← Chapters

စစ်ဖြစ်ပေးရတာပေါ့

Vol. 36 Ch. 493

စစ်ဖြစ်ပေးရတာပေါ့

Vol. 36 Ch. 493

အသံကြီးကား မိုးခြိမ်းသံကြီးသဖွယ် တစ်လောကလုံးတွင် ပဲ့တင်ထပ်သွားသည်။ ထိုစဉ် မီတာသုံးထောင်အကျယ်ရှည်လျားသော ဧရာမမြွေပွေးကြီးတစ်ကောင်က လေကိုခွင်း၍ ပျံသန်းလာလေသည်။

မြွေပွေးကြီး၏ထိပ်တွင် ကျင့်ကြံသူထောင်ပေါင်းများစွာ ရပ်နေကြ၏။ သူတို့၏မျက်လုံးများက အေးစက်သောအလင်းရောင်များဖြင့် တောက်ပနေ၏။ ဤသည်မှာ စစ်ပွဲများအား အကြိမ်ကြိမ်တိုက်ခိုက်ပြီးနောက်တွင် သွေးအေးရက်စက်သော သူရဲကောင်းများအဖြစ် ပုံသွင်းခံခဲ့ရသော ကျီးနတ်မင်းမျိုးနွယ်စု ဖြစ်လေသည်။

သူတို့တစ်‌ယောက်မှ စကားမပြော။ အဘိုးအဘွားမှသည် ကလေးသူငယ်အထိတိုင်အောင် တင်းမာခက်ထန်ပြီး ရက်စက်ကြမ်းကြုတ်ကာ သွေးဆာနေသောအမူအရာများအား ဆင်းမြန်ထားကြသည်။ သူတို့သည် ရှစ်စုမဟာမိတ်အဖွဲ့၏ ကျင့်ကြံသူများအား အေးစက်စွာ စိုက်ကြည့်လိုက်ကြ၏…..

သူတို့မှာ အရေအတွက်အားဖြင့် ထောင်ဂဏန်းမျှသာရှိကြောင်း သိသာထင်ရှားသည်။ သို့သော် ရှစ်စုမဟာမိတ်အဖွဲ့၏ ကျင့်ကြံသူများ သူတို့ကို ကြည့်လိုက်သောအခါ သောင်းနှင့်ချီသော စစ်တပ်ကြီးတစ်တပ်ကို ကြည့်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့ အနားကပ်လာလေလေ ကျီးနတ်မင်းမျိုးနွယ်စုသည် ကောင်းကင်နှင့်မြေကြီးကို ကိုင်လှုပ်ပစ်နိုင်သော အသတ်အဖြတ်စိတ်ဆန္ဒတို့ဖြင့် တဟုန်းဟုန်းတောက်နေကြောင်း ပို၍ထင်ရှားပေါ်လွင်လာသည်။

ဤပြင်းပြ‌သော အသတ်အဖြတ်စိတ်ဆန္ဒသည် မရေမတွက်နိုင်သောရန်သူများအား ရှင်းလင်းသုတ်သင်ခဲ့ပြီးနောက်တွင် ထင်ရှားပေါ်လွင်လာခဲ့သော အငွေ့အသက်များဖြစ်၏။ ကျီးနတ်မင်းမျိုးနွယ်စု ခံစားခဲ့ရသည့် ပရိဒေ၀မီးနှင့်သွေးမျက်ရည်တို့က အနောက်ပိုင်းသဲကန္တာရတစ်ခုလုံးအား ကိုင်လှုပ်ပစ်နိုင်အောင်ပင် ပြင်းထန်သော စိတ်မာန်အဟုန်ကို ထွန်းတောက်စေခဲ့လေသည်။

" သူတို့က ဘယ်သူလဲ။ အဲ့ဒါ ဘယ်မျိုးနွယ်စုလဲ။

" မျိုးနွယ်စုတစ်စုလုံးကြည့်ရတာ အလယ်ပိုင်းကို အသာထား၊ အနောက်ပိုင်းသဲကန္တာရမှာတောင် ကြာကြာနေရမယ့်ပုံမပေါ်ဘူး။ ဒီလိုမျိုးပုံစံမျိုးက ပုံသွင်းဖို့အရမ်းခက်တာ"

"မဟုတ်မှ မိစ္ဆာစိတ်ဝိညာဉ်ကြောင့်များလား "

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ (၁၆)ယောက်က အံ့ဩတုန်လှုပ်လျက် လှမ်းကြည့်လိုက်ကြသည်။ ကျီးနတ်မင်းမျိုးနွယ်စုသည် ကျင့်ကြ့သူထောင်ဂဏန်းမျှသာရှိသော်လည်း သူတို့၏အရှိန်အဝါမှာ မယုံနိုင်လောက်အောင် ပြင်းထန်၏။ သူတို့ထုတ်လွှတ်နေသည့် အသတ်ဖြတ်စိတ်ဆန္ဒသည် အားကောင်းလှသဖြင့် ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူများကိုပင် မွန်းကြပ်သွားစေသည်။

ဤသည်ကား ကျီးနတ်မင်းမျိုးနွယ်စု ဖြစ်၏။

သူတို့သည် စစ်ပွဲမီးတောက်များကို ကြုံတွေ့ခဲ့ရပြီး မီးတောက်က ပြန်လည်မွေးဖွားပေးလိုက်သော ကျီးနတ်မင်းမျိုးနွယ်စုအသစ်ဖြစ်၏။

မြွေပွေးကြီးက အလွန်လျင်မြန်‌သောအမြန်နှုန်းဖြင့် လေကိုခွင်းလာလေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူတို့ရောက်ရန် နောက်ထပ်တစ်ရက်ထပ်ကြာမည် ဖြစ်သည်။ သို့သော် ကျီးနတ်မင်းမျိုးနွယ်စုသည် သူတို့အမြန်နှုန်းကို အဆုံးထိတွန်းပို့ခဲ့သဖြင့် တစ်ရက်ကြိုပြီး ရောက်လာခဲ့ခြင်းဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ကား ရုတ်တရက်ကြီး ဤနေရာသို့ ရောက်လာခဲ့လေပြီ။

ဧရာမမြွေပွေးကြီး၏ထိပ် ကျီးနတ်မင်းမျိုးနွယ်ကျင့်ကြံသူများအားလုံး၏ အရှေ့တွင် လူတစ်ယောက်ရပ်နေသည်။ ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူများ သူ့ကို မြင်သောအခါ သူတို့ရင်ထဲတွင် သေမင်းကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ရ၏။

သူကား အစိမ်းရောင်၀တ်ရုံကို ၀တ်ဆင်ထားပြီး သူ၏ကျောနောက်တွင် အဖြူရောင်ဆံနွယ်များက တလွင့်လွင့် မျောလွင့်နေ၏။ သူသည် စာပေသမားတစ်ယောက်၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည့်တိုင် သူ၏မျက်၀န်းများက စူးရှပြီး အေးစက်နေ၏။ သူ၏မျက်နှာမှာလည်း တင်းမာခက်ထန်နေရာ သူ၏အရှိန်အဝါကို အဆုံးအစွန်အထိ ထူးခြားဆန်းကြယ်နေစေတော့သည်။ သူ့တစ်ကိုယ်လုံးကား ဆောင်းရာသီ၏အအေးဓာတ်ဖြင့် ပြည့်နှက်နေသယောင်ပင်။

သူ၏ တည်ရှိမှုလေးကပင် အရာအားလုံးကို ရေခဲသွားစေနိုင်သည်။ ဤလူက ကျီးနတ်မင်းမျိုးနွယ်စု၏ အသတ်အဖြတ်စိတ်ဆန္ဒ၏ မူလအရင်းအမြစ် ဖြစ်သည်။ ကျီးနတ်မင်းမျိုးနွယ်စုက ဓားထက်ထက်တစ်လက်ပေါ်တွင် စွန်းထင်းနေသော သွေးတစ်စက်ဟုဆိုရလျှင် ဤလူကား ထိုဓား၏ချွန်ထက်သောအသွား ဖြစ်ပေလိမ့်မည်။

ဤသည်ကား....မန်ဟိုပင်။

သူ၏ပုံပန်းသွင်ပြင်က အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ(၁၆)ယောက်ကို အသက်ရှုသံများ မြန်သွားစေသည်။ သူတို့၏ရင်ထဲတွင် ကြောက်စိတ်တို့ အလိုလိုပြည့်နှက်လာ၏။ သူတို့မှာ သူ၏မျက်နှာကို သတိထားမိလိုက်သည့်အခိုက်အတန့်၌ လှိုင်းလုံးကြီးများအောက်တွင် နစ်မြုပ်သွားသည့်အလား ခံစားလိုက်ရသည်။ သူ၏မျက်နှာသည် သူတို့စောစောလေးက သတ်ဖြတ်ခဲ့သော မြူကိုယ်ပွားနှင့် ချွတ်စွတ်တူနေလေသည်။

မြင်ကွင်းကြီးကား အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ(၁၆)ယောက်၏ စိတ်ထဲတွင် ထစ်ချုန်းသံကြီးများ တဂျိန်းဂျိန်း မြည်ဟည်းသွားစေ၏။

ခေါင်းကိုင်ဖခင်ရှစ်ဦးမျက်နှာ ချက်ချင်းပျက်သွားသည်။ နတ်ဆရာရှစ်ဦးမှာလည်း ဟောဟဲလိုက်လာ၏။ သူတို့အထဲတွင် အိုးယွန်ဇီ၏ သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ သူ့ဘေးရှိ စာပေသမားနှင့်တူသော လူမှာ ရင်တဒိတ်ဒိတ် ခုန်လာ၏။ မင်းသမီး၀တ်ရုံနှင့် အမျိုးသမီးမှာတော့ သူမ၏မျက်နှာတွင် မယုံနိုင်ခြင်းတို့ ပြည့်နှက်သွားသည်။

"မင်းတို့ကောင်တွေက ဘယ်သူတွေလဲ" ဤစကားလုံးများကို အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ(၁၆)ယောက်ထဲမှ တစ်ယောက်က ရေရွတ်လိုက်ခြင်းဖြစ်လေသည်။ ၎င်းတို့သည် အစွမ်းထက်အရှိန်အဝါတစ်ခုနှင့်အတူ မိုးခြိမ်းသံတမျှ ပြင်းထန်သော စွမ်းအားဖြင့် ပဲ့တင်ထပ်လာ၏။ သို့သော် ဤအရှိန်အဝါ၏ဖိအားမှာ ကျီးနတ်မင်းမျိုးနွယ်စု၏ တဟုန်းဟုန်းတောက်လောင်နေသော အသတ်အဖြတ်စိတ်ဆန္ဒကို ဖိနှိပ်ရန် မတတ်နိုင်ပေ။

"ငါတို့က ကျီးနတ်မင်းမျိုးနွယ်စု" ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ ထောင်ချီသောအသံများက အတူတကွပေါင်းစုပြီး တုံ့ပြန်လိုက်သည်။ သူတို့၏အသံကြီးမှာ လျှပ်စီးမိုးကြိုးများထက်ပင် အစွမ်းထက်သော အသံလှိုင်းကြီးတစ်လှိုင်းဖြစ်လာ၏။ သူတို့ ရှစ်စုမဟာမိတ်အဖွဲ့ဆီသို့ ဆင်းသက်လာကြစဉ် ၎င်းသည် တုနှိုင်းမဲ့သောကျယ်လောင်မှုဖြင့် ကောင်းကင်ကိုပင် တုန်ခါသွားစေကာ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားလေသည်။

ကြောက်မက်ဖွယ်ရာ ဘီလူးကြီးတစ်ကောင် ဟစ်ကြွေးကြုံးဝါးလိုက်သည့် အတိုင်းပင်။ လေပြင်းမုန်တိုင်းကြီးတစ်လုံး ဖြစ်တည်လာပြီး သိမ်းကျုံးရိုက်ခတ်လိုက်သည့်အတွက် ပတ်ဝန်းကျင်ရှိ မြူများ ဖရိုဖရဲဖြစ်ကုန်တော့သည်။

ကျီးနတ်မင်းမျိုးနွယ်စု၏ ဟိန်းဟောက်သံကြီး မြည်ဟည်းနေသည့်အချိန်မှာပင် ဧရာမမြွေပွေးကြီးက စူးစူးဝါးဝါး အော်လိုက်၏။ ထောင်ပေါင်းများစွာ‌သော ကျီးနတ်မင်းမျိုးနွယ်ဝင်များက အလင်းတန်းများ အသွင်ပြောင်းကာ လေထုထဲတွင် ဖြန့်ကျက်လိုက်ကြသည်။ အောက်ရှိမြေပြင်မှနေလျှင် ထိုမြင်ကွင်းကြီးမှာ လူတစ်ယောက်အား "‌ပြန့်ကြဲ‌နေသော ပန်းပွင့်များ၏ ရှုမငြီးသောအလှတရား"ဟု ‌တွေးမိနိုင်စေသည်။ ဤပန်းပွင့်များက ‌သွေးစက်များ လွင့်စင်ပြန့်ကြဲနေသကဲ့သို့ သွေးရောင်လွှမ်းနေသည်မှလွဲ၍။

ဘုန်း

ကျီးနတ်မင်းမျိုးနွယ်ဝင်များ ‌အောက်သို့ထိုးဆင်းလာသည်နှင့် အသတ်အဖြတ်ပွဲကြီးကား ချက်ချင်း စတင်ခဲ့လေပြီ။ သူတို့သည် စစ်ပွဲ၊ သွေး၊ သတ်ဖြတ်ရခြင်းနှင့် အချိန်အတော်ကြာကတည်းက အသားကျခဲ့ပြီးဖြစ်လေသည်။

စစ်ပွဲတွင် စကားပြောစရာမရှိ။ ကျိန်ဆဲရန်မလိုအပ်။ မျက်နှာချင်းဆိုင်ဆွေးနွေးခြင်းလည်း မရှိ။ တိုက်ခိုက်ခြင်းသာ တည်ရှိသည်။

ကျီးနတ်မင်းမျိုးနွယ်ဝင်များ တိုက်ခိုက်ရန် ချီတက်သွားကြစဉ် မန်ဟိုက ကျီးနတ်မင်းမျိုးနွယ်စု၏ ‌အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ‌ (၆)ယောက်ကို ‌ဦးဆောင်ကာ ရှစ်စုမဟာမိတ်အဖွဲ့၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ‌ (၁၆)ယောက်၏အလယ်တည့်တည့်သို့ ကြယ်ပျံကြီးသဖွယ် ထိုးဝင်သွား၏။

(၁၆)ယောက်အထဲရှိ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် အဘိုးကြီးတစ်ယောက်က တင်းမာခက်ထန်စွာ ပြောသည်။ "ထောင်ဂဏန်းလောက်လေးနဲ့ ရာရာစစ။ မင်းတို့မှာ သူမတူတဲ့အရည်အချင်းတွေရှိနေရင်တောင်မှ ဒီနေရာကို ရောက်လာသေးတယ်ဆိုတော့ မင်းတို့ကိုယ်မင်းတို့ အထင်ကြီး..."

သူ စကားပင်ဆုံးအောင် မပြောနိုင်မီ ကြယ်ပျံကြီးသဖွယ် လေကိုခွင်းလာနေသော မန်ဟိုက ညာဘက်ကို ဝှေ့ယမ်းလိုက်ရာ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးကို အံ့ဩမှင်သက်သွားစေ၏။

‌ဟိန်းဟောက်တွန်ကျူးနေသော ကမ္ဘာသစ်မိစ္ဆာခြောက်သောင်းက ကောင်းကင်ကြီးကို ပိတ်ဖုံးကွယ်သွားလေပြီ။ မောင်မွှေးထူ၊ ပုတ်သင်ကြီး၊ မိကျောင်းနီ၊ ကျီးနက်၊ ခြင်စိမ်းများနှင့်အတူ အဆိပ်ငါးသွယ်မျိုးနွယ်စု၏ကမ္ဘာသစ်မိစ္ဆာအစုအဝေးကြီးက ကောင်းကင်ဘုံကိုပင် ကိုင်လှုပ်ပစ်နိုင်၏။

ထိုမျှသာမက ဒေါသတကြီးဟိန်းဟောက်နေသော မျိုးခြားသားရဲကြီးလည်း ပေါ်လာသည်။ မောက်မောသောအငွေ့အသက်ကို ထုတ်လွှတ်လျက် သွေးရူးသွေးတန်း အော်လိုက်သော ကြက်တူရွေး၏ ခပ်စူးစူးအသံကိုလည်း ကြားလိုက်ရသည်။ ‌ဗလုံး‌‌ဗ‌‌ထွေးနှင့်လေပေါနေသော အသားဂျယ်လီ၏ အသံလည်း ကမ္ဘာသစ်မိစ္ဆာအုပ်အတွင်းမှ လွင့်ပျံ့လာသည်။

တုန်လှုပ်ချောက်ချားဖွယ်ရာ ကမ္ဘာသစ်မိစ္ဆာများသည် အရာအားလုံးကို ကြီးစိုးရင်း သားရဲလှိုင်းလုံးကြီးတစ်လုံးသဖွယ် တဟုန်ထိုး လာနေကြလေပြီ။

မြင်ကွင်းကြီးက ရှစ်စုမဟာမိတ်အဖွဲ့၏ နှလုံးသားများအား ကျောက်ထုတူကြီးသဖွယ် အရှိန်ပြင်းပြင်း ထုနှက်ချလိုက်‌လေသည်။

"သေရေးရှင်ရေးအခြေအနေပဲ။ ရှစ်စုမဟာမိတ်အဖွဲ့ တန်ပြန်တိုက်ခိုက်ကြ" ဤစကားလုံးများကို စောစောလေးက စကားပြောခဲ့သော အနီရောင်ဝတ်ရုံနှင့် အနုသုခုမရုပ်ခန္ဓာ‌ နှောင်းပိုင်းအဆင့်ကျင့်ကြံသူမှ ပြောလိုက်ခြင်းဖြစ်သည်။ သူ၏မျက်နှာမှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ့ရင်ထဲတွင် နောင်တများ ပြည့်နှက်လာသည်။ သို့သော် မတတ်နိုင်။ သူသည် ဒေါနှင့်မောနှင့် ကြိမ်းဝါး၍သာ မန်ဟို့ဆီသို့ ပြေးဝင်သွားတော့သည်။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ(၁၆)ယောက်မှာ မန်ဟို့ထံသို့ နေရာရွှေ့ပြောင်းလာကြကာ မုဒြာလက်ကွက်များ ချက်ချင်း ဖော်လိုက်ကြသည်။ မှော်ပစ္စည်းအလင်းများနှင့် ရုန့်ရင်းကြမ်းတမ်းသော မှော်မျက်နှာများ သူတို့၏ပတ်ပတ်လည် ဖြစ်တည်လာ၏။ မျက်နှာများက ဟိန်းဟောက်ရင်း မန်ဟို့ဆီ ပြေးဝင်လာကြသည်။

သို့သော် ၎င်းတို့ အနားရောက်လာသည့်အချိန်မှာပင် မန်ဟိုက လက်ကို ဝှေ့ယမ်းလိုက်သည်။ သွေးမျက်နှာဖုံး ရုတ်တရက် ပေါ်လာပြီး သူက လျင်မြန်စွာ တပ်လိုက်၏။ သူသည် လက်ကို ထပ်မံဝှေ့ယမ်းလိုက်ရာ သူ၏ပတ်ပတ်လည်တွင် ဧရာမမျက်နှာကြီးတစ်ဖက် ဘွားခနဲ ပေါ်လာသည်။

ဧရာမမျက်နှာကြီးကား မန်ဟို့ရုပ်သွင်မှ တစ်ပါးအခြားမဟုတ်ပေ။

မျက်နှာကြီးပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုက ရှေ့တစ်လှမ်း တိုးလိုက်သည်။ ထိုခြေလှမ်းက အရာအားလုံးကို တသိမ့်သိမ့် တုန်သွားစေ၏။ မန်ဟိုနှင့်တူသော ဧရာမသွေးမျက်နှာကြီးသည် ‌တိုက်ကွက်ကြီးအသွင်ဖြင့် ထစ်ချုန်းရင်း ရှေ့သို့ ထွက်သွားသည်။ အရာအားလုံး ယိမ်းထိုးတုန်ခါလာ၏။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ(၁၆)ယောက်အနက် (၁၀) ယောက်မှာ သူတို့၏မှော်ပစ္စည်းများ အစိတ်စိတ်အမြွှာမြွှာကွဲကြေပြီး နတ်ဘုရားစွမ်းရည်များ ချေမှုန်းခံလိုက်ရသည်ကိုသာ ကြည့်နေရလေသည်။ သူတို့မှာ ပါးစပ်မှ သွေးများပန်းထွက်လျက် ‌‌ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ နောက်သို့ လွင့်ထွက်သွားကြသည်။

"အနုသုခုမရုပ်ခန္ဓာ မဟာစက်ဝန်းအဆင့်" ဤလူဆယ်ယောက်၏မျက်နှာများအပေါ်တွင် အံ့ဩတုန်လှုပ်မှုတို့ ပြည့်နှက်သွားပြီး သူတို့မှ ပါးစပ်မှသွေးများကို သုတ်ရန်ပင် အားမရှိတော့ပေ။

"မင်းတို့က ငါ့ကိုယ်ပွားကို ... သတ်ခဲ့တဲ့သူတွေပဲ" မန်ဟိုက အေးတိအေးစက် ပြောသည်။ သူသည် ဒုတိယခြေလှမ်းအားလှမ်းရင်း ရှေ့ဆက်လျှောက်လိုက်၏။ သူလှမ်းလိုက်သည်နှင့် ဧရာမမျက်နှာကြီးက ပြန်ပေါ်လာသည်။ ၎င်း၏ပိတ်ထားသောမျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး အသံမဲ့သောစကားတစ်လုံးအား ‌ပြောလိုက်သယောင်ပင်။

စကားလုံးပေါ်လာသည်နှင့်တစ်ပြိုင်နက် ကျန်အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူခြောက်ယောက်မှာ ပါးစပ်မှ သွေးများစီးကျလာသည်ကို ခံစားလိုက်ရသည်။ ဓားထက်ထက်တစ်လက်က သူတို့၏အသိစိတ်ပင်လယ်များကို တဇွပ်ဇွပ် ထိုးချနေသကဲ့သို့ သူတို့မှာ ချာချာလည်နေကြလေသည်။ အသံမဲ့သောလှိုင်းက သူတို့စိတ်များကို ဖြတ်သန်းသွားကာ တစ်ကိုယ်လုံး တုန်ရီလာစေသည်။ သူတို့၏အနုသုခုမရုပ်ခန္ဓာမှ အသက်စွမ်းအားအဆီအနှစ်များပင်လျှင် ဖြစ်ညစ်ထုတ်ခံလိုက်ရ၏။

"သူက စိတ်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ကို လမ်းတစ်ဝက်ရောက်နေပြီ" လေးယောက်လုံး သွေးအန်လျက် လွင့်ထွက်သွားကြသည်။ ကြောက်ရွံ့ထိတ်လန့်မှုက သူတို့ကို လွှမ်းခြုံသွားပြီး ပြင်းထန်သောအံ့ဩတုန်လှုပ်မှုတို့ သူတို့မျက်လုံးများတွင် ပြည့်နှက်သွား၏။

"မင်းတို့ စီးပွားရေးလုပ်ချင်ရင် မန်ဟိုလည်း စီးပွားရေးလုပ်ပေးမှာ။ မင်းတို့ လိုချင်တာစစ်ဆိုရင်လည်း စစ်ဖြစ်ပေးရမှာပေါ့" မန်ဟို ‌တတိယမြောက်ခြေလှမ်းအား လှမ်းလိုက်စဉ် သူ၏အသံမှာ အေးစက်နေ၏။ တတိယခြေလှမ်းက စောစောက လွင့်ထွက်သွားခဲ့သော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဆယ်ယောက်၏ ခန္ဓာကိုယ်များအပေါ်တွင် မီးတောက်မီးညွန့်များ ‌တောက်လောင်လာစေသည်။ သူတို့၏ခန္ဓာကိုယ်များမှ အနက်ရောင်အခိုးအငွေ့များ လူးလွန့်ထွက်လာ၏။ ယခုတွင် စစ်ပွဲမီးတောက်များက သူတို့၏အသက်စွမ်းအားများကို လောင်ကျွမ်းပြာချပစ်နေလေပြီ။

ရှစ်စုမဟာမိတ်အဖွဲ့၏ အစွမ်းထက်ဆုံးသော အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်ကျင့်ကြံခြင်းအခြေခံနှင့် အဘိုးကြီးနှစ်ယောက်ပင်လျှင် နားများ အူနေသည်ကို ခံစားနေရ၏။ သူတို့သည် နောက်သို့ လွင့်ထွက်မသွားခဲ့သော်လည်း သူတို့၏စိတ်ထဲတွင် တဝုန်းဝုန်း ရိုက်ခတ်နေသော လှိုင်းလုံးများဖြင့် ပြည့်နှက်နေပြီး စစ်ပွဲမီးတောက်များလည်း သူ၏ခန္ဓာကိုယ်များအပေါ်တွင် ပေါ်လာသည်။

"စစ်ပွဲမီးတောက် ပေါင်းစည်းစေ" မန်ဟို ပြောလိုက်သည်နှင့်တစ်ပြိုင်နက် မိုးကြိုးကြီး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသကဲ့သို့ အသံတစ်သံ ‌ရုတ်တရက် ပေါ်ထွက်လာသည်။ အဝေးဆုံးရှိ လူဆယ်ယောက်မှာ စူးစူးဝါးဝါး အော်ကာ ခန္ဓာကိုယ်ပေါက်ကွဲသွားကြ၏။ သူတို့၏အနုသုခုမရုပ်ခန္ဓာများမှာ ကြောက်လန့်တကြားနှင့် အမြန်ဆုံး ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း သူတို့ လှုပ်ပင်မလှုပ်နိုင်မီ ငရုတ်ဆုံထဲ ထည့်ထောင်းခံလိုက်ရသကဲ့သို့ တစစီ ပဲ့ကြွေကျလာကြ၏။

လေအေးတစ်ချက်က ၎င်းတို့ကို တိုက်ခတ်ရင်း ဖယ်ရှားပစ်လိုက်သည်။

အိုးယွန်ဇီ၊ စာပေသမားသဖွယ် ဝတ်စားထားသော အမျိုးသား ၊ မင်းသမီးဝတ်ရုံနှင့်အမျိုးသမီးတို့အားလုံး သူတို့၏ခန္ဓာကိုယ်များ သွေးသားတိမ်တိုက်ဘဝ ရောက်သွားသည်ကို ခံစားလိုက်ရသည်။ သူတို့၏အနုသုခုမရုပ်ခန္ဓာများက အဝေးသို့ ထွက်ပြေးသွားနိုင်လိုက်ပြီး မျှော်လင့်ချက်မဲ့နေသောမျက်ဝန်းများဖြင့် ကြောက်ဒူးတုန်လျက် မန်ဟို့ကို ပြန်လှည့်ကြည့်နေကြလေသည်။

အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် အဘိုးကြီးနှစ်ယောက်မှာ အမြင့်ဆုံးကျင့်ကြံခြင်းအခြေခံရှိသော်လည်း သူတို့ပင် ခန္ဓာကိုယ်များ မပေါက်ကွဲသွားအောင် အတတ်နိုင်ဆုံး ကြိုးစားနေရသဖြင့် ခန္ဓာကိုယ်များ တုန်ရီလျက် နောက်ဆုတ်ပြီး သွေးအန်လိုက်ရသည်။

သူတို့၏ရောင်ရင်းမျိုးနွယ်ဝင်များမှာ အစက အသာစီးရနေခဲ့သော်လည်း ကမ္ဘာသစ်မိစ္ဆာ‌ခြောက်သောင်းအား ရင်ဆိုင်ခြင်းရသည့်အခါ အတုံးအရုံးသေဆုံးနေလေတော့သည်။ မှန်ပါသည်၊ သူတို့တွင်လည်း ကမ္ဘာသစ်မိစ္ဆာများရှိသည်။ သို့သော် မန်ဟို့၏ ကျီးနတ်မင်းမျိုးနွယ်စုနည်းတူ သူ၏ကမ္ဘာသစ်မိစ္ဆာများမှာ မိုးသက်မုန်တိုင်းများ၊ သွေးမိုးတို့အား ရင်ဆိုင်ကြုံတွေ့ခဲ့ရ၏။ ထိုမျှသာမက သူတို့ကို ရံဖန်ရံခါ မန်ဟို့၏မိစ္ဆာချီများက အားဖြည့်ပေး‌သေးလေသည်။ သို့ဖြစ်၍ ရှစ်စုမဟာမိတ်အဖွဲ့၏ကမ္ဘာသစ်မိစ္ဆာများမှာ ယှဉ်ကိုမယှဉ်နိုင်ပေ။

ဝမ်းနည်းကြေကွဲနေသော အော်ဟစ်ငိုယိုသံများ အဆက်မပြတ် ပျံ့လွင့်‌နေသည်။ မြေပြင်မှာ သွေးတို့ဖြင့် ရွှဲရွှဲစိုနေ၏။ ကျီးနတ်မင်းမျိုးနွယ်စုကို ရင်ဆိုင်နေရင်း ရှစ်စုမဟာမိတ်အဖွဲ့မှာ ... ပြန်တိုက်ခိုက်နိုင်စွမ်းမရှိ‌ကြောင်း မျှော့်လင့်ချက်မဲ့စွာ တွေ့လိုက်ရသည်။

အရှိန်အဝါအရသော်လည်းကောင်း၊ ကျင့်ကြံခြင်းအခြေခံအရ သော်လည်းကောင်း သူတို့မှာ အားပိုနည်းသည်။ ကျီးနတ်မင်းမျိုးနွယ်စု၏ သွေးအေးမှုနှင့် ‌သွေးဆာမှုမျိုးမှာ မျိုးနွယ်စုကြီးများ၏ ပါရမီရှင်အဖွဲ့ဝင်များတွင်သာ ရှိနိုင်သောအရာဖြစ်သည်။ သို့သော် ကျီးနတ်မင်းမျိုးနွယ်ဝင် တစ်ဦးတစ်ယောက်ချင်းစီတိုင်းကား ထိုအတိုင်းပင်။

၎င်းမှာ ရှစ်စုမဟာမိတ်အဖွဲ့၏ကျင့်ကြံသူများ တစ်ခါမှ မြင်လည်းမမြင်ဖူး၊ ကြားလည်းမကြားဖူးသောအရာဖြစ်သည်။ အနောက်ပိုင်းသဲကန္တာရတွင် ယခုကဲ့သို့မျိုးနွယ်စုမျိုး တည်ရှိ‌နေလိမ့်မည်ဟု သူတို့မှာ စဉ်းပင်မစဉ်းစားကြည့်နိုင်ပေ။

"ဒါက ... စစ်သည်တော်မျိုးနွယ်စုပဲ"

ဤအခိုက်အတန့်တွင် စောစောက မန်ဟို့၏စကားလုံးများသည် ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူများ၏စိတ်ထဲဝယ် တစ်ဖန် ပဲ့တင်ထပ်လာ၏။

"မင်းတို့ လိုချင်တာစစ်ဆိုရင် စစ်ဖြစ်ပေးရမှာပေါ့"

***

All Chapters