မင်း ရုပ်ယဲရုပ်ကြည့်ဇမ်း
Vol. 36 Ch. 496
အလံသည် လေထုကို ပုံပျက်ရှုံ့တွစေရင်း အရာအားလုံးကို လွှမ်းခြုံအုပ်မိုးလျက် ပြန့်ကားလာသဖြင့် ကောင်းကင်မှာ တုန်ခါလာပြီး ကမ္ဘာမြေပြင်တွင်လည်း ငလျင်တို့ လှုပ်ခတ်နေတော့သည်။ မျက်စိတစ်မှိတ်အတွင်း ... တုန်လှုပ်ချောက်ချားဖွယ်ရာ အလံကြီးကား အနက်ရောင်ဝတ်လူဆီ ပြေးဝင်သွားလေပြီ။
သူ၏မျက်နှာမှာ ချက်ချင်း မယုံနိုင်မှုတို့ ပြည့်နှက်သွားပြီး နောက်သို့ ကပျာကယာ ဆုတ်လိုက်သည်။ သူသည် မြန်သော်လည်း တံခွန်သုံးခုအလံကို ရှောင်နိုင်သည်အထိ မမြန်ပေ။ အလံက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာ သူ့အား သေလောက်အောင် တုပ်နှောင်လိုက်သဖြင့် လေထဲတွင် တဝုန်းဝုန်း မြည်ဟည်းသွားလေသည်။
ထိုလူ့လက်ထဲရှိ အနက်ရောင်လှံကြီးမှာ ခလွမ်းခနဲ တစစီကြေမွသွား၏။ သို့သော် ထိုသို့ဖြစ်ပျက်သွားပြီးနောက်တွင် ထိုလူက ရုတ်တရက် ပေါက်ကွဲပြီး အဝေးတွင် တစ်ဖန် ရုပ်လုံးပေါ်လာသည်။ ဤတစ်ခေါက်တွင် သူသည် ပို၍ပင်ဝေဝါးသွားပြီး မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။ သူ့မှာ သိသိသာသာပင် များစွာအားနည်းသွားခဲ့ပြီဖြစ်၏။
"အဲ့ဒီအလံ.....အဲ့ဒီအလံက..." သူက မန်သို့၏ပတ်ပတ်လည်တွင် လူးလွန့်လှည့်ပတ်နေသော အလံကို မျက်လုံးကြီးပြူး၍ စိုက်ကြည့်နေသည်။
အလံကြောင့် ထိုလူ့၏ခန္ဓာကိုယ်မှာ ပေါက်ကွဲသွားခဲ့ပြီး များစွာအားနည်းသွားရ၏။ မန်ဟိုသည် ရှေ့သို့လျှောက်လာပြီး ကျမ်းစာကို နောက်တစ်ဖန် ရွတ်ပြန်လေသည်။ ယင်းသည် မှီခိုရာဂိုဏ်းချုပ်အပေါ် အသုံးပြုခဲ့သောအရာ၊ သေခြင်းတရားကို တုန်လှုပ်စေနိုင်သော မိစ္ဆာချုပ်နှောင်သူများ၏လက်နက်၊ မိစ္ဆာချုပ်နှောင်ကျမ်းစာပင်။
"ရှေးဟောင်းတာအို။ မိုးကောင်းကင်ကို ချုပ်နှောင်လိုသော စိတ်ဆန္ဒ။ တောင်အားလုံး၏ကျေးဇူးရှင်။ တောင်ကိုးလိုးနှင့် ပင်လယ်ကိုးစင်း၏ ရှောင်လွှဲမရသော တာအိုပြစ်ဒဏ်၊ ထာဝရတည်မြဲသော စိတ်ဆန္ဒအလိုတော်"
ကျမ်းစာအား ရွတ်လိုက်သည်နှင့် အနက်ရောင်ဝတ်လူမှာ နောက်ထပ်ဆု တ်သွားပြီး မချိတင်ကဲ အော်သည်။
"သေစမ်း သေစမ်း မင်းက ရွံစရာကောင်းလိုက်တာ" သူက ဟိန်းဟောက်လိုက်သည်။ မန်ဟို အလံအား အသုံးပြုလိုက်သည့်ရည်ရွယ်ချက်မှာ သူ မိစ္ဆာကျမ်းစာကို ဖိနှိပ်ထားခြင်းအား နှောင့်ယှက်ရန်ဖြစ်ကြောင်း သူမသိဘဲနေမည်လော။ သူ့မှာ ဤအခြင်းအရာကြောင့် အလွန်မချင့်မရဲဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်သည်။ သူသည် မူလအထွတ်အထိပ်ဆုံးသောနေရာတွင် ရပ်တည်ခဲ့သော်လည်း မျက်စိတစ်မှိတ်အတွင်း အပြင်းအထန်အားနည်းသွားခဲ့လေပြီ။ သူ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမြွှာမြွှာ ဖြစ်သွားခဲ့ပြီး သူ့ကိုယ်သူပင် ပြန်လည်မဖော်ဆောင်နိုင်ခင် ဤခွေးမသားက မိစ္ဆာချုပ်နှောင်ကျမ်းစာကို နောက်တစ်ကြိမ် ရွတ်လိုက်ပြန်သဖြင့် သူ့မှာ ထပ်မံဖိနှိပ်ခံလိုက်ပြန်၏။
အနက်ရောင်ဝတ်လူ နောက်ဆုတ်သွားသည်နှင့်တစ်ပြိုင်နက် မန်ဟို့၏မျက်လုံးများ တောက်ပသွား၏။ ပြိုင်ဘက်၏ အားနည်းချက်ကို အခွင့်ကောင်းယူပြီး ဇီဝိန်ချုပ်ခြင်း။ ထိုသည်က မန်ဟို့၏ဝါဒပင်။ သူသည် တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အနီရောင်အလင်းတန်းတစ်တန်းက အနက်ရောင်ဝတ်လူထံသို့ မယုံကြည်နိုင်ဖွယ်ရာအမြန်နှုန်းဖြင့် တဟုန်ထိုးထွက်သွား၏။
အံ့ဩဖွယ်ကောင်းစွာနှင့် ဤသွေးရောင်အလင်းတန်းထဲတွင်ကား သွေးကိုယ်ပွားရှိနေ၏။
ကျီမျိုးနွယ်သွေးကိုယ်ပွား။
၎င်းပေါ်လာသည်နှင့် ပတ်၀န်းကျင်ရှိအရာအားလုံးမှာ ကြက်သွေးရောင်အလင်း၏ ဖြန်းပက်ခြင်းခံလိုက်ရသည်။ အနက်ရောင်၀တ်လူမှာ ကျမ်းစာ၏ဖိနှိပ်ခြင်းခံထားရ၏။ သွေးကိုယ်ပွား သူ့အပေါ်ခုန်အုပ်လိုက်သည့်အခါ သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။
သူ့မျက်နှာ လုံး၀ပျက်ထွက်သွားသည်။ ဘန်းခနဲဆိုသောအသံနှင့်အတူ သူ၏ခန္ဓာကိုယ်မှာ အစိတ်စိတ်အမွှာအမွှာ ပေါက်ကွဲသွားလေတော့သည်။ သူ၏နတ်ဆိုးစိတ်ဆန္ဒနှင့် အသက်စွမ်းအားပြုလုပ်ပေးထားသော အနက်ရောင်မြူများမှာ သွေးကိုယ်ပွား၏ စုပ်ယူခြင်းခံလိုက်ရ၏။
" ငါဒါကို လက်မခံနိုင်ဘူး " အဝေးတွင် အနက်ရောင်၀တ်လူကား နောက်တဖန်ပြန်လည်ပေါ်လာ၏။ သည်တစ်ချိန်တွင်တော့ ယခင်ထက်ပင်ပို၍ အားနည်းသွားလေပြီ။ သူက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ ဤအခြေအနေကို တကယ် လက်မခံနိုင်ပေ။ သူ၏ယခင်စွမ်းအား အထွတ်အထိပ်နှင့်ဆိုလျှင် ဤသွေးကိုယ်ပွားအား အလွယ်တကူ ပြန်တိုက်ခိုက်နိုင်၏။ သို့သော် သူ့မှာ ယခုတော့ ပို၍ပင်အားနည်းသွားလေပြီ။
ချက်ချင်းပင် သေစေနိုင်သော အန္တရာယ်အာရုံကြီး သူ၏စိတ်ထဲတွင် ပေါက်ဖွားလာ၏။ သူ့မှာ အမှန်တကယ် သုတ်သင်ခံရတော့မည့် နေ့ရက်သို့ ရောက်လာလိမ့်မည်ဟု ဘယ်တော့မှ စိတ်ပင်မကူးခဲ့ဖူးပေ။
သွေးကိုယ်ပွားက သွေးဆာနေသော မျက်လုံးများဖြင့် သူ့အနားသို့ ထပ်ရောက်လာ၏။ သူက ရုတ်တရက် လက်ကို မြှောက်ပြီး ဝေဟင်ထက်ရှိ ဝဲထံသို့ လက်ညိုးထိုးလိုက်သည်။
" အဖော်မဲ့သင်္ချိုင်း " သူက ဟိန်းဟောက်လိုက်၏။
စကားလုံးများ ပဲ့တင်ထပ်နေစဉ် သူ၏ခန္ဓာကိုယ်မှာ ဖျတ်ခနဲ လက်သွား၏။ တစ်ချိန်တည်းမှာပင် ဝဲထဲရှိ မြူများမှာ လှိုင်းလုံးကြီးများသဖွယ် မို့မောက်လှုပ်ရှားလာသည်။ ၎င်းမှာ ၎င်း၏မျက်နှာပြင်ပေါ်ရှိ မျက်နှာများအား ခါထုတ်ရုန်းကန်နေသယောင်ပင်။ သို့သော်လည်း မျက်နှာများမှာ ယခင်နည်းတူ အသည်းအသန် ဖိနှိပ်ထားသေး၏။
၎င်းတို့မြူကို ဖိနှိပ်နေစဉ် မြောက်များစွာသော အသက်စွမ်းအားများနှင့် မိစ္ဆာချီတို့သည် ရှစ်စုမဟာမိတ်အဖွဲ့၏ မြူများဖြင့် ၀န်းရံခံထားရသောလူထောင်ပေါင်းများစွာထံမှ ထွက်ပေါ်လာ၏။ လေလံပွဲတွင်ပါ၀င်ခဲ့သော ကျင့်ကြံသူများ တုန်ရီလာကြသည်။ သူတို့၏ ခန္ဓာကိုယ်များမှာ ခြောက်ကပ်လာနေပြီး သူတို့သည် လျင်မြန်စွာ အိုမင်းလာနေ၏။ သူတို့၏အသက်စွမ်းအားများသည် ဒွါရပေါက်များမှ စီးမျောထွက်လာပြီး မိစ္ဆာချီနှင့်ပေါင်းစည်းကာ လေပွေထံသို့ ဦးတည်သွား၏။
ထောင်ပေါင်းများစွာသော လူတို့၏ အသက်စွမ်းအားများကား လေပွေအတွင်းသို့ တိုး၀င်သွားသော ချီတန်းများဖြစ်သွားခဲ့လေပြီ။ ထို့နောက်တွင် မိစ္ဆာမျက်နှာများက ၎င်းတို့အား သွေးရူးသွေးတန်း ၀ါးမြိုစုပ်ယူလိုက်၏။ မျက်နှာတစ်၀က်နီးပါး မြူအတွင်းမှ ထိုးထွက်လာကြသည်။ ၎င်းတို့က ဝဲအတွင်းမှ ထွက်လာပြီး အနက်ရောင်၀တ်လူထံသို့ ဦးတည်လာနေကြသည်။
၎င်းတို့ ဝဲအတွင်းမှ ထွက်ခွာသွားစဉ် ပလ္လင်ပေါ်ရှိမြူများမှ ပြင်းထန်သောဟိန်းဟောက်သံများအား ထုတ်လွှတ်လာ၏။ အတွင်း၌ရှိသော တစ်စုံတစ်ခုမှာ ချိတ်ပိတ်ခံထားရသည့်ဘ၀မှ ဖောက်ထွက်ရန် အသည်းအသန် ရုန်းကန်ကြိုးစားနေသည့် အလားပင်။
မျက်တစ်မှိတ်အတွင်း မျက်နှာများက အနက်ရောင်၀တ်လူဆီ ရောက်သွားပြီး သူ၏ပတ်ပတ်လည်တွင် လည်ပတ်လာကြသည်။ ၎င်းတို့သည် ရက်စက်ကြမ်းကြုတ်မှု၊ ရူးသွပ်မိုက်မဲမှုနှင့် သွေးဆာမှုတို့ဖြင့်ပြည့်နှက်နေလျက် အနက်ရောင်၀တ်လူနှင့် တစ်သားတည်းဖြစ်သွားသည်။ ထိုသို့ဖြစ်သွားသည်နှင့် သူ၏အရှိန်အဝါသည် အံ့သြတုန်လှုပ်ဖွယ်ရာ ပြင်းအားတစ်ခုအထိ ထိုးတက်မြင့်တက်သွား၏။
တအိအိလှုပ်ရှားနေစော မိစ္ဆာချီကား ရက်စက်ကြမ်းကြုတ်သော မျက်နှာများအပြည့်နှင့် တထောင်းထောင်းထလာသည်။ ဤမျက်နှာတစ်ခုစီတိုင်းသည် ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူများ ကိုးကွယ်ယုံကြည်သော အရုပ်တစ်ရုပ်ဖြစ်၏။ "
"ငါက အဖော်မဲ့သင်္ချိုင်း။ ငါက နတ်ဆိုးမနော…. ငါဟာ နှစ်ပေါင်းများစွာတစ်လျှောက်လုံး ငါကိုယ်တိုင် သုတ်သင်ပစ်ခဲ့တဲ့ဘ၀တွေရဲ့ ပူဆွေးသောကတွေကနေ ဖြစ်တည်လာတဲ့ နတ်ဆိုးမနောတစ်ခုဖြစ်တဲ့ မိစ္ဆာလက်နက် အဖော်မဲ့သင်္ချိုင်း "
"အဖော်မဲ့သင်္ချိုင်း ပျက်စီးကာ နတ်ဆိုးအရိပ်ထွန်းတောက်လာ" ထူးခြားဆန်းကြယ်သော အလင်းရောင်တစ်ခု အနက်ရောင်၀တ်လူ၏ မျက်လုံးများထဲတွင် တောက်ပလာသည်။ သူ၏ အရှိန်အဝါသည် ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပတ်၀န်းကျင်တွင် အနက်ရောင်ချီများ ပြည့်နှက်သွား၏။ ကျီမျိုးနွယ်သွေးကိုယ်ပွားက အနက်ရောင်၀တ်လူကို စူးစူးစိုက်စိုက်ကြည့်ရင်း သွားနေရာမှ ရပ်လိုက်၏။ ၎င်းသည် ကြောက်မက်ဖွယ်ရာ တစ်စုံတစ်ခုကို အာရုံရလိုက်သည့်ပုံပေါ်သည်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီး သူ၏မျက်နှာပေါ်တွင် တစ်ခါမှမမြင်ဖူးသော အာရုံစူးစိုက်မှုတို့ ပေါ်လွင်လာသည်။
ဤအခိုက်အတန့်တွင် ရုတ်တရက် အဝေးမှ အလင်းတန်းတစ်တန်းပြီးတစ်တန်း ထွက်ပေါ်လာ၏။ ရုတ်တရက် ကျင့်ကြံသူထောင်ပေါင်းများစွာ ရောက်ရှိလာခဲ့လေပြီ။
ဤလူများသည် မိစ္ဆာစိတ်ဝိညာဉ်အတွက် ကျီးနတ်မင်းမျိုးနွယ်စုနောက် လိုက်လာခဲ့သော ဒေသခံမျိုးနွယ်စုများမှ ကျင့်ကြံသူများဖြစ်၏။ သူတို့ပေါ်လာပြီးနောက် သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒသည် အမြင့်တစ်ခုအထိ ရောက်ရှိသွားသည်။ သို့သော် စစ်မြေပြင်၏အခြေအနေကို မြင်သောအခါ သူတို့မှာ ပါးစပ်အဟောင်းသားဖြစ်ပြီး ဆွံအသွားကြ၏။
သူတို့၏မျက်လုံးများက မန်ဟိုနှင့် ကြောက်မက်ဖွယ်ရာ အနက်ရောင်အခိုးအငွေ့များဖြင့် တဟုန်းဟုန်းတောက်လျက်ရှိသော အနက်ရောင်ဝတ်လူအပေါ် ကျရောက်လာသည်။
"သေစမ်း" အနက်ရောင်ဝတ်လူက နောက်သို့ ခြေတစ်လှမ်းဆုတ်ရင်း အော်သည်။ သူက ညာလက်ကို မြှောက်လိုက်ရာ အနက်ရောင်ချီများအား တဖွေးဖွေးလှုပ်လာစေပြီး မန်ဟို့ဆီ ပြေးဝင်သွားသော ဧရာမမျက်နှာကြီးတစ်ဖက်အသွင်ပြောင်းသွားစေ၏။
တစ်ချိန်တည်းမှာပင် ပို၍များပြားသော မိစ္ဆာချီများက လွင့်လူတက်လာပြီး သွေးကိုယ်ပွားဆီ ဦးတည်သွားသည်။
မန်ဟိုက သွေးမျက်နှာဖုံးကို ပြန်တပ်လိုက်၏။ သူ အသက်ပြင်းပြင်း ရှူသွင်းလိုက်စဉ် ခိုင်မာပြတ်သားသောစိတ်ဆန္ဒအား မြင်နိုင်ပြီး သူသည် ညာလက်ဖြင့် မုဒြာလက်ကွက်တစ်ကွက်ဖော်ကာ ညွှန်လိုက်သည်။
"မျက်နှာမဲ့"
သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်မှတစ်ပါး အခြားမဟုတ်သော ထိုနည်းတူကြီးမားသည့် မျက်နှာကြီး ရုတ်တရက် ပေါ်လာသည်။ ၎င်းသည် မျက်နှာအသေးလေးများဖြင့် ဖွဲ့စည်းထားသော မန်ဟို့မျက်နှာကြီးဖြစ်ကာ အနက်ရောင်ချီမျက်နှာကြီးဆီသို့ တဟုန်ထိုး ထွက်သွား၏။
ဝုန်းခနဲ ထစ်ချုန်းသွားစဉ် မန်ဟိုက စကားထပ်ပြောသည်။
"စကားတစ်ခွန်း" ချက်ချင်းပင် သူဆင့်ခေါ်ခဲ့သော မျက်နှာကြီး၏ နှုတ်ခမ်းများ လှုပ်သွားသည်။ အသံလှိုင်းများ ဖြာထွက်လာ၏။
"စစ်ပွဲမီးတောက်ပေါင်းစည်းစေ" သူက လက်နှစ်ဖက်လုံးကို မြှောက်ပြီး မြေကြီးထံသို့ တွန်းချလိုက်သည်။ ချက်ချင်း စစ်ပွဲမီးတောက်များနှင့်အတူ မီးခိုးငွေ့များ အရပ်မျက်နှာတစ်ခွင် လွင့်လူတက်လာ၏။ ၎င်းကား သွေးအင်မိုတယ်အမွေအနှစ်၏ တတိယပုံစံပင်။
တဝုန်းဝုန်းပေါက်ကွဲသံများအလယ်တွင် မန်ဟို၏မျက်လုံးများသည် စူးရှတောက်ပနေ၏။
"ငါ မင်းတို့ရဲ့ ကိုးကွယ်စွမ်းအားတွေ လိုအပ်တယ်" သူက အော်လိုက်သည်။ ကျီးနတ်မင်းမျိုးနွယ်ဝင် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ရှိခိုးလာကြ၏။ သူတို့၏ခန္ဓာကိုယ်အပေါ်ရှိ မန်ဟို့၏တစ်စိတ်တစ်ပိုင်းဖြစ်သော အရုပ်ဆေးမင်ကြောင်များမှ အလင်းရောင်များ ဖြာထွက်လာလေသည်။
"ကွဲကွာနေသော တိမ်တိုက်တွေ...." အဆုံးမရှိသော ကိုးကွယ်စွမ်းအားတို့ အရပ်မျက်နှာအနှံ့မှ မန်ဟို့ကိုယ်တွင်းသို့ စီးဝင်နေ၏။ ၎င်းသည် မန်ဟို ယခင်က တစ်ခါမှ အသုံးမပြုခဲ့ဖူးသော သွေးအင်မိုတယ်အမွေအနှစ်၏ စတုတ္ထပုံစံအား ကြောက်မက်ဖွယ်ရာပြင်းအားကြီးဖြင့် ပေါက်ကွဲထွက်လာစေသည်။
ကွဲကွာနေသော တိမ်တိုက်တွေဆိုသည်မှာ "ကွဲကွာနေသော တိမ်တိုက်တွေ ၊ သွေးမိုး၊ ကောင်းကင်အပြည့်ပင်လယ်တွေ" မှ လာလေသည်။
ကွဲကွာနေသော တိမ်တိုက်တွေ။ တစ်စုတစည်းတည်းရှိခဲ့သော်လည်း ကွဲကွာသွားခဲ့သော တိမ်တိုက်များ။ ကွဲကွာနေသော တိမ်တိုက်များ၏စွမ်းအားသည် ကောင်းကင်နှင့်မြေကြီးကို ချေမှုန်းပစ်နိုင်သော တိမ်ကွဲလေပြင်းဖြစ်လာသည်။ ဤစွမ်းအားသည် သွေးအင်မိုတယ်အမွေအနှစ်၏ ပထမပုံစံသုံးခုထက် အဆများစွာ သာလွန်၏။ စွမ်းအား၏ပြင်းအားက မန်ဟို့၏ပတ်ပတ်လည်တွင် တိမ်လွှာအထပ်ထပ်အား ဖြစ်တည်လာစေသည်။ ၎င်းတို့က ဖြာထွက်သွားရာ ပတ်ဝန်းကျင်တစ်ခုလုံးတွင် သိပ်သည်းထူထပ်သောမြူများ ပြည့်လာလေသည်။
ဤမြူထုကြီးမှာ တကယ်တမ်း တိမ်တိုက်များပင်။
ကွဲကွာနေသောတိမ်တိုက်များ၏စွမ်းအားက ... တိမ်တိုက်များ ပြိုကွဲခြင်းမှ လာလေသည်။
ပတ်ဝန်းကျင်ရှိ တိမ်တိုက်များမှာ မမြင်ရသောလက်ကြီးတစ်ဖက်ဖြင့် စုတ်ဖြဲခံနေရသည့်အလား ထစ်ချုန်းသံများ ပဲ့တင်ထပ်နေတော့သည်။ ၎င်းတို့က အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားပြီး ထိုကွဲထွက်သွားသော အခိုက်အတန့်တွင် အနက်ရောင်ဝတ်လူ၏ နတ်ဘုရားအာရုံအစွမ်းဖြင့် မှော်ဆန်ဆန် ဆင့်ခေါ်ခြင်း ခံခဲ့ရသော မျက်နှာကြီးမှာ ရုတ်တရက် တစစီပြိုကွဲသွားခဲ့လေပြီ။
အနက်ရောင်ဝတ်လူမှာ အခြေအနေကို လက်မခံနိုင်သေးသဖြင့် နောက်ဆုတ်သွားသည်။ သူ့မှာ ယခုတွင် ကျင့်ကြံခြင်းအခြေခံစွမ်းအား၏ သုံးဆယ်ရာခိုင်နှုန်းကိုသာ အသုံးပြုနိုင်တော့၏။ ကျန်ရာခိုင်နှုန်းများမှာ တိုက်ပွဲအတောအတွင်း ဆက်တိုက်ကုန်ခမ်းသွားခဲ့လေသည်။
သူ၏မှော်ပညာရပ် ထပ်မံ၍ ပျက်စီးသွားသည်ကို မြင်သောအခါ သူက ခေါင်းမော့ပြီး ဟိန်းဟောက်လိုက်သည်။ သူ၏လက်နှစ်ဖက်လုံးက မုဒြာလက်ကွက်ဖော်လိုက်သည့်အတွက် ဝဲထဲရှိ မြူများအပေါ်မှ မျက်နှာတစ်ဝက်ကျော်ခန့် ထပ်မံပျံထွက်လာကာ သူ၏ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်သွားသည်။ သူ၏အရှိန်အဝါမှာ နောက်တစ်ဖဖန် ပေါက်ကွဲထွက်လာလေပြီ။
သူ၏မျက်နှာသည် ရုတ်တရက် အတိုင်းထက်အလွန် အရုပ်ဆိုးသွားပြီး သူက မြေပြင်ပေါ်ရှိ လေလံပွဲတက်ရောက်သူ ထောင်ပေါင်းများစွာကို လက်ညှိုးလှမ်းထိုးလိုက်သည်။
မန်ဟို့အကာအကွယ်အတွင်းရှိ စွန်းဒဟိုင်မှအပ ကျင့်ကြံသူအားလုံးမှာ အသက်စွမ်းအားများ တစ်စက်မကျန် စုပ်ယူခံလိုက်ရပြီး မိစ္ဆာချီနှင့် ပေါင်းစည်းခြင်းခံလိုက်ရသဖြင့် သနားစရာအော်သံများ ထွက်လာသည်။ မိစ္ဆာချီတို့အပြင် ကျင့်ကြံသူအားလုံးကို ဝန်းရံထားသော မြူထုပင်လျှင် အနက်ရောင်ဝတ်လူဆီသို့ ပြေးဝင်သွားကြ၏။
မြူများ စုပ်ယူခံလိုက်ရသည့်အခါ ခြောက်ကပ်နေသော အလောင်းပေါင်းများစွာ နေရာအနှံ့ပြန့်ကြဲနေလျက် ထွက်ပေါ်လာသည်။
မြူများက သူ၏ခန္ဓာကိုယ်နှင့်တစ်သားတည်းဖြစ်ကာ ကျင့်ကြံခြင်းအခြေခံကို အားပြန်ဖြည့်ပေးနေစဉ် အနက်ရောင်ဝတ်လူက ဟိန်းဟောက်လိုက်၏။ သူသည် လက်ကို မြှောက်၍ မန်ဟိုထံသို့ ဆတ်ခနဲ ဖမ်းဆုပ်လိုက်သည့် လက်ဟန်လုပ်လိုက်လေသည်။
လက်ဟန်က သူခန္ဓာကိုယ်မှ အနက်ရောင်မြူများကို မန်ဟို့ဆီ ပြေးဝင်သွားသော မီတာသုံးထောင်အကျယ် ဧရာမလက်ကြီးတစ်ဖက်အသွင်ပြောင်းစေ၏။
"သွေးမိုး" မန်ဟိုက လက်နှစ်ဖက်ဖြင့် မုဒြာလက်ကွက်ဖော်ရင်း ပြောသည်။ ဤသေရေးရှင်ရေးအခိုက်အတန့်တွင် သူကား သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်၏ ပဉ္စမပုံစံကို ဖော်ဆောင်လိုက်လေပြီ။ မန်ဟို့၏ထိန်းချုပ်မှုအောက်တွင် သွေးကိုယ်ပွားသည် ပေါက်ကွဲပြီး မန်ဟို့ဆီသို့ ပြေးဝင်လာသော အနီရောင်အလင်းတန်းများ ဖြစ်လာ၏။ ၎င်းတို့သည် မန်ဟို ယခုလေးတင် ဆင့်ခေါ်ခဲ့သော သွေးမိုးနှင့် ပေါင်းစည်းသွားရာ ... ပတ်ဝန်းကျင်တွင် သွေးမိုးများ အမှန်တကယ် ရွာကျလာစေတော့သည်။
ဤကြောက်မက်ဖွယ်ရာမိုးပေါက်တစ်ပေါက်တိုင်းမှာ သွေးအင်မိုတယ်နတ်ဘုရားစွမ်းရည်၏စွမ်းအားဖြင့် ပြည့်ဝနေ၏။ ၎င်းသည် အနက်ရောင်ဝတ်လူဆင့်ခေါ်ထားသော မြူလက်ကြီးထံသို့ လေကို ခွင်းသွားလေပြီ။
ထိုမြင်ကွင်းက ပတ်ဝန်းကျင်ရှိ လူတိုင်းကို အမြုတေအထိ တုန်လှုပ်သွားစေသည်။ ကီလိုမီတာသောင်းပေါင်းများစွာရှိသော ဧရိယာအတွင်း ဘုန်းခနဲ ပေါက်ကွဲသံကြီး မြည်ဟည်းသွား၏။ မန်ဟို့မှာ ပါးစပ်မှ သွေးများပန်းထွက်ရင်း နောက်သို့ လွင့်ထွက်သွားလေသည်။ သူ၏နတ်ဘုရားစွမ်းရည် ပျက်စီးသွားသည်။ သွေးမိုးက အဘက်ဘက်သို့ ဖြန်းပက်နေ၏။ သွေးကိုယ်ပွားမှာ ယခုတွင် ခြေကုန်လက်ပန်း ကျနေချေပြီ။ အနက်ရောင်ဝတ်လူမှာ အချိန်မရွေး ပေါက်ကွဲတော့မည့်တိုင်အောင် အားနည်းသွားသဖြင့် တစ်ကိုယ်လုံး တုန်ရီသွား၏။ သူ့မှာ ကျမ်းစာ၏ ဖိနှိပ်ခံထားရသည့်အတွက် တိုက်ပွဲမှာ အတော်လေး ခက်ခဲနေလေသည်။ သို့သော် အောင်မြင်မှုအား မြင်နေရပြီဖြစ်သည်။ သူ၏မျက်နှာကြီးမှာ အရုပ်ဆိုးလာပြီး သူက အားကုန်ထုတ်၍ မန်ဟို့ထံသို့ အနက်ရောင်မြူလက်ကြီး နောက်တစ်ဖက်အား ပြေးဝင်သွားစေလိုက်၏။
"သေစမ်း မိစ္ဆာချုပ်နှောင်သူ"
ဤအခိုက်အတန့်တွင် ....
"နတ်ဆိုးမနော မင်း ရုပ်ယဲ ရုပ်ကြည့်ဇမ်း" ဒေါကန်နေသောအသံကြီးတစ်သံက ကောင်းကင်ဘုံမှလာသော မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်လာသည်။ ၎င်းသည် ပလ္လင်အပေါ်ရှိ မြူအတွင်းမှ ထွက်လာသော ရေစီးကြောင်းကြီးသဖွယ် ဝဲကမ္ဘာအတွင်းမှ လာလေသည်။
အသံကြီး ဟိန်းထွက်လာစဉ် အနက်ရောင်မြူကို ဖိနှိပ်ရန် ကြိုးစားနေသော ကျန်မျက်နှာကြီးများ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြ၏။ ၎င်းတို့မှာ အရပ်မျက်နှာတစ်ခွင်သို့ တစစီကွဲထွက်သွားပြီး .... ပလ္လင်၏အလယ်တွင် ထိုးစိုက်နေသော ဖြူဖျော့ဖျော့လှံတစ်လက် ထင်ရှားလာလေသည်။
ဤလှံကြီးကား ... တကယ့် မိစ္ဆာလက်နက် အဖော်မဲ့သင်္ချိုင်းပင်။
***