← Chapters

အဆိပ်ငါးသွယ်မျိုးနွယ်စုကို အမြစ်ဖြုတ်သုတ်သင်ခြင်း

Vol. 35 Ch. 487

အဆိပ်ငါးသွယ်မျိုးနွယ်စုကို အမြစ်ဖြုတ်သုတ်သင်ခြင်း

Vol. 35 Ch. 487

"ရွံစရာကောင်းလိုက်တာ" အဆိပ်ငါးသွယ်မျိုးနွယ်စု နတ်ဆရာချုပ်ကြီးက မျက်နှာမျက်စိပျက်လျက် မန်ဟို့ကို စိုက်ကြည့်ကာ ပြောသည်။ သူ့မှာ အံတင်းတင်းကြိတ်ရင်း အလိုလိုနောက်ဆုတ်မိသွား၏။ သူသည် ယခုတွင် အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်မဟုတ်တော့လေရာ မန်ဟို့ကို ရင်ဆိုင်ရတော့မည့်အတွေးက သူ့ရင်ထဲတွင် အကြောက်တရားများ ပြည့်နှက်သွားစေတော့သည်။

စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားသည့်အချိန်မှာပင် အဝေးမှ တရွှီးရွှီး လေတိုးသံကို ကြားလိုက်ရ၏။ ၎င်းသည် ‌သွေးကိုယ်ပွားမှတစ်ပါး အခြားမဟုတ်ပေ။ အရုပ်ဘိုးဘေးကြီးနှစ်ကောင်အား သတ်ဖြတ်ချေမှုန်းပြီးသည့်တိုင် ၎င်း‌၏သွေးဆာနေသော အာသီသမှာ မပြည့်ဝသေးသဖြင့် ပြန်လှည့်လာနေပြီဖြစ်သည်။

ရုတ်တရက် ... သွေးကိုယ်ပွားနှင့် ဆက်သွယ်မှုကို အာရုံခံ၍မရတော့ကြောင်း မန်ဟို ‌သတိပြုမိလိုက်၏။ မျက်စိတစ်မှိတ်အတွင်း သွေးပုံရိပ်ကား အဆိပ်ငါးသွယ်မျိုးနွယ်စုနတ်ဆရာချုပ်ကြီးအပေါ် ခုန်အုပ်လိုက်လေပြီ။

ဤလူမှာ ထိုနှစ်တုန်းက ကျီးနတ်မင်းမျိုးနွယ်စု၏အပြင်တွင် မောက်မာဝင်ကြွားစွာဖြင့် ရပ်နေခဲ့သောလူဖြစ်သည်။ ယခုတော့ သူ၏မျက်နှာတွင် ထိတ်လန့်ခြင်းတို့ ပြည့်နှက်နေပြီး အလန့်တကြား အော်လိုက်လေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားအပြင်၊ နတ်ဘုရားစွမ်းရည်များနှင့် မှော်ပစ္စည်းများ ထွက်ပေါ်လာသည်။ သူသည် သွေးကိုယ်ပွားကို တားဆီးရန် အသည်းအသန် ကြိုးစားလိုက်၏။ သို့သော် သွေးကိုယ်ပွားက နတ်ဘုရားစွမ်းရည်နှင့်မှော်ပစ္စည်းအလုံးစုံကို လက်ဗလာဖြင့် ဖြတ်ကျော်ပြီး သူ့ကို ခုန်အုပ်လိုက်သည်။ ထိုအခိုက်အတန့်တွင် အချိန်မှာ ခေတ္တခဏ နှေးသွားသယောင်ပင်။

သွေးကိုယ်ပွား နတ်ဆရာချုပ်ကြီး၏ခန္ဓာကိုယ်မှ ခွာလိုက်သောအခါ ထိုလူ၏ခန္ဓာကိုယ်မှာ အရိုးပေါ်အရေတင်သာ ကျန်ရှိခဲ့ပြီဖြစ်သည်။ သူ၏အသက်စွမ်းအားမှာ စုပ်ယူခံလိုက်ရပြီး သူ၏အနုသုခုမရုပ်ခန္ဓာပင်လျှင် ‌ခြောက်ကပ်ကာ သေဆုံးသွားခဲ့လေပြီ။ သူ့မှာ ယခုတွင် သွေးတစ်စက်မှ မရှိတော့သော အလောင်းခြောက်ကြီးထက် မပိုတော့ပေ။

အရိုးပေါ်အရေတင် ခြောက်ကပ်နေသောအလောင်းကြီးမှာ တုန်လှုပ်ချောက်ချားပြီး နောင်တကြီးစွာ‌ရနေသော အမူအရာအား ဆင်မြန်းထားလေသည်။

သွေးကိုယ်ပွားက တိုက်ခိုက်နေသော အဆိပ်ငါးသွယ်မျိုးနွယ်ကျင့်ကြံသူများကို ဝင်‌တိုက်ရင်း လေကို ခွင်းသွား၏။ ၎င်းသည် ခြောက်ကပ်နေသောအလောင်းများကိုသာ နောက်တွင် ချန်ရစ်ခဲ့ရင်း စစ်မြေပြင်ကို သွေးပင်လယ်ကြီးသဖွယ် ချင်းချင်းနီ နေစေတော့သည်။

‌အဆိပ်ငါးသွယ်မျိုးနွယ်စု ‌ခေါင်းကိုင်ဖခင် ထိူအဖြစ်အပျက်များကို ကြည့်နေစဉ် သူ၏‌အိုမင်းရွတ်တွနေသောခန္ဓာကိုယ်မှ ပို၍ထူထဲသော သေခြင်းချီတို့ ထုတ်လွှတ်လာသယောင်ပင်။ သူ့မှာ အချိန်မရွေး လဲကျသေဆုံးတော့မည့်အလား အိုမင်းနေပြီဖြစ်သည်။

"အဆိပ်ငါးသွယ်မျိုးနွယ်စု ဒီတိုက်ပွဲကို ရှုံးနိမ့်သွားပြီ" သူက အဆက်မပြတ် ပဲ့တင်ထပ်လျက်ရှိသော မချိတင်ကဲအော်သံများအကြားတွင် ပြောလိုက်သည်။ သူသည် ရင်နာနာဖြင့် မန်ဟို့ဘက်လှည့်ပြီး လက်ယှက်ကာ ခါးကိုင်းအရိုအသေပေးလိုက်လေသည်။ "အဆိပ်ငါးသွယ်မျိုးနွယ်စုအတွက် မျှော်လင့်ချက်အနည်းငယ် ချန်ထားခဲ့ပေးဖို့ ကျီးနတ်မင်းမျိုးနွယ်စု အရုပ်ဘိုးဘေးကြီးကို စိတ်ရင်းနဲ့ တောင်းဆိုချင်ပါတယ်"

မန်ဟိုက သူ့ကို တိတ်ဆိတ်စွာ ပြန်ကြည့်သည်။ သွေးပျက်မတတ်အော်သံများက တစတစ ပိုမိုများပြားလာ၏။ အချိန်အတော်လေးကြာသော် မန်ဟိုက တည်ငြိမ်စွာ ပြန်ဖြေသည်။ "ကျီးနတ်မင်းမျိုးနွယ်စု ရှုံးခဲ့လို့ ဒီလိုတောင်းဆိုရင် ခင်ဗျား လိုက်လျောမလား"

အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ ခါးသီးသွားလေသည်။ ယခုကဲ့သို့ ဖြစ်ပျက်လိမ့်မည်ဟု သူဘယ်တုန်းကမှ မထင်ထားခဲ့ပေ။ တိုက်ပွဲအနိုင်ရသူသာ အဆိပ်ငါးသွယ်မျိုးနွယ်စုဖြစ်ခဲ့လျင် ကျီးနတ်မင်းမျိုးနွယ်စုအနေဖြင့် လူကြီးလူငယ်မရွေး၊ သာမန်မျိုးနွယ်ဝင်များပါမကျန် အသတ်ခံခဲ့ရမည်ဖြစ်သည်။ မျိုးနွယ်စုတစ်စုလုံး ‌ကမ္ဘာမြေ၏မျက်နှာပြင်ပေါ်မှ အရှင်း ဖယ်ရှားသုတ်သင်ခံရပေလိမ့်မည်။

ဤသည်မှာ ပုဂ္ဂိုလ်ရေးရာရန်ငြိုးမဟုတ်။ မျိုးနွယ်စုများအကြားက စစ်ပွဲဖြစ်သည်။ သနားကရုဏာသော်လည်းကောင်း၊ ထောက်ထားညာတာ‌မှုသော်လည်းကောင်း မရှိ။ ရှင်ခြင်းနှင့်သေခြင်းသာ... အကျုံးဝင်လေ၏။

"နားလည်ပြီ။ အဲ့ဒါဆိုရင် ... မင်းနဲ့ငါနဲ့ တိုက်ခိုက်ကြမယ်" သူက ခေါင်းကို ပြန်မော့ကာ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူ၏မျက်ဝန်းများတွင် တိုက်ခိုက်လိုသောစိတ်ဆန္ဒအဟုန်တို့ဖြင့် ပြည့်နှက်သွားသည်။ သို့သော် ထိုတိုက်ခိုက်လိုသော စိတ်ဆန္ဒအတွင်း၌ သေချင်စိတ်လည်း ပါရှိနေလေသည်။

"ကျီးနတ်မင်းမျိုးနွယ်စု အရုပ်ဘိုးဘေးကြီးရဲ့လက်နဲ့ သေဆုံးရမှာ တန်ပါတယ်" ခေါင်းကိုင်ဖခင်က ပေါ့ပေါ့ပါးပါး ဆက်ပြောသည်။ "အဆိပ်ငါးသွယ်မျိုးနွယ်စုရဲ့ခေါင်းကိုင်ဖခင်အနေနဲ့ မင်းနဲ့ ကျီးနတ်မင်းမျိုးနွယ်စုကို ငါကျိန်စာတိုက်ချင်တယ်... ဒါပေမဲ့ အနက်ရောင်နယ်မြေ‌ကိုသွားတဲ့ ဒီလမ်းပေါ်မှာ သေဆုံးခြင်းနဲ့ကြုံတွေ့ရပေမယ့်လို့ ငါတို့က အနောက်ပိုင်းသဲကန္တာရရဲ့ ကျင့်ကြံသူတွေမဟုတ်လား... နောင်လာမယ့်နေ့ရက်တွေမှာ ကျီးနတ်မင်းမျိုးနွယ်စု ‌‌အရင်ဂုဏ်ကျက်သရေအတိုင်း ထွန်းပြောင်ပါစေလို့ ငါဆုတောင်းတယ်။ ဘာပဲပြောပြော ငါတို့အားလုံးက အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူတွေပဲလေ" ထိုသို့ပြောပြီး သူ၏ခန္ဓာကိုယ်သည် ရိပ်ခနဲ မန်ဟို့ဆီ ပြေးဝင်လာ၏။

အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်၏ သေချင်စိတ်ကို မန်ဟို မြင်တွေ့လိုက်ရ၍ သက်ပြင်းခိုးချလိုက်မိသည်။ သို့သော် ဤအခြင်းအရာက သူ့၏လုပ်ဆောင်မှုများကို နည်းနည်းလေးမှ တိမ်းစောင်းစေခြင်းမရှိပေ။ သူ ရှေ့သို့ တက်လာစဉ် သူ၏မျက်လုံးများက သွေးအေးလျက်ရှိလေသည်။

သူတို့နှစ်ယောက် လေလယ်တွင် ထိပ်တိုက်တွေ့သွားပြီး ပေါက်ကွဲသံများအား စစ်မြေပြင်တစ်လျှောက် ထစ်ချုန်းသွားစေတော့သည်။ ခေါင်းကိုင်ဖခင်က သေအံ့ဆဲဆဲဖြစ်နေသော်လည်း တတ်နိုင်သမျှ ရှင်သန်းပွင့်လန်းနေချင်သော ပန်းတစ်ပွင့်ပမာ နတ်ဘုရားစွမ်းရည် တစ်ခုပြီးတစ်ခုထုတ်နေလေသည်။

ပေါက်ကွဲမှုများ၏အလယ်တွင် မှော်သိုင်းများ တစ်ခုနှင့်တစ်ခု ထိတွေ့ဝင်တိုက်ပြီး နတ်ဘုရားစွမ်းရည်များ ပေါက်ကွဲနေကြသည်။ အဆိပ်ငါးသွယ်မျိုးနွယ်ကျင့်ကြံသူများမှာ စစ်မြေပြင်ပေါ်ရှိ နေရာတိုင်းတွင် သေဆုံးနေကြလေ၏။ သို့သော် မချိတင်ကဲ အော်သံများမှာ ပိုပို၍ တိုးညှင်းအားနည်းလာချေသည်။

နောက်ထပ်အသက်ဆယ်ရှိုက် ကြာသော် အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင် သွေးတစ်ပွက် အန်လိုက်ရ၏။ သူက အားပါးတရရယ်ရင်း နောက်တစ်ဖန် မန်ဟို့ထံသို့ ပျံထွက်သွားပြန်သည်။

အသက်အရှိုက်နှစ်ဆယ်ကြာသော် သူ့လက်မောင်းတစ်ဖက် ပြတ်သွား၏။ သူက ကောင်းကင်ကို မျက်နှာမူ၍ ရယ်ရင်း ခေါင်းမာစွာဖြင့် မန်ဟို့ဆီ ပြေးဝင်လာပြန်လေသည်။

အသက်အရှိုက်သုံးဆယ်ကြာသော် နားစည်ကွဲလုမတတ်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွားပြီး မြူများ တထောင်းထောင်းထလာသည်။ မန်ဟိုက သွေးမျက်နှာဖုံးကို ချွတ်ကာ လှည့်ထွက်သွား၏။ သူ့အနောက်တွင် အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင်မှာ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့ပြီဖြစ်သည်။ မသေခင်စပ်ကြားလေး၌ သူ၏မျက်လုံးထဲတွင် တွေဝေမှုတို့ ပြည့်နှက်သွားသည်။ ထိုတွေဝေမှုအတွင်းတွင် သံယောဇဉ်အနှောင်အဖွဲ့မှ လွတ်မြောက်သွားသော အရိပ်အယောင်တစ်ခုပါရှိ၏။

သူကား ‌ရုပ်ရောနာမ်ပါ သေဆုံးသွားခဲ့လေပြီ။

အဆိပ်ငါးသွယ်မျိုးနွယ်စုခေါင်းကိုင်ဖခင် သေဆုံးသွားသည့်အခိုက်အတန့်မှာ စစ်မြေပြင်ပေါ်တွင် ရှိသော နောက်ဆုံးအဆိပ်ငါးသွယ်မျိုးနွယ်ကျင့်ကြံသူ၏ အသက်သွေးကို သွေးကိုယ်ပွား စုပ်ယူပြီးသွားသော အခိုက်အတန့်ဖြစ်လေသည်။

အဆိပ်ငါးသွယ်မျိုးနွယ်စုနှင့် တိုက်ပွဲကား ယခုတွင် ယတိပြတ် ပြီးဆုံးသွားပြီဖြစ်၏။

သို့သော် မန်ဟိုသက်ပြင်းချလိုက်ချိန်မှာပင် သူ၏သူငယ်အိမ်များ ရုတ်တရက်ကျုံ့သွားကာ သူ၏ခန္ဓာကိုယ်သည် ကျီးနတ်မင်းမျိုးနွယ်၀င် တစ်ယောက်၏ အရှေ့တွင် ပြန်ပေါ်လာသည်။ သူက လက်ကိုမြှောက်ပြီးနောက် အရှေ့ကို တွန်းထုတ်လိုက်၏။

"သွားစမ်း " သူက ခက်ထန်စွာ ပြောလိုက်သည်။ သူ၏အသံမှာ မိုးခြိမ်းသံကြီးသဖွယ် အရပ်မျက်နှာတခွင်တွင် ပဲ့တင်ထပ်ပြီး အရာအားလုံးအား တုန်ခါသွားစေ၏။ စောစောက သူ၏လက်ဟန်မှာ လေထုကိုပင် စုတ်ပြဲသွားစေပုံရသည်။ အက်ကြောင်းများက လေထုကို ထိုးခွဲပြီး မန်ဟို ယခုလေးတင် တားမြစ်လိုက်သော တစ်စုံတစ်ခုအား ဖော်ပြလိုက်၏ .....သွေးကိုယ်ပွား။

ဤသည်မှာ သွေးအလင်းရောင် ဖြာထွက်နေသည်ကလွဲ၍ မန်ဟိုနှင့်ချွတ်စွတ်တူသော ကျီမျိုးနွယ်သွေးကိုယ်ပွား ဖြစ်လေသည်။ ၎င်းသည် မကျေမနပ်ဖြစ်နေပြီး မနာခံလိုသော မျက်၀န်းများဖြင့် မန်ဟို့အရှေ့တွင် ရပ်နေ၏။ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ နောက်ဆုံးအဖွဲ့၀င်အား သတ်ပြီးနောက်တွင် ၎င်းမှာ သွေးဆာလွန်း၍ အနီးဆုံးရှိသက်ရှိသတ္တဝါမှန်သမျှကို အလိုလိုလိုက်ရှာနေမိခဲ့လေသည်။

ဤအခိုက်အတန့်တွင် ကျီးနတ်မင်းမျိုးနွယ်စုများမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြ၏။ သွေးပျက်ချောက်ချားဖွယ်ရာတိုက်ပွဲကြီး အရှိန်သေသွားသည်နှင့် သူတို့သည် ကမ္ဘာသစ်မိစ္ဆာများကို ခေါ်ကာ ကပျာကယာ နောက်ဆုတ်လိုက်ကြသည်။

မျိုးနွယ်၀င်များနှင့် ကမ္ဘာသစ်မိစ္ဆာအားလုံး မန်ဟို့အနောက်သို့ ရောက်သွားရန် တခဏသာ ကြာလိုက်၏။ မျိုးခြားသားရဲကြီးပင်လျှင် သွေးကိုယ်ပွားကို ထိတ်လန့်နေသဖြင့် အသက်ပြင်းပြင်းရှုရင်း နောက်ဆုတ်လာ၏။

အသားဂျယ်လီနှင့် ကြက်တူရွေးသာလျှင် မန်ဟို့၏ ပခုံးတစ်ဖက်တစ်ချက်စီတွင် နားရင်း ‌အရှေ့၌ရပ်နေသော ကျီမျိုးနွယ်သွေးကိုယ်ပွားကို မတူမတန်သလို ကြည့်ရဲကြလေသည်။

"ဒီခွေးမသားက ရုပ်ဆိုးလိုက်တာကွာ " ကြက်တူရွေးက စိတ်တိုင်းမကျဟန်ဖြင့် ပြောသည်။ "ဘာဆံပင်မှလည်းမရှိဘူး။ တစ်ပင်တောင်မရှိတာ။ ဘယ်လိုလုပ် ဒီလိုကောင်မျိုး တည်ရှိနေတာတုန်း။ ဒါပေမယ့် ဒီကောင့်ရဲ့ အရှိန်အဝါက ရင်းနှီးနေသလိုပဲ။ ဒါပေမယ့် ဘာမှန်းလဲ ငါမသိဘူး…. "

အသားဂျယ်လီက သွေးကိုယ်ပွားကို အကဲဖြတ်နေသောအကြည့်ဖြင့် ထူးထူးဆန်းဆန်း ကြည့်ပြီး ခင်ခင်မင်မင် နှုတ်ဆက်လိုက်၏။ " ဟေး၊ ဟိုင်း၊ ဟယ်လို သားကြီး။ ငါက သခင်သုံးတဲ့။ မင်းကို တစ်ခုလောက် ပြောချင်တယ်ကွာ ။ ငါ ဘယ်လောက်ထိ ရေနိုင်လဲသိလား။ သုံးအထိရေနိုင်တယ် သုံးအထိ"

သွေးကိုယ်ပွားက ကြက်တူရွေးနှင့်အသားဂျယ်လီကို အဖတ်ပင်မလုပ်ဘဲ မန်ဟို့ကို ဆက်ကြည့်နေ၏။ ၎င်းမှာ မန်ဟိုနှင့် ၎င်းကို ဆက်သွယ်ပေးထားသော ချိတ်တံဆိပ်အား အလိုမကျဖြစ်နေသယောင်ပင်။ ထိုအလိုမကျမှုက ၎င်းကို မျက်စိမျက်နှာပျက်နေစေပြီး မန်ဟို့ကို ဟိန်းဟောက်လိုက်လေသည်။

၎င်း၏ကျင့်ကြံခြင်းအခြေခံမှာ ထူးခြား၏။ အမြုတေဖြစ်တည်မှု၊ အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကဲ့သို့ အငွေ့အသက်မျိုး အာရုံမရပေ။ ၎င်းမှာ ကျင့်ကြံခြင်းအခြေခံပင် ရှိမနေသည့်အလားပင်။ ၎င်းတွင် ရှိနေသည့်အရာမှာ ကျင့်ကြံခြင်းအခြေခံထက် သာလွန်နေသော ကြောက်မက်ဖွယ်ရာအရှိန်အဝါသာ။ ထိုအရှိန်အဝါက ၎င်းအား ခပ်သိမ်းသော သက်ရှိသတ္တဝါတို့၏ မဟာရန်သူတော်ကြီးပမာ ဖြစ်နေစေသည်။

ထိုမျှသာမက ၎င်းသည် အစွမ်းထက်ပညာရှင်များ၏ သွေးနှင့်အသက်စွမ်းအားကို စုပ်ယူခြင်းဖြင့် ၎င်း၏အရှိန်အဝါအား အားကောင်းလာအောင် လုပ်နိုင်ပုံရလေသည်။ ၎င်းကို ဖန်တီးခဲ့သူက သူဖြစ်သည့်တိုင် သွေးအင်မိုတယ်အမွေအနှစ်နှင့် အခြားသောထိန်းချုပ်ခြင်းပညာရပ်များကြောင့်သာ မဟုတ်လျှင် ၎င်းကား ကြောက်စရာကောင်းသောအပြုအမူများကို အလိုအလျောက် လုပ်ဆောင်တော့မည်ဖြစ်ကြောင်း မန်ဟို ပြောနိုင်လေသည်။

ဟိန်းဟောက်နေသော ကျီမျိုးနွယ်သွေးကိုယ်ပွားကို ကြည့်ရင်း သူ စိတ်လေးလာသည်။ သွေးအင်မိုတယ်အမွေအနှစ်၏မှတ်တမ်းများအရ သွေးကို စိတ်ဝိညာဉ်များအဖြစ် သန့်စင်ရာတွင် ပုန်ကန်မှုဖြစ်ပွားနိုင်ခြေရှိကြောင်း သူသိသည်။ ပြောရလျှင် ၎င်းက သွေးနတ်ဘုရားပေါ်ပေါက်လာသည့်အခါ ဖြစ်ပွားတတ်သည့်အရာပင်။ သွေးစိတ်ဝိညာဉ်များနှင့်ပတ်သက်လျှင် ဖြစ်ခဲ၏။ သွေးကိုယ်ပွားတစ်ကိုယ်နှင့်စပ်လျဉ်းပြီး ဖြစ်နိုင်ခြေကား ရှိပင်မရှိသလောက်ပေ။

သို့သော် သွေးကိုယ်ပွားအဆင့်တွင်သာ ရှိသေးသည့် ကျီမျိုးနွယ်သွေးကိုယ်ပွားမှာ ရုတ်တရက် ပုန်ကန်သည့်လက္ခဏာများ ပြနေလေပြီ။ ဤသည်မှာ သွေးအင်မိုတယ် ထင်မှတ်မထားခဲ့သော အရာတစ်ခုဖြစ်သည်မှာ ယုံမှားဖွယ်မရှိပေ။

အ‌ခြေအနေက မန်ဟို့ကို လျှို့ဝှက်ဆန်းကြယ်သော ကျီသွေးဆက်အကြောင်း ချက်ချင်း တွေးလိုက်မိစေသည်။

ဤအခိုက်အတန့်တွင် ကျီမျိုးနွယ်သွေးကိုယ်ပွား၏ မျက်လုံးနီကြီးများ တောက်ပလာ၏။ ၎င်းက ဟိန်းဟောက်ပြီး မန်ဟို့ဆီ ပြေးဝင်လာသည်။ သို့သော် ထိုအခိုက်အတန့်တွင် မန်ဟို့၏မျက်လုံးများက အနီရောင်စူးရဲသွား၏။ သူ၏သူငယ်အိမ်များ နီရဲသွားပြီး ၎င်းတို့ထဲတွင် မှော်သင်္ကေတများ ပေါ်လာလေသည်။

ဤအခြင်းအရာက သွေးကိုယ်ပွားကို ခပ်စူးစူးအော်ရင်း နောက်ဆုတ်သွားစေသည်။

မန်ဟိုက အေးစက်စက် နှာတစ်ချက်မှုတ်လိုက်၏။ သူကား တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ‌ညာလက်ကို မြှောက်ရင်း ‌မုဒြာလက်ကွက်တစ်ကွက် ဖော်ဆောင်ပြီး ‌သွေးအင်မိုတယ်အမွေအနှစ်ကို အသုံးပြုလိုက်သည်။ သူ၏စွမ်းအားအလုံးစုံက သွေးကိုယ်ပွားအား သန့်စင်နေသည့်အတောအတွင်း ၎င်းကိုယ်တွင်း၌ စီရင်ထားခဲ့သော ချုပ်နှောင်ချိတ်တံဆိပ်အထဲသို့ စီးဆင်းသွားလေပြီ။

သွေးကိုယ်ပွားမှာ မချိတင်ကဲ အော်ဟစ်ပြီး တဆတ်ဆတ် တုန်ရီလာသည်။ အမွှေးတိုင်တစ်ဝက်ထွန်းစာ လောင်ကျွမ်းပြီးနောက်တွင် ၎င်း၏ခန္ဓာကိုယ်မှာ ရုတ်တရက် သွေးစက်တစ်စက်အဖြစ် ပြိုကွဲသွား၏။ မန်ဟိုက ချိတ်တံဆိပ်ကို သိမ်းပြီး‌ သွေးစက်ကို လှမ်းယူလိုက်သည်။

သွေးစက် သူ့လက်ဝါးကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် ‌ချည်မျှင်တစ်မျှင် ဖြစ်လာ၏။ ဤသည်မှာ ကျီမျိုးနွယ်သွေးကိုယ်ပွား၏ အမြုတေအဖြစ် မန်ဟို အသုံးပြုခဲ့သော မျက်လုံးမဲ့ပိုးကောင်၏ ချည်မျှင်တစ်မျှင် ဖြစ်လေသည်။

မန်ဟို သွေးကိုယ်ပွားကို ထိန်းသိမ်းလိုက်စဥ် သူ၏မျက်နှာအမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သို့သော် သူ့ရင်ထဲတွင် မွန်းကြပ်နေ၏။ ဤသည်မှာ သွေးကိုယ်ပွားမှ ပုန်ကန်သည့်လက္ခဏာများ ပထမဆုံးအကြိမ် ပြခဲ့ခြင်းဖြစ်၍ မန်ဟို့အနေဖြင့် ချုပ်နှောင်ချိတ်တံဆိပ်၏စွမ်းအားအပြည့်အဝ ထုတ်လွှတ်ခဲ့ရလေသည်။ နောက်ထပ်မံ၍ ဖြစ်ပွားလျှင် ထိုချုပ်နှောင်ချိတ်တံဆိပ် ထိရောက်မှုမရှိတော့မည်ကို မန်ဟို စိုးရိမ်မိ၏။

သူ၏မျက်ဝန်းများက အတွေးနက်သွားသည်။

"ငါ သွေးစိတ်ဝိညာဉ်ဖန်တီးနည်းကို အသုံးပြုပြီးတော့ သွေးကိုယ်ပွားကို သန့်စင်လိုက်ရင်တော့ ချုပ်နှောင်ချိတ်တံဆိပ်ရဲ့ ထိရောက်မှု အတော်လေးမြင့်တက်သွားလိမ့်မယ်" သူ စိတ်တည်ငြိမ်သွားသည်။ မန်ဟိုသည် ကျီးနတ်မင်းမျိုးနွယ်စုနှင့် ကမ္ဘာသစ်မိစ္ဆာများကို ဦးဆောင်ကာ စစ်မြေပြင်မှ ထွက်ခွာလာ၏။ သူသည် အရုပ်ဘိုးဘေးကြီးအလောင်းများနှင့် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ယာဉ်ပျံကို သိမ်းပြီး တရွေ့ရွေ့ လျှောက်သွား၏။

သူတို့ ထွက်ခွာသွားကြစဉ် စစ်မြေပြင်မှ သိပ်မလှမ်းမကမ်းရှိ ခရမ်းရောင်မိုးရေများထဲ စုန်းစုန်းမြုပ်နေသော တောင်တစ်လုံး၏အပေါ်က လေထုတွင် လှိုင်းဂယက်တစ်ခု ထလာသည်။ ကျင်ရှန်း မှော်ဆန်ဆန်  ပေါ်လာ၏။ သူမက ကျီးနတ်မင်းမျိုးနွယ်စု ထွက်ခွာသွားသည့်ဘက်ကို ကြည့်ရင်း တခစ်ခစ်ရယ်လိုက်လေသည်။

"ကြည့်ရတာ ငါ သူ့ကို အထင်သေးမိပြန်ပြီထင်တယ်... ‌သူ ‌အနိုင်ရဖို့အတွက် တော်တော်တော့ ပေးဆပ်ခဲ့ရမှာ။ ယိမ်းနွဲ့ဓားချီတချို့ဝောာင် ပါလောက်မယ်။  အဲ့ဒီချီနန်စွမ်းအားကို သူ အသုံးပြုနိုင်လိမ့်မယ်လို့ ငါ ထင်တောင်မထားဘူး

"ချီနန်ကို သူ ဘယ်နှကြိမ်တောင် ဆင့်ခေါ်နိုင်တာပါလိမ့်။ ပြီးတော့ သူ့ဆီမှာ ဓားချီဘယ်လောက် ရှိနေမလဲ" ကျင်ရှန်းမှာ မျက်ခုံးလေးနှစ်ဖက် တွန့်ချိုးလျက် အတွေးနစ်မြောနေသည်။ နောက်ဆုံးတွင် သူမပြုံးလိုက်၏။

"ကိစ္စမရှိဘူး။ အခု အဲ့ဒါတွေ စုံစမ်းပြီး ဘာလုပ်မှာလဲ။ ကမ္ဘာဦးအင်မိုတယ်မိစ္ဆာပြင်ညီ ထပ်ဖွင့်ဖို့ ‌နှစ်တွေအများကြီး လိုသေးတယ်လေ။ ငါလည်း တောင်ကောင်းကင်ဂြိုဟ်မှာ အေးဆေးနှပ်နေလိုက်ဦးမယ်" သူမက တခစ်ခစ်ရယ်ရင်း ပျောက်ကွယ်သွား၏။

သူမ ပျောက်ကွယ်သွားသည့်အခိုက်အတန့်တွင် ကျီးနတ်မင်းမျိုးနွယ်စုကို ဦး‌ဆောင်သွားနေသော မန်ဟိုက ရုတ်တရက် ခေါင်းလှည့်ကြည့်ပြီး မျက်လုံးများ တဖျပ်ဖျပ် တောက်ပသွားသည်။

***

All Chapters