← Chapters

မြင်ဖူးသော ဝဲကြီး

Vol. 35 Ch. 491

မြင်ဖူးသော ဝဲကြီး

Vol. 35 Ch. 491

အသံသည် ရှစ်စုမဟာမိတ်အဖွဲ့အတွင်းရှိ မန်ဟို့မိစ္ဆာချီကိုယ်ပွား၏ စိတ်အတွင်း၌သာ ပဲ့တင်ထပ်နေခြင်းမဟုတ်။ လောလောဆယ်တွင် ထိုနေရာသို့ ဦးတည်၍လာနေသော ကိုယ်အစစ်၏စိတ်ထဲတွင်လည်း ပဲ့တင်ထပ်နေလေသည်။

မိစ္ဆာချီကိုယ်ပွားအထဲရှိ မန်ဟို့၏စိတ်အစဉ်မှာ တုန်ရီနေသော်လည်း သူ၏အမူအရာကား တစ်ချက်လေးပင်ပြောင်းသွားခြင်းမရှိပေ။ သူသည် ချာခနဲ လှည့်ပြီး ဖြည်းညင်းစွာ လျှောက်ထွက်သွား၏။ သူ မန္တန်၀င်္ကပါကို စစ်ဆေးကြည့်ရှုလိုက်ခြင်းနှင့် သူ၏ တုန်လှုပ်သွားခြင်းကို မည်သူမှ သတိမထားမိလိုက်ပေ။ သူ အဝေးသို့ လျှောက်သွားစဉ် သူ့အပေါ် ၌ ရစ်ဝဲနေခဲ့သော နတ်ဘုရားအာရုံများ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

ထို့နေ့ညတွင် မန်ဟိုသည် မျက်လုံးများပိတ်လျက် တဲထဲတွင် တိတ်ဆိတ်စွာ ထိုင်နေ၏။

စွန်းဒဟိုင်မှာ ဆိတ်ငြိမ်သက်သော နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူသည် ဤနေရာနှင့်ပက်သက်ပြီး ရာနှုန်းပြည့်တော့ သက်တောင့်သက်သာ မရှိသော်လည်း လုံခြုံသင့်သလောက်တော့ လုံခြုံသည်ဟု ခံစားရ၏။ ရှစ်စုမဟာမိတ်အဖွဲ့မှာ ကုန်ရောင်းကုန်၀ယ်လုပ်ရာတွင်သာ စိတ်၀င်စားသည်ဟု သူ ရှစ်ဆယ်ရာခိုင်နှုန်း သေချာလေသည်။

ထိုအချိန်တွင် ကျီးနတ်မင်းမျိုးနွယ်စု၌ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ရှိသည် ဆိုသောအချက်မှာ ဤအနောက်ပိုင်းသဲကန္တာရအလယ်ပိုင်းအား အိမ်လုပ်၍နေထိုင်နေကြသော ကျန်မျိုးနွယ်စုခုနစ်စုထံမှ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။

" အဲ့တာက"

" မိစ္ဆာစိတ်ဝိညာဉ်ပဲ မိစ္ဆာစိတ်ဝိညာဉ် "

" မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင် ပေါ်လာပြီ။ ငါတို့သွား လုမှဖြစ်မယ် "

မျိုးနွယ်စုနှစ်စုက မိစ္ဆာစိတ်ဝိညာဉ်ကို ဦးစွာ အာရုံရလိုက်သည်။ ကျန်ငါးစုက နည်းနည်းနောက်ကျသော်လည်း ထိုနည်းတူ အံ့ဩတုန်လှုပ်သွားကြ၏။ ခုနစ်စုအနက် ငါးစုသည် ဖုန်းရွှေသံလိုက်အိမ်မြှောင်များအပေါ်တွင် ညွှန်ပြနေသောနေရာသို့ လူများအား ချက်ချင်း စေလွှတ်လိုက်လေပြီ။

အလွန်တိုတောင်းလှသော အချိန်ခဏလေးအတွင်း တစ်နေရာလုံးမှာ ဝရုန်းသုန်းကား ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။

မျိုးနွယ်စုအသီးသီး၏ နတ်ဆရာကြီးများကိုင်ထားသည့် ဖုန်းရွှေသံလိုက်အိမ်မြှောင်များပေါ်ရှိ တလက်လက်တောက်ပနေသော အစက်များက သူတို့၏နှလုံးသားများကို အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်နေစေတော့သည်။ သူတို့ တပ်ဖွဲ့များ စေလွှတ်လိုက်သည့် အချိန်မှာပင် ရှစ်စုမဟာမိတ်အဖွဲ့က မျိုးနွယ်စုရှစ်စု၏ ခေါင်းကိုင်ဖခင်များနှင့် နတ်ဆရာကြီးများကို ခေါ်ယူ၍ အစည်းအဝေး ကျင်းပသည်။ ချက်ချင်းပင် စိတ်လှုပ်ရှားနေသော ဆွေးနွေးငြင်းခုန်ပွဲကြီး စတင်တော့၏။

"သေစမ်း ဘာလို့ဒီအချိန်ကျမှ မိစ္ဆာစိတ်ဝိညာဉ်တစ်ကောင်က ပေါ်လာရတာလဲ"

"ငါတို့ကင်းထောက်တာတွေအရ ဘေးပတ်၀န်းကျင် မျိုးနွယ်စုတွေအကုန်လုံး လှုပ်ရှားခဲ့ပြီးပြီ။ ဒါ့အပြင် မိစ္ဆာစိတ်ဝိညာဉ်က ငါတို့ရှစ်စုမဟာမိတ်အဖွဲ့ဆီကို တန်းတန်းမတ်မတ် ဦးတည်လာနေတာ။ မထင်မှတ်ထားတွေ မဖြစ်ရင် မိစ္ဆာဝိညာဉ်က ငါတို့အပေါ်ကို နှစ်ရက်အတွင်း ရောက်လာလိမ့်မယ်။ အဲ့အချိန်ကျရင် အခြားမျိုးနွယ်စုတပ်ဖွဲ့တွေလည်း ရောက်လာမှာအသေအချာပဲ။ ဒါဆိုရင်တိုက်ပွဲတွေ၊ လုယက်တာတွေဖြစ်ကုန်တော့မယ်"

"ငါတို့ ပိုက်ကွန်ပြန်ရုတ်ဖို့ အချိန်ကို ရွှေ့လိုက်ရမလား။ ငါတို့အကြံအစည်က အရမ်းအရေးကြီးပေမယ်လို့ မိစ္ဆာစိတ်ဝိညာဉ်ကလဲ အဲ့လိုပဲ အရေးကြီးတယ်လေ"

"အကောင်းဆုံးကတော့ ငါတို့ပိုက်ကွန်ကို အောင်အောင်မြင်မြင် ပြန်ရုတ်၊ မိစ္ဆာစိတ်ဝိညာဉ်ကိုလည်း ရရမယ့်ဟာပဲ "

ဆွေးနွေးငြင်းခုံသံများဆက်လက်ဖြစ်ပွားနေစဉ် ထိပ်ဆုံးတွင် အဖိုးကြီးတစ်ယောက်ထိုင်နေ၏။ သူသည် အနက်ရောင်၀တ်ရုံကို ၀တ်ထားပြီး သူ၏မျက်လုံးများက ပိတ်နေသည်။ တခဏကြာသော် သူ၏မျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။

" တော်တော့ " သူကမိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားသော အသံကြီးဖြင့် ပြောသည်။ တဲအတွင်းရှိ အခြားသူများအားလုံး တိခနဲ ငြိမ်ကျသွား၏။

"မိစ္ဆာစိတ်ဝိညာဉ်က ဟုတ်တယ် အဆင်ပြေတယ်။ ဒါပေမယ့် ရှစ်စုမဟာမိတ်အဖွဲ့အတွက်တော့ အရေးကြီးဆုံးက ဘာလဲဆိုရင် ဘိုးဘေးကြီးရဲ့စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးဖို့အတွက်ပဲ။ အနောက်ပိုင်းသဲကန္တာရအရှေ့ပိုင်းမှာ ငါတို့ရှစ်စုမဟာမိတ်အဖွဲ့ရဲ့ အင်အားက အရမ်းကျဆင်းသွားခဲ့တယ်။ မင်းတို့အားလုံးလည်း ဒဏ်ရာအပြင်းအထန် ရထားတယ်။ ဒါ့အပြင် ပိုပြီးအရေးကြီးတာက ငါတို့ကျင့်ကြံခြင်းအခြေခံနဲ့ပတ်သက်ရင် မဆင်မခြင် လုပ်လို့မရဘူး။ ငါတို့ရဲ့အရုပ်တွေက ထိခိုက်ထားတဲ့အတွက်ကြောင့်မလို့ အဲ့ဒီလိုလုပ်လိုက်ရင် ကျင့်ကြံခြင်းအခြေခံတွေ ဆုံးရှုံးရနိုင်တယ်

"အဲ့ဒါကပဲ ငါတို့ဒီနေရာမှာ အနားယူနေရတဲ့ အကြောင်းရင်းမဟုတ်လား။ ပတ်၀န်းကျင်မှာရှိနေတဲ့ မျိုးနွယ်စုတွေကို သုတ်သင်ဖို့ဆိုတာ လွယ်ကူနေတဲ့ကိစ္စ မဟုတ်ဘူး

"မင်းတို့အားလုံး အစီအစဉ်ရဲ့ အဓိကအချက်ကို မေ့သွားကြပြီလား။ ငါတို့ဒီပတ်၀န်းကျင်ကို ကျင့်ကြံသူတွေ အများကြီးလာအောင် ဆွဲဆောင်ပြီး မန္တန်၀င်္ကပါရဲ့စွမ်းအားနဲ့ သွေးယဇ်ပူဇော်ဖို့လေ။ အဲ့ဒါကမှ ငါတို့အရုပ်တွေကို ပြန်လည်ထွန်းပြောင်လာစေမှာ ။ တကယ်တော့ မိစ္ဆာစိတ်ဝိညာဉ်ပေါ်လာတာလည်း ကောင်းတဲ့အရာတစ်ခုပဲ

"အမှန်တိုင်းပြောရရင် ဒီနေရာကို လူတွေရောက်လာအောင် လုပ်ဖို့ အဲ့ဒါထက်ကောင်းတဲ့ နည်းလမ်းမရှိတော့ဘူး " အဘိုးကြီးစကားပြောပြီးသောအခါ သူ၏မျက်လုံးများသည် အေးစက်သောအလင်းရောင်ဖြင့် တဖျပ်ဖျပ် တောက်ပသွား၏။

ရှစ်စုမဟာမိတ်အဖွဲ့၏ ကျန်ရှိသောကျင့်ကြံသူအားလုံးလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ကြသည်။

နောက်ဆုံးပြင်ဆင်မှုများအား လုပ်ဆောင်ပြီးပြီဖြစ်သည်။ နောက်နှစ်ရက်ကြာသော် မိုးသောက်ချိန်တွင် ရှစ်စုမဟာမိတ်အဖွဲ့ လေလံပွဲ စတင်ကျင်းပ၏။

လူအုပ်ကြီးကား နှစ်သောင်းပင်ကျော်သည်။ သို့ဖြစ်၍ လေလံပွဲအတွက် အထူးတလည် နေရာမရှိပေ။ ထိုအစား ၎င်းကို တစ်မြို့လုံး၌ ကျင်းပလေ၏။

မနက်အစောပိုင်းတွင် မြို့ထဲရှိ ဈေးဆိုင်များအားလုံး အစအနမကျန် ပျောက်သွား၏။ ကျန်ရှိခဲ့သောအရာမှာ ကျယ်ပြောပြီး ပြောင်သလင်းခါနေသော မြေပြင်ကြီးတစ်ခုသာဖြစ်၏။ ရှစ်စုမဟာမိတ်အဖွဲ့ ကျင့်ကြံသူများက ပတ်ပတ်လည်ရှိ တဲထဲမှ ထွက်လာကြလေသည်။

လေလံပွဲတွင် ပါ၀င်သူများ၏ လက်ထဲတွင် ကျောက်စိမ်းပြားတစ်ပြားစီအား ကိုင်ထားကြလေသည်။ ပြီးခဲ့သည့်ရက်များက ဤကျောက်စိမ်းပြားများကို တစ်ယောက်လျှင် တစ်ခုစီ ဖြန့်ချိပေးခဲ့၏။ မန်ဟိုနှင့် စွန်းဒဟိုင်တွင်လည်း ကျောက်စိမ်းပြားတစ်ပြားစီ ရှိသည်။

"စတော့မယ် " စွန်းဒဟိုင်က စိတ်လှုပ်တရှားပြောသည်။ သူသည် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ဘယ်တော့မှ လေလံပွဲတက်ရောက်ခဲ့ဖူးခြင်းမရှိပေ။

အခြားတစ်ဖက်တွင် မန်ဟိုမှာတော့ အတော်လေးရင်းနှီးလေသည်။ ဇီယွင်ဂိုဏ်းလေလံပွဲတုန်းက လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။ ထိုလေလံပွဲသည် ဤတစ်ခုထက် အကျယ်အ၀န်းအရနှင့် အရေအတွက်အရသာမက ခမ်းနားကြီးကျယ်မှုအရပါ သာလွန်လေသည်။

အပေါ်တွင် တလက်လက်တောက်ပနေသော မျက်နှာပြင်တစ်ခု ပေါ်လာပြီး အတွင်းမှ လူတစ်ယောက်ထွက်လာ၏။ သူ၏ ချောမောသောရုပ်သွင်မှာ ကျောက်စိမ်းသဖွယ် ဖြူဆွတ်နေ၏။ သူက ပြုံးရင်း လက်နှစ်ဖက်ကို ယှက်ကာ အောက်ရှိကျင့်ကြံသူထောင်ပေါင်းများစွာကို အရိုအသေပေးသည်။

"ထပ်ဆုံကြပြန်ပြီ တာအိုရောင်ရင်းတို့။ ကျုပ်က တုံးဟန်ဇီပါ။ အရင်တုန်းကလည်း လေလံပွဲလေးပွဲ ကျင်းပခဲ့ပြီးတာမလို့ ကျုပ်နဲ့မစိမ်းဘူးထင်ပါတယ်

"ဒီနေ့လေလံပွဲကတော့ ရှစ်စုမဟာမိတ်အဖွဲ့ရဲ့ နောက်ဆုံးကျင်းပမယ့် လေလံပွဲဖြစ်ပါတယ်။ စည်းကမ်းတွေကတော့ အတူတူပါဘဲ။ ခင်ဗျားတို့ လက်ထဲမှာရှိတဲ့ ကျောက်စိမ်းပြားတွေထဲမှာ တန်ဖိုးတစ်ခုကို ခတ်နှိပ်လို့ရပါတယ်။ အဲ့တန်ဖိုးက ဒီနေရာမှာပေါ်လာမှာ ဖြစ်ပါတယ်။

"ကဲ အချိန်ဆွဲနေစရာမလိုတော့ပါဘူး။ ဒီနေ့အတွက်ပထမမဲက…. " တုံးဟန်ဇီ၏အသံ ဟိန်းထွက်လာသည်နှင့် လေလံပွဲက တရား၀င်စတင်တော့သည်။ ပထမဆုံးမဲက ချက်ချင်းပင် အုတ်အော်သောင်းနင်းဖြစ်သွားစေ၏။ ကျောက်စိမ်းပြားပေါ်တွင် ခတ်နှိပ်လိုက်သည့်တန်ဖိုးများက လေထုထဲရှိ ပုံရိပ်ယောင်မျက်နှာပြင်ပေါ်တွင် ချက်ချင်း ပေါ်လာကြသည်။ တန်ဖိုးများက မြင့်သထက်မြင့်လာ၏။

စွန်းဒဟိုင်မှာ မျက်နှာပြင်ပေါ်က ဈေးနှုန်းများကို ကြည့်ပြီး မျက်လုံးကြီးပြူးနေတော့သည်။ မန်ဟိုမှာမူ လေလံပွဲကို သိပ်အာရုံမရှိပေ။ ထိုအစား သူက ပတ်၀န်းကျင်ကို နှံ့နှံ့စပ်စပ် ျကြည့်ရှုလေ့လာနေ၏။

အချိန်များကုန်ဆုံးသွားပြီး လေလံပွဲရှိ စိတ်လှုပ်ရှားမှုများ တစတစ ကြီးထွားလာသည်။ လေးနာရီကုန်ဆုံးသွားပြီးနောက်တွင် နေ့လည်သို့ ရောက်ရှိခဲ့လေပြီ။ တုံးဟန်ဇီက လေလံပွဲအတွက် အရုပ်ဘိုးဘေးကြီးလေးဦးအား ကမ်းလှမ်းသည်။ ဤအခိုက်အတန့်တွင် လေလံပွဲကား အထွတ်အထိတ်သို့ ရောက်ရှိသွားခဲ့သယောင်ပင်။

ဈေးခေါ်ခြင်းအရသော်လည်းကောင်း၊ ကျောက်စိမ်းပြားပေါ်တွင် ခတ်နှိပ်ကြသည့် တန်ဖိုးများအရသော်လည်းကောင်း၊ ဈေးနှုန်းများမှာ အံ့ဩမှင်သက်ဖွယ်ကောင်းလောက်အောင် ဆက်လက်မြင့်တက်လာနေ၏။ အတော်လေး ၀ရုန်းသုန်းကား ဖြစ်နေသော်လည်း ပစ္စည်းများအား လက်ဝယ်၌ တကယ်မရရှိသေးပေ။ ဤအခိုက်အတန့်တွင် စွန်းဒဟိုင်မှာ လုံးလုံးလျားလျား စိတ်လှုပ်ရှားလာတော့သည်။ သူကား ကျောက်စိမ်းပြားကို ကိုင်ရင်း ဈေးစခေါ်တော့၏။

ပတ်၀န်းကျင်ရှိ လူနှစ်သောင်းလုံးမှာ ရူးတော့မည့်ပုံပင်။ မန်ဟိုတစ်ယောက်သာလျှင် အနက်ရောင်ခြုံထည်အတွင်း၌ မျက်နှာကို ဖုံးကွယ်လျက် တည်ငြိမ်အေးဆေးလျက်ရှိ၏။

" ဒီမိစ္ဆာချီမန္တန်၀င်္ကပါက တကယ် တစ်ခုခုပဲ " သူက မျက်လုံးများ အေးစက်စွာ တောက်ပနေလျက် တွေးသည်။ မနက်ခင်းအစောပိုင်း လေလံပွဲစတင်ခဲ့သည့်အချိန်၌ သူသည် အသက်၀င်နေသောမန္တန်၀င်္ကပါကို မြင်ခဲ့သည်။ ယခုတွင် ၎င်းကား မိစ္ဆာချီအမြောက်အမြားကို စုစည်းရင်း လျင်မြန်စွာ လည်ပတ်နေပြီး ပတ်၀န်းကျင်ရှိကျင့်ကြံသူများ၏ စိတ်ခံစားချက်များကို လွှမ်းမိုးခြယ်လှယ်နေသော လှိုင်းများအား ထုတ်လွှတ်ပေးနေ၏။

ဤလှိုင်းများသည် ဈေးခေါ်နေသော ကျင့်ကြံသူများကို အရူးများသဖွယ်ဖြစ်နေစေသည်။

ဆန့်ကျင်ဘက်တွင် ဈေးသည်ပိုင်ရှင်များဖြစ်ခဲ့သော ရှစ်စုမဟာမိတ်အဖွဲ့၏ကျင့်ကြံသူများက ပတ်၀န်းကျင်တွင် ဝိုင်းပတ်ထိုင်လျက် လှောင်ပြုံးပြုံးနေကြသည်။

ရုတ်တရက် မန်ဟိုသည် အဝေးမှ ချဉ်းကပ်လာနေသော အဆုံးမဲ့မြူထုကြီး မြင်လိုက်ရ၏။ ၎င်း မည်သည့်အချိန်က ပေါ်လာခဲ့သည်လဲ မပြောတတ်သော်လည်း ၎င်းက ပြန့်ကားရင်း ပတ်၀န်းကျင်ကို ဖုံးကွယ်လာသည်။ ထိုမျှသာမက လူထုကြီးကို အေးတိအေးစက် ငုံ့ကြည့်လျက် လေတွင် ပျံဝဲနေသော ကျင့်ကြံသူ(၁၆)ယောက်လည်း ရှိ၏။

ထို‌ (၁၆) ယောက်အနက် ဆယ်ယောက်မှာ အနုသုခုမရုပ်ခန္ဓာ စဦးပိုင်းအဆင့်ဖြစ်ကြပြီး လေးယောက်မှာ အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်ဖြစ်ကြသည်။ အံ့ဖွယ်ကောင်းစွာနှင့် နှစ်ယောက်ကား အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ဖြစ်၏။

သူတို့ထဲက တစ်ယောက်သည် အိုးယွန်ဇီဖြစ်ပြီး တစ်ယောက်မှာ စာပေသမားသဖွယ်၀တ်စားထားသော အမျိုးသားတစ်ယောက်ဖြစ်ကာ တတိယတစ်ယောက်က မင်းသမီး၀တ်စုံနှင့် အမျိုးသမီးဖြစ်၏။

ဤလူ(၁၆)ယောက်၏ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ဖြာထွက်လာ၏။ သို့သော် ကျင့်ကြံခြင်းအခြေခံအားလုံးမှာ ခက်ခက်ခဲခဲ ထိန်းထားရသည့်အလား မတည်မငြိမ်ဖြစ်နေသည်ကို မန်ဟိုပြောနိုင်၏။ ဤလူအနည်းစုမှာ တကယ်တမ်း မိစ္ဆာချီမျှင်မျှင်လေးများ ထုတ်လွှတ်နေလေသည်။

မန်ဟို့၏အမူအရာ အေးစက်သွားပြီး သူက သူတို့ကိုကြည့်ပြီးနောက် စွန်းဒဟိုင်ကို ပြန်ကြည့်လိုက်သည်။ သူသည် ရုတ်တရက် စွန်းဒဟိုင်၏နာမည်ကို ခေါ်လိုက်၏။ ထိုလူမှာ သူ့နာမည်ခေါ်သံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး တုန်ရီသွား၏။ ရူးသွပ်နေသောအရိပ်အ‌ယောင်များ သူ့မျက်၀န်အတွင်းမှ ပျောက်ကွယ်သွားပြီး တွေဝေခြင်းမှသည် အံဩခြင်းဖြစ်လာသည်။ သူသည် စောစောက သူ၏အပြုအမူနှင့်ပက်သက်ပြီး တစ်ခုခုမှားယွင်းနေခဲ့ကြောင်း သိလိုက်လေပြီ။

သူက မောဟိုက်ပင်ပန်းစွာ အသက်ရှုရင်း ဘေးဘီဝဲယာကို ကြည့်ပြီး သူ့ရင်ထဲတွင် သတိဝီရီယများ ပြည့်နှက်သွားသည်။ သူ၏ပတ်ပတ်လည်ရှိ မျက်နှာများအပေါ်က ရူးသွပ်နေသော အမူအရာများနှင့် လျင်မြန်စွာ‌ ခုန်တက်နေသော ဈေးနှုန်းများကို မြင်သောအခါ သူ့နဖူးမှ ဇောချွေးများပြန်လာလေသည်။

သူက မန်ဟို့ကို အထိတ်ထိတ်အလန့်လန့်နှင့် လှည့်ကြည့်ပြီးနောက် ပြောသည်။ " ဘိုးဘေးကြီး... "

" ငါနဲ့လိုက်ခဲ့ " မန်ဟိုက တည်ငြိမ်စွာပြောသည်။ စွန်းဒဟိုင်မှာ မန်ဟို့အနောက်ကလိုက်ရင်း လူအုပ်ကြားထဲမှ ထွက်လာ၏။ သူတို့မှာ သိပ်အာရုံအစိုက်မခံရ၍ နေရာတစ်နေရာသို့ လျင်မြန်စွာ ရောက်လာပြီး မန်ဟိုက ရပ်လိုက်သည်။

" ဒီနေရာကအန္တရာယ်ကင်းတယ်။ မထင်မှတ်ထားတာ တစ်ခုခုဖြစ်ရင် ဒီမှာထိုင်ပြီး တရားထိုင်ဖို့မမေ့နဲ့။ ခြေလှမ်းလေးတစ်လှမ်းတောင် ဒီထဲကမထွက်နဲ့ ကြားလား "

စွန်းဒဟိုင်သည် လိမ္မာပါးနပ်ပြီး လျှင်သောလူတစ်ယောက်ဖြစ်၏။ စောစောက သူသည် မန္တန်၀င်္ကပါ၏ လွှမ်းမိုးမှုအောက်သို့ရောက်နေခဲ့သော်လည်း ယခုတွင် အသိနှင့်သတိပြန်ကပ်သွားပြီဖြစ်၍ ပတ်၀န်းကျင်ရှိ ထူးဆန်းမှုကို အာရုံရနိုင်လေသည်။ မန်ဟို့စကားကို သူက ခေါင်းညိတ်သဘောတူ၏။ မည်သည်တို့ဖြစ်ပျက်ပါစေ ဤနေရာမှ တစ်ဖဝါးမှမခွာတော့ကြောင်း သူ ဆုံးဖြတ်လိုက်လေပြီ။

တစ်ချိန်တည်းမှာပင် မန်ဟို့အပေါ် သူ၏လေးစားမှုမှာလည်း ပို၍ပင် ဆထက်တိုးသွား၏။ သူသည် မန်ဟို့ကို ကြည့်ပြီး ခြုံထည်အတွင်းရှိ‌ အမှောင်ထုထဲတွင် မန်ဟို၏မျက်နှာကို မမြင်ရသော်လည်း သူ၏မျက်လူံးများက ကုန်သွယ်စခန်းမြို့၏ အလယ်ဗဟိုသို့ ကြည့်နေကြောင်း အာရုံရလိုက်၏။

မန်ဟိုက သူ၏စိတ်ဝိညာဉ်ကို မိစ္ဆာချီနှင့်ပေါင်းစည်းစေပြီးနောက် မြူထုထံသို့ စေလွှတ်လိုက်သည်။ သူ စောင့်ကြည့်နေစဉ်မှာပင် မန္တန်၀င်္ကပါမှာ မြန်သထက်မြန်မြန် လည်ပတ်လာနေ၏။ တစ်ချိန်တည်းမှာပင် မြူထုကြီးမှာလည်း ပိုပို၍ သိပ်သည်းထူထပ်လာသည်။

"မွန်းတည့်ချိန်က ‌ကမ္ဘာနဲ့နေ တစ်တန်းတည်းကျတဲ့ အချိန်ပဲ။ ဒီလိုအမြင့်ဆုံးအချိန်မှာ... ယင်က အမာဆုံးဖြစ်ပြီး ယန်က အပျော့ဆုံးဖြစ်တယ်

"မိစ္ဆာချီ ဒါမှမဟုတ် မာတဲ့ချီဖြစ်ဖြစ် ၊ ပျော့တဲ့ချီဖြစ်ဖြစ် မွန်းတည့်ချိန်မှာ ပေါ်လာလိမ့်မယ်" မန်ဟိုက လက်ရှိအချိန်ကို လျင်မြန်စွာ တွက်ချက်လိုက်၏။

"အသက်သုံးရှိုက်စာပဲ.... သုံး နှစ် တစ်..." တဟူးဟူးလည်နေသော မန္တန်ဝင်္ကပါကြောင့် ပတ်ဝန်းကျင်တွင် မြူများ တထောင်းထောင်းထလာနေစဉ် စူးရှသော အလင်းရောင်က မန်ဟို့၏မျက်လုံးများတွင် တောက်ပနေ၏။ တစ်ချိန်တည်းမှာပင် အောက်ရှိမြေကြီးသည် အရောင်ပြောင်းလာလေပြီ။ ယခုတွင် ၎င်းကား လတ်လတ်ဆတ်ဆတ်သွေးပမာ ချင်းချင်းနီနေချေသည်။

မိစ္ဆာချီမျှင်များက မျောလွင့်တက်လာပြီး လေတွင် ပြည့်နှက်လာ၏။ အံ့ဩဖွယ်ကောင်းစွာနှင့် မိစ္ဆာချီသည် လည်လာပြီး ကောင်းကင်အပြည့် နေရာယူသွားသော ဧရာမဝဲကြီးတစ်ခုဖြစ်လာလေပြီ။

မှန်ပါသည်၊ စွန်းဒဟိုင်မှာ မည်သည့်အရာကိုမှ မမြင်နိုင်ပေ။ သူ့အတွက်တော့ အရာအားလုံးမှာ ပုံမှန်အတိုင်းသာ။ မိုးကောင်းကင်မှာလည်း မိုးကောင်ကင်သာဖြစ်ပြီး မည်သည့်အရာမှ မထူးခြားသွားပေ။

သို့သော် မန်ဟို့အတွက်တော့ သူမြင်နေရသောအရာမှာ အဆုံးစွန်အထိ တုန်လှုပ်ဖွယ်ကောင်းသည်။

လေလယ်ရှိ ကျင့်ကြံသူ(၁၆)ယောက်မှာမူ မုဒြာလက်ကွက်များ ဖော်နေကြ၏။ ထို့နောက် သူတို့သည် ဟိန်းဟောက်ကြုံးဝါးလိုက်ရာ မှော်သင်္ကေတစီး‌ကြောင်း(၁၆)ကြောင်းမှာ ရုတ်တရက် ကောင်းကင်ထက်ရှိ ဝဲကြီးထံသို့ ဖြာထွက်သွားလေသည်။

မန်ဟိုမှတစ်ပါး ဘယ်သူမှ ဧရာမဝဲကြီးကို မမြင်နိုင်။ ထိုမြင်ကွင်းကြီးမှာ  အခြားတစ်နေရာတွင် မြင်ခဲ့ဖူးသကဲ့သို့ အလွန်ရင်းနှီးနေလေသည်။

ဝဲကြီး လျင်မြန်စွာ လည်နေစဉ် ရုတ်တရက် ၎င်း၏အလယ်တွင် တွင်းနက်ကြီးတစ်တွင်း ပေါ်လာ၏။ ထိုတွင်းနက်ထဲတွင်.... နောက်ကမ္ဘာတစ်ခုအား မြင်လာရသည်။

ကမ္ဘာအား မြင်လိုက်ရသည်နှင့် မန်ဟို့နှလုံးသားထဲတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားပြီး မယုံနိုင်သောအရိပ်အယောင်တစ်ခုက သူ၏မျက်နှာကို လွှမ်းမိုးသွားလေသည်။ ထိုနေရာက မည်သည့်နေရာလဲ သူ ရုတ်ခြည်း သဘောပေါက်လိုက်သည်။

***

All Chapters