← Chapters

ငါပြန်လာမယ်

Vol. 36 Ch. 492

ငါပြန်လာမယ်

Vol. 36 Ch. 492

ကျိုးပြည်မှ တန်မျှော်စင်

မန်ဟို မှီခိုရာဂိုဏ်းမှ ထွက်ခွာလာခဲ့သည့်နှစ်တုန်းက ကျိုးပြည်၏ မြို့တော်ကို သွားရောက်ခဲ့သည်။ ထိုနေရာ ၊ တန်မျှော်စင်၏ ထိပ်တွင် ရပ်ရင်း ၎င်း၏ ဧရာမအမြင့်ကြီးမှနေ၍ အရှေ့ဘက်‌နယ်မြေတွင် ရှိသော တန်နိုင်ငံတော်ကြီး မျှော်ကြည့်ပြီး သူ၏အိပ်မက်ကို ဖြည့်ဆည်းခဲ့လေသည်။

ထို့နောက်တွင် သူ ထွက်ခွာရန် ပြင်ခဲ့သောအခါက ကျိုးပြည်၏နိုင်ငံ့ဦးသျှောင်နှင့် အခြားသူများက တန်မျှော်စင်ကို ရှိခိုးအရိုအသေပေးနေခဲ့ကြသည်။ သူ့မှာ ထွက်ခွာနေရင်း အမှတ်တမဲ့ ခေါင်းလှည့်ကြည့်လိုက်ရာ ကောင်းကင်ထက်တွင် ဧရာမဝဲကြီးတစ်ခုပေါ်လာသည်ကို မြင်တွေ့ခဲ့ရ၏။ ၎င်းအား သူမှလွဲ၍ တခြားဘယ်သူမှ မ‌‌တွေ့ခဲ့ကြပေ။

ထိုဝဲကြီးထဲတွင် ဧရာမအနက်ရောင်ခေါင်းတလားကြီးနှင့်အတူ အလောင်းများပြန့်ကြဲနေသော စစ်မြေပြင်တစ်ခုရှိခဲ့သည်။ မြင်ကွင်းကြီးတစ်ခုလုံးမှာ တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်း‌‌လေသည်။ ခေါင်းတလားဘေးတွင်ကား ပိန်ချုံးခြောက်ကပ်နေသောပုံရိပ်တစ်ခု တင်ပျဉ်‌ခွေထိုင်နေခဲ့သည်။ အဆိုပါ အရိုးပေါ်အရေတင်နေသော အလောင်းခြောက်ကြီးအပေါ် အကြည့်ရောက်သွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာခဲ့သည်ကို မန်ဟို ယခုထိ မမေ့နိုင်သေးပေ။

ထိုအကြည့်လေးတစ်ချက်က သူ၏အသက်စွမ်းအားကို လပေါင်းများစွာ လောင်ကျွမ်းကုန်ခမ်းသွားစေခဲ့လေသည်။ မန်ဟိုသည် ယခုတွင် ထိုမှော်ပညာရပ်၏ ရည်ရွယ်ချက်ကို သိရပြီဖြစ်၏။ ၎င်းကား လှုပ်မရအောင် ထိန်းချုပ်ထားသည့် ချိတ်တံဆိပ်တစ်ခုဖြစ်လေသည်။

နောက်ပိုင်း ပြန်လည်မွေးဖွားခြင်းဂူ၏အပြင်ဘက်တွင် မန်ဟိုသည် အရာအားလုံးကို နားလည်လာခဲ့၏။ အလောင်း၏နာမည်က ချုံမန်းတိုင်ဖြစ်ကြောင်း သူသိခဲ့သည်။ သူသည် ချုံမန်းတိုင်ထံမှ အင်မိုတယ်လမ်းညွှန်ကို ရရှိခဲ့၍ ထိုဝဲအတွင်းရှိသော ကမ္ဘာမှာ တကယ်တမ်း ရှေးရှေးတုန်းက စစ်မြေပြင်တစ်ခုဖြစ်ကြောင်း သိလိုက်ရပြီဖြစ်သည်။

ထိုစစ်ပွဲသည် လီမျိုးနွယ်စု၏ ယခင်နဝမတောင်သခင် နှင့် ကျီမျိုးနွယ်စု၏ လက်ရှိနဝမတောင်သခင်တို့ကြောင့် ဖြစ်ပွားခဲ့ခြင်းပင်။ ၎င်းမှာ တံတားပျက်နယ်ပယ်တွင် ဖြစ်ခဲ့ပြီး မန်ဟို အပိုင်းအစများအား အတူတကွဆက်ကြည့်ပြီးနောက်တွင် နဝမတောင်၏အရှင်သခင်နေရာအတွက် အာဏာလုသောစစ်ပွဲမှာ အင်မိုတယ်မိစ္ဆာဂိုဏ်းနှင့်လည်း တစ်ခုခုပတ်သက်နေမည်ဟု နားလည်လိုက်ရ၏။

ဝဲကြီးကို ‌မော့ကြည့်နေစဉ် သူကြည့်နေသော ကမ္ဘာမှာ အံ့ဩဖွယ်ကောင်းစွာနှင့် .... ကျိုးပြည်မှာတုန်းက ‌မြင်တွေ့ခဲ့ရသည့်ကမ္ဘာပင် ဖြစ်ကြောင်း သတိပြုမိလိုက်သဖြင့် သူ၏စိတ်ထဲတွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားတော့သည်။

သို့သော် ဤတစ်ခေါက်တွင် ရှေးစစ်မြေပြင်ပေါ်၌ အခေါင်းတလား မရှိတော့ဘဲ အလောင်းပင်လယ်ကြီးသာ ရှိတော့လေသည်....

အလောင်းပင်လယ်ကြီး၏အလယ်တည့်တည့်တွင် အနက်ရောင်မြူဖုံးနေသော ဧရာမပလ္လင်ကြီးတစ်ဆူရှိ၏။ မြူများကြောင့် အထဲကအရာကို မမြင်ရသော်လည်း မြူများအထဲမှ လာနေသည့် တမ်းတမ်းတတအော်သံများကိုတော့ ကြားရလေသည်။ မကြာမီ ၎င်း၏မျက်နှာပြင်ပေါ်၌ မျက်နှာများအား ဝိုးတိုးဝါးတား မြင်လာရ၏။ ၎င်းတို့မှာ မြူအတွင်းမှ ထွက်သွားချင်ပါသော်လည်း ထွက်ပြေးမရနိုင် ဖြစ်နေသည့်အလားပင်။ ၎င်းတို့မှာ ဝမ်းနည်းကြေကွဲစွာ အော်ဟစ်ငိုယိုနေရုံမှတစ်ပါး အခြားဘာမှမလုပ်နိုင်ဘဲ မြူများထဲ၌ နှစ်ပေါင်းမရေမတွက်နိုင်အောင် ပိတ်မိနေခဲ့ပုံရသည်။

မြူအတွင်းရှိ မျက်နှာများအကြားတွင် ကျင့်ကြံသူများသာမက ကမ္ဘာသစ်မိစ္ဆာများလည်း ရှိ၏။

မန်ဟို့စိတ်မှာ ဂျိန်းခနဲ ထစ်ချုန်းသွားပြီး အားကောင်းလှသော ခေါ်သံကြီးတစ်သံက ရုတ်တရက် သူ၏နှလုံးသားထဲမှ ပြည့်သျှံတက်လာလေပြီ။ ဤခံစားချက်အရ အနက်ရောင်မြူများက သူ့ကိုခေါ်နေသည်လား၊ သူက အနက်ရောင်မြူများကို ခေါ်နေ‌သည်လား မပြောတတ်တော့ပေ။

၎င်းကား ယခုလောလောဆယ် အရေးမကြီး။ မန်ဟိုမှာ စောစောက မန္တန်ဝင်္ကပါ၏ဗဟိုချက်တွင် မြင်ခဲ့ရသော အနက်ရောင်မြူများကို သတိရလိုက်ပြီး ၎င်းတို့နှင့်‌ဝဲကြီး၌ မည်သို့သော ပတ်သက်မှုမျိုးရှိသည်လဲ တွေးမိသွားသဖြင့် စိတ်နှလုံးတုန်လှုပ်သွားလေသည်။

ဤအခိုက်အတန့်တွင် ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူများ၏ မျက်နှာများအပေါ်၌ ရူးရူးမူးမူး ယုံကြည်သက်ဝင်နေသောအရိပ်အယောင်များ ပြည့်နှက်လာသည်။ သူတို့အားလုံးက ဒူးထောက်ပြီး ဝေဟင်ထက်ရှိ ဝဲကြီးအား ရှိခိုးအရိုအသေပေးလိုက်ကြလေသည်။

လေလယ်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ(၁၆)ယောက်ပင်လျှင် ထိုနည်းတူ ရှိခိုးအရိုအသေပေးနေကြ၏။

တစ်ချိန်တည်းမှာပင် မြေပြင်ကို စိုးမိုးနေသော အနီရောင်ထုမှာ စတင်ပြန့်ကားလာသည်။ မြူများက လှိုင်းလုံးကြီးများသဖွယ် တအိအိလှုပ်ရှားလာရင်း မန်ဟိုအပါအဝင် ပတ်ဝန်းကျင်ရှိ လူတိုင်းကို လွှမ်းခြုံသွားလေပြီ။ ‌မန္တန်ဝင်္ကပါမှ ရုတ်တရက် မြောက်များစွာသော မိစ္ဆာချီများ စီးမျောထွက်လာ၏။

မိစ္ဆာချီတို့က ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျင့်ကြံသူအလုံးစုံ၏ကိုယ်တွင်းသို့ စီးဝင်သွားကြသည်။ သူတို့မှာ အိပ်မက်ကမ္ဘာတစ်ခုအတွင်းမှ ထွက်မခွာနိုင်အောင် မိန်းမောသည့်အလား အရူးများသဖွယ် ပြုမူနေကြတော့သည်။ မိစ္ဆာချီများ သူတို့ကိုယ်တွင်း၌ ပြည့်နှက်လာသည်နှင့်အမျှ သူတို့၏မျက်နှာများမှာ တွန့်လိမ်ရှုံ့တွလာကြတော့သည်။

မိစ္ဆာချီသည် သူ၏ခန္ဓာကိုယ်များကို တုန်ရီစေပြီး အမူအရာများအား ရုန့်ရင်းကြမ်းတမ်းစေလျက် သူတို့ကိုယ်တွင်းသို့ စီးဝင်နေကြလေ၏။ မန်ဟို့မျက်လုံးများ အရောင်လဲ့သွားသည်။ သူသည် သေသေချာချာ ကြည့်ရှုလေ့လာပြီးနောက်တွင် မိစ္ဆာချီများမှာ တကယ်တမ်း ကျင့်ကြံသူများ၏အသက်စွမ်းအားနှင့် ပေါင်းစည်းနေခြင်းဖြစ်ကြောင်း မြင်လိုက်ရလေသည်။

ထို့နောက် ဤလူအားလုံးက ဝဲကြီးကို မျက်နှာမူလိုက်ကြသည်။ တစ်ပြိုင်တည်းမှာပင် လေလယ်ရှိ ကျင့်ကြံသူ(၁၆)ယောက်မှာ မုဒြာလက်ကွက်များဖော်ကာ မိစ္ဆာချီနှင့် အသက်စွမ်းအားအပေါင်းအစုကို ဝဲကြီးဆီ ဦးတည်သွားစေလိုက်သည်။ ၎င်းမှာ ချက်ချင်း စုပ်ယူခံလိုက်ရပြီး အတွင်းရှိ အနက်ရောင်မြူထံသို့ ပြေးဝင်သွား၏။ မြူထဲက မျက်နှာများမှာ ရုတ်တရက် စိတ်လှုပ်ရှားသွားပုံပေါ်ပြီး ၎င်းအား အငမ်းမရ စားသုံးလိုက်ကြသည်။

ဤအဖြစ်အပျက်အလုံးစုံကို မန်ဟို ရှင်းရှင်းလင်းလင်း မြင်နေရ၏။ သူသည် ထိုင်ခိုင်းထားသောနေရာတွင် တင်ပျဉ်ခွေထိုင်နေသော စွန်းဒဟိုင်ကို လှည့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများက ပိတ်နေပြီး သူက တရားထိုင်နေလေသည်။ သူ၏နေရာမှာ မိစ္ဆာချီကင်းမဲ့နယ်ထဲက တစ်နေရာဖြစ်၏။ ထိုနေရာမှာ မန္တန်ဝင်္ကပါ၏ ဆက်မှတ်များထဲက တစ်မှတ်ဖြစ်သည်။ မိစ္ဆာချီတို့ ဝင်ရောက်မှာမဟုတ်သဖြင့် လတ်တလောတော့ သူ့အတွက် ဘေးကင်းလေသည်။

"အဲ့ဒီမြူတွေက ဘာလဲ...." မန်ဟိုက တွေးသည်။ "ငါ ဘာလို့ ခေါ်နေတဲ့ ခံစားချက်ကြီးရနေတာလဲ။ ‌မြူက ငါ့ကို ခေါ်နေတာမဟုတ်ဘဲ..... ငါက မြူတွေကို မထင်မှတ်ဘဲ ခေါ်‌မိနေသလိုမျိုး" သူ ဘေးဘီဝဲယာသို့ ကြည့်ရှုနေစဉ် မိစ္ဆာချီများမှာ ကျင့်ကြံသူ‌ထောင်ပေါင်းများ၏ကိုယ်အတွင်းသို့ အဆက်မပြတ်စီးဝင်နေလေ၏။

တစ်ချိန်တည်းမှာပင် ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူထောင်ပေါင်းများစွာက ထူးဆန်းသော ဘာသာစကားအား ရေရွတ်လာကြသည်။ အသံတို့က ‌လေထဲသို့ လွင့်ပျံ့သွားပြီး အဘက်ဘက်သို့ ဖြာထွက်သွားသော အသံလှိုင်းများ ဖြစ်လာ၏။

အသံများ မြည်ဟည်းနေစဉ် ပတ်ဝန်းကျင်ရှိမြူများမှာ ပို၍ပြင်းပြင်းထန်ထန် လှုပ်ရှားအုံကြွလာလေသည်။ ပိုမိုများပြားသော မိစ္ဆာချီတို့က ဝဲကြီးအတွင်း ဝင်ရောက်ရင်း အနက်ရောင်မြူများအပေါ်ရှိ မျက်နှာများအား စိတ်လှုပ်တရှားဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်စေသည်။

မြင်ကွင်းကြီးတစ်ခုလုံးမှာ မယုံကြည်နိုင်လောက်ပင် ထူးခြားဆန်းပြားနေ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင်ကြံသူ(၁၆)ယောက်သည်လည်း တက်ကြွစွာ အော်ဟစ်ပြီး လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်များဖော်ကာ ချုပ်နှောင်အမှတ်အသားများအား ပျံထွက်သွားနေစေသည်။

ပို၍အံ့ဩစရာကောင်းသည်က ကျင့်ကြံသူ(၁၆)ယောက်၏ နဖူးများအပေါ်တွင် ရုတ်တရက် ပေါ်လာသော အရုပ်ဆေးမင်ကြောင်များ ဖြစ်လေ၏။ ဤအရုပ်များမှာ …. မျက်နှာများနှင့်တူလေသည်။

၎င်းတို့သည် ဝဲကြီးအတွင်းရှိ အနက်ရောင်မြူထု‌အပေါ်က တွန့်လိမ်ရှုံ့မဲ့နေသောမျက်နှာများနှင့် ချွတ်စွတ်ပင်။

ထိုနည်းတူ ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူများ၏ နဖူးများအပေါ်တွင်လည်း တူညီသောအရုပ်များအား မြင်နိုင်လေသည်။ မျက်နှာ တစ်ဖက်နှင့်တစ်ဖက်ကား မတူ။ တချို့က အသက်ကြီးပြီး တချို့က ငယ်ရွယ်သည်။ တချို့က ကျင့်ကြံသူများဖြစ်ပြီး တချို့က ကမ္ဘာသစ်မိစ္ဆာများဖြစ်၏။

"အဲ့ဒီမျက်နှာတွေက သူတို့အရုပ်တွေပဲ" မန်ဟိုမှာ ချောက်ချားမှုအပြည့်ဖြင့် တွေးမိသွားသည်။ ဝဲအတွင်းရှိ အနက်ရောင်မြူတွင် ပြွတ်သိပ်ကြပ်နေသော မျက်နှာများက အရုပ်များဖြစ်လိမ့်မည်ဟူ၍ သူဘယ်တော့မှ မထင်ထားခဲ့ပေ။

"ဒီရှစ်စုမဟာမိတ်အဖွဲ့က တကယ့်ကို ထူးဆန်းလိုက်တာ။မန္တန်ဝင်္ကပါက မိစ္ဆာချီကို စုပ်ယူနိုင်တဲ့အပြင် ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာလည်း မိစ္ဆာချီ ရှိနေတယ်။ ပြီးတော့ သူတို့အရုပ်တွေက အဲ့ဒီဝဲကမ္ဘာထဲက အရာတွေနဲ့ ချိတ်ဆက်နေတယ်

"ပိုပြီးထူးခြားတာက... အဲ့ဒီအနက်ရောင်မြူထုက မိစ္ဆာချုပ်နှောင်သူတွေနဲ့ တစ်ခုခု ပတ်သက်နေတာပဲ" သူ၏မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု ပြည့်နှက်သွား၏။

ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများက မန္တန်ဝင်္ကပါ၏ဆက်မှတ်များကို ဖုံးလွှမ်းလာပြီဖြစ်၍ စွန်းဒဟိုင်မှာ ရုတ်တရက် တုန်ရီလာလေသည်။ မိစ္ဆာချီမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်စပြုနေလေပြီ။

မန်ဟို မျက်မှောင်ကြုတ်သွား၏။ သူက လက်ကို မြှောက်လိုက်ရာ မိစ္ဆာချီများ စွန်းဒဟိုင်ထံမှ ရှဲသွားလေသည်။ ပတ်ဝန်းကျင်တွင် သိပ်သည်းနေသော မိစ္ဆာချီများမှာ ‌မဆိုစလောက်လေးသာ ပြောင်းလဲသွားခဲ့သော်လည်း ရုတ်တရက် နတ်ဘုရားအာရုံစီးကြောင်းခုနစ်ကြောင်း ရောက်ရှိလာ၏။

"ဘယ်လို"

"ဒီလူ အသိရှိနေသေးတာလား"

"သူကိုး….."

နတ်ဘုရားအာရုံစီးကြောင်းခုနစ်ကြောင်း ပျံသန်းလာသည်နှင့် တစ်ချိန်တည်းဆိုသလို ဝေဟင်ထက်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ(၁၆)ယောက်လည်း ရိပ်ခနဲ ပျံဆင်းလာကြလေပြီ။ သူတို့အတွက် မန်ဟို့အနားရောက်ရန် တခဏလေးသာ ကြာလိုက်သည်။

သုံးယောက်အနက် တစ်‌ယောက်သည် စာပေသမားပုံစံဝတ်စားထားသော အမျိုးသားဖြစ်၏။ အသတ်အဖြတ်စိတ်ဆန္ဒတို့က သူ၏မျက်လုံးများတွင် တရိပ်ရိပ် လှုပ်ရှားနေသည်။

မန်ဟိုက အေးစက်စက် နှာမှုတ်လိုက်သည်။ သူသည် လက်ကို ဝှေ့ယမ်း၍ ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများအား သူ့ဆီသို့ ပြေးဝင်လာစေလိုက်သည်။ ၎င်းသည် လာနေသောကျင့်ကြံသူသုံးယောက်အား သိမ်းကျုံးရိုက်ခတ်သွားသော မမြင်ရသည့် တိုက်ကွက်ကြီးတစ်ကွက် ဖြစ်သွား၏။

ပဲ့တင်ထပ်နေသောပေါက်ကွဲသံများ၏ အလယ်တွင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးယောက်မှာ ထိတ်လန့်သွားပြီး လှုပ်ရှားနေခြင်းအား ရပ်တန့်လိုက်သည်။

"မိစ္ဆာချီ။ ဒီလူက မိစ္ဆာချီကို ခြယ်လှယ်နိုင်တယ်" အံ့အားသင့်နေသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ မုဒြာလက်ကွက်များ ဖော်လိုက်ကြသည်။ ပုံရိပ်ယောင်မျက်နှာများ သူတို့၏အရှေ့တွင် ဘွားခနဲ ပေါ်လာကြ၏။ သူတို့က လက်များကို တွန်းထုတ်လိုက်ရာ မျက်နှာကြီးသုံးခုက ဒေါသူပုန်ထလျက် အရုပ်ဆိုးလာသည်။ မျက်နှာများ မန်ဟို့ဆီ ပြေးဝင်လာစဉ် ၎င်းတို့၏ပါးစပ်မှ သွေးအေးအေး ရယ်သံကြီးများ ပျံ့လွင့်လာသည်။

မန်ဟို အသုံးပြုနေသော မိစ္ဆာချီသည် ဤထူးဆန်းသောမျက်နှာကြီးများအပေါ်တွင် သက်ရောက်မှုအနည်းအကျဉ်းသာ ရှိ၏။ ၎င်းတို့က မိစ္ဆာချီကိုပင် စားသုံးရင်း ချဉ်းကပ်လာနေသည်။ မိစ္ဆာချီစွမ်းအားကို မြှင့်တင်ခြင်းဖြင့်ပင် မန်ဟို့မှာ မျက်နှာတစ်ဖက်ကိုသာ ဝေဝါးပျောက်ကွယ်သွားစေနိုင်လိုက်သည်။ အခြားနှစ်ဖက်က သူ့ဆီ ဆက်လက်ပြေးဝင်လာ၏။

ဘန်းခနဲ အသံကြီး ကြားလိုက်ရပြီး လှိုင်းဂယက်များ အရပ်မျက်နှာတစ်ခွင်သို့ ဖြာဆင်းသွားသည်။ မန်ဟို့၏မိစ္ဆာချီကိုယ်ပွားက ရုတ်တရက် နောက်ဆုတ်လာ၏။ သူက စွန်းဒဟိုင်ကို ဆတ်ခနဲ ဆွဲပြီး နောက်သို့ဆက်ပျံသွားသည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူသုံးယောက်က မျက်နှာများ တင်းမာခက်ထန်နေလျက် မန်ဟို့နောက်သို့ ထပ်ကြပ်မကွာလိုက်လာလေ၏။

"မင်းရဲ့ကျင့်ကြံခြင်းအခြေခံက သေချာပေါက် သာမန်မဟုတ်ဘူး။ ဒါပေမယ့် ရှစ်စုမဟာမိတ်အဖွဲ့ရဲ့ လက်ထဲကနေ လွတ်အောင် ပြေးနိုင်မယ်ထင်လား"

"မင်း မိစ္ဆာချီကို ခြယ်လှယ်နိုင်တာ ထူးဆန်းကောင်း ထူးဆန်းလိမ့်မယ်။ ဒါပေမဲ့ ငါတို့ မင်းကို ဖမ်းပြီး ဘိုးဘေးကြီးဆီ ယဇ်ပူဇော်လို့ရပြီ။ ဘိုးဘေးကြီးတော့ အရမ်းဝမ်းသာ‌သွားမှာပဲ"

ကျင့်ကြံသူသုံးယောက်သည် အသိနှင့်သတိကပ်လျက် မန်ဟို့နောက်သို့ လိုက်နေကြသည်။ တစ်ချိန်တည်းမှာပင် ဝေဟင်ထက်ရှိ အဖွဲ့မှ နောက်ထပ်တစ်ယောက် မန်ဟို့ဆီ ထိုးဆင်းလာသည်။ ၎င်းသည် အိုးယွန်ဇီဖြစ်၏။ ယခုတွင် မန်ဟို့နောက်သို့ လေးယောက်လိုက်နေလေပြီ။

လေးယောက်မှာ အသေးစားနေရာရွှေ့ပြောင်းလိုက်၊ နတ်ဘုရားစွမ်းရည်များ ‌ထုတ်ဖော်လိုက်နှင့် အတူတကွ အလုပ်လုပ်နေကြချေသည်။ ရက်စက်ကြမ်းကြတ်သောမှော်မျက်နှာများက မိစ္ဆာချီများကို တစ်ပြိုင်တည်း စုပ်ယူရင်း မန်ဟို့ဆီသို့ ပြေးဝင်လာ၏။

မန်ဟိုက ဘာမှမပြောသလို၊ နောက်မှလိုက်နေသူ လေးယောက်ကိုလည်း အဖက်လုပ်ခြင်းမရှိ။ သူသည် လက်တစ်ဖက်ဖြင့် စွန်းဒဟိုင်ကို ကိုင်ထားပြီး အခြားတစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ စွန်းဒဟိုင်၏ကိုယ်ပေါ်တွင် ချုပ်နှောင်အမှတ်အသားများ ပေါ်လာစေသည်။

တစ်ချိန်တည်းမှာပင် သူသည် ကြယ်ပျံတစ်စင်းသဖွယ် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူလေးယောက်ကို တိမ်းရှောင်ရင်း ပျံထွက်သွား၏။

အသက်ဆယ်ရှိုက်မျှ ကြာသော် မန်ဟိုက စွန်းဒဟိုင်၏ခေါင်းအပေါ်သို့ လက်တင်လိုက်သည်။ ရုတ်တရက် အကာအကွယ်တစ်ခု သူ၏ပတ်ပတ်လည်တွင် ပေါ်လာသည့်အခါ မန်ဟိုက ဆုပ်ကိုင်ထားသည်ကို လွှတ်လိုက်ပြီး စွန်းဒဟိုင်အား အောက်ရှိ မြူထုထဲ ကျသွားစေသည်။

အကာအကွယ်ရှိနေ၍ စွန်းဒဟိုင်အနေဖြင့် မိစ္ဆာချီများ၏ တိုက်ကွက်မှုကို ခံရမည်မဟုတ်ပေ။ ထို့နောက် မန်ဟိုသည် ချာခနဲလှည့်ပြီး နောက်မှလိုက်လာနေသော လူလေးယောက်ထံသို့ လက်ကို ဝှေ့ယမ်းလိုက်သည်။ ချက်ချင်း မိစ္ဆာချီများက သူတို့ကို တိုက်ခိုက်ရန် ထွက်သွား၏။

သူတို့ငါးယောက်မှာ နတ်ဘုရားစွမ်းရည်များ၊ မှော်ပညာရပ်များ၊ မှော်မျက်နှာများနှင့် မိစ္ဆာချီတို့အား ထုတ်ဖော်ရင်း ရှေ့တိုးနောက်ဆုတ် ‌နေရာရွှေ့ပြောင်းနေကြသည်။ အိုးယွန်ဇီနှင့် အခြားသူများမှာ တမုဟုတ်ချင်း အံ့ဩလာကြတော့သည်။ မန်ဟိုက လှပစွာ လှုပ်ရှားနေပြီး သူ၏ထူးဆန်းသောတိုက်ကွက်များက သူတို့ကို ပိုပို၍မချင့်မရဲ ဖြစ်လာစေတော့သည်။

"ဒီကောင်ဘယ်က လာတာတုန်း။ ဘာလို့ ဒီလောက် ထူးဆန်းနေတာလဲ"

လေးယောက်သား အားမလိုအားမရဖြစ်နေသည့်အချိန်မှာပင် နောက်ထပ်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူနှစ်ယောက် မျက်မှောင်ကြုတ်သွားပြီး ဝေဟင်ထက်၌ရှိသော ဆယ့်နှစ်ယောက်အဖွဲ့မှ နေရာရွှေ့ပြောင်းလာကြသည်။ ယခုတွင် ခြောက်ယောက်၏ ပူးပေါင်းအားက မန်ဟို့ကို တိုက်ခိုက်နေလေပြီ။ ဧရာမမျက်နှာကြီးခြောက်ခုပေါ်လာပြီး‌ အတူတကွ ပေါင်းစည်းသွား၏။ ဤခြောက်ယောက်လုံး၏ ဇီဝိန်ချုပ်တိုက်ကွက်က ကောင်းကင်နှင့်မြေကြီးတွင် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး မြည်ဟည်းသွားစေသည်။ ကောင်းကင်သည် မှေးမှိန်လာပြီး ‌တိမ်တိုက်များ တပွက်ပွက်ဆူလာသည်။ မန်ဟို့၏ ခြုံထည်တစစီဖြစ်သွားသည့်အတွက် သူသွားနေရာမှာ ရပ်လိုက်၏။ ပထမဆုံးအနေဖြင့် သူ၏ ခြုံထည်အောက်ရှိခန္ဓာကိုယ်မှာ အပြင်လောကတွင်  ပေါ်လွင်သွားခဲ့လေပြီ။

၎င်းမှာ .... တကယ့်ခန္ဓာအစစ်မဟုတ်။ ခန္ဓာတစ်ခုအသွင် စုစည်းနေသော မိစ္ဆာချီထုထည်ကြီးတစ်ခုဖြစ်နေသည်။ ၎င်းကား တကယ်တမ်း လူပုံစံ မြူမိစ္ဆာချီခန္ဓာကိုယ်ကြီးဖြစ်လေ၏။

စောင့်ကြည့်နေသူများ မြူခန္ဓာကို မြင်သောအခါ စိတ်နှလုံးတုန်လှုပ်သွားကြလေသည်။ တိုက်ခိုက်နေသူ ခြောက်ယောက်အပြင် ဝေဟင်ထက်ရှိ ဆယ်ယောက်လည်း မျက်လုံးများ ဝိုင်းစက်သွားကြ၏။ သူတို့၏အမူအရာများတွင် အံ့ဩတုန်လှုပ်ခြင်းတို့ ပြည့်နှက်လာသည်။

"မြူကိုယ်ပွား"

"မဖြစ်နိုင်ဘူး။ ငါတို့ သတ်ဖို့ ဒီလောက် ခက်ခက်ခဲခဲကြိုးစားနေခဲ့ရတာက တကယ်တော့ မြူကိုယ်ပွားတဲ့လား"

"ဘာမှမဟုတ်တဲ့ မြူကိုယ်ပွားကတောင် ဒီလောက်အစွမ်းထက်နေရင် ကိုယ်အစစ်က...လုံးဝကြောက်စရာကောင်းမှာပဲ"

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ (၁၆)ဦး မျက်စိမျက်နှာပျက်သွားကြသည်။ အထူးသဖြင့် အိုးယွန်ဇီပင်။ သူ့မှာ စိတ်တထင့်ထင့် ဖြစ်နေခဲ့ရသောအချိန်ကို ပြန်တွေးမိသောအခါ မျက်နှာဖြူဆုပ်သွား၏။

မန်ဟို့၏မြူခန္ဓာက တစတစ မှေးမှိန်ပျောက်ကွယ်လာသော်လည်း သူ၏မျက်နှာတွင် တိကျပြတ်သားမှုနှင့် သွေးအေးမှုတို့ ပြည့်နှက်လျက်ရှိသည်။

"ငါ ပြန်လာမယ်"

"ရောက်ပြီ"

ပထမစကားကို ပျောက်ကွယ်နေသော မြူပုံရိပ်မှ ရေရွတ်သွားခဲ့ခြင်းဖြစ်သည်။ ဒုတိယအသံကတော့ အဝေးမှ ပဲ့တင်ထပ်လာကာ အရာအားလုံးကို ထစ်ချုန်းတုန်ခါသွားစေ၏။

ကြားလိုက်ရသူများအဖို့ ၎င်းသည် ကောင်းကင်ဘုံအထိ ရိုက်ခတ်ပေါက်ကွဲသွားသော မိုးခြိမ်းသံကြီး သဖွယ်ပင်။

***

All Chapters