ရှစ်စုမဟာမိတ်အဖွဲ့
Vol. 35 Ch. 489
မန်ဟို့၏စကားလုံးများက ပတ်ပတ်လည်ရှိ ကျီးနတ်မင်းမျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများကို တခဏ အတွေးနက်သွားစေပြီးနောက် သူတို့၏မျက်လုံးများတွင် သွေးအေးသောအလင်းများ တဖျပ်ဖျပ်လက်သွားပြီး သတ်ဖြတ်လိုစိတ်တို့ ဆူပွက်လာသည်။ အထူးသဖြင့် ရက်စက်သောမျက်လုံးများဖြင့် နှုတ်ခမ်းသပ်လိုက်သော အကြီးအကဲစွန်းဖြစ်၏။
မန်ဟိုသည် မျက်လုံးမှိတ်၍ မြေကြီးကို လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် လွင်ပြင်မှ မိစ္ဆာချီများ လွင့်လူတက်လာပြီး ပုံရိပ်တစ်ခုဖြစ်လာ၏။ ဤသည်ကား မန်ဟို့၏မိစ္ဆာချီကိုယ်ပွားမှတပါး အခြားမဟုတ်ပေ။
ပုံရိပ်တွင် မန်ဟို့၏စိတ်ဝိညာဉ်အာရုံ ပါ၀င်နေသည်။ အနက်ရောင်ခြုံထည်တစ်ခုက ၎င်းကို ရစ်ပတ်သွားကာ အနက်ရောင်၀တ်ရုံနှင့် လူတစ်ယောက်အဖြစ် ပြောင်းလဲသွားစေ၏။
အနက်ရောင်၀တ်ရုံနှင့်လူသည် လေလယ်တွင် မျောလွင့်နေပြီး သူ၏မျက်နှာပုံပန်းသွင်ပြင်ကား မပီသပေ။ မန်ဟို့အသံက ရုတ်တရက် အတွင်းမှထွက်လာ၏။ " မျိုးနွယ်စုတစ်ခုလုံးရော ငါ့ရဲ့ကိုယ်အစစ်ရော မရွေ့ဘူး။ ကိုယ်ပွားကိုပဲ အဲ့ဒီမဟာမိတ်အဖွဲ့ဆီ လွှတ်လိုက်မယ် "
ပတ်၀န်းကျင်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ခေါင်းညိတ်လိုက်၏။ မန်ဟို့၏ ထူးခြားဆန်းကြယ်သော နတ်ဘုရားစွမ်းရည်များနှင့် ပက်သက်၍မူ သူတို့သည် ကျင့်သားရနေပြီဖြစ်သည်။ သူတို့အတွက် ၎င်းတို့ကား မြင်နေကျအရာများသာ ဖြစ်လေ၏။
အနက်ရောင်၀တ်ရုံနှင့်ပုံရိပ်က အကြီးအကဲစွန်းဘက် လှည့်လိုက်သည်။
" ဒီနေရာကို ဖြတ်သွားဖူးတယ်မလား အကြီးအကဲစွန်း ။ ကျုပ်နဲ့အတူ လိုက်ခဲ့ရင် ကောင်းမယ်ထင်တယ် "
အကြီးအကဲစွန်းက အသက်ပြင်းပြင်းရှုသွင်းပြီး ထရပ်ကာ အရိုအသေပေးသည်။
ကျီးနတ်မင်းမျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်လည်း ထရပ်လိုက်၏။ သူက သိုလှောင်အိတ်တစ်လုံးထုတ်ပြီး မန်ဟို့ကို လှမ်းပေးသည်။ ဤသိုလှောင်အိတ်တွင် မျိုးနွယ်စု၏ဝိညာဉ်ကျောက်တုံးများနှင့် အခြားအရင်းအမြစ်များတချို့ ပါရှိလေသည်။
မန်ဟို့၏ အနက်ရောင်၀တ်ရုံနှင့်မိစ္ဆာချီကိုယ်ပွားက လှည့်ပြီး အကြီးအကဲစွန်းနှင့်အတူ ကောင်းကင်သို့ ပျံတက်လိုက်၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့သည် တဟုန်ထိုး ထွက်သွားသော အလင်းတန်းများ ဖြစ်သွားခဲ့လေပြီ။
မိစ္ဆာချီကိုယ်ပွား ထွက်ခွာသွားပြီးနောက် တင်ပျဥ်ခွေထိုင်လျက်ရှိသော မန်ဟို၏မျက်လုံးများ ပွင့်လာ၏။
"ဒီနေရာမှာ ရက်ပိုင်းလောက်အနားယူပြီးတော့ အားပြန်ဖြည့်ကြမယ် " မန်ဟိုက အေးစက်စွာ ပြောသည်။ " ပြီးရင် အဲ့ဒီမျိုးနွယ်စုရဲ့ စိတ်ဆန္ဒပေါ် မူတည်ပြီးတော့ အရောင်းအ၀ယ်လုပ်မလား။ စစ်တိုက်မလားဆိုတာကို ဆုံးဖြတ်ကြမယ် " မျိုးနွယ်စုအတွင်းရှိ သူ၏ ရာထူးကိုစဉ်းစားကြည့်လျှင် သူ၏ဆုံးဖြတ်ချက်က မျိုးနွယ်စု၏ဆုံးဖြတ်ချက်သာ ဖြစ်လေသည်။
ပတ်၀န်းကျင်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ခေါင်းညိတ်လိုက်ပြီး ကျီးနတ်မင်းမျိုးနွယ်စုမှာ ဤနေရာတွင် စခန်းချရန်ပြင်တော့သည်။ ဤသည်မှာ သူတို့အတွက် ရွှေ့ပြောင်းနေသည့်အတောအတွင်း ပထမဆုံးအကြိမ် နားခြင်းဖြစ်လေသည်။
ထိုစဥ် မန်ဟို့၏အနက်ရောင်၀တ်ရုံနှင့် မိစ္ဆာချီကိုယ်ပွားမှာ အကြီးအကဲစွန်းနှင့်အတူ အနောက်ပိုင်းသဲကန္တာရ၏ လေထုထဲတွင် ပျံသန်းလျက်ရှိသည်။
သူတို့သည် ရံဖန်ရံခါ အသေးစားနေရာရွှေ့ပြောင်းကာ အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် မဟာမိတ်မျိုးနွယ်စုများဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားနေ၏။
ရက်အနည်းငယ်ကြာသော် မန်ဟိုက မေးသည်။ " အကြီးအကဲစွန်း၊ အရင်က ဒီနေရာမှာ မိတ်ဆွေတွေဘာတွေများ ရှိခဲ့သေးလား " အကြီးအကဲစွန်းမှာ ဤနေရာနှင့် အလွန်ရင်းနှီးနေကြောင်း သူ သတိထားမိလိုက်သည်။ ရံဖန်ရံခါ သူသည် လွမ်းဆွတ်တမ်းတနေသော အမူအရာဖြင့် ဘေးပတ်၀န်းကျင်ကို ကြည့်ရှုတတ်၏။
အကြီးအကဲစွန်းက ရယ်လိုက်၏။ "အရိုးသားဆုံးပြောရရင် ဘိုးဘေးကြီး…. ကျွန်တော်က ဒီနေရာမှာ ရန်သူတွေရှိခဲ့ဖူးတယ်။ သူတို့က ကျွန်တော့် နောက်လိုက်သတ်ခဲ့တာလေ။ အဲ့ဒါကြောင့်မလို့ ဒီနေရာနဲ့ပိုပြီး ရင်းနှီးလာခဲ့တာပဲ " အကြီးအကဲစွန်းမှာ ပိန်ချုံးချုံးဖြစ်ကာ “八” ပုံစံမုတ်ဆိတ်မွှေးရှိသည်။ သူ့မျက်နှာ၏ ဘယ်ဘက်ခြမ်းတွင် လည်ပင်းအထိ တောက်လျှောက် ထင်းနေသော အမာရွတ်ကြီးတစ်ခုရှိရာ သူ၏ရုပ်သွင်ကို သွေးအေးကြမ်းကြုတ်သည့်ပုံပေါ်နေစေတော့သည်။
မန်ဟိုက ခေါင်းညိတ်လိုက်ပြီး ဆက်လက်မေးမြန်းခြင်းမပြုတော့ပေ။ သူတို့နှစ်ယောက်သည် ရောင်စုံအလင်းတန်းများအသွင်ဖြင့် လေကိုခွင်းလျက် ဆက်လက်ပျံသန်းနေကြ၏။
အချိန်များကုန်ဆုံးသွား၏။ သူတို့မှာ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားနေရာ ယာဉ်ပျံနှင့်ဆိုလျှင် တစ်လကြာမည့်အကွာအဝေးကို ဆယ်ရက်တည်းနှင့် ခရီးနှင်နိုင်သွား၏။
အကြီးအကဲစွန်းကြောင့်သာ ထိုမျှကြာခဲ့ခြင်းဖြစ်သည်။ မန်ဟိုတစ်ယောက်တည်း မိစ္ဆာချီကိုယ်ပွားကို သုံး၍ ခရီးနှင်ပါက ငါးရက်သာ ကြာမည်ဖြစ်၏။
တစ်ရက်တွင် အရှေ့ရှိလွင်ပြင်၌ မြို့တစ်မြို့ပေါ်လာသည်။ တဲတစ်သောင်းကျော်ကား မြို့ကို ဗဟိုပြု၍ ဝိုင်းဖွဲ့တည်ရှိနေကြ၏။ ၎င်းတို့သည် အထူးပုံစံကွက်များထဲတွင် ပြွတ်သိတ်စွာ တည်ရှိနေကြရာ မန္တန်၀င်္ကပါတစ်ခုနှင့် တူနေတော့သည်။
တဲတစ်သောင်းကျော်သည် ချုပ်နှောင်ခြင်းအမှတ်အသားများနှင့်တူသော ပုံစံကွက်ရှစ်ကွက်ကို ဖော်ဆောင်၍ အစုစုများ ဖွဲ့လျက်တည်ရှိနေကြသည်။ မှန်ပါသည်၊ ယင်းက မဟာမိတ်ဖွဲ့ထားသော မျိုးနွယ်စုရှစ်စုကို ကိုယ်စားပြုလေသည်။
မြို့သည် အလယ်ဗဟိုတွင် တည်ရှိ၏။ မန်ဟိုသည် လေထဲမှနေ၍ သွားလာလှုပ်ရှားနေသော ကျင့်ကြံသူများစွာကို မြင်လိုက်ရသည်။ မြို့တစ်မြို့လုံးမှာ အတော်လေး စည်ကားသိုက်မြိုက်နေလေသည်။
မန်ဟိုနှင့် အကြီးအကဲစွန်းတို့ မီတာသုံးထောင်ခန့်သာ ကွာဝေးတော့သည့်အချိန် မဟာမိတ်ဖွဲ့ထားသောမျိုးနွယ်စုများရှိရာ အရပ်မှ အဘိုးကြီးတစ်ဦး၏အသံတစ်သံ ရုတ်တရက် ထွက်လာသည်။
"ရှစ်စုမဟာမိတ်အဖွဲ့မှ ကြိုဆိုပါတယ်။ ကျုပ်တို့က မတူညီတဲ့မျိုးနွယ်စုရှစ်စုမှ မဟာမိတ်ဖွဲ့ပြီး ဒီနေရာမှာ ငါးလစခန်းချနေခဲ့တာပါ။ အဲ့ဒီအချိန်အတောအတွင်း မီတာသုံးထောင်ဧရိယာမှာ ပျံသန်းခြင်းကို တားမြစ်ထားပါတယ်။ တာအိုရောင်ရင်းတို့ အရောင်းအဝယ်လုပ်ဖို့ လာတာဆိုရင်တော့ ဒီနေရာမှ ကြိုဆိုပါတယ်"
စကားလုံးများ ကြားလိုက်ရသည့်အချိန်မှာပင် အဘိုးကြီးတစ်ဦး မန်ဟိုနှင့်အကြီးအကဲစွန်း၏အရှေ့တွင် ပေါ်လာခဲ့လေပြီ။ သူ၏မျက်နှာပေါ်တွင် အညိုကွက်များ ထနေ၏။ သူက မန်ဟိုနှင့် အကြီးအကဲစွန်းကို လှမ်းကြည့်ပြီး ဆက်ပြောသည်။ "ကျုပ်က အိုးယွန်ဇီပါ။ တာအိုရောင်ရင်းတို့ ကြည့်ရတာ ဒီနေရာနဲ့ သိပ်မရင်းနှီးဘူးထင်တယ်။ ဘယ်က လာတာဖြစ်မလဲ သိချင်မိပါတယ်" အကြီးအကဲစွန်းကို အကဲခတ်ပြီးနောက် သူ၏မျက်လုံးက မန်ဟို့အပေါ် ကျရောက်လာကာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားလေသည်။
အိုးယွန်ဇီသည် အနုသုခုမရုပ်ခန္ဓာစဦးပိုင်းအဆင့်ဖြစ်သောကြောင့် အနက်ရောင်ခြုံထည်နှင့်လူ၏ ကျင့်ကြံအဆင့်ကို မမြင်နိုင်ရာ သူ့ရင်ထဲတွင် နိုးနိုးကြားကြားဖြစ်သွား၏။
မန်ဟို စကားပြောရန် အစီအစဉ်မရှိသည်ကို မြင်သောအခါ အကြီးအကဲစွန်းက အားပါးတရ ရယ်ရင်း လက်ယှက်၍ ပြောသည်။ "ကျုပ်က စွန်းဒဟိုင်ပါ။ မျိုးနွယ်စုက အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းကနေ ပြောင်းရွှေ့ပြီး ဒီနေရာကို ဖြတ်သွားနေကြတာလေ။ ဒီပတ်ဝန်းကျင်မှာ ရှစ်စုမဟာမိတ်အဖွဲ့ မြို့တစ်မြို့တည်ထားတယ် ကြားတာနဲ့ လိုအပ်တဲ့ပစ္စည်းတွေအတွက် အရောင်းအဝယ်လုပ်ဖို့ လာခဲ့တာပါ"
အိုးယွန်ဇီ၏မျက်လုံးများက စွန်းဒဟိုင်ဆီမှ သူ့အနောက်သို့ ရောက်သွားသည်။ မှန်ပါသည် ၊ နောက်တွင်ကား ဘာမှမရှိပေ။ သူက ပုံမှန်မျက်နှာထားဖြင့် ရုတ်တရက် ပြုံးလိုက်သည်။
"ရှစ်စုမဟာမိတ်အဖွဲ့က အရောင်းအဝယ်လုပ်ချင်တဲ့ တာအိုရောင်ရင်းတို့ အားလုံးကို ကြိုဆိုနေပါတယ်။ နှစ်ယောက်လုံးကို ကြိုဆိုပါတယ်ခင်ဗျာ" သူက တစ်ချက်ရယ်ရင်း လှိုက်လှဲပျူငှာစွာ ကြိုဆိုသည်။ သူတို့သုံးယောက် မြေပြင်သို့ ဆင်းသက်လိုက်ကြပြီး ရှစ်စုမဟာမိတ်အဖွဲ့ထံသို့ လမ်းလျှောက်သွားကြလေသည်။
"အနောက်ပိုင်းသဲကန္တာရမြောက်ပိုင်းကနေ ဒီအထိ ပြောင်းရွှေ့လာနိုင်တယ်ဆိုတော့ ခင်ဗျားတို့မျိုးနွယ်စုက သေချာပေါက် ထူးချွန်ပြောင်မြောက်တာကို ညွှန်ပြနေတာပဲ တာအိုရောင်ရင်းစွန်းရေ"
"အီး လမ်းတစ်လျှောက်လုံး အလှည့်အပြောင်းတွေ ၊ အခက်အခဲတွေ ကြုံခဲ့ရတယ်ဗျာ။ အဲ့ဒီအကြောင်းတွေက ထားပါတော့။ တာအိုရောင်ရင်းအိုး .. အခြေအနေကြည့်ရသလောက် ရှစ်စုမဟာမိတ်အဖွဲ့က အနက်ရောင်နယ်မြေကို ဝင်ရောက်နိုင်မယ်ထင်တယ်။ ခင်ဗျားတို့အတွက် ဂုဏ်ယူပါတယ်"
"ဂုဏ်ပြုစကားအတွက် ကျေးဇူးတင်ပါတယ် တာအိုရောင်ရင်းစွန်း။ ဘာပစ္စည်းတွေများ လာရှာသလဲ ကျုပ်မေးလို့ရမလား"
"အာ ထွေထွေထူးထူးတော့မဟုတ်ပါဘူး။ ဒီတိုင်း ဟိုဟိုသည်သည်ပေါ့။ ရောင်းစရာ ကမ္ဘာသစ်မိစ္ဆာအုပ်တွေရှိရင်တော့ အကောင်းဆုံးပေါ့ဗျာ"
စွန်းဒဟိုင်သည် အိုးယွန်ဇီနှင့် ဆင်ဝှေ့ရန်ရှောင်ပြောရင်း ရယ်ရယ်မောမောဖြင့် လမ်းလျှောက်သွားကြသည်။
တစ်ချိန်လုံး မန်ဟိုသည် တိတ်ဆိတ်နေပြီး စွန်းဒဟိုင်နှင့် အိုးယွန်ဇီကို တစ်ယောက်ကို တစ်ယောက် အကဲစမ်းခွင့်ပြုထားသည်။
သူတို့ မဟာမိတ်အဖွဲ့၏ နယ်နိမိတ်သို့ ရောက်သောအခါ အိုးယွန်ဇီက ပြုံး၍ လက်ယှက်နှုတ်ဆက်ပြီး စွန်းဒဟိုင်နှင့် မန်ဟိုတို့ မြို့ထဲ ဝင်သွားသည်ကို စောင့်ကြည့်နေ၏။ ထို့နောက်တွင် အုံ့မှိုင်းညိုမဲသွားသော အရိပ်အယောင်တစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။
ရုတ်တရက် လူတစ်ယောက်၏အသံတစ်သံအား ကြားလိုက်ရသည်။ "အစ်ကိုအိုး အဲ့ဒီနှစ်ယောက်နဲ့ပတ်သက်ပြီး မသင်္ကာစရာရှိလား"
အိုးယွန်ဇီ၏ဘေးရှိ လေထုတွင် လှိုင်းများထသွားပြီး အမျိုးသားတစ်ယောက်နှင့်အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ နှစ်ယောက်လုံးက သက်လတ်ပိုင်းအရွယ်ဖြစ်၏။ အမျိုးသားက စာပေသမားဝတ်ရုံကို ဝတ်ဆင်ထားပြီး အမျိုးသမီးက မင်းသမီးဝတ်ရုံကဲ့သို့ ဂါဝန်မျိုးဝတ်ဆင်ထားလေသည်။
အိုးယွန်ဇီက ထိုနှစ်ယောက်ကို လှမ်းကြည့်ပြီး ဖြေးညင်းစွာ ပြောသည်။ "မြောက်ပိုင်းက လာတာလို့ပြောတယ်။ စွန်းဆိုတဲ့ကျင့်ကြံသူဆီမှာ မူမမှန်တာ ဘာမှမတွေ့ရဘူး။ သူ့ဘေးက အနက်ရောင်ခြုံထည်နဲ့လူနဲ့ ပတ်သက်ပြီးလို့တော့ သူ့ကျင့်ကြံအဆင့်ကို ငါမမြင်ရဘူး။ ဒါ့အပြင် သူ့ရဲ့အရှိန်အဝါကလည်း အေးစက်ပြီး မှောင်မိုက်နေတယ်
"ဖြစ်သင့်တာတွေ မဖြစ်စေဖို့အတွက် ငါ သူတို့ကို ဒီတိုင်းလွှတ်ပေးထားတာ ကောင်းမယ်လို့ ပြောချင်...." အိုးယွန်ဇီစကားမဆုံးခင် သူ့မှာ ရိုင်းပျစွာ ကြားဖြတ်ပြောခံလိုက်ရလေသည်။
"ဘာမှပူနေစရာမလိုဘူး" မင်းသမီးအဝတ်အစားနှင့်အမျိုးသမီးက ပြောသည်။ "သူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးတော့ မဟုတ်နိုင်ဘူး။ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဆိုရင်တောင်မှ တစ်ယောက်တည်းရှိတာလေ။ ပိုက်ကွန်ကိုက ဖြန့်ခဲ့ပြီးသွားပြီ။ ပြန်ဆွဲဖို့ အချိန်ကျရင် မဖြစ်သင့်တာတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ တာအိုရောင်ရင်းအိုး၊ စိတ်ပူမနေနဲ့"
စာပေသမားအသွင်နှင့်အမျိုးသားက ရယ်လိုက်ပြီး သူ၏မျက်လုံးများမှာ အေးစက်သွားသည်။ "သူက ဘာမှမဟုတ်ကောင်တစ်ကောင်ပါပဲ။ အစ်ကိုအိုး သူ့ကို သိပ်အမှတ်ထားမနေနဲ့။ ကျုပ်တို့ ပိုက်ကွန်ကို ရက်နည်းနည်းလောက်ထပ်ဖြန့်ထားမယ်။ ပြီးရင် အကြီးအကဲတွေ သဘောတူထားတဲ့အတိုင်း ပြန်ဆွဲမယ်။ ဒီနှစ်ယောက်က သူတို့ရဲ့မျိုးနွယ်စုနဲ့အတူ မြောက်ပိုင်းကနေ တကယ်လာတာဆိုရင်တော့ ကျုပ်တို့ ငါးအကြီးကြီးမိတော့မှာပဲ"
သူက ရယ်နေပြီး အမျိုးသမီးက ဆက်ပြောသည်။ "ပိုက်ကွန်ပြန်ဆွဲရမယ့် အချိန်ကျလာရင် သူတို့မျိုးနွယ်စုက ဘာလဲ ပေါ်လာပြီး ကျွန်မတို့ ရှစ်စုမဟာမိတ်အဖွဲ့အတွက် အရင်းအမြစ်တွေ ဖြစ်လာလိမ့်မယ်။ ဒါဆို ကျွန်မတို့ ဒီနေရာမှာ လနဲ့ချီနားနေခဲ့ရတာ အချည်းနှီးဖြစ်တော့မှာမဟုတ်ဘူး
"သူတို့အတွက်တော့ ကံဆိုးတယ်ပဲ သတ်မှတ်ရမှာပဲ။ သူတို့ကိုယ်သူတို့ကလွဲပြီး ဘယ်သူမှအပြစ်တင်လို့ မရဘူး" ထို့နောက် အမျိုးသားနှင့်အမျိုးသမီး ထွက်ခွာသွားသည်။
အိုးယွန်ဇီ မျက်မှောင်ကြုံ့သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက ခေါင်းခါရမ်းလိုက်၏။ " ငါတကယ်ပဲ အတွေးများနေတာနေမှာပါလေ " ထို့နောက်သူက ချာခနဲလှည့်ပြီး ပျောက်ကွယ်သွားလေသည်။
မြို့ထဲသို့ ၀င်ပြီးသည်နှင့် မန်ဟိုနှင့် စွန်းဒဟိုင်တို့ လူစုခွဲလိုက်ကြသည်။ စွန်းဒဟိုင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်ခဲ့၍ အအတွေ့အကြုံရှိပြီး လူရည်နပ်လေသည်။ သူသည် လျှို့ဝှက်စုံစမ်းခြင်းနှင့် သတင်းများစုဆောင်းရာတွင် ကျွမ်းကျင်သဖြင့် မန်ဟိုက မြို့ကိုတစ်ယောက်တည်း ပတ်ရန်ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ သူမှာ ခြေချင်းလိမ်နေသော လူများနှင့် ပြည့်သိပ်ကြပ်နေသော ဈေးဆိုင်များအား မြင်သောအခါ အံ့အားသင့်သွားသည်။
ဤနေရာမှာ အတော်လေး ကြီးမားပြီး အကုန်လုံးရှိသည်ဟု မဆိုနိုင်သော်လည်း ကမ္ဘာသစ်မိစ္ဆာအုပ်များမှစပြီး အဖော်မဲ့ကမ္ဘာသစ်မိစ္ဆာများအထိသာမက ဆေးလုံးများကိုလည်း ၀ယ်ယူနိုင်လေသည်။ ပျံသန်းရေးမှော်ပစ္စည်းများပင် ရှိလေ၏။
ကံဆိုးစွာနှင့် ၎င်းတို့က ဈေးနှုန်းမသတ်မှတ်ထားလေရာ လေလံပွဲမှတစ်ဆင့်သာ ၀ယ်ယူ၍ရကြောင်း ညွှန်ပြနေ၏။ သို့ထိတိုင် မန်ဟိုသည် ဤမြို့၏ ခမ်းနားကြီးကျယ်မှုကို ခံစားရနိုင်သေးလေသည်။ ကျင့်ကြံသူများလည်း အတော်များ၏။ ဤမြို့တွင် လူတစ်သောင်းကျော်ရှိလေရာ မြို့မှာ အတော်လေးစည်ကားနေတော့သည်။
မန်ဟို လမ်းလျှောက်သွားနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို သတိထားမိလိုက်၍ သူငယ်အိမ်များ ကျုံ့သွားလေသည်။ ၎င်းသည် စစချင်း သာမန်ကာလျှံကာဟု ထင်ရသော်လည်း တကယ်တမ်း ခမ်းနားသောဆိုင်တစ်ဆိုင်ဖြစ်၏။ ဤဆိုင်မှာ အရုပ်များကိုသာ သီးသန့်ရောင်းချလေသည်။
မျိုးနွယ်စုအသီးသီးတွင် ကွဲပြားခြားနားသော အရုပ်ခတ်နှိပ်နည်းများ ရှိကြပြီး ဤနေရာမှာ ထိုကဲ့သို့ နည်းလမ်းများကို ဈေးအစားစားဖြင့် ရောင်းချနေပုံပင်။ မန်ဟို ချက်ချင်း စိတ်ဝင်စားသွား၏။
သူသည် ဂရုတစိုက် အကဲခတ်ကြည့်ပြီးနောက်တွင် အများစုက အတော်လေး ဈေးပေါပြီး ကျင့်ကြံအဆင့်တက်ဖို့ရန်အတွက်မဟုတ်ဘဲ လက်တွေ့အသုံးချဖို့သာ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဟိုဟိုသည်သည် သွားလာပြီးနောက်တွင်တော့ မြို့ကြောင်း မန်ဟို ကောင်းကောင်း နားလည်သွားလေပြီ။ နှစ်နာရီခန့်ကြာသော် မြို့တစ်ဝက်နီးပါး လျှောက်ကြည့်ခဲ့ပြီးဖြစ်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် သူ တုံ့ခနဲ ရပ်သွားသည်။
သူသည် ယခုလေးတင် အနီးနားရှိ ဆိုင်တစ်ဆိုင်မှ လာနေသော မိစ္ဆာချီအနည်းငယ်ကို ခံစားလိုက်ရ၏။ လှမ်းကြည့်ပြီးနောက် ဘယ်ဆိုင်လဲ သူသိလိုက်သည်။ ၎င်းကား ကိုးကွယ်ရာအရုပ်ဘိုးဘေးကြီးများအား ရောင်းချသော နေရာတစ်နေရာဖြစ်လေသည်။
ခပ်ရှင်းရှင်းပြောရလျှင်တော့ အရုပ်များအသွင်ပြောင်းပစ်နိုင်သည့် အဆင့်မြင့်ကမ္ဘာသစ်မိစ္ဆာများ ဖြစ်၏။
မန်ဟို့မျက်လုံးများ တောက်ပသွားပြီး ဆိုင်ထဲ ဝင်တော့မည့်ဆဲဆဲ သူ့အရှေ့တွင် လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်။ သူသည် စာပေသမားတစ်ယောက်သဖွယ် ဝတ်စားထား၏။ ဤလူမှာ စောစောက အိုးယွန်ဇီနှင့် စကားပြောနေခဲ့သောလူအပြင် တခြားမဟုတ်ပေ။
သူက ရယ်ရင်း မန်ဟို့ လမ်းကို ပိတ်လိုက်သည်။
"တာအိုရောင်ရင်း၊ ဒီဆိုင်ထဲက ပစ္စည်းတွေကို ခုနစ်ရက်နေမှ လေလံပွဲကနေတစ်ဆင့် ဝယ်လို့ရမှာပါ။ လိုချင်ရင် အဲ့ဒီအချိန်ကျ ဝယ်ယူနိုင်ပါတယ်"
မန်ဟိုက ထိုလူ့ကို အေးတိအေးစက် ကြည့်လိုက်သည်။ သူသည် စကားတစ်ခွန်းမဆိုဘဲ ချာခနဲ လှည့်ပြီး လမ်းလျှောက်ထွက်သွား၏။
သက်လတ်ပိုင်းစာပေသမား၏သူငယ်အိမ်များ ကျုံ့သွားသည်။ မန်ဟို သူ့ကို စိုက်ကြည့်ခဲ့စဉ်တုန်းက သူသည် မန်ဟို့ကို အကဲစမ်းရန် နတ်ဘုရားအာရုံအား အသုံးပြုခဲ့၏။ သို့သော် ဤလူနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမှ မသိလိုက်ရပေ။ ၎င်းတို့မှာ အထဲသို့ နည်းနည်းလေးပင် ဝင်ရောက်နိုင်ခြင်းမရှိခဲ့။
"အဲ့ဒီလူက အရမ်းထူးဆန်းတာပဲ..." စာပေသမားက မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ပြောသည်။
မြို့ကိုဖြတ်၍ လျှောက်နေစဉ် မန်ဟို၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သို့သော် သူ၏ခြုံထည်ထဲတွင်တော့ မျက်လုံးကြီးနှစ်လုံးကား အေးစက်စွာ တောက်ပနေ၏။
"ဒီနေရာက တော်တော်စိတ်ဝင်စားစရာပဲ။ ပစ္စည်းအကုန်လုံးနီးပါးကို လေလံပွဲမှာပဲ ဝယ်ယူလို့ရနေတယ်... ပြီးတော့ အားလုံးက ပုံမှန်အတိုင်းပဲလို့ ထင်ရပေမယ့် သေသေချာချာကြည့်ရင်...."
***