အလယ်ပိုင်းသို့ ဝင်ရောက်ခြင်း
Vol. 35 Ch. 488
မဟာရန်သူတော်ကြီးနှင့် စစ်ဖြစ်ပြီးနောက် ကျီးနတ်မင်းမျိုးနွယ်စုသည် ကြီးမားသော အောင်မြင်မှုကြီးကို ဆွတ်ခူးနိုင်ခဲ့ပြီဟု ပြောနိုင်၏။ အဆိပ်ငါးသွယ်မျိုးနွယ်စုအား တစ်ယောက်မကျန် သုတ်သင်ခဲ့ပြီးလေပြီ။ ကံဆိုးစွာနှင့် အနိုင်ရဖို့ ပေးဆပ်ခဲ့ရသော တန်ဖိုးကား နည်းနည်းနောနောမဟုတ်။
ကျင်ကြံသူအင်အားတစ်သောင်းအနက် ယခုတွင် သုံးထောင်ကျော်သာ ကျန်ရှိတော့သည်။ သို့သော် ကျန်ရှိခဲ့သူများမှာ နှစ်ခြင်းမင်္ဂလာဖြင့် ကောင်းချီးပေးခံလိုက်သည့်အလားပင်။ ကျင့်ကြံခြင်းအခြေခံအားဖြင့်သော်လည်းကောင်း၊ ပုံပန်းသွင်ပြင်များအရသော်လည်းကောင်း သူတို့သည် ... ဓားအိမ်မှ မထုတ်ရသေးသော လူသတ်ဓားထက်ထက်များသဖွယ် ဖြစ်လာခဲ့လေပြီ။
ကျီးနတ်မင်းမျိုးနွယ်စုမှာ ပြောင်းလဲမှုများကို ဝရုန်းသုန်းကား ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ ဤအသက်ရှင်ခဲ့သူသုံးထောင်ကျော်မှာ ယခင်ကျီးနတ်မင်းမျိုးနွယ်စုငါးစု၏ အစွမ်းထက်ဆုံးပညာရှင်များအတွက် ပြိုင်ဘက်ဟုပင် သတ်မှတ်နိုင်လေသည်။
စစ်ပွဲက မျိုးနွယ်စုတစ်စုကို အမြစ်ဖြုတ်ပစ်နိုင်သည်။ တစ်ချိန်တည်းမှာပင် ၎င်းသည် မျိုးနွယ်စုတစ်စုကို အမြင့်သို့ မြှင့်တင်ပေးနိုင်၏။ ၎င်းကား လူပေါင်းများစွာကို သေကြေပျက်စီးစေနိုင်ပြီး ဘဝအသစ်တစ်ခုကိုလည်း မွေးဖွားပေးနိုင်လေသည်။
မျက်စိတစ်မှိတ်အတွင်း ကျီးနတ်မင်းမျိုးနွယ်စုမှာ ပြန်လည် မွေးဖွားလာခဲ့လေပြီ။ သူတို့ ဤအတိုင်း ဆက်ထိန်းသွားနိုင်လျှင် အနက်ရောင်နယ်မြေသို့ ရောက်ရှိသည့်အချိန်တွင် အနောက်ပိုင်းသဲကန္တာရပျက်သုဉ်းခြင်းအတောအတွင်း ထွန်းတောက်ကျော်ကြားလာခဲ့သော မျိုးနွယ်စုကြီးတစ်စုဖြစ်လာမည်ကို အလွယ်တကူ ခန့်မှန်းကြည့်နိုင်၏။ သူတို့၏အတိုက်အခိုက်စွမ်းရည်နှင့် သွေးပြတ်သားမှုတို့အပေါ်အခြေခံ၍ သူတို့သည် အခြားသောမျိုးနွယ်စုကြီးများပင် ကြောက်ရမည့် မျိုးနွယ်စုတစ်စုဖြစ်လာပေလိမ့်မည်။
တစ်ချိန်တည်းမှာပင် မန်ဟို့၏ခွန်အားလည်း ဆက်လက်ကြီးထွားလာခဲ့၏။ သူ မျှော်လင့်ချက်မဲ့သောကပ်ဘေးကို တိုက်ခိုက်ကျော်လွှားလိုက်တိုင်း ၎င်းက ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ နှလုံးသားထဲရှိ ပြင်းပြသော ယုံကြည်သက်ဝင်မှုတို့ကို ပိုပို၍ အားကောင်းလာစေသည်။ ၎င်းတို့က သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပေါင်းစည်း၍ မန်ဟို့ကို အမြဲဝန်းရံလျက်ရှိသော ကိုးကွယ်စွမ်းအားတစ်ရပ်ဖြစ်လာလေသည်။
သူ့အနေဖြင့် ၎င်းကို အမှန်တကယ် မစုပ်ယူနိုင်သော်လည်း ၎င်း၏တည်ရှိမှုသည် သူ၏အသက်စွမ်းအားကို အားဖြည့်ရင်း နတ်ဘုရားစွမ်းရည်နှင့်မှော်ပညာရပ်တို့၏အစွမ်းများကို အလွန်အမင်း မြင့်တက်သွားစေ၏။
ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ ပူဇော်ကိုးကွယ်မှုက သူ၏စွမ်းအားကို မြင့်တက်စေနိုင်ခြေရှိကြောင်း မန်ဟို ပြောနိုင်သည်။ တစ်ချိန်တည်းမှာပင် သူ၏ ကိုယ်ပိုင်အင်အားကလည်း ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ ကျင့်ကြံခြင်းအခြေခံများကို တစ်ဖန် အဆင့်တက်သွားစေသည်။
"ဓာတ်ငါးပါးအပေါင်းအစုက ကျီးနတ်မင်းမျိုးနွယ်စုကို အင်အားကြီးလာစေလိမ့်မယ်" မန်ဟိုက တွေးလိုက်သည်။ လောလောဆယ်တွင် သူသည် မြွေပွေးပျံကြီး၏ထိပ်တွင် ထိုင်နေ၏။ သူ အောက်ရှိ မြေပြင်များကို ငုံ့ကြည့်လိုက်ရာတွင် လေတို့က သူ၏မျက်နှာကို တိုးဝှေ့ကျီစယ်သွားလေသည်။
စစ်ပွဲပြီးနောက် မန်ဟိုသည် အဆိပ်ငါးသွယ်မျိုးနွယ်စု၏ ကျန်ရှိသော ကမ္ဘာသစ်မိစ္ဆာများကို သိမ်းပိုက်ခဲ့သည်။ အတော်များများ သေဆုံးသွားခဲ့သော်လည်း အရေအတွက်မှာ စုစုပေါင်းငါးသောင်းခန့် ရှိနေသေးလေသည်။
ထို့အပြင် သူတို့သည် အဆိပ်ငါးသွယ်မျိုးနွယ်စုမှ အရင်းအမြစ်များစွာလည်း ရရှိခဲ့၏။ အရေးအကြီးဆုံးမှာ လူထောင်ချီကို သယ်ဆောင်သွားနိုင်သော ဤအဖိုးထိုက်ရတနာ၊ ယာဉ်ပျံကြီးပင်။
ဤဧရာမမြွေပွေးကြီးသည် ကျီးနတ်မင်းမျိုးနွယ်ဝင်အားလုံးကို သယ်ဆောင်ရင်း လေကိုခွင်းလျက် သွားနေ၏။
၎င်းရွေ့လျားနေသည့် မယုံကြည်နိုင်ဖွယ် အမြန်နှုန်းက ကျီးနတ်မင်းမျိုးနွယ်ဝင်များကို မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေစေကာ မကြာသေးမီက တိုက်ခိုက်ခဲ့ရသော စစ်ပွဲ၏အနိဋ္ဌာရုံမြင်ကွင်းများကို ခေါင်းထဲမှ ထုတ်နိုင်သွားစေသည်။
သူတို့အတွက် အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်း၏အတွင်းထဲမှ ခြေလျင်ထွက်လာရန် နှစ်နှစ်ကြာခဲ့သည်။ စစ်ပွဲပေါင်းများစွာလည်း ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးတွင် အဆိပ်ငါးသွယ်မျိုးနွယ်စုနှင့် တိုက်ခိုက်ခဲ့ရသည်။ ယခုအချိန်တွင်တော့ သူတို့အတွက် တံခါးတစ်ချပ် ပွင့်သွားခဲ့လေပြီ။
ဤတံခါးမှ ဖြတ်လျှောက်သွားလျှင် ကျီးနတ်မင်းမျိုးနွယ်စု၏ ဂုဏ်သတင်းသည် အနောက်ဘက်နယ်မြေများတွင် နောက်တစ်ကြိမ် မွှေးပျံ့လာပေလိမ့်မည်။
မြွေပွေးကြီးသည် ရက်ပေါင်းများစွာ ပျံသန်းသွားနေ၏။ သူတို့သည် ယာဉ်ပျံမရှိသော မျိုးနွယ်စုများအပေါ်မှ ဖြတ်ကျော်ကာ ဆယ်နှစ်ကြာ ခြေလျင်လျှောက်ရမည်ထက်ပင် ခရီးပေါက်လာခဲ့လေပြီ။
တောင်ပိုင်းသို့ရောက်လေလေ၊ ကန်များနည်းပါးလာပြီး မြစ်များအား ပိုပိုတွေ့ရလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တောင်ပိုင်းကျလေလေ ၊ မြင့်လေလေဖြစ်၍ပင်။ ဆန့်ကျင်ဘက် မြောက်ပိုင်းတွင်တော့ နယ်မြေအများစုမှာ ပင်လယ်များ ဖြစ်လာနေကြလေပြီ။
ရက်အနည်းငယ်ကြာသော် တောင်စဉ်တန်းတစ်ခု အရှေ့တွင်မြင်သာလာ၏။ ၎င်းသည် မည်းနက်နေပြီး မျက်စိတစ်ဆုံးသွယ်တန်းနေလေသည်။
မန်ဟို့ဘေးတွင် ထိုင်နေသူကား ကျီးနတ်မင်းမျိုးနွယ်စုခေါင်းကိုင်ဖခင်ဖြစ်သည်။ သူ၏မျက်နှာမှာ ဖြူလျော့နေပြီး သူ၏ခန္ဓာကိုယ်မှာလည်း အိုမင်းချည့်နဲ့နေ၏။ သူသည် အဝေးသို့ လှမ်းမျှော်ကြည့်ရင်း ချောင်းတဟွတ်ဟွတ်ဆိုးကာ တစ်လုံးချင်း ပြောသည်။ " ဒါက အနောက်ပိုင်းသဲကန္တာရ မြောက်ပိုင်းနဲ့အလယ်ပိုင်းကြားက နယ်စပ်၊ မှင်ချီလင်တောင်တန်းလို့ ခေါ်တယ် "
တိုက်ပွဲအတွင်း၌ ခေါင်းကိုင်ဖခင်မှာ ရန်သူနတ်ဆရာချုပ်ကြီးကို အချိန်ဆွဲရန်အလို့ငှာ သူ၏အသက်စွမ်းအားကို လောင်ကျွမ်းစေခဲ့ရလေသည်။ မန်ဟိုဖော်စပ်ထားသော ဆေးလုံးများ စားခြင်းဖြင့်သော်လည်းကောင်း၊ သူ၏သစ်သားအရုပ်မှ စွမ်းအားများဖြင့်သော်လည်းကောင်း လပေါင်းများစွာ ကုသခဲ့သည့်တိုင် သူ့မှာ သူ၏အခြေခံကို ထိခိုက်စေခဲ့ပြီးဖြစ်၏။ သူ့အတွက် သေရတော့မည့်အချိန် နီးကပ်လာနေပြီဖြစ်ကြောင်း သူသိလေသည်။ သူ့တွင် နေထိုင်ရန် နှစ်ခြောက်ဆယ်စက်၀န်း၏ တစ်၀က်သာ ရှိတော့၏။
သို့သော် သူကား နောင်တမရ။ နှစ်ခြောက်ဆယ်စက်၀န်းတစ်၀က်မှာ ကျီးနတ်မင်းမျိုးနွယ်စု အနက်ရောင်နယ်မြေသို့ ၀င်ရောက်သွားသည်ကို သူ့မျက်လုံးများဖြင့် ကြည့်ရှုနိုင်ရန် လုံလောက်ကောင်း လုံလောက်နိုင်သည်။ ထိုနေရာသို့ရောက်လျှင် သူတို့နှင့် အတူတူပင်နေထိုင်၍ အချိန်ကုန်ဆုံးနိုင်သေး၏။
သူ့အတွက် ထိုမျှနှင့်ပင် လုံလောက်ပြီဖြစ်သည်။ ခရီးနှင်နေသည့်အတောအတွင်း သူ့မှာ ကျင့်ကြံအားထုတ်ခြင်းမပြုပဲ သာမန်လူတစ်ယောက်သဖွယ် နေထိုင်ခဲ့၏။ သူသည် မကြာမကြာ ကျိန်းစက်နေတတ်ပြီး တစ်ခါတလေ နှစ်ပေါင်းများစွာ မမက်ခဲ့ဖူးသော အိပ်မက်များမက်တတ်သည်။ သူ၏အိပ်မက်များထဲတွင် သူနှင့်တိုက်ခိုက်လိုက်၊ မကောင်းကြံလိုက်နှင့် နှစ်ပေါင်းများစွာ အတူရှိခဲ့သော ခေါင်းကိုင်ဖခင်များ၏ပုံရိပ်များ ပေါ်လာတတ်သည်။ သူ၏အိပ်မက်ထဲတွင် သူတို့သည် ပြုံးပြီး သူ့ကို သူတို့နှင့်အတူ ထွက်သွားရန် လက်ယပ်ဖိတ်ခေါ်နေကြလေသည်။
သူတို့သည် တစ်ဘ၀လုံး တိုက်ခိုက်လာခဲ့သော်လည်း ယခုတော့ သူတစ်ယောက်တည်း ကျန်တော့လေပြီ။ သူ့မှာ အထီးကျန်သောခံစားချက်များဖြင့် အိပ်မက်များမှ နိုးထလာတတ်၏။
" ဒီတောင်ကိုကျော်ရင် " သူက တိုးတိုးလေးပြောသည်။ " ငါတို့အနောက်ပိုင်းသဲကန္တာရရဲ့အလယ်ပိုင်းကို ရောက်သွားလိမ့်မယ်။ အခုချိန်မှာ အဲ့ဒီ့နေရာက ကျင့်ကြံသူအဖွဲ့ကြီးတွေ စုစည်းနေတဲ့နေရာ ဖြစ်လောက်တယ် " ထို့နောက် သူက ချောင်းတဟွတ်ဟွတ် ဆိုးလိုက်ပြန်သည်။
" ငါတို့ရဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေက လုံလောက်တယ် " သူကဆက်ပြော၏။ " ကံဆိုးစွာနဲ့ အဆိပ်ငါးသွယ်မျိုးနွယ်စုရဲ့ ယာဉ်ပျံက အချိန်အကြာကြီး ဆက်သွားနိုင်မှာ မဟုတ်လောက်တော့ဘူး။ အရင်က လူမချိမဆံ့တင်ထားခံရတာမလို့ ပျက်စီးထားတယ်မလား။ အဲ့ဒါကြောင့် ငါတို့နှစ်၀က်ကျော်တဲ့အထိ မပျံသန်းနိုင်မှာစိုးရိမ်မိတယ်။ နှစ်၀က်ကျော်သွားရင်တော့ ဒီယာဉ်ပျက်တော့မှာ" ခေါင်းကိုင်ဖခင်က စိုးရိမ်စွာဖြင့် မျက်မှောင်ကြုတ်သွားသည်။
မန်ဟိုက ခေါင်းညိတ်လိုက်သော်လည်း ဘာမှပြန်မပြောပေ။ ဤရတနာမြွေပျံကြီး မှင်ချီလင်တောင်တန်းများကို ဖြတ်ကျော်လိုက်သည်နှင့် မန်ဟို့အရှေ့၌ ကြီးမားကျယ်ပြောသော မြင်ကွင်းကြီးတစ်ခု ပေါ်လာ၏။ ၎င်းသည် မြောက်ပိုင်းရှိ နယ်မြေများနှင့် လုံး၀ကွာခြားသော လွင်ပြင်ကျယ်ကြီးတစ်ခု ဖြစ်လေ၏။
ခရမ်းမိုးမှာ ဤနေရာတွင် ရွာနေသော်လည်း စိမ်းလန်းစိုပြေနေသေးသောနေရာများ ရှိနေသေးလေသည်။
သူတို့ တောင်အရပ်သို့ ဦးတည်ရွေ့လျားနေကြစဉ် ယခင်က ပျောက်ကွယ်နေခဲ့သော စိတ်ဝိညာဉ်စွမ်းအင်တို့ ပြန်လည်သက်၀င်ဖြစ်တည်လာ၏။ ဤအခြင်းအရာကား ကျီးနတ်မင်းမျိုးနွယ်စုများကို ချက်ချင်း တက်ကြွသွားစေသည်။
မန်ဟို မျက်မှောင်ကြုတ်သွား၏။ စိတ်ဝိညာဉ်စွမ်းအင်မှာ အနောက်ပိုင်းသဲကန္တာရအလယ်ပိုင်းတွင် အပြီးတိုင်ဖြတ်တောက်ခြင်း မခံရသေးသည့်အပြင် အသက်များလည်း သုတ်သင်ခြင်းမခံရသေးသည့်အတွက်ကြောင့် ဤနေရာတွင် မျိုးနွယ်စုများ ယခင်ထက်ပို၍ များပြားနေလိမ့်မည်ဟု ဆိုလိုလေသည်။
"အခုငါတို့ဒီရောက်ပြီဆိုတော့ ပိုပြီးသတိရှိကြဖို့လိုတယ် " သူက ပြောသည်။ ထို့နောက် သူသည် မျိုးနွယ်စုအနားယူပြီး အားပြန်ဖြည့်နိုင်မည့် နေရာတစ်နေရာကိုရှာရန် မြွေပွေးကြီးအား ရှေ့သို့ ပျံသန်းစေလိုက်၏။
တစ်ချိန်တည်းမှာပင် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျီးနက်တစ်အုပ်ပေါ်လာပြီး အရှေ့၊ အနောက်နှင့် တောင်သို့ အသီးသီးပျံထွက်သွားကြသည်။ ၎င်းတို့က တရွှီးရွှီး ထွက်သွားကြပြီး လျင်မြန်စွာ ပျောက်ကွယ်သွားကြ၏။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့၏။ တစ်လကြာသော် သူတို့သည် မည်သည့်ဒေသခံကျင့်ကြံသူများနှင့်မှ ပက်ပင်းမတိုးသေးပေ။ မည်သို့ဆိုစေ ကျီးနတ်မင်းမျိုးနွယ်စုသည် အဘက်ဘက်သို့ စောင့်ကြည့်ရင်း အသိနှင့်သတိကပ်နေဆဲဖြစ်သည်။
တစ်နေ့လည်ခင်းတွင် မန်ဟို တင်ပျဉ်ခွေထိုင်နေစဉ် အနက်ရောင်အလင်းတန်းတစ်တန်း ကောင်းကင်တွင် ပေါ်လာ၏။ ၎င်းက မန်ဟို့၏ ယာဉ်ပျံဆီသို့ ပြေး၀င်လာပြီး မန်ဟို့အရှေ့တွင် ကျီးနက်တစ်ကောင်ပုံစံပြောင်းသွားသည်။ ၎င်းသည် သူ့အရှေ့ရှိ လေထဲတွင် ရပ်တန့်ရင်း အသံမဲ့စွာ အာလိုက်၏။
မန်ဟိုက ကျီးနက်ကို ကြည့်ပြီး မျက်လုံးများတောက်ပလာသည်။ တခဏကြာသော် လက်ကို မြှောက်လိုက်၏။ ကျီးကန်းက သူ့လက်ဝါးအပေါ် သက်ဆင်းလာပြီးနောက် ပျောက်ကွယ်သွားလေသည်။
နောက်ထပ်လ၀က် ကုန်ဆုံးသွားလေပြီ။ မန်ဟို စေလွှတ်ခဲ့သော ကျီးနက်များလည်း ပတ်၀န်းကျင်အခြေအနေအကြောင်း သတင်းအမြန်လာပို့ခဲ့ကြသည်။
မန်ဟိုသည် ကျီးနက်များ၏မျက်လုံးများမှတဆင့် ပတ်၀န်းကျင်ရှိ နယ်မြေများကို မြင်နိုင်၏။ ထို့အပြင် သူတို့၏ ခန္ဓာကိုယ်များကို အသုံးပြုပြီး စိတ်ဝိညာဉ်အာရုံရောက်ရှိနိုင်သည့် အကွာအဝေးကို ချဲ့နိုင်လေသည်။
ရက်ပေါင်းများစွာကြာသော် ကျီးကန်းအားလုံး ပြန်ရောက်လာကြ၏။ မန်ဟိုသည် ယခုတွင် ပတ်၀န်းကျင်နှင့် အလွန်ရင်းနှီးသွားခဲ့ပြီဖြစ်သည်။
သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့အရှေ့တွင် မြေပုံတစ်ပုံအား ရေးဆွဲထားသော မျက်နှာပြင်တစ်ခုပေါ်လာသည်။ "ပတ်၀န်းကျင်မှာ မျိုးနွယ်စုခုနစ်စုရှိတယ်။ အကုန်လုံးက အလယ်အလတ်မျိုးနွယ်စုတွေ။ အားလုံးထဲမှာ အသေးဆုံးက ထောင်ဂဏန်းရှိပြီးတော့ အကြီးဆုံးက အင်အားနှစ်သောင်းရှိတယ် "
ကျီးနတ်မင်းမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်နှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများက မန်ဟို့ပတ်ပတ်လည်တွင် ဝိုင်းထိုင်နေကြ၏။ သူတို့က မြေပုံကို စိတ်၀င်တစား ကြည့်နေကြ၏။
"အခုဒီမျိုးနွယ်စုနှစ်စုက အနီးဆုံးပဲ။ ငါတို့မှာ မိစ္ဆာစိတ်၀ိညာဉ်တစ်ကောင်ရှိတယ်ဆိုတာ သိထားမှာ သေချာတယ်။ ဒါပေမယ့် ဒီအလယ်ပိုင်းကို ရောက်အောင် ပြောင်းရွှေ့နိုင်ခဲ့တဲ့မျိုးနွယ်စုတွေဆိုတာ အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရမှာပဲ။ ဒါကြောင့် မဆင်မခြင်လှုပ်ရှားမှာမဟုတ်ဘူး။ သေချာပေါက် ငါတို့ကို ကင်းထောက်ဖို့ ကြိုးစားလိမ့်မယ်
"ဟိုတလောတုန်းက" သူက တည်ငြိမ်စွာ ပြောသည်။ "ငါတို့ကို အကဲခတ်နေခဲ့တဲ့ နတ်ဘုရားအာရုံလှိုင်း အနည်းဆုံးနှစ်လှိုင်း အာရုံရခဲ့တယ်။ အဲ့ဒီမျိုးနွယ်စုနှစ်စုက ကိုးကွယ်ရာအရုပ်ဘိုးဘေးကြီးတွေ ဖြစ်မှာသေချာတယ်" ကျင့်ကြံသူတစ်ယောက်မှ ဘာမှဝင်မပြောပေ။
"ဒီပတ်ဝန်းကျင်မှာ ငါ စိတ်အဝင်စားဆုံးက ဒီနေရာပဲ" မန်ဟိုက မြေပုံပေါ်ရှိ တစ်နေရာကို လက်ညှိုးထိုးရင်း ပြောသည်။ ၎င်းသည် ပျံသန်းသွားလျှင် နှစ်ပတ်ခန့်ကြာမည်ဖြစ်သော ခပ်ကြီးကြီးနေရာတစ်နေရာဖြစ်၏။ မန်ဟိုက ထိုနေရာကို မြေပုံပေါ်တွင် ဝိုင်းထားလေသည်။
"ဒီနေရာက သိပ်ထူးဆန်းတယ်။ မျိုးနွယ်စု ခုနစ်စု၊ ရှစ်စုလောက် သိမ်းပိုက်ထားတာဖြစ်မယ်။ ငါ့ကမ္ဘာသစ်မိစ္ဆာ စောင့်ကြည့်ခဲ့ရသလောက် သူတို့က ကုန်သွယ်စခန်းတစ်ခုခု ဆောက်နေသလိုပဲ" သူ မျက်မှောင်ကြုတ်သွား၏။
"မဟာမိတ်ဖွဲ့ထားတာဖြစ်မယ်" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်က ပြောသည်။ သူက မူလကျီးနတ်မင်းမျိုးနွယ်ဝင်မဟုတ်ဘဲ သစ္စာခံခဲ့သော သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ဖြစ်၏။
"ပျက်သုဉ်းခြင်းကပ်အပြင်" သူက ဆက်ပြောသည်။ "ခရမ်းမိုးကလည်း သည်းသထက်သည်းလာတဲ့အတွက် တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်မယ့်အစား မဟာမိတ်ဖွဲ့ဖို့ ရွေးချယ်လိုက်တဲ့မျိုးနွယ်စုတွေ သေချာပေါက် ရှိလိမ့်မယ်။ အဲ့ဒီလိုမဟာမိတ်ဖွဲ့ရင် အင်အားပိုတောင့်လာပြီး အသက်ရှင်နိုင်ခြေ ပိုများလာမယ်မဟုတ်လား
"ဘိုးဘေးကြီးပြောတဲ့အဖွဲ့က ကျိန်းသေ အဲ့ဒီလိုမဟာမိတ်တစ်ဖွဲ့ ဖြစ်လိမ့်မယ်။ ကုန်သွယ်စခန်းကတော့ ... ရှင်းပြဖို့ အလွယ်လေးရယ်။ ကျုပ် အရင်တုန်းက အလယ်ပိုင်းဒေသရဲ့ ဒီတစ်ကြောကို ဖြတ်သွားဖူးတယ်။ ဒီပတ်ဝန်းကျင်က မျိုးနွယ်စုတွေက ပြောင်းရွှေ့နိုင်တဲ့ ကုန်သွယ်စခန်းတွေ ဆောက်လေ့ရှိတတ်ကြတယ်။ အမှန်တော့ တချို့မျိုးနွယ်စုတွေက ကုန်သွယ်စခန်းလေးတွေပဲ"
"အကြီးအကဲစွန်း ပြောတာမှန်တယ်" အမှောင်ကျီးအကြီးအကဲက ထောက်ခံသည်။ "ကျုပ်လည်း ကြားဖူးတယ်။ အဲ့ဒီလိုမျိုးနွယ်စုတွေက မဟာမိတ်ဖွဲ့ပြီးရင် အရင်းအမြစ်တွေ ဖလှယ်ဖို့ ကုန်သွယ်စခန်းတစ်ခု ဆောက်ကြတယ်။ သူတို့အားလုံးမှာ လိုအပ်ချက်မျိုးစုံရှိပေမယ့် အတူတူပေါင်းလိုက်ရင် အနက်ရောင်နယ်မြေထဲ ဝင်ရောက်နိုင်ဖို့ ပိုယုံကြည်ချက်ရှိတာပေါ့" အမှောင်ကျီးအကြီးအကဲမှာ အရုပ်ဆေးမင်ကြောင်များကို ပြောင်းလဲခဲ့ပြီးဖြစ်သည်။ ယခု သူ့တွင် မန်ဟို့၏သစ်သားအရုပ်ရှိနေလေပြီ။ ဤသည်က သူ၏ကျင့်ကြံခြင်းအခြေခံကို အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်သို့ ပြန်တက်သွားစေခဲ့သည်။
"ပြောရရင်" အကြီးအကဲစွန်းက ပြောသည်။ "အဲ့ဒီလို မဟာမိတ်တစ်ဖွဲ့ရဲ့ ကုန်သွယ်စခန်းက တစ်နေရာတည်းမှာ အကြာကြီးနေမှာ မဟုတ်ဘူး။ သူတို့က ကူးပြောင်းသွားရင်း၊ တွေ့တဲ့လူတွေနဲ့ ကုန်သွယ်ရင်း ပိုပိုအစွမ်းထက်ပြီး အင်အားတောင့်လာကြတယ်
"အဲ့ဒီနေရာက ကျုပ်တို့ သွားသင့်တဲ့နေရာအတိအကျပဲ။ ဝေးဝေးလံလံ ခရီးနှင်လို့ရတဲ့ ယာဉ်ပျံတစ်စင်းတောင် ဝယ်ရင် ဝယ်လို့ရမှာ။ ကျုပ်တို့ ပြောင်းရွှေ့တာမှာ အသုံးဝင်မယ့် ပစ္စည်းတချို့လည်း ရှိလောက်တယ်
"တချို့မျိုးနွယ်စုကြီးတွေရဲ့ ကုန်သွယ်စခန်းတွေမှာဆိုရင် သုတ်သင်ခံလိုက်ရတဲ့ မျိုးနွယ်စုတွေရဲ့ ကိုးကွယ်ရာဘိုးဘေးကြီးတွေကိုတောင် ဝယ်ယူနိုင်တယ်တဲ့....
"မေးစရာရှိတာက ဒီမဟာမိတ်အဖွဲ့နဲ့ အရောင်းအဝယ်လုပ်မှာလား။ ဒါမှမဟုတ် ဓားပြတိုက်မှာလား ဆိုတာပဲ" သူ၏စကားလုံးများက လူတိုင်း၏မျက်ဝန်းများကို တောက်ပလာစေပြီး မန်ဟို့ကို လှမ်းကြည့်ကာ သူ၏ဆုံးဖြတ်ချက်အား စောင့်နေကြ၏။
မန်ဟိုက အတန်ကြာ တိတ်ဆိတ်နေပြီးနောက် အေးတိအေးစက် ပြောသည်။ "မဟာမိတ်အဖွဲ့က အရောင်းအဝယ်လုပ်ဖို့ ရွေးချယ်ရင် အရောင်းအဝယ်လုပ်မယ်။ စစ်ဖြစ်ချင်တော့ စစ်ဖြစ်ပေးရုံပေါ့"
***