ငါက အဖော်မဲ့သင်္ချိုင်း
Vol. 36 Ch. 494
သတ်ပွဲကြီးစတင်ပြီး အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူ (၁၆)ယောက်အနက်မှ ဆယ်ယောက်သတ်ခံလိုက်ရသည့် အခိုက်အတန့်တွင် ကျန်ရှိသော အနုသုခုရုပ်ခန္ဓာနှောင်းပိုင်းအဆင့် အဘိုးကြီးနှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့၏မျက်လုံးများက သွေးချင်းနီနေပြီး တစ်ယောက်၏မျက်လုံးထဲရှိ ဆောက်တည်ရာမဲ့နေမှုကို တစ်ယောက်မြင်လိုက်ကြသည်။
သူတို့နှစ်ယောက်က မုဒြာလက်ကွက်များဖော်ပြီး သွေးတစ်လုတ် ထွေးလိုက်ကာ ရက်စက်ကြမ်းကြုတ်သောအမူအရာများဖြင့် မြေကြီးသို့ လက်ညှိုးထိုးလိုက်၏။
" မန္တန်၀င်္ကပါအသက်၀င်"
ချက်ချင်းပင် မြေကြီးထံမှ နားကွဲလုမတတ် ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံအား ကြားလိုက်ရ၏။ မြူများ တပွက်ပွက်ဆူလာပြီး မြူများအထဲရှိ လေလံပွဲတက်ရောက်သူနှစ်သောင်းမှာ လျင်မြန်စွာ ခြောက်ကပ်လာကြသည်။ သူတို့၏ အသက်စွမ်းအားများသည် မိစ္ဆာချီအဖြစ် စုစည်းခံနေရဆဲဖြစ်လေ၏။ ရုတ်တရက် မြေကြီးပေါ်တွင် တောက်ပသော အလင်းလှိုင်းများပေါ်လာ၏။
လှိုင်းများက ကောက်ကွေးလိမ်ဖယ်နေပြီး စုစည်းကာ ဧရာမမန္တန်၀င်္ကပါကြီးတစ်ခုအား ဖော်ဆောင်လိုက်သည်။
၎င်းသည် မန်ဟို ယခင်က လေ့လာနေခဲ့သော မန္တန်၀င်္ကပါဖြစ်သော်လည်း ထိုစဉ်က မိစ္ဆာချီများဖြင့်သာ ဖော်ဆောင်ထားခြင်းဖြစ်ခဲ့သည်။ ၎င်း၏ဗဟိုချက်တည့်တည့်မှ ရုတ်တရက် အနက်ရောင်မြူတိုင်ကြီးတစ်လုံး ထိုးတက်လာ၏။
ရှစ်စုမဟာမိတ်အဖွဲ့၏ အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့် ကျင့်ကြံသူများထဲမှ တစ်ယောက်က အော်သည်။ "ကျီးနတ်မင်းမျိုးနွယ်စု မင်းတို့ သေချင်နေတယ်ဆိုမှတော့ ရှစ်စုမဟာမိတ်အဖွဲ့အနေနဲ့ မင်းတို့ကို သေအောင်လုပ်ပေးရမှာပေါ့။ ဒါပြီးရင် အနောက်ပိုင်းသဲကန္တာရမှာ ကျီးနတ်မင်းမျိုးနွယ်စုဆိုပြီး ရှိတော့မှာ မဟုတ်ဘူး။ မင်းတို့အားလုံး ရုပ်ရောနာမ်ပါ ဖျက်ဆီးခံရမယ်။ မင်းတို့ရဲ့စိတ်ဆန္ဒလည်း ဖျောက်ဖျက်ခံရမယ်"
အနက်ရောင်တိုင်လုံးကြီးကား ကျုံ့လာပြီး ဂျိန်းခနဲ ထစ်ချုန်းကာ အနက်ရောင်ပုံရိပ်အသွင် ပြောင်းသွား၏။
" ဘိုးဘေးကြီး " ဒုတိယအနုသုခုမရုပ်ခန္ဓာ နှောင်းပိုင်းအဆင့်ကျင့်ကြံသူက ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ပြောသည်။ " ဒီလူတွေကို ကျေးဇူးပြုပြီး သုတ်သင်ပေးပါ။ ဒီမျိုးနွယ်စုကို မြေပုံက ဖျောက်ပစ်ပါ " တစ်ချိန်တည်းမှာပင် မြေကြီးပေါ်ရှိ ရှစ်စုမဟာမိတ်အဖွဲ့၀င် ကျင့်ကြံသူအားလုံး၏ နဖူးပေါ်၌ မျက်နှာပုံအရုပ်ဆေးမင်ကြောင်များ ပေါ်လာလေသည်။ ထိုမျက်နှာတစ်ခုစီတိုင်း၏ အပေါ်၌ အမူအရာတစ်ခုတည်းက ဖုံးလွှမ်းနေ၏။
ကြောက်ရွံ့ရိုသေမှု။
အရုပ်ဆေးမင်ကြောင်မျက်နှာအားလုံးမှာ ပြင်းပြသော ကြောက်ရွံ့ရိုသေမှုတို့နှင့်အတူ ရန်ငြိုးဖြင့် ပြည့်နှက်နေလေသည်။ သို့သော် ၎င်းတို့မည်မျှမုန်းတီးနေစေကာမူ ၎င်းတို့သည် အနက်ရောင်မြူတိုင်ဘ၀မှ ဖြစ်ပေါ်လာသည့်ပုံရိပ်အား ကြောက်ရွံ့မရိုသေမိဘဲ မနေနိုင်ပေ။
အသံသောင်းပေါင်းများစွာက ကောင်းကင်နှင့်မြေကြီးကို ရုတ်တရက် တုန်ခါသွားစေသည်။" ဘိုးဘေးကြီး။ ကျေးဇူးပြုပြီး ဘိုးဘေးကြီးရဲ့အရိပ်နဲ့ ဒီလူတွေကို သတ်ပစ်ပါ။ ဒီမျိုးနွယ်စုကို ဖျောက်ဖျက်ပစ်ပါ "
မြူထုမှဖြစ်ပေါ်လာသော ပုံရိပ်ကား လေလယ်တွင် မျောလွင့်နေ၏။ ပထမတွင် ဝေဝါးနေသော်လည်း ၎င်း၏ပုံပန်းသွင်ပြင်များမှာ အနက်ရောင်ဝတ်ရုံ၀တ်ဆင်ထားသော သတ်လတ်ပိုင်းလူတစ်ယောက်၏ ပုံစံအဖြစ် ပြတ်သားလာသည်။ သူ၏မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပြီး ရှေးဆန်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေလေသည်။ သူသည် ပေါ်လာပြီးနောက်တွင် ပြတ်သားခြင်းနှင့် ဝေဝါးခြင်းကြား၌ ကူးလူးသွား၏။ တစ်ခါတရံ သူကား မှိတ်တုတ်မှိတ်တုတ်နှင့် ပျောက်သွားကာ ပြန်လည်ထင်ရှားလာတတ်သည်။
ပေါ်လိုက်ပျောက်လိုက်ဖြစ်နေခြင်းက သူ့ကို ကြည့်နေသော ကျင့်ကြံသူအားလုံးအား အလွန်ထူးဆန်းသော ခံစားချက်ကြီးတစ်ခု ခံစားလိုက်ရစေသည်။ သူတို့၏နှလုံးသားများ ကစဉ့်ကလျားဖြစ်လာပြီး မျက်လုံးများ စူးရှနာကျင်လာ၏။
မန်ဟိုက အသက်ပြင်းပြင်း ရှုသွင်းလိုက်သည်။ ဤအခိုက်အတန့်တွင် သူ့ကိုယ်တွင်းရှိခေါ်နေသံမှာ မယုံနိုင်လောက်အောင် အားကောင်းလာ၏။ ထိုမျှသာမက သူ၏သိုလှောင်အိတ်အတွင်းရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှာ စတင်တုန်ခါလာသည်။
ဤပုံရိပ်မှာ မန္တန်၀င်္ကပါ၏ဗဟိုချက်တွင် ဖြစ်တည်လာခဲ့သည့်အရာဖြစ်ပြီး မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ တုန့်ပြန်မှုကို လှုံ့ဆော်ခဲ့သော အရာဖြစ်ကြောင်းမန်ဟို ကောင်းကောင်းသိသည်။
အနက်ရောင်၀တ်လူကား ခေါင်းလှည့်လာပြီး သူ၏မျက်လုံးများက မန်ဟို့အပေါ်ကျရောက်လာ၏။ ချက်ချင်းပင် မန်ဟို့စိတ်ထဲတွင် ထစ်ချုန်းသံကြီးတစ်သံ ပြည့်နှက်သွားပြီး သူ၏အမြင်အာရုံ ဝေဝါးသွားသည်။ သူသည် အနောက်ပိုင်းသဲကန္တာရကို မမြင်ရတော့။ ထိုအစား သူသည် အနီရောင်ကောင်းကင်နှင့် ကမ္ဘာတစ်ခုတွင် ရပ်နေလေပြီ။ သူ့မှာ အော်ဟစ်ငိုကြွေးသံများ၊ ဟစ်ကြွေးကြုံးဝါးသံများအကြား၊ စစ်မြေပြင်၏ အလယ်တည့်တည့်သို့ ရောက်နေ၏။ ထိုစဉ် သူထံသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ပြေး၀င်လာနေသော အနက်ရောင်လှံတစ်စင်းကို မြင်လိုက်ရသည်။
သူ၏စိတ်နှလုံး တုန်ရီလာပြီး ကွဲကြေလာနေကြောင်း သူ ရုတ်တရက် ခံစားရလိုက်သည်။ လက်ချောင်းတစ်ချောင်း သူ့အရှေ့တည့်တည့်တွင် ဘွားခနဲ ပေါ်လာသဖြင့် သူ၏မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ လက်ချောင်းကား အနက်ရောင်၀တ်လူ၏ လက်ချောင်းဖြစ်သည်။
ဘုန်း
သေရေးရှင်ရေးအခြေအနေတွင် မျက်လုံးမဲ့ပိုးကောင်က သူ့ကို လျင်မြန်စွာ ရစ်ပတ်သွား၏။ လာနေသော လက်ချောင်းတိုက်ကွက်က ၎င်းကို ၀င်ဆောင့်သွားပြီး ဖြစ်ပေါ်လာသော ပေါက်ကွဲမှုကြီးက မန်ဟို့ကို ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်သို့ မီတာရာပေါင်းများစွာ လွင့်ထွက်သွားစေသည်။ သူက ရပ်သွားသည့်နောက်တွင် ခေါင်းမော့ကြည့်လိုက်၏။ သူ၏မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ၎င်းတို့အတွင်းမှ အေးစက်သောရောင်ခြည်များ ဖြာထွက်လာသည်။
တစ်ချိန်တည်းမှာပင် မမြင်နိုင်သော ဝဲအတွင်း၌ အလောင်းအပြည့်နှင့် ကမ္ဘာထဲတွင် ….. ပလ္လင်၏အပေါ်ရှိ အနက်ရောင်မြူများ တပွက်ပွက် ဆူလာသည်။ ၎င်းထံမှ စိုးရိမ်သောကရောက်နေသော ဟိန်းဟောက်သံကြီးတစ်သံ ရုတ်တရက် ပဲ့တင်ထပ်လာ၏။
ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာစဉ် မြူအတွင်းရှိ ကျင့်ကြံသူများနှင့် ကမ္ဘာသစ်မိစ္ဆာများ၏ မရေမတွက်နိုင်သော မျက်နှာများအပေါ်က အမူအရာများ ရုတ်တရက်ပြောင်းလဲသွားသည်။ အားတစ်ရပ်က မြူအတွင်းရှိ ဟိန်းဟောက်သံကို ဖိနှိပ်နေသည့်အလား အဆိုပါမျက်နှာများမှာ တွန့်လိမ်ရှုံ့တွလာ၏။
တစ်ဆက်တည်းမှာပင် မန်ဟို့အရှေ့တွင် ရပ်နေသော အနက်ရောင်၀တ်လူ၏ မျက်နှာပေါ်က အမူအရာမှာလည်း ရိပ်ခနဲဖြစ်သွားသည်။ သူက မျက်လုံးများ တဖျပ်ဖျပ်လက်လျက် ဝဲကြီးထံသို့ မော့ကြည့်လိုက်၏။ ထို့နောက်သူက မန်ဟို့ကို ပြန်ကြည့်လိုက်ပြီး ထူးဆန်းသောအလင်းရောင်တစ်ခုအား သူ၏မျက်လုံးထဲတွင် မြင်လိုက်ရသည်။
၎င်းမှာ မယုံကြည်နိုင်ဖြစ်နေသယောင်ပင်။ မယုံကြည်နိုင်မှုထက် ပိုသည်ကား စိတ်လှုပ်ရှားမှုနှင့် လောဘတို့ပင်။
တစ်ချိန်တည်းမှာပင် ကျန်ရှိသောအနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူခြောက်ယောက်အနက် အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် အဘိုးကြီးက အနက်ရောင်၀တ်လူ၏ လက်ချောင်းတိုက်ကွက်ကြောင့် မန်ဟိုနောက်ဆုတ်လိုက်ရသည်ကို မြင်ပြီးနောက် အော်လိုက်သည်။
" ဘိုးဘေးကြီး အဲ့ဒီကျင့်ကြံသူကို သတ်လိုက်"
သူစကားပင်ပြောမပြီးခင် အနက်ရောင်၀တ်လူ၏ညာလက်က ရုတ်တရက် အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့် ကျင့်ကြံသူဆီသို့ ပြေး၀င်လာသော လက်သည်းကြီးဖြစ်သွားသည်။ အဘိုးကြီးက ရုတ်တရက် ပျောက်ကွယ်သွား၏။ သူပြန်ပေါ်လာသောအခါ အနက်ရောင်၀တ်လူ၏လက်က သူ၏လည်ပင်းကို ဆုပ်ကိုင်ထားကြောင်း တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။
" တိတ်တိတ်နေ " အနက်ရောင်၀တ်လူက အေးတိအေးစက် ပြော၏။ သူက လက်ကို ဖြစ်ချလိုက်ရာ ဂျွတ်ခနဲ အသံတစ်သံအား ကြားလိုက်ရလေသည်။ အနုသုခုမရုပ်ခန္ဓာအလယ်အလတ်အဆင့်ကျင့်ကြံသူ၏ မျက်လုံးများ ပြူးထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ချက်ချင်းခြောက်ကပ်သွား၏။ သူ၏အသက်စွမ်းအားမှာ အနက်ရောင်၀တ်လူ၏ စုပ်ယူခြင်းခံလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း သူသည် အရိုးပေါ်အရေတင်နေသော အလောင်းခြောက်ကြီးထက် မပိုတော့ပေ။ သူ့မျက်လုံးများမှာ ဇဝေဇဝါဖြစ်နေ၏။ အဆုံးသတ်တွင် သူ့ခန္ဓာကိုယ်မှာ ဖောက်ခနဲ အနက်ရောင်မြူများ ဖြစ်သွားတော့သည်။ သူကား ခန္ဓာကိုယ်ရော၊ ဝိညာဉ်ပါ လုံး၀ဥဿုံ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။
" သူက မင်း စကားလုံးတွေနဲ့ မလေးမစားလုပ်ခွင့်ရှိတဲ့သူ မဟုတ်ဘူး " အနက်ရောင်၀တ်လူက မန်ဟို့ကို ကြည့်ရင်း နူးညံ့ပျော့ပျောင်းစွာ ပြောသည်။
အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွား၏။ ကျီးနတ်မင်းမျိုးနွယ်ဝင်များနှင့် ကမ္ဘာသစ်မိစ္ဆာများအားလုံး နောက်ဆုတ်လိုက်ကြသည်။ ရှစ်စုမဟာမိတ်ကျင့်ကြံသူများမှာ မှင်သက်နေကြ၏။ ရုတ်တရက် သူတို့မှာ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားသဖြင့် နောက်ဆုတ်သွားကြလေသည်။ ယခုတွင်မျ က်လုံးအားလုံးကား လေလယ်တွင် မျောလွင့်နေသော မန်ဟိုနှင့်အနက်ရောင်၀တ်လူအပေါ်တွင် ကျရောက်နေပြီဖြစ်သည်။
ရှစ်စုမဟာမိတ်အဖွဲ့၏ ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးယောက်မှာ မျက်နှာများ ဖြူဖျော့နေကြ၏။ သူတို့စဉ်းစားရသလောက် ဘိုးဘေးကြီးမှာ ဘယ်တုန်းကမှ အသိစိတ်အား ပိုင်ဆိုင်ထားခဲ့ပုံမရပေ။ သူ၏ပြတ်သားသော တိုက်ကွက်များက ရုပ်သေးရုပ်သဖွယ်သာဖြစ်ခဲ့သည်။ သူက ဘယ်တော့မှလည်း စကားပြောခြင်းမရှိခဲ့။သို့သော် ယခုတော့ စကားပြောသည်သာမက အမူအရာလည်း ပြောင်းလဲသွားပြီး ခံစားချက်ကိုပင် ပြသနေသယောင်ပင်။ ၎င်းမှာ သူတို့စဉ်းစားနိုင်စွမ်းထက် ကျော်လွန်နေပြီး တစ်ခါမှ မကြုံတွေ့ဖူးသောအရာဖြစ်သည်။ သူတို့မှာ လိပ်ပြာလွင့်မတက် ကြောက်ရွံ့နေ၍ နောက်မဆုတ်မိဘဲ မနေနိုင်ကြပေ။
အနက်ရောင်၀တ်လူက ပြုံးပြီးဆက်ပြော၏။ "ဟုတ်တယ်မလား။ အရှင် မိစ္ဆာချုပ်နှောင်သူ "
သူ၏အပြုံးတွင် စိတ်လှုပ်ရှားမှုနှင့်အတူ ရက်စက်မှုတို့နှင့်ပြည့်နှက်နေ၏။ စိတ်လှုပ်ရှားမှုက သူ၏ ခန္ဓာကိုယ် မှိတ်တုတ်မှိတ်တုတ်ဖြစ်နေမှုကို ပို၍ပင် ပြင်းထန်သွားစေပြီး သူ့ကို ပို၍ပင် ထူးခြားဆန်းကြယ်သွားစေ၏။
မြူအတွင်းရှိ ပလ္လင်ပေါ်က အနက်ရောင်မြူများ နောက်တဖန် တပွက်ပွက် ဆူလာပြန်သည်။ မြူအတွင်းမှ ထွက်လာချင်နေသည့်အလား ဟိန်းဟောက်သံကြီးက ပို၍ပင် အမျက်တချောင်းချောင်း ထွက်လာသည်။ သို့ထိတိုင် မျက်နှာများက ၎င်းကို ဖိနှိပ်နိုင်သေးသယောင်ပင်။
မန်ဟို့အမူအယာက ယခင်အတိုင်းသာဖြစ်သော်လည်း စိတ်ထဲတွင် သူ့မှာ အလွန်ကြီးမားသော လှိုင်းလုံးကြီးများက သူ၏နှလုံးသားကို ၀င်ဆောင့်နေသကဲ့သို့ တုန်ရီနေလေ၏။ သူ့ကို အတုန်လှုပ်စေဆုံးအရာမှာ သူ့ကို မိစ္ဆာချုပ်နှောင်သူတစ်ယောက်အဖြစ် ချက်ချင်း သတိထားမိလိုက်သော လူနှင့် ဆုံတွေ့သွားခြင်းဖြစ်သည်။
" မင်းကဘယ်သူလဲ " မန်ဟိုက ထိုလူ့ကို ကြည့်ရင်း မေးသည်။
" ငါကဘယ်သူလဲ။ မင်းက ငါ့ကို ငါက ဘယ်သူလဲ မေးနေတယ် " အနက်ရောင်၀တ်လူမှာ တခဏအံ့ ဩသွားပုံပေါ်ပြီးနောက် ရုတ်တရက် ရယ်လိုက်သည်။ ၎င်းသည် စိတ်လှုပ်ရှားမှုအပြင် ရှစ်စုမဟာမိတ်အဖွဲ့၏ ကျင့်ကြံသူများပင်လျှင် မြင်နိုင်သော လောဘဖြင့်လည်း ပြည့်နှက်နေသော ၀မ်းသာအားရရယ်သံကြီး ဖြစ်လေ၏။
" ငါကဘယ်သူလဲ မင်း တကယ်ကြီး မေးနေတယ် " သူက တဟားဟားရယ်နေရင်း မေးသည်။ " ငါ့ကိုမသိဘူးလား။ ပထမမျိုးဆက် မိစ္ဆာချုပ်နှောင်သူက အမွေအနှစ်ကို ဖျက်စီးခဲ့တယ်လို့တော့ မပြောနဲ့နော်" ရုတ်တရက် သူ့အနောက်မှ မောက်မာသော ဂီးခနဲ အော်သံတစ်သံအား ကြားလိုက်ရ၏။
"မပြောနဲ့။ ဘာမှမပြောနဲ့ ခွေးမသား " ရောင်စုံရှိသော ခပ်ဝါးဝါး အတန်းတစ်တန်းက ရုတ်တရက် ပေါ်လာပြီး အနက်ရောင်၀တ်လူ၏ တင်ပါးသို့ တည့်တည့်မတ်မတ် ပြေးဝင်ကာ…. ထိုးဖောက်သွားလေသည်။
ဖောက်ခနဲ ကြက်တူရွေးက မန်ဟို့ပခုံးပေါ်တွင် ပေါ်လာသည်။ ၎င်းက အနက်ရောင်ဝတ်လူကို ရန်လိုစွာ ကြည့်နေ၏။
"မင်းက နတ်ဆိုးမနောတစ်ခုသက်သက်ပဲ ခွေးမသားရဲ့။ မေနိုး ခွေးမသား။ သခင်ငါး နတ်ဆိုးမနောတွေကို သိပ်သိပ်မုန်းတယ်"
ကြက်တူရွေး၏အကျောမခံချင်သည့်အတွက် ၎င်းခြေထောက်တွင် ခေါင်းလောင်းပုံစံနှင့် ချိတ်နေဆဲဖြစ်သော အသားဂျယ်လီလည်း ရုတ်တရက် အော်သည်။ "သခင်သုံးလည်း နတ်ဆိုးမနောတွေကို မုန်းတယ်။ နတ်ဆိုးမနောတွေအားလုံး ပြောင်းလဲခံရသင့်တယ်"
အနက်ရောင်ဝတ်လူမှာ ပါးစပ်အဟောင်းသားနှင့် ကြောင်တောင်တောင်ကြည့်နေ၏။ သူသည် သူ၏မြူခန္ဓာကို ငုံ့ကြည့်ပြီး သတ်ဖြတ်လိုသောမျက်လုံးများဖြင့် ပြန်မော့ကြည့်သည်။
ဤအခိုက်အတန့်တွင် အနက်ရောင်ဝတ်လူ၏အနောက်မှ နောက်ထပ်ဒေါသတကြီးဟိန်းဟောက်သံကြီးတစ်သံအား ကြားလိုက်ရသည်။ "မျိုးခြား"
ကြက်တူရွေး၏ပုံစံကို အတန်ငယ်တုပလျက် ဧရာမမျိုးခြားသားရဲကြီးက အနက်ရောင်ဝတ်လူထံသို့ တန်းတန်းမတ်မတ် ပြေးဝင်လာ၏။
သို့သော် ၎င်းအနားရောက်လာသည့်အချိန်မှာပင် အနက်ရောင်ဝတ်လူက သူ့အနောက်သို့ လက်ကို ဝှေ့ယမ်းလိုက်ပြီး အေးတိအေးစက်ပြောသည်။ "မိစ္ဆာကွဲကြေခြင်း"
သူသည် စကားနှစ်လုံးသာ ပြောလိုက်သော်လည်း ပတ်ဝန်းကျင်ရှိ မမြင်ရသော မိစ္ဆာချီအမြောက်အမြားမှာ သူ့ဆီ တဝေါဝေါ ပြေးဝင်လာပြီး သူ၏ညာလက်အရှေ့တွင် စုစည်းလာသည်။ ထို့နောက် ၎င်းသည် ကွဲကြေသွား၏။
မျိုးခြားသားရဲကြီးမှာ ကိုယ်တစ်ပိုင်းလုံးနီးပါး စုတ်ပြတ်သပ်သွားသဖြင့် မချိတင်ကဲ အော်လိုက်လေသည်။ ၎င်းမှာ အပြီးတိုင် သုတ်သင်ဖယ်ရှားခံရတော့မည့်အလားပင်။
"ကိုကိုရဲ့ ကိုယ်လုပ်တော်လေး" ကြက်တူရွေးက မျက်ထောင့်နီကြီးဖြင့် အော်သည်။ ၎င်းသည် ရုတ်တရက် ရှေ့သို့ ပျံထွက်သွားပြီး ၎င်း၏ခန္ဓာကိုယ်မှာ မီတာဒါဇင်များစွာ ရှည်လျားလာသည့်တိုင်အောင် ပြန့်ကားလာ၏။ ၎င်းသည် အနက်ရောင်ဝတ်လူထံ ပြေးဝင်သွားပြီး သူ့ကို ထိုးဖောက်၍ မျိုးခြားသားရဲကြီးကို ပွေ့ကာ အဝေးသို့ လျင်မြန်စွာ ဆုတ်ခွာသွားလေသည်။
အနက်ရောင်ဝတ်လူက တန်ပြန်မတိုက်ခိုက်ပေ။ ထိုအစား သူသည် အေးတိအေးစက်အပြုံးတစ်ခုဖြင့် မန်ဟို့ကို ကြည့်ရင်း ရှေ့ဆက်လျှောက်လာ၏။
"လက်ရှိမျိုးဆက် မိစ္ဆာချုပ်နှောင်သူနဲ့ ဆုံတွေ့ရလိမ့်မယ်လို့ တစ်ခါမှတောင် မထင်ထားဘူး... မင်းကို ဝါးမြိုပြီးရင် ဘယ်သူ ငါ့ကို ဖိနှိပ်ချုပ်ချယ်နိုင်တော့မလဲ"
မန်ဟို ရင်တဒိန်းဒိန်းခုန်လာသည်။ သူ့ပြိုင်ဘက်၏အရှိန်အဝါမှာ ကြောက်စရာကောင်းသည်ထက်ပိုပြီး အံ့မခန်းလိလိလှိုင်းများအား ထုတ်လွှတ်နေသေး၏။ သူ့အပေါ်သို့ သက်ရောက်နေသော ပြင်းထန်သည့်ဖိအားကြီးတစ်ခုကိုလည်း မန်ဟို ခံစားရသည်။ သူ့မှာ ဟောဟဲလှိုက်ရင်း အနက်ရောင်ဝတ်လူကို စိုက်ကြည့်နေမိသည်။ စောစောက အနက်ရောင်ဝတ်လူ လက်ကလေးမြှောက်လိုက်ရုံနှင့် မျိုးခြားသားရဲကြီးအား စုတ်ပြတ်သတ်သွားစေခဲ့သည်ကို လူတိုင်းမြင်ခဲ့ရလေသည်။
မန်ဟိုတစ်ယောက်သာလျှင် အမှန်တကယ် ဘာဖြစ်ပျက်သွားသည်လဲ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ၎င်းကား သူတစ်ခါမှ မမြင်ဖူးခဲ့သော မိစ္ဆာချီအသုံးပြုနည်းတစ်ခုဖြစ်လေသည်။
"ဒီတော့ ... မိစ္ဆာချီက အဲ့ဒီလိုလည်း အသုံးပြုလို့ရတယ်လား" သူ့ခေါင်းထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလားပင်။ အနက်ရောင်ဝတ်လူ၏ နတ်ဘုရားစွမ်းရည်က မိစ္ဆာချုပ်နှောင်သူတာအိုဖြစ်သည့် တံခါးတစ်ချပ်ကို ရုတ်တရက် ဖွင့်ပေးလိုက်သည့်ပုံပေါ်သည်။
မန်ဟို နောက်ဆုတ်သွားသည်။ တစ်ချိန်တည်းမှာပင် အနက်ရောင်ဝတ်လူက ရက်စက်ကြမ်းကြုတ်သောမျက်နှာထားဖြင့် အရှိန်မြှင့်လိုက်သည်။ သူ၏လောဘမှာ ပို၍ထင်ရှားပေါ်လွင်လာ၏။
"အမွေနဲ့ကွဲကွာနေတဲ့ မိစ္ဆာချုပ်နှောင်သူ။ မင်း ငါ့နာမည်ကို မှတ်မိတာကောင်းမယ်... ငါက အဖော့်မဲ့သင်္ချိုင်း" ထိုလူ သူ့နာမည်ကို ပြောလိုက်သည်နှင့် ဝဲအတွင်းရှိ မြူများမှာ ရုတ်တရက် ဒေါသတကြီး အော်လိုက်သည်။ ၎င်းမှာ အပြင်သို့ ရုန်းထွက်နေသည့်အလားပင်။ မည်သို့ဆိုစေ မျက်နှာများမှာ သူ့အားအလွတ်ပေးမည့်အစား အပျက်စီးသာလိုက်မည့်ပုံပင်။
***