဲ့၍ မန်ဟို့၏ သတ်ဖြတ်လိုစိတ်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့ခြင်းဖြစ်သည်။

တစ်ယောက်မှ အရှင်မထားနဲ့။

ဘယ်သူ အညံ့ခံခံ လက်မခံနဲ့။

ကျီးနတ်မင်းမျိုးနွယ်စု၏ ထိပ်ဆုံးအဆင့်အတိုက်အခိုက်သမားများထံ တဟုန်ထိုးသွားနေစဉ် သူ၏မျက်လုံးများတွင် အေးစက်သောအလင်းတစ်ခု လက်သွား၏။ သူက မဟူရာလပုံစံဖန်ဆင်းပြီး အစိမ်းရောင်အခိုးအငွေ့ အသွင်ပြောင်းလိုက်သဖြင့် သူ၏အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ရာ အတိုင်းအတာအထိ ထိုးတက်သွားလေသည်။

အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏မျက်နှာမှာ စက္ကူရွက်လို ဖြူဆုပ်နေတော့သည်။ မန်ဟို လွတ်‌မြောက်လာခြင်းက သူ၏စိတ်နှလုံးကို သံတူကြီးနှင့် ထုချလိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ထို့နောက်‌ အလွန်တိုတောင်းလှသောအချိန်လေးအတွင်း အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အရုပ်ဘိုးဘေးကြီးတစ်ကောင်ကို အရှင်လတ်လတ် စုပ်ယူဝါးမြိုခဲ့သည့် သွေးလူရိပ်၏ ပုံစံမှာ အလွန်ကြောက်ဖို့ကောင်းခဲ့လေသည်။ ဤအရာအားလုံးမှာ မှင်သက်ဖွယ်ကောင်းလွန်း၍ အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူအားလုံးကို မျက်နှာဖြူ‌လျော့သွားစေသော တိုက်ကွက်အပြင်းစားကြီး ဖြစ်သွားခဲ့၏။

"ဒီနေ့က... မျိုးနွယ်စု ရှင်မလား သေမလား ဆုံးဖြတ်ပေးလိမ့်မယ်...." ခေါင်းကိုင်ဖခင်က ခါးသက်သက်ရယ်လိုက်သည်။ ထို့နောက် သူ၏မျက်လုံးများသည် အဆင့်အခြင်မဲ့သော ရူးသွပ်မှုဖြင့် ပြည့်နှက်သွား၏။ သူသည် မန်ဟို့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်ပြီးနောက် ကျင့်ကြံခြင်းအခြေခံကို ‌‌လောင်ကျွမ်းစေလိုက်သည်။ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်၏ ရဲ့ဝင်ပြောင်မြောင်သော အရှိန်အဝါတစ်ခု ပေါက်ကွဲထွက်လာကာ သူက မန်ဟို့ဆီသို့ ပြေးဝင်သွား၏။

နတ်ဆရာချုပ်ကြီး၏မျက်လုံးများ အေးစက်သွားပြီး သူက မန်ဟိုကို တိုက်ခိုက်ရန် ခေါင်းကိုင်ဖခင်နှင့် ပူးပေါင်းလိုက်သည်။

လူသုံးယောက် တစ်ယောက်နှင့်တစ်ယောက် ဝင်တိုက်တော့မည့်အချိန် အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံအား ကြားလိုက်ရသည်။ မဟူရာလပုံစံနှင့် မန်ဟိုက အစိမ်းရောင်အခိုးငွေ့များ တထောင်းထောင်းလျက် ပြေးဝင်လာကာ ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာချုပ်ကြီးကြားတည့်တည့်မှ ဖြတ်ကျော်သွား၏။ သူက အလွန်လျင်မြန်စွာ ရွေ့လျားသွားခဲ့သည့်အတွက် ကျင့်ကြံသူနှစ်ယောက်၏မျက်နှာများတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားစေတော့သည်။

"မြန်လိုက်တာ" သူတို့မှာ မျက်လုံးပြူး၍ ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်ကြသည်။ မလှမ်းမကမ်းမှ သွေးပျက်မတတ်အော်သံများကို ကြားလိုက်ရ၏။ ၎င်းသည် အဆိပ်ငါးသွယ်မျိုးနွယ်စုမှ သာမန်နတ်ဆရာဖြစ်သည်။ သူ၏ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံနှင့်ဆိုလျှင် အခြားသူများအား ဆရာလုပ်နိုင်လေသည်။ သို့သော် မန်ဟို့အတွက်တော့ ထိုလူ့ကို ချက်ချင်း ပေါက်ကွဲသေဆုံးသွားစေရန် သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည် ပထမပုံစံကိုသာ အသုံးပြုရန် လိုလိုက်သည်။

"တစ်ယောက်" မန်ဟိုက အေးတိအေးစက်ပြောသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အရှေ့ရှိ အသားအတုံးအတစ်များအား ပျံထွက်သွားစေ၏။ သူက ခေါင်းကိုင်ဖခင်နှင့် နတ်ဆရာချုပ်ကြီးကို သွေးအေးအေးပြန်ကြည့်လိုက်ရာ သူတို့ကလည်း သူ့ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်ကြသည်။ သူတို့သည် မန်ဟို့ကို လက်ညှိုးထိုးလိုက်ကြသဖြင့် ငါးရောင်ခြယ်မြူတိမ်တစ်ခု ပျံထွက်လာပြီး သူ့ကို ဝန်းရံလိုက်၏။

မြူ လွှမ်းခြုံလာစဉ် မန်ဟိုက လှောင်ပြုံးပြုံးလိုက်သည်။ ရုတ်တရက် မန်ဟိုသည် ပျောက်ကွယ်သွားခဲ့ပြီး နတ်ဆရာတစ်ယောက်၏အရှေ့တွင် ပြန်ပေါ်လာ၏။ လောလောဆယ်တွင် သူ့လက်ကား ထိုလူ၏လည်ပင်းကို ဖြစ်ညစ်ထား‌လေပြီ။ သူသည် ထို့လူကို အပေါ်သို့ ‌မြှောက်ပြီး ဂုတ်ချိုးပစ်လိုက်၏။

ဖောင်းခနဲ အသားတုံးများ၊ သွေးများ အဘက်ဘက်သို့ ပြန့်ကြဲသွားသည်။ မန်ဟို ပျောက်ကွယ်သွားသော်လည်း သူ၏အေးစက်သောအသံက ပဲ့တင်ထပ်ကျန်ခဲ့သည်။

"နှစ်ယောက်"

အဆိပ်ငါးသွယ်မျိုးနွယ်စုနတ်ဆရာချုပ်ကြီးက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ပြီး ရှေ့သို့ ညွှန်လိုက်၏။ ငါးရောင်ခြယ်အလင်း ဖြာထွက်လာသည်။ ရုတ်တရက် လေအတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့မည့် မန်ဟို့ထံမှ လှိုင်းများ ထွက်ပေါ်လာ၏။

"သုံးယောက်မြောက်ရှိလာမှာ မဟုတ်ဘူး" နတ်ဆရာချုပ်ကြီးက အော်ဟစ်ပြီး ပြင်းထန်သော အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်လွှတ်လျက် မန်ဟိုထံ ပြေးဝင်သွားသည်။

ဤအချိန်တွင် ဝမ်းနည်းကြွေကွဲစွာ ဟိန်းဟောက်လိုက်သံကြီး ကောင်းကင်တွင် ပြည့်နှက်သွားသည်။ အသံပိုင်ရှင်ကား အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ဘိုးဘေးကြီးတစ်‌ကောင်မှတစ်ပါး အခြားမဟုတ်ပေ။

အော်သံကြီးမှာ စိတ်မချမ်းသာဖွယ်ရာကောင်းသည်။ ၎င်းတွင် မသေခင်အခိုက်အတန့်လေး၌ အရုပ်ဘိုးဘေးကြီးခံစားလိုက်ရသော ထိတ်လန့်အံဩမှုပါရှိလေသည်။ အနီရောင်အလင်းအလယ်သို့ ရောက်ရှိနေသော ဧရာမဖားပြုပ်ပုံရိပ်ကြီးတစ်ခုကို မော့ကြည့်လိုက်ကြသူများ မြင်သည်ဆိုရုံကလေး မြင်လိုက်ရ၏။ ၎င်း၏ခန္ဓာကိုယ်မှာ အသက်စွမ်းအားတို့ စုပ်ယူခံနေရသည့်အလား ခြောက်ကပ်လာသည်။

တစ်ဆက်တည်းမှာပင် အဆိပ်ငါးသွယ်မျိုးနွယ်ဝင်များစွာ တဆတ်ဆတ်တုန်ရီလာပြီး သွေးအန်လိုက်ကြရ၏။ ကူရာမဲ့သော အရိပ်အယောင်တို့က သူတို့၏မျက်လုံးများတွင် စိုးမိုးလျက်ရှိချေသည်။

မျှော်လင့်ချက်တို့ ကုန်ခမ်းသွားသော အသံများ အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူများထံမှ လွင့်ပျံ့လာသည်။

"ဖားပြုပ်ဘိုးဘေးကြီး.... သေဆုံးသွားခဲ့ပြီ..."

"အဆိပ်ငါးသွယ်မျိုးနွယ်စုရဲ့ ကိုးကွယ်ရာဘိုးဘေးကြီးငါးကောင်ထဲမှာ နှစ်ကောင်က ချိတ်ပိတ်ခံထားရပြီး နှစ်ကောင်က သေဆုံးသွားပြီ။ ကင်းခြေများဘိုးဘေးကြီးပဲ ‌ကျန်တော့မယ်... ဒါပေမဲ့ သူလည်း နောက်ကနေ လိုက်သတ်တာ ခံနေရတယ်...."

"မိုးကောင်းကင်က အဆိပ်ငါးသွယ်မျိုးနွယ်စုကို ပျက်စီးစေချင်တာများလား....."

တိုက်ပွဲကား ရပ်မသွား။ သို့သော် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အင်အားနည်းသွားသောအခြေအနေက ပို၍ပင် ဆိုးရွားလာသည်။

မန်ဟို့အနားရှိ နတ်ဆရာကြီးများအားလုံး သွေးအန်နေရပြီး ကျင့်ကြံအဆင့် ထိုးကျနေခြင်းအား မဟန့်တားနိုင်ကြပေ။ မန်ဟို့‌နောက်လိုက်နေသော နတ်ဆရာချုပ်ကြီးမှာမူ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူလည်း သွေးအန်လိုက်ရသည်။

သူ သွေးအန်နေသည့်အချိန်မှာပင် မန်ဟိုက မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဟုန်းဟုန်းတောက်လျက် သူ့အနောက်တည့်တည့်တွင် လျှပ်တပြက်ပေါ်လာလေပြီ။ သူက လက်သီးဆုပ်ပြီး ထိုးချလိုက်၏။

ဤသေရေးရှင်ရေးအခိုက်အတန့်တွင် နတ်ဆရာချုပ်ကြီး၏ခန္ဓာကိုယ်မှာ တွန့်လိမ်ရှုံ့တွလာပြီး အနက်ရောင်မြူများက သူ့ကို ဝုန်းခနဲ လွှမ်းခြုံလိုက်သည်။ မန်ဟို့လက်သီးက အနက်ရောင်မြူထုကို ဆောင့်တိုက်၍ ၎င်းအား ကွဲထွက်မသွားစေသော်လည်း မျက်နှာပြင်ပေါ်တွင် အက်ရာများ ထလာစေသည်။ ၎င်းက မျက်နှာဖြူဆုပ်နေသော နတ်ဆရာချုပ်ကြီး၏ပုံရိပ်အဖြစ် လျင်မြန်စွာ ပြန်လည်စုစည်းလာ၏။ သူ့မှာ နောက်သွေးတစ်ပွက် အန်လိုက်ရပြီး မျက်လုံးများက ဒေါသမီးတောက်သွားသည်။

"မန်ဟို" သူက ဟိန်းဟောက်လိုက်သည်။ ထိုစဉ် အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏မျက်လုံးများ နီရဲသွား၏။ သူက ထုတ်နိုင်သမျှသောစွမ်းအားအလုံးစုံဖြင့် မန်ဟို့ဆီသို့ ကမူးရှူးထိုး ပြေးဝင်လာလေသည်။

မန်ဟိုက ‌အေးစက်စက် နှာတစ်ချက်မှုတ်လိုက်သည်။ သူသည် ‌နတ်ဆရာချုပ်ကြီးနောက် လိုက်နေသည်ကို ရပ်ပြီး မဟူရာလတစ်စင်းနှင့် အစိမ်းရောင်အခိုးအငွေ့အသွင်ပြောင်းကာ အဝေးသို့ ရုတ်တရက် ထွက်သွားလေပြီ။

သူ၏အမြန်နှုန်းမှာ ခေါင်းကိုင်ဖခင်‌သော်လည်းကောင်း၊ နတ်ဆရာချုပ်ကြီးသော်‌လည်းကောင်း မမှီနိုင်အောင်ဖြစ်၏။ သူတို့က‌ ဒေါသတနုံ့နုံ့ထွက်လျက် သူ့အနောက်မှ လိုက်လာကြသည်။ သို့သော် ဤအခိုက်အတန့်တွင် တတိယမြောက် သွေးပျက်ဖွယ်အသံကြီးတစ်သံ လေတွင် ပြည့်နှက်သွား၏။ ထို့နောက် ‌လေးသံမြောက်၊ ငါးသံမြောက်၊ ခြောက်သံ‌မြောက်။

ပတ်ဝန်းကျင်ရှိ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်နတ်ဆရာကြီးများမှာ မန်ဟို့အတွက် ပြိုင်ဘက်မဟုတ်ပေ။ သူတို့မှာ ပြန်တိုက်ခိုက်ရန်ပင် အခွင့်မရလိုက်ဘဲ အနိစ္စသဘောနှင့် ကိစ္စချောသွားကြလေ၏။ သူကား သူတို့ကို ကြက်ကလေး ငှက်ကလေးသဖွယ် အလွယ်တကူ သတ်ဖြတ်ခဲ့ပြီးလေပြီ။

"သုံးယောက်"

"လေးယောက်"

"ငါးယောက်နဲ့ ခြောက်ယောက်" နတ်ဆရာတစ်ဦးသတ်လိုက်တိုင်း မန်ဟို့၏ သွေးအေးသောအသံမှာ စစ်မြေပြင်တွင် ပဲ့တင်ထပ်ကျန်ခဲ့လေသည်။ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကျင့်ကြံသူများ၏မျက်နှာတွင် သွေးမရှိတော့သည့်အပြင် ‌ပိုပို၍ မျှော်လင့်ချက်မဲ့လာတော့သည်။ အတော်များများမှာ ထွက်ပင်ပြေးကုန်ကြလေပြီ။ တခြားတစ်ဖက်တွင် မန်ဟို တစ်ခါအော်လိုက်တိုင်း ကျီးနတ်မင်းမျိုးနွယ်စုကျင့်ကြွသူများမှာ ပိုပို၍ စိတ်အားတက်ကြွလာကြသည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများမှာ ဘီလူးသရဲစီးသလို ဖြစ်လာတော့၏။

"မန်ဟို" နတ်ဆရာချုပ်ကြီးက အော်သည်။ "မင်းက မဟာမိစ္ဆာသားရဲသခင်တစ်ယောက်လေ ။ ဘယ်လိုလုပ်ပြီး မင်းကျင့်ကြံခြင်းအခြေခံက ဒီလောက်နက်နဲနေတာတုန်း" သူ့မှာ မျက်ပြူးဆန်ပြာဖြစ်နေ၍ သူ‌ဘာပြောနေသည်လဲ တွေးရန်ပင် အချိန်မရှိပေ။ "ကျီးနတ်မင်းမျိုးနွယ်စုရဲ့ ကိုးကွယ်ရာဘိုးဘေးကြီးအနေနဲ့ မင်းအဆင့်အတန်းက မြင့်မားနေပြီ။ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ကျင့်ကြံသူတွေကို လိုက်သတ်နေတာ ရှက်စရာကောင်းတယ်မထင်ဘူးလား"

"မထင်ဘူး" မန်ဟိုက ပြန်ဖြေသည်။ သူ၏ခန္ဓာကိုယ်က ရိပ်ခနဲ ‌ဖြစ်သွားပြီး နောက်ထပ်အနုသုခုမရုပ်ခန္ဓာအဆင့်အဘိုးကြီးတစ်ယောက်ဘေးတွင် ဖျတ်ခနဲ ပေါ်လာ၏။ လန့်ဖျပ်နေသောအဘိုးကြီးမှာ ခန္ဓာဖောက်ခွဲရန် ဆုံးဖြတ်လိုက်သော်လည်း သူထိုသို့မလုပ်နိုင်မီ မန်ဟိုက အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အသုံးပြုကာ ညာလက်ချောင်းနှစ်ချောင်းအား ညွှန်လိုက်သည်။ ၎င်း၏စွမ်းအားက အဘိုးကြီး၏ကျင့်ကြံခြင်းအခြေခံကို ချိတ်ပိတ်ချုပ်နှောင်လိုက်ပြီး သူ့အား ခန္ဓာမဖောက်ခွဲနိုင်အောင် တားမြစ်လိုက်လေသည်။ မန်ဟို့လက်ချောင်းများက အဘိုးကြီး၏နဖူးအတွင်း ထိုးစိုက်၍ သူ၏ကျင့်ကြံခြင်းအခြေခံအား ချက်ချင်း ဖျက်စီးပစ်လိုက်သည်။

"မန်ဟို" အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်က အော်သည်။ "မင်း ငါနဲ့ တစ်ယောက်ချင်း တိုက်ရဲလား" ထိုလူ့ရင်ထဲတွင် စိုးရိမ်သောကများ ပြည့်နှက်နေသော်လည်း မန်ဟို့အမြန်နှုန်းအား ဘယ်လိုမှ လိုက်မမှီပေ။

လောလောဆယ်တွင် ကျန်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ထွက်ပြေးနေကြသော်လည်း သူတို့အမြန်နှုန်းက မန်ဟိုနှင့် ယှဉ်မရပေ။ သူသည် အစကတည်းက မြန်‌နေခဲ့ပြီးဖြစ်သော်လည်း ရီချန်ဇီ၏ အပြေးသိုင်းက သူ၏အမြန်နှုန်းကို ကြောက်မက်ဖွယ်ရာ အဆင့်အထိ မြင့်တက်သွားစေခဲ့သည်။

ဤအခိုက်အတန့်တွင် အရာအားလုံးကို တုန်လှုပ်သွားစေသော သွေးပျက်မတတ် အော်သံကြီးတစ်သံ အဝေးမှ ပဲ့တင်ထပ်လာသည်။ ရုတ်တရက် ခေါင်းအထက်ရှိ အနီရောင်အလင်း၏အလယ်တွင် ကင်းခြေများကြီးတစ်ကောင် ခြောက်ကပ်လာနေသည်ကို မြင်နိုင်လေသည်။ အနီရောင်အလင်းက သတ္တဝါ၏ခန္ဓာကိုယ်အတွင်းသို့ ထိုးဖောက်ရင်း အသက်စွမ်းအားများ စုပ်ယူစားသုံးနေ၏။ ကင်းခြေများကြီး၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားပြီး အော်သံကြီး တိခနဲ ရပ်တန့်သွားသည်။

အဆိပ်ငါးသွယ်မျိုးနွယ်စု၏ နောက်ဆုံးသောအရုပ်၊ ကင်းခြေများဘိုးဘေးကြီး ဖျက်စီးသုတ်သင်ခံခဲ့ရလေပြီ။

အဆိပ်ငါးသွယ်မျိုးနွယ်စု၏ အရုပ်ဆေးမင်ကြောင်အားလုံးမှာ ဖျောက်ဖျက်ခံလိုက်ရသည့်အလား ပျောက်ကွယ်လာလေသည်။ တစ်ခုမှပင် မကျန်ရှိတော့။

"ဘိုးဘေးကြီး"

"ငါ့ကျင့်ကြံခြင်းအခြေခံ... ကိုးကွယ်ရာဘိုးဘေးကြီးတွေအားလုံး သေပြီ။ အဆိပ်ငါးသွယ်မျိုးနွယ်စုတော့ အဆုံးသတ်သွားပြီ...."

အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူများအားလုံး သွေးအန်လိုက်ကြရသည်။ ကျင့်ကြံအဆင့်အလုံးစုံ ထိုးကျသွားသည့်အတွက် သူတို့ခန္ဓာကိုယ်မှာ လျော့တိလျော့ရဲဖြစ်သွားကြ၏။ အမြုတေဖြစ်တည်မှုက ချီအခြေတည်အဆင့်။ ချီအခြေတည်အဆင့်က စဦးချီဖွဲ့စည်းမှုအဆင့်သို့ ရောက်ရှိသွားကြလေပြီ။

သူတို့မှာ ဆောက်တည်ရာမဲ့စွာ အော်ဟစ်ငိုကြွေးနေကြသည်။ သူတို့ ယခုခံစားနေရသော ခံစားချက်မှာ မူလကျီးနတ်မင်းမျိုးနွယ်ဝင်များ နက်နက်ရှိုင်းရှိုင်း ရင်းနှီးလှသော အရာဖြစ်၏။ သို့သော် ထိုသို့ဖြစ်ပျက်ခဲ့စဉ်တုန်းက မန်ဟိုရှိနေခဲ့ပြီး သူတို့၏ ကိုးကွယ်ရာဘိုးဘေးကြီး ဖြစ်လာခဲ့သည်။ လက်ရှိအချိန်တွင် အဆိပ်ငါးသွယ်မျိုးနွယ်စုမှာတော့ ... မှီခိုအားထားစရာမရှိပေ။

ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူငါးဦးခြောက်ဦးမှာ ကျီးနတ်မင်းမျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်အကြီးအကဲများနှင့် အကြိတ်အနယ် တိုက်ခိုက်နေ၏။ သူတို့၏မျက်နှာများ ဖြူဆုပ်နေကြသည်။ သူတို့မှာ ကျင့်ကြံခြင်းအခြေခံများ လွင့်ပါးကွယ်ပျောက်မသွားအောင် ဟန့်တားရန် ဘာမှမတတ်နိုင်ပေ။ မျက်စိတစ်မှိတ်အတွင်း သူတို့သည် အနုသုခုမရုပ်ခန္ဓာအဆင့်မဟုတ်တော့ဘဲ အမြုတေဖြစ်တည်မှုအဆင့်ကျင့်ကြံသူများ ဖြစ်သွားခဲ့ကြလေပြီ။

သူတို့၏ကျင့်ကြံခြင်းအခြေခံများ အမြုတေဖြစ်တည်မှုအဆင့်သို့ ကျဆင်းသွားသည်နှင့်တစ်ပြိုင်နက် .... မျက်တစ်မှိတ်အတွင်း ခန္ဓာကိုယ်များ တုန်ခါလာကြသည်။ ခေါင်းပြတ်သူက ပြတ်၊ ခန္ဓာကိုယ်ပေါက်ကွဲသူက ပေါက်ကွဲသွားကြသည်။ သူတို့အားလုံးမှာ ကျီးနတ်မင်းမျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကြောင့် အသက် ဘယ်နားက ထွက်သွားမှန်းတောင် မသိလိုက်ကြပေ။

သတ်ဖြတ်ပွဲကြီး ဆက်လက်ဖြစ်ပွားနေစဉ် အဆိပ်ငါးသွယ်မျိုးနွယ်စုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအခြေခံများမှာ ကျဆင်းသထက် ကျဆင်းလာသည်။

ယခု အဆိပ်ငါးသွယ်မျိုးနွယ်စု၌ အသက်ရှင်နေသေးသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဟူ၍ နတ်ဆရာချုပ်ကြီးနှင့် ခေါင်းကိုင်ဖခင်သာ ရှိတော့လေသည်။ သို့သော် အရုပ်ဘိုးဘေးကြီးများသေဆုံးမှုကြောင့် သူတို့မှာ အလွန်ကြီးမားသောတန်ဖိုးအား ပေးဆပ်ခဲ့ရ၏။

သူတို့၏ကျင့်ကြံအဆင့်များ ကျဆင်းသွားခဲ့ပြီဖြစ်သည်။ သူတို့သည် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်တွင် မဟုတ်တော့ ၊ အလယ်အလတ်အဆင့်ဖြစ်သွား‌ခဲ့လေပြီ။ အခြေအနေကိုကြည့်ခြင်းအားဖြင့် ထိုအဆင့်တွင်လည်း ကြာကြာတည်မြဲနေမည့်ပုံမပေါ်ပေ။ အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ရောက်သည့်တိုင်အောင် ဆက်လက်ကျဆင်းသွားမည်ဖြစ်သည်။

အစိမ်းရောင်အခိုးအငွေ့က ရုတ်တရက် မန်ဟိုအဖြစ် ရုပ်လုံးပြန်ပေါ်လာသည်။ သူက သွေးမျက်နှာဖုံးတပ်ပြီး အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်နှင့် နတ်ဆရာချုပ်ကြီးကို လှည့်ကြည့်၏။

"စောစောက ကျုပ်ကို တိုက်ခိုက်ချင်တယ်လို့ ပြောလိုက်တာလား" သူက မျက်နှာသေဖြင့် မေးသည်။

***

All Chapters