← Chapters

မြေအောက်က….

Vol. 35 Ch. 490

မြေအောက်က….

Vol. 35 Ch. 490

ညနေစောင်းအချိန်..... ခရမ်းရောင်မိုးပေါက်များသည် ဧည့်သည်ကျင့်ကြံသူများအတွက် အထူးစီစဉ်နေရာချပေးထားသော နေရာရှိ တဲများအပေါ်သို့ တဖွဲဖွဲ ရွာကျနေလေသည်။

ဝိညာဉ်ကျောက်တုံးအနည်းအကျဉ်းသုံးစွဲပြီးနောက် မန်ဟိုနှင့် စွန်းဒဟိုင်မှာ ‌တဲတစ်လုံးငှားရမ်းနိုင်ခဲ့ပြီး ယခုတွင် တင်ပျဉ်ခွေထိုင်နေကြ၏။

"ဘိုးဘေးကြီး" စွန်းဒဟိုင်က အသံတိုးတိုးပြောရင်း သူ‌ရှာတွေ့ခဲ့သည်များကို မန်ဟို့ဆီ တင်ပြနေ၏။ "ဒီနေ့အစောပိုင်းမှာ ကျုပ် ဟိုဟိုသည်သည် လျှောက်လေ့လာခဲ့တယ်။ ရှစ်စုမဟာမိတ်အဖွဲ့ ဒီနေရာမှာ စခန်းချတာ လေးလရှိပြီ။ လကုန်ခါနီးတိုင်း လေလံပွဲတစ်ပွဲကျင်းပတတ်တယ်

"အခုဆို လေလံပွဲလေးပွဲကျင်းပခဲ့ပြီးပြီ။ နာမည်ကြီးပစ္စည်းတွေ ပေါ်လာတိုင်း တစ်ခါတလေ လူသေမှုတွေ ဖြစ်ပွားတယ်။ ဒါပေမဲ့ ‌အဲ့ဒီအမှုတစ်ခုမှ ရှစ်စုမဟာမိတ်အဖွဲ့နဲ့ မဆက်စပ်ဘူး

"များသောအားဖြင့် ပုဂ္ဂိုလ်ရေးရာအငြင်းပွားမှုနဲ့ လုယက်ခိုးယူမှုတွေကြောင့် သေဆုံးကြတာ။ ကြည့်ရတာတော့ ရှစ်စုမဟာမိတ်အဖွဲ့က တကယ်ပဲ စီးပွားရေးလုပ်ဖို့ပဲ စိတ်ဝင်စားပြီး တခြားရည်ရွယ်ချက်တွေ မရှိဘူးထင်တယ်

"နောက်ဆုံးလေလံပွဲက နောက်ဆယ်ရက်နေရင် ကျင်းပမှာ။ အဲ့ဒါပြီးရင် ရှစ်စုမဟာမိတ်အဖွဲ့ ခရီးဆက်သွားလိမ့်မယ်။ ဒါကြောင့်မလို့‌ ဒေသခံမျိုးနွယ်စုတော်တော်များများ ဒီနောက်ဆုံးလေလံပွဲကို တက်ကျလိမ့်မယ်။ အဖိုးထိုက်ရတနာတွေကိုလည်း သေချာပေါက် ရောင်းချမှာပဲ"

မန်ဟိုသည် သူ၏မျက်နှာကို အနက်ရောင်ခြုံထည်အတွင်း ဖုံးကွယ်လျက် တင်ပျဉ်ခွေထိုင်နေ၏။ စွန်းဒဟိုင်၏ တင်ပြချက်ကို နားထောင်ပြီးနောက် သူက ပြောသည်။ "ဒီနေရာနဲ့ပတ်သက်ပြီး မူမမှန်တာမရှိဘူးလို့ ခင်ဗျား ထင်တယ်ပေါ့"

စွန်းဒဟိုင်၏မျက်လုံးများ အရောင်လဲ့သွားသည်။ "ထွေထွေထူးထူး မူမမှန်တာတော့ ရှိပုံမပေါ်ဘူး။ ဒါပေမဲ့ သတိထားဖို့တော့ လိုမယ်။ ရှစ်စုမဟာမိတ်အဖွဲ့အနေနဲ့ တစ်ချက်တည်းနဲ့ အချီကြီးပွဖို့ ငါးအကြီးကြီးမိဖို့ ငါးစားချနေတာလဲဖြစ်နိုင်တယ်

"ပတ်ဝန်းကျင်မှာရှိတဲ့ မျိုးနွယ်စုတွေကတော့ အဲ့ဒါကို သတိမပြုမိဘဲ နေမှာမဟုတ်ဘူး" သူက ဆက်ပြောသည်။ "ရှစ်စုမဟာမိတ်အဖွဲ့ သူတို့ကို ဝါးမြိုပစ်ချင်ရင် အောင်မြင်ဖို့ ခက်ခဲလိမ့်မှာ။ ဒါ့အပြင် ဒီပျက်သုဉ်းခြင်းကပ်ဘေးမှာ အသက်ရှင်လွတ်မြောက်ဖို့အတွက် စစ်ပွဲ၊တိုက်ပွဲတွေ ရင်ဆိုင်ရဦးမှာလေ။ အဲ့ဒီလိုမျိုးနွယ်စုတွေ‌အနေနဲ့ ဒီလိုအကွက်ထဲ ဝင်ရောက်လောက်အောင်အထိ တုံးအနေမှာမဟုတ်ဘူး။ ဒီနေရာကို ကုန်ရောင်းကုန်ဝယ်လုပ်ဖို့ လူတွေ လွှတ်လိုက်ရင်တောင်မှ အရင်းအမြစ်နဲ့ ဝိညာဉ်ကျောက်တုံးအများကြီးထည့်ပေးလိုက်မှာ မဟုတ်ဘူး။ ကျုပ်သာ ဒေသခံခေါင်းကိုင်ဖခင်တစ်ဦးဆိုရင် အရေအတွက်အရ စိတ်ချရအောင် အဖွဲ့ကြီးတစ်ဖွဲ့လွှတ်လိုက်မှာ။ ဝိညာဉ်ကျောက်တုံးတွေကတော့ ဒုတိယပေါ့

"ဒါ့အပြင် ရှစ်စုမဟာမိတ်အဖွဲ့မှာ မျိုးနွယ်စုတစ်စုလုံးကို ဝါးမြိုနိုင်တဲ့အင်အားရှိနေရင် ဘာအတွက်ကြောင့် မြို့တည်နေဦးမလဲ။ ဒီအတိုင်း ပတ်ဝန်းကျင်မှာရှိတဲ့ မျိုးနွယ်စုတွေကို သိမ်းပိုက်ပြီး အပြတ်ရှင်းပစ်လိမ့်မှာပေါ့။ အဲ့ဒါဆိုရင် အချိန်ကုန်လူပင်ပန်း မသက်သာဘူးလား" စွန်းဒဟိုင်မှာ ‌ဒွိဟဖြစ်နေသယောင်ပင်။

"အဲ့ဒါကြောင့် သူတို့က တကယ်တမ်း လူတွေကို ဓားပြတိုက်ဖို့မဟုတ်ဘဲ စီးပွားရေးလုပ်ဖို့ အာရုံစိုက်‌နေတာလို့ ကျုပ် ထင်မိတာ" သူက မန်ဟို့ကို လှမ်းကြည့်သည်။

မန်ဟိုက တခဏသာ တိတ်ဆိတ်နေပြီးနောက် ခပ်ဩဩကြီး ရယ်လိုက်သည်။

"ခင်ဗျား ဒီလိုသုံးသပ်မိရင် တခြားမျိုးနွယ်စုတွေလည်း သုံးသပ်မိလိမ့်မယ်။ အဲ့ဒါကြောင့်မလို့ ဒီမြို့မှာ အပြင်လူ တစ်သောင်းကျော် နေနေကြတာပဲ။ အများစုက ဒီတစ်ကြောမှာ တည်ရှိတဲ့ မျိုးနွယ်စုခုနစ်စုက အဖွဲ့ဝင်တွေဖြစ်ပြီးတော့ တချို့တစ်ဝက်က ဝေးလံခေါင်ဖျားတဲ့ ဒေသက ကျင့်ကြံသူတွေ

"ဒါပေမဲ့ ရှစ်စုမဟာမိတ်အဖွဲ့ရဲ့ တကယ့်ရည်ရွယ်ချက်က စီးပွားရေးလည်းမဟုတ်သလို ၊ ဝိညာဉ်ကျောက်တုံးနဲ့တခြားအရင်းအမြစ်တွေ လုယူဖို့လည်း မဟုတ်ဘူးဆိုပြီး တွေးမိလား" အေးစက်စွာ တောက်ပနေသော မျက်လုံးများက စွန်းဒဟိုင်ကို အနက်ရောင်ခြုံထည်အတွင်းမှ လှမ်းကြည့်သည်။

စွန်းဒဟိုင်မှာ တုန်လှုပ်အံ့ဩသွားပြီး အတွေးထဲ နစ်မြောလျက် ထိုင်နေ၏။

တစ်ချိန်တည်းမှာပင် ကျီးနတ်မင်းမျိုးနွယ်စု ‌‌စခန်းချနေသော နေရာတွင် မန်ဟို့၏ကိုယ်အစစ်သည် တင်ပျဉ်ခွေထိုင်နေ၏။

ရုတ်တရက် သူ၏မျက်လုံးများက ဖျတ်ခနဲ စူးရှတောက်ပသော အလင်းရောင်နှင့်အတူ ပွင့်လာပြီး သူက ထရပ်လိုက်သည်။

"ကျီးနတ်မင်းမျိုးနွယ်ဝင်တို့ ၊ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာရင် ငါတို့ ယာဉ်ပျံကို စီးပြီး ရှစ်စုမဟာမိတ်အဖွဲ့ဆီ အမြန်ဆုံးသွားကြမယ်" ချက်ချင်းပင် မျိုးနွယ်ဝင်အားလုံး ဆိတ်ငြိမ်သက်ခြင်းနယ်ပယ်မှ ထွက်လာကြသည်။ သူတို့က ဘာမေးခွန်းမှ မမေးဘဲ ထရပ်လိုက်ကြ၏။ အမွေးတိုင်တစ်တိုင်ထွန်းစာအချိန်လေးအတွင်း မျိုးနွယ်ဝင်ထောင်ပေါင်းများစွာမှာ ဧရာမမြွေပွေးကြီးအပေါ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ စူးစူးဝါးဝါးအော်သံကြီးတစ်သံထွက်လာပြီး မြွေပျံကြီးသည် လေကိုထိုးခွင်းလျက် ထွက်သွား၏။ မြေပွေးကြီး ရှစ်စုမဟာမိတ်အဖွဲ့ထံသို့ မြန်နိုင်သမျှ မြန်မြန်ရောက်အောင် ကျီးနတ်မင်းမျိုးနွယ်စုက ဝိညာဉ်ကျောက်တုံးများအား ‌နှမြောခြင်းမရှိ အသုံးပြုကြလေသည်။

ကျီးနတ်မင်းမျိုးနွယ်စု ရှစ်စုမဟာမိတ်အဖွဲ့ဆီ အပြင်းနှင်လာကြစဉ် မန်ဟိုနှင့် စွန်းဒဟိုင်အတွက် အချိန်မှာ နှေးကွေးစွာ ကုန်ဆုံးနေ၏။ သူတို့က ယခင်အတွေးများကို ဘေးချိတ်ရင်း ‌ရှစ်စုမဟာမိတ်မြို့တွင် သွားလာကာ ‌ပစ္စည်းများ ဝယ်ယူလာကြ၏။

ရက်အနည်းငယ်အတွင်း သူတို့သည် ပြောင်းရွှေ့ခြင်းအတွက် လိုအပ်သောပစ္စည်းအမျိုးမျိုးကို ဝယ်ယူရင်း ဝိညာဉ်ကျောက်တုံးတော်တော်များများ သုံးစွဲခဲ့ပြီးဖြစ်သည်။ ရှစ်စုမဟာမိတ်အဖွဲ့မှာ ရက်ပိုင်းအတွင်း လေလံပွဲကျင်းပမည့်အကြောင်း အဆက်မပြတ် ကြေညာနေလေသည်။ အမှန်တွင် ရက်စဉ်ရက်တိုင်း ‌ဈေးဆိုင်အမျိုးမျိုးက လေလံတင်မည့်ပစ္စည်းတချို့ကို ခင်းကျင်းပြသတတ်၏။

မန်ဟို ယာဉ်ပျံသုံးစင်းမြင်ခဲ့ရသည်။ ၎င်းတို့အထဲက တစ်စင်းသည် လူတစ်သောင်းပတ်လည်တင်နိုင်သော မီတာ (၂၅၀၀၀) ရှိသည့် ရတနာသင်္ဘောတစ်စင်းဖြစ်၏။

၎င်းကို တလက်လက်တောက်ပနေသော အကာအကွယ်တစ်ခုက ကာကွယ်ထားပြီး မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် သွားနိုင်လေသည်။ ၎င်းကို ရရှိဖို့ ပေးချရမည့် ဝိညာဉ်ကျောက်တုံးတန်ဖိုးကား ကြောက်စရာကောင်းလှသော်လည်း လောလောဆယ်တွင် ၎င်းမှာ အနောက်ပိုင်းသဲကန္တာရမျိုးနွယ်စုများ အသုံးပြုနိုင်သည့် တစ်ခုတည်းသောပစ္စည်း ဖြစ်လေသည်။ ပုံမှန်အားဖြင့် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်စွမ်းအင်များကို စုပ်ယူပေးသည့် မန္တန်ဝင်္ကပါများဖြင့် အလုပ်လုပ်သောပစ္စည်းဟူသမျှ ယခုတွင် သုံးစားမရတော့သည်မဟုတ်ပါလော။

မြို့ထဲ၌ ဟိုးလေးတကျော်ကျော် ဖြစ်နေသော အထူးအရုပ်ခတ်နှိပ်နည်းတချို့လည်း ရှိသည်။ သို့သော် မန်ဟို့ မျက်စိအကျဆုံးမှာ ကမ္ဘာသစ်မိစ္ဆာများသာဖြစ်၏။

ရှစ်စုမဟာမိတ်အဖွဲ့တွင် ကမ္ဘာသစ်မိစ္ဆာအမျိုးမျိုး တစ်သိန်းကျော်ရှိ၏။ ၎င်းတို့ကား ကြည့်လိုက်ရုံလေးနှင့်တင် ချောက်ချားစရာကောင်းသည်။

အမှန်တွင်...ပြသထားသည့်အထဲတွင် ရှစ်စုမဟာမိတ်အဖွဲ့၏ ဘိုးဘေးကြီးသုံးကောင် ပါရှိသည်။ တစ်ကောင်က ခေါင်းသုံးလုံးရွှမ်းဝူလိပ်ကြီးဖြစ်၏။ တစ်ကောင်က မီတာသုံးရာအရှည် ရွှေသိမ်းငှက်ကြီး ဖြစ်လေသည်။ နောက်ဆုံးတစ်ကောင်ကတော့ မျက်ကန်းကျီးတစ်ကောင်ပင်။ ဤကျီးကန်းသည် မန်ဟို့၏ ကျီးနက်များနှင့် လွန်စွာတူ၏။ သို့သော် ၎င်း၏အရှိန်အဝါမှာ အဆပေါင်းများစွာ ပို၍အစွမ်းထက်လေသည်။

ကံဆိုးစွာနှင့် ဤအရုပ်ဘိုးဘေးကြီးသုံးကောင်မှာ အလွန်ချုံးချုံးကျနေပြီး ပင်ပန်းနွမ်းနယ်နေသယောင်ပင်။ ၎င်းတို့ကို ယုံကြည်ကိုးကွယ်ခဲ့သော မျိုးနွယ်စုများနှင့် မျိုးနွယ်ဝင်များး တစ်ယောက်မကျန် သုတ်သင်ခံခဲ့ရပြီဖြစ်ကြောင်း သိသာသည်။ ထို့ကြောင့် ၎င်းတို့ စုဆောင်းထားသော ကိုးကွယ်စွမ်းအားများမှာ ကုန်ခမ်းသွားခဲ့၍ ဘယ်တော့မှ ပြန်လည်အားပြည့်လာခြင်းမရှိတော့ပေ။

ထို့အပြင် ၎င်းတို့မှာ ခန္ဓာကိုယ်များအတွင်းသို့ ထိုးဖောက်ဝင်ရောက်နေသော ငွေသံကြိုးများဖြင့် တုပ်နှောင်ခံထားရ၏။ ၎င်းတို့၏ မောက်မာဝင့်ကြွားမှုများလည်း ပြောင်းလဲသွားခဲ့လေပြီ။ ယခုတွင် ၎င်းတို့မှာ မည်သူမဆို သာမန်ကာလျှံကာလေးသာ ကြည့်နိုင်သော ရောင်းချရန်ပစ္စည်းများ ဖြစ်နေ၏။

နေ့စဥ်‌နေ့တိုင်း ရိုးသားဖြူစင်မှုတို့ ပြည့်နှက်နေသောအသံတစ်သံက တစ်မြို့လုံး ပျံ့လွင့်လာတတ်လေသည်။ ၎င်းကား ကြောင်သူတော်ကြွက်သူခိုးသံမပေါက်ဘဲ အပြည့်အဝ ယုံကြည်စိတ်ချရသည့်အတိုင်းပင်။

"မင်္ဂလာပါ တာအိုရောင်ရင်းတို့။ ရှစ်စုမဟာမိတ်အဖွဲ့အနေနဲ့ ‌ခြောက်ရက်အတွင်း နောက်ဆုံးလေလံပွဲကို ကျင်းပပါတော့မယ်။ ‌လေလံပွဲပြီးရင် ကျုပ်တို့ ဒီနေရာကနေ ထွက်သွားတော့မှာပါ။ ‌ဒီနောက်ဆုံးလေလံပွဲအတောအတွင်း ရောင်ရင်းတို့ ကြည့်ခွင့်လေးပဲ ရှိခဲ့တဲ့ ပစ္စည်းတွေကို ရောင်းချပေးပါမယ်။ တချို့ကတော့ ရှစ်စုမဟာမိတ်အဖွဲ့အပိုင်းပစ္စည်းတွေ ဆိုပေမယ့် အများစုကတော့ တခြားအဖွဲ့တွေကနေ ရောင်းချဖို့အတွက် အပ်နှံထားတာတွေပဲ ဖြစ်ပါတယ်

"တချို့အခြေ‌‌အနေတွေမှာ ဒီပစ္စည်းတွေကို ဝိညာဉ်ကျောက်တုံးအတွက် ရောင်းမှာမဟုတ်ဘဲ ကျုပ်တို့လိုအပ်တဲ့ တခြားအထူးပစ္စည်းတွေနဲ့ လဲမှာပါ။‌ နောက်တစ်နေရာရောက်ရင် အဲ့ဒီပစ္စည်းတွေနဲ့ ကျုပ်တို့ လေလံပွဲကျင်းပဖို့ ပြင်ဆင်ရမယ်မဟုတ်လား"

ရှစ်စုမဟာမိတ်အဖွဲ့၏ နာမည်ဂုဏ်သတင်းနှင့်အတူ လေလံပွဲတွင် ထည့်သွင်းရောင်းချမည့် မျက်စိကျဖွယ်‌ပစ္စည်းများကြောင့် တစ်ရက်နှင့်တစ်ရက် ကျင့်ကြံသူများ ပိုမိုရောက်လာလေသည်။

ဤလူများသည် အိမ်နီးချင်း မျိုးနွယ်စုခုနစ်စုမှ သာမဟုတ်၊ တောင်ပိုင်းမှမျိုးနွယ်စုများပင် ပါဝင်သည်။ အမှန်တွင် ဘေးကင်းလုံခြုံမှုအတွက် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များကို အဖွဲ့လိုက် စေလွှတ်ခဲ့သည်။ ဤအဖွဲ့များ၏ ခေါင်းဆောင်များမှာ အနုသုခုမရုပ်ခန္ဓာအဆင့်ဖြစ်ကြ၏။

‌လေလံပွဲမကျင်းပခင် သုံးရက်အလို .... မြို့ထဲရှိ လူအရေအတွက်မှာ နှစ်သောင်းအထိ ရောက်ရှိသွားပြီဖြစ်သည်။ မြို့သည် ပျားပန်းခတ်နေပြီး ပတ်ဝန်းကျင်မှာ အတိုင်းထက်အလွန် စည်ကားသိုက်မြိုက်‌နေတော့သည်။ မျိုးနွယ်စုတချို့ဆိုလျှင် အရောင်းအဝယ်များ တိတ်တဆိတ် လုပ်ဆောင်နေကြပြီဖြစ်သည်။

စွန်းဒဟိုင်မှာ ရေထဲက ငါးပမာ ဖျတ်ဖျတ်လူးနေတော့သည်။ သူသည် အခြားမျိုးနွယ်စုများနှင့် အပြန်အလှန် ဆက်ဆံရင်း လိုအပ်သောကုန်စည်များအား စုဆောင်းနေ၏။ လေလံပွဲမစမီ ရက်များအတွင်း မန်ဟိုသည် လိုအပ်သောပစ္စည်းအမျိုးမျိုးအား ဝယ်ယူရန်အလို့ငှာ ‌ဝိညာဉ်ကျောက်တုံးအကုန် သုံးစွဲခဲ့ပြီးလေပြီ။

လူများ တဖွဲဖွဲရောက်လာလေလေ ၊ ဤနေရာမှာ အန္တရာယ်ကင်းသည်ဟု စွန်းဒဟိုင် ခံစားရလေလေဖြစ်၏။ မန်ဟို့ခံစားချက်ကမူ လုံးဝဆန့်ကျင်ဘက်ပင်။ ပြီးခဲ့သော ခုနစ်ရက်၊ ရှစ်ရက် အတောအတွင်း သူသည် အရောင်းအဝယ်တစ်ခုမှ မလုပ်ခဲ့ဘဲ ဟိုဟိုသည်သည် စူးစမ်းလေ့လာရင်း မြို့‌ပတ်သွား‌နေခဲ့သည်။ အဆုံးသတ်တွင် ဤတစ်နေရာလုံး၏ မျက်နှာပြင်အောက်တွင် ဧရာမမန္တန်ဝင်္ကပါကြီးတစ်ခုရှိကြောင်း သူ တထစ်ချ ယုံကြည်သွား၏။

မန္တန်ဝင်္ကပါမှာ အလွန်ရှုပ်ထွေး၏။ လူပေါင်းများစွာနှင့် အလုပ်လုပ်လျှင်တောင်မှ ဝင်္ကပါခင်းဖို့ ‌လပေါင်းများစွာကြာမည်ဖြစ်သည်။ ရှစ်စုမဟာမိတ်အဖွဲ့ ဤနေရာတွင် မည်မျှကြာကြာ ရှိနေခဲ့သည်လဲ ထည့်တွက်လျှင်... ဤမန္တန်ဝင်္ကပါကို နေရာချထားခဲ့သည်မှာ သူတို့မှတစ်ပါး အခြားမဟုတ်ကြောင်း သေချာလေသည်။

အားလုံးအထဲ အထူးဆန်းဆုံးမှာ ဤမန္တန်ဝင်္ကပါက ‌‌မိစ္ဆာချီများကို မွှေနှောက်ပြီး စုပ်ယူနိုင်ပုံပေါ်နေခြင်းပင်။

မန္တန်ဝင်္ကပါအား လွန်စွာပိပိရိရိ ဖုံးကွယ်ထားသဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၎င်းအား ခံစားသိရှိနိုင်မည်မဟုတ်ပေ။ မန်ဟို ၎င်းအား အာရုံခံနိုင်သည့် တစ်ခုတည်းသော အကြောင်းရင်းမှာ အတွင်း၌ စုစည်းနေသော မိစ္ဆာချီကြောင့်ဖြစ်သည်။ မန်ဟို အသုံးပြုနေသော ခန္ဓာမှာလည်း မိစ္ဆာချီမှ အကောင်အထည်ဖြစ်ပေါ်လာသော ပုံရိပ်ဖြစ်လေသည်။ ထို့ကြောင့် သူအနေဖြင့် မိစ္ဆာချီနှင့်ပတ်သက်ပြီး အလိုလို ခံစားသိရှိနိုင်၏။

မိစ္ဆာချီသည် ပုံသဏ္ဌာန်မဲ့‌၏။ ထိုအကြောင်းကို မန်ဟို ကောင်းကောင်းသိသည်။ ဘယ်သူမှ ၎င်းကို မမြင်နိုင်သလို၊ ခံစား၍လည်း မရနိုင်ပေ။ ကမ္ဘာသစ်မိစ္ဆာများ သို့မဟုတ် အရုပ်ဘိုးဘေးကြီးများသာလျှင် ၎င်းအား အာရုံခံနိုင်မည်ဖြစ်သည်။ သို့သော် မန္တန်ဝင်္ကပါထဲရှိ မိစ္ဆာချီ၏အားနည်းနေပုံအရ ဘိုးဘေးကြီးများအတွက်ပင် ခက်ခဲလောက်ပေလိမ့်မည်။

ကံဆိုးစွာနှင့် ၎င်းမှာ မိစ္ဆာချုပ်နှောင်သူ မန်ဟို၏ စစ်ဆေးမှုအောက်မှ မလွတ်မြောက်နိုင်ပေ။

"မိစ္ဆာချီကို ဆွဲငင်နိုင်တဲ့ မန္တန်ဝင်္ကပါဆိုတာ သာမန်ကျင့်ကြံသူတွေတစ်ယောက် ‌ခင်းနိုင်တဲ့ ဝင်္ကပါမျိုးမဟုတ်ဘူး။ ဝင်္ကပါခင်းတဲ့နေရာမှာ သုံးရတဲ့ ကျွမ်းကျင်မှုအသိက မိစ္ဆာချီပါဝင်နေတဲ့အချက်နဲ့ ယှဉ်ရင် ဒုတိယပဲလိုက်တယ်။ ဒါကို ဖန်တီးခဲ့တာ ဘယ်သူပဲဖြစ်ဖြစ် မိစ္ဆာချီကို အဆင့်တစ်ခုအထိ နားလည်နေလိမ့်မယ်" မန်ဟိုသည် မြို့ကို ပတ်လျှောက်နေသည့် ရှစ်ရက်တိုင်တိုင် ထိုအကြောင်းအား တွေးနေလေသည်။ သူသည် ရောင်းချနေသောပစ္စည်းများကို လေ့လာနေပုံပေါ်သော်လည်း တကယ်‌တမ်း မန္တန်ဝင်္ကပါကို ဂရုတစိုက် အကဲခတ်နေခြင်းဖြစ်၏။

သူ ၎င်းအား စူးစမ်းလေလေ စိတ်ဝင်စားလာလေလေဖြစ်သည်။

ယခုအချိန်တွင် လေလံပွဲစရန် တစ်ရက်သာ လိုတော့လေပြီ။ မန်ဟိုသည် ဆိုင်ခန်းများအစား ပလ္လင်တစ်ဆူသာရှိတော့သော မြို့၏အလယ်ဗဟိုတွင် ရပ်နေလေသည်။ ပလ္လင်ကား သာမန်အတိုင်းပင်။ ပလ္လင်၏အပေါ်တွင် တောင်ပံနှစ်ဖက်အား ဖြန့်ကားထားသော ကျင့်ကြံသူတစ်ယောက်၏ ပုံစံထင်ဟပ်နေသည့် ရုပ်တုကြီးတစ်ရုပ်ရှိသည်။

ဤသည်မှာ ရှစ်စုမဟာမိတ်အဖွဲ့အဖြစ် ဖွဲ့စည်းထားသော မျိုးနွယ်စုရှစ်စုထဲမှ တစ်စု၏ အရုပ်ဘိုးဘေးကြီးဖြစ်လေသည်။ ထိုနည်းတူ မျိုးနွယ်စုတစ်စုစီကို ကိုယ်စားပြုသော ရုပ်တုများအား မြို့တစ်လျှောက် မြင်နိုင်၏။

ပလ္လင်အနားရောက်သွားသည်နှင့် မန်ဟိုသည် သူ၏ခန္ဓာကိုယ်အပေါ် ကျရောက်လာသော နတ်ဘုရားအာရုံစီးကြောင်းအနည်းဆုံး ဆယ်ကြောင်းကို အာရုံရလိုက်လေသည်။ ဤနတ်ဘုရားအာရုံစီးကြောင်းများ၏ပိုင်ရှင်များ မည်သည့်ကျင့်စဉ်များ အားထုတ်ထားသည်လဲ ပြောရန် မဖြစ်နိုင်ပေ။ ၎င်းမှာ အလွန့်အလွန် နက်ရှိုင်းလွန်း၏။ ကျင့်ကြံအဆင့်ကိုလည်း ဆုံးဖြတ်၍မရနိုင်။ မန်ဟို့ကို တွန်းထုတ်လိုက်သော မိစ္ဆာချီမျှင်တစ်မျှင်ပင် ရှိသည်။ စိတ်ထဲတွင် သူက အေးတိအေးစက် ရယ်လိုက်၏။ သူသာ တစ်ခုခု မူမမှန်သည့်အရာ လုပ်မိလျှင် ဤနေရာတွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ အနည်းဆုံးဆယ်ယောက်ဖြင့် ပြည့်သွားမည်ဖြစ်ကြောင်း သူသိသည်။

သူက ရုပ်တုကြီးကို တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် မော့ကြည့်ရင်း ပုံမှန်အတိုင်း ဖြတ်လျှောက်သွား၏။ သူ မရပ်လိုက်ပေ။ သို့သော် သူ၏စိတ်ဝိညာဉ်အာရုံကို အောက်ရှိ မိစ္ဆာချီနှင့် မသိမသာ ပေါင်းစည်းသွားစေလိုက်သည်။ ၎င်းက ‌မြေအောက်တွင် လူမသိသူမသိ ဖြာထွက်သွား၏။ ရက်‌နှင့်ချီ စူးစမ်းလေ့လာခဲ့ခြင်းများအပေါ် အခြေခံ၍ ဤပလ္လင်မှာ မန္တန်ဝင်္ကပါ၏ဗဟိုချက်ဖြစ်ကြောင်း မန်ဟို သေချာသွားလေပြီ။

စိတ်ဝိညာဉ်အာရုံ ဖြာထွက်ပျံ့နှံ့သွားစဉ် မန်ဟိုသည် ခမ်းနားကြီးကျယ်သော မန္တန်ဝင်္ကပါတစ်ခုကို မြင်လိုက်ရ၏။ ထိုမျှသာမက မန္တန်ဝင်္ကပါ၏ဗဟိုချက်တွင် တအိအိလှုပ်ရှားသက်ဝင်နေသော အနက်ရောင်မြူများရှိနေသည်။ အနက်ရောင်မြူအတွင်းရှိ အရာကိုကား မမြင်ရပေ။

ဤအခိုက်အတန့်တွင် သူ့စိတ်ထဲ၌ လှိုင်းတစ်ခု ဖြာဆင်းလာပြီး ဇစ်မြစ်က သိုလှောင်အိတ်အတွင်းမှဖြစ်သည်။ ၎င်းသည် အနောက်ပိုင်းသဲကန္တာရသို့ ရောက်နေသည့်အတောအတွင်း မကြားခဲ့ရသည်မှာ ကြာခဲ့ပြီဖြစ်သော ရှေးအသံကြီးတစ်သံပင်။ ၎င်းက ပဲ့တင်ထပ်လျက် သူ၏စိတ်ကို စိုးမိုးသွား၏။

"တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ သွေးသန့်စင်ခြင်း မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်း

"မိစ္ဆာချုပ်နှောင်သူအဖွဲ့။ ပထမမျိုးဆက်က ဘိုးဘေးကြီး။ ဒုတိယမျိုးဆက်က ဆက်ခံသူ။ တတိယမျိုးဆက်က အစွမ်းထက်ဆုံး။ စတုတ္ထမျိုးဆက်နောက်ပိုင်း မျိုးဆက်တွေက အားနည်းလာခဲ့တယ်... ဒါပေမဲ့ နဝမမျိုးဆက်က အထွတ်အထိပ်ဖြစ်တယ်။ နဝမမျိုးဆက် သုတ်သင်မခံရရင် ထိပ်ဆုံးသို့ ရောက်လာလိမ့်မယ်"

***

All Chapters