နတ်ဆိုးတစ်ကောင်ကို ချုပ်နှောင်မယ့် မိစ္ဆာချုပ်နှောင်ကျမ်းစာ
Vol. 36 Ch. 495
အနက်ရောင်ဝတ်လူ၏ ကောက်ကျစ်သော စကားလုံးများသည် ကြားလိုက်သည့် မည်သူ့ကိုမဆို စိတ်နှလုံးတုန်လှုပ်သွားစေသော နတ်ဆိုးစွမ်းအားကြီးအား သယ်ဆောင်ရင်း မြည်ဟည်းလာသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး ငေးငေးကြောင်ကြောင် ဖြစ်သွားကြ၏။ သူတို့စိတ်ထဲတွင် လေပွေကြီးတစ်ခု ရုတ်တရက် သောင်းကျန်းသွားသည့်အလား မှတ်ဉာဏ်များ ဖရိုဖရဲဖြစ်ကုန်သည်။ အနက်ရောင်ဝတ်လူ၏ ပြောစကားကို သူတို့ကြားခဲ့သော်လည်း မမှတ်မိတော့ပုံရသည်။
စိတ်ကူးနှင့်လက်တွေ့နှစ်ခုမှာ ရောနှောနေသကဲ့သို့ သူတို့မှာ ဝိရောဓိဖြစ်နေတော့သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံး မျက်နှာများ ဖြူဖျော့နေကြလေပြီ။
မန်ဟိုသည် ပြိုင်ဘက်၏ ကြောက်မက်ဖွယ်ကောင်းမှုကို အာရုံရလိုက်သဖြင့် မျက်လုံးများ တောက်ပသွား၏။ ဤသည်မှာ သူတန်ပြန်မတိုက်ခိုက်နိုင်သော စွမ်းအားတစ်ရပ်ဖြစ်ကြောင်း သူသိသည်။ သူနောက်ဆုတ်လိုက်၏။ ပြိုင်ဘက်၏စကားလုံးများက သူ့အပေါ် သက်ရောက်မှု သိပ်မရှိသော်လည်း သူ့စိတ်မှာတော့ တုန်လှုပ်နေသေးလေသည်။ အကြောင်းရင်းမှာ ဤလူ၏စကားလုံးများအား မိစ္ဆာချီက အားဖြည့်ပေးလိုက်ပြီး အရပ်မျက်နှာတစ်ခွင်သို့ ဖြာထွက်သွားသော မှော်သင်္ကေတများ အသွင်ပြောင်းသွားသည့်အတွက်ကြောင့်ပင်။
"ငါ မိစ္ဆာချီကို အသုံးပြုခဲ့တဲ့ပုံစံက ရိုးရှင်းလွန်းတယ်..." မန်ဟိုက မောဟိုက်ပင်ပန်းစွာ အသက်ရှူလျက် တွေးသည်။ "အဲ့ဒီလိုသုံးလို့ရတယ်ဆိုတာ ငါဘယ်တုန်းကမှ မတွေးမိခဲ့ဘူး" သူ နောက်ဆုတ်လိုက်သည့်အချိန်မှာပင် အနက်ရောင်ဝတ်လူက လျှပ်စီးသဖွယ် သူ့ထံသို့ ပျံသန်းလာသဖြင့် သူ၏မျက်လုံးများ လင်းလက်သွား၏။
ရုတ်တရက် အနက်ရောင်ဝတ်လူက လက်ကို မြှောက်ပြီး မန်ဟို့ကို လက်ညှိုးထိုးသည်။
ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများက သူ၏လက်ချောင်းဆီသို့ အပြေးအလွှားရောက်ရှိလာပြီး အစိုင်အခဲဖြစ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် လေကိုခွင်းလျက် မန်ဟို့ဆီ ပြေးဝင်လာသော လှံတစ်လက် ဖြစ်သွားခဲ့လေပြီ။
ဘယ်သူမှ ဤအဖြစ်အပျက်ကို မမြင်ရပေ။ သူတို့မြင်ရသည်မှာ အနက်ရောင်ဝတ်လူ မန်ဟို့ထံ လက်ညှိုးထိုးလိုက်သည်ကိုသာ။ သို့သော် မန်ဟိုကတော့ အရာအားလုံးကို အလွန့်အလွန်ရှင်းလင်းပြတ်သားစွာ မြင်ရ၏။ ရုတ်တရက် သေစေနိုင်သော အန္တရာယ်အာရုံကြီးက သူ့ကို လွှမ်းခြုံလာသည်။ သို့သော် ထိုသို့ဖြစ်ပျက်သွားစဉ် မန်ဟိုသည် အနက်ရောင်ဝတ်လူကို ကြည့်ပြီး ရုတ်တရက် မှီခိုရာဂိုဏ်းချုပ်ကို သတိရလိုက်၏။
"တတိယမျိုးဆက် မိစ္ဆာချုပ်နှောင်သူရဲ့ သွေးကနေ သန့်စင်ထားတဲ့ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်း... ငါ့ရဲ့ တာအိုအစောင့်အရှောက်အဖြစ် ငါ့အတွက် ယခင်မျိုးဆက်တွေကနေ ချိတ်ပိတ်ချုပ်နှောင်ထားခဲ့တဲ့ မိစ္ဆာတစ်ကောင်ဖြစ်တဲ့ မှီခိုရာဂိုဏ်းချုပ်...ငါက နဝမမျိုးဆက် ...
"မှီခိုရာဂိုဏ်းချုပ်နဲ့ အဆင်သိပ်မပြေခဲ့ပေမယ့် သူက ငါ့ကို မသတ်ခဲ့ဘူး။ ထွက်ပဲ ထွက်ပြေးသွားခဲ့တာ။ တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ သန့်စင်ထားတဲ့ ဒီမိစ္ဆာစစ်သည်က ထာဝရအသက်ရှင်နိုင်အောင် ငါ့ကို စားချင်နေတယ်။ ဒီအခြေအနေက မှီခိုရာဂိုဏ်းချုပ်တုန်းကနဲ့ မတူတဲ့ပုံပေါ်ပေမယ့် တကယ်တမ်း အခြေခံကျကျစဉ်းစားကြည့်ရင် အတူတူပဲ"
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် စကားစပြောတော့သည်။
"ရှေးဟောင်းတာအို။ မိုးကောင်းကင်ကို ချုပ်နှောင်လိုသော စိတ်ဆန္ဒ။ တောင်အားလုံး၏ကျေးဇူးရှင်။ တောင်ကိုးလိုးနှင့် ပင်လယ်ကိုးစင်း၏ ရှောင်လွှဲမရသော တာအိုပြစ်ဒဏ်၊ ထာဝရတည်မြဲသော စိတ်ဆန္ဒအလိုတော်" သူသည် ထူးဆန်းလှိုင်းများအား မွေးဖွားပေးနေသည့် မိစ္ဆာဆန်သော အသံနေအသံထားအတိုင်း ရွတ်နေသည်။ စကားလုံးတစ်လုံးစီတိုင်းမှာ ကောင်းကင်ဘုံနှင့် ကြယ်တာရာကောင်းကင်အား ဆက်သွယ်နေသော တုနှိုင်းမဲ့ ချုပ်နှောင်ခြင်းမှော်သင်္ကေတများအလားပင်။
သူ ရွတ်နေစဉ် အနက်ရောင်ဝတ်လူ၏မျက်နှာပေါ်တွင် အံ့ဩမယုံနိုင်ဖြစ်နေသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ခါလာပြီး အနက်ရောင်မြူအမြောက်အမြားမှာ သူ့ထံမှ လွင့်ပျယ်စ ပြုလာ၏။ ခံရခက်နေသော အသံကြီးတစ်သံ သူ့ပါးစပ်မှ ထွက်လာသည်။
"မိစ္ဆာချုပ်နှောင်ကျမ်းစာ" အနက်ရောင်ဝတ်လူက အော်ဟစ်လိုက်သည်။ "မဖြစ်နိုင်ဘူး။ မင်း အမွေကို ဆုံးရှုံးခဲ့တယ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး အဲ့ဒီသောက်ကျိုးနည်း မိစ္ဆာချုပ်နှောင်ကျမ်းစာကို သိနေတာလဲ" သူသည် ဝေဟင်ထက်ရှိ ဝဲကြီးထံသို့လှမ်းပြီး ဖမ်းဆုပ်လိုက်သည့်လက်ဟန် လုပ်လိုက်သည်။ ရုတ်တရက် ဝဲအတွင်းရှိ ပလ္လင်ပေါ်က မျက်နှာများသည် ဟိန်းဟောက်ပြီး မြူထုအပေါ်သို့ ဖိချလိုက်ကြသည်။ အကြောင်းတစ်ခုခုကြောင့် အနက်ရောင်ဝတ်လူ၏ခန္ဓာကိုယ်မှာ ပုံပျက်နေသောအခြေအနေတွင် မရှိတော့ဘဲ တည်ငြိမ်သွား၏။
သို့ထိတိုင် သူ၏အရှိန်အဝါမှာ ယခင်ထက် တစ်ဝက်ကျော် အားနည်းသွားခဲ့လေပြီ။
"မင်းတော့ သေပြီသာမှတ်" သူက အချိန်မရှိတော့ကြောင်း ကောင်းကောင်းသိသဖြင့် မန်ဟို့ကို သတ်ဖြတ်တော့မတတ် ကြည့်ရင်း ပြောသည် ။ ယခုလောလောဆယ်တွင် သူ့မှာ မိစ္ဆာချုပ်နှောင်ကျမ်းစာ၏ စွမ်းအားကို ခဏတဖြုတ်သာ ဖိနှိပ်နိုင်လေသည်။ သူ၏ညာလက်က ရုတ်တရက် မြောက်တက်သွားပြီး မန်ဟို့ကို ညွှန်လိုက်၏။
ပြိုင်ဘက်ဖြစ်သူက ကျမ်းစာ၏စွမ်းအားကို ဖိနှိပ်လိုက်သည့်အတွက် မန်ဟို့၏မျက်လုံးများ စူးရှလင်းလက်သွားသည်။ သူက အေးစက်စက် နှာမှုတ်လိုက်၏။ ယခင်က ဤလူသည် စွမ်းအား၏အထွတ်အထိပ်တွင် ဖြစ်ခဲ့၍ တစ်ချက်တည်းနှင့် မျိုးခြားသားရဲကြီးကို စုတ်ပြတ်သတ်သွားစေနိုင်ခဲ့သည်။ ထိုစဉ်က မန်ဟို့မှာ သူ၏ပြိုင်ဘက်မဟုတ်ခဲ့ပေ။ သို့သော် ယခုတော့ ထိုလူမှာ အားနည်းသွားပြီဖြစ်၏။ ဤမိစ္ဆာစစ်သည်အဖော့်မဲ့သင်္ချိုင်းမှာ ... မန်ဟို တိုက်ခိုက်နိုင်သော လူတစ်ယောက် ဖြစ်သွားခဲ့လေပြီ။
"ငါက မိစ္ဆာချုပ်နှောင်သူ" မန်ဟိုက တွေးသည်။ "မိစ္ဆာချီကို အလိုလိုခံစားသိရှိပြီး အသုံးပြုနိုင်တဲ့သူ။ ငါဆိုတဲ့ မိစ္ဆာချုပ်နှောင်သူက ဒီမိစ္ဆာစစ်သည်အဖော်မဲ့သင်္ချိုင်းလို့ခေါ်တဲ့ကောင်ထက် သာသင့်တယ်။ သူတောင် မိစ္ဆာချီကို အဲ့ဒီလိုသုံးနိုင်ရင် ငါလည်း သုံးနိုင်ရမယ်" မန်ဟိုသည် မျိုးခြားသားရဲကြီး အနိုင်ယူခံလိုက်ရသည့်မြင်ကွင်းနှင့် သူ၏စိတ်တံခါး ပွင့်သွားခဲ့သည့်အချိန်ကို ပြန်စဥ်းစားလိုက်သည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ မိစ္ဆာချီများ သူ့ဆီ တဝေါဝေါ အပြေးအလွှားရောက်လာပြီး အစိုင်အခဲဖြစ်လာ၏။ ၎င်းက သူ့အနား ချဉ်းကပ်လာနေသော မိစ္ဆာချီလှံကြီးကို ဝင်တိုက်လိုက်သဖြင့် ဂျိန်းခနဲ ထစ်ချုန်း မြည်ဟည်းသွားလေသည်။
ပေါက်ကွဲမှုကြီး ဖြစ်ပျက်နေစဉ် မန်ဟိုမှာ ပါးစပ်မှ သွေးများ ပန်းထွက်လျက် နောက်လွင့်ထွက်သွား၏။ သူ ရပ်နိုင်သွားသည့်နောက်တွင် သွေးသုံးလုပ် ထပ်အန်လိုက်ရသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူကား ရယ်နေ၏။
သူ၏မိစ္ဆာချီထိန်းချုပ်နိုင်စွမ်းမှာ သူ၏ပြိုင်ဘက်လောက် အဆင့်မမြင့်သော်လည်း ယခုတွင် အသိအသစ်တစ်ခု ရရှိလိုက်ပြီဖြစ်လေသည်။
"လာစမ်း" သူက မျက်လုံးများ ဝင်းလက်တောက်ပနေလျက် ပြောသည်။ သူက လေလယ်တွင် ပျံဝဲနေစဉ် ညာလက်ကို မြှောက်ကာ ပို၍များပြားသောမိစ္ဆာချီများအား သူ့ဆီသို့ အပြေးအလွှား ဝင်ရောက်လာစေသည်။ ၎င်းတို့က သူ့ကို ဝန်းရံရင်း မိစ္ဆာချီဝဲကြီးတစ်ခုဖြစ်လာ၏။
အနက်ရောင်ဝတ်လူ၏မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး စိတ်ထဲတွင် တုန်လှုပ်သွားလေသည်။ သူ၏ပြိုင်ဘက်က အသစ်တစ်ခုကို လေ့လာသိရှိပြီး ဤမျှအချိန်တိုလေးအတွင်း တိုးတက်သွားလိမ့်မည်ဟု သူဘယ်တော့မှ မတွေးမိခဲ့ဖူးပေ။ ယခုကဲ့သို့ မိစ္ဆာချီ၏ အခြေခံသဘောတရားနှင့် ၎င်းအားအသုံးပြုနိုင်စွမ်းမှာ အဆင့်ကလေးတစ်ဆင့်နှင့်မတူဘဲ မိုးနှင့်မြေပမာ ကွာခြားလေသည်။
"ဒီလိုစွမ်းအားမျိုးနဲ့ဆိုရင် မိစ္ဆာချုပ်နှောင်သူလို့ ခေါ်ခံရဖို့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ မိစ္ဆာချီကို ဘယ်လိုထိန်းချုပ်ရမလဲ ငါ့ဆီက သင်ယူချင်ရင်တော့ ... စိတ်မကောင်းပါဘူး။ ငါက မင်းကို အခွင့်အရေးပေးမယ်ထင်လား။ မင်းကို သတ်ဖို့ ငါ့အတွက် မိစ္ဆာချီ သုံးစရာတောင်မလိုဘူး။ ငါ မင်းကို ငါ့ရဲ့နတ်ဘုရားစွမ်းရည်ပုံစံသုံးမျိုးနဲ့ သုတ်သင်လို့ရတယ်" အနက်ရောင်ဝတ်လူက ဖမ်းဆုပ်သည့်လက်ဟန်လုပ်လိုက်ရာ သူ၏လက်ထဲတွင် အနက်ရောင်လှံရှည်တစ်လက် မှော်ဆန်ဆန် ပေါ်လာ၏။
"ပထမပုံစံ တုဂျင်ရှန်း" ထိုလူက စကားပြောရင်း ရုတ်တရက် လှံကို ဝှေ့လိုက်သည်။ ၎င်းသည် နဂါးနက်ကြီးတစ်ကောင်ဖြစ်လာကာ အစွယ်များထုတ်၍ ဟိန်းဟောက်ရင်း လေလယ်တွင် တွန့်လိမ်လူးလွန့်ကာ သောင်းကျန်းနေ၏။ ၎င်းသည် မိစ္ဆာချီတို့ကို ထုတ်လွှတ်ရင်း မန်ဟို့ဆီ ထိုးဆင်းလာ၏။ လေကိုခွင်း၍လာနေစဉ်မှာကင် ၎င်းကား နဂါးကိုးကောင်အဖြစ် ခွဲထွက်သွားလေပြီ။
ရန်လိုနေသော နဂါးကြီးကိုးကောင်သည် တစ်လောကလုံးကို တုန်ခါနေစေလျက် မန်ဟို့ဆီ ထိုးဆင်းလာကြသည်။
ကောင်းကင်သည် မှေးမှိန်လာပြီး တိမ်တိုက်များလည်း တပွက်ပွက်ဆူနေသည်။ နဂါးကြီးများ၏ခြေသည်းလက်သည်းများထဲတွင် သနားစဖွယ်အော်ဟစ်ရင်း ငိုကြွေးနေသော အလောင်းများရှိ၏။
အသံများက မန်ဟို့၏စိတ်နှလုံးအတွင်းသို့ ထိုးဖောက်ဝင်ရောက်လာရာ စစ်မြေပြင်တစ်ခုပေါ်က အစုလိုက်အပြုံသတ်ဖြတ်ခြင်းအား တွေးလိုက်မိစေသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်၍ သစ်သားအချိန်ဓားများ ချက်ချင်း ပျံထွက်လာပြီး ပဒုမ္မာဓားဝင်္ကပါအား ဖော်ဆောင်လိုက်သည်။
၎င်းက အချိန်စွမ်းအား ထုတ်လွှတ်ရင်း လျင်မြန်စွာ လည်ပတ်နေသဖြင့် တဝီးဝီးမြည်သံများ ကြားနိုင်လေသည်။
မန်ဟိုသည် အချိန်အတော်ကြားကတည်းက အချိန်ဓားဝင်္ကပါကို အသုံးပြုနေခဲ့၍ ၎င်းနှင့် ရင်းနှီးနေပြီဖြစ်သည်။ ၎င်းပေါ်လာသည်နှင့် လေထုသည် ပုံပျက်ရှုံ့တွလာ၏။ အချိန်ပြောင်းလဲသွားလေပြီ။ နဂါးကိုးကောင်အနားရောက်လာစဉ် မန်ဟိုက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီး ရှေ့သို့ ညွှန်လိုက်၏။
ပဒုမ္မာဓားဝင်္ကပါမှာ ပဒုမ္မာကြာတစ်ပွင့်သဖွယ် ဖူးပွင့်သွားပြီး နဂါးကိုးကောင်ဆီ ပြေးဝင်သွား၏။
အုန်းခနဲ ပေါက်ကွဲသံကြီးအား ကြားလိုက်ရသည်။
"အချိန်နိဂုံး" သူက လျှာကိုက်၍ သွေးတချို့ထွေးထုတ်ရင်း အော်သည်။ သူသည် လက်ကို ဝှေ့ယမ်းကာ သွေးတိမ်တိုက်အား ပဒုမ္မာဓားဝင်္ကပါဆီ ပြေးဝင်သွားစေ၏။ ဤနှလုံးသွေးက ဓားဝင်္ကပါ၏အချိန်စွမ်းအားကို ချက်ချင်း ပေါက်ကွဲဖြာထွက်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် မန်ဟိုက သွေးမျက်နှာဖုံးကို တပ်လိုက်သဖြင့် အနီရောင်အလင်း ကွန့်မြူးတောက်ပလာသည်။ ထို့နောက် သစ်သားဓားလေးလက် ပျံထွက်သွား၏။
ဤဓားများသည် အင်မိုတယ်ဇီဝိန်ချုပ်ဓားအဖြစ် ကျီဆယ့်ကိုးညွှန်းဆိုခဲ့သော ဓားများဖြစ်သည်။
သစ်သားဓားလေးလက်က ရှေ့သို့ထွက်သွားပြီး ပဒုမ္မာဓားဝင်္ကပါအတွင်း ဝင်ရောက်ပေါင်းစည်းသွားသည်။ အလွန်အားကောင်းသော အသတ်အဖြတ်စိတ်ဆန္ဒ ဖြာထွက်လာ၏... ဤနဂါးများ မုချသေလိမ့်မည်။
မန်ဟို နောက်ဆုတ်လိုက်စဉ် ထစ်ချုန်းသံကြီး ကောင်းကင်တွင် ပြည့်နှက်သွားပြီး မန်ဟို့၏ခန္ဓာကိုယ် တုန်ရီသွားသည်။ ပဒုမ္မာဓားဝင်္ကပါ ပြိုပျက်ပြီး ဓားများ လည်ထွက်သွားသည်။ သို့သော် နဂါးကိုးကောင်လည်း အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲကုန်လေသည်။
"ဒုတိယပုံစံ ဝင်စားဖယ်ရှား" အနက်ရောင်ဝတ်လူ၏မျက်လုံးထဲတွင် လျှို့ဝှက်ဆန်းကြယ်သောအလင်းတစ်ခု ပေါ်ပေါက်လာသည်။ သူက ညာလက်ကို ဝှေ့ယမ်းရင်း နောက်ဆုတ်သွားသည်။ အနက်ရောင်လှံကြီးက ချက်ချင်း မန်ဟို့ဆီသို့ မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် တဟုန်ထိုး ထွက်သွားသော အနက်ရောင်အလင်းတန်းတစ်တန်းဖြစ်သွား၏။
၎င်းသည် လေအလွှာများကို ထိုးခွဲရင်း ချဉ်းကပ်လာနေသယောင်ပင်။ ကြောက်မက်ဖွယ်ရာ လှံကြီးကား အရာရာတိုင်းအား အမှုန့်ခြေနိုင်ပုံရလေသည်။
ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် လှံကြီး လေအလွှာများကို ဆက်တိုက်ထိုးခွဲရင်း အနားကပ်လာနေစဉ် ပုံရိပ်များ ပေါ်လာသည်။ ပုံရိပ်တစ်ခုစီမှာ မတူညီသောအချိန်တစ်ခုမှ လာသယောင်ရှိသည်။ သို့သော် အဆိုပါပုံရိပ်အားလုံးကို မန်ဟို မြင်ဖူး၏။ ဤအရာများမှာ ခေတ်အဆက်ဆက် သူ ဝင်စားခဲ့သောဘဝများအလား မတူညီသောအချိန်အပိုင်းအခြားမှ မန်ဟိုများဖြစ်လေသည်။
သူ၏အတိတ်ဘဝ၊ အတိတ်ဘဝ၏နောက်မှ အတိတ်ဘဝများပင်။ ပုံရိပ်များက အတုလား၊ အစစ်လား ပြောရခက်သော်လည်း မယုံနိုင်လောက်အောင် အသက်ဝင်လှ၏။
မန်ဟိုသည် အတိတ်ဘဝထောင်ချီကို ကြည့်ရင်း စိတ်နှလုံးတုန်လှုပ်လာသည်။ တစ်ချိန်တည်းမှာပင် သူ မည်သည့်အရာကိုမှ ကြည့်မနေကြောင်း ခံစားလိုက်ရသည်။ ထွက်ပြေးနိုင်စွမ်းသော်လည်းကောင်း၊ ရှောင်နိုင်စွမ်းသော်လည်းကောင်း ချိတ်ပိတ်ခံလိုက်ရသကဲ့သို့ သေစေနိုင်သောအန္တရာယ်ကြီးတစ်ခု သူ့ရင်ထဲတွင် ပေါက်ဖွားလာသည်။ ဤလှံကြီးမှာ သူ၏အတိတ်ဘဝအလုံးစုံကို ဖျက်စီးပစ်တော့မည့်အလား ထင်ရသည်။
သူကြည့်နေစဉ် အနက်ရောင်လှံကြီးက ချဉ်းကပ်လာပြီး အလွန်ကြီးမားသောဖိအားကြီးက သူ့အပေါ်သို့ သက်ရောက်ကာ သူ၏ကျင့်ကြံခြင်းအခြေခံကို အားနည်းလာစေသည်။
ရုတ်တရက် သူ့နဖူးမှ အရောင်အဝါတို့ တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်အပေါ်ရှိ အရုပ်ဆေးမင်ကြောင်များအားလုံး ပေါ်ထွက်လာ၏။ သတ္တု၊ သစ်သား၊ မီး ၊ မြေကြီး။ မီးပင်လယ်ကြီးနှင့်အတူ ဧရာမသစ်ပင်ကြီးတစ်ပင်၊ ရွှေမိုးပေါက်များနှင့် ရှေးဟောင်းနှင်းမြေကြီးတို့ ထွက်လာလေပြီ။
ဝင်စားဖယ်ရှားလှံကြီး နီးကပ်လာစဉ် မန်ဟိုက ပါးစပ်ဟလိုက်သည်။ ခပ်ဝါးဝါးမိုးပြာရောင်အတန်းတစ်တန်းက တုန်လှုပ်ဖွယ်ရာ ဓားချီကို ထုတ်လွှတ်ရင်း ထွက်လာပြီး လေကို ခုတ်ပိုင်းချလိုက်သော အင်မိုတယ်ဓားတစ်လက်အသွင်ပြောင်းသွား၏။ ဤသည်မှာ ယိမ်းနွဲ့ဓားချီမဟုတ်၊ ဓားအတွင်း၌ ပါရှိနေသော ဓားစိတ်ဆန္ဒဖြစ်ချေသည်။
"ခင်ဗျား ကျုပ် ပြန်ဝင်စားတဲ့ဘဝတွေကို ဖျက်စီးမယ့်အစား " မန်ဟိုက ပြောသည်။ "ကျုပ်ကိုယ်တိုင်ပဲ ဖျက်စီးပစ်လိုက်ရင် ဘယ်လိုလဲ" သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားသောစိတ်ဆန္ဒ ပေါ်လွင်လာ၏။
ဓားက သူ၏အရုပ်လေးရုပ်နှင့်ပေါင်းစည်းပြီး အံ့မခန်းလိလိမိုးပြာရောင်အလင်းကို ထုတ်လွှတ်ပေး၏။ ဓားသည် မျက်စိတစ်မှိတ်အတွင်း အနက်ရောင်လှံထက်မြန်သော အမြန်နှုန်းဖြင့် ဝင်စားခဲ့သောဘဝများကို ပိုင်းဖြတ်ထွက်သွားလေသည်။
ဝင်စားဖယ်ရှားတိုက်ကွက်မှ ပေါက်ကွဲသံကြီးက အရာအားလုံးကို အပြင်းအထန် တုန်ခါသွားစေသည်။
မိုးပြာရောင်အင်မိုတယ်ဓား လွင့်ထွက်သွား၏။ ၎င်းသည် မိုးပြာရောင်အလင်းအသွင်ပြောင်းကာ မန်ဟို့၏ပါးစပ်ထဲ ပြန်လည်ရောက်ရှိလာလေသည်။ သူ့တစ်ကိုယ်လုံးတုန်ရီသွားပြီး သွေးတစ်ပွက်အန်ကာ နောက်ဆုတ်လိုက်ရသည်။ သူခေါင်းပြန်မော့လာသောအခါ အနက်ရောင်ဝတ်လူကို စိုက်ကြည့်နေသော သူ၏အကြည့်မှာ အေးစက်လျက်ရှိ၏။
အနက်ရောင်ဝတ်လူမှာ မန်ဟို့ကို ပြန်ကြည့်နေစဉ် စိတ်နှလုံးတုန်လှုပ်နေတော့သည်။ သူလည်း နောက်ဆုတ်သွား၏။ သူ့လက်ထဲရှိ အနက်ရောင်လှံရှည်သည် အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားခဲ့ပြီဖြစ်သည်။
"သေစမ်း အရင်ဆုံး သူက ကျမ်းစာနဲ့ ငါ့ကို အားနည်းအောင်လုပ်တယ်။ ပြီးတော့ ငါ့ရဲ့မိစ္ဆာချီတိုက်ကွက်တွေက တခြားဘယ်သူ့ကိုမဆို သုတ်သင်ပစ်နိုင်တဲ့ စွမ်းအားရှိပေမယ့် သူက မိစ္ဆာချုပ်နှောင်သူတစ်ဦးဖြစ်နေတာကြောင့်မလို့ အချည်းနှီးဖြစ်နေတာပဲ။ အဲ့ဒီအတွက်ကြောင့်သာမဟုတ်ရင် ဒီလောက်ဒုက္ခများမှာ မဟုတ်ဘူး" ထိုလူက ရုတ်တရက် လက်ကို မြှောက်ပြီး နဖူးအပေါ် ဖိချလိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဝေဝါးလာပြီး ပုံရိပ်ယောင်သဖွယ်သာ ရှိတော့၏။ တစ်ချိန်တည်းမှာပင် နောက်ထပ်အနက်ရောင်လှံတစ်လက် သူလက်ထဲတွင် မှော်ဆန်ဆန် ပေါ်လာခဲ့လေပြီ။
လှံသည် စောစောက တစ်ခုအတိုင်း နက်မှောင်နေပြီး သူ၏ခန္ဓာကိုယ်အား ဖွဲ့စည်းထားသောမြူများနှင့် တစ်သားတည်းဖြစ်နေသကဲ့သို့ ချိတ်ဆက်နေသယောင်ပင်။
"တတိယပုံစံ...." အနက်ရောင်ဝတ်လူ၏ စကားမဆုံးခင် မန်ဟို့မျက်လုံးများ၌ အသတ်အဖြတ်စိတ်ဆန္ဒတို့ တဝင်းဝင်းတောက်လောင်လာ၏။
"ဘာတတိယပုံစံလဲ ခွေးမသား...." မန်ဟိုမှာ အပြုအမူရော ၊အပြောအဆိုပါ ကြက်တူရွေး၏လွှမ်းမိုးခြင်း အတော်လေးခံနေရကြောင်း သတိထားမိခဲ့ပြီး ဖြစ်လေသည်... ဥပမာ သူစောစောက ပြောလိုက်သော စကားလုံးများမှာ တကယ့်ကို အလိုလို ထွက်လာခဲ့ခြင်းဖြစ်၏။
သူသည် ပြောရင်းဆိုရင်း ရှေ့သို့တက်သွားကာ သွေးမျက်နှာဖုံးအား ဖိချလိုက်သည်။ ထို့နောက် လက်ကို ဆန့်ထုတ်လိုက်ရာ အရာအားလုံး မှောင်မည်းသွားလေသည်။ အလွန်ကြီးမားသောအလံတစ်ခုက ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဖုံးကွယ်သွားသည့်အလားပင်။
ဤသည်မှာ မန်ဟို့၏အစွမ်းထက်ဆုံး မှော်ပစ္စည်း၊ တံခွန်သုံးခုအလံဖြစ်၏။
***