ရှစ်စုမဟာမိတ်အဖွဲ့ကို သိမ်းပိုက်ခြင်
Vol. 36 Ch. 498
ထောင်သောင်းချီသော မျက်နှာများ အရပ်ရှစ်မျက်နှာသို့ ဖြာထွက်သွားကြသည်။ ၎င်းတို့မှာ မန်ဟို့ကို အညံ့ခံရုံမှတစ်ပါး တခြားရွေးချယ်စရာမရှိပေ။ ထိုအခြင်းအရာက ကျန်ရှိသော ရှစ်စုမဟာမိတ်အဖွဲ့ဝင်များ၏ ခန္ဓာကိုယ်အတွင်းရှိ အရုပ်များအား မန်ဟို့ကို ဒူးထောက်ပြီး အရိုအသေပေးရန် စေခိုင်းလိုက်သဖြင့် မျိုးနွယ်ဝင်များမှာ တဆတ်ဆတ် တုန်ရီလာကြတော့သည်။
အနုသုခုမရုပ်ခန္ဓာနှောင်းပိုင်းအဆင့်နှစ်ယောက်အပါအဝင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူငါးယောက်မှာလည်း သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ဘဲ တုန်တုန်ရီရီဖြင့် မန်ဟို့ကို ဒူးထောက်အရိုအသေပေးလာကြသည်။
အရုပ်များသည် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများအတွက် စွမ်းအားအရင်းအမြစ်ဖြစ်သည်သာမက အဆင့်မြင့်ကျင့်ကြံသူအရေအတွက်ကို တောင်ပိုင်းဒေသထက်ပို၍ များပြားစေသော အကြောင်းအရင်းလည်း ဖြစ်လေ၏။ သို့သော် တစ်ချိန်တည်းမှာပင် .... သေစေနိုင်သော အားနည်းချက်ကြီးလည်း ဖြစ်ချေသည်။
အရုပ်တစ်ရုပ် ကွယ်လွန်သောအခါ ၎င်းကို ကိုးကွယ်ယုံကြည်သော မည်သည့်ကျင့်ကြံသူမဆို ကျင့်ကြံအဆင့်ကျဆင်းခြင်းအား မလွဲဧကန် ကြုံတွေ့ရပေမည်။ ထိုမျှသာမက အရုပ်တစ်ရုပ် အညံ့ခံရလျှင် ၎င်းနှင့်စပ်လျဉ်းသော မျိုးနွယ်စုလည်း ထိုနည်း၎င်းပင်။ ယင်းက သတ်မှတ်ချက် သို့မဟုတ် ချုပ်ချယ်ကန့်သတ်မှုတစ်ခုဟုပင် ဆိုကောင်းဆိုနိုင်သည်။
တစ်နည်းပြောရလျှင် အနောက်ပိုင်းသဲကန္တာရကျင့်ကြံသူများမှာ ကိုးကွယ်ရာအရုပ်များ၏ ကျွန်များသာ ဖြစ်၏။
ထို့အတွက်ကြောင့်သာမဟုတ်လျှင် မဖြစ်ထွန်းသော အနောက်ပိုင်းသဲကန္တာရအနေဖြင့် နယ်မြေများချဲ့ထွင်ပြီး တောင်ပိုင်းဒေသသို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။
အကောင်းဆုံးဥပမာကတော့ လက်ရှိအခြေအနေပင်။ ယခုတွင် မန်ဟိုသည် နတ်ဆိုးလှံကို ရရှိသွားရာ အရုပ်မျက်နှာများကို ထိန်းချုပ်ခြယ်လှယ်နိုင်သွားလေပြီ။ အတိုချုံးလျှင် မန်ဟိုကား ရှစ်စုမဟာမိတ်အဖွဲ့၏ ကိုးကွယ်ရာဘိုးဘေးကြီးဖြစ်သွားပြီဟု ဆိုနိုင်လေသည်။
"ဘိုးဘေးကြီး" ကျီးနတ်မင်းမျိုးနွယ်ဝင်များက တခဲနက် ဟစ်ကြွေးလိုက်ကြသည်။ သူတို့ သူ့ကို ဒူးထောက်အရိုအသေပေးလိုက်ကြစဉ် သူတို့၏မျက်နှာများအပေါ်၌ စိတ်လှုပ်ရှားနေသောအမူအရာများ ရှိလေ၏။ ပတ်ဝန်းကျင်ရှိ ကမ္ဘာသစ်မိစ္ဆာသောင်းပေါင်းများစွာက တညီတညာတည်း ဟိန်းဟောက်လိုက်ကြသဖြင့် ပထဝီမြေကြီးသည် ငလျင်လှုပ်သည့်အလား တုန်ခါလာပြီး ၎င်းတို့၏အရောင်အဝါများ တောက်ပလာကြသည်။
မိစ္ဆာစိတ်ဝိညာဉ်အတွက် ရောက်လာခဲ့ကြသော အခြားမျိုးနွယ်စုများမှာ တုန်လှုပ်နေကြပြီး သူတို့၏မျက်နှာများတွင် ထိတ်လန့်နေသောအရိပ်အယောင်များ ဖြတ်ပြေးနေ၏။ သူတို့သည် မန်ဟို့၏တိုက်ပွဲကို ယခုလေးတွင် မျက်မြင်ကိုယ်တွေ့ကြုံတွေခဲ့ရပြီး ရှစ်စုမဟာမိတ်အဖွဲ့ အရှုံးပေးလိုက်သည်ကိုလည်း မြင်ခဲ့ပြီးလေပြီ။ ထိုအခြင်းအရာအားလုံးကို ထည့်သွင်းစဉ်းစားလျှင် သူတို့မှာ အပေါ်စီးတွင် ရှိသည်ဟု ဘယ်နည်းနှင့်မှ မခံစားရတော့ပေ။
မန်ဟိုသည် နတ်ဆိုးလှံကို ဆုပ်ကိုင်လျက် လေလယ်တွင် ပျံဝဲနေ၏။ သူက ဝေဟင်ထက်ရှိ ဝဲကြီး တဖြေးဖြေး ကျုံ့ပြီး ပျောက်ကွယ်သွားသည်ကို မော့ကြည့်နေသည်။ ၎င်း လက်ခနဲ ပျောက်ကွယ်သွားသည့် အခိုက်အတန့်တွင် ရှေးဆန်သောအသံကြီးတစ်သံ သူ့၏စိတ်တွင် ပြည့်နှက်သွားသည်။
"ကျုပ် သင့်ကို ကမ္ဘာဦးမိစ္ဆာအင်မိုတယ်ပြင်ညီမှာ စောင့်နေတယ် ....."
ခေါင်းအထက်ရှိ လေပြင်းများ၊ တိမ်တိုက်များ ပြိုကွဲလွင့်စင်သွားပြီး ဝဲကြီး ပျောက်ကွယ်သွားလေပြီ။ အရာအားလုံး ပုံမှန်ပြန်ဖြစ်သွား၏။
မန်ဟိုသည် နတ်ဆိုးလှံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။
"မိစ္ဆာစိတ်ဝိညာဉ်အတွက် ရောက်ရှိလာကြတဲ့ ဂုဏ်သရေရှိ လူကြီးမင်းများနှင့် အမျိုးသမီးအပေါင်းတို့၊ တိုက်ခိုက်မှာလား မတိုက်ခိုက်ဘူးလား ခင်ဗျာ" သူ၏ အေးစက်သောအသံက ကျီးနတ်မင်းမျိုးနွယ်ဝင်များ၏ အသတ်အဖြတ်စိတ်ဆန္ဒကို သိသိသာသာ ထွက်ပေါ်လာစေသည်။ ကမ္ဘာသစ်မိစ္ဆာများက ဟိန်းဟောက်လိုက်ကြ၏။ ၎င်းတို့သည် ပစ်လွှတ်ရန် အသင့်ဖြစ်နေသည့် ဒူးလေးတစ်လက်သဖွယ်ပင်။
အခြားမျိုးနွယ်စုများမှ ခေါင်းကိုင်ဖခင်များ ရင်တဒိန်းဒိန်းခုန်လာကြသည်။ မန်ဟို့၏စွမ်းအားမှာ အပ်တစ်ချောင်းထက်ပင် ချွန်ထက်လှ၍ သူတို့အနေဖြင့် သူ့ကို တိုက်ခိုက်ရန် သတ္တိမရှိပေ။ သူတို့က အချင်းချင်း သူတစ်လှည့်ကိုယ်တစ်လှည့် ကြည့်လိုက်ကြပြီးနောက် တစ်ယောက်က ကပျာကယာ ထပြောသည်။ "နားလည်မှုလေး လွဲတာပါဗျာ။ တကယ်တော့ အဲ့ဒီရှစ်စုမဟာမိတ်အဖွဲ့ကို သုတ်သင်ဖို့ လာတာပါ... ဒါပေမဲ့ ရောင်ရင်းရဲ့ လက်အောက်ရောက်သွားပြီဆိုတော့ ကျွန်တော်တို့ အခုပြန်ပါတော့မယ်"
သူစဂာားပြောပြီးနောက် အခြားအသံများက သူ့အတိုင်း သံယောင်လိုက်ပြီး သဘောတူကြသည်။ မျိုးနွယ်ဝင်များမှာ တိတ်တိတ်ကလေး နောက်ဆုတ်သွားကြ၏။ ကြည့်ရသရွေ့ တိုက်ပွဲထပ်ဖြစ်တော့မည့်ပုံမရသော်လည်း အတပ်တော့ပြောမရပေ။
မန်ဟိုက မျိုးနွယ်စုများကို မျက်လုံးဝေ့ကြည့်ပြီးနောက် ဖြေးညင်းစွာ ပြောသည်။ "မျိုးနွယ်စုတိုင်း ကမ္ဘာသစ်မိစ္ဆာတစ်သောင်းထားခဲ့။ ပြီးရင် ထွက်သွားလို့ရပြီ" ချက်ချင်းပင် နတ်ဆိုးလှံမှ အနက်ရောင်မြူများ ဖြာထွက်လာသည်။
"နောက်နေတာလား။ ငါတို့ ဆန်းစစ်ရောင်ခြည်မျိုးနွယ်စု ထွက်သွားချင်ရင် ဘယ်သူမှ တားလို့မရဘူး" ဆန်းစစ်ရောင်ခြည်မျိုးနွယ်စု၏ ခေါင်းကိုင်ဖခင်မှာ တကယ်တော့ အမျိုးသမီးဖြစ်၍ ခေါင်းကိုင်မိခင်ဟု ဆိုရပေမည်။ သူမက ထိုသို့ပြောပြီး အင်္ကျီလက်စကို ခါကာ မျိုးနွယ်ဝင်များနှင့်အတူ ပျံထွက်သွားသည်။
သူမမှာ သူမမျိုးနွယ်စုနှင့်အတူ ထွက်သွားချင်လျှင် ဘယ်သူမှ သူတို့ကို တားနိုင်မည်မဟုတ်ဟု တထစ်ချ ယုံကြည်လျက်ရှိ၏။ မန်ဟိုသည် နတ်ဆိုးလှံကို ပိုင်ဆိုင်ထားပြီး အင်အားကြီးမားသည့်တိုင် သူ့မှာ ယခုလေးတင် ခက်ခဲသော တိုက်ပွဲတစ်ပွဲကို ရင်ဆိုင်ထားရလေသည်။ သူ့အတွက် ဒဏ်ရာမရဘဲ နေမည်မဟုတ်။ သူကား တကယ်တမ်း ဟန်လုပ်နေခြင်းဖြစ်သည်။
သူ၏လှည့်ကွက်ကို ထိုးဖောက်မြင်နိုင်သည်ဟု ယုံကြည်နေသော သူမအတွက် ကမ္ဘာသစ်မိစ္ဆာတစ်သောင်းကို ပေးလိုက်ရန်မှာ ရယ်စရာကောင်းလေသည်။ သူမအနေဖြင့် ကမ္ဘာသစ်မိစ္ဆာများကို မထားခဲ့ရုံသာမက သူမကို ချီးမြှင့်မြှောက်စားပေးမည့် မျိုးနွယ်စုကြီးများကိုလည်း မိစ္ဆာစိတ်ဝိညာဉ် သတင်းဖြန့်ဦးမည်ဖြစ်သည်။
ဆန်းစစ်ရောင်ခြယ်မျိုးနွယ်စု၏ တုံ့ပြန်ပုံကို ကြည့်ရင်း မန်ဟိုက ပုံမှန်အတိုင်း ရှေ့တက်လာသည်။ သူက နတ်ဆိုးလှံကို မြှောက်ပြီးနောက် အရှေ့တည့်တည့်သို့ ပစ်လိုက်၏။ ချက်ချင်းဆိုသလို ၎င်းကား တရွှီးရွှီး အော်မြည်ရင်း လေကို ထိုးခွဲသွားလေပြီ။ အတွင်းမှ အနက်ရောင်မြူများက အပြင်သို့ တလိပ်လိပ် ထွက်လာပြီး မျက်စိတစ်မှိတ်အတွင်း အနက်ရောင်တိမ်တိုက်ကြီးဖြစ်သွား၏။
အနက်ရောင်တိမ်တိုက်၏အထဲတွင် ဝူးဝူးဝါးဝါး အော်ဟစ်ဟိန်းဟောက်ရင်း လှည့်ပြန်နေသော မျိုးနွယ်စုထံသို့ တဟုန်ထိုးထွက်သွားသော ကြောက်စရာမျက်နှာကြီးများ ရှိသည်။ ခေါင်းကိုင်မိခင်၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူမမျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွား၏။ သို့သော် သူမက အေးစက်စက် နှာတစ်ချက်မှုတ်၍ မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့်နတ်ဆရာငါးဦးနှင့်အတူ အနက်ရောင်တိမ်တိုက်ကြီးကို ရင်ဆိုင်ရန် ထွက်သွားလေသည်။
ခြောက်ယောက်လုံးက အနက်ရောင်တိမ်တိုက်ကြီးကို ပူးပေါင်းတိုက်ခိုက်လိုက်သဖြင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထွက်ပေါ်လာသည်။
"ကျိုးပျက်စမ်း" ခေါင်းကိုင်မိခင်က အော်သည်။
အရာအားလုံးကို တုန်ခါသွားစေသည့် ပေါက်ကွဲသံအကျယ်ကြီးအား ကြားလိုက်ရ၏။ အနက်ရောင်မြူများ ပြန့်ကားထွက်လာပြီး ခြောက်ယောက်ကို ဝင်တိုက်သွားသည်။ နတ်ဆရာကြီးငါးဦး မျက်နှာပျက်သွားပြီး သူတို့ပါးစပ်မှ သွေးများ ပန်းထွက်သွား၏။ သူတို့၏ခန္ဓာကိုယ်မှာ ကြိုးဖြတ်ခံလိုက်ရသော စွန်ငယ်ပမာ ဒလိမ့်ခေါက်ကွေး လွင့်ထွက်သွားလေတော့သည်။ သို့သော် သိပ်ဝေးဝေးမရောက်နိုင်ခင် မြူများက သူတို့ကို သိုင်းပတ်လိုက်၏။ ကြောက်စရာမျက်နှာပေါင်းများစွာကား သူတို့၏ခန္ဓာကိုယ်အပေါ် ခုန်အုပ်လိုက်ကြလေပြီ။ ကိုက်ဖဲ့နေသောအသံ၊ တကျွတ်ကျွတ် ဝါးနေသံတို့နှင့်အတူ မချိတင်ကဲ အော်သံများက ချောက်ချားဖွယ် မြင်ကွင်းကြီးအား ဖန်တီးပေးနေတော့သည်။
အသက်ရှိုက်စာ အနည်းငယ်လေးအတွင်း နတ်ဆရာကြီးငါးဦးမှာ အစအနမပင်မကျန်အောင် အစိမ်းလိုက် အစားခံလိုက်ရလေပြီ။ အဘွားကြီးမှာ သွေးအန်၍ မျိုးနွယ်ဝင်များဆီ ပြန်ဆုတ်သွား၏။ သူတို့ထံ ရောက်သောအခါ သူမသည် မိုးကောင်းကင်ကို မျက်နှာမူ၍ ဟိန်းဟောက်ရင်း သိုလှောင်အိတ်ကို ပုတ်ကာ လိပ်ခွံတစ်ခု ထုတ်လိုက်သည်။
သူမက ၎င်းကို ပစ်ပေါက်ပြီး ၎င်းအပေါ်သို့ သွေးတစ်ပွက် ထွေးချ၏။ ချက်ချင်းပင် ၎င်းသည် တဝီဝီလည်ရင်း အရွယ်အစား မီတာထောင်နှင့်ချီလာသည်အထိ ပြန့်ကားလာသည်။ သူမနှင့် ဆန်းစစ်ရောင်ခြယ်မျိုးနွယ်ဝင်များကို လွှမ်းခြုံရင်း ပြန့်ကားလာစဉ် ၎င်းထံမှ တလက်လက်တောက်ပနေသော မှော်သင်္ကေတစီးကြောင်းများနှင့်အတူ ရှေးကျပြီး ရိုးရှင်းသောအရှိန်အဝါတစ်ခုလည်း ထွက်ပေါ်လာ၏။
"နင် ဒါကို ချိုးဖျက်နိုင်မလား ကြည့်ကြသေးတာပေါ့" သူမက အသံပြာကြီးဖြင့် ပြောသည်။
အခြားမျိုးနွယ်စုများမှ ခေါင်းကိုင်ဖခင်များမှာ ဤလိပ်ခွံကို ကြည့်ရင်း မျက်နှာအမူအရာ လေးနက်သွားကြ၏။ သူတို့သည် လိပ်ခွံကို သတိထားမိလိုက်၍ ချက်ချင်း တုန်လှုပ်သွားကြလေသည်။
"အရုပ်အရှိန်အဝါ.... အဲ့ဒါ အကာအကွယ်ရတနာတစ်ပါးအဖြစ် ပုံသွင်းသန့်စင်ခံထားရတဲ့ ကိုးကွယ်ရာအရုပ်ဘိုးဘေးကြီးတစ်ကောင်ရဲ့ အလောင်းတစ်လောင်းပဲ။ အသက်ဝင်သွားတာနဲ့ ဘယ်သူမှ ချိုးဖျက်လို့မရနိုင်ဘူး။ အဲ့ဒါနဲ့ဆိုရင် သူတို့တွေ ဒီနေရာကနေ အလွယ်တကူ ထွက်သွားနိုင်ပြီ"
"ဆန်းစစ်ရောင်ခြယ်မျိုးနွယ်စု အဲ့ဒီကြောက်စရာကျင့်ကြံသူကို အာခံရဲတာ အံ့ဩစရာမရှိဘူး ။ သူတို့မှာ...."
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ လိပ်ခွံကို သတိပြုမိလိုက်သည့်အချိန်မှာပင် နတ်ဆိုးလှံက ၎င်းထံ ပြေးဝင်လာပြီဖြစ်သည်။ အနက်ရောင်မြူများက ဦးစွာရောက်လာပြီး လိပ်ခွံကို တိုးဝင်ဆောင့်လိုက်သည့်အတွက် ကောင်းကင်တွင် အလွန်ကျယ်လောင်သော ထစ်ချုန်းသံကြီး ရိုက်ညောင်းသွား၏။ လိပ်ခွံမှာ ရောင်ခြည်တို့ဖြာထွက်လာသော်လည်း ပြိုကွဲမသွားပေ။ အနက်ရောင်မြူများက ပြန့်ကားလာပြီး လိပ်ခွံကို ငုံသွားလေပြီ။
ဆန်းသစ်ရောင်ခြည်မျိုးနွယ်ဝင်များ ဤအခြင်းအရာကို မြင်သောအခါ အံ့ဩမှင်သက်သွားကြ၏။ အထူးသဖြင့် ခေါင်းကိုင်မိခင်ပင်။
"ဆန်းသစ်ရောင်ခြည်မျိုးနွယ်စုရဲ့ ဒီရန်သူက ..." သူမ စကားဆုံးအောင်ပင် မပြောရသေးခင် နတ်ဆိုးလှံကြီး ရောက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းသည် လိပ်ခွံထံ ရောက်ရှိသွားခဲ့လေပြီ။
ဝုန်းခနဲ ပေါက်ကွဲသံကြီးသည် အထက်ကောင်းကင်ယံဆီသို့ ရိုက်ခတ်သွားသဖြင့် လေမုန်တိုင်းများ တဝေါဝေါ တိုက်ခတ်လာကာ တိမ်တိုက်များ ဆူပွက်လာပြီး ကောင်းကင်မှာ မှောင်မိုက်သွား၏။ တုန်လှုပ်ဖွယ် လှိုင်းလုံးကြီးတစ်လုံးက လိပ်ခွံအတွင်းမှ ဖြာထွက်လာပြီး လှံကြီး ထိုးဆောင့်သွားခဲ့သည့်နေရာမှ အက်ကွဲကြောင်းများ ပျံနှံ့လာသဖြင့် တထက်ထက် အက်သံများအား ကြားရလေသည်။ ဤအခြင်းအရာသည် အသက်သုံးရှိုက်ကြာအထိ ဆက်လက်ဖြစ်ပွားနေပြီး နောက်ဆုံးတွင် လိပ်ခွံကား အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားခဲ့လေပြီ။
မိစ္ဆာလှံမှာ အသတ်အဖြတ်စိတ်ဆန္ဒနှင့် အနက်ရောင်မြူများကို ထုတ်လွှတ်ရင်း ရှေ့ဆက်သွား၏။ ၎င်းက ....မှင်သက်နေသော ခေါင်းကိုင်မိခင်ကို ထုတ်ချင်းဖောက်၍ သူမအနောက်ရှိ အခြားမျိုးနွယ်ဝင်များထံသို့ ဆက်လက်ဦးတည်သွားလေသည်။ အနက်ရောင်မြူများက ဆန်းစစ်ရောင်ခြည်မျိုးနွယ်ဝင်များကို လွှမ်းခြုံရင်း ပြန့်ကားလာ၏။ စိတ်လှုပ်ရှားနေသည့်မျက်နှာများ မရေမတွက်နိုင်အောင်ပေါ်လာပြီး အရပ်မျက်နှာတစ်ခွင် ခွဲဖြာထွက်သွားကြသည်။ ၎င်းတို့ကား သွေးဆာနေကြသယောင်ပင်။ ကြောက်လန့်နေသော မျိုးနွယ်ဝင်များအား စားရန် ပြင်လိုက်သည့်အခိုက်မှာပင် မမြင်ရသောအားတစ်ရပ်က ၎င်းတို့ကို ထိန်းချုပ်လိုက်ပုံရသည်။
မန်ဟိုက အက်ကွဲသွားသော လိပ်ခွံအပိုင်းအစများကြား၌ ကျန်ရှိခဲ့သည့် ဆန်းစစ်ရောင်ခြည်မျိုးနွယ်ဝင်ထောင်နှင့်ချီကို ကြည့်လိုက်သည်။ "အညံ့ခံမလား" သူက တစ်လုံးချင်းပြောသည်။ "ဒါမှမဟုတ် သေသွားတဲ့လူတွေနဲ့အတူတူ မြေမြှုပ်ခံမလား"
တခဏ တိတ်ဆိတ်သွားပြီးနောက် ဆန်းစစ်ရောင်ခြည်မျိုးနွယ်ဝင်များးက အညံ့ခံရန် ရွေးချယ်လိုက်ကြသည်။ သူတို့သည် အရုပ်ဆေးမင်ကြောင်များကို ဖယ်ရှားပြီး မန်ဟို့ကို ကိုးကွယ်ယုံကြည်ကာ ကျီးနတ်မင်းမျိုးနွယ်စု၏ အရန်မျိုးနွယ်စုအခွဲဖြစ်လာ၏။
ကျန်မျိုးနွယ်ဝင်များ၏ ခေါင်းကိုင်ဖခင်များမှာ မန်ဟို စိတ်ပြောင်းသွားမည်စိုး၍ ကမ္ဘာသစ်မိစ္ဆာတစ်သောင်းအား ကပျာကယာ ပေးကြလေသည်။ ထို့နောက် သူတို့မှာ တစ်ချိုးတည်း ထွက်ပြေးသွားကြဝောာ့၏။ သူတို့သည် တောင်းဆိုမှုကို လိုက်လျောပေးခဲ့၍ မန်ဟိုက သူတို့လမ်းကို မပိတ်ပေ။
ဤနေရာသို့ ရောက်လာစေခဲ့သောလမ်းကြောင်းမှာ သတ်ခြင်းဖြတ်ခြင်းတို့သာ ပြည့်နှက်နေခဲ့ချေသည်။ မန်ဟိုသည် သွေးအေးရက်စက်သော နှလုံးသားတစ်ခုကို တည်ဆောက်နိုင်ခဲ့သော်လည်း ယခုတော့ အတိုင်းထက်အလွန် စိတ်ရောလူပါ ပင်ပန်းနေပြီဖြစ်သည်။
အခြားမျိုးနွယ်စုများ ထွက်သွားကြစဉ် ရှစ်စုမဟာမိတ်အဖွဲ့ဝင်များသည် တိတ်ဆိတ်စွာ ရပ်နေကြ၏။ သူတို့လည်း ကျီးနတ်မင်းမျိုးနွယ်စု၏ အရန်မျိုးနွယ်စုအခွဲဖြစ်လာသည်။ ဤအခိုက်အတန့်တွင် ကျီးနတ်မင်းမျိုးနွယ်စုသည် အင်အားတစ်သောင်းကျော်သွားခဲ့လေပြီ။
တစ်ချိန်တည်းမှာပင် မန်ဟို့၏ကမ္ဘာသစ်မိစ္ဆာအုပ်လည်း အားကောင်းလာ၏။ ယခု သူ့တွင် ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲ ရှိသွားပြီဖြစ်သည်။
အင်အားတောင့်သော ကမ္ဘာသစ်မိစ္ဆာအုပ်ကြီးတစ်အုပ်ဖြစ်ပါသော်လည်း တကယ်တမ်း အတော်များများမှာ အဆင့်နိမ့်ကမ္ဘာသစ်မိစ္ဆာများသာ ဖြစ်လေသည်။ မိစ္ဆာချီများ စုပ်ယူလျှင်တောင်မှ ၎င်းတို့အတွက် အချိန်တိုတိုလေးနှင့် မယုံနိုင်ဖွယ်ကောင်းလောက်အောင် တိုးတက်လာမည်မဟုတ်ပေ။ ထို့အပြင် ကမ္ဘာသစ်မိစ္ဆာတစ်သိန်းခွဲအား ကျွေးရန် အစာတစ်ပုံကြီး လိုသည်။ တိုက်ပွဲတွင် တကယ်တမ်း တိုက်ခိုက်နိုင်သည်က တစ်သိန်းသာရှိ၍ ကျန်အကောင်များမှာ အစာဖြစ်လာကြတော့သည်။
ယခုတွင် ရှစ်စုမဟာမိတ်အဖွဲ့ ပိုင်ဆိုင်သမျှအရာအားလုံးမှာ ကျီးနတ်မင်းမျိုးနွယ်စု၏အပိုင် ဖြစ်သွားလေပြီ။ သူတို့တွင် အရင်းအမြစ် အမြောက်အများနှင့်အတူ ဧရာမယာဉ်ပျံကြီးသုံးစင်းရှိ၏။ ဤအရာအားလုံးက ကျီးနတ်မင်းမျိုးနွယ်စုကို ပို၍သာ အစွမ်းထက်သွားစေဝောာ့သည်။
ရက်အနည်းငယ်ကြာသော် ကျီးနတ်မင်းမျိုးနွယ်ဝင်အားလုံး ဧရာမသင်္ဘောပျံကြီးကို စီးလိုက်ကြသည်။ ၎င်းသည် တိမ်တိုက်များကို ထိုးခွဲရင်း တောင်အရပ်သို့ ရှေးရှု၍ တဝီးဝီး သွားနေ၏။
ကျီးနတ်မင်းမျိုးနွယ်စု၏ လက်ရှိအင်အားသည် ယခင်ကျီးနတ်မင်းမျိုးနွယ်စုငါးစုထက် အဆများစွာ သာလွန်လေသည်။ အကြီးစားမျိုးနွယ်စုကြီးများနှင့်တော့ မယှဉ်နိုင်သေးသော်လည်း အလယ်အလတ်မျိုးနွယ်စုများကြားထဲ အမြင့်ဆုံးဟု သတ်မှတ်နိုင်၏။
သူတို့ပြောင်းရွှေ့ခြင်းနှင့်ပတ်သက်၍မူ ယခုတွင် သုံးပုံတစ်ပုံမျှ ခရီးပေါက်ခဲ့လေပြီ။ ကျန်ခရီးက အနောက်ပိုင်းသဲကန္တာရ၏ အလယ်ပိုင်းမှ တောင်ပိုင်းသို့ ဖြတ်သွားရမှာဖြစ်သည်။ ခရီးအဆုံးတွင်တော့ မှန်ပါသည် ၊ အနက်ရောင်နယ်မြေများ စောင့်ကြိုနေပေလိမ့်မည်။
ကြက်တူရွေးတစ်ကောင်မှာတော့ မန်ဟို့တောင်းဆိုချက်အတိုင်း ရွှေအလင်းဘုရားကျောင်းထံသို့ သင်ကြားပေးခဲ့သည့် မန္တန်အစီအရင်ကို ကျီးနတ်မင်းမျိုးနွယ်စုအား ပို့ချနေ၏။
မှန်ပါသည်၊ ကြက်တူရွေးက ထိုအကြံကို လွန်စွာ နှစ်ခြိုက်လေသည်။ တကယ်တမ်းဆိုရလျင် မန်ဟို သိပ်အာရုံမရှိသောကြောင့် ၎င်းမှာ မန္တန်အစီအရင်ကို တိုးတိုးတိတ်တိတ် သင်ပေးနေခဲ့ပြီးဖြစ်၏။ ယခု မန်ဟိုကိုယ်တိုင် ထုတ်ပြောသည့်အခါတွင်တော့ ၎င်းမှာ ချက်ချင်းပင် ရွစိထိုးလာတော့သည်။
"ဟိုလေး မပူနဲ့" ၎င်းက တဖျပ်ဖျပ်လက်နေသော မျက်လုံးကြီးများဖြင့် ပြောသည်။ "ငါ့အိပ်မက်က အနက်ရောင်နယ်မြေကို ဝင်တာနဲ့ သခင်ငါးကို တိုင်တည်ဟစ်ကြွေးကြမယ့် လူတွေ ရှိနေဖို့ပဲ။ ပြီးရင် ငါ့ရဲ့ မဟာစစ်တပ်ကြီးနှစ်တပ် အတူပေါင်းစည်းပြီး ငါကိုယ်တော်သခင်ငါးရဲ့ တောင်ပံနှစ်ဖက် ဖြစ်လာလိမ့်မယ်"
***