မိစ္ဆာလက်နက်
Vol. 36 Ch. 497
ပလ္လင်တွင် စိုက်နေသော လှံကြီးကား ဆယ်မီတာခန့် ရှည်လျား၏။
၎င်း၏နာမည်မှာ အဖော်မဲ့သင်္ချိုင်းဟူ၍ ဖြစ်သည်။
မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်း။
တတိယမိစ္ဆာချုပ်နှောင်သူမှ သွေးတို့ဖြင့် သန့်စင်၍ဖန်ဆင်းထားသော ဤလှံကြီးကြောင့် ကျင့်ကြံသူမည်မျှ၊ ရှေးဟောင်းကမ္ဘာသစ်မိစ္ဆာမည်မျှ သွေးချောင်းစီးခဲ့ရသည်လဲ ပြောရန် မဖြစ်နိုင်ပေ။
သာမန်လှံ၏အလျားက ဤလှံကြီးနှင့် မယှဉ်နိုင်ပေ။ ၎င်းသည် အရိုးများဖြင့် တည်ဆောက်ထားသည့်အလား ဆွတ်ဆွတ်ဖြူနေလေ၏။ လှံမျက်နှာပြင်ပေါ်တွင် မှော်သင်္ကေတများလည်းမရှိသလို၊ အလှဆင်ထားသော အပြောက်အမွန်းများလည်းရှိမနေ။ သွေးကြောများကဲ့သို့သော ခပ်ရေးရေး အမှတ်အသားများကိုသာ မြင်နိုင်လေရာ ၎င်း၏ပုံသဏ္ဌာန်အား အလွန်ဆန်းပြားနေစေတော့သည်။
ဤလှံရှည်ကြီးမှ ကောင်းကင်နှင့်မြေကြီးကို တသိမ့်သိမ့် တုန်ခါသွားသော အရှိန်အဝါတစ်ခုအား ထုတ်လွှတ်လိုက်သည်။ ဝဲကမ္ဘာအတွင်းရှိ မြူခိုးမြူငွေ့များ တလိပ်လိပ် လှုပ်ရှားထကြွသွား၏။ အရှိန်အဝါကား ဝဲအတွင်းမှ အနောက်ပိုင်းသဲကန္တာသို့ ပျံ့လွင့်လာလေပြီ။
အသံကြီး တဝီဝီ မြည်ဟည်းနေစဉ် လှံကြီးမှာ တုတ်တုတ်မှ လှုပ်မသွားပေ။ ၎င်းမှာ ဝဲကမ္ဘာအတွင်းမှ ထွက်မလာနိုင်ပုံရသည်။ သို့သော် ၎င်းထံမှ လျှပ်စီးသဖွယ် မြန်လှသော ဖြူဖျော့ဖျော့အလင်းတန်းတစ်တန်း ထွက်လာ၏။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား ဝဲကမ္ဘာအပြင်သို့ ရောက်လာခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အနက်ရောင်ဝတ်လူ မျက်နှာစိမျက်နှာပျက်သွားသည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာပြီး မရေမတွက်နိုင်သော မျက်နှာများ သူ၏ကိုယ်တွင်းမှ ထိုးထွက်လာကြ၏။ ဤမျက်နှာအလုံးစုံမှာ ကြောက်ရွံရိုသေသော အမူအရာများအား ဆင်မြန်းထားကြလေသည်။
ဗလုံးဗထွေး ဝူးဝူးဝါးဝါး အော်သံများက ကောင်းကင်ယံအထိ ရိုက်ခတ်သွား၏။
ဖြူဖျော့ဖျော့အလင်းတန်းက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် မန်ဟို့ဆီ ပြေးဝင်လာသော အနက်ရောင်လက်ကြီးကို ထုတ်ချင်းဖောက်သွား၏။ ထိုအခိုက်အတန့်တွင် အလွန်တရာ အစွမ်းထက်လှပါသည်ဆိုသော အနက်ရောင်မြူလက်ကြီးမှာ မီးမြိုက်ခံလိုက်ရသည့်အလား တွန့်လိမ်သွားသည်။ ၎င်းသည် တခဏအတွင်း ပြိုကွဲသွားရာ အထဲရှိ မျက်နှာများမှာ ထိတ်လန့်သွားကြပြီး ဆောက်တည်ရာမဲ့စွာဖြင့် ဗလုံးဗထွေး အော်ကြလေသည်။
၎င်းတို့မှာ အသက်ရှိစဉ်တုန်းကလည်း ဤလှံကြီး၏ ကွပ်မျက်ခြင်းခံခဲ့ရသည်။ သေဆုံးပြီးနောက်တွင်လည်း နတ်ဆိုးမနောစိတ်တစ်ခု ဖြစ်တည်လာခဲ့သည့်တိုင် လှံကြီးကို ဖိန့်ဖိန့်တုန်အောင် ကြောက်ရသေးချေသည်။
လှံကြီး၏ ဇီဝိန်ချုပ်ခြင်းခံခဲ့ရသည့်အတွက် သူတို့အနေဖြင့် ဘယ်သောအခါမှ ပြန်လည်ဝင်စားနိုင်တော့မည်မဟုတ်ပေ။ မျိုးဆက်အားလုံးမှာ အထဲ၌ အကျဉ်းချခံထားရလေသည်။ သူတို့အတွက် သည့်ထက် နာကျင်စရာကောင်းသော ပြစ်ဒဏ်ဟူ၍ မရှိနိုင်တော့ပြီ။
ဧရာမမြူလက်ကြီးမှာ ဖြူဖျော့ဖျာ့အလင်းတန်းကြောင့် ဝုန်းခနဲ ပျက်စီးပြိုကွဲသွား၏။ ထို့နောက်တွင် အလင်းတန်းက မန်ဟို့ဆီ တန်းတန်းမတ်မတ် ဦးတည်လာ၏။
မန်ဟို့၏စိတ်ထဲမှာ ထစ်ချုန်းသံကြီးဖြင့် ပြည့်နှက်သွားသည်။ စောစောက သူ၏ခန္ဓာကိုယ်မှာ အရက်ချီများအား ဖြန့်ကြက်တော့မည့်ဆဲဆဲ ဖြစ်ခဲ့သည်။ ချီနန်အစောင့်အရှောက်၏ အသက်ကယ်အစွမ်းထက် သာလွန်သော ဝှက်ဖဲတစ်ချပ်ဖြစ်သည့် သူ၏နောက်ဆုံးလက်ကျန် ယိမ်းနွဲ့ဓားချီမှာလည်း အသက်ဝင်လှုပ်ရှားနေခဲ့သည်ဖြစ်သည်။
သို့ရာတွင် သူ့အတွက် ဘာမှလုပ်စရာမလိုလိုက်။ မိစ္ဆာလက်နက် အဖော်မဲ့သင်္ချိုင်း၏ကိုယ်စားပြု၊ ဖြူဖျော့ဖျော့အလင်းတန်း ပေါ်လာခဲ့လေပြီ။ ကောင်းကင်နှင့်မြေကြီးတွင် တအုန်းအုန်း တဂျိန်းဂျိန်း ထစ်ချုန်းသံများဖြင့် ဆူညံနေတော့၏။
မန်ဟိုသည် အရှေ့ရှိ ဖြူဖျော့ဖျော့အလင်းတန်းကို ကြည့်ပြီး ပြင်းပြင်းပြပြခေါ်သံအား ခံစားလိုက်ရသည်။ သူ၏စိတ်အာရုံကို စိုးမိုးနေသော ခေါ်သံမှာ အတော်လေး ရင်းနှီးလေ၏။ သူက လှံကို ခေါ်နေသည်။ လှံကလည်း သူ့ကို ခေါ်နေသည်။
ရုတ်တရက်ကြီး စိုင်ကော်၍ချုံပေါ်ရောက်သွားရင်း မန်ဟိုသည် သေသေချာချာ စဉ်းစားနေမိ၏။ သူက လက်ကို မြှောက်ပြီး ဖြူဖျော့ဖျော့အလင်းရောင်ကို ကိုင်လိုက်သည်။ ချက်ချင်းပင် ၎င်းက ပုံရိပ်တစ်ခုသာ ဖြစ်သည့်တိုင် ... အတိုင်းထက်အလွန် အသက်ဝင်လှသော ဖြူဖျော့ဖျော့လှံတစ်လက် ဖြစ်သွားလေပြီ။
သူ အဖော်မဲ့သင်္ချိုင်းကို ဆုပ်ကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် သူ၏စိတ်ထဲတွင် ဂျိန်းခနဲ ထစ်ချုန်းသွားသည်။
"သင်က ဘယ်မိစ္ဆာချုပ်နှောင်သူမျိုးဆက်ပဲ ဖြစ်ပါစေ" ရှေးဆန်သောအသံကြီးတစ်သံက ပြောသည်။ "ကျုပ်က တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူရဲ့ သွေးနဲ့သန့်စင်ခြင်းခံရပြီး ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ ချိတ်ပိတ်ခံထားရတဲ့ မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းဖြစ်တယ်။ ကျုပ်ရဲ့စိတ်ဆန္ဒက အိပ်ပျော်နေတဲ့အတွက် နတ်ဆိုးမနော မွေးဖွားလာခဲ့တာပဲ....
"နတ်ဆိုးမနောဆိုတာလည်း ကျုပ်ပဲ။ ကျုပ်ဘဝကတော့ ဖန်ဆင်းခံခဲ့ရတဲ့ အခိုက်အတန့်က စပြီး စုစုပေါင်း သခင်ကိုးဦးကို သစ္စာခံရမယ်လို့ သတ်မှတ်ထားပြီးဖြစ်လေတယ်။ ပထမဆုံး မိစ္ဆာချုပ်နှောင်သူမျိုးဆက်ကနေ ကိုးဆက်မြောက်အထိက ကျုပ်ရဲ့သခင်တွေပဲ
"သင်က ဘယ်မျိုးဆက်ပဲဖြစ်ဖြစ်၊ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကို လာခဲ့ပါ။ ကျုပ် သင့်ကို ဒီမှာ စောင့်နေမယ်.... တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူက သူရဲ့ ရှေဟောင်းတာအိုကို အောင်အောင်မြင်မြင် ကျင့်ကြံရရှိသွားပြီး တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းဆီ တက်လှမ်းသွားခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်မှာပဲ သူဟာ အာကာသကောင်းကင်မှာ မြှုပ်နှံခံခဲ့ရတယ်။ သူ သေဆုံးသွားတာနဲ့ပတ်သက်ပြီးဝောာ့.... လျှို့ဝှက်ချက်ကြီးတစ်ခုနဲ့ဆက်နွှယ်နေတဲ့ သဲလွန်စတွေ ကျန်ခဲ့တယ်။ သူ့အမွေအနှစ်က ကျုပ်ဆီမှာ.... ကျုပ် အကြာကြီး တောင့်မခံနိုင်တော့ဘူး။ သင် ... ဒီကိုလာဖြစ်အောင် လာပါ
"အခုလောလောဆယ်မှာ ကျုပ်ရဲ့ ဒီစိတ်ဆန္ဒမျှင်လေးကိုပဲ စေလွှတ်နိုင်တယ်။ တစ်ချိန် ကျုပ် အိပ်နေရာက နိုးလာရင် စိတ်ဆန္ဒကို ထိန်းသိမ်းနိုင်လိမ့်မယ်။ သင် ဒါမှမဟုတ် တခြားမိစ္ဆာချုပ်နှောင်သူတွေ လာမှာကို စောင့်နေမယ်။ အရှင်မိစ္ဆာချုပ်နှောင်သူ ကျုပ်ရဲ့စိတ်ဆန္ဒကို ဖမ်းဆုပ်ရင်း ရှေးမိစ္ဆာချုပ်နှောင်ကျမ်းစာကို ရွတ်ပြီး ဒီနတ်ဆိုးမနောအား နှိမ်နင်းလိုက်ပါ
"ဒါက ...သင် ကျုပ်နဲ့ ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ ဆက်သွယ်နိုင်မယ့်နည်းလမ်းပဲ။ သင် ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီကို မလာနိုင်ရင်တော့ ဒီလှံကို အမွေတစ်ခုအနေနဲ့ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူအထိ ဆက်လက်လက်ဆင့်ကမ်းပေးပါလော့
"တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ မသေခင်တုန်းက ပြောခဲ့တယ်... ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူသာ အသတ်မခံရရင် ထိပ်ဆုံးသောပြိုင်စံရှား ဖြစ်လာလိမ့်မယ်။ မိုးကောင်းကင်ကို ဖီဆန်ပြီး ကံကြမ္မာကို ပြောင်းလဲခွင့်ရလိမ့်မယ်။ တောင်ကိုးလုံးနဲ့ပင်လယ်ကိုးစင်းအတွက် နောက်ဆုံးသော မျှော်လင့်ချက်ရောင်ခြည်ဖြစ်လာမယ်" အသံကြီးမှာ သူ့၏စိတ်ထဲတွင် တိုး၍တိုး၍သွားသည်။ သူ၏သိုလှောင်အိတ်အတွင်းရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှာ တတိယမျိုးဆက်မိစ္ဆာချုပ်နှောင်သူ၏ သေဆုံးခြင်းကို ခံစားလိုက်ရသည့်အလား တုန်ခါလာ၏။ ဝမ်းနည်းပူဆွေးနေသော ခံစားချက်တစ်ခု ၎င်းထံမှ ရုတ်တရက် ထွက်လာလေသည်။
အသံကြီး တိုးညှင်းပျောက်ကွယ်သွားသောအခါ မန်ဟိုက တဖြည်းဖြည်း ခေါင်းမော့လာသည်။
" ငါက.....ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ "
သူက ထိုသို့ပြောပြီး ထူးဆန်းစွာ တောက်ပနေသော မျက်လုံးများဖြင့် ကြောက်လန့်တကြား နောက်ဆုတ်နေသော အနက်ရောင်၀တ်လူကို လှမ်းကြည့်လိုက်သည်။
"ရှေးဟောင်းတာအို၊ မိုးကောင်းကင်ကို ချုပ်နှောင်လိုသော ဇွဲဆန္ဒ၊ တောင်အားလုံး၏ကျေးဇူးရှင်၊ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏ ရှောင်လွှဲမရသော တာအိုပြစ်ဒဏ်" သူက တစ်လုံးချင်းစီ ရွတ်ရင်း ဖြူဖျော့ဖျော့လှံတံကို မြှောက်လိုက်သည်။ ၎င်းမှ ထွက်လာသော အဖြူရောင်အလင်းက အနက်ရောင်၀တ်လူကို ထိုးစိုက်သွား၏။
မန်ဟို၏အသံသည် ထူးဆန်းသောစွမ်းအားတစ်ရပ်ဖြင့် ပြည့်လျက်ရှိသည်။ အခြားသူများအနေဖြင့် ထိုအရာကို အာရုံလည်းမရ၊ ခံစားသိရှိခြင်းလည်း မရှိသလို ကြားလည်းမကြားရသော်လည်း အနက်ရောင်၀တ်လူအတွက်သာမက မှီခိုရာဂိုဏ်းချုပ်အတွက်ပင်လျှင် မှော်ကျိန်စာတစ်ခုနှင့်တူလေ၏။
အနက်ရောင်၀တ်လူမှာ သူ၏ခန္ဓာကိုယ် အစိတ်စိတ်အမွှာမွှာ ပြိုကွဲလာသဖြင့် စူးစူးဝါးဝါးအော်ဟစ်နေတော့သည်။ အနက်ရောင်မြူများက အဘက်ဘက်သို့ ဖြာထွက်ပျံ့လွင့်နေ၏။
သူက ကောင်းကင်ကို မျက်နှာမူ၍ သွေးရူးသွေးတန်း အော်သည်။
"ပိတ်ထား ပိတ်ထား ပိတ်ထား မရွတ်နဲ့တော့ တော်တော့ တော်တော့ " သူကအော်သည်။ သူက မျက်လုံးများ နီမြန်းနေလျက် မန်ဟိုကို သတ်ရန် ပြေး၀င်လာ၏။ သို့သော် မန်ဟို့ထံမှ မီတာသုံးရာအတွင်းသို့ပင် မရောက်ခင် သူ့မှာ ငယ်သံပါအောင် အော်လိုက်ပြီး လျင်မြန်စွာ လွင့်စင်ပြိုကွဲလာသည်။
သူ့မှာ ထိတ်လန့်အံ့ဩခြင်းတို့ဖြင့် ပျာယာခတ်နေတော့သည်။ သူသည် ရုတ်တရက် မန်ဟို့ကို သတ်ရန် စိတ်ကူးမရှိတော့ဘဲ အဝေးသို့ လှည့်ပြေးတော့၏။ သူ့ခေါင်းထဲတွင်ရှိသည့် တစ်ခုတည်းသောအရာမှာ ထိုနှစ်တုန်းက မှီခိုရာဂိုဏ်းချုပ်၏ စိတ်ထဲတွင်ဖြစ်ပေါ်လာခဲ့သော အတွေးအတိုင်းပင်။ သူ ထွက်ပြေးမည်။ ပြီးလျှင် မန်ဟိုကို ဘယ်တော့မှ ယောင်၍ပင် လှည့်မကြည့်တော့။
" ....ထာ၀ရ တည်မြဲမယ့် စိတ်ဆန္ဒအလိုတော် " မန်ဟိုက ထိုလူ ထွက်ပြေးလိုက်သည့်အချိန်မှာပင် မိစ္ဆာချုပ်နှောင်ကျမ်းစာအား ရွတ်ပြီးသွား၏။ သူ နောက်ဆုံးစကားကို ပြောလိုက်သောအခါ အနက်ရောင်၀တ်လူမှာ ၀မ်းနည်းကြေကွဲမှုအပြည့်ဖြင့် မချိတင်ကဲ အော်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်က ဆက်လက် ပြိုကွဲလာနေပြီး သူ့မှာ ရှောင်ပင်မရှောင်နိုင်တော့သည်အထိ အားနည်းနေလေပြီ။ သူ၏မျက်လုံးများမှာ မျှော်လင့်ချက်မဲ့နေပြီး သူ့မှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။ လှံထံမှ ဆွဲအားကြီးတစ်ခု ဖြစ်တည်လာသည့်အလား အနက်ရောင်၀တ်လူမှာ မန်ဟိုဆီသို့ ဆွဲငင်ခံနေရ၏။
"ခွေးမသား မိစ္ဆာချုပ်နှောင်သူအဖွဲ့ ။ တောင်ကိုးလုံးနဲ့ ပင်လယ်ကိုးစင်းက မင်းတို့ကို သည်းခံနိုင်မှာမဟုတ်ဘူး ။ မင်းတို့အားလုံး အသေဆိုးနဲ့သေမှာ "
ထိုလူ စူးစူးဝါးဝါးအော်နေစဉ် မန်ဟိုက သူ့ကို သွေးအေးအေး ကြည့်သည်။ ထို့နောက် သူက မိစ္ဆာချုပ်နှောင်ကျမ်းစာ၏ ဒုတိယအပိုဒ်ကို တဖြည်းဖြည်း စတင်ရွတ်၏။
"ရှေးဟောင်းတာအို… အသင်္ချေသော မိစ္ဆာများကို လေ့လာ၊ အင်မိုတယ်လမ်းစဉ် မဟုတ်သောလမ်းစဉ်ကို လျှောက်လှမ်းကာ၊ တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏အပြစ်ဒဏ်ကို ရင်ဆိုင်ပါ….."
အနက်ရောင်၀တ်လူ၏ ခန္ဓာကိုယ်မှ အနက်ရောင်မြူများ ပို၍ပင် စီးထွက်လာသည်။ မန်ဟိုထံသို့ ဆွဲငင်ခံနေရသဖြင့် သူ၏စူးစူးဝါးဝါးအော်သံများမှာ ဆူညံနေလေသည်။ ယခုတွင် သူတို့နှစ်ယောက်ကြား၌ မီတာ (၃၀၀၀) သာ ရှိတော့၏။
၂၅၀၀…. ၂၀၀၀…. ၁၅၀၀…..
အနက်ရောင်၀တ်လူ ဟိန်းဟောက်လေ၊ သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲလေပင်။ ရုတ်တရက် မျက်နှာအမြောက်အမြားအား သူ၏ကိုယ်ထဲ၌ မြင်လိုက်ရသည်။ မျက်နှာတစ်ခုချင်းစီမှာ ရုတ်ရင်းကြမ်းတမ်းလျက်ရှိသော်လည်း တစ်ချိန်တည်းမှာပင် ကြောက်ကြောက်လန့်လန့်ဖြင့် ထိုလူ့၏ခန္ဓာကိုယ်ကို ပြန်ဆွဲရန် ကြိုးစားနေကြ၏။
"….. ငါ့တာအိုဟာ ထာ၀ရ။ အမှားဆိုတာ ရှိသော်ငြား ငါ့တာအိုက စစ်မှန်တယ်….. "
စကားလုံးများက ကောင်းကင်ဘုံမှလာသည့်အလား ပဲ့တင်ထပ်သွားသည်။ ၎င်းတို့ အနက်ရောင်၀တ်လူထံသို့ ရောက်သောအခါ သူ့ခန္ဓာကိုယ်အတွင်းရှိ မျက်နှာများမှာ ဖျက်စီးနှင်ထုတ်ခံနေရသကဲ့သို့ စူးစူးဝါးဝါးအော်ဟစ်ရင်း တွန့်လိမ်ရှုံ့တွနေကြသည်။ အနက်ရောင်၀တ်လူမှာ ပိုမို၍ နီးကပ်လာသည်။
မီတာ ၁၂၀၀…၁၀၀၀… ၃၀၀။
အနက်ရောင်ဝတ်လူမှာ သေမင်း၏အရိပ်အောက်ဝယ် သွေးရူးသွေးတန်း ဖြစ်နေလေပြီ။ သူက ဟိန်းဟောက်လိုက်ရာ ပတ်ဝန်းကျင်ရှိ ရှစ်စုမဟာမိတ်အဖွဲ့ ကျင့်ကြံသူထောင်ပေါင်းများစွာမှာ တုန်ရီလာကြဝောာ့သည်။ သူတို့၏ခန္ဓာကိုယ်ပေါ်ရှိ အရုပ်ဆေးမင်ကြောင်များကား သူတို့၏အသက်စွမ်းအားများအား ရုတ်တရက်ကြီး စုပ်ယူနေကြလေပြီ။ မျက်စိတစ်မှိတ်အတွင်း သူတို့မှာ အရိုးပေါ်အရေတင် ခြောက်ကပ်နေသော အလောင်းများဘဝသို့ ရောက်သွားလေသည်။ သူတို့၏အရုပ်များသည် အနက်ရောင်ဝတ်လူထံသို့ ပျံထွက်သွားသော သွေးမျက်နှာများ ဖြစ်သွားကြ၏။
အလောင်းခြောက်ဖြစ်ကုန်သော ရှစ်စုမဟာမိတ်အဖွဲ့ကျင့်ကြံသူများ တစတစ များပြားလာသည်။ လေထဲတွင် သွေးပျက်မတတ် စူးစူးဝါးဝါးအော်သံများနှင့်အတူ တဖောက်ဖောက် မြည်သံများ ဆူညံနေ၏။ မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူတစ်သောင်းကျော်မှာ ရှုံ့တွခြောက်ကပ်နေသော အလောင်းများအဖြစ်သို့ ကူးပြောင်းရင်း အသေဆိုးနှင့် သေကုန်ကြလေပြီ။
သူတို့၏အသက်စွမ်းအားသာမက အသက်များပင်လျှင် အရုပ်များ၏ အရှင်လတ်လတ် စုပ်ယူခြင်းခံရကာ အနက်ရောင်ဝတ်လူထံသို့ ပျံထွက်သွားနေကြ၏။ ၎င်းတို့သည် သူ့ကို လှည့်ပတ်ရင်း သူ့အား မန်ဟို့ထံသို့ ဆွဲငင်မခံရအောင် ခုခံပေးနေသော စွမ်းအားတစ်ရပ်ဖြစ်လာသည်။
"ဘိုးဘေးကြီး......" ရှစ်စုမဟာမိတ်အဖွဲ့၏ ကျန်ရှိသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးယောက်လုံး ပရိဒေဝမီးတို့ ကျွမ်းလောင်တောက်နေကြသည်။ ခန္ဓာကိုယ်ပေါ်ရှိ အရုပ်များက အသက်စွမ်းအားများကို စုပ်ယူနေကြောင်း သူတို့ခံစားနေရ၏။ အသေဆိုးနှင့် မရှုမလှ သေဆုံးနေသော ရောင်ရင်းမျိုးနွယ်ဝင်များကို သူတို့မြင်နေရသည်။ အသက်ရှူချိန်အနည်းငယ်မျှသာ ရှိသေးသည်၊ မျိုးနွယ်ဝင်တစ်သောင်းကျော် အလောင်းဘဝ ရောက်ကုန်ခဲ့လေပြီ။
မိမိတို့၏ကိုးကွယ်ရာဘိုးဘေးကြီးကြောင့် ခံစားရသော ပူဆွေးသောကသည် ရှစ်စုမဟာမိတ်အဖွဲ့၏အခြေခံအုတ်မြစ်ကို ယိုင်နဲ့ပြိုလဲသွားစေခဲ့ပြီဖြစ်သည်။
လက်ရှိဖြစ်ပွားနေသောအရာမှာ စောင့်ကြည့်နေသော ကျင့်ကြံသူများ၏ စိတ်ကူးနိုင်စွမ်းထက် ကျော်လွန်နေ၏။ အထူးသဖြင့် အနက်ရောင်ဝတ်လူနှင့်ပတ်သက်လျှင်ပင်။ သူ၏တန်ခိုးကြီးမားသော တည်ရှိမှုမှာ သူတို့ကို မွန်းကြပ်စေသည်အထိ ဖြစ်ခဲ့သော်လည်း သူ့မှာ လက်ရှိအခြေအနေသို့တိုင် ဖိနှိပ်ခံခဲ့ရလေပြီ။ ဤမျိုးနွယ်စုများမှာ မိစ္ဆာစိတ်ဝိညာဉ်၏ပိုင်ရှင် မန်ဟို့ကို အလွန်အမင်း အံအားသင့်နေကြဝောာ့၏။
ထစ်ချုန်းသံကြီး မြည်ဟည်းသွားသည်။ ယခုအချိန်တွင် ရှစ်စုမဟာမိတ်မျိုးနွယ်ကျင့်ကြံသူ ကိုးဆယ်ရာခိုင်နှုန်းကျော်မှာ သေဆုံးကုန်ကြလေပြီ။ သူတို့၏အရုပ်များက အနက်ရောင်ဝတ်လူကို လှည့်ပတ်နေရင်း သူ၏ခန္ဓာကိုယ်ကို ဆွဲအားကို တွန်းလှန်၍ ရပ်နိုင်သွားအောင် ကူညီပေးလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူမှာ စိတ်အေးသွားပြီး ထွက်ပြေးရန် ကြိုးစားတော့မည်အချိန်မှာပင် မန်ဟို့၏မျက်လုံးများတွင် အသတ်အဖြတ်စိတ်ဆန္ဒတို့တောက်ပသွားပြီး သူက မိစ္ဆာချုပ်နှောင်ကျမ်းစာ၏ နောက်ဆုံးအပိုင်းကို ရွတ်လိုက်သည်။
"...ထာဝရတည်မြဲမယ့် စိတ်ဆန္ဒအလိုတော်"
အနက်ရောင်ဝတ်လူ၏ကိုယ်တွင်းမှ မိုးခြိမ်းသံကဲ့သို့ တစ်စုံတစ်ခု ထွက်လာ၏။ ၎င်းမှာ သွေးပျက်မတတ် အော်သံကြီးဖြစ်လာသည်။ သူ့ကို ဝန်းရံလျက်ရှိသော မျက်နှာတစ်ခုပြီးတစ်ခု ပြိုကွဲကုန်သည်။ သူ၏ခန္ဓာကိုယ်မှာ ကြယ်ပျံကြီးသဖွယ် လေကို ခွင်းလျက် ပျံသန်းလာ၏။
မီတာ ၃၀၀ ၊ မီတာ ၁၅၀ ၊ မီတာ ၃၀ ... မျက်စိတစ်မှိတ်အတွင်း အနက်ရောင်ဝတ်ရုံနှင့် နတ်ဆိုးမနောမှာ ဖြူဖျော့ဖျော့လှံကြီးထံသို့ ဝင်ဆောင့်ထိုးစိုက်သွားသဖြင့် သနားစဖွယ် အော်လိုက်ရတော့သည်။ သူသည် လှံအတွင်း စုပ်ယူခံလိုက်ရသော အနက်ရောင်မြူငွေ့အဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
လှံ၏အရောင် တဖြေးဖြေး ပြောင်းလဲလာသည်။ မကြာမီ ၎င်းကား လုံးလုံးလျားလျား နက်မှောင်သွားလေ၏။ ထိုမျှသာမက ပုံရိပ်ယောင်မဟုတ်တော့ဘဲ အစစ်အမှန်ဖြစ်သွားလေပြီ။ ထို့အပြင် မိစ္ဆာလက်နက်အဖော်မဲ့သင်္ချိုင်းအစား နတ်ဆိုးလက်နက်တစ်ပါး ဖြစ်လာခဲ့ပြီဖြစ်သည်။
ဖျက်စီးချေမှုန်းလိုသော စိတ်ဆန္ဒစွမ်းအားဖြင့် ချုပ်နှောင်ခြင်းအမှတ်အသားများ လှံအတွင်းမှ ပေါ်ထွက်လာသည်။ အနက်ရောင်ဝတ်လူ၏ စိတ်ဆန္ဒမှာ ဖယ်ရှားခံလိုက်ရ၏။ ဤနတ်ဆိုးမနောသည် စိတ်မနောတစ်ခုမဟုတ်တော့။ နတ်ဆိုးတစ်ကောင်အဖြစ်သာ ကျန်ရှိခဲ့လေပြီ။
မန်ဟိုက လှံကို ပင့်မြှောက်လိုက်ရာ ထစ်ချုန်းသံကြီးတစ်သံ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွားသည်။ ဆိုင်းမဆင့်ဗုံမဆင့် တိုက်ခတ်လိုက်သော အနက်ရောင်လေတစ်ချက်က သူ၏ဆံနွယ်များကို လွင့်မျောသွားစေသည်။ သူ၏အစိမ်းရောင်ဝတ်ရုံမှာ ယခုတွင် အနက်ရောင်လေအဝှေ့ကြောင့် အနက်ရောင်အတိပြီးသွားခဲ့လေပြီ။
အနက်ရောင်လေက အဘက်ဘက်သို့ ပြန့်ကားထွက်သွားသော အနက်ရောင်မြူထုကြီးဖြစ်သွားသည်။ မြူထဲတွင် နာကျင်မှုကြောင့် တွန့်လိမ်ဖယ်လျက် အော်ဟစ်နေသော မျက်နှာများအား မြင်ရနိုင်၏။ ၎င်းတို့သည် ထိတ်လန့်စရာကောင်းသော်လည်း မန်ဟိုအပေါ်တော့ ကြောက်ရွံ့ရိုသေနေကြလေသည်။
လှံကို ကိုင်စွဲသော မည်သူမဆို အဖော်မဲ့သင်္ချိုင်းကြောင့် ဘဝနိဂုံးချုပ်ခဲ့ရသည့် အမုန်းဝိညာဉ်များအား ထိန်းချုပ်နိုင်မည်ဖြစ်သည်။
***